မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၆၈

ပြန်အသက်ရှင်လာတဲ့ ယောက်ျားကလေး နှစ်ယောက်အကြောင်း

ပြန်အသက်ရှင်လာတဲ့ ယောက်ျားကလေး နှစ်ယောက်အကြောင်း

မင်းတို့သေပြီးနောက် ပြန်အသက်ရှင်လာမယ်ဆိုရင် မင်းတို့မေမေဘယ်လိုနေမယ်ထင်လဲ။ ဝမ်းသာလုံးဆို့သွားမှာပဲ။ သေသွားတဲ့လူ ပြန်ပြီးအသက်ရှင်နိုင်ပါ့မလား။ အရင်ကဖြစ်ဖူးသလား။

ဒီပုံမှာ ပါတဲ့လူကြီးရယ်၊ အမျိုးသမီးနဲ့ ယောက်ျားကလေးကို ကြည့်လိုက်စမ်း။ အမျိုးသားကြီးက ပရောဖက်ဧလိယပဲ။ အမျိုးသမီးက ဇရတ္တမြို့ကမုဆိုးမဖြစ်ပြီး ဟိုသူငယ်လေးကတော့ သူ့သားပေါ့။ တစ်ရက်မှာ ဒီသူငယ်လေးဖျားလာတယ်။ အဖျားကတစစဆိုးလာပြီး နောက်ဆုံးသူငယ်လေးသေသွားရောကွယ်။ အဲဒီအခါ ဧလိယက အမျိုးသမီးကိုပြောတာက ‘ကလေးကိုငါ့ကိုပေး’ တဲ့။

ဧလိယက ကလေးလေးကိုအပေါ်ထပ်ကိုချီသွားပြီး ခုတင်ပေါ်တင်လိုက်တယ်။ ပြီးတော့ ‘အိုယေဟောဝါ၊ ကလေးပြန်အသက်ရှင်လာအောင်လုပ်ပေးပါ’ ဆိုပြီးဆုတောင်းတယ်။ အဲဒီအခါ ကလေးဟာ ပြန်ပြီးအသက်ရှင်လာတယ်။ အဲဒီကျတော့ ဧလိယက ကလေးကိုအောက်ထပ်ခေါ်သွားတယ်။ ပြီးတော့ အဲဒီအမျိုးသမီးကို ‘မင်းရဲ့သားပြန်အသက်ရှင်လာပြီ’ လို့ပြောတယ်။ ဒါကြောင့် သူ့မေမေဝမ်းသာလုံးဆို့သွားရတာပေါ့။

ယေဟောဝါရဲ့အရေးပါတဲ့ နောက်ပရောဖက်တစ်ယောက်က ဧလိရှဲပဲ။ သူဟာဧလိယရဲ့လက်ထောက်။ ဒါပေမဲ့ အချိန်တန်တဲ့အခါ သူ့ကိုလည်း တန်ခိုးအမျိုးမျိုးပြဖို့ ယေဟောဝါအသုံးပြုခဲ့တယ်။ တစ်နေ့ ဧလိရှဲ ရှုနင်မြို့ကိုသွားတော့ သူ့ကိုကောင်းကောင်းဧည့်ခံတဲ့ မိန်းမတစ်ယောက်နဲ့တွေ့ရတယ်။ နောက်ပိုင်းမှာ ဒီမိန်းမမှာ သားယောက်ျားကလေးတစ်ယောက်ရလာတယ်။

ကလေးလေးတော်တော်လေးကြီးလာတဲ့နောက် တစ်မနက်ကျတော့ လယ်လုပ်နေတဲ့ သူ့ဖေဖေဆီကိုသွားတယ်။ ချက်ချင်းပဲကလေးက ‘ခေါင်းကိုက်တယ်’ ဆိုပြီးအော်တာနဲ့ အိမ်ကိုခေါ်လာပြီးတဲ့နောက် သူသေရောကွယ်။ သူ့မေမေ ရင်ကျိုးတာပေါ့။ ချက်ချင်း ဧလိရှဲကိုသွားခေါ်တယ်။

ဧလိရှဲရောက်လာတဲ့အခါ ကလေးသေနေတဲ့အခန်းထဲကိုဝင်သွားတယ်။ ယေဟောဝါကိုဆုတောင်းပြီး အလောင်းပေါ်မှာ လှဲလျောင်းလိုက်တယ်။ မကြာခင်မှာပဲ ကလေးလေးရဲ့ကိုယ်နွေးလာတယ်။ ပြီးတော့ ကလေးလေးဟာ ခုနစ်ခါနှာချေတယ်။ ကလေးအမေ အခန်းထဲဝင်လာလို့ ကလေးပြန်ရှင်နေတာကိုတွေ့လိုက်ရတဲ့အခါ ဘယ်လောက်ပျော်ရှာမလဲနော်။

လူတွေ ဒုနဲ့ဒေးသေခဲ့ကြပြီ။ သူတို့ရဲ့ဆွေမျိုးသားချင်း၊ သူငယ်ချင်းတွေလည်း အများကြီးဝမ်းနည်းခဲ့ရပြီ။ တို့မှာ လူသေပြန်ရှင်နိုင်အောင် လုပ်နိုင်တဲ့တန်ခိုးမရှိဘူး။ ဒါပေမဲ့ ယေဟောဝါမှာရှိတယ်။ နောက်ပိုင်းမှာ လူသန်းပေါင်းများစွာကို ပြန်အသက်ရှင်လာနိုင်အောင် ဘယ်လိုလုပ်မယ်ဆိုတာကို တို့သိရလိမ့်မယ်။