မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၁၀၆

ထောင်ထဲကထွက်လာကြတဲ့အကြောင်း

ထောင်ထဲကထွက်လာကြတဲ့အကြောင်း

ပွင့်နေတဲ့ ထောင်တံခါးကိုကိုင်နေတဲ့ ကောင်းကင်တမန်ကို ကြည့်လိုက်စမ်းပါဦး။ သူလွှတ်ပေးနေတဲ့ လူတွေက ယေရှုရဲ့တမန်တော်တွေပေါ့။ သူတို့ဘာဖြစ်လို့များ ထောင်ကျခဲ့ရသလဲဆိုတာ ကြည့်ရအောင်။

ယေရှုရဲ့တပည့်တော်တွေအပေါ်မှာ သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းလိုက်တာ ဘာမှမကြာသေးဘူး။ ဖြစ်ပုံက ဒီလိုကွဲ့။ တစ်နေ့ နေ့လယ်ခင်းမှာ ပေတရုနဲ့ယောဟန်တို့ ယေရုရှလင်မြို့က ဗိမာန်တော်ကိုသွားကြတယ်။ ဗိမာန်တော်တံခါးနားမှာ မွေးကတည်းက ခြေမသန်တဲ့လူတစ်ယောက်ရှိနေတယ်။ လူတွေက သူ့ကိုအဲဒီနေရာမှာ နေ့တိုင်းထမ်းပြီးလာထားတယ်။ ဗိမာန်တော်ကိုလာတဲ့ လူတွေဆီက ပိုက်ဆံတောင်းရမ်းဖို့အတွက်ပေါ့။ သူက ပေတရုနဲ့ယောဟန်တို့ကိုတွေ့တော့ တစ်ခုခုပေးပါဆိုပြီးတောင်းတယ်။ တမန်တော်တွေ ဘာလုပ်ကြမလဲ။

သူတို့ကရပ်ပြီး အဲဒီဆင်းရဲသားကို ကြည့်လိုက်တယ်။ ပြီးတော့ ပေတရုက ‘ငါ့မှာငွေတော့မရှိဘူး၊ ဒါပေမဲ့ ရှိတာကိုပေးမယ်။ ယေရှုနာမတော်နဲ့ ထပြီးလမ်းလျှောက်ချေ’ ဆိုပြီးပြောလိုက်တယ်။ ပြီးတော့ သူ့လက်ယာလက်ကိုကိုင်ဆွဲလိုက်တယ်။ အဲဒီလူဟာ ချက်ချင်းထခုန်ပြီး လမ်းလျှောက်တော့တာပဲ။ ဒါကိုလူတွေမြင်တဲ့အခါ အကြီးအကျယ်အံ့အားသင့်ပြီး ဒီလိုထူးဆန်းတဲ့တန်ခိုးကြောင့် ဝမ်းသာအယ်လဲဖြစ်သွားကြတယ်။

‘ယေရှုကို သေရာကရှင်ပြန်ထမြောက်စေခဲ့တဲ့ ဘုရားသခင်ရဲ့တန်ခိုးကြောင့် ခုလိုအံ့ဖွယ်အမှုကို ကျွန်တော်တို့လုပ်လိုက်တာ’ ဆိုပြီး ပေတရုကဆိုလိုက်တယ်။ ပေတရုနဲ့ယောဟန်စကားပြောနေကြတဲ့အခါ ဘာသာရေးခေါင်းဆောင်တချို့ ရောက်လာကြတယ်။ သူတို့သိပ်စိတ်ဆိုးကြတယ်။ ဘာကြောင့်လဲဆိုတော့ ပေတရုနဲ့ယောဟန်တို့က ယေရှုရှင်ပြန်ထမြောက်တဲ့အကြောင်း ဟောနေကြတာကိုး။ ဒါနဲ့သူတို့ကို ဖမ်းပြီးထောင်ချလိုက်တယ်။

နောက်တစ်ရက်ကျတော့ ဘာသာရေးခေါင်းဆောင်တွေ စည်းဝေးကြီးလုပ်ကြတယ်။ ပေတရု၊ ယောဟန်နဲ့ သူတို့ကုပေးလိုက်တဲ့လူကိုလည်း ခေါ်လာကြတယ်။ ဘာသာရေးခေါင်းဆောင်တွေက ‘ဘယ်သူ့တန်ခိုးနဲ့ ခင်ဗျားတို့ ဒီလိုတန်ခိုးမျိုးကိုပြတာလဲပြောစမ်း’ ဆိုပြီးမေးတယ်။

ယေရှုကိုသေရာကထမြောက်စေခဲ့တဲ့ ဘုရားသခင်ရဲ့တန်ခိုးနဲ့လုပ်တယ်ဆိုပြီး ပေတရုကပြောလိုက်တယ်။ ယဇ်ပုရောဟိတ်တွေက ဘာလုပ်ရမှန်းမသိကြတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီထူးဆန်းတဲ့အဖြစ် မဖြစ်ခဲ့ဘူးဆိုပြီး ငြင်းလို့မရလို့ပေါ့။ ဒါကြောင့် ယေရှုအကြောင်း ရှေ့ဆက်မပြောနဲ့ဆိုပြီးသတိပေးပြီး သူတို့ကိုလွှတ်လိုက်တယ်။

ရက်တွေကြာညောင်းလာသလို တမန်တော်တွေလည်း ယေရှုအကြောင်းဆက်ပြီးဟောတယ်။ ဖျားနာတဲ့လူတွေကိုလည်း ဆက်ပြီးကုပေးတယ်။ ဒီသတင်းပြန့်သွားတယ်။ အဲဒါနဲ့ ယေရုရှလင်မြို့ပတ်ဝန်းကျင် မြို့ရွာတွေကလူအုပ်တွေတောင် လူနာတွေခေါ်ဆောင်လာပြီး တမန်တော်တွေကိုကုသခိုင်းကြတယ်။ အဲဒါကို ဘာသာရေးခေါင်းဆောင်တွေ မနာလိုကြဘူး။ ဒါကြောင့် တမန်တော်တွေကိုဖမ်းပြီး ထောင်ချလိုက်ကြတယ်။ ဒါပေမဲ့ တမန်တော်တွေထောင်ထဲမှာ အကြာကြီးမနေလိုက်ရပါဘူး။

ညဉ့်အချိန်ရောက်တော့ ဘုရားသခင်ရဲ့ကောင်းကင်တမန်လာပြီး ထောင်တံခါးကိုဖွင့်လိုက်တယ်။ ဒီပုံမှာပါတဲ့ အတိုင်းပေါ့။ ကောင်းကင်တမန်က ‘သွားကြ၊ ဗိမာန်တော်မှာရပ်ပြီး လူတွေကိုဆက်ပြောပြပါ’ ဆိုပြီးပြောတယ်။ နောက်မနက် ဘာသာရေးခေါင်းဆောင်တွေက လူတွေကိုလွှတ်ပြီး ထောင်ထဲကတမန်တော်တွေကို ထုတ်ခိုင်းတဲ့အခါကျတော့ တမန်တော်တွေမရှိတော့ဘူး။ နောက်တော့လူတွေက ဗိမာန်တော်မှာ တမန်တော်တွေက လူတွေကို သွန်သင်နေကြတာကိုတွေ့ပြီး သူတို့ကို လွှတ်တော်ခန်းမကိုခေါ်လာကြတယ်။

ဘာသာရေးခေါင်းဆောင်တွေက ‘ယေရှုအကြောင်း လုံးဝမသွန်သင်ဖို့ သင်တို့ကိုကျုပ်တို့ကကြပ်ကြပ်တားမြစ်ထားရက်နဲ့ ယေရုရှလင်မြို့တစ်မြို့လုံးကို ခင်ဗျားတို့အယူဝါဒနဲ့ ပြည့်အောင်လုပ်ခဲ့ကြပြီ’ ဆိုပြီးပြောတယ်။ တမန်တော်တွေက ‘ကျွန်တော်တို့အနေနဲ့ လူစကားထက်ဘုရားသခင်ရဲ့စကားကိုနားထောင်ရမယ်’ ဆိုပြီးပြန်ဖြေကြတယ်။ ဒါနဲ့ဒီလိုပဲ ‘သတင်းကောင်း’ ဆက်ပြီးဟောပြောကြတယ်။ တို့အတွက် တကယ်ကောင်းတဲ့ ပုံသက်သေ မဟုတ်ဘူးလား။