မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၈၇

သူငယ်ယေရှု ဗိမာန်တော်ထဲရောက်နေတဲ့အကြောင်း

သူငယ်ယေရှု ဗိမာန်တော်ထဲရောက်နေတဲ့အကြောင်း

သူငယ်လေးတစ်ယောက် အသက်ကြီးတဲ့လူတွေနဲ့ စကားပြောနေတာကြည့်လိုက်စမ်း။ အဲဒီအသက်ကြီးတဲ့လူတွေက ယေရုရှလင်မြို့ကဘုရားသခင်ရဲ့ ဗိမာန်တော်ထဲမှာ လူတွေကိုသင်ကြားပို့ချတဲ့ ဆရာတွေပေါ့။ သူငယ်လေးကတော့ ယေရှုပဲ။ သူတော်တော်ကြီးလာပြီ။ အသက် ၁၂ နှစ်တောင်ရှိပြီ။

ဘုရားသခင်အကြောင်း၊ ကျမ်းစာမှာပါတဲ့အကြောင်းတွေ ယေရှုဒီလောက်သိတာကို အဲဒီကျမ်းတတ်ဆရာတွေ အံ့သြလို့ကိုမဆုံးကြဘူး။ ဒါပေမဲ့ ယောသပ်နဲ့မာရိတို့ ဘာကြောင့်ဒီမှာမရှိကြတာလဲ။ သူတို့ဘယ်ရောက်နေကြလဲ။ ကြည့်ရအောင်။

ယောသပ်ဟာ နှစ်စဉ်နှစ်တိုင်းပဲ ပသခါလို့ခေါ်တဲ့ပွဲထူးပွဲမြတ်ကြီးဆင်နွှဲဖို့ ယေရုရှလင်မြို့ကို သူ့အိမ်ထောင်နဲ့လာကြတယ်။ ယေရုရှလင်မြို့ ရောက်ဖို့ နာဇရက်မြို့ ကနေသွားရတာ နည်းတဲ့ခရီးမဟုတ်ဘူး။ ဘယ်သူ့မှာမှ ကားမရှိဘူး။ ရထားလည်းမရှိဘူး။ အဲဒီခေတ်တုန်းက ဒါမျိုးတွေမရှိဘူးကွဲ့။ လူတွေဟာအများအားဖြင့် ခြေကျင်ပဲလျှောက်ရတယ်။ ယေရုရှလင်မြို့ရောက်ဖို့ သုံးရက်တောင်ကြာတယ်။

ယောသပ်မှာ သားသမီးတွေလည်း တော်တော်များနေပြီလေ။ ဒါကြောင့် ယေရှုမှာ တခြားညီ၊ ညီမလေးတွေရှိတော့ သူတို့ကိုယောသပ်မာရိတို့က စောင့်ရှောက်ရတာပေါ့။ ဒါနဲ့ ဒီတစ်နှစ်ကျတော့ ကလေးတွေနဲ့ယောသပ်နဲ့မာရိတို့က အင်မတန်ဝေးတဲ့နာဇရက်မြို့ နေအိမ်ကိုပြန်ကြတယ်။ တခြားခရီးသွားဖော်တွေနဲ့ ယေရှုလည်းအတူပါတယ်လို့ထင်ကြတယ်။ ဒါပေမဲ့ တစ်နေကုန်လို့ တစ်စခန်းချကြတဲ့အခါ ယေရှုကိုရှာလို့မတွေ့ကြဘူး။ ဆွေတွေမျိုးတွေကြားထဲ အသိမိတ်ဆွေတွေကြားထဲမှာရှိရော့လားဆိုပြီး လိုက်ရှာတော့လည်းမတွေ့ဘူး။ ဒါနဲ့ ယေရုရှလင်မြို့ကိုပြန်ပြီး သူ့ကိုရှာကြတယ်။

နောက်ဆုံးတော့ ကျမ်းတတ်ဆရာတွေကြားထဲမှာ ယေရှုကိုသွားတွေ့တယ်။ ယေရှုဟာဆရာတွေပြောတာကို နားထောင်နေတယ်။ မေးခွန်းလည်းထုတ်တယ်။ သူအဲဒီလောက်ဉာဏ်ကောင်းတာကို လူတွေမြင်ပြီး တအံ့တသြဖြစ်နေကြတယ်။ ဒါပေမဲ့ မာရိက ‘ငါ့သား၊ ငါတို့ကိုဘာဖြစ်လို့ ဒီလိုလုပ်လိုက်တာလဲကလေးရယ်။ သားဖေဖေနဲ့မေမေဖြင့် သားကိုစိတ်ပူလို့ ရှာလိုက်ရတာအမောပဲ’ ဆိုပြီးပြောတယ်။

ယေရှုက ‘သားကိုဘာဖြစ်လို့လိုက်ရှာရတာလဲ။ သားရဲ့ခမည်းတော်အိမ်တော်မှာရှိရမယ်ဆိုတာ မေမေတို့မသိဘူးလား’ ဆိုပြီးပြောတယ်။

ဟုတ်တယ်၊ ဘုရားသခင်အကြောင်းဆည်းပူးနိုင်တဲ့နေရာမှာ ယေရှုနေချင်တယ်။ တို့လည်းဒီလိုပဲ ဆန္ဒရှိဖို့ကောင်းတယ်မဟုတ်လား။ နာဇရက်မြို့ မှာလည်း ယေရှုဟာပတ်စဉ်ဝတ်ပြုစည်းဝေးကိုသွားတယ်။ သူကောင်းကောင်းနားထောင်တဲ့အတွက် ကျမ်းစာအများကြီးတတ်တယ်။ တို့လည်း ယေရှုနဲ့တူအောင် သူ့နမူနာကိုလိုက်ရအောင်လား။