မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၁၀၄

ယေရှုကောင်းကင်ကို ပြန်သွားတဲ့အကြောင်း

ယေရှုကောင်းကင်ကို ပြန်သွားတဲ့အကြောင်း

ရက်တွေကုန်လွန်လာသလို ယေရှုလည်း သူ့နောက်လိုက်တွေရှေ့မှာ ခဏခဏကိုယ်ယောင်ပြတယ်။ တစ်ခါမှာဆိုလို့ရှိရင် တပည့်တော် ၅၀၀ တောင် သူ့ကိုတစ်ချိန်တည်းမြင်လိုက်ရတယ်။ သူတို့ရှေ့ကိုယ်ယောင်ပြတဲ့အခါ ယေရှုသူတို့ကိုဘာပြောသလဲသိလား။ ဘုရားသခင်ရဲ့နိုင်ငံတော်အကြောင်းပဲ။ နိုင်ငံတော်အကြောင်းသင်ပြဖို့ ယေရှုကို ယေဟောဝါက ကမ္ဘာကိုစေလွှတ်လိုက်တာပဲ။ သေရာကနေ ရှင်ပြန်ထမြောက်ပြီးတဲ့နောက်တောင် ယေရှုဒီအကြောင်းသင်ပေးခဲ့တယ်။

ဘုရားသခင့်နိုင်ငံတော်ဟာဘာလဲ မှတ်မိကြသေးလား။ ဟုတ်တယ်၊ နိုင်ငံတော်ဟာ ကောင်းကင်မှာရှိတဲ့ ဘုရားသခင်ရဲ့တကယ့်အစိုးရဖြစ်တယ်။ ပြီးတော့ ယေရှုကို ဘုရားသခင်က ဘုရင်အဖြစ်ရွေးကောက်တင်မြှောက်ထားတယ်။ တို့သိခဲ့တဲ့အတိုင်း ဆာနေတဲ့လူတွေကို ကျွေးမွေးပြီး ဖျားနာတဲ့လူတွေကိုကုသပေးတယ်။ ဒါတင်မကဘူး၊ သေတဲ့လူတွေကိုတောင် ပြန်ရှင်အောင်လုပ်ပေးတယ်။ ဒီနည်းနဲ့ သူဟာအင်မတန်ကောင်းတဲ့ ဘုရင်ဖြစ်တယ်ဆိုတာပြခဲ့တယ်။

ဒါကြောင့် ယေရှုကောင်းကင်ကနေပြီးတော့ အနှစ်တစ်ထောင်အုပ်ချုပ်တဲ့အခါ ကမ္ဘာဘယ်လိုနေမယ်ထင်သလဲ။ ဟုတ်တာပေါ့။ ကမ္ဘာကြီးအင်မတန်လှပတဲ့ ပရဒိသုဖြစ်လာမယ်။ စစ်မရှိတော့ဘူး။ အဖျားအနာမကလို့ သေခြင်းတရားတောင်ရှိမှာ မဟုတ်တော့ဘူး။ ဒါတကယ်ဖြစ်မယ်ဆိုတာ တို့သိတယ်။ ဘာဖြစ်လို့လဲဆိုရင် လူတွေပျော်ပျော်နေနိုင်အောင် ကမ္ဘာကိုပရဒိသုဖြစ်ဖို့ ဖန်ဆင်းခဲ့တယ်။ အဲဒါကြောင့်လည်း အစကနဦးကတည်းက ဧဒင်ဥယျာဉ်ကိုသူလုပ်ခဲ့တာပေါ့။ ဘုရားသခင်ဖြစ်စေချင်တဲ့အတိုင်းဖြစ်လာအောင် ယေရှုက ကြည့်ပြီးလုပ်သွားမှာ။

ယေရှုကောင်းကင်ကိုတက်ဖို့ အချိန်ရောက်လာပြီလေ။ သူ့တပည့်တော်တွေရှေ့မှာ ကိုယ်ယောင်ပြခဲ့တာ ရက်ပေါင်း ၄၀ တောင်ရှိသွားပြီ။ ဒါကြောင့်လည်း တပည့်တော်တွေက ယေရှုတကယ်အသက်ရှင်နေပြီဆိုတာ သေချာပေါက်ယုံကြည်သွားပြီ။ ဒါပေမဲ့ တပည့်တော်တွေနဲ့ မခွဲခင်ကလေးမှာ သူတို့ကိုမှာလိုက်တယ်။ ‘သန့်ရှင်းသောဝိညာဉ်တော်မရမချင်း ယေရုရှလင်မြို့မှာပဲနေကြ’ တဲ့။ သန့်ရှင်းသောဝိညာဉ်တော်ဆိုတာ ဘုရားသခင်ရဲ့ထက်မြက်တဲ့ စွမ်းအားပဲကွဲ့။ တိုက်နေတဲ့လေနဲ့ အလားသဏ္ဌာန်တူတယ်။ ယေရှုရဲ့ နောက်တော်လိုက်တွေကို ဘုရားသခင့်အလိုတော်ဆောင်တဲ့နေရာမှာ အထောက်အကူပြုမယ်ပေါ့။ နောက်ဆုံးအနေနဲ့ ယေရှုက ‘မင်းတို့ဟာ မြေကြီးစွန်းတိုင်အောင် ငါ့အကြောင်းဟောရမယ်’ ဆိုပြီး မိန့်မှာလိုက်တယ်။

ယေရှုဒီလိုလည်းပြောလို့ပြီးရော သိပ်ထူးဆန်းတဲ့အရာတစ်ခုဖြစ်လာတယ်။ ဒီပုံမှာပါတဲ့အတိုင်းကောင်းကင်ကို တက်ကြွသွားတယ်။ ပြီးတော့ မိုးတိမ်ကသူ့ကိုလာပြီးကွယ်လိုက်တယ်။ ယေရှုဟာ ကောင်းကင်ကိုတက်ကြွသွားပြီး ကမ္ဘာပေါ်မှာရှိတဲ့ သူ့နောက်လိုက်တွေအပေါ်မှာ စပြီးအုပ်ချုပ်တယ်။