မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၁၀၀

ဥယျာဉ်ထဲမှာ ယေရှုရှိနေတုန်းကအကြောင်း

ဥယျာဉ်ထဲမှာ ယေရှုရှိနေတုန်းကအကြောင်း

ယေရှုနဲ့တမန်တော်တွေ အထက်ခန်းမဆောင်ကနေထွက်လာကြတဲ့နောက် ဂေသရှေမန်ဥယျာဉ်ကိုသွားကြတယ်။ ဒီကိုသူတို့ ခဏခဏရောက်ဖူးကြတယ်။ အခုယေရှုက တမန်တော်တွေကိုမအိပ်ဘဲ ဆုတောင်းပြီးနေဖို့မှာခဲ့တယ်။ သူကတော့ ခပ်လှမ်းလှမ်းကိုသွားပြီး မြေကြီးမှာဝပ်ပြီးဆုတောင်းတယ်။

ပြီးတော့ သူ့တမန်တော်တွေရှိတဲ့နေရာကိုပြန်လာတယ်။ သူတို့ဘာလုပ်နေကြတယ်ထင်သလဲ။ သူတို့အိပ်နေကြတယ်ကွဲ့။ မအိပ်ဘဲနေကြဆိုပြီး ယေရှု သူတို့ကိုသုံးကြိမ်တောင်မှာခဲ့တယ်။ ဒါပေမဲ့ ယေရှု သူတို့ဆီပြန်လာတဲ့အခါတိုင်း သူတို့အိပ်နေကြတာကိုပဲ တွေ့ရတယ်။ ‘ဒီလိုအချိန်မျိုးမှာ မင်းတို့အိပ်နေရသလား’ ဆိုပြီး ယေရှု နောက်ဆုံးတစ်ချီ ပြန်လာတဲ့အခါ ပြောလိုက်တယ်။ ‘ရန်သူတွေငါ့ကို ဖမ်းဖို့အချိန်ရောက်လာပြီ။’

အဲဒီအချိန်မှာပဲ လူအုပ်ကြီးအသံကြားရတယ်။ ကြည့်လိုက်စမ်း၊ လူတွေလူတွေ၊ တုတ်နဲ့ဓားနဲ့လာကြတယ်။ ပြီးတော့ အလင်းရောင်ရဖို့ မီးတုတ်တွေလည်းကိုင်လာကြတယ်။ အနားနားရောက်လာကြတဲ့အခါ လူအုပ်ထဲကလူတစ်ယောက်ထွက်လာပြီး ယေရှုဆီကိုတန်းသွားတယ်။ ပြီးတော့ ယေရှုကိုနမ်းလိုက်တယ်။ ဒီပုံမှာတွေ့ရတဲ့အတိုင်းပေါ့။ အဲဒီလူကတော့ ယုဒရှကာရုတ်ပဲကွဲ့။ ယေရှုကိုဘာလို့နမ်းတာတုန်း။

ယေရှုက ‘ယုဒ၊ မင်းငါ့ကိုနမ်းပြီး သစ္စာဖောက်သလား’ ဆိုပြီးမေးလိုက်တယ်။ ဟုတ်တယ်၊ သူခုလိုနမ်းလိုက်တာ အချက်ပြတဲ့သဘောပဲ။ သူနဲ့ပါလာတဲ့လူတွေကို ဘယ်သူဟာယေရှုမှန်း သိအောင်လို့ပေါ့။ ယေရှုရန်သူတွေကလည်း ရှေ့ကိုတိုးလာပြီး ယေရှုကိုကိုင်ဖမ်းလိုက်တယ်။ ဒါပေမဲ့ ပေတရုက မတိုက်မခိုက်ဘဲနဲ့ ယေရှုကိုအသာတကြည် အဖမ်းမခံဘူး။ ဒါနဲ့သူယူလာတဲ့ဓားကို ဆွဲထုတ်ပြီး သူ့အနားကလူကို ခုတ်လိုက်တယ်။ ခေါင်းကိုမထိဘဲ ချော်ပြီး နားရွက်တစ်ဖက်ကိုထိလို့ ပြတ်သွားတယ်။ ဒါပေမဲ့ ယေရှုက အဲဒီလူရဲ့နားရွက်ကိုကိုင်ပြီး ကောင်းအောင်ပြန်လုပ်ပေးလိုက်တယ်။

ပြီးတော့ ပေတရုကို ‘ဓားကို သူ့နေရာသူ ပြန်ထားလိုက်၊ ကောင်းကင်တမန် ထောင်နဲ့ချီပြီး လာပြီးတော့ ငါ့ကိုကယ်ဖို့ ငါ့အဘကိုငါမတောင်းနိုင်ဘူးမှတ်သလား’ ဆိုပြီးပြောတယ်။ သူတောင်းလိုက်ရင်မရဘဲ ဘယ်နေမလဲ။ ဒါပေမဲ့ ယေရှုဟာ ကောင်းကင်တမန်တွေလွှတ်ဖို့ ဘုရားသခင်ဆီမှာလုံးဝမတောင်းခဲ့ဘူး။ ဘာလို့လဲဆိုတော့ ရန်သူတွေ သူ့ကိုဖမ်းဖို့အချိန်ရောက်လာပြီဆိုတာသိလို့ပဲ။ ဒါကြောင့် အဖမ်းခံလိုက်တယ်။ အခု ယေရှုဘယ်လိုဖြစ်မလဲဆိုတာကိုကြည့်ရအောင်။