မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၁၁၄

အဆိုးအားလုံးရဲ့ လမ်းဆုံး

အဆိုးအားလုံးရဲ့ လမ်းဆုံး

ဒီပုံမှာ ဘာတွေတွေ့ရသလဲ။ အေး၊ ဟုတ်တယ် မြင်းဖြူတပ်မဟာကြီး။ ဘယ်ကနေလာသလဲ ကြည့်လိုက်ဦး။ မြင်းတွေဟာ တိမ်ကိုစီးပြီး ကောင်းကင်ပေါ်က ဒုန်းစိုင်းထွက်လာကြတယ်လေ။ ကောင်းကင်မှာ တကယ်ပဲမြင်းတွေရှိလား။

မရှိဘူးကွဲ့။ အဲဒီမြင်းတွေဟာ တကယ့်မြင်းတွေမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြင်းတွေမိုးတိမ်မှာမပြေးနိုင်ဘူး။ မဟုတ်ဘူးလား။ ဒါပေမဲ့ ကျမ်းစာထဲမှာ ကောင်းကင်ပေါ်ကမြင်းတွေအကြောင်း ရေးထားတာအမှန်ပဲ။ ဘာဖြစ်လို့လဲသိလား။

ဘာဖြစ်လို့လဲဆိုတော့ တစ်ချိန်တုန်းက စစ်တိုက်တဲ့နေရာမှာ မြင်းတွေကိုအများကြီးသုံးခဲ့ကြတယ်။ ဒါကြောင့် ဘုရားသခင်မြေကြီးပေါ်က လူတွေနဲ့စစ်တိုက်စရာရှိတဲ့အကြောင်း ပြောချင်တဲ့အနေနဲ့ လူတွေကောင်းကင်ကနေပြီး မြင်းတွေစီးပြီးထွက်လာတဲ့အကြောင်း ကျမ်းစာကပြောတယ်လေ။ ဒီစစ်ပွဲတိုက်မယ့်နေရာရဲ့နာမည်ကို မင်းတို့သိကြလား။ အာမဂေဒုန်တဲ့။ အဲဒီစစ်ဟာ ကမ္ဘာပေါ်မှာရှိရှိသမျှအဆိုးတွေကို ရှင်းပစ်မယ်။

အာမဂေဒုန်မှာ ဒီစစ်ကို ဦးဆောင်ပြီးတိုက်သွားမယ့်ပုဂ္ဂိုလ်ကတော့ ယေရှုပဲကွဲ့။ မှတ်မိလား။ ယေရှုဟာ ယေဟောဝါနိုင်ငံတော်အတွက် ယေဟောဝါရွေးကောက်တင်မြှောက်ထားတဲ့ဘုရင်ပဲ ဆိုတာ။ ဒါကြောင့် ယေရှုဟာ သရဖူကိုဆောင်းထားတာပေါ့။ သူကိုင်ထားတဲ့ဓားကြီးကျတော့ ဘုရားသခင်ရဲ့ရန်သူအားလုံးကို ချေမှုန်းပစ်မယ်ဆိုတဲ့ အထိမ်းအမှတ်ပဲပေါ့။ လူဆိုးတွေအားလုံးကို ဘုရားသခင်ဖျက်ဆီးမှာကို တို့တစ်တွေအံ့သြသင့်သလား။

ပုံပြင် ၁၀ ကိုပြန်ကြည့်လိုက်ဦး။ အဲဒီမှာ ဘာတွေတွေ့ရသလဲ။ အေးဟုတ်တယ်။ လူဆိုးတွေကို ဖျက်ဆီးပစ်တဲ့ ရေလွှမ်းမိုးဘေးကြီး။ အဲဒီရေလွှမ်းမိုးဘေးကို ဘယ်သူဖြစ်အောင်လုပ်တာလဲ။ ယေဟောဝါဘုရားသခင်ပဲ။ ပုံပြင် ၁၅ ကိုပြန်ကြည့်ဦး။ အဲဒီမှာ ဘာတွေဖြစ်နေသလဲ။ ယေဟောဝါလွှတ်လိုက်တဲ့ မီးက သောဒုံနဲ့ဂေါမောရမြို့တွေကို ဖျက်ဆီးနေတဲ့ပုံ။

ပုံပြင် ၃၃ ကိုကြည့်ဦး။ အီဂျစ်လူတွေရဲ့မြင်းတွေ၊ စစ်ရထားတွေ ဘာဖြစ်နေသလဲကြည့်လိုက်စမ်း။ သူတို့အပေါ်မှာ ရေလွှမ်းလာအောင် ဘယ်သူဖန်တီးလိုက်တာလဲ။ ယေဟောဝါပဲ။ သူ့လူတွေကိုကာကွယ်ဖို့ သူလုပ်လိုက်တာ။ ပုံပြင် ၇၆ ကိုကြည့်ဦး။ ယေဟောဝါဟာ သူ့လူမျိုးဣသရေလလူတွေ ဆိုးသွမ်းတဲ့အတွက် ဖျက်ဆီးခံခိုင်းတဲ့အဖြစ်ကိုတွေ့ရတယ်။

အဲဒါကြောင့် ကမ္ဘာပေါ်ကအဆိုးအားလုံး အဆုံးသတ်ဖို့ ကောင်းကင်တပ်မဟာကြီးကို ယေဟောဝါစေလွှတ်မယ်ဆိုတာကို မအံ့သြသင့်ဘူး။ ဒါပေမဲ့ ဘာတွေဖြစ်လာမလဲ။ စာမျက်နှာလှန်ပြီး ကြည့်ရအောင်