မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၇၉

ဒံယေလ ခြင်္သေ့တွင်းထဲရောက်သွားတဲ့အကြောင်း

ဒံယေလ ခြင်္သေ့တွင်းထဲရောက်သွားတဲ့အကြောင်း

အလိုလေး၊ ကြည့်စမ်းပါဦး၊ ဒံယေလတော့ ဒုက္ခရောက်ပြီ။ ဒါပေမဲ့ ခြင်္သေ့တွေ သူ့ကိုမကိုက်ပါလား။ ဘာကြောင့်လဲသိလား။ ဒီခြင်္သေ့တွေကြားထဲ ဒံယေလကို ဘယ်သူချပစ်ခဲ့တာလဲ။ တို့ကြည့်ရအောင်။

ခုဗာဗုလုန်ရှင်ဘုရင်က ဒါရိဆိုတဲ့လူပဲ။ ဒံယေလကိုသူသိပ်ချစ်တယ်။ ဒံယေလက စိတ်သဘောလည်းကောင်း၊ ပညာလည်းရှိတာကိုး။ ဒါရိဟာ ဒံယေလကို သူ့နိုင်ငံတော်မှာ အရာရှိချုပ်နေရာမှာခန့်ထားလိုက်တယ်။ အဲဒါကြောင့် ကျန်တဲ့လူတွေက ဒံယေလကိုမနာလိုလို့ သူတို့ဒီလိုမကောင်းကြံကြတယ်။

သူတို့က ဒါရိမင်းကြီးဆီကိုသွားပြီး ‘အရှင်မင်းကြီး၊ အရှင်မင်းကြီးကလွဲရင် ဘယ်ဘုရား၊ ဘယ်လူ့ဆီကိုမှ ရက်ပေါင်း ၃၀ အတွင်း ဘယ်သူမှဆုမတောင်းရ၊ နားမထောင်ဘူးဆိုရင် ခြင်္သေ့တွင်းထဲချပစ်စေဆိုတဲ့ ဥပဒေကိုအတည်ပြုထုတ်ဆင့်ဖို့ ကျွန်တော်မျိုးအပေါင်း သဘောတူတိုင်ပင်ကြပါပြီ’ ဆိုပြီးတင်လျှောက်ကြတယ်။ အဲဒီဥပဒေ ဘာကြောင့်ထုတ်ချင်ကြတယ်ဆိုတာကို ဒါရိကမသိဘူး။ ဒါပေမဲ့ ကောင်းမယ်ထင်ပြီး အဲဒီဥပဒေကိုရေးပြီး အတည်ပြုလိုက်တယ်။ ခုတော့ ဥပဒေကိုပြောင်းလို့မရတော့ဘူးလေ။

ဒံယေလက အဲဒီဥပဒေအကြောင်းကြားရတော့ အိမ်ကိုသွားပြီး ခါတိုင်းလိုပဲ ဆုတောင်းတယ်။ လူဆိုးတွေက ဒံယေလဟာ ယေဟောဝါကိုဆုမတောင်းဘဲ မနေဘူးဆိုတာသိလို့ ဝမ်းသာကြတယ်။ ဘာကြောင့်လဲဆိုတော့၊ ဒံယေလကိုရှင်းပစ်ဖို့ဆိုတဲ့ သူတို့ရဲ့အကြံအောင်မြင်တော့မယ့်ပုံ ပေါက်နေပြီပဲကိုး။

ဒီလူတွေ ဘာအတွက်ကြောင့် ဒီဥပဒေထုတ်ချင်ကြသလဲဆိုတာ ဒါရိသိသွားတဲ့အခါ သိပ်ကိုဝမ်းနည်းသွားတယ်။ ဒါပေမဲ့ ဥပဒေကို သူမပြောင်းနိုင်ဘူး။ ဒါကြောင့်ဒံယေလကိုခြင်္သေ့တွင်းထဲပစ်ချဖို့ အမိန့်ထုတ်လိုက်ရတယ်။ ဒါပေမဲ့ ဘုရင်ကြီးက ‘သင်ကိုးကွယ်တဲ့ဘုရား သင့်ကိုကယ်တင်ပါစေ’ ဆိုပြီး ဒံယေလကိုပြောလိုက်တယ်။

ဒါရိဟာ အဲဒီညမှာ ဝမ်းနည်းလွန်းလို့ အိပ်တောင်မပျော်နိုင်ဘူး။ နောက်မနက်ရောက်တော့ သူခြင်္သေ့တွင်းဘက်ကိုပြေးသွားတယ်။ သူ့ကိုဟိုမှာတွေ့နိုင်တယ်။ သူကငိုသံကြီးနဲ့ ‘အသက်ရှင်တဲ့ဘုရားသခင်ရဲ့ကျွန်ဒံယေလ၊ သင်ကိုးကွယ်တဲ့ဘုရားဟာ သင့်ကိုခြင်္သေ့ရန်က ကယ်လွှတ်နိုင်သလား’ ဆိုပြီးမေးလိုက်တယ်။

ဒံယေလက ‘ဘုရားသခင်ဟာ သူ့ကောင်းကင်တမန်ကိုစေလွှတ်ပြီး ခြင်္သေ့ပါးစပ်တွေကိုပိတ်ထားတယ်။ ဒါကြောင့် ကျွန်တော့်ကိုမကိုက်ဘူး’ ဆိုပြီးပြန်ဖြေလိုက်တယ်။

ဘုရင်ကြီး သိပ်ဝမ်းသာသွားတယ်။ ဒံယေလကိုတွင်းထဲကထုတ်စေဆိုပြီး အမိန့်ပေးလိုက်တယ်။ ပြီးတော့ ဒံယေလကိုမကောင်းကြံတဲ့လူဆိုးတွေကို ခြင်္သေ့တွင်းထဲချပစ်ခိုင်းလိုက်တယ်။ အဲဒီလူတွေ တွင်းအောက်တောင်မရောက်သေးဘူး ခြင်္သေ့တွေက ကိုက်ဖမ်းပြီး အရိုးအားလုံးကိုက်ချေပစ်လိုက်တယ်။

နောက်တော့ ဒါရိက သူ့နိုင်ငံတော်သားအားလုံးဆီကို စာရေးလိုက်တယ်။ ‘လူတိုင်း ဒံယေလရဲ့ဘုရားသခင်ကို ကြည်ညိုလေးစားရမယ်၊ ငါအမိန့်ပေးတယ်။ သူရဲ့ဘုရားဟာ တန်ခိုးအမျိုးမျိုးပြနိုင်တယ်။ ဒံယေလကို ခြင်္သေ့စာဖြစ်မသွားအောင်ကယ်တင်ခဲ့ပြီ။’