မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၉၄

ကလေးလေးတွေကို သူချစ်တဲ့အကြောင်း

ကလေးလေးတွေကို သူချစ်တဲ့အကြောင်း

ယေရှုကလေးလေးကို ဖက်နေတဲ့ပုံကို ကြည့်လိုက်ကြစမ်း။ ကလေးလေးတွေကို ယေရှုတကယ်ချစ်တယ်ဆိုတာ ပြောနိုင်တယ်။ ကြည့်နေတဲ့လူတွေက သူ့တမန်တော်တွေ။ ယေရှုသူတို့ကို ဘာပြောနေသလဲ။ တို့အဖြေ ရှာကြည့်ရအောင်။

ယေရှုနဲ့သူ့တမန်တော်တွေ ခုလေးတင်ပဲ ဝေးလံတဲ့ခရီးကပြန်ရောက်ကြတာ။ လမ်းခရီးမှာ တမန်တော်တွေ အချင်းချင်းအငြင်းအခုံဖြစ်ခဲ့ကြတယ်။ ဒါကြောင့် ခရီးဆုံးတဲ့အခါ ယေရှုက ‘လမ်းမှာမင်းတို့ဘာငြင်းလာကြတာလဲ’ ဆို ပြီးမေးတယ်။ ဘာငြင်းကြသလဲဆိုတာ ယေရှုသိတယ်။ ဒါပေမဲ့ သူ့တမန်တော်တွေ သူ့ကိုဖြေမလားလို့မေးစမ်းကြည့်တာ။

တမန်တော်တွေ အဖြေမပေးကြဘူးကွဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အထဲမှာ ဘယ်သူဟာအကြီးဆုံးလဲဆိုတာကို လမ်းမှာငြင်းခုံလာခဲ့ကြလို့ပဲပေါ့။ တမန်တော်တချို့က တခြားသူထက်အကြီးလုပ်ချင်ကြတယ်လေ။ အကြီးဆုံးဖြစ်ချင်တဲ့ စိတ်မရှိသင့်ဘူးဆိုတာကို ယေရှုသူတို့ကိုဘယ်လိုလုပ်ရှင်းပြမလဲ။

ယေရှုက ကလေးလေးတစ်ယောက်ကိုခေါ်ပြီး တမန်တော်တွေရှေ့မှာ ရပ်ခိုင်းလိုက်တယ်။ ပြီးတော့ ‘ငါသေသေချာချာပြောမယ်။ မင်းတို့ဟာ ပြောင်းလဲပြီး ဒီကလေးလေးလိုဖြစ်မလာရင် ဘုရားသခင်ရဲ့နိုင်ငံတော်ထဲကို ဘယ်နည်းနဲ့မှ မဝင်နိုင်ဘူး။ နိုင်ငံတော်ထဲမှာ အကြီးဆုံးပုဂ္ဂိုလ်ဖြစ်တဲ့သူဟာ ဒီကလေးလေးလိုဖြစ်လာတဲ့သူပဲ’ ဆိုပြီး တပည့်တော်တို့ကိုပြောလိုက်တယ်။ ယေရှုဘာကြောင့် ဒီလိုပြောလိုက်သလဲသိလား။

ကလေးလေးတွေဟာ သူများထက်သာဖို့၊ ကြီးဖို့ကိုလုံးဝမစဉ်းစားကြဘူး။ ဒါကြောင့် တမန်တော်တွေလည်း အဲဒီလိုဖြစ်ဖို့သင်ယူရမယ်။ ငါသာတယ်၊ ငါကြီးတယ်ဆိုပြီး မငြင်းရဘူး။

ကလေးလေးတွေကို ယေရှုချစ်တယ်ဆိုတာ ဒီတစ်ချီမှာပဲပြခဲ့တာမဟုတ်ဘူး။ လပိုင်းလောက်ကြာတဲ့အခါ လူတချို့က သူတို့ကလေးတွေကို ယေရှုဆီခေါ်လာကြတယ်။ တမန်တော်တွေက မလာဖို့တားကြတယ်။ ဒါပေမဲ့ ယေရှုက ‘ကလေးတွေ ငါ့ဆီလာကြပါစေ၊ မတားကြနဲ့၊ ဘာကြောင့်လဲဆိုရင် ဘုရားသခင်ရဲ့နိုင်ငံတော်ဟာ သူတို့နဲ့တူတဲ့လူတွေအတွက်ဖြစ်တယ်’ ဆိုပြီး တမန်တော်တွေကိုပြောလိုက်တယ်။ ပြီးတော့ ကလေးတွေကိုဖက်ထားတယ်၊ ကောင်းချီးပေးတယ်။ ကလေးတွေကို ယေရှုချစ်မှန်းသိရတာ ဝမ်းသာစရာမကောင်းဘူးလား။