မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၉၀

ရေတွင်းနားမှာ မိန်းမနဲ့တွေ့ခဲ့တဲ့အကြောင်း

ရေတွင်းနားမှာ မိန်းမနဲ့တွေ့ခဲ့တဲ့အကြောင်း

ယေရှုဟာ ရှမာရိနယ်မှာရှိတဲ့ရေတွင်းတစ်တွင်းနားမှာ အနားယူတယ်။ သူ့တပည့်တော်တွေမြို့ထဲသွားပြီး အစားအသောက်သွားဝယ်နေကြတယ်။ ယေရှုနဲ့စကားပြောနေတဲ့အမျိုးသမီးက ရေခပ်ဖို့လာတယ်။ ယေရှုက ‘ငါသောက်ဖို့ရေပေးပါ’ ဆိုပြီး သူ့ကိုပြောတယ်။

အဲဒီလိုပြောလိုက်တာကို အမျိုးသမီးသိပ်အံ့သြသွားတယ်။ ဘာကြောင့်လဲသိလား။ ယေရှုဟာ ဂျူးဖြစ်ပြီး သူဟာရှမာရိအမျိုးသမီးဖြစ်လို့ပဲ။ ဂျူးတွေအများအားဖြင့် ရှမာရိလူတွေကိုမကြိုက်ဘူး။ သူတို့နဲ့စကားတောင် မပြောကြဘူး။ ဒါပေမဲ့ ယေရှုကျတော့ လူအားလုံးကိုချစ်တယ်။ ဒါကြောင့်လည်း ‘ရေတောင်းသောက်တဲ့သူဟာ ဘယ်သူလဲဆိုတာ သင်သိရင် သင်သူ့ကိုတောင်းမှာပဲ။ သူလည်းသင့်ကို အသက်ရေပေးမှာပဲ’ ဆိုပြီးပြောတယ်။

အဲဒီအမျိုးသမီးက ‘ဆရာ၊ ရေတွင်းကနက်တယ်။ ဆရာ့ဆီမှာပုံးလည်းမရှိ။ ဘယ်ကနေအသက်ရေကို ရနိုင်မှာလဲ’ ဆိုပြီးမေးတယ်။

ယေရှုက ‘ဒီရေတွင်းထဲကရေကို သင်သောက်ရင် နောက်တစ်ခါရေငတ်ဦးမယ်။ ဒါပေမဲ့ ငါပေးတဲ့ရေကို သောက်တဲ့လူတော့ ထာဝစဉ်အသက်ရှင်နိုင်တယ်’ ဆိုပြီး ယေရှုရှင်းပြတယ်။

‘ဆရာ၊ ကျွန်မကို အဲဒီရေပေးပါ။ ကျွန်မ ဘယ်တော့မှရေငတ်တော့မှာ မဟုတ်တော့ဘူး။ ရေခပ်ဖို့ ကျွန်မဒီကိုလာဖို့လည်း မလိုတော့ဘူး။’

သူက တကယ့်ရေအကြောင်း ယေရှုပြောနေတယ်မှတ်တာ။ တကယ်မှာတော့၊ ယေရှုကဘုရားသခင်နဲ့ဘုရားသခင်ရဲ့နိုင်ငံတော်နဲ့ပတ်သက်တဲ့ အမှန်တရားအကြောင်းကိုပြောနေတာ။ ဒီအမှန်တရားဟာ အသက်ရေနဲ့တူတယ်။ လူတစ်ယောက်ကို ထာဝရအသက်ပေးနိုင်တယ်။

ယေရှုက ‘သင့်ယောက်ျားကိုခေါ်လာခဲ့’ ဆိုပြီးပြောတယ်။

‘ကျွန်မမှာ ယောက်ျားမရှိဘူး’ ဆိုပြီး အမျိုးသမီးကပြန်ဖြေတယ်။

‘သင်ပြောတာမှန်တယ်။ ဒါပေမဲ့ သင့်မှာယောက်ျားငါးယောက်ရှိပြီးပြီ။ အခုသင်နဲ့အတူနေတဲ့အမျိုးသားဟာလည်း သင့်ယောက်ျားမဟုတ်ဘူး’ ဆိုပြီး ယေရှုကပြန်ပြောတယ်။

အဲဒီအမျိုးသမီးဟာ တကယ်ကိုအံ့သြသွားတယ်။ အားလုံးမှန်နေတာကိုး။ ဒီအကြောင်းတွေကို ယေရှုဘယ်လိုလုပ်ပြီးသိတာလဲ။ ဟုတ်တယ်၊ ယေရှုဟာ ဘုရားသခင်စေလွှတ်မယ်ဆိုတဲ့ပုဂ္ဂိုလ်ပဲပေါ့။ သူ့ကို ဘုရားသခင်ကအဲဒီအကြောင်းတွေ အသိပေးတယ်။ အဲဒီအချိန်မှာပဲ ယေရှုတပည့်တော်တွေ ပြန်ရောက်လာကြတယ်။ ယေရှုက ရှမာရိအမျိုးသမီးတစ်ယောက်နဲ့ စကားပြောနေတာကိုသူတို့မြင်တော့ အံ့ဩကြတယ်။

ဒီအကြောင်းတွေကနေပြီး ဘာသိရသလဲ။ ယေရှုဟာ လူမျိုးအားလုံးအပေါ် သဘောကောင်းတယ်ဆိုတာသိရတယ်။ တို့လည်း အဲဒီလိုဖြစ်ဖို့ကောင်းတယ်။ ဘာလူမျိုးဖြစ်တဲ့အတွက် မကောင်းဘူးဆိုပြီး သဘောမထားသင့်ဘူး။ ထာဝရအသက်ကိုပို့ဆောင်တဲ့ အမှန်တရားကို လူတိုင်းသိစေချင်တဲ့ဆန္ဒ ယေရှုမှာရှိတယ်။ တို့လည်း လူတွေအမှန်တရားရအောင် ကူညီချင်တဲ့ဆန္ဒရှိဖို့ကောင်းတယ်။