မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၁၁၁

အိပ်ပျော်သွားတဲ့ ယောက်ျားကလေးတစ်ယောက် အကြောင်း

အိပ်ပျော်သွားတဲ့ ယောက်ျားကလေးတစ်ယောက် အကြောင်း

အလိုလေး၊ အလိုလေး။ ဘယ်လိုဖြစ်သွားတာလဲ။ လဲနေတဲ့ဒီသူငယ်လေး အကြီးအကျယ်နာသွားသလား။ ကြည့်လိုက်စမ်း။ အိမ်ထဲကထွက်လာတဲ့လူတစ်ယောက်ဟာ ပေါလုပဲ။ တိမောသေကိုလည်းတွေ့လား။ ဒီသူငယ်လေး ပြတင်းပေါက်ကနေ ကျသွားတာလား။

ဟုတ်တယ်ကွဲ့။ ပြတင်းပေါက်ကနေကျသွားတာ။ တရောမြို့မှာပေါလုက တပည့်တော်တွေကိုဟောပြောနေတယ်လေ။ နောက်တစ်ရက် သင်္ဘောနဲ့ခရီးသွားရတော့မှာမို့ သူတို့ကို တော်တော်နဲ့ပြန်တွေ့ရမှာမဟုတ်တော့ဘူးဆိုတာကို ပေါလုကသိတယ်။ ဒါကြောင့် ညဉ့်နက်သန်းခေါင်ရောက်တဲ့အထိ သူတို့ကိုဟောပြောနေတယ်။

ဒီသူငယ်လေးနာမည်က ဥတုခုတဲ့။ အဲဒီအချိန်မှာ ပြတင်းပေါက်ပေါ်မှာထိုင်နေရင်းနဲ့ အိပ်ငိုက်သွားတယ်။ ဒါနဲ့ အဲဒီသုံးထပ်မြင့်တဲ့ ပြတင်းပေါက်ကနေကျသွားရောကွယ်။ ဒါကြောင့် လူတွေမျက်နှာပေါ်မှာ စိုးရိမ်တဲ့အရိပ်တွေ သန်းနေတာပေါ့။ လူတွေက သူငယ်လေးကိုထူကြည့်တဲ့အခါ သူတို့စိုးရိမ်တဲ့အတိုင်းကိုဖြစ်နေတယ်။ သူသေနေပြီ။

သူငယ်လေးသေသွားတာကို ပေါလုတွေ့တဲ့အခါ သူ့အပေါ်မှာလဲလျောင်းပြီး သူ့ကိုဖက်ထားတယ်။ ပြီးတော့ ‘မစိုးရိမ်ကြနဲ့၊ သူပြန်ကောင်းလာပြီ’ လို့ပြောတယ်။ တကယ့်ကိုပဲ ပြန်ကောင်းလာတယ်။ တကယ်ကိုထူးဆန်းတာပဲ။ ကလေးကိုပြန်ရှင်အောင် ပေါလုလုပ်လိုက်တယ်။ လူအုပ်ဟာ သိပ်ဝမ်းသာသွားတာပေါ့။

သူတို့အိမ်ပေါ်ထပ်တက်ပြီး စားသောက်ကြတယ်။ ပေါလုလည်း မိုးလင်းတဲ့အထိ ဆက်ဟောတယ်။ ဒါပေမဲ့ ဥတုခု နောက်တစ်ခါမအိပ်တော့မှာသေချာတယ်။ အဲဒီနောက် ပေါလု၊ တိမောသေနဲ့ခရီသွားဖော်တွေ သင်္ဘောပေါ်တက်သွားကြတယ်။ ဘယ်ကိုသွားကြသလဲသိလား။

ပေါလုအနေနဲ့ တတိယအကြိမ် သာသနာပြုခရီးပြီးခါနီးလေးပေါ့။ ဒါကြောင့် အိမ်ပြန်တော့မယ်လေ။ ခရီးမှာ ဧဖက်မြို့ တစ်မြို့တည်းမှာပဲ သုံးနှစ်နေလိုက်တယ်။ ဒါကြောင့် ဒုတိယအကြိမ်ခရီးထက် ပိုပြီးကြာရှည်သွားတာပေါ့။

တရောမြို့ကထွက်လာပြီးနောက် မိလက်မြို့မှာ ခဏနားတယ်။ ဧဖက်မြို့ဟာ ဘယ်လောက်မှမဝေးတော့တဲ့အတွက် ပေါလုက အသင်းတော်မှာရှိတဲ့ အသက်ကြီးသူတွေကို မိလက်မြို့ကိုလာပြီး နောက်ဆုံးအနေနဲ့စကားပြောဖို့ ခေါ်လိုက်တယ်။ အဲဒီနောက် သင်္ဘောထွက်ဖို့အချိန်တန်တော့ ပေါလုနဲ့ဝမ်းနည်းစွာပဲ ခွဲခွာခဲ့ရကြတယ်ပေါ့။

နောက်ဆုံးတော့ သင်္ဘောဟာ ကဲသရိမြို့ကိုဆိုက်ရောက်လာတယ်။ တပည့်တော်ဖိလိပ္ပုအိမ်မှာ ပေါလုတည်းနေတဲ့အခါ ပရောဖက်အာဂဗုလာပြီး ပေါလုကိုသတိပေးတယ်။ ပေါလု ယေရုရှလင်မြို့ကိုရောက်ရင် အကျဉ်းသားဖြစ်ရမယ်ဆိုပြီးပြောတယ်။ ပြောတဲ့အတိုင်းကိုဖြစ်လာတယ်။ ကဲသရိမြို့ထောင်ထဲမှာ နှစ်နှစ်နေပြီးတဲ့နောက် ရောမဘုရင်ကဲသာရှေ့မှာအယူခံဖို့ ရောမမြို့ကိုအပို့ခံရတယ်။ ရောမမြို့ကိုအသွားခရီးမှာ ဘယ်လိုကြုံရသလဲဆိုတာတို့ကြည့်ရအောင်။