မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၉၃

ယေရှု လူအများကြီးကိုအစာကျွေးတဲ့အကြောင်း

ယေရှု လူအများကြီးကိုအစာကျွေးတဲ့အကြောင်း

ကြောက်စရာကောင်းတဲ့ အဖြစ်တစ်ခုဖြစ်ခဲ့တယ်။ နှစ်ခြင်းဆရာယောဟန်ကို မကြာခင်ကပဲ သတ်ပစ်လိုက်တယ်။ ဘုရင်ရဲ့မိဖုရား ဟေရောဒိက ယောဟန်ကိုမကြိုက်ဘူး။ ဒါကြောင့်ယောဟန်ရဲ့ခေါင်းကို ဘုရင်ဖြတ်ပစ်ရအောင် ဖန်တီးခဲ့တယ်။

ဒီအကြောင်းယေရှုကြားရတဲ့အခါ အင်မတန်ဝမ်းနည်းသွားတယ်။ တစ်ယောက်ထဲတိတ်ဆိတ်တဲ့ နေရာကိုထွက်သွားတယ်။ ဒါပေမဲ့ လူတွေက သူ့နောက်ကိုလိုက်သွားတယ်။ လူအုပ်ကြီးကိုယေရှုမြင်တော့ သနားမိတယ်။ ဒါကြောင့် ဘုရားသခင်ရဲ့နိုင်ငံတော်အကြောင်းပြောပြတယ်။ ဖျားနာတဲ့လူတွေကိုလည်း ကုပေးတယ်။

အဲဒီညနေမှာ သူ့တပည့်တွေ သူ့ဆီလာပြီး ‘ညနေစောင်းနေပြီ၊ ပြီးတော့ ဒီနေရာဟာ လူသူမနီးတဲ့နေရာဖြစ်နေတယ်။ လူတွေကိုလွှတ်လိုက်ပါ၊ သူတို့ဘာသာသူတို့ အနီးအနားရွာတွေမှာ စားစရာလေးဝယ်စားခိုင်းပါ’ ဆိုပြီးပြောတယ်။

‘သူတို့သွားစရာမလိုဘူး၊ သူတို့စားဖို့ မင်းတို့ပေးပါ’ ဆိုပြီးယေရှုပြောပြီးတဲ့နောက် ဖိလိပ္ပုဘက်ကိုလှည့်ပြီး ‘ဒီလူတွေအားလုံးကို ကျွေးနိုင်လောက်အောင် ဘယ်ကနေအစားအစာဝယ်နိုင်မလဲ’ ဆိုပြီးမေးတယ်။

‘တစ်ယောက်တစ်လုပ်စာစားနိုင်ဖို့ ဝယ်ရမယ်ဆိုရင်တောင် ပိုက်ဆံအများကြီးကုန်မယ်’ လို့ ဖိလိပ္ပုကဖြေတယ်။ အန္ဒြေက ‘ကျွန်တော်တို့စားစရာသယ်ပေးတဲ့ ဒီကောင်လေးမှာ မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်ရှိတယ်။ ဒါပေမဲ့ ဒီလူတွေအားလုံး လုံလုံလောက်လောက်စားနိုင်ဖို့အဝေးကြီး’ ဆိုပြီးပြောတယ်။

‘လူတွေကိုမြက်ခင်းပေါ်ထိုင်ခိုင်းလိုက်’ လို့ယေရှုကပြောတယ်။ ပြီးတော့ အစားအစာအတွက် ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပြီး မုန့်နဲ့ငါးကို အစိတ်စိတ်ဖြစ်အောင်ဖဲ့လိုက်တယ်။ ပြီးတော့ တပည့်တော်တို့က မုန့်နဲ့ငါးကိုလူအားလုံးကိုဝေပေးတယ်။ အဲဒီနေရာမှာ ယောက်ျားချည်းပဲ ၅,၀၀၀ ရှိတယ်။ မိန်းမနဲ့ကလေးတွေလည်း ထောင်နဲ့ချီပြီးရှိတယ်။ သူတို့အားလုံးဝတဲ့အထိ စားကြတယ်။ အကျန်အကြွင်းကို တပည့်တော်တွေ စုသိမ်းကြတဲ့အခါ ၁၂ တောင်းအပြည့်ရလိုက်တယ်။

အဲဒီနောက် ယေရှုက တပည့်တော်တွေကိုလှေပေါ်တက်ခိုင်းပြီး ဂါလိလဲအိုင်တစ်ဖက်ကိုသွားခိုင်းလိုက်တယ်။ ညအချိန်ရောက်တော့ လေမုန်တိုင်းတိုက်လာတယ်။ လှိုင်းကြီးတွေက လှေကိုဘယ်ယိမ်းညာယိုင်ဖြစ်အောင်ပုတ်တော့ တပည့်တော်တွေ အကြီးအကျယ်ကြောက်ကြတာပေါ့။ ညဉ့်သန်းခေါင်ရောက်တော့ ရေပေါ်လမ်းလျှောက်ပြီး သူတို့ဆီ လူတစ်ယောက်လာနေတာတွေ့ကြပြန်တယ်။ ကြောက်အားလန့်အားနဲ့ အော်ကြတာပေါ့။ သူတို့မြင်တာ ဘာမှန်းမသိကြဘဲကိုး။

‘မကြောက်ကြနဲ့၊ ငါပါ’ ဆိုပြီး ယေရှုပြောလိုက်တာတောင်မှ သူတို့မယုံချင်ကြသေးဘူး။ ဒါကြောင့် ပေတရုက ‘သခင်၊ ကိုယ်တော်အမှန်ဖြစ်ရင် ကိုယ်တော်ဆီ ရေပေါ်လမ်းလျှောက်ပြီးလာဖို့ ကျွန်တော့်ကိုအမိန့်ပေးပါ’ ဆိုပြီးပြောတော့ ယေရှုက ‘လာလေ’ ဆိုပြီးပြောတဲ့အခါ ပေတရုကလှေထဲကထွက်ပြီး ရေပေါ်လမ်းလျှောက်ရောကွဲ့။ အဲဒီနောက် ပေတရုကကြောက်စိတ်ဝင်လာပြီး ရေနစ်သွားရောကွယ်။ ဒါပေမဲ့ ယေရှုသူ့ကိုကယ်လိုက်တယ်။

နောက်တစ်ချိန်မှာလည်း လူထောင်နဲ့ချီပြီး ယေရှုကျွေးမွေးခဲ့ပြန်တယ်။ အဲဒီတစ်ချီမှာတော့ မုန့်ခုနစ်လုံးနဲ့ ငါးကလေးနည်းနည်းလေးနဲ့ကျွေးခဲ့တယ်။ လူအားလုံး လုံလုံလောက်လောက်စားခဲ့ရပြန်တယ်။ လူတွေကိုယေရှုစောင့်ရှောက်ကျွေးမွေးတာ အံ့ဩစရာမကောင်းဘူးလား။ ယေရှုဟာဘုရားသခင်ရဲ့ဘုရင်ဖြစ်လာပြီး အုပ်ချုပ်တဲ့အခါ တို့တစ်တွေ ဘာအတွက်မှပူစရာလိုမှာမဟုတ်တော့ဘူး။