မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၉၅

ယေရှု သင်ကြားပို့ချတဲ့နည်းအကြောင်း

ယေရှု သင်ကြားပို့ချတဲ့နည်းအကြောင်း

တစ်နေ့မှာ ယေရှုက ကိုယ်နဲ့စပ်ဆိုင်တဲ့သူကို ချစ်ရမယ်ဆိုပြီး လူတစ်ယောက်ကိုပြောလိုက်တယ်။ အဲဒီလူက ‘ကျွန်တော်နဲ့စပ်ဆိုင်တဲ့သူဟာ ဘယ်သူလဲ’ ဆိုပြီး ယေရှုကိုမေးတယ်။ ဒီလူတစ်ခုခုကိုစဉ်းစားနေမှန်း ယေရှုသိတာပေါ့။ အဲဒီလူက ကိုယ့်လူမျိုး၊ ကိုယ်နဲ့ဘာသာတူတဲ့လူမှ ကိုယ်နဲ့စပ်ဆိုင်တဲ့သူ ဖြစ်တယ်လို့သူထင်တယ်။ ဒီတော့ သူ့ကိုယေရှုဘာပြောသလဲ ကြည့်ရအောင်။

ယေရှုဟာ တစ်ခါတလေ ပုံပြင်လေးတွေကိုပြောပြီး လူတွေကိုဆုံးမသွန်သင်တတ်တယ်။ အခုလည်း ဒီလိုပဲလုပ်တယ်။ ဂျူးလူတစ်ယောက်နဲ့ ရှမာရိလူတစ်ယောက်အကြောင်းကို သူပြောပြတယ်။ ဂျူးတွေအများအားဖြင့် ရှမာရိလူတွေကိုမကြိုက်ဘူးဆိုတာ တို့သိခဲ့ရပြီ။ ယေရှုပြောတဲ့ပုံပြင်က ဒီလိုကွဲ့။

တစ်နေ့မှာ ဂျူးတစ်ယောက် ယေရိခေါမြို့ကိုအသွား တောင်ပေါ်ကဆင်းလာတယ်။ အဲဒီအခါ ဓားပြတွေ သူ့ကိုခုန်အုပ်ပြီး သူ့ငွေတွေကိုယူလိုက်တယ်။ သူ့ကိုလည်း သေလုမြောပါးဖြစ်အောင်ရိုက်ထားကြတယ်။

နောက်တော့ ဂျူးယဇ်ပုရောဟိတ်တစ်ယောက် အဲဒီလမ်းပေါ်ရောက်လာတယ်။ အရိုက်ခံခဲ့ရတဲ့ အဲဒီလူကိုသူမြင်တယ်။ သူဘာလုပ်မယ်ထင်သလဲ။ လမ်းတစ်ဖက်ကိုကူးပြီး ခရီးဆက်သွားတယ်။ အဲဒီနောက် ဘာသာတရားသိပ်ကိုင်းရှိုင်းတဲ့လူတစ်ယောက် ရောက်လာပြန်တယ်။ သူဟာလေဝိလူတစ်ယောက်။ သူရပ်သလား၊ မရပ်ဘူးကွဲ့။ အရိုက်ခံရတဲ့လူကို ဘာမှမကူဘူးကွဲ့။ ယဇ်ပုရောဟိတ်နဲ့လေဝိလူတို့နှစ်ယောက် ခပ်လှမ်းလှမ်းမှာ လမ်းအတိုင်းသွားနေကြတာ မင်းတို့တွေ့နိုင်တယ်။

ဒါပေမဲ့ အရိုက်ခံရတဲ့လူအနားမှာ ဘယ်သူရောက်နေသလဲ ကြည့်လိုက်စမ်း။ သူဟာ ရှမာရိလူတစ်ယောက်။ ပြီးတော့ ဒီဂျူးကိုအကူအညီပေးနေတယ်။ အနာမှာဆေးထည့်ပေးတယ်။ ပြီးတော့ ဒီဂျူးကိုအနာသက်သာအောင် အနားယူနိုင်မယ့်နေရာကိုတင်သွားတယ်။

ယေရှုဒီပုံကိုပြောလို့အပြီးမှာ သူ့ကိုမေးခွန်းထုတ်ခဲ့တဲ့လူကို ‘ဒီသုံးယောက်ထဲမှာ အရိုက်ခံရတဲ့လူအပေါ် ကိုယ်နဲ့စပ်ဆိုင်တဲ့သူတစ်ယောက်ပီပီလုပ်သွားတာ ဘယ်သူဖြစ်တယ်လို့ထင်သလဲ။ ယဇ်ပုရောဟိတ်လား၊ လေဝိလူလား၊ ဒါမှမဟုတ် ရှမာရိလူလား’ ဆိုပြီးမေးလိုက်တယ်။

အဲဒီလူက ‘ရှမာရိလူဖြစ်တယ်၊ အရိုက်ခံရတဲ့လူအပေါ်မှာ သူကြင်နာခဲ့တယ်’ ဆိုပြီးပြန်ဖြေလိုက်တယ်။

ယေရှုက ‘ခင်ဗျားပြောတာမှန်တယ်၊ ဒီတော့ သွားပြီးသူ့လိုပဲသူများအပေါ်မှာ လုပ်ပါ’ ဆိုပြီးပြောလိုက်တယ်။

ယေရှုသွန်သင်တဲ့နည်းကို မင်းတို့သဘောမကျဘူးလား။ ကျမ်းစာထဲမှာ ယေရှုပြောခဲ့တာတွေကို တို့နားထောင်ရင် အရေးကြီးတဲ့အကြောင်းတွေ အများကြီးသိလာနိုင်တယ်။ ဟုတ်တယ်မဟုတ်လား။