မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၇၃

ဣသရေလနိုင်ငံရဲ့ နောက်ဆုံးမင်းကောင်းအကြောင်း

ဣသရေလနိုင်ငံရဲ့ နောက်ဆုံးမင်းကောင်းအကြောင်း

ယောရှိဟာ တောင်ပိုင်းနှစ်နွယ်နိုင်ငံရဲ့ရှင်ဘုရင်ဖြစ်လာတဲ့အချိန်မှာ အသက်ရှစ်နှစ်ပဲရှိသေးတယ်။ ဒီအရွယ်နဲ့ဘုရင်ဖြစ်တယ်ဆိုတာ ငယ်လွန်းအားကြီးတယ်။ ဒါကြောင့်အစပိုင်းမှာ သူ့ထက်အသက်ကြီးတဲ့လူတွေက အုပ်ချုပ်ရေးမှာ သူ့ကိုထောက်ကူခဲ့တယ်။

ယောရှိမင်းနန်းသက်ခုနစ်နှစ်ရောက်တဲ့အခါ ယေဟောဝါကို ရှာစပြုလာတယ်။ ဒါဝိဒ်၊ ယောရှဖတ်၊ ဟေဇကိတို့လို မင်းကောင်းတွေကိုအတုခိုးတယ်။ လူပျိုဘော်ဝင်အရွယ်လောက်ပဲရှိသေးတယ်။ ယောရှိဟာ သူရသတ္တိပြောင်မြောက်တဲ့ အလုပ်တစ်ခုကိုလုပ်လိုက်တယ်။

ဣသရေလလူအများထုဟာ ဆိုးလာခဲ့တာကြာလှပြီ။ မှောက်မှားတဲ့ဘုရားတွေကို ကိုးကွယ်နေကြတယ်။ ရုပ်တုတွေရှေ့မှာဦးချကြတယ်။ ဒါကြောင့်ယောရှိက သူ့လူတွေနဲ့ထွက်သွားပြီး နေပြည်တော်က မှောက်မှားတဲ့ဘုရားတွေကိုသုတ်သင်ရှင်းလင်းလိုက်တယ်။ မှောက်မှားတဲ့ဘုရားတွေကို ရှိခိုးတဲ့လူတွေအများကြီးရှိတယ်ဆိုတော့ သူ့အလုပ်က လွယ်တဲ့အလုပ်မဟုတ်ဘူး။ ယောရှိနဲ့သူ့လူတွေ ရုပ်တုတွေကိုရိုက်ချိုးနေတာ ဒီပုံမှာမြင်နိုင်တယ်။

အဲဒီနောက် ယောရှိက လူသုံးယောက်ကိုဦးဆောင်ခိုင်းပြီး ယေဟောဝါဗိမာန်တော်ကိုပြန်လည်မွမ်းမံစေတယ်။ လူတွေဆီက အလှူတော်ငွေကောက်ခံကြတယ်။ ငွေတွေကို ဒီလူသုံးယောက်ကိုပေးပြီးအလုပ်ခိုင်းတယ်။ ဗိမာန်တော်မှာခုလိုလုပ်တုန်းမှာ ယဇ်ပုရောဟိတ်မင်းကြီး ဟိလခိက အင်မတန်အရေးကြီးတဲ့ပစ္စည်းတစ်ခုတွေ့လိုက်တယ်။ ရှေးရှေးတုန်းက မောရှေကိုယေဟောဝါရေးခိုင်းလိုက်တဲ့စာအုပ်ပဲကွဲ့။ ပျောက်နေတာ နှစ်ပေါင်းများစွာကြာပြီ။

ဒါနဲ့ အဲဒီစာအုပ်ကို ယောရှိမင်းဆီယူလာကြတယ်။ ယောရှိက စာကိုဖတ်ခိုင်းလိုက်တယ်။ ယောရှိနားထောင်လိုက်တဲ့အခါ လူတွေဟာ ယေဟောဝါပညတ်တော်ကို ဘယ်လောက်ထိချိုးဖောက်နေကြသလဲဆိုတာကို သူသိသွားတာပေါ့။ သူအင်မတန်ဝမ်းနည်းသွားတယ်။ ဒါကြောင့်အဝတ်တော်ကိုဆုတ်ပစ်လိုက်တယ်။ ဒီပုံမှာမြင်ရတဲ့အတိုင်းပဲပေါ့။ ပြီးတော့ ‘ယေဟောဝါ ငါတို့ကိုသိပ်စိတ်ဆိုးနေပြီ။ ဘာကြောင့်လဲဆိုတော့ ငါတို့ရဲ့ဘိုးဘေးတွေ ဒီစာအုပ်မှာပါတဲ့ပညတ်တော်ကို မလိုက်နာကြလို့ပဲ’ ဆိုပြီးတော့လည်းပြောတယ်။

ဒါနဲ့ ယောရှိက ယေဟောဝါသူတို့ကို ဘာလုပ်မလဲဆိုတာသိအောင် ယဇ်ပုရောဟိတ်မင်းကြီး ဟိလခိကိုစူးစမ်းခိုင်းတယ်။ ဟိလခိက ပရောဖက်မဖြစ်တဲ့ ဟုလဒဆီသွားပြီးမေးတယ်။ ဟုလဒက ယေဟောဝါဆီကသတင်းတော်ကိုတမန်လွှတ်ပြီး ယောရှိမင်းဆီသွားပြောခိုင်းတယ်။ သတင်းကဒီလိုဖြစ်တယ်။ ‘လူတွေဟာ မှောက်မှားတဲ့ဘုရားကိုဝတ်ပြုပြီး နေပြည်တော်ကို ဒုစရိုက်နဲ့ ပြည့်နှက်အောင်ဖန်တီးခဲ့ကြတဲ့အတွက် ဒီလူတွေနဲ့ယေရုရှလင်မြို့ကိုဒဏ်ခတ်ရမယ်။ ဒါပေမဲ့ အသင်ယောရှိမင်းကျတော့ ကောင်းမှုလုပ်ခဲ့တဲ့အတွက် အသင်သေပြီးတဲ့နောက်မှ ဒီဒဏ်ဟာသက်ရောက်လာလိမ့်မယ်။’