မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဧရာမ လူအုပ်ကြီး

ဧရာမ လူအုပ်ကြီး

အခန်း ၂၀

ဧရာမ လူအုပ်ကြီး

၁။ ၁၄၄,၀၀၀ တံဆိပ်​ခတ်​ခံရ​ခြင်း​အကြောင်း ဖော်ပြ​ပြီး​နောက်​၌ အခြား​အဘယ်​အုပ်စု​ကို ယောဟန်​မြင်ရ​သနည်း။

 ယာဟန်​သည် ၁၄၄,၀၀၀ ကို တံဆိပ်​ခတ်​ခြင်း​အကြောင်း ဖော်ပြ​ပြီး​နောက် ကျမ်းစာ​တစ်စောင်​လုံး​တွင် စိတ်​လှုပ်ရှား​ဖွယ် အကောင်းဆုံး​သော ဗျာဒိတ်တော်​များ​ထဲ​မှ ဗျာဒိတ်​တစ်ရပ်​ကို ဆက်လက်​တင်ပြ​၏။ အောက်ပါ​အတိုင်း သတင်းပို့​စဉ် သူ့​နှလုံး​သည် ပီတိ​ရွှမ်း​ဝေ​လျက် ရှိခဲ့​မည်​မုချ။ “ဤ​အရာများ​ပြီး​နောက် ငါ​ကြည့်​လိုက်​သောအခါ အဘယ်သူမျှ မရေမတွက်​နိုင်သော လူအုပ်ကြီး​ကို တွေ့ရ​၏။ သူတို့သည် လူမျိုးများ၊ မျိုးနွယ်စုများ၊ လူ​ပုဂ္ဂိုလ်​များနှင့် ဘာသာ​စကား​များ အားလုံး​ထဲ​မှ ထွက်​လာ​သူများ ဖြစ်​ကြ​၏။ သူတို့သည် ဝတ်လုံ​ဖြူ​ကို​ဝတ်​လျက် ပလ္လင်တော်​ရှေ့၊ သိုးသငယ်​ရှေ့တွင် ရပ်​လျက်​နေကြ၏။ လက်ထဲ​တွင် စွန်ပလွံ​ခက်​များ​ကို ကိုင်ထား​ကြ​၏။” (ဗျာဒိတ် ၇:၉) မှန်​ပေ​သည်။ လေးမျက်နှာ​လေ​များ​ကို ကိုင်ထား​ခြင်း​ကြောင့် ဝိညာဏ​ဣသရေလ​လူမျိုး ၁၄၄,၀၀၀ အပြင် အခြား​အုပ်စု​ဖြစ်သော ဘာသာ​စကား အမျိုးမျိုး​ပြော​သော နိုင်ငံတကာမှ လူအုပ်ကြီး​တစ်အုပ်​ပါ ကယ်တင်ခြင်း ရရှိစေ​သည်။ *​—ဗျာဒိတ် ၇:၁

၂။ လောကီ​ဋီကာ​ဆရာများ​က လူအုပ်ကြီး​အကြောင်းကို မည်သို့​ဖွင့်ဆို​ကြ​ပြီး တစ်ချိန်က ကျမ်းစာ​ကျောင်းသား​များ​ပင် ဤ​အုပ်စု​ကို မည်သို့​မှတ်ယူ​ခဲ့​ကြ​သနည်း။

လောကီ​ဋီကာ​ဆရာများ​က ဤ​လူအုပ်ကြီး​မှာ ခရစ်ယာန်​ဘာသာ​သို့ ပြောင်း​ဝင်လာ​သော ယုဒ​အမျိုးသား မဟုတ်​သူများ သို့​မဟုတ် ကောင်းကင်​တက်​မည့် ခရစ်ယာန်​အာဇာနည်​များ ဖြစ်သည်ဟု ဖွင့်ဆို​ကြသည်။ တစ်ချိန်က ကျမ်းစာ​ကျောင်းသား​များ​ပင် သူတို့ကို ဒုတိယ ကောင်းကင်​အတန်းအစား​အဖြစ် မှတ်ယူ​ခဲ့​ကြသည်။ ကျမ်းစာ​လေ့လာချက်​များ အတွဲ ၁ ဖြစ်သော ခေတ်​သမယ​ဆိုင်ရာ ဘုရားသခင့် ကြံရွယ်ချက် ဟူသော​စာအုပ်​၌ ဆို​သည့်​အတိုင်း​ဖြစ်သည်– “ဤ​သူတို့သည် ရာဇ​ပလ္လင်​နှင့် ဘုရား​ဇာတိတော် တည်း​ဟူသော​ဆု​ကို လက်လွှတ်​ဆုံးရှုံး​ရ​ကြသော်လည်း အဆုံး​၌ ဘုရား​ဇာတိ​ထက် နိမ့်​သော​အဆင့်​ရှိ နာမ်ဝိညာဉ်​ပုဂ္ဂိုလ်​များ​အဖြစ် မွေးဖွား​ကြလိမ့်မည်။ ဤ​သူတို့သည် မိမိတို့​ကိုယ်ကို တကယ်​ပင် ဆက်ကပ်​ထား​သော်လည်း မိမိတို့​အသက်ကို ယဇ်​အဖြစ်​ပူဇော်​ရန် ပျက်ကွက်​သည်​တိုင်အောင် လောကီ​စိတ်​ဝိညာဉ်​၏ စိုးမိုးခြင်း​ကို ခံရ​ကြသည်။” ၁၉၃၀ ပြည့်နှစ်​အထိ​ပင် ထို​ယူဆချက်​ကို အလင်း ပထမ​စာအုပ်​၌ ဤသို့​ဖော်ပြ​ခဲ့​သည်– “ဤ​လူအုပ်ကြီး​ဝင်​တို့သည် သခင့်​အတွက် စိတ်​ထက်သန်​သော သက်သေခံ​များ​ဖြစ်​ကြ​ရန် ဟူသော​ခေါ်ဖိတ်​ချက်​ကို တုံ့ပြန်​ရန် ပျက်ကွက်​ကြ​၏။” ဤ​သူတို့သည် သမ္မာတရား အသိပညာ​ရှိသော်လည်း မဆိုစလောက်​သာ ဟောပြောကြ​သော၊ ကိုယ့်​ကိုယ်ကို ဖြောင့်မတ်​သည်​ဟု ထင်မြင်​သည့် လူအုပ်​အဖြစ် ဖော်ပြခြင်း​ခံရ​ကြသည်။ သူတို့သည် ခရစ်တော်​နှင့်အတူ မ​စိုးစံ​သော ဒုတိယ အတန်းအစား​အဖြစ် ကောင်းကင်​တက်​မည်​ဟု ဆိုပါ​သည်။

၃။ (က) နောက်ပိုင်း​တွင် ဟောပြောခြင်း​လုပ်ငန်း​၌ စိတ်​ထက်သန်​လာသော နှလုံး​ရိုး​ဖြောင့်​သူတို့သည် အဘယ်​မျှော်လင့်ချက် ရ​ကြ​သနည်း။ (ခ) ၁၉၂၃ ခုနှစ်​ထုတ် ကင်းမျှော်စင် က သိုး​နှင့်​ဆိတ် ပုံ​ပ​မာ​ကို မည်သို့​ရှင်းလင်း တင်ပြ​သနည်း။

သို့ရာတွင် ဘိသိက်ခံ​ခရစ်ယာန်​များ​၏ အပေါင်းပါ​အချို့​သည် နောက်ပိုင်း၌ ဟောပြောခြင်း​လုပ်ငန်း​တွင် အလွန်​စိတ်ဇော​ထက်သန်​လာ​ကြသည်။ သူတို့သည် ကောင်းကင်​တက်​ရန် ဆန္ဒ​ဇော​မရှိ။ အမှန်​မှာ၊ သူတို့၏ မျှော်လင့်ချက်​သည် ၁၉၁၈ မှ ၁၉၂၂ ခုနှစ်​အထိ ယေဟောဝါ​လူမျိုးတော် တင်ဆက်​သော လူထု​ဟောပြောချက်​တစ်ရပ်​၏ ခေါင်းစဉ်​နှင့် တညီတည်း​ဖြစ်သည်။ မူလ​က ၎င်း​သည် “ကမ္ဘာ​ကုန်ဆုံး​ပြီ​—ယနေ့​အသက်ရှင်​သူ လူ​သန်းပေါင်း​များစွာ ဘယ်တော့​မျှ မသေ​တော့” ဟူ၍​ဖြစ်သည်။ * ထို့နောက်​မကြာမီ ကင်းမျှော်စင်​မဂ္ဂဇင်းက ယေရှု​ပြော​သော သိုး​နှင့်​ဆိတ်​ပုံ​ဥပမာ (မဿဲ ၂၅:၃၁-၄၆) ကို ဤသို့​ရှင်းလင်း​တင်ပြ​သည်– “သိုးများ​သည် ဝိညာဉ်​တော်​ဖွား​များ မဟုတ်ဘဲ ဖြောင့်မတ်ခြင်း​တရား​ဘက် စိတ်​တိမ်း​ညွတ်​သော လူမျိုးများ​ထဲ​က လူအားလုံးကို ကိုယ်စား​ပြုပြီး ဤ​သူတို့သည် ယေရှု​ခရစ်​ကို သခင်​အဖြစ် စိတ်ထဲ​၌​သိမှတ် ကြ​ပြီး ကိုယ်တော့်​အုပ်စိုးမှု​အောက်တွင် ခေတ်​ကောင်း​တစ်ခေတ်​ကို မျှော်လင့်​စောင့်စား​နေကြ​သည်။”

၄။ ၁၉၃၁၊ ၁၉၃၂၊ ၁၉၃၄ ခုနှစ်​များ အသီးသီး​၌ မြေကြီး​အတန်းအစား​နှင့်​ပတ်သက်သော ဉာဏ်​အလင်း မည်သို့​ပို​၍ ထိ​န်​ဝင်း​လာ​သနည်း။

နှစ်​အနည်းငယ်​အလွန် ၁၉၃၁ ခုနှစ်​၌ သင်္ကာ​ယန ရှင်း​စေခြင်း အတွဲ​တစ်​က ယေဇကျေလ​အခန်းကြီး ၉ ကို​ဆွေးနွေး​၍ ကမ္ဘာ​ကုန်​သည့်​အခါ အသက်ချမ်းသာ​ရ​ရန် နဖူး​ပေါ် မှတ်သား​ခံရ​သူများကို အထက်​က​ပုံ​ပ​မာ​ထဲ​မှ သိုးများ​အဖြစ် ဖော်ပြ​၏။ ၁၉၃၂ ခုနှစ်​၌ ထုတ်ဝေ​သော သင်္ကာ​ယန ရှင်း​စေခြင်း အတွဲ​သုံး​က ဣသရေလ​လူမျိုး​မဟုတ်သော အမျိုးသား ယောနဒပ်​၏ ဖြောင့်မတ်​သည့် စိတ်နှလုံး​ထား​ကို တင်ပြ​၏။ ယောနဒပ်​သည် ဣသရေလလူ​တို့၏ ဘိသိက်ခံ​ဘုရင် ယေဟု​နှင့်အတူ ရထား​ပေါ်​လိုက်၍ မိစ္ဆာ​ဘာသာရေး​သမားများ​အား စီရင်​သုတ်သင်ခြင်း​အမှု၌ ယေဟု​တင်ပြသော စိတ်​ထက်သန်မှု​ကို လိုက်ပါ​ကြည့်ရှု​ခဲ့​ပေ​သည်။ (၄ ဓမ္မ​ရာဇဝင် ၁၀:၁၅-၁၇) ယင်း​စာအုပ်​က ဤသို့​ဖွင့်ဆို​သည်– “ယေဟု​၏​လုပ်ငန်း [ယေဟောဝါ​၏ တရား​စီရင်ချက် ကြေညာ​ခြင်း] လုပ်ဆောင်နေ​စဉ် ကမ္ဘာ​ပေါ်​တွင်ရှိသော စိတ်​ကောင်း​ရှိ​သူများ၊ စာတန့်​အဖွဲ့အစည်း​နှင့် မညီညွတ်​သူများ၊ ဖြောင့်မတ်ခြင်း​ဘက် ရပ်တည်​သူများ၊ အာမဂေဒုန်​၌ သခင်၏ ကာကွယ်​စောင့်ထိန်းခြင်း၊ မြေကြီးပေါ်​တွင် ထာဝရ​အသက်ရှင်ခွင့် ပေးအပ်​ခြင်း ခံရ​မည့်​သူများကို ယောနဒပ်​က ကိုယ်စား​ပြုလျက် တင်ကူး​ပုံဆောင်​သည်။ သူတို့သည် ‘သိုး’ အတန်းအစား​အဖြစ် ဖွဲ့စည်းထား​၏။” ၁၉၃၄ ခုနှစ်​၌ ကင်းမျှော်စင်​က မြေကြီး​မျှော်လင့်ချက်​ရှိသော ဤသူတို့​အနေ​နှင့် ယေဟောဝါ​ထံ မိမိတို့​ကိုယ်ကို ဆက်ကပ်​ပြီး နှစ်ခြင်း​ခံ​သင့်​ကြောင်း ရှင်းလင်းစွာ​တင်ပြ​၏။ ဤ​မြေကြီး​အတန်းအစား​နှင့် ပတ်သက်သော​အလင်း​သည် ယခင်​ထက် ထွန်း​ပ​လာ​သည်။​—သုတ္တံ ၄:၈

၅။ (က) ၁၉၃၅ ခုနှစ်​၌ လူအုပ်ကြီး မည်သူ​မည်ဝါ​ဖြစ်​ကြောင်း တင်ပြ​ခဲ့​သနည်း။ (ခ) ၁၉၃၅ ခုနှစ်​၌ ဂျေ၊ အက်ဖ်၊ ရပ်သဖော့ဒ်​က မြေကြီးပေါ် ထာဝစဉ်​နေထိုင်ရန် မျှော်လင့်​သူများ မတ်တတ်ရပ်​ပါ​ဟု ဆို​သောအခါ ဘာဖြစ်​ခဲ့​သနည်း။

ဗျာဒိတ် ၇:၉-၁၇ နှင့်​ဆိုင်သော နားလည်ခြင်း​သည် ရှိသမျှ​အလင်းဖြင့် ထိန်လင်း​တော့​အံ့။ (ဆာလံ ၉၇:၁၁) ကင်းမျှော်စင်​က ၁၉၃၅ ခုနှစ်၊ မေလ ၃၀ ရက်​နေ့​မှ ဇွန်လ ၃ ရက်​နေ့​အထိ အမေရိကန်​ပြည်ထောင်စု၊ ဝါ​ရှင်​တန် ဒီ၊ စီ၊ မြို့တွင် ကျင်းပ​ရန်​လျာထား​သော စည်းဝေးပွဲ​ကြီး​သည် ယောနဒပ်​ဖြင့် ပုံခိုင်း​သော​သူများ​အဖို့ “တကယ့်​နှစ်သိမ့်မှု​နှင့် အကျိုးကျေးဇူး” ဖြစ်​လိမ့်​မည်​ဟု ထပ်​ကာ​တ​လဲ​လဲ ရေးသားခဲ့​လေ​ပြီ။ ဆို​သည့်​အတိုင်း​လည်း ဖြစ်​ခဲ့​ပါ​သည်။ ထို​အချိန်​က ကမ္ဘာချီ ဟောပြောခြင်း​လုပ်ငန်း​ကို ဦးစီး​ခဲ့​သော ဂျေ၊ အက်ဖ်၊ ရပ်သဖော့ဒ်​က ပရိသတ် ၂၀,၀၀၀ အား “လူ​ပရိသတ်​ကြီး” ဟူသော စိတ်​တက်ကြွ​ဖွယ် ဟောပြောချက်ကို ဟောပြော​စဉ် ခေတ်​သစ်​အခြားသိုး​များသည် ဗျာဒိတ် ၇:၉ မှ လူအုပ်ကြီး​ပင်​ဖြစ်​ကြောင်း ကျမ်းစာ​အထောက်အထား​ဖြင့် တင်ပြ​ခဲ့​သည်။ နိဂုံး​ချုပ်​ရာ​၌ သူက “မြေကြီးပေါ် ထာဝစဉ်​အသက်ရှင်​ရန် မျှော်လင့်​သူများ ကျေးဇူးပြု​၍ မတ်တတ်ရပ်​ကြ​ပါ” ဟု​မေတ္တာ​ရပ်ခံ​၏။ ပရိသတ်​အများထု မတ်တတ်ရပ်​လိုက်​စဉ် ဟောပြောသူက “လူ​ပရိသတ်​ကြီး​ကို ကြည့်​ကြ​ပါ” ဟု ကြွေးကြော်​လေ​သည်။ တစ်​အောင့်​မျှ ဆိတ်ငြိမ်​သွားပြီး​နောက် ဩ​ဘာ​သံ​များ ပွက်လောရိုက်​သွားလေသည်။ ယောဟန်​အတန်းအစား​နှင့် ယောနဒပ်​အုပ်စု မည်မျှ​ရွှင်​ပျ​မြူး​ကြွ​ခဲ့​လေ​ခြင်း။ နောက်​တစ်နေ့​၌ သက်သေခံ​လူသစ် ၈၄၀ ဦး​နှစ်ခြင်း​ခံ​၏။ အများစုက လူအုပ်ကြီး​ဝင်​အဖြစ် ဝန်ခံ​ကြသည်။

လူအုပ်ကြီး မည်သူ​မည်ဝါ​ဖြစ်​ကြောင်း အတည်ပြု​ခြင်း

၆။ (က) လူအုပ်ကြီးသည် မြေကြီးပေါ် ထာဝစဉ်​နေထိုင်ဖို့ မျှော်လင့်​သော ယနေ့ အပ်နှံ​ပြီး​သား ခရစ်ယာန်​အုပ်စု​ပင်​ဖြစ်​ကြောင်း မည်သို့​ရှင်းလင်းစွာ နားလည်​နိုင်​သနည်း။ (ခ) လူအုပ်ကြီး​၏ ဝတ်လုံ​ဖြူ​သည် ဘာကို​အထိမ်းအမှတ် ပြု​သနည်း။

လူအုပ်ကြီးသည် ဘုရားသခင်​ပိုင်ဆိုင်ရာ မြေကြီးပေါ်​တွင် ထာဝစဉ် အသက်ရှင်​ရန် မျှော်လင့်​သော ခေတ်​သစ် ဆက်ကပ်​အပ်နှံ ခရစ်ယာန်​များ​ပင်​ဖြစ်​ကြောင်း မည်သို့​တပ်အပ် ပြော​နိုင်​သနည်း။ အထက်တွင် ယောဟန်​သည် ရူပါရုံ​၌ “ဘုရားသခင်​အဖို့ လူမျိုးနွယ်၊ ဘာသာ​စကား၊ လူ​ပုဂ္ဂိုလ်၊ လူမျိုး​အသီးသီး​အထဲ​မှ . . . ဝယ်ယူ​တော်​မူ” သော ကောင်းကင်​ဆိုင်ရာ​အုပ်စု​ကို တွေ့ခဲ့​လေ​ပြီ။ (ဗျာဒိတ် ၅:၉၊ ၁၀) လူအုပ်ကြီး​လည်း ထို​အုပ်စု​နှင့် ဇာစ်​မြစ်​တူ​သော်လည်း ခရီး​ပန်းတိုင်​မှာ ခြားနား​၏။ သူတို့၏ အရေအတွက်​သည် ဘုရားသခင့် ဣသရေလလူ​တို့​နည်းတူ ကြိုတင်​ကန့်သတ်​ထားခြင်း မရှိ။ မည်မျှ​ပါဝင်​မည်​ကို မည်သူမျှ ကြို​မပြော​နိုင်။ သူတို့၏​ဝတ်လုံ​များ​ကို သိုးသငယ်​၏​အသွေး​၌ ဖြူ​အောင်​ဖွပ်​လျှော်​ထား​သည်။ ၎င်း​က ယေရှု၏​ယဇ်​သကာ​ကို သူတို့​ယုံကြည်ခြင်း​ကြောင့် ယေဟောဝါ​ရှေ့ ဖြောင့်မတ်​သော အနေအထား​တွင်​ရှိကြောင်းကို ပုံခိုင်း​သည်။ (ဗျာဒိတ် ၇:၁၄) သူတို့သည် စွန်ပလွံ​ခက်​များ​ကို​ဝှေ့ယမ်း​ကာ မေရှိယ​အား မိမိတို့​ဘုရင်​အဖြစ် သောင်းသောင်းဖြဖြ ကြိုဆို​ကြသည်။

၇၊ ၈။ (က) စွန်ပလွံ​ခက်​များ ဝှေ့ယမ်း​ခြင်း​က တမန်​တော်​ယောဟန်​အား ဘာ​အဖြစ်အပျက်​များ​ကို မုချ​သတိ​ရစေ​သနည်း။ (ခ) လူအုပ်ကြီး စွန်ပလွံ​ခက်​များ ဝှေ့ယမ်း​ခြင်း​သည် ဘာ​အဓိပ္ပာယ်​ထူး ရှိ​သနည်း။

ယောဟန်​သည် ဤ​ရူပါရုံ​ကို ကြည့်​နေရာ​မှ လွန်ခဲ့သော​အနှစ် ၆၀ အထက်​က၊ ယေရှု မြေကြီးပေါ် အသက်ရှင်​သော နောက်ဆုံး​အပတ်​သမယ​ဆီ​သို့ စိတ်​ရောက်သွား​ခဲ့​ပေမည်။ အေဒီ ၃၃ ခုနှစ်၊ နိသန်လ ၉ ရက်​နေ့၌ လူအုပ်​များ​က ယေရှုကို ယေရုရှလင်​မြို့ထဲ​သို့ ကြိုဆို​ခဲ့​ကြ​စဉ် “စွန်ပလွံ​ခက်​များ​ကို​ကိုင်​လျက် ကိုယ်တော်​ကို ခရီး​ဦး​ကြို ပြု​အံ့​သော​ငှာ ထွက်သွား​ကြ​၍ ဟော​ရှ​ဏ္ဏ ဖြစ်စေ​သတည်း။ ထာဝရ​ဘုရား​၏​အခွင့်​နှင့် ကြွလာ​တော်​မူ​သော ဣသရေလ​ရှင်ဘုရင်​သည် မင်္ဂလာ​ရှိစေ​သတည်း ဟု ကြွေးကြော်​ကြ​၏။” (ယောဟန် ၁၂:၁၂၊ ၁၃) ထို​နည်း​ထပ်တူ၊ လူအုပ်ကြီးသည် စွန်ပလွံ​ခက်​များ​ကို​ဝှေ့ယမ်း​ကာ ကြွေးကြော်​ကြ​ခြင်း​က ယေရှုကို ယေဟောဝါ ခန့်အပ်​တော်​မူ​သော ဘုရင်​အဖြစ် မိမိတို့ အတိုင်း​ထက်​အလွန် အားရ​ဝမ်းမြောက်​စွာ လက်ခံ​ကြောင်းကို​ပြ​၏။

စွန်ပလွံ​ခက်​များနှင့် ဝမ်းမြောက်​သော ကြွေးကြော်​သံ​များ​က ယောဟန်​အား ရှေး​ဣသရေလလူ​တို့၏ သကေနေပွဲ (“တဲ​နေ​ပွဲ၊” သ​မ) ကို သတိရ​စေမည်​မုချ။ ဤ​ပွဲတော်​အတွက် ယေဟောဝါ ဤသို့​မိန့်မှာ​၏– “ပထမ​နေ့၌ ကောင်းမွန်သော​သစ်သီး၊ စွန်ပလွံ​ခက်၊ မိုးမခပင် အစ​ရှိသော အရွက်​များသော​အပင်​၏ အကိုင်းအခက်​တို့ကို​ယူ၍ သင်တို့၏​ဘုရားသခင် ထာဝရ​ဘုရား​ရှေ့တော်၌ ခု​နစ်​ရက်​ပတ်လုံး ရွှင်လန်းခြင်း​ကို ပြု​ရ​ကြ​မည်။” စွန်ပလွံ​ခက်​များ​ကို ဝမ်းမြောက်​ရွှင်လန်းခြင်း အထိမ်းအမှတ်​အဖြစ် အသုံးပြု​ကြသည်။ ယာယီ​တဲ​များ​က လူမျိုးတော်ကို ယေဟောဝါ အီဂျစ်​ပြည်​မှ​ကယ်​တင်၍ တောကန္တာရ​ထဲ​တွင် တဲ​ထိုး​၍ နေ​စေတော်မူ​ကြောင်းကို သတိ​ရစေသည်။ “ဧည့်သည်​အာဂန္တု၊ မိဘ​မရှိသော​သူ၊ မုဆိုးမ​တို့သည်” ဤ​ပွဲ​၌ ပါဝင်​ဆင်နွှဲ​ကြ​၏။ ဣသရေလ​တစ်မျိုးသားလုံး “အမှန်​ရွှင်လန်းခြင်း​ကို​ပြု” ရန်ဖြစ်​၏။​—ဝတ်ပြုရာ ၂၃:၄၀; တရားဟောရာ ၁၆:၁၃-၁၅

၉။ အဘယ်​ရွှင်လန်းခြင်း ကြွေးကြော်​မှု​တွင် လူအုပ်ကြီး ပါဝင်​ဆင်နွှဲ​သနည်း။

သို့​ဖြစ်၍ လူအုပ်ကြီးသည် ဝိညာဏ​ဣသရေလလူ​တို့၏ တစ်စိတ်​တစ်ပိုင်း မဟုတ်သော်လည်း ဘုရားသခင်​နှင့် သိုးသငယ်​တို့၏ ကျေးဇူး​ကြောင့် မိမိတို့​အောင်မြင်​၍ ကယ်တင်ခြင်း​ရသည်​ဟု ကျေးဇူး​တင်​လျက် ရွှင်လန်းစွာ ထောမနာ ပြု​ကြ​သည့်​အတွက် စွန်ပလွံ​ခက်​များ​ကို ဝှေ့ယမ်း​သင့်​ပေ​သည်။ ယောဟန် မြင်ရ​သည့်​အတိုင်း​ဖြစ်၏– “သူတို့က ‘ပလ္လင်တော်​ပေါ်မှာ စံတော်မူ​သော ဘုရားသခင်​နှင့် သိုးသငယ်​တို့၏ ကျေးဇူးတော်​ကြောင့် ငါ​တို့ ကယ်တင်ခြင်း ရ​ကြ​သတည်း’ ဟု ကျယ်​သော​အသံ​နှင့် အဆက်မပြတ် ကြွေးကြော်​ကြ​၏။” (ဗျာဒိတ် ၇:၁၀) လူအုပ်ကြီးသည် လူမျိုးစု​အားလုံး​မှ ခွဲထွက်​ခဲ့​သော်လည်း ထို “ကျယ်​သော​အသံ” တစ်သံ​တည်း​ဖြင့် ကြွေးကြော်​ကြ​ပေ​သည်။ လူမျိုး​နှင့် ဘာသာ​စကား မတူဘဲ​လျက် မည်သို့​တစ်သံ​တည်း ကြွေးကြော်​နိုင်​ကြ​သနည်း။

၁၀။ လူအုပ်ကြီးသည် လူမျိုး​နှင့် ဘာသာ​စကား မတူ​လျက်​ကယ် အဘယ်​နည်းဖြင့် တညီတညွတ်​တည်း “ကျယ်​သော​အသံ​နှင့်” ကြွေးကြော်​နိုင်​ကြ​သနည်း။

၁၀ ဤ​လူအုပ်ကြီးသည် ယနေ့​ကမ္ဘာ​ပေါ်​ရှိ အမှန်​စည်းလုံး​သည့် တစ်ခု​တည်း​သော လူမျိုးစုံ​အဖွဲ့အစည်း​၏ တစ်စိတ်​တစ်ပိုင်း ဖြစ်ပေ​သည်။ သူတို့သည် တိုင်းပြည်​ကို​လိုက်၍ ခြားနား​သော​စံနှုန်း​များ မထား​ရှိ​ဘဲ မည်သည့်​နေရာတွင် နေထိုင်​စေ​ကာ​မူ သမ္မာကျမ်းစာ​၏ မှန်ကန်သော​မူများ​ကို ကျင့်သုံး​ကြသည်။ အမျိုးသားရေး​စိတ်ဓာတ် ပြင်းထန်သော တော်လှန်ရေး​လှုပ်ရှားမှုများ​တွင် မပါဝင်ဘဲ တကယ်​ပင် ‘ဓား​များ​ကို ထွန်သွား​ဖြစ်စေ​ရန် ထုလုပ်’ ခဲ့​ကြ​ပေ​ပြီ။ (ဟေရှာယ ၂:၄) ဂိုဏ်းဂဏ သို့​မဟုတ် အသင်း​ကွဲပြားခြင်း​မရှိ​သဖြင့် ခရစ်ယာန်ဘောင် ဘာသာ​များ​ကဲ့သို့ ရှုပ်ထွေး​၍ အချင်းချင်း​ဆန့်ကျင်​သော သတင်း​စကား​များ​ကို အော်ဟစ်​ကြွေးကြော်​ခြင်း မရှိ​ချေ။ မိမိတို့​ကိုယ်စား ထောမနာ​ချီးမွမ်း​ခြင်း​ပြုလုပ်​ရန် ကြေးစား​ဓမ္မ​ဆရာများ​လက်၌ တာဝန်​လွှဲအပ်​ခြင်း​လည်း မပြု​ပါ။ သုံးပါး​ပေါင်း​တစ်ဆူ​ဘုရား​၏ ကျေးကျွန်​များ မဟုတ်​ရ​ကား သန့်ရှင်းသော​ဝိညာဉ်​တော်​၏ ကျေးဇူး​ကြောင့် ကျွန်ုပ်​တို့ ကယ်တင်ခြင်း ရ​သတည်း​ဟု​လည်း မ​ကြွေးကြော်​ကြ​ပါ။ သူတို့သည် ကမ္ဘာ​တစ်ဝန်း ပထဝီ​ဆိုင်ရာ​နယ်ပယ် ၂၃၀ ကျော်​အတွင်း တစ်ခု​တည်း​သော စင်ကြယ်​သည့် ဘာသာ​စကား​ကို ပြောဆို​သည်​နှင့်​အမျှ ယေဟောဝါ​၏​နာမတော်​ကို ပတ္ထနာ​ပြုခြင်း၌ တညီတညွတ်​တည်း ရှိကြ​၏။ (ဇေဖနိ ၃:၉) သူတို့​အနေ​နှင့် မိမိတို့​ရရှိ​သည့် ကယ်တင်ခြင်း​သည် ကယ်တင်ခြင်း​၏ အဓိက ကိုယ်စားလှယ်တော် ယေရှု​ခရစ်​မှ​တစ်ဆင့် ကယ်တင်ရှင်​ဘုရားသခင် ယေဟောဝါ​ထံ​တော်​မှ သက်ရောက်​ကြောင်း လူသိရှင်ကြား ဝန်ခံ​ကြသည်​မှာ လျောက်ပတ်​လှ​ပေ​သည်။​—ဆာလံ ၃:၈; ဟေဗြဲ ၂:၁၀

၁၁။ ခေတ်​သစ်​နည်း​ပညာ​က လူအုပ်ကြီး​အား မိမိတို့၏ ကျယ်​သော​အသံကို ပို​၍​ကျယ်​စေရန် မည်သို့​ထောက်ကူ​ခဲ့ပြီ​နည်း။

၁၁ သွေး​စည်း​ညီညွတ်သော ဤ​လူအုပ်ကြီး​၏ အသံသည် ခေတ်​သစ်​နည်း​ပညာ​ကြောင့် ပို​၍​ကျယ်လောင်​လာ​သည်။ ကမ္ဘာ​ပေါ်​တွင် အခြား​အဘယ် ဘာသာရေး​အဖွဲ့က​မျှ ကျမ်းစာ​လေ့လာမှု အထောက်အကူ​ပြု စာပေ​များ​ကို ဘာသာ​စကား​ပေါင်း ၄၀၀ ထက်မက​ဖြင့် ထုတ်ဝေ​ရန် မလို​အပ်​ချေ။ အခြား​အဘယ် အုပ်စု​က​မျှ တစ်​မိ​န့်​တစ်သံ​တည်း​သော သတင်းကို လူမျိုး​အားလုံး​အား ပြောကြား​ရန် စိတ်မဝင်စား​ကြ​၍ ဖြစ်သည်။ ယင်း​အလုပ်ကို ထပ်လောင်း ထောက်ကူ​သည့်​အနေ​နှင့် ယေဟောဝါသက်သေ​များ​၏ ဘိသိက်ခံ​အုပ်ချုပ်ရေး​အဖွဲ့​၏ ကြီးကြပ်မှု​အောက်​၌ ဘာသာစုံ အီလက်ထရောနစ် ဓာတ်​ပုံစာ​စီ​စနစ် (Meps) ကို တီထွင်​လိုက်​သည်။ ဤ​စာစောင်​ကို ထုတ်ဝေ​ချိန်​၌ ကမ္ဘာ​တစ်​လွှား ၁၂၅ နေရာ​ကျော်​တွင် (Meps) စနစ်​အမျိုးမျိုးကို သုံး​လျက်​ရှိရာ သူတို့၏ တစ်လ​နှစ်ကြိမ်​ထုတ် ကင်းမျှော်စင် ကို ဘာသာ​ပေါင်း ၁၅၀ ကျော်​ဖြင့် တစ်ပြိုင်တည်း ထုတ်ဝေ​နိုင်​ပေ​ပြီ။ ယေဟောဝါ​၏ လူမျိုးတော်သည် သင်​ယခု ဖတ်နေ​သော​စာအုပ် အပါအဝင် အခြား​စာအုပ်​များ​ကိုလည်း ဘာသာ​ပေါင်း​များစွာ​ဖြင့် တစ်ချိန်တည်း ဖြန့်ချိ​ကြသည်။ သို့ဖြင့် လူအုပ်ကြီး အများစု​ပါဝင်သော ယေဟောဝါသက်သေ​များသည် အများ​သိ ဘာသာ​စကား​အားလုံး​ဖြင့် နှစ်စဉ် စာအုပ်စာတမ်း သန်း​ချီ​ဖြန့်ဝေ​နိုင်​ကြ​၍ လူ​အမျိုးအနွယ်၊ ဘာသာ​စကား အားလုံး​မှ​လူများ အစုလိုက်​အပြုံလိုက် ဘုရားသခင့် နှုတ်ကပါဌ်တော်​ကို လေ့လာ​ပြီး လူအုပ်ကြီး​၏ ကျယ်လောင်​သော​အသံ​ထဲ​တွင် ပါဝင်​ကြွေးကြော်​နိုင်​ကြ​လေ​သည်။​—ဟေရှာယ ၄၂:၁၀၊ ၁၂

ကောင်းကင်​မှာ​လော၊ မြေကြီး​မှာ​လော

၁၂၊ ၁၃။ လူအုပ်ကြီးသည် အဘယ်​နည်းဖြင့် “ပလ္လင်တော်​ရှေ့၊ သိုးသငယ်​ရှေ့တွင် ရပ်​လျက်​နေ” သနည်း။

၁၂ လူအုပ်ကြီးသည် ‘ပလ္လင်တော်​ရှေ့တွင် ရပ်​လျက်​နေကြ​သည်’ ဆို​သည့်​အချက်​က သူတို့ ကောင်းကင်​၌​ရှိသည်​ကို မဆိုလို​ကြောင်း မည်သို့​သိနိုင်​သနည်း။ ရှင်းလင်း​သော​သာဓကရပ် များစွာ​ရှိသည်။ ဥပမာ၊ “ရှေ့တွင်” ဟူ၍ ဤ​တွင်​ပြန်ဆို​သော ဂရိ​စကားလုံး အယ်​နိုး​ပီ​ယော်န် (e·​noʹ​pi·on) သည် စာသား​အရ “မြင်ကွင်း​ရှေ့” ဟူ၍ အဓိပ္ပာယ်​ရှိပြီး ယေဟောဝါ “ရှေ့”၊ “မြင်ကွင်း​ရှေ့” မှ ကမ္ဘာ​သားများ​နှင့် စပ်လျဉ်း၍ အဖ​န်​တ​လဲ​လဲ အသုံးပြု​ထား​သည်။ (၁ တိမောသေ ၅:၂၁; ၂ တိမောသေ ၂:၁၄; ရောမ ၁၄:၂၂; ဂလာတိ ၁:၂၀) ဣသရေလလူ​တို့ ကန္တာရ​၌​ရှိကြ​စဉ် တစ်ကြိမ်​တွင် မောရှေ​က “သင်တို့သည် အပြစ်တင်​လျက် မြည်တမ်း​သော​အသံကို ထာဝရ​ဘုရား ကြား​တော်​မူ​သည်​ဖြစ်၍ အထံတော်​သို့ ချဉ်းကပ်​ကြလော့​ဟု ဣသရေလ​အမျိုးသား ပရိသတ်အပေါင်း​တို့အား ဆင့်ဆို​လော့​ဟု အာရုန်​ကို​မှာ” ကြား​၏။ (ထွက်မြောက်ရာ ၁၆:၉) ဣသရေလလူ​တို့ ယေဟောဝါ ရှေ့မှောက်​ရောက်​ကြ​ရန် ကောင်းကင်​သို့​ပို့ဆောင်​ခြင်း ခံ​ဖို့​မလို​ချေ။ (ဝတ်ပြုရာ ၂၄:၈ နှိုင်းယှဉ်။) မိမိတို့​နေရာ ကန္တာရ​ထဲမှာ​ပင် ယေဟောဝါ ရှေ့တော်မှောက် ရပ်နေ​ကြ​ပြီး ကိုယ်တော်​လည်း သူတို့ကို အာရုံပြု​လျက် ရှိ​တော်​မူ​၏။

၁၃ ထို့​ပြင် “လူသား​သည် မိမိ​ဘုန်း​အာနုဘော်​ကို ဆောင်​လျက် . . . ကြွလာ​တော်​မူ​သောအခါ ရှေ့တော်၌ လူမျိုးအပေါင်း​တို့ကို စုဝေး​စေ” တော်​မူ​မည်​ဟု ဖတ်​ရ၏။ ဤ​ပရောဖက်ပြုချက် ပြည့်စုံသော​အခါ လူသား​မျိုးနွယ်​တစ်ရပ်လုံး ကောင်းကင်​၌ ရှိကြ​မည်​မဟုတ်။ “ထာဝရ​အပြစ်ဒဏ် ခံ​ရာ​သို့​သွား​ရ” သူတို့လည်း ကောင်းကင်​၌ မရှိကြ​သည်​မှာ သေချာ​သည်။ (မဿဲ ၂၅:၃၁-၃၃၊ ၄၁၊ ၄၆) လူသားများ​သည် ကမ္ဘာ​ပေါ်​၌​ပင် ယေရှု​ရှေ့တော်မှာ ရပ်နေ​ကြ​ပြီး သူတို့ကို တရား​စီရင်​ရန် ကိုယ်တော် အာရုံလှည့်​ခြင်း​သာ ဖြစ်သည်။ ထို့​နည်းတူ လူအုပ်ကြီးသည် “ပလ္လင်တော်​ရှေ့၊ သိုးသငယ်​ရှေ့တွင် ရပ်​လျက်​နေကြ​သည်” ဟု​ဆို​ရာ​၌ ယေဟောဝါ​နှင့် ကိုယ်တော်​ခန့်အပ်​သော​ဘုရင် ခရစ်တော်​ယေရှု၏ မြင်ကွင်း​၌ ရပ်နေ​ကြ​ပြီး မျက်နှာသာ​ရ တရား​စီရင်ချက် ရ​ကြသည်​ကို ဆိုလို​ပါ​သည်။

၁၄။ (က) မည်သူ​များ “ပလ္လင်တော်​ပတ်လည်၊” “[ကောင်းကင်] ဇိအုန်​တောင်ပေါ်​မှာ” ရှိကြသည်​ဟု ဖော်ပြ​ထား​သနည်း။ (ခ) လူအုပ်ကြီးသည် “ဗိမာန်တော်တွင်” ဘုရားသခင်​ကို ဝတ်ပြု​ကြသော်လည်း အဘယ်ကြောင့် ယဇ်ပုရောဟိတ် အတန်းအစား ဖြစ်​မလာ​သနည်း။

၁၄ အကြီးအကဲ ၂၄ ပါး​နှင့် ၁၄၄,၀၀၀ ဘိသိက်ခံ​အုပ်စု​သည် ယေဟောဝါ​၏ “ပလ္လင်တော်​ပတ်လည်၊” “[ကောင်းကင်] ဇိအုန်​တောင်ပေါ်​မှာ” ရှိကြသည်​ဟု ဖော်ပြ​ထား​သည်။ (ဗျာဒိတ် ၄:၄; ၁၄:၁) လူအုပ်ကြီးသည် ယဇ်ပုရောဟိတ်​အတန်းအစား​ဝင် မဟုတ်​သဖြင့် ထို​ကြီး​မြင့်သော​အဆင့်​ကို မရ​ကြ​ပါ။ နောက်ပိုင်း၌ သူတို့သည် “ဗိမာန်တော်တွင်” အမှုတော်​ဆောင်​ကြသည်​ဟု ဗျာဒိတ် ၇:၁၅ ၌ ဆို​သည်​မှန်​၏။ သို့သော် ၎င်း​ဗိမာန်တော်​သည် အတွင်း​ကျိန်းဝပ်​ရာ​ဌာနတော် တည်း​ဟူသော အထူး​သန့်ရှင်း​ရာ​ဌာနတော်​ကို မ​ရည်ညွှန်းပါ။ ဘုရားသခင့် ဝိညာဏ​ဗိမာန်တော်​၏ မြေကြီးဆိုင်ရာ တံတိုင်း​သာ​ဖြစ်၏။ ဤ​တွင် “ဗိမာန်တော်” ဟူ၍​ပြန်ဆို​သော ဂရိ​စကားလုံး na·​osʹ (နာ​အော့စ်) သည် ယေဟောဝါ ဝတ်ပြုရေး​အတွက် တည်ဆောက်​သော အဆောက်အဦ​တစ်ခုလုံး​ကို ခြုံငုံ​၍​ဆို​လေ့​ရှိသည်။ ယနေ့ ၎င်း​သည် ကောင်းကင်​မြေကြီး အကျုံးဝင်​သော ဝိညာဉ်​ရေး​အဆောက်အဦ ဖြစ်သည်။​—မဿဲ ၂၆:၆၁; ၂၇:၅၊ ၃၉၊ ၄၀; မာကု ၁၅:၂၉၊ ၃၀; ယောဟန် ၂:၁၉-၂၁ကမ္ဘာသစ်​ဘာသာပြန် ရည်ညွှန်း​ကျမ်းစာ၊ အောက်ခြေမှတ်ချက်​တို့​နှင့် နှိုင်းယှဉ်။

စကြဝဠာ​တစ်ခွင် ချီးမွမ်း​ကြွေးကြော်​သံ

၁၅၊ ၁၆။ (က) လူအုပ်ကြီး ပေါ်လာ​သောအခါ ကောင်းကင်​၌ အဘယ်​တုံ့ပြန်မှု ဖြစ်​ခဲ့​သနည်း။ (ခ) ယေဟောဝါ​၏ ရည်ရွယ်ချက်​ဆိုင်ရာ ဗျာဒိတ်တော် အသစ်​ပေါ်​တိုင်း ကိုယ်တော့် ဝိညာဉ်​သတ္တဝါများ မည်သို့​တုံ့ပြန်​လေ့​ရှိ​သနည်း။ (ဂ) မြေကြီးပေါ်​၌​ရှိသော ကျွန်ုပ်​တို့သည် ထောမနာ​သီချင်းကို မည်သို့​ပါဝင် သီဆို​နိုင်​ကြ​သနည်း။

၁၅ လူအုပ်ကြီးသည် ယေဟောဝါ​ကို ချီးမွမ်း​လျက်​ရှိကြသည်။ အခြားသူများ​လည်း ကိုယ်တော်​ကို သီဆို​ချီးမွမ်း​နေကြ၏။ ယောဟန် ဤသို့​တင်ပြ​၏– “ကောင်းကင်တမန် အပေါင်းတို့သည် ပလ္လင်တော်၊ အကြီးအကဲ​များနှင့် သတ္တဝါ​လေးပါး​တို့ ပတ်လည်​၌ ရပ်နေ​ကြ​ရာ​မှ ပလ္လင်တော်​ရှေ့တွင် ပျပ်ဝပ်​ကာ ဘုရားသခင်​ကို ကိုးကွယ်​လျက် ‘အာမင်၊ ငါ​တို့​ဘုရားသခင်​၌ ကောင်းချီး၊ ဘုန်း​အသရေ၊ ဉာဏ်ပညာ၊ ကျေးဇူးတော်​ချီးမွမ်း​ခြင်း၊ ဂုဏ်​အသရေ၊ တန်ခိုး​နှင့် ခွန်အား အစဉ်​ထာဝရ ရှိပါစေ​သော။ အာမင်’ ဟု မြွက်ဆို​ကြ​၏။”​ဗျာဒိတ် ၇:၁၁၊ ၁၂

၁၆ မြေကြီးကို ယေဟောဝါ ဖန်ဆင်း​တော်​မူ​စဉ် ကိုယ်တော်​၏ သန့်ရှင်းသော ကောင်းကင်တမန် အပေါင်း​တို့​က “တညီတညွတ်​တည်း သီချင်းဆို​၍ ဘုရားသခင့် သား​အပေါင်းတို့သည် ဝမ်းမြောက်​သဖြင့် ကြွေးကြော်​ကြ” ၏။ (ယောဘ ၃၈:၇) ယေဟောဝါ​၏ ရည်ရွယ်ချက်​ဆိုင်ရာ ဗျာဒိတ်တော်​အသစ် ပေါ်ထွက်​လာ​တိုင်း ကောင်းကင်တမန်​များ အလားတူ​စွာ ကြွေးကြော်​ချီးမွမ်း​ခဲ့​ကြ​ပေမည်။ အကြီးအကဲ ၂၄ ပါး​—ကောင်းကင်​ဘုန်း​အသရေ​ဆောင် ၁၄၄,၀၀၀​—တို့သည် သိုးသငယ်​ကို အသိအမှတ်ပြု ကြွေးကြော်​ကြသောအခါ ကျန်​သည့် ဘုရားသခင့် ကောင်းကင်​သတ္တဝါ​အားလုံး ယေရှု​နှင့် ယေဟောဝါ​ဘုရားသခင့် ဂုဏ်တော်​ကို ညီညာ​ဖျဖျ သီဆို​ကြ​၏။ (ဗျာဒိတ် ၅:၉-၁၄) မိမိ၏​သစ္စာရှိ ဘိသိက်ခံ​လူသားများ​အား ဝိညာဉ်​ဘောင်​၌ ဘုန်း​ရှိသော​ဌာန​သို့ ထမြောက်​စေခြင်း​တည်း​ဟူသော ယေဟောဝါ​၏ ရည်ရွယ်ချက်​ပြည့်စုံ​သည်ကို ဤ​သတ္တဝါများ မြင်တွေ့ရ​သဖြင့် နှစ်ထောင်း​အားရ ဖြစ်​ခဲ့​ကြ​လေ​ပြီ။ ယခု လူအုပ်ကြီး ပေါ်ထွက်​လာ​သဖြင့် ယေဟောဝါ​၏ သစ္စာရှိ​ကောင်းကင်​သတ္တဝါ အားလုံး​၏​နှုတ်​မှ ထောမနာ​သီချင်း​သံ ပွင့်အန်​လာ​ပြန်​သည်။ သခင့်​နေ့​တော်​အတွင်း အသက်ရှင်​ရသည်မှာ ယေဟောဝါ​၏ ကျေးကျွန်​များ​အားလုံး​အဖို့ တကယ်​ပင် ရင်​ဖို​မြူး​ကြွ​ဖွယ်​ဖြစ်၏။ (ဗျာဒိတ် ၁:၁၀) ဤ​ကမ္ဘာ​ပေါ်​တွင် ယေဟောဝါ​၏ နိုင်ငံတော်​အတွက် သက်သေခံခြင်း​ဖြင့် ထို​ထောမနာ​သီချင်းကို ကျွန်ုပ်​တို့ ပါဝင်​သီဆို​ရသည်မှာ အခွင့်ထူး​လေ​စွ။

လူအုပ်ကြီး ပေါ်ထွက်​လာ​ခြင်း

၁၇။ (က) အကြီးအကဲ ၂၄ ပါး​ထဲ​က​တစ်ဦး​က ဘာ​မေးခွန်း​မေး​သနည်း။ ၎င်း​အကြီးအကဲ အဖြေ​သိ​သည် ဟူသော​အချက်​က ဘာကို​ပြသ​နည်း။ (ခ) ထို​အကြီးအကဲ​၏​မေးခွန်း မည်သည့်​အခါ အဖြေ​ရသနည်း။

၁၇ ဘိသိက်ခံ​ခရစ်ယာန်​တို့သည်  တမန်​တော်​ယောဟန် လက်ထက်​မှ​စ၍ သခင့်​နေ့​တော်​အထိ လူအုပ်ကြီး မည်သူ​မည်ဝါ ဖြစ်သည်​နှင့်​ပတ်သက်​၍ ဦးနှောက်​ခြောက်​ခဲ့​ကြသည်။ ထို့​ကြောင့် ကောင်းကင်​ရောက်​နှင့်​သော ဘိသိက်ခံ​များ​ကို ကိုယ်စား​ပြု​သည့် အကြီးအကဲ ၂၄ ပါး​ထဲ​မှ​တစ်ဦး​က အချက်​ကျ​သော မေးခွန်း​တစ်ခု မေး​ခြင်း​ဖြင့် ယောဟန်​၏ တွေးတော​ဉာဏ်​ကို နှိုးဆွ​လိုက်​သည်​မှာ ဆီလျော်​လှ​ပေ​သည်။ “အကြီးအကဲ​များ​ထဲ​မှ တစ်ဦး​က တုံ့ပြန်​သည့်​အနေ​နှင့် ငါ့​အား ‘ဝတ်လုံ​ဖြူ​ဝတ်​သော ဤသူတို့​ကား မည်သူ​များ​နည်း။ အဘယ်​အရပ်​က လာ​ကြ​သနည်း’ ဟု​မေး​၏။ ငါ​က​လည်း ‘ကျွန်ုပ်​သခင်၊ ကိုယ်တော်​သိပါ​၏’ ဟု ချက်ချင်း​ပင် ပြန်ဖြေ​လိုက်​၏။” (ဗျာဒိတ် ၇:၁၃၊ ၁၄က) မှန်​ပေ​သည်။ ထို​အကြီးအကဲ​သည် ယောဟန်​အား အဖြေ​ရှာပေး​နိုင်​ခဲ့​၏။ ဤ​အချက်​က အကြီးအကဲ ၂၄ ပါး​အုပ်စု​အနက် ထမြောက်​ခဲ့​သူတို့သည် ယနေ့ သမ္မာတရား​များ ပေး​ပို့​ခြင်း​အမှု၌ ပါဝင်​ဆောင်ရွက်​ကြ​ဖွယ် ရှိကြောင်းကို​ပြ​၏။ မြေကြီးပေါ်​ရှိ ယောဟန်​အတန်းအစား​ဝင်​များ အနေ​နှင့်​မူ မိမိတို့​အလယ်​၌ ယေဟောဝါ ပြုလျက်​ရှိသော အရာများ​ကို အသေအချာ သုံးသပ်ကြည့်​ရှုခြင်း​ဖြင့် လူအုပ်ကြီး မည်သူ​မည်ဝါ​ဖြစ်​ကြောင်း လေ့လာ​သိရှိ​ရ​ကြ​၏။ ယေဟောဝါ​ချိန်းချက်​ထားသော​အချိန် ၁၉၃၅ ခုနှစ်​၌ သီအိုကရက်တစ် မိုး​မျက်နှာကြက်​ကို ထိန်လင်း​စွာ မွမ်းမံ​ခြယ်သ​လိုက်​သော ရောင်ခြည်​တော် ထွန်းတောက်​မှု​ကို သူတို့​နားလည်​ရန် မ​နှေးကွေး​ခဲ့​ချေ။

၁၈၊ ၁၉။ (က) ၁၉၂၀ နှင့် ၁၉၃၀ ပြည့်လွန်​နှစ်များ​အတွင်း ယောဟန်​အတန်းအစား ဘာ​မျှော်လင့်ချက်ကို အထူးပြု​ခဲ့​သော်လည်း သတင်း​တော်​ကို​တုံ့ပြန်​သော မည်သူ​များ အရေအတွက် တိုးများ​လာ​သနည်း။ (ခ) ၁၉၃၅ ခုနှစ်​၌ လူအုပ်ကြီး မည်သူ​မည်ဝါ​ဖြစ်​ကြောင်း ပေါ်လွင်​လာ​ခြင်း​က ၁၄၄,၀၀၀ နှင့်​စပ်လျဉ်း၍ ဘာကို​ဖော်ပြ​သနည်း။ (ဂ) သတိရအောက်မေ့ပွဲ ကိန်း​ဂဏန်း​များ​က ဘာကို​ဖော်ပြ​သနည်း။

၁၈ ၁၉၂၀ ပြည့်လွန်​နှစ်များ​နှင့် ၁၉၃၀ ပြည့်လွန်​နှစ်များ အစောပိုင်း​ကာလ​တွင် ယောဟန်​အတန်းအစား​သည် စာအုပ်စာတမ်း​များနှင့် ဟောပြောခြင်း​လုပ်ငန်း နှစ်တန်စလုံး​၌ ကောင်းကင်​မျှော်လင့်ချက်ကို အထူး​အရေးပေး တင်ပြ​ခဲ့​ကြသည်။ ၁၄၄,၀၀၀ အရေအတွက်​ပြည့်​ဖို့ လို​သေး​ကြောင်း​သိသာ​၏။ သို့​တ​စေ၊ သတင်း​တော်​ကို​နားထောင်​၍ သက်သေခံခြင်း​လုပ်ငန်း​၌ စိတ်​ထက်သန်​သော်လည်း ပရဒိသု​မြေကြီးပေါ် ထာဝစဉ်​အသက်ရှင်​ရန် စိတ်ဝင်စား​သည်​ဟု ဆို​သော​သူများ အရေအတွက် တိုးများ​လာ​သည်။ သူတို့သည် ကောင်းကင်​သို့​သွား​ရန် ဆန္ဒ​မရှိ။ ၎င်းမှာ သူတို့​ခံရ​သော ခေါ်တော်မူ​ခြင်း​မဟုတ်။ သူတို့သည် သိုးစုငယ်​အဝင်​မဟုတ်၊ အခြားသိုး​များ ဖြစ်​ကြသည်။ (လုကာ ၁၂:၃၂; ယောဟန် ၁၀:၁၆) သူတို့သည် အခြားသိုး​များ​ထဲ​မှ လူအုပ်ကြီး​ဖြစ်​ကြောင်း ၁၉၃၅ ခုနှစ်​၌ ပေါ်လွင်​လာ​ရာ ဤ​အချက်​က ၁၄၄,၀၀၀ ရွေးချယ်ခြင်း​အလုပ် ထို​အချိန်တွင် ပြီး​လု​ကြောင်းကို​ပြ​သည်။

၁၉ စာရင်း​ဇယား​များ​က ဤ​ကောက်ချက်​ကို ထောက်ခံ​သလော။ ထောက်ခံပါ​သည်။ ၁၉၃၈ ခုနှစ်​၌ ကမ္ဘာ​တစ်ဝန်း ယေဟောဝါသက်သေ​ပေါင်း ၅၉,၀၄၇ ဦး ဓမ္မ​အမှု​တွင် ပါဝင်​လုပ်ဆောင်ခဲ့​ကြ​ရာ ၎င်း​တို့​အနက် ၃၆,၇၃၂ ဦး​က နှစ်စဉ်​ကျင်းပ​သော ယေရှု၏​သေခြင်း သတိရအောက်မေ့ပွဲ​၌ အထိမ်းအမှတ်​များ​ကို သုံးဆောင်ခြင်း​ဖြင့် မိမိတို့သည် ကောင်းကင်​သို့ ခေါ်တော်မူ​ခြင်း​ခံရ​ကြောင်း ပြသ​၏။ နောက်ပိုင်း​နှစ်များ​၌ သုံးဆောင်​သူ​အရေအတွက် တစ်စ​တစ်စ လျော့နည်းလာ​သည်။ အဓိက အကြောင်းရင်း​မှာ သစ္စာရှိ ယေဟောဝါသက်သေ​များ သေလွန်​သဖြင့် မြေကြီး​အသက်တာ ကုန်ဆုံး​၍​ဖြစ်သည်။ ၂၀၀၅ ခုနှစ်​တွင် တစ်ကမ္ဘာ​လုံး ပွဲတော်​တက်ရောက်သူ ၁၆,၃၉၀,၁၁၆ ဦး​၏ ၀.၀၅ ရာခိုင်နှုန်း​ဖြစ်သော ၈,၅၂၄ ဦး​သာ အောက်မေ့ရာပွဲ အထိမ်းအမှတ်​များ​ကို သုံးဆောင်​ကြသည်။

၂၀။ (က) ဒုတိယ​ကမ္ဘာ​စစ်​အတွင်း လူအုပ်ကြီး​နှင့်​ပတ်သက်​၍ ဂျေ၊ အက်ဖ်၊ ရပ်သဖော့ဒ် မည်သို့​ဆို​ခဲ့​သနည်း။ (ခ) ယခု အဘယ်​ဖြစ်ရပ်မှန်များ​က လူအုပ်ကြီးသည် တကယ်​ပင်​ကြီး​ကြောင်း ပြသ​နည်း။

၂၀ ဒုတိယ​ကမ္ဘာ​စစ်​ကြီး ပေါက်ကွဲ​သောအခါ လူအုပ်ကြီး စုသိမ်းခြင်း​လုပ်ငန်း​ကို ရပ်တန့်​စေရန် စာတန် အကြိတ်အနယ် အားထုတ်​ခဲ့​သည်။ နိုင်ငံ​များစွာ​၌ ယေဟောဝါ​၏ လုပ်ငန်းတော် ပိတ်ပင်​ခံ​ခဲ့​ရသည်။ အမှောင်​လွှမ်းသော ထို​နေ့ရက်​များ​အတွင်း ဂျေ၊ အက်ဖ်၊ ရပ်သဖော့ဒ်​က ၁၉၄၂ ခုနှစ်​၌ မ​ကွယ်လွန်​မီ​ကလေး​တွင် “တကယ်တော့​လည်း လူအုပ်ကြီးဟာ အဲဒီလောက် ကြီး​လာ​မည့်​ပုံ မရပါ​လား” ဟု​ဆို​သည်ကို ကြား​ခဲ့​ရသည်။ သို့​တ​စေ ဘုရားသခင့် ကောင်းချီး​ကြောင့် တစ်​မူ​ပြောင်း​သွား​သည်။ ၁၉၄၆ ခုနှစ်​ရောက်​သော် ကမ္ဘာ​တစ်ခွင် အမှုဆောင်​သူ​အရေအတွက် ၁၇၆,၄၅၆ ဦး​ဖြစ်လာ​ပြီး ၎င်း​တို့​အနက် အများစုမှာ လူအုပ်ကြီး​အဝင်​ဖြစ်သည်။ ၂၀၀၅ ခုနှစ်​၌ ၂၃၅ နိုင်ငံ​တွင် ယေဟောဝါ​ကို သစ္စာရှိ​ရှိ ဝတ်ပြုသူ​ပေါင်း ၆,၃၉၀,၀၂၂ ဦး​ရှိသဖြင့် တကယ့် လူအုပ်ကြီး ပင်​ဖြစ်​ပေ​သည်။ ၎င်း​အရေအတွက်​သည် အဆက်မပြတ် တိုးများ​နေသည်။

၂၁။ (က) သခင့်​နေ့​တော်​အတွင်း ဘုရားသခင့် လူမျိုးတော်ကို စုသိမ်းခြင်း​သည် ယောဟန်​ရူပါရုံ​နှင့် မည်သို့​လုံးဝ ညီညွတ်​သနည်း။ (ခ) အဘယ်​အရေးပါသော ပရောဖက်ပြုချက်​အချို့ စတင်​ပြည့်စုံ​လာ​သနည်း။

၂၁ ထို့​ကြောင့် သခင့်​နေ့​တော်​အတွင်း ဘုရားသခင့် လူမျိုးတော် စုသိမ်းခြင်း​လုပ်ငန်း​သည် ယောဟန်​၏​ရူပါရုံ​နှင့် တညီတညွတ်​တည်း​ဖြစ်၏။ ရှေးဦး​စွာ ၁၄၄,၀၀၀ ထဲ​မှ အကြွင်းအကျန်​ကို စုသိမ်း​ပြီး နောက်​၌ လူအုပ်ကြီး​ကို စုသိမ်း​၏။ ဟေရှာယ ပရောဖက်ပြု​သည့်​အတိုင်း “နောက်ဆုံးသော​ကာလ​၌” လူမျိုးအပေါင်း​မှ လူများ​တို့သည် ယေဟောဝါ​၏ စင်ကြယ်သော​ဝတ်ပြုရေးတွင် ပါဝင်​ကြ​ရန် ဥ​ဒ​ဟို ဝင်လာ​ကြ​၏။ “ကောင်းကင်သစ်​နှင့် မြေကြီး​သစ်” ကို ယေဟောဝါ ဖန်ဆင်း​သောကြောင့် ကျွန်ုပ်​တို့​တကယ်ပင် ကျေးဇူး​တင် ဝမ်းမြောက်​ကြ​၏။ (ဟေရှာယ ၂:၂-၄; ၆၅:၁၇၊ ၁၈) ဘုရားသခင်​သည် “ကောင်းကင်ပေါ်၊ မြေကြီး​ပေါ်မှာ ရှိရှိသမျှ​တို့ကို​ပေါင်း​၍ ခရစ်တော်​၌” စုသိမ်း​လျက် ရှိ​တော်​မူ​ပြီ။ (ဧဖက် ၁:၁၀) ယေရှု​လက်ထက်​မှ​စ၍ ရာစုနှစ်များ​တစ်လျှောက် ရွေးချယ်​တော်​မူ​သော ဘိသိက်ခံ ကောင်းကင်​နိုင်ငံတော် အမွေခံများ​သည် “ကောင်းကင်ပေါ်” မှ​အရာများ​ဖြစ်သည်။ ယခု အခြားသိုး​ထဲ​မှ လူအုပ်ကြီးသည် “မြေကြီးပေါ်” မှ​အရာများ​အနက် အ​ဦး​ကျ​သူများ​အဖြစ် ပေါ်လာ​ကြသည်။ သင်သည် ဤ​အစီအစဉ်​နှင့်​တညီတည်း ဝတ်ပြု​လျှင် ထာဝရ​ပျော်ရွှင်မှု​ကို ခံစားရ​ပါ​လိမ့်​မည်။

လူအုပ်ကြီး ခံစား​ရသော ကောင်းချီး​များ

၂၂။ လူအုပ်ကြီး​နှင့်​ပတ်သက်​၍ ယောဟန် နောက်ထပ်​ဘာ​သတင်း​များ ရသနည်း။

၂၂ ယောဟန်​သည် ဘုရားသခင့် ဆက်သွယ်ရေး​လမ်းကြောင်း​မှ​တစ်ဆင့် ဤ​လူအုပ်ကြီး​နှင့် ပတ်သက်သော ထပ်ဆင့်​အချက်အလက်​များ​ကို ရရှိ​သည်– “ထို​သူ [ထို​အကြီးအကဲ] က ‘ဤ​သူတို့သည် ဆင်းရဲ​ဒုက္ခ​ကြီး​ထဲ​မှ ထွက်​လာ​သူများ ဖြစ်​ကြ​၏။ သူတို့သည် သိုးသငယ်​၏​သွေး​ဖြင့် မိမိတို့၏ ဝတ်လုံ​များ​ကို ဖြူစင်​အောင် လျှော်ဖွပ်​ခဲ့​ကြ​လေ​ပြီ။ သို့​ဖြစ်၍ သူတို့သည် ဘုရားသခင်​၏ ပလ္လင်တော်​ရှေ့မှာ​နေ​လျက် ကိုယ်တော်​၏ ဗိမာန်တော်တွင် မြင့်မြတ်​သော အမှုတော်ကို နေ့​ည​မပြတ် ထမ်းရွက်​လျက်​နေခြင်း​ဖြစ်၏။ ပလ္လင်တော်​ပေါ် စံတော်မူ​သော အရှင်​သည်လည်း သူတို့​အပေါ်​တွင် မိမိ၏​တဲ​တော်​ကို ဖြန့်မိုး​တော်​မူ​လိမ့်​မည်ဟု ငါ့​အား ဆို​၏။”​—ဗျာဒိတ် ၇:၁၄ခ၊ ၁၅

၂၃။ လူအုပ်ကြီး “ထွက်​လာ” သော ဆင်းရဲ​ဒုက္ခ​ကြီး​ကား အဘယ်နည်း။

၂၃ စောစော​ပိုင်း​တွင် ယေရှု​က နိုင်ငံတော်​ဘုန်း​အသရေ​နှင့်​တကွ မိမိ၏​ရောက်ရှိခြင်း​သည် “ကမ္ဘာဦး​မှ​စ၍ ယခု​တိုင်အောင် မဖြစ်​စ​ဖူး၊ နောက်​၌​လည်း မဖြစ်​လတ္တံ့​သော ကြီးစွာသောဒုက္ခ” ဖြင့် အဆုံးသတ်​လိမ့်​မည်​ဟု မိန့်ဆိုခဲ့​ပြီ။ (မဿဲ ၂၄:၂၁၊ ၂၂) ၎င်း​ပရောဖက်ပြုချက် ပြည့်စုံမှု​နှင့်​အညီ ကောင်းကင်တမန်​များသည် မြေကြီး​၏ လေးမျက်နှာ​လေ​များ​ကို​လွှတ်​၍ စာတန်​၏​ကမ္ဘာ့​စနစ်​ကို ချေမှုန်း​ကြလိမ့်မည်။ ကမ္ဘာ့​မိစ္ဆာ​ဘာသာ​အင်ပါယာ​ဖြစ်သည့် မဟာ​ဗာဗုလုန် အရင်​ဖျက်ဆီး​ခံရ​မည်။ ထို့နောက် ဆင်းရဲ​ဒုက္ခ​ကြီး​၏ အထွတ်အထိပ် ရောက်လာ​သော​အခါ ဧရာမ​လူအုပ်ကြီး​နှင့်​တကွ ကမ္ဘာ​ပေါ်​ရှိ ၁၄၄,၀၀၀ မှ အကြွင်းအကျန်​များ​ကို ယေရှု ကယ်တင်​တော်​မူ​မည်။​—ဗျာဒိတ် ၇:၁; ၁၈:၂

၂၄။ လူအုပ်ကြီး​ထဲ​မှ ပုဂ္ဂိုလ်​တစ်ဦးချင်း ကပ်ကျော်​နိုင်​သည့် အရည်အချင်းကို မည်သို့​ရ​ကြ​သနည်း။

၂၄ လူအုပ်ကြီး​ဝင်​များ​အနေ​နှင့် ကပ်ကျော်​နိုင်​သည့် အရည်အချင်းကို မည်သို့​ရ​ကြ​သနည်း။ သူတို့သည် “သိုးသငယ်​၏​သွေး​ဖြင့် မိမိတို့၏ ဝတ်လုံ​များ​ကို ဖြူစင်​အောင် လျှော်ဖွပ်” ခဲ့​ကြပြီ​ဟု အကြီးအကဲ​က ယောဟန်​အား ဆို​၏။ တစ်နည်း​အားဖြင့် ယေရှုကို မိမိတို့၏ ရွေးနုတ်ရှင်​အဖြစ် ယုံကြည်​ကြပြီ။ ယေဟောဝါ​ထံ မိမိတို့​ကိုယ်ကို ဆက်ကပ်​ခဲ့​ကြပြီ။ မိမိတို့၏ ဆက်ကပ်​ခြင်း​ကို ရေနှစ်ခြင်း​ဖြင့် အထိမ်းအမှတ် ပြု​ခဲ့​ကြပြီ။ ဖြောင့်မတ်​စွာ ကျင့်ကြံခြင်း​ဖြင့် “ကြည်လင်​သော ဩတ္တပ္ပ​စိတ်​ရှိ” လာ​ကြ​၏။ (၁ ပေတရု ၃:၁၆၊ ၂၁သ​မ; မဿဲ ၂၀:၂၈) သို့ဖြင့် ယေဟောဝါ​ရှေ့မှောက် စင်ကြယ်​ဖြောင့်မတ်​ကြ​၏။ မိမိတို့​ကိုယ်ကို “လောကီ​အညစ်အကြေး​နှင့် ကင်းစင်” အောင်​နေကြ၏။​—ယာကုပ် ၁:၂၇

၂၅။ (က) လူအုပ်ကြီးသည် ယေဟောဝါ​ကို​ရည်စူး၍ အဘယ်​နည်းဖြင့် “ဗိမာန်တော်တွင် မြင့်မြတ်​သော အမှုတော်ကို နေ့​ည​မပြတ် ထမ်းရွက်​လျက်​ရှိကြ” သနည်း။ (ခ) ယေဟောဝါ​သည် လူအုပ်ကြီး​အပေါ် “မိမိ​တဲ​တော်​ကို” မည်သို့ “ဖြန့်မိုး​တော်​မူ” သနည်း။

၂၅ ထို့​ထက်မက သူတို့သည် ယေဟောဝါ​၏ စိတ်​ထက်သန်​သော သက်သေခံ​များ ဖြစ်လာ​ကြ​ပြီး “ကိုယ်တော်​၏ ဗိမာန်တော်တွင် မြင့်မြတ်​သော အမှုတော်ကို နေ့​ည​မပြတ် ထမ်းရွက်​လျက်​နေခြင်း ဖြစ်၏။” သင်သည် ဆက်ကပ်​အပ်နှံ​ပြီး​သော ဤ​လူအုပ်ကြီး​ထဲ​မှ တစ်ဦး​လော။ ဟုတ်​လျှင် ယေဟောဝါ​၏ မဟာ​ဝိညာဏ​ဗိမာန်တော်​၏ မြေကြီးဆိုင်ရာ တံတိုင်း​တော်​အတွင်း ကိုယ်တော်​ကို အစဉ်မပြတ် ဝတ်ပြု​နိုင်သော အခွင့်ထူး​ကို​ရ၏။ ယနေ့ လူအုပ်ကြီးသည် ဘိသိက်ခံ​များ​၏ ညွှန်ကြားမှု​အောက်​၌ သက်သေခံ​လုပ်ငန်း​၏ ကြီးမားသော​အပိုင်း​ကို ဆောင်ရွက်လျက်​နေ​ပေ​သည်။ သူတို့​အနက် လောကီ​ဝတ္တရား​များ မကင်း​သည့်​ကြား​မှ ရှေ့ဆောင်​အဖြစ် အချိန်ပြည့်​ဓမ္မ​အမှုတော် ထမ်းရွက်​ကြ​သူများ သိန်း​ချီ​၍​ရှိသည်။ ထို​အုပ်စု​၌ သင်​ပါဝင်​သည်​ဖြစ်စေ၊ မပါဝင်​သည်​ဖြစ်စေ၊ လူအုပ်ကြီး​အဝင် တစ်ဦး​အနေ​နှင့် သင့်​ယုံကြည်ခြင်း​နှင့် အလုပ်​ကြောင့် ဘုရားသခင့် မိတ်ဆွေ​အနေ​နှင့် ဖြောင့်မတ်​သူ​အဖြစ် ကြေညာ​တော်​မူ​ခြင်း၊ ဧည့်သည်​အဖြစ် တဲ​တော်​သို့​ဝင်ရောက်​ရန် ကြိုဆို​တော်​မူ​ခြင်း ခံရ​သည့်​အတွက် ဝမ်းမြောက်​နိုင်၏။ (ဆာလံ ၁၅:၁-၅; ယာကုပ် ၂:၂၁-၂၆) သို့ဖြင့် ယေဟောဝါ​သည် မိမိကို​ချစ်သော​သူတို့​အပေါ် “မိမိ၏​တဲ​တော်​ကို ဖြန့်မိုး” လျက် အိမ်ရှင်​ကောင်း​ပီသ​စွာ သူတို့ကို ကာကွယ်​တော်​မူ​၏။​—သုတ္တံ ၁၈:၁၀

၂၆။ လူအုပ်ကြီး အခြား​အဘယ်​ကောင်းချီး​များ ခံစားရ​မည်​နည်း။

၂၆ ထို​အကြီးအကဲ​က “သူတို့သည် နောက်​တစ်ဖန် ဆာမွတ်​ခြင်း၊ ရေငတ်​ခြင်း ရှိတော့မည် မဟုတ်။ နေပူရှိန်​သည်လည်း​ကောင်း၊ မည်သည့်​ချစ်ချစ်တောက် အပူရှိန်​သည်လည်း​ကောင်း သူတို့​အပေါ်​သို့ ကျရောက်​တော့​မည် မဟုတ်။ အဘယ်ကြောင့်​ဆို​သော် ပလ္လင်တော် အလယ်​၌​ရှိသော သိုးသငယ်​သည် သူတို့ကို ထိန်းကျောင်း​၍ အသက်ရေ စမ်း​ပေါက်​များ​ဆီ​သို့ ပို့ဆောင်​တော်​မူ​မည် ဖြစ်၍​တည်း။ ဘုရားသခင်​သည်လည်း သူတို့၏​မျက်ရည် ရှိသမျှကို အကုန်အစင် သုတ်တော်မူ​မည်” ဟု ဆက်၍ ဆို​သည်။ (ဗျာဒိတ် ၇:၁၆၊ ၁၇) မှန်​ပေ​၏။ ယေဟောဝါ​သည် တကယ်​ပင် ပျူ​ငှာ​လှ​သည်​တကား။ သို့သော် ထိုစကား​များ​၌ အဘယ်​လေးနက်​သော အဓိပ္ပာယ် ပါရှိ​သနည်း။

၂၇။ (က) အကြီးအကဲ​ပြော​သော​အရာ​နှင့် ဆင်တူ​သော​အရာ​ကို ဟေရှာယ မည်သို့​ပရောဖက်ပြု​ခဲ့​သနည်း။ (ခ) အဘယ်​အချက်​က ဟေရှာယ ပရောဖက်ပြုချက်​သည် ပေါလု​လက်ထက်​မှ​စ၍ ခရစ်ယာန်​အသင်းတော်​အပေါ် စတင်​ပြည့်စုံ​လာ​ကြောင်း ပြသ​နည်း။

၂၇ အလားတူ​စီ​ကုံး​သော  ပရောဖက်ပြုချက်​တစ်ရပ်​ကို သုံးသပ်ကြည့်​ပါ​စို့။ “ထာဝရ​ဘုရား မိန့်တော်မူသည်​မှာ လက်ခံဖွယ်​အချိန်၌ ငါ​ထူး​၍ ကယ်တင်​ရာ​နေ့ရက်​၌ သင့်ကို​မစ​ပြီ။ . . . ကရုဏာ သက်​သော​အရှင်​သည် စမ်းရေ​များ​အနီး လမ်းပြ​ပို့ဆောင်​လတ္တံ့​သောကြောင့် [သူတို့သည်] ရေငတ်​ခြင်း၊ ဆာမွတ်​ခြင်း​ကင်း​လျက် လေ​ပူ​နေရှိန် မထိမခိုက်​ရ။” (ဟေရှာယ ၄၉:၈၊ ၁၀သ​မ; ဆာလံ ၁၂၁:၅၊ ၆ လည်း​ရှု။) ဤ​ပရောဖက်ပြုချက်​၏ တစ်စိတ်​တစ်ပိုင်း​ကို ပေါလု​ကိုးကား​လျက် အေဒီ ၃၃ ခုနှစ်​မှ အစပြု​သော “ကယ်တင်​ရာ​နေ့ရက်” ပေါ် ပြည့်စုံ​သည့်​အနေ​နှင့် ဤသို့​ရေးသား​၏– “လက်ခံဖွယ်​အချိန်၌ ငါ​နားညောင်း​၍ ကယ်တင်​ရာ​နေ့ရက်​၌ သင့်ကို​မစ​ပြီ​ဟူသော ဗျာဒိတ်တော်​ချက်​အရ၊ ယခု​ပင် လက်ခံဖွယ်​အချိန်၊ ယခု​ပင် ကယ်တင်​ရာ​နေ့ရက် ဖြစ်” ၏။​—၂ ကောရိန္သု ၆:၂သ​မ။

၂၈၊ ၂၉။ (က) ဟေရှာယ​၏​စကား​များ ပထမ​ရာစု​၌ မည်သို့​ပြည့်စုံ​ခဲ့​သနည်း။ (ခ) လူအုပ်ကြီး​နှင့်​ပတ်သက်​၍ ဗျာဒိတ် ၇:၁၆ ပါ​စကား​များ မည်သို့​ပြည့်စုံ​သနည်း။ (ဂ) လူအုပ်ကြီး “အသက်ရေ စမ်း​ပေါက်​များ​ဆီ​သို့ လမ်းပြ​ခေါ်ဆောင်” ခံရ​သည့်​အတွက် ဘာဖြစ်​မည်​နည်း။ (ဃ) လူအုပ်ကြီးသည် လူသားများ​အနက် အဘယ်ကြောင့် တစ်မူထူး​ခြား​သူများ ဖြစ်​ကြ​မည်​နည်း။

၂၈ ဆာမွတ်​ခြင်း ရေငတ်​ခြင်း​ကင်း​လျက် လေ​ပူ​နေရှိန် မထိမခိုက်​ရ​ဟူသော ကတိတော်​သည် ထို​ခေတ်​နှင့် မည်သို့​သက်ဆိုင်​သနည်း။ ပထမ​ရာစု ခရစ်ယာန်​များ ရံဖန်ရံခါ ပကတိ​ဆာမွတ် ရေငတ်​ခဲ့​သည်​မှာ မုချ။ (၂ ကောရိန္သု ၁၁:၂၃-၂၇) သို့သော် ဝိညာဉ်​ရေး​အရ ချမ်းသာ​ကြွယ်ဝ​ကြ​၏။ ပေါများ​ကုံလုံ​စွာ ပေး​တော်​မူ​သောကြောင့် ဝိညာဉ်​ရေးရာ​များ​ကို ဆာငတ်​ခြင်း​မရှိကြ။ ထို့​ပြင် အေဒီ ၇၀ ပြည့်နှစ်​၌ ဂျူး​အစီအစဉ်ကို ဖျက်ဆီး​တော်​မူ​သောအခါ သူတို့အား မိမိ၏ အမျက်တော်​အပူရှိန် စူးရှခြင်း ခံစေ​တော်​မ​မူ။ ဗျာဒိတ် ၇:၁၆ ပါ​စကား​များသည် ယနေ့​လူအုပ်ကြီး​အပေါ် ဝိညာဉ်​ရေး​အရ အလားတူ​စွာ ပြည့်စုံ​လာ​၏။ သူတို့သည် ဘိသိက်ခံ​ခရစ်ယာန်​များနှင့်​အတူ ဝိညာဏ​အသုံးအဆောင်​များ ပေါကြွယ်​လှ​၏။​—ဟေရှာယ ၆၅:၁၃; နာဟုံ ၁:၆၊ ၇

၂၉ သင်သည် လူအုပ်ကြီး​ဝင်​တစ်ဦး​မှန်​လျှင် စာတန့်​စနစ် နေဝင်ချိန်​အတွင်း မည်သို့သော ချို့ငဲ့​မှု​နှင့်​ဖိစီးမှု ခံရ​စေ​ကာ​မူ သင့်​နှလုံး အခြေအနေ​ကောင်း​ကြောင့် “ရွှင်လန်းစွာ​ကြွေးကြော်” ပါ​လိမ့်​မည်။ (ဟေရှာယ ၆၅:၁၄က​ဘ) ဤ​အဓိပ္ပာယ်​အရ ယခု​ပင် ယေဟောဝါ​သည် ‘သင့်​မျက်ရည် ရှိသမျှကို အကုန်အစင်’ သုတ်​နိုင်​တော်​မူ​၏။ အပြစ်ပေး​စီရင်ခြင်း​တည်း​ဟူသော ဘုရားသခင့် စူးရှ​ပူလောင်​သော “နေ” ကို သင်​မကြောက်​ရတော့။ လေးမျက်နှာမှ ဖျက်ဆီးခြင်း​လေ​များ လွတ်​ထွက်​လာသော​အခါ ယေဟောဝါ​၏ မျက်​မာန်​တော် “ချစ်ချစ်တောက် အပူရှိန်” နှင့်​လည်း လွတ်​နိုင်​မည်။ ထို​ဖျက်ဆီးခြင်း လွန်မြောက်​သည့်​နောက် သိုးသငယ်​သည် လူကို အားသစ်ပြည့်​စေသော “အသက်ရေ စမ်း​ပေါက်​များ​ဆီ​သို့” သင့်​အား ပို့ဆောင်​လိမ့်​မည်။ ၎င်း​သည် သင်​ထာဝရ​အသက်​ရဖို့ ယေဟောဝါ ပြု​တော်​မူ​သော စီမံချက်​အားလုံး​ကို ကိုယ်စား​ပြု​သည်။ သင်သည် လူ့​စုံလင်ခြင်း​အဖြစ်သို့ တစ်စစ တက်လှမ်း​မည်​ဖြစ်၍ သိုးသငယ်​၏ အသွေးတော်​ကို ယုံကြည်​သော သင်၏​ယုံကြည်ခြင်း​သည် ယုံမှား​ခဲ့​ခြင်း​မဟုတ်​ကြောင်း ထင်ရှား​လာ​မည်။ လူအုပ်ကြီး​ဝင် သင်တို့သည် လူသားများ​အနက် သေ​ဖို့​ပင်မ​လို​သော “သန်း​ချီ​လူများ” ဖြစ်​ရသော​အခွင့်ထူး​ကို ရ​ကြလိမ့်မည်။ အပြည့်ဝ​ဆုံးသော အဓိပ္ပာယ်​အရ၊ သင့်​မျက်စိ​မှ မျက်ရည်​တစ်​စက်​မကျန် အကုန်အစင် သုတ်တော်မူ​ပြီး​ဖြစ်​မည်။

ခေါ်တော်မူ​ခြင်း​ကို သေချာ​အောင်​လုပ်ခြင်း

၃၀။ ယောဟန်​၏​ရူပါရုံ​က ကျွန်ုပ်​တို့အား ကျက်သရေ​ရှိသော အဘယ်​အနာဂတ်​ကို လှစ်ဟ​ပြသ​နည်း။ မည်သူ​များ “ခံရပ်” နိုင်​မည်​နည်း။

၃၀ ထိုစကား​များ​က အလွန်​ကျက်သရေ​ရှိသော အနာဂတ်​ကို လှစ်ဟ​ပြ​သည်​တကား။ ယေဟောဝါ ကိုယ်တော်တိုင် ပလ္လင်တော်​ပေါ်မှာ စံတော်မူ​ပြီး ကောင်းကင်​မြေကြီး​ရှိ အစေခံများ​အားလုံး တညီတညွတ်​တည်း ကိုယ်တော်​ကို ချီးမွမ်း​ကြ​၏။ မြေကြီးဆိုင်ရာ ကိုယ်တော့်​အစေခံများ​က ၎င်း​ထောမနာ​သံပြိုင်တေး​ကို ပါဝင်​သီဆို​ရသည်မှာ အခွင့်ထူး​ကြီး​ဖြစ်​ကြောင်း ကောင်းစွာ​သိ​ကြ​၏။ များ​မကြာမီ ယေဟောဝါ​နှင့် ခရစ်တော်​ယေရှု တရား​စီရင်​တော့​မည်။ ထို​အခါ “သူတို့၏ အမျက်တော်နေ့​ကြီး ကျရောက်​ပြီ​ဖြစ်၍ မည်သူ ခံရပ်​နိုင်​မည်​နည်း” ဟူသော အော်ဟစ်သံ​ကို ကြား​ရတော့မည်။ (ဗျာဒိတ် ၆:၁၇) အဖြေ​ကား မည်သို့​နည်း။ လူနည်းစု​သာ ခံရပ်​နိုင်​မည်။ ထို​လူနည်းစု​မှာ တံဆိပ်​ခတ်​ခံရ​သော ၁၄၄,၀၀၀ မှ အသက်ရှင်​ကျန်ကြွင်း​သူများ​နှင့် အခြားသိုး​များ​မှ လူအုပ်ကြီး​တို့​ဖြစ်သည်။​—ယေရမိ ၃၅:၁၉; ၁ ကောရိန္သု ၁၆:၁၃

၃၁။ ယောဟန်​၏​ရူပါရုံ ပြည့်စုံချက်​ကြောင့် ဘိသိက်ခံ​ခရစ်ယာန်​နှင့် လူအုပ်ကြီး​ဝင် ခရစ်ယာန်​များ​အားလုံး မည်သို့​ဖြစ်​သင့်​သနည်း။

၃၁ ဤ​အချက်​ကို​ထောက်၍ ယောဟန်​အတန်းအစား ဘိသိက်ခံ​ခရစ်ယာန်​များသည် “ယေရှု​ခရစ်​အားဖြင့် ဘုရားသခင်​သည် အထက်​အရပ်မှ ခေါ်တော်မူ​ခြင်း​နှင့်​ဆိုင်သော ဆု​ကို​ရခြင်း​ငှာ ပန်း​တုံး​တိုင်​သို့” အားသွန်ခွန်စိုက် ပြေးကြ​၏။ (ဖိလိပ္ပိ ၃:၁၄) ဤ​နေ့ရက်​များ​အတွင်းမှ အဖြစ်အပျက်​များ​ကြောင့် မိမိတို့ အထူး​ကြံ့ကြံ့ခံ​ဖို့​လို​ကြောင်း သူတို့​အပြည့်အဝ သတိပြုမိ​ကြ​၏။ (ဗျာဒိတ် ၁၃:၁၀) ယေဟောဝါ​ကို နှစ်​ရှည်​လ​များ သစ္စာ​တည်ကြည်​စွာ ဝတ်ပြု​လာ​ခဲ့​သည့်​နောက် မိမိတို့ “နာမည်​များသည် ကောင်းကင်​စာရင်း​၌ ဝင်​သည်” ကို ဝမ်းမြောက်​လျက် ယုံကြည်ခြင်းကို မြဲ​မြဲ​စွဲကိုင်​ကြသည်။ (လုကာ ၁၀:၂၀; ဗျာဒိတ် ၃:၅) “အဆုံးတိုင်အောင် တည်ကြည်သူ​ကို [သာ] . . . ကယ်တင်​တော်​မူ​လိမ့်​မည်” ဖြစ်​ကြောင်း လူအုပ်ကြီး​ဝင်​များလည်း သိ​ကြ​၏။ (မဿဲ ၂၄:၁၃ခသ) လူအုပ်ကြီးသည် အုပ်စု​တစ်စု​အနေ​နှင့် ဆင်းရဲ​ဒုက္ခ​ကြီး​ကို ကပ်ကျော်​ရန် မှတ်သား​ခံရ​သည် မှန်​သော်လည်း ပုဂ္ဂိုလ်​တစ်ဦးချင်း​အနေ​နှင့် အစဉ်သဖြင့် သန့်ရှင်း၍ တက်တက်ကြွကြွ​ရှိ​ရန် အားထုတ်​ရမည်။

၃၂။ ယေဟောဝါ​၏ အမျက်တော်နေ့​၌ အုပ်စု​နှစ်စု​သာ “ခံရပ်” နိုင်​မည် ဟူသော​အချက်​က အဘယ်​အရေးပေါ် အခြေအနေ​ကို ပေါ်လွင်​စေ​သနည်း။

၃၂ လူအုပ်စု နှစ်စု​မှ​လွဲ​၍ အခြားသူများ ယေဟောဝါ​၏ အမျက်တော်နေ့​၌ “ခံရပ်” မည်​ဟူသော သာဓက မရှိ​ချေ။ ဤ​အချက်​သည် သန်းပေါင်း​များစွာသော သူတို့​အဖို့ အဘယ်​အဓိပ္ပာယ် ရှိ​သနည်း။ ဤ​သူတို့သည် ယေရှု၏​သေခြင်း အောက်မေ့ပွဲ​ကို တက်ရောက်ခြင်း​ဖြင့် ကိုယ်တော့်​ယဇ်​သကာ​ကို အတော်အတန် လေးစားကြောင်း နှစ်စဉ် ပြသ​ကြသော်လည်း ယေဟောဝါ​၏ ဆက်ကပ်​အပ်နှံ နှစ်ခြင်း​ခံ​ကျေးကျွန်​များ ဖြစ်လာ​သည်​အထိ ယေရှု၏​ယဇ်​သကာ​ပေါ် ယုံကြည်ခြင်း မကျင့်​သုံး​ကြ​သေး​ချေ။ ထို့​ပြင် တစ်ချိန်က တက်တက်ကြွကြွ ရှိခဲ့​သော်လည်း ယခု “လောကီ​စိုးရိမ်ခြင်း​အားဖြင့် စိတ်နှလုံး​ပင်ပန်း​လျက်” နေသော​ပုဂ္ဂိုလ်​များ​ကော မည်သို့​နည်း။ ဤ​သူအား​လုံး နိုးကြား​လာပြီး ဆက်လက်​နိုးကြား​လျက် နေကြပါ​စေ။ သို့​မှ​သာ “ဖြစ်လတ္တံ့​သော ထို​အမှုအရာ​အလုံးစုံ​နှင့် ကင်းလွတ်​၍ လူသား [ယေရှု​ခရစ်] ၏​ရှေ့တော်၌ ရပ်နေ​နိုင်​ခွင့် ရ​ကြ​မည်။” အချိန် တိုတောင်း​လှ​ပြီ။​—လုကာ ၂၁:၃၄-၃၆သမ္မာ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 1 ကမ္ဘာသစ်​ဘာသာပြန် ရည်ညွှန်း​ကျမ်းစာ၊ အောက်ခြေမှတ်ချက်ကို​ရှု။

^ အပိုဒ်၊ 3 ၁၉၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်​နေ့​ထုတ် ကင်းမျှော်စင် စာမျက်နှာ ၉၈။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၁၉ ပါ လေးထောင့်ကွက်]

အနက်ဖွင့်​ချက်​များသည် ဘုရားသခင်​နှင့်​ဆိုင်​၏

ဆယ်စုနှစ်​များစွာအတွင်း ယောဟန်​အတန်းအစား​သည် လူအုပ်ကြီး မည်သူ​မည်ဝါ ဖြစ်​ကြောင်းကို စူးစမ်း​ခဲ့​သော်လည်း ကျေနပ်ဖွယ် ရှင်းလင်းချက်​ကို မ​တွေ့ခဲ့။ အဘယ်ကြောင့်​နည်း။ “အိပ်မက်​အနက်​များ [“အနက်ဖွင့်​ချက်​များ၊” က​ဘ] သည် ဘုရားသခင်​နှင့် ဆိုင်​သည်မဟုတ်​လော” ဟူသော သစ္စာရှိ ယောသပ်​၏ စကား​၌ အဖြေကို တွေ့ရ​သည်။ (ကမ္ဘာဦး ၄၀:၈သမ္မာ) အဘယ်​အချိန်တွင် အဘယ်​နည်းဖြင့် မိမိ၏ ပရောဖက်ပြုချက်​များ ပြည့်စုံခြင်း​ကို ဘုရားသခင် အနက်ဖွင့်​တော်​မူ​သနည်း။ အများအားဖြင့် ပြည့်စုံ​ခါနီး​အချိန် သို့​မဟုတ် ပြည့်စုံ​နေစဉ် အချိန် ဖြစ်သည်။ သို့​မှ​သာ စူးစမ်း​ရှာဖွေ​သော မိမိ၏ အစေခံများ​က အကြောင်းအရာများ​ကို ပီပြင်​စွာ ဝေခွဲ​ပိုင်းခြား​နိုင်​ကြ​မည် ဖြစ်သည်။ ဤ​နားလည်ခြင်း​ဉာဏ်​ကို ပေး​တော်​မူ​သည်​မှာ “ငါ​တို့ တည်ကြည်​ခြင်း​အားဖြင့်လည်း​ကောင်း၊ ကျမ်းဂန်​တော်​ကြောင့်​ရသော နှစ်သိမ့်ခြင်း အားဖြင့်လည်း​ကောင်း၊ မျှော်လင့်​ခွင့်​ရှိကြ​စေရန် သွန်သင်ခြင်း​အဖို့” ဖြစ်သည်။​—ရောမ ၁၅:၄သ​မ 

[စာမျက်နှာ ၁၂၄ ပါ လေးထောင့်ကွက်]

လူအုပ်ကြီး​အဝင်​များ

▪ လူမျိုး၊ မျိုးနွယ်စု၊ လူ​ပုဂ္ဂိုလ်​နှင့် ဘာသာ​စကား အားလုံး​မှ ထွက်​လာ​ကြသည်

▪ ယေဟောဝါ​၏ ပလ္လင်တော်​ရှေ့ ရပ်​ကြသည်

▪ သိုးသငယ်​၏​သွေး​ဖြင့် မိမိတို့၏​ဝတ်လုံကို ဖြူစင်​အောင် လျှော်ဖွပ်​ခဲ့​ကြ​လေ​ပြီ

▪ ယေဟောဝါ​နှင့် ယေရှု​တို့၏ ကျေးဇူးတော်​ကြောင့် မိမိတို့ ကယ်တင်ခြင်း​ရသည်​ဟု ဆို​ကြသည်

▪ ဆင်းရဲ​ဒုက္ခ​ကြီး​ထဲ​မှ ထွက်မြောက်​လာ​ကြသည်

▪ ဗိမာန်တော်တွင် နေ့​ည​မပြတ် ယေဟောဝါ​ကို ဝတ်ပြု​ကြသည်

▪ ယေဟောဝါ​၏ မေတ္တာပါ​သော ကာကွယ်​မှု​နှင့် စောင့်ရှောက်မှု​ကို ခံရ​ကြသည်

▪ ယေရှု​က သူတို့ကို အသက်ရေ စမ်း​ပေါက်​များ​ဆီ​သို့ ပို့ဆောင်​တော်​မူ​သည်

[စာမျက်နှာ ၁၂၁ ပါ ရုပ်ပုံ]

[စာမျက်နှာ ၁၂၇ ပါ ရုပ်ပုံ]

ဘုရားသခင်​နှင့် သိုးသငယ်​အားဖြင့်​သာ လူအုပ်ကြီး ကယ်တင်​ခံရ

[စာမျက်နှာ ၁၂၈ ပါ ရုပ်ပုံ]

သိုးသငယ်​သည် လူအုပ်ကြီး​ကို အသက်ရေ စမ်း​ပေါက်​များ​ဆီ​သို့ ပို့ဆောင်​တော်​မူ​မည်