မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၆၆

မိဖုရားဆိုး ယေဇဗေလအကြောင်း

မိဖုရားဆိုး ယေဇဗေလအကြောင်း

ယေရောဗောင်မင်းသေပြီးနောက် ၁၀ နွယ်ဣသရေလနိုင်ငံကို အုပ်ချုပ်တဲ့ဘုရင်တိုင်း ဆိုးတာချည်းပဲ။ ဘုရင်အာဟပ်ကတော့ အဆိုးဆုံးပဲ။ ဘာဖြစ်လို့လဲသိလား။ အဓိကအကြောင်းရင်းကတော့ သူ့ရဲ့မိဖုရားဆိုးကြီး ယေဇဗေလကြောင့်ပဲပေါ့။

ယေဇဗေလဟာ ဣသရေလအမျိုးသမီးမဟုတ်ဘူး။ ဇိဒုန်ဘုရင်ရဲ့သမီးဖြစ်တယ်။ သူဟာမှောက်မှားတဲ့ဘုရား ဗာလကိုကိုးကွယ်တယ်။ အာဟပ်နဲ့ဣသရေလလူတွေအများကြီးကိုလည်း ဗာလဘုရားကိုရှိခိုးရအောင်ဖန်တီးခဲ့တယ်။ ယေဇဗေလဟာ ယေဟောဝါကိုမုန်းတယ်။ ယေဟောဝါရဲ့ပရောဖက်အများကြီးကိုလည်း သတ်ပစ်ခဲ့တယ်။ တချို့ပရောဖက်တွေ အသတ်မခံရအောင် ဂူထဲသွားပုန်းအောင်းနေရကြတယ်။ ယေဇဗေလက တစ်ခုခုလိုချင်ပြီဆိုရင် လူကိုတောင်သတ်ရသတ်ရ၊ အရယူတာပဲ။

တစ်နေ့ ဘုရင်အာဟပ်စိတ်ညှိုးငယ်ပြီးနေတယ်။ ဒါနဲ့ယေဇဗေလက ‘မောင်တော် ဘယ့်အတွက်ကြောင့်စိတ်တော်ငြိုငြင်နေသလဲ’ ဆိုပြီးမေးတာပေါ့။

‘ငါကိုယ်တော်မြတ်ကို နာဗုတ်ပြောလိုက်တဲ့စကားကြောင့်ပါနှမတော်။ သူ့ရဲ့စပျစ်ဥယျာဉ်ကို ငါကိုယ်တော်မြတ်ဝယ်ချင်ပေမဲ့ သူကမရောင်းနိုင်ဘူးလို့ပြောတယ်’ ဆိုပြီးဖြေတယ်။

‘စိတ်တော် မပူပါနဲ့မောင်တော်၊ မောင်တော်အတွက် နှမတော်အရယူပေးမယ်’ ဆိုပြီးယေဇဗေလက ပြန်ပြောတယ်။

ဒါနဲ့ ယေဇဗေလက နာဗုတ်နေတဲ့မြို့ကလူကြီးတချို့ကိုစာရေးလိုက်တယ်။ ‘နာဗုတ်ဟာ ဘုရားသခင်နဲ့ရှင်ဘုရင်ကိုကျိန်ဆဲတယ်ဆိုပြီး အသုံးမကျတဲ့လူတွေကို သက်သေထွက်ဆိုခိုင်းပြီးတော့ နာဗုတ်ကိုမြို့ပြင်ထုတ်ပြီး ခဲနဲ့အသေပေါက်သတ်ချေ’ ဆိုပြီးတော့ပေါ့။

နာဗုတ်သေပြီဆိုတာ ယေဇဗေလကြားတာနဲ့တစ်ပြိုင်နက် ‘သွားပြီးစပျစ်ယျာဉ်ကိုသိမ်းပိုက်တော်မူပါမောင်တော်’ ဆိုပြီးအာဟပ်ကိုပြောလိုက်တယ်။ ဒီလိုပက်စက်တဲ့အလုပ်မျိုးလုပ်တဲ့အတွက် ယေဇဗေလကိုဒဏ်ပေးဖို့ မသင့်ဘူးလား။

ဒါကြောင့် အချိန်တန်တော့ယေဟောဝါက ယေဟုဆိုတဲ့လူကိုလွှတ်ပြီး သူ့ကိုဒဏ်ပေးလိုက်တယ်။ ယေဟုလာပြီဆိုတာ ယေဇဗေလကြားတာနဲ့ မျက်လုံးတွေကိုခြယ်ပြီးအလှပြင်လိုက်တယ်။ ဒါပေမဲ့ ယေဟုရောက်လာလို့ ယေဇဗေလကိုပြတင်းပေါက်နားမှာတွေ့တဲ့အခါ ‘သူ့ကိုပစ်ချလိုက်’ ဆိုပြီးနန်းတော်ထဲကယောက်ျားတချို့ကို အော်ပြောလိုက်တယ်။ အဲဒီလူတွေကလည်း သူ့ကိုပစ်ချလိုက်တာပေါ့။ ဒါနဲ့ သူသေရော။ ဒါဟာ မိဖုရားဆိုးယေဇဗေလရဲ့လမ်းဆုံးပဲ။