မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၇၅

ဗာဗုလုန်က ယောက်ျားကလေး လေးယောက်အကြောင်း

ဗာဗုလုန်က ယောက်ျားကလေး လေးယောက်အကြောင်း

နေဗုခဒ်နေဇာဘုရင်ကြီးက ပညာအတော်ဆုံးဣသရေလလူတွေကို ဗာဗုလုန်ကိုဖမ်းခေါ်သွားတယ်။ ပြီးနောက် ရုပ်အဖြောင့်ဆုံး၊ ဉာဏ်အချွန်ဆုံးလူငယ်လေးတွေကို ရွေးချယ်တယ်။ သူတို့ထဲက လေးယောက်ကို ဒီပုံမှာတွေ့နိုင်တယ်။ တစ်ယောက်က ဒံယေလ၊ ကျန်တဲ့သုံးယောက်ကိုကျတော့ ဗာဗုလုန်လူတွေက ရှာဒရက်၊ မေရှက်နဲ့အဗေဒနေဂေါလို့ခေါ်ကြတယ်။

နေဗုခဒ်နေဇာက ဒီလူငယ်တွေကို နန်းတော်မှာအမှုထမ်းဖို့ လေ့ကျင့်ပေးချင်တဲ့အစီအစဉ်ရှိတယ်။ သုံးနှစ်လေ့ကျင့်ပြီးတဲ့နောက် အဲဒီထဲကဉာဏ်အကောင်းဆုံးတစ်ယောက်ကိုရွေးပြီး သူ့ရဲ့မင်းရေးမင်းရာပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ အသုံးချမယ်လေ။ လေ့ကျင့်နေတုန်းအချိန်တစ်လျှောက်မှာ ဒီကသူငယ်လေးတွေ ကျန်းမာသန်စွမ်းတာကိုသူမြင်ချင်တယ်။ ဒါကြောင့် သူနဲ့သူ့နန်းတွင်းသားတွေစားသောက်တဲ့ အစားအသောက်တွေကိုကျွေးဖို့ သူ့ကျွန်တွေကိုအမိန့်ပေးထားတယ်။

လူငယ်လေးဒံယေလကို ကြည့်လိုက်စမ်း။ နေဗုခဒ်နေဇာရဲ့ကျွန်အုပ် အာရှပေနတ်ကို သူဘာပြောနေသလဲသိလား။ ဘုရင့်စားတော်က အဆီအဆိမ့်တွေမစားချင်ဘူးဆိုပြီး ပြောနေတယ်လေ။ ဒါပေမဲ့ အာရှပေနတ်က စိတ်ပူတယ်။ ‘မင်းတို့ဘာစားရမယ်ဆိုတာ ဘုရင်ကပိုင်းဖြတ်ပြီးသား။ မင်းတို့က တခြားလူငယ်တွေလောက် ကျန်းမာတဲ့ရုပ် မထွက်ဘူးဆိုရင် သူငါ့ကိုသတ်ပစ်မှာ’ ဆိုပြီးပြောတယ်။

ဒါနဲ့ဒံယေလက သူနဲ့သူ့သူငယ်ချင်းသုံးယောက်ကို စောင့်ရှောက်ကျွေးမွေးဖို့ အာရှပေနတ်ခန့်ထားတဲ့အထိန်းဆီကိုသွားတယ်။ ‘ကျွန်တော်တို့ကို ၁၀ ရက်သာစမ်းကြည့်ပါ။ စားဖို့ဟင်းသီးဟင်းရွက်တွေနဲ့ သောက်ဖို့ရေကိုပေးပါ။ ပြီးတော့ ဘုရင့်စားတော်ကိုစားကြတဲ့ တခြားလူငယ်တွေနဲ့ ကျွန်တော်တို့ကို ဘယ်သူပိုကျန်းမာသလဲဆိုတာ ယှဉ်ကြည့်ပါ’ ဆိုပြီးပြောလိုက်တယ်။

အထိန်းကသဘောတူလိုက်တယ်။ ဒါနဲ့ ၁၀ ရက်လွန်တော့ ဒံယေလနဲ့ သူ့သူငယ်ချင်းသုံးယောက်က ကျန်တဲ့လူငယ်တွေထက် ပိုတောင်ကြည့်လို့ကောင်းလာတယ်။ ဒါနဲ့ အထိန်းက ဘုရင့်စားတော်အစား ဟင်းသီးဟင်းရွက်တွေကိုပဲ ဆက်စားဖို့အခွင့်ပေးလိုက်တယ်။

သုံးနှစ်ကြာတော့ လူငယ်တွေအားလုံးကို နေဗုခဒ်နေဇာရှေ့တော်ကိုသွင်းကြတယ်။ သူတို့နဲ့စကားပြောစမ်းပြီးတဲ့အခါ ဒံယေလနဲ့ သူ့အဖော်သုံးယောက်ဟာ ဉာဏ်အထက်ဆုံးဖြစ်မှန်း ဘုရင်ကြီးသိသွားတယ်။ ဒါကြောင့် ဘုရင်ကြီးက သူတို့ကို နန်းတော်ထဲမှာဝိုင်းကူညီဖို့ ခေါ်ထားလိုက်တယ်။ ဘုရင်ကြီးက ဒံယေလ၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို မေးခွန်းတွေ၊ ပုစ္ဆာတွေမေးတိုင်း သူတို့လေးတွေဟာ သူ့ယဇ်ပုရောဟိတ်နဲ့ ပညာရှိတွေထက် ၁၀ ဆသာတာကို တွေ့ရတယ်။