မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၈၀

ဘုရားသခင်ရဲ့လူမျိုး ဗာဗုလုန်ကထွက်လာတဲ့အကြောင်း

ဘုရားသခင်ရဲ့လူမျိုး ဗာဗုလုန်ကထွက်လာတဲ့အကြောင်း

ဗာဗုလုန်ကို မေဒိနဲ့ပေရသိလူမျိုးတွေသိမ်းပိုက်ခဲ့တာ နှစ်နှစ်လောက်ရှိပြီ။ ခုကြည့်လိုက်စမ်း ဘာဖြစ်နေပြီလဲဆိုတာ။ ဟုတ်တယ်၊ ဣသရေလလူတွေ ဗာဗုလုန်မြို့ကထွက်လာကြပြီ။ သူတို့ဘယ်လိုလွတ်လာကြတာလဲ။ ဘယ်သူက သူတို့ကိုသွားခိုင်းတာလဲ။

ပေရသိရှင်ဘုရင်ကုရုမင်းပေါ့၊ သူတို့ကိုသွားခိုင်းတာ။ ကုရုမမွေးခင် နှစ်ပေါင်းများစွာကတည်းက သူနဲ့ပတ်သက်ပြီး ယေဟောဝါက ဟေရှာယကိုကြိုပြီးရေးခိုင်းထားတယ်။ ‘သင်သည် ငါအလိုရှိသည့်အတိုင်းပြုမည်။ မြို့ ကိုသိမ်းပိုက်နိုင်ရန် သင့်အတွက် မြို့တံခါးပွင့်လျက်နေမည်’ ဆိုပြီးတော့ ကြိုရေးထားတယ်။ ပြောတဲ့အတိုင်းလည်း ကုရုဟာ ဗာဗုလုန်သိမ်းပိုက်တဲ့နေရာမှာ ဦးဆောင်ခဲ့တယ်။ မေဒိနဲ့ပေရသိလူတွေဟာ ပွင့်နေတဲ့မြို့တံခါးကနေပြီး ညအချိန်မှာ မြို့ ထဲဝင်လာကြတယ်။

ဒါတင်မကဘူး ကုရုဟာယေရုရှလင်မြို့နဲ့ ဗိမာန်တော်ပြန်ဆောက်ဖို့ အမိန့်ကိုထုတ်ဆင့်မယ်ဆိုပြီးတော့လည်း ယေဟောဝါရဲ့ပရောဖက်ဟေရှာယကပြောထားသေးတယ်။ ကုရုဟာ တကယ်ပဲဒီလိုအမိန့်ထုတ်ခဲ့သလား။ ထုတ်ခဲ့တာပေါ့။ ကုရုက ဣသရေလလူတွေကို ဒီလိုပြောတယ်။ ‘ယေရုရှလင်မြို့ ကိုသွားကြ။ မင်းတို့ရဲ့ဘုရားသခင် ယေဟောဝါရဲ့ဗိမာန်တော်ကိုဆောက်ကြ’ တဲ့။ ဣသရေလလူတွေလည်း အဲဒီအတွက်ပဲ သွားနေကြတယ်လေ။

ဒါပေမဲ့ ဗာဗုလုန်မှာရှိတဲ့ ဣသရေလလူတိုင်း ဝေးလံတဲ့ခရီးကိုနှင်ပြီး ယေရုရှလင်မြို့ကို မပြန်နိုင်ကြဘူး။ အင်မတန်ဝေးတဲ့ခရီးပဲ။ မိုင် ၅၀၀ (ကီလိုမီတာ ၈၀၀) တောင်ရှိတယ်။ အိုတဲ့လူတွေ၊ ဖျားနာတဲ့လူတွေက မနည်းပဲကိုး။ တခြားအကြောင်းကြောင်းတွေကြောင့် မသွားကြတဲ့လူတွေလည်းရှိကြတယ်။ ဒါပေမဲ့ ကုရုက မသွားတဲ့လူတွေကိုဘယ်လိုပြောသလဲဆိုတော့ ‘ယေရုရှလင်မြို့နဲ့ဗိမာန်တော်ကိုပြန်ဆောက်ဖို့ သွားကြမယ့်လူတွေကို မင်းတို့ရဲ့ရွှေငွေတွေ၊ တခြားအသုံးအဆောင်တွေပေးလိုက်ပါ’ တဲ့။

ဒါကြောင့် ယေရုရှလင်ပြန်မယ့်လူတွေကို ပစ္စည်းလက်ဆောင်တွေ အများကြီးပေးကြတယ်။ ပြီးတော့ နေဗုခဒ်နေဇာ ယေရုရှလင်မြို့ ကိုဖျက်ဆီးတုန်းက ယေဟောဝါဗိမာန်တော်ကယူလာတဲ့ အိုးခွက်အသုံးအဆောင်တွေကိုလည်း ကုရုကပြန်ပေးလိုက်တယ်။ ဒါနဲ့ပြည်တော်ပြန်တွေ ထမ်းသွားရမယ့်ပစ္စည်းတွေ အများကြီးပဲပေါ့။

ဣသရေလလူတွေ လေးလလောက်ခရီးသွားပြီးနောက် အချိန်မီ ယေရုရှလင်မြို့ ကိုပြန်ရောက်သွားကြတယ်။ မြို့ တော်ပျက်စီး လူလုံးဝမနေတဲ့အချိန်ကနေတွက်ရင် အနှစ် ၇၀ အတိအကျပဲ။ ဒါပေမဲ့ ဣသရေလလူတွေ နေရင်းပြည်ကိုပြန်ရောက်ပြီဆိုပေမဲ့ အခက်အခဲအမျိုးမျိုးကြုံရတော့မယ်။ ဒီအကြောင်း ရှေ့အခန်းမှာသိရလိမ့်မယ်။