မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၁၁၂

ကျွန်းတစ်ကျွန်းမှာ သင်္ဘောပျက်ခဲ့တဲ့အကြောင်း

ကျွန်းတစ်ကျွန်းမှာ သင်္ဘောပျက်ခဲ့တဲ့အကြောင်း

ကြည့်လိုက်စမ်း။ သင်္ဘောကြီးပျက်စီးတော့မယ်။ အပိုင်းပိုင်းဖြစ်နေပြီ။ ရေထဲခုန်ဆင်းကြတဲ့ လူတွေတွေ့လား။ တချို့ဆိုလို့ရှိရင် ကမ်းပေါ်ကိုတောင်တက်နေကြပြီ။ ဟိုမှာပေါလုလား။ သူဘယ်လိုဖြစ်ခဲ့သလဲ ကြည့်ရအောင်။

ကဲသရိမြို့မှာ ပေါလုထောင်နှစ်နှစ်ကျခဲ့တာ မှတ်မိလား။ အဲဒီနောက် သူနဲ့တခြားအကျဉ်းသားတွေ သင်္ဘောပေါ်အတင်ခံရတယ်။ ပြီးတော့ ရောမမြို့ကို လွှင့်လာကြတယ်။ ကရေတေကျွန်းနားကိုရောက်တော့ လေပြင်းမုန်တိုင်းကြီးမိတယ်။ မုန်တိုင်းဘယ်လောက် ထန်သလဲဆိုတော့၊ သင်္ဘောပဲ့ကိုတောင် မထိန်းနိုင်အောင်ဖြစ်သွားတယ်။ နေ့အချိန်မှာ နေကိုမမြင်ရဘူး။ ညဉ့်အချိန်မှာလည်း ကြယ်တွေကိုမမြင်ရဘူး။ နောက်ဆုံးတော့၊ ရက်ပေါင်းမနည်းကြာပြီးနောက်၊ သင်္ဘောပေါ်ကလူတွေ အသက်ရှင်လမ်းမတွေ့တော့ဘူးဆိုပြီး မျှော်လင့်ချက်လက်လွှတ်လိုက်ကြတယ်။

အဲဒီအခါ ပေါလုက မတ်တတ်ရပ်ပြီး သူတို့ကိုပြောတယ် ‘ခင်ဗျားတို့ တစ်ယောက်မှမသေစေရဘူး။ သင်္ဘောပဲပျက်မယ်။ ဘာဖြစ်လို့လဲဆိုတော့ မနေ့ညက ဘုရားသခင်ရဲ့ကောင်းကင်တမန်တစ်ပါး ကျွန်တော့်ဆီကိုလာပြီး “မကြောက်နဲ့ပေါလု၊ ရောမဘုရင်ကဲသာရှေ့ မှာ မင်းဟာအယူခံရလိမ့်မယ်။ မင်းနဲ့အတူ သင်္ဘောပေါ်မှာရှိကြတဲ့လူတွေကိုလည်း ဘုရားသခင်ကယ်မမယ်” ဆိုပြီး ကျွန်တော့်ကိုပြောတယ်’ ဆိုပြီးပြောပြတယ်။

မုန်တိုင်းတိုက်လို့ ၁၄ ရက်မြောက်တဲ့နေ့ရဲ့ ညသန်းခေါင်အချိန်မှာ သင်္ဘောသားတွေက ရေတဖြည်းဖြည်းတိမ်လာတာကို သတိပြုမိကြတယ်။ သင်္ဘောကြီးကျောက်ဆောင်နဲ့ဝင်တိုက်ပြီး ပျက်စီးသွားမှာကိုစိုးရိမ်တာနဲ့ ကျောက်ဆူးချလိုက်တယ်။ နောက်မနက်ကျတော့ ပင်လယ်အော်တစ်ခုကိုတွေ့ကြတယ်။ ဒါနဲ့ ကမ်းကပ်ဖို့ကြိုးစားကြတယ်။

ကမ်းစပ်နားရောက်တဲ့ အခါကျတော့ သင်္ဘောကြီး သောင်တင်သွားရောကွယ်။ လှိုင်းလုံးကြီးတွေကလည်း သင်္ဘောကိုအရမ်းပုတ်တယ်။ ဒါနဲ့ သင်္ဘောကြီးက တစစနဲ့ကျိုးပဲ့လာတယ်။ တပ်မှူးက ‘ရေကူးတတ်တဲ့လူအားလုံး ရေထဲခုန်ဆင်းပြီး ကမ်းကိုကူးကြ၊ ကျန်တဲ့လူတွေလည်း ရေထဲခုန်ဆင်းပြီး သင်္ဘောအပိုင်းအစတွေကို ကိုင်ထားကြ’ ဆိုပြီး အမိန့်ပေးတယ်။ ပြောတဲ့အတိုင်းပဲ သူတို့လုပ်ကြတယ်။ ဒါနဲ့ ကောင်းကင်တမန်ကတိပေးခဲ့တဲ့အတိုင်း သင်္ဘောပေါ်က လူ ၂၇၆ ယောက်စလုံး မသေဘဲကမ်းကို ရောက်သွားကြတယ်။

အဲဒီကျွန်းနာမည်က မေလိတေကျွန်းတဲ့။ ကျွန်းသားတွေသိပ်ကို သဘောကောင်းကြတယ်။ သင်္ဘောပေါ်ကလူတွေကို ကောင်းကောင်းစောင့်ရှောက်ကျွေးမွေးကြတယ်။ ရာသီဥတုသာယာလာတဲ့အခါ ပေါလုကို နောက်သင်္ဘောတစ်စင်းပေါ်တင်ပြီး ရောမမြို့ကိုခေါ်သွားကြတယ်။