မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၉၂

ယေရှု လူသေတွေကို ပြန်ရှင်အောင်လုပ်ပေးတဲ့အကြောင်း

ယေရှု လူသေတွေကို ပြန်ရှင်အောင်လုပ်ပေးတဲ့အကြောင်း

ခုမင်းတို့မြင်ရတဲ့ ဒီမိန်းကလေးရဲ့အသက်ဟာ ၁၂ နှစ်။ ယေရှုသူ့လက်ကိုကိုင်ထားတယ်။ သူ့မေမေနဲ့သူ့ဖေဖေ ဘေးနားမှာရပ်နေတယ်။ သူတို့ဘာဖြစ်လို့ ဒီလောက်တောင်ပျော်နေကြသလဲသိလား။ တို့ကြည့်ရအောင်။

မိန်းကလေးရဲ့အဖေဟာ ယာဣရုလို့ခေါ်တဲ့အရေးပါတဲ့ လူကြီးတစ်ယောက်ပဲ။ တစ်နေ့ကျတော့ သူ့သမီးလေးဖျားတာနဲ့ အိပ်ရာပေါ်မှာသိပ်ထားတယ်။ ဒါပေမဲ့ မိန်းကလေးကနေကောင်းမလာဘူး။ ရောဂါဆိုးသထက်ဆိုးလာတယ်။ ယာဣရုနဲ့သူ့ဇနီးဟာ သိပ်စိုးရိမ်ကြတာပေါ့။ မိန်းကလေးဟာ သေတော့မယ့်အတိုင်းပဲကိုး။ ဒါနဲ့ ယာဣရုက ယေရှုကိုသွားခေါ်တယ်။ ယေရှုတန်ခိုးအမျိုးမျိုးပြတယ်ဆိုတာကို သူကြားဖူးလို့ပေါ့။

ယာဣရု ယေရှုကိုတွေ့တဲ့အခါ နည်းတဲ့လူအုပ်ကြီးမဟုတ်ဘူး၊ ယေရှုကိုဝိုင်းနေတယ်။ ဒါပေမဲ့ ယာဣရုက လူအုပ်ကြားထဲရောက်အောင်တိုးသွားပြီး ယေရှုခြေရင်းမှာဝပ်ပြီးတော့၊ ‘ကျွန်တော်ရဲ့သမီးလေး အသည်းအသန်ဖြစ်နေပါတယ်။ ကျေးဇူးပြုပြီးကြွခဲ့ပါ။ သမီးလေးကိုကုပေးပါ’ ဆိုပြီးတော့ ခယတောင်းပန်ရှာတယ်။ ယေရှုက ငါလာမယ်ဆိုပြီးပြောလိုက်တယ်။

သူတို့လမ်းလျှောက်ပြီးလာကြတဲ့အခါ လူအုပ်ကြီးက အနားကပ်သထက်ကပ်လာကြတယ်။ အဲဒီအခါ ယေရှုက ရုတ်ခြည်းရပ်လိုက်တယ်။ ‘ငါ့ကိုဘယ်သူ တို့သလဲ’ ဆိုပြီးမေးတယ်။ သူ့ထဲကတန်ခိုးထွက်သွားတာကို ယေရှုသိလိုက်ရတယ်။ ဒါကြောင့် တစ်ယောက်ယောက်သူ့ကို တို့လိုက်တာဖြစ်ရမယ်ဆိုတာကို သိလိုက်တယ်။ ဘယ်သူ တို့လိုက်တာတုန်း။ ၁၂ နှစ်လုံးလုံး အကြီးအကျယ်ဖျားလာခဲ့တဲ့ အမျိုးသမီးတစ်ယောက်ပဲကွဲ့။ ယေရှုနားကပ်လာပြီး ယေရှုကို တို့လိုက်တာနဲ့ ရောဂါပျောက်သွားတယ်လေ။

ယာဣရု ဒါကိုတွေ့လိုက်တော့ ပိုပြီးအားတက်သွားတယ်။ ဘာကြောင့်လဲဆိုတော့ ယေရှုလူတွေကိုလွယ်လွယ်လေးနဲ့ ကုပေးနိုင်တယ်ဆိုတာကို သူမြင်ရတယ်လေ။ ဒါပေမဲ့ အဲဒီအချိန်မှာ သတင်းပို့သူတစ်ယောက်ရောက်လာတယ်။ ‘ယေရှုကို ဒုက္ခပေးမနေနဲ့တော့။ ခင်ဗျားသမီး သေသွားပြီ’ ဆိုပြီး ယာဣရုကိုပြောတယ်။ ယေရှုကဒါကိုကြားလိုက်တဲ့နောက် ယာဣရုကို ‘မစိုးရိမ်နဲ့၊ ခင်ဗျားသမီးပြန်ကောင်းလာမယ်’ ဆိုပြီးပြောလိုက်တယ်။

နောက်ဆုံး ယာဣရုအိမ်ကိုရောက်သွားကြတဲ့အခါ လူတွေအကြီးအကျယ် ဝမ်းနည်းပြီး ငိုနေကြတယ်။ ဒါပေမဲ့ ယေရှုက ‘မငိုကြနဲ့၊ ကလေးမသေဘူး၊ အိပ်နေတာပါ’ ဆိုပြီးပြောတယ်။ ဒါပေမဲ့ သူတို့ကရယ်ပြီး ယေရှုကိုပြောင်ကြတယ်။ မိန်းကလေးသေမှန်း သူတို့သိကြပြီပဲကိုး။

အဲဒီအခါ ယေရှုက မိန်းကလေးရဲ့ဖေဖေမေမေနဲ့ သူ့တမန်တော်သုံးယောက်ကိုခေါ်ပြီး မိန်းကလေးရှိတဲ့နေရာကိုသွားတယ်။ ပြီးတော့ မိန်းကလေးရဲ့လက်ကလေးကိုကိုင်ပြီး ‘ထပါမိန်းကလေး’ ဆိုပြီးပြောလိုက်တယ်။ မိန်းကလေးက အသက်ရှင်လာတယ်ကွဲ့၊ ဒီပုံမှာတွေ့ရတဲ့အတိုင်းပဲ။ ပြီးတော့ ထပြီးလမ်းလျှောက်တယ်ကွဲ့။ အဲဒီအတွက်ပေါ့၊ သူ့ဖေဖေမေမေက ဝမ်းသာမဆုံးဖြစ်ကြရတယ်လေ။

ယေရှုပြန်ရှင်အောင်လုပ်ပေးခဲ့တဲ့ လူတွေထဲမှာ ဒီမိန်းကလေးဟာ ပထမတစ်ယောက်မဟုတ်ဘူး။ ပထမတစ်ယောက်လို့ ကျမ်းစာမှာဆိုထားတာက နာဣနမြို့က မုဆိုးမရဲ့သားပဲ။ နောက်ပိုင်းမှာ မာရိနဲ့မာသတို့ရဲ့မောင် လာဇရုကိုလည်း ယေရှုကပြန်ရှင်အောင်လုပ်ပေးခဲ့တယ်။ ဘုရားသခင်ခန့်ထားတဲ့ ဘုရင်အနေနဲ့ ယေရှုအုပ်စိုးတဲ့အခါ သေနေတဲ့လူတွေအများကြီး ပြန်ရှင်လာကြမယ်။ တို့တစ်တွေ ဝမ်းသာစရာမဟုတ်ဘူးလား။