မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၈၃

ယေရုရှလင်မြို့ရိုးအကြောင်း

ယေရုရှလင်မြို့ရိုးအကြောင်း

အလုပ်လုပ်နေကြတာကို ကြည့်လိုက်စမ်း။ ဣသရေလလူတွေ ယေရုရှလင်မြို့ရိုးဆောက်နေကြတာ ပျားပန်းခပ်သလိုပဲ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၂ နှစ်တုန်းက ယေရုရှလင်မြို့ကို နေဗုခဒ်နေဇာဖျက်ဆီးပစ်တုန်းက မြို့ရိုးတွေကိုဖြိုပြီး မြို့တံခါးတွေကိုမီးရှို့ပစ်ခဲ့တယ်။ ဣသရေလလူတွေ ဗာဗုလုန်ကပြန်လာစကဆိုရင် မြို့ရိုးကိုမဆောက်ခဲ့ကြဘူး။

မြို့ရိုးမရှိဘဲ ခုလိုနေခဲ့ကြတာ လူတွေစိတ်ထဲ ဘယ်လိုရှိကြမယ်ထင်သလဲ။ လုံခြုံတဲ့စိတ် မရှိကြဘူးပေါ့။ သူတို့ရန်သူတွေ အချိန်မရွေး လွယ်လွယ်ကလေးလာပြီး တိုက်ခိုက်နိုင်တာပေါ့။ ခုတော့ နေဟမိဆိုတဲ့ ဒီလူက မြို့ရိုးဆောက်ဖို့ လူတွေကိုအကူအညီပေးနေပြီလေ။ နေဟမိဟာ ဘယ်သူလဲသိလား။

နေဟမိဆိုတဲ့လူဟာ မော်ဒကဲနဲ့ဧသတာတို့နေတဲ့ ရှုရှန်ဆိုတဲ့နေရာကလာတဲ့ ဣသရေလလူတစ်ယောက်ပဲ။ နေဟမိဟာ ဘုရင့်နန်းတော်မှာ ခစားတဲ့လူတစ်ယောက်ဆိုတော့ မော်ဒကဲနဲ့မိဖုရားဧသတာတို့နဲ့ဆိုရင် သိပ်ခင်ကြမှာပဲ။ ဒါပေမဲ့ နေဟမိဟာ အာရွှေရုမင်းကြီးရဲ့အစေကိုခံတယ်လို့မဆိုဘဲ သူ့နောက်မှာနန်းတက်တဲ့ ဘုရင်အာတဇေရဇ်မင်းအတွက် အမှုထမ်းတယ်လို့ကျမ်းစာကဆိုတယ်။

မှတ်မိလား။ အာတဇေရဇ်ဟာ ယေရုရှလင်မြို့ကိုသွားပြီး ယေဟောဝါဗိမာန်တော်ကိုမွမ်းမံဖို့ ဧဇရကို ရွှေ ငွေတွေပေးလိုက်တဲ့ မင်းကောင်းပဲလေ။ ဒါပေမဲ့ ဧဇရဟာ ပြိုပျက်နေတဲ့မြို့ရိုးကို မဆောက်ခဲ့ဘူး။ ဒီမြို့ရိုးဆောက်တဲ့အလုပ်ကို နေဟမိဘယ်ပုံဘယ်နည်းနဲ့ ဆောက်သလဲဆိုတာကြည့်ရအောင်။

ဗိမာန်တော်မွမ်းမံဖို့ ဧဇရကိုအာတဇေရဇ်ရွှေ ငွေတွေပေးတာ ၁၃ နှစ်ကြာခဲ့ပြီ။ နေဟမိဟာ ခုဆို ဘုရင်အာတဇေရဇ်ရဲ့ ဖလားတော်ဝန်ကြီးဖြစ်လာပြီလေ။ ဖလားတော်ဝန်ဆိုတာက ဘုရင်ကိုစပျစ်ရည်ဆက်ရတယ်။ ဘယ်သူမှဘုရင်ကိုအဆိပ်မခတ်အောင် ကာကွယ်ရမှာလည်းသူ့တာဝန်။ အင်မတန်အရေးကြီးတဲ့ အလုပ်တစ်ခုပဲ။

တစ်နေ့ကျတော့ ဣသရေလပြည်က နေဟမိရဲ့ညီဟာနန်နဲ့လူတချို့ နေဟမိဆီအလည်လာကြတယ်။ သူတို့က ဣသရေလလူတွေကြုံနေရတဲ့ ဒုက္ခတွေအကြောင်း၊ ယေရုရှလင်မြို့ရိုး ခုထိပြိုပျက်နေတဲ့အကြောင်း ပြောပြတယ်။ နေဟမိဟာ သိပ်ဝမ်းနည်းသွားတယ်။ ဒါနဲ့ ယေဟောဝါဆီဆုတောင်းတယ်။

တစ်နေ့ကျတော့ နေဟမိဝမ်းနည်းနေတာကို ရှင်ဘုရင်တွေ့သွားတော့ မေးတယ်၊ ‘ဘာဖြစ်လို့မျက်နှာညှိုးနေတာတုန်း’ ဆိုပြီးတော့ပေါ့။ နေဟမိက ယေရုရှလင်မြို့အခြေအနေ မလှတဲ့အကြောင်း၊ မြို့ရိုးတွေခုထိပြိုပျက်နေတဲ့ အကြောင်းတွေကြောင့် စိတ်မကောင်းဖြစ်ရတဲ့အကြောင်းပြောပြတယ်။ ‘မင်းဘာလုပ်ချင်သလဲ’ ဆိုပြီးဘုရင်ကမေးတယ်။

‘မြို့ရိုးပြန်တည်ဆောက်နိုင်ဖို့ ကျွန်တော်မျိုးကို ယေရုရှလင်မြို့ ပြန်ခွင့်ပြုပါ’ ဆိုပြီး နေဟမိကဆိုတယ်။ အာတဇေရဇ်မင်းကြီးက စိတ်ကောင်းရှိတယ်။ ‘သွားနိုင်တယ်’ ဆိုပြီး နေဟမိကိုအခွင့်ပေးလိုက်တယ်။ ပြီးတော့ ဆောက်လုပ်ရေးတချို့အတွက် လိုအပ်တဲ့သစ်တွေကိုရဖို့လည်း မစလိုက်တယ်။ နေဟမိယေရုရှလင်မြို့ ကိုရောက်လို့ မကြာခင်လေးမှာပဲ သူလာရတဲ့ ရည်ရွယ်ချက်ကို လူတွေကိုပြောပြလိုက်တယ်။ လူတွေက သူ့အကြံကိုသဘောကျပြီး ‘လာ ဆောက်ကြရအောင်’ ဆိုပြီးပြောကြတယ်။

ဣသရေလလူတွေရဲ့ရန်သူတွေက ဣသရေလလူတွေ မြို့ရိုးဆောက်နေကြတာကိုမြင်တော့ ‘တို့သွားပြီး ဒီငနဲတွေကိုရှင်းပစ်ရအောင်။ မဆောက်နိုင်အောင်လုပ်ကြရအောင်’ ဆိုပြီးပြောကြတယ်။ ဒါပေမဲ့ နေဟမိက ဒီအကြောင်းကိုကြားတော့ အလုပ်သမားတွေကိုဓားတွေလှံတွေပေးတယ်။ ပြီးတော့ ‘ရန်သူတွေကိုမကြောက်ကြနဲ့။ ကိုယ့်ညီအစ်ကို၊ ကိုယ့်သားသမီး၊ ကိုယ့်မယား၊ ကိုယ့်အိုးအိမ်တွေအတွက် တိုက်ကြ’ ဆိုပြီးလည်းပြောတယ်။

လူတွေကလည်း သိပ်သတ္တိရှိကြတာပဲ။ လက်နက်တွေကိုနေ့ရောညပါ အသင့်ဆောင်ထားကြတယ်။ ဆောက်လည်းဆောက်ကြတယ်။ ဒါနဲ့ ၅၂ ရက်ထဲနဲ့ မြို့ရိုးကိုအပြီးဆောက်ခဲ့ကြတယ်။ ခုတော့ လူတွေ မြို့ထဲမှာလုံလုံခြုံခြုံနေထိုင်နိုင်ကြပြီလေ။ နေဟမိနဲ့ဧဇရတို့က လူတွေကိုဘုရားသခင်ရဲ့ပညတ်သင်ပေးတယ်။ လူတွေကလည်း ပျော်လို့ ရွှင်လို့ပဲ။

ဒါပေမဲ့ ဣသရေလလူတွေ ဗာဗုလုန်ကိုသုံ့ပန်းအဖြစ်နဲ့ ဖမ်းသွားမခံရခင်ခေတ်က အခြေအနေလို မဟုတ်တော့ဘူး။ လူတွေဟာ ပေရသိရှင်ဘုရင်လက်အောက်မှာနေပြီး သူ့ရဲ့အမှုကိုထမ်းရတယ်။ ဒါပေမဲ့ ယေဟောဝါက ‘ဘုရင်အသစ်တစ်ပါးပေါ်ထွန်းစေမယ်၊ အဲဒီဘုရင်ဟာ လူတွေကိုငြိမ်ဝပ်ခြင်းပေးမယ်’ ဆိုပြီးကတိပြုတယ်။ ဘယ်ဘုရင်လဲ။ ကမ္ဘာပေါ်ငြိမ်သက်ခြင်းရှိအောင် သူဘယ်လိုနည်းနဲ့လုပ်ပေးမလဲ။ ဒါနဲ့ပတ်သက်ပြီး ဘာမှမသိလိုက်ရပဲ နှစ်ပေါင်း ၄၅၀ ကုန်လွန်ခဲ့ရတယ်။ ဒီနောက်တော့ အရေးအကြီးဆုံးဖြစ်တဲ့ ကလေးလေးတစ်ယောက်မွေးလာတယ်။ ဒါကတော့ သမိုင်းပုံပြင်နောက်တစ်ပုဒ်ပေါ့။

နေဟမိအခန်းကြီး ၁ မှ ၆။