မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၆၄

ရှောလမုန် ဗိမာန်တော်ဆောက်တဲ့အကြောင်း

ရှောလမုန် ဗိမာန်တော်ဆောက်တဲ့အကြောင်း

ဒါဝိဒ်မသေခင် ယေဟောဝါဗိမာန်တော်ဆောက်လုပ်ရေးအတွက် ဘုရားသခင်ရဲ့စီမံကိန်းတွေကို ရှောလမုန်ကိုပေးခဲ့တယ်။ ရှောလမုန်အုပ်ချုပ်လို့ လေးနှစ်ရောက်တဲ့အခါ ဗိမာန်တော်စပြီးဆောက်တယ်။ ခုနစ်နှစ်ခွဲကြာမှ ပြီးသွားတယ်။ ဗိမာန်တော်ဆောက်တဲ့နေရာမှာ လူထောင်ပေါင်းများစွာအလုပ်လုပ်ရတယ်။ အဆောက်အအုံကြီးကလည်း ငွေအများကြီးကုန်တယ်။ ရွှေနဲ့ငွေတွေ အများကြီးသုံးရတာကိုး။

ဗိမာန်တော်မှာ အခန်းနှစ်ခုရှိတယ်။ တဲတော်လိုပေါ့။ ဒါပေမဲ့ အဲဒီအခန်းတွေကျတော့ တဲတော်ထဲကအခန်းတွေရဲ့နှစ်ဆရှိတယ်။ ရှောလမုန်ကဗိမာန်တော်ထဲက အတွင်းခန်းထဲမှာ ပဋိညာဉ်သေတ္တာကိုထည့်လိုက်တယ်။ ဝတ်ပြုရာတဲတော်ထဲမှာရှိတဲ့ ကျန်တဲ့ပစ္စည်းတွေကိုလည်း ဗိမာန်တော်ရဲ့နောက်တစ်ခန်းထဲမှာ ထည့်လိုက်တယ်။

ဗိမာန်တော်ပြီးစီးသွားတဲ့အခါ အနုမောဒနာပွဲ အကြီးအကျယ်လုပ်တယ်။ ပုံမှာမြင်ရတဲ့အတိုင်း၊ ရှောလမုန်က ဗိမာန်တော်ရှေ့ ဒူးထောက်ပြီးဆုတောင်းတယ်။ ‘ကောင်းကင်အားလုံးတောင်မှ ကိုယ်တော်ကိုမဝင်ဆံ့နိုင်ဘူး။ ဒီတော့ ဒီဗိမာန်တော်မှာ ကိုယ်တော်ဘယ်လိုဝင်ဆံ့နိုင်မလဲ။ ဒါပေမဲ့ ကျွန်တော်မျိုးရဲ့ဘုရားသခင်၊ ကိုယ်တော်ရဲ့လူမျိုး ဒီဗိမာန်တော်ဘက်လှည့်ပြီး ဆုတောင်းတဲ့အခါ ကျေးဇူးပြု၍နားညောင်းတော်မူပါ’ ဆိုပြီးတော့ဆုတောင်းတယ်။

ရှောလမုန်ဆုတောင်းလို့ပြီးသွားတဲ့အခါ ကောင်းကင်ကမီးကျလာတယ်။ တင်ထားတဲ့ယဇ်ကောင်တွေကို လောင်ကျွမ်းသွားတယ်။ ယေဟောဝါဆီကလာတဲ့အလင်းက ဗိမာန်တော်ကိုပြည့်သွားတယ်။ ဒါက ယေဟောဝါနားညောင်းနေတယ်ဆိုတာကိုပြတယ်။ ဗိမာန်တော်နဲ့ရှောလမုန်ဆုတောင်းချက်ကို သဘောကျတယ်ဆိုတာကိုလည်းပြတယ်။ ခုတော့ တဲတော်အစား ဗိမာန်တော်ဟာ လူတွေဝတ်ပြုတဲ့နေရာဖြစ်လာတာပေါ့။

ရှောလမုန်လည်းနှစ်ပေါင်းများစွာပညာရှိရှိ အုပ်ချုပ်လာတယ်။ လူတွေလည်း သိပ်ပျော်ကြတယ်။ ဒါပေမဲ့ ရှောလမုန်ဟာ ယေဟောဝါကိုမကိုးကွယ်တဲ့ နိုင်ငံခြားအမျိုးသမီးအများကြီးကိုယူထားတယ်။ သူတို့ထဲကတစ်ယောက်က ရုပ်တုကိုကိုးကွယ်နေတာတွေ့လား။ နောက်ဆုံးတော့ ရှောလမုန်လည်း တခြားဘုရားတွေကိုကိုးကွယ်လာအောင် သူ့မိဖုရားတွေက ဖန်တီးလိုက်တယ်။ ရှောလမုန်ခုလိုလုပ်တော့ ဘာဖြစ်လာသလဲသိလား။ လူတွေကိုကောင်းကောင်း မဆက်ဆံတော့ဘူး။ ရက်စက်လာတယ်။ လူတွေလည်း မပျော်ကြတော့ဘူး။

ဒါကြောင့် ယေဟောဝါဟာ ရှောလမုန်ကိုစိတ်ဆိုးလာတယ်။ ‘မင်းဆီကနိုင်ငံတော်ကိုနုတ်ပြီး တခြားလူတစ်ယောက်ကိုပေးမယ်’ ဆိုပြီးမိန့်တော်မူတယ်။ မင်းလက်ထက်မှာ ဒါကိုငါမလုပ်သေးဘူး။ မင်းရဲ့သားအုပ်ချုပ်တဲ့အခါ ငါလုပ်မယ်။ ဒါပေမဲ့ မင်းရဲ့သားဆီကနိုင်ငံသားအားလုံးကို ငါမယူဘူး’ ဆိုပြီးပြောတယ်။ နောက်ဘာဖြစ်သလဲ ကြည့်ရအောင်