မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နာမ်ဝိညာဉ်​ဘုံ​က ပုန်ကန်မှု

နာမ်ဝိညာဉ်​ဘုံ​က ပုန်ကန်မှု

စာတန်​က မြွေ​ကို​သုံးပြီး ဧဝ​ကို စကားပြော​တဲ့​အခါ ဧဝ​လည်း စာတန်​ဘက်​ပါ​ပြီး ဘုရားသခင်​ကို ပုန်ကန်​တယ်

ယေဟောဝါ​ဘုရား ဖန်ဆင်း​တဲ့ နာမ်ဝိညာဉ်သား အားလုံး ကောင်း​ကြတယ်။ နောက်ပိုင်း​မှာ ကောင်းကင်တမန်​တစ်ပါး ဆိုး​သွားတယ်။ စာတန်​မာရ်နတ်ပါပဲ။ စာတန်​က မြေကြီးပေါ်​ရှိ လူတွေကို ယေဟောဝါ​အစား မိမိကို ဝတ်ပြု​ကိုးကွယ်​စေချင်တယ်။ ဖြစ်ပျက်​ခဲ့​တာ ဒီလို​ပါ။

ဧဒင်ဥယျာဉ်​မှာ အရသာရှိတဲ့ သီး​ပင်​တွေ အများကြီး​ရှိတယ်။ အဲဒီ​အသီး​တွေ​ကို စိတ်ကြိုက် စား​လို့​ရပေမဲ့ အပင်​တစ်ပင်​ရဲ့ အသီးကို​တော့ မစားရဘူး၊ စား​ရင် သေရ​လိမ့်မယ်လို့ လို့ အာဒံနဲ့ ဧဝ​တို့ကို ယေဟောဝါ​ဘုရား မိန့်ဆိုတယ်။—ကမ္ဘာဦး ၂:၉၊ ၁၆၊ ၁၇

တစ်နေ့ ဧဝ​တစ်ယောက်တည်း ရှိနေတုန်း မြွေ​တစ်ကောင်​က စကား​လာ​ပြော​တယ်။ တကယ်တော့ စကားပြော​နေတာ မြွေ​မဟုတ်ဘူး။ မြွေ​နောက်ကွယ်​ကနေ စာတန် ပြော​နေတာ။ တားမြစ်​ထား​တဲ့ အသီးကို စား​ရင် ဘုရား​လို ပညာရှိ​လာမယ်လို့ စာတန်​က ဧဝ​ကို ပြော​တယ်။ သေ​မှာ မဟုတ်ဘူး လို့​လည်း ပြော​တယ်။ အဲဒါ အလိမ်အညာ​တွေ။ ဒါပေမဲ့ ဧဝ​က စာတန်​ကို ယုံကြည်ပြီး အသီးကို စား​လိုက်​ရုံ​မ​က အာဒံ​ကိုလည်း ပေး​တော့ သူလည်း စား​ခဲ့တယ်။—ကမ္ဘာဦး ၃:၁-၆

စာတန်​ဟာ သူပုန်၊ လိမ်ညာ​သူ​မှန်း ဒီ​ဖြစ်ရပ်မှန်​ကနေ သိရှိ​ရတယ်။ ဘုရား​စကား နားမထောင်​ရင် သေ​ရမှာ မဟုတ်ဘူးလို့ ဧဝ​ကို ပြော​တယ်။ အဲဒါ အလိမ်အညာ​ပဲ။ ဧဝ သေသွား​သလို အာဒံလည်း သေသွား​ခဲ့တယ်။ အပြစ်​လုပ်ခဲ့လို့ စာတန် မသေ​သေး​ပေမဲ့ နောက်ဆုံး သေ​မှာ​ပါ။ အခု စာတန် အသက်ရှင်နေ​ပြီး လူသားတွေကို ဆက်​ပြီး လိမ်လည်​လှည့်ဖြား​နေတုန်းပဲ။ လူတွေ ဘုရား​ပညတ်​ကို ချိုးဖောက်​အောင် ကြိုးစား​နေတုန်းပဲ။—ယောဟန် ၈:၄၄

တခြား ကောင်းကင်တမန်​တွေ​လည်း ပုန်ကန်​ကြ

နောက်ပိုင်း​မှာ တခြား​ကောင်းကင်တမန်​တွေ​လည်း ဆိုး​လာကြတယ်။ မြေကြီးပေါ်​က အမျိုးသမီး အ​ချော​အလှ​တွေ​ကို မြင်တွေ့​ပြီး လိင်ဆက်ဆံ​ချင်​ကြတယ်။ ဒီလိုနဲ့ ယော​က်ျား​ကိုယ်ခန္ဓာ ပြောင်း​ပြီး မြေကြီးပေါ် ရောက်​လာကြတယ်၊ မိန်း​မ​တွေ ယူ​ကြတယ်။ ဒါဟာ ဘုရား​ရည်ရွယ်ချက်​နဲ့ ဆန့်ကျင်​တယ်။—ကမ္ဘာဦး ၆:၁၊ ၂။ ယုဒ ၆

ဆို​ညစ်​တဲ့ ကောင်းကင်တမန်​တွေ​က အမျိုးသမီးတွေနဲ့ လိင်မှု​ကိစ္စ ပြုလုပ်​ဖို့ မြေကြီးပေါ် ဆင်းလာ​ကြတယ်

ဒါ​ကြောင့် လူသားတွေ အလွန်​ဒုက္ခ​ရောက်​ခဲ့​ကြရတယ်။ အဲဒီ​ကောင်းကင်တမန်​တွေ​ရဲ့ မိန်း​မ​တွေ​က သာမန်​မဟုတ်တဲ့ ကလေး​တွေ မွေး​ကြတယ်။ သူတို့​တ​တွေ ကြီးပြင်း​လာတဲ့အခါ ရမ်းကား​ကြမ်းကြုတ်​တဲ့ လူ့​ဘီလူးကြီး​တွေ ဖြစ်လာ​ကြတယ်။ ဒီလိုနဲ့ ကမ္ဘာ​ပေါ်မှာ အကြမ်းဖက်မှု ပြည့်​လာတဲ့​အတွက် လူဆိုးတွေကို ရေလွှမ်းမိုး​ဘေး​ကြီး​နဲ့ ဖျက်ဆီး​ပစ်​ဖို့ ယေဟောဝါ​ဘုရား ဆုံးဖြတ်​လိုက်တယ်။ ဖြောင့်မတ်​တဲ့ နောဧ​နဲ့ မိသားစု​ပဲ ရေလွှမ်းမိုး​ဘေး​ကနေ လွတ်မြောက်​ခဲ့​ကြတယ်။—ကမ္ဘာဦး ၆:၄၊ ၁၁။ ၇:၂၃

ကောင်းကင်တမန်​ဆိုး​တွေ​က​တော့ မသေ​ဘဲ နာမ်ဝိညာဉ်​ဘုံ​ကို ပြန်သွား​ကြတယ်။ ဒါပေမဲ့ ပြစ်ဒဏ် ခံ​ကြရတယ်။ ဖြောင့်မတ်​တဲ့ ကောင်းကင်တမန်​တွေ​နဲ့ ဖွဲ့စည်းထား​တဲ့ ဘုရားသခင့်​မိသားစု​ထဲ ပြန်ဝင်​ခွင့် မရ​ကြ​တော့​ဘူး။ အဲဒီအပြင် လူ့​ခန္ဓာကိုယ် ပြောင်း​နိုင်​ခွင့်​ကိုလည်း ယေဟောဝါ​ဘုရား ရုတ်သိမ်း​လိုက်တယ်။ သူတို့​တ​တွေ​ဟာ တရား​စီရင်​ရာ​နေ့ကြီး​မှာ သေကြ​ရမှာ​ပါ။—၂ ပေတရု ၂:၄။ ယုဒ ၆

ကောင်းကင်​ကနေ စာတန် ပစ်ချ​ခံရ

စာတန်​နဲ့ အပေါင်းပါ ကောင်းကင်တမန်​ဆိုး​တွေ​ဟာ ကောင်းကင်​ကနေ နှင်ချ​ခံ​ကြရတယ်

၂၀ ရာစု အစောပိုင်း​တုန်း​က ကောင်းကင်​မှာ စစ်​ဖြစ်တယ်။ အဲဒီ​ဖြစ်ရပ်​ကို ဗျာဒိတ်​ကျမ်း​မှာ ဖော်ပြ​ထား​တယ်- “ကောင်းကင်​မှာ စစ်​ဖြစ်တယ်။ မိက္ခေလ [ထမြောက်​ခဲ့​တဲ့ ယေရှု) နဲ့ သူရဲ့ ကောင်းကင်တမန် [ကောင်း] တွေ​က နဂါး [စာတန်] နဲ့ တိုက်ခိုက်​ကြတယ်။ နဂါး​နဲ့ သူ့ရဲ့​ကောင်းကင်တမန် [ဆိုး] တွေ​လည်း ပြန်​တိုက်ခိုက်​ကြတယ်။ ဒါပေမဲ့ သူတို့ စစ်ရှုံး သွားတယ်။ ကောင်းကင်​မှာ သူတို့​နေစရာ​လည်း မရှိတော့ဘူး။ ဒါ​ကြောင့် လူနေထိုင်ရာ မြေတစ်ပြင် လုံး​ကို​လှည့်စားသူ၊ မာရ်နတ်​စာတန်​လို့​ခေါ်​တဲ့ ရှေး​မြွေ​ဟောင်း၊ နဂါး​ကြီး​ဟာ မြေကြီးပေါ် ပစ်ချ​ခံရ​တယ်။ သူနဲ့အတူ သူ့ရဲ့ ကောင်းကင်တမန် [ဆိုး] တွေ​လည်း ပစ်ချ​ခံရ​တယ်။”

ရလဒ်​က ဘာလဲ။ ကျမ်းစာ​မှာ ဒီလို​ဆက်​ဖော်ပြ​ထား​တယ်- “ဒါ​ကြောင့် ကောင်းကင်​နဲ့ ကောင်းကင်​မှာ နေထိုင်​သူတို့ ဝမ်းမြောက်​ကြ​ပါ။” စာတန်​နဲ့ ဆိုးညစ်​တဲ့ ကောင်းကင်တမန်​ဆိုး​တွေ ကောင်းကင်​မှာ မရှိတော့တဲ့​အတွက် ကောင်းကင်တမန်​ကောင်း​တွေ ဝမ်းမြောက်​နိုင်​ကြပြီ။ မြေကြီးပေါ်​က လူတွေကျတော့​ကော။ ကျမ်းစာ ဒီလို​ပြော​တယ်။ “မြေကြီးနဲ့ ပင်လယ်​ဟာ အဖြစ်ဆိုး​ကြုံနေ​ရပြီ။ မာရ်နတ်ဟာ သူ့​အတွက် အချိန်​နည်းနည်း​ပဲ ကျန်​တော့​မှန်း​သိလို့ မင်းတို့​ဆီ ဒေါသတကြီး​ဆင်းလာ​ပြီ။”—ဗျာဒိတ် ၁၂:၇-၉၊ ၁၂

စာတန်​နဲ့ ဆိုးညစ်​တဲ့​အပေါင်းအပါ​တွေ​က ကမ္ဘာ​ပေါ်​က လူတွေကို လှည့်ဖြား​ပြီး အဖြစ်ဆိုး​ကြီး​တွေ ကြုံ​စေတယ်။ အဲဒီ​ဆိုးညစ်​တဲ့ ကောင်းကင်တမန်​တွေ​ကို နတ်ဆိုးတွေလို့ ခေါ်​တယ်။ သူတို့ဟာ ဘုရား​ရဲ့ ရန်သူတွေ ဖြစ်​ကြတယ်။ သူတို့​အားလုံး ဆိုးညစ်​ကြတယ်။