မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၁၀၂

ယေရှု ပြန်ရှင်ပြီဆိုတဲ့အကြောင်း

ယေရှု ပြန်ရှင်ပြီဆိုတဲ့အကြောင်း

ဒီအမျိုးသမီးနဲ့ ဒီလူနှစ်ယောက်ကိုသိကြလား။ အမျိုးသမီးကတော့ ယေရှုရဲ့မိတ်ဆွေ မာဂဒလမာရိဖြစ်ပြီးအဝတ်ဖြူဝတ်ထားတဲ့လူတွေကတော့ ကောင်းကင်တမန်တွေဖြစ်တယ်။ မာရိဝင်ကြည့်နေတဲ့ ဒီအခန်းကျဉ်းကလေးကတော့ ယေရှုသေပြီးနောက် ယေရှုရဲ့အလောင်းကိုထားတဲ့နေရာပဲ။ သင်္ချိုင်းဂူလို့ခေါ်တယ်။ ဒါပေမဲ့ ခုတော့ အလောင်းဒီမှာမရှိတော့ဘူး။ ဘယ်သူယူသွားသလဲ၊ ကြည့်ရအောင်။

ယေရှုသေပြီးတဲ့နောက် ယဇ်ပုရောဟိတ်တွေက ပိလတ်ကိုပြောတယ်၊ ‘ယေရှုအသက်ရှင်တုန်းက သေပြီးသုံးရက်မှာ ပြန်ရှင်မယ်ဆိုပြီးပြောခဲ့ဖူးတယ်။ ဒါကြောင့် သင်္ချိုင်းဂူကိုစောင့်ကြပ်ဖို့ အမိန့်ထုတ်ပေးပါ။ ဒါမှ သူ့အလောင်းကို သူ့တပည့်တွေခိုးပြီး သူသေရာကပြန်ရှင်ပြီဆိုပြီး ပြောနိုင်ကြမှာမဟုတ်ဘူး။’ စစ်သားတချို့လွှတ်ပြီး သင်္ချိုင်းကိုစောင့်ဖို့ ယဇ်ပုရောဟိတ်တွေကို ပိလတ်ကပြောလိုက်တယ်။

ဒါပေမဲ့ ယေရှုသေလို့သုံးရက်မြောက်တဲ့နေ့ မနက်အစောကြီးမှာ ယေဟောဝါရဲ့ကောင်းကင်တမန်တစ်ပါး ရုတ်တရက်ရောက်လာတယ်။ သင်္ချိုင်းဂူကိုပိတ်ထားတဲ့ ကျောက်တုံးကြီးကို လှိမ့်ဖယ်လိုက်တယ်။ စစ်သားတွေကြောက်လွန်းလို့ တုတ်တုတ်တောင်မလှုပ်ကြဘူး။ နောက်ဆုံးတော့ဂူထဲကို သူတို့ကြည့်လိုက်တဲ့အခါ အလောင်းကိုမတွေ့တော့ဘူ။ တချို့စစ်သားက မြို့ထဲကိုသွားပြီး ယဇ်ပုရောဟိတ်တွေကို ဒီအကြောင်းပြောပြတယ်။ ဆိုးယုတ်တဲ့ဒီယဇ်ပုရောဟိတ်တွေ ဘာလုပ်သလဲသိလား။ စစ်သားတွေကိုပိုက်ဆံပေးပြီး လိမ်ပြောခိုင်းတယ်။ ‘ကျွန်တော်တို့အိပ်ပျော်နေတုန်းမှာ သူ့တပည့်တွေလာပြီး အလောင်းကိုခိုးသွားကြတယ်လို့ပြောကြ’ ဆိုပြီး ယဇ်ပုရောဟိတ်တွေက စစ်သားတွေကိုမှာလိုက်တယ်။

အဲဒီအချိန်ကြားမှာ ယေရှုရဲ့မိတ်ဆွေ အမျိုးသမီးတချို့ ဂူကိုလာကြတယ်။ ဂူထဲအလောင်းကိုမတွေ့ရတော့ သိပ်အံ့သြသွားကြတယ်။ အဲဒီအချိန်မှာ တောက်ပြောင်တဲ့အဝတ်ကိုဝတ်ထားတဲ့ကောင်းကင်တမန်နှစ်ပါး ချက်ချင်းပေါ်လာတယ်။ ‘ယေရှုကိုဘာဖြစ်လို့ ဒီနေရာမှာရှာနေရတာလဲ။ သူထမြောက်ပြီ၊ သူ့တပည့်တော်တွေကို အမြန်သွားပြောချေ’ ဆိုပြီးပြောတယ်။ အမျိုးသမီးတွေကပြောချင်ဇောနဲ့ ပြေးသွားကြတာ မြန်လိုက်တာမှမပြောနဲ့တော့။ ဒါပေမဲ့ လမ်းခုလတ်မှာ လူတစ်ယောက်က သူတို့ကိုရပ်ခိုင်းလိုက်တယ်။ ဘယ်သူလဲသိလား။ ယေရှုပဲကွဲ့။ ‘ငါ့တပည့်တော်တွေကိုသွားပြောချေ’ ဆိုပြီးပြောလိုက်ပြန်တယ်။

ယေရှုပြန်ရှင်လာပြီ၊ ကျွန်မတို့တွေ့ခဲ့တယ်ဆိုပြီး အမျိုးသမီးတွေက တပည့်တော်တို့ကိုပြောပြတဲ့အခါမှာ တပည့်တော်တွေ ယုံရခက်ခက်ဖြစ်သွားကြတယ်။ ပေတရုနဲ့ယောဟန်တို့က ကိုယ်တိုင်တွေ့ချင်လို့ သင်္ချိုင်းဆီကို ပြေးသွားကြပေမဲ့ ဂူကဟောင်းလောင်းကြီးပဲ။ ပေတရုနဲ့ယောဟန်တို့ အဲဒီနေရာကထွက်လာကြတဲ့အခါ မာဂဒလမာရိက နေရစ်ခဲ့ကြတယ်။ အဲဒီအခါ သူအထဲကိုကြည့်လိုက်တော့ ကောင်းကင်တမန်နှစ်ပါးကိုတွေ့လိုက်ရတယ်။

ယေရှုရဲ့အလောင်း ဘယ်ကိုရောက်သွားသလဲသိလား။ ဘုရားသခင်အစဖျောက်လိုက်တယ်လေ။ ယေရှုသေသွားတုန်းကရှိတဲ့ အသွေးအသားခန္ဓာနဲ့ ယေရှုထမြောက်အောင် ဘုရားသခင်လုပ်ခဲ့တာမဟုတ်ဘူး။ ယေရှုကိုကောင်းကင်တမန်တွေလို ဝိညာဏခန္ဓာမျိုးပေးခဲ့တယ်။ ဒါပေမဲ့ ယေရှုဟာ အသက်ရှင်နေတယ်ဆိုတာကို တပည့်တော်တွေကိုပြဖို့ လူတွေမြင်နိုင်တဲ့ခန္ဓာမျိုးယူနိုင်တယ်။ ဒီအကြောင်း ခုသိရလိမ့်မယ်။