မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာတန်​ကို​မဟုတ်ဘဲ ယေဟောဝါ​အမှုကို ဆောင်​ပါ

စာတန်​ကို​မဟုတ်ဘဲ ယေဟောဝါ​အမှုကို ဆောင်​ပါ

ကျွန်တော်​တို့အားလုံး ရွေးချယ်စရာ​တစ်ခု ရှိတယ်။ ယေဟောဝါ​ဘုရား​ရဲ့ အမှုကို ဆောင်​မလား၊ စာတန်​နဲ့ နတ်ဆိုးတွေရဲ့ အမှုကို ဆောင်​မလား ရွေးချယ်​ရမယ်။ နှစ်ခုစလုံး ရွေးချယ်​လို့​တော့ မရဘူး။ ယေဟောဝါ​ဘုရား​ရဲ့ အမှုကို ဆောင်​တာ​ဟာ ပညာ​အရှိဆုံး​ပါ​ပဲ။

ယေဟောဝါ​ဘုရား​ဟာ ကောင်းမြတ်

ကျွန်တော်​တို့ မြင်တွေ့ခဲ့​ရတဲ့​အတိုင်း နတ်ဆိုးတွေက လူတွေကို ထိခိုက်​နစ်နာ​စေပြီး လှည့်ဖြား​ကြတယ်။ ယေဟောဝါ​ဘုရား​က​တော့ အဲဒီလို မဟုတ်ဘူး။ ဖခင်​က မိမိ​ကလေး​တွေ​ကို ချစ်​သလို လူတွေကို ဘုရား ချစ်​မြတ်နိုးတယ်။ ဘုရားသခင်ဟာ “ကောင်းမြတ်​တဲ့​ဆု ကျေးဇူး၊ ပြည့်ဝ​စုံလင်​တဲ့ လက်ဆောင်​မှန်သမျှ” ကို ပေး​တဲ့​အရှင်​ပါ။ (ယာကုပ် ၁:၁၇) အကြီးအကျယ် အနစ်နာခံ​ပြီး​တာ​တောင် ဘာမှ ထိန်ချန်​မထား​ဘဲ လူတွေကို ကောင်း​တာ​တွေ ပေးတယ်။—ဧဖက် ၂:၄-၇

ဘုရားသခင့်​သားတော် ယေရှု​က လူတွေရဲ့ ဖျားနာ​မှု​ကို ​ကုသ​ပေး​ပြီး မေတ္တာပြ​ခဲ့

ဘုရားသခင့်​သားတော် ယေရှု မြေကြီးပေါ်​ရှိ​စဉ် လုပ်ဆောင်ခဲ့​ရာတွေကို စဉ်းစား​ကြည့်​ပါ။ စကား​မပြော​နိုင်​သူကို စကားပြော​လာအောင် လုပ်ပေးတယ်။ မျက်မမြင်​သူတွေကို မျက်စိ​ပြန်မြင်​စေတယ်။ အနာကြီး​ရောဂါ စွဲကပ်​နေ​သူတွေနဲ့ ခြေမ​သန်​သူတွေကို ကုသ​ပေးတယ်။ နတ်ဆိုးတွေကို နှင်ထုတ်​တယ်၊ ရောဂါ​အားလုံး​ကို ကုသ​ပေးတယ်။ ဘုရားသခင့်​တန်ခိုးတော်​ကို​သုံးပြီး လူသေကိုတောင် ပြန်ရှင်​စေ​ခဲ့တယ်။—မဿဲ ၉:၃၂-၃၅။ ၁၅:၃၀၊ ၃၁။ လုကာ ၇:၁၁-၁၅

ဘုရားသခင်ဟာ မ​လိမ်​တတ်​ဘူး။ ထင်ယောင်ထင်မှား​ဖြစ်​ဖို့ မုသာ မ​သုံး​ဘူး။ ဘယ်သူ့ကိုမှ မလှည့်စား​ဘူး။—တောလည်ရာ ၂၃:၁၉

မသန့်ရှင်းတဲ့ အကျင့်အကြံ​တွေ​ကို ရှောင်ပါ

ပင့်ကူအိမ်​က ယင်ကောင်​ကို မ​လှုပ်​နိုင်အောင် ဖမ်းချုပ်​ထား​သလို သန်းနဲ့ချီတဲ့ လူတွေလည်း အယူသီးခြင်း​နဲ့ မဟုတ်မမှန်တာတွေ​ရဲ့ ချုပ်နှောင်​မှု​ကို ခံ​နေကြ​ရတယ်။ လူသေကို ကြောက်​ကြတယ်။ နတ်ဆိုးတွေကို ကြောက်​ကြတယ်။ ကျိန်စာ​တိုက်​တာ​တွေ၊ မှော်၊ အဆောင်​လက်ဖွဲ့၊ အစီ​အရင်​တွေ​ကို စိုးရိမ်​ကြတယ်။ စာတန်​မာရ်နတ်ရဲ့ အလိမ်အညာ​တွေ​ပေါ် အခြေခံ​တဲ့ ယုံကြည်ချက်တွေ၊ ထုံးတမ်း​စဉ်​လာ​တွေ​ရဲ့ ချုပ်နှောင်​မှု ခံ​နေကြ​ရတယ်။ ဘုရားသခင့်​ကျေးကျွန်​တွေ​က​တော့ အဲဒီ​အရာ တစ်ခု​နဲ့​မှ ဖမ်းချုပ်​မခံရ​ဘူး။

ယေဟောဝါ​ဘုရား​ဟာ စာတန်​ထက် အဆ​မတန် တန်ခိုး​ကြီး​တယ်။ ယေဟောဝါ​အမှုဆောင်​သူ​ဖြစ်​ရင် နတ်ဆိုးတွေရဲ့ ရန်​ကနေ သင့်ကို ကာကွယ်​ပေး​ပါ​လိမ့်မယ်။ (ယာကုပ် ၄:၇) သင့်ကို ပြုစား​လို့​ရမှာ မဟုတ်ဘူး။ ဥပမာ၊ မြို့ကနေ ထွက်ခွာ​ဖို့ ငြင်းဆို​တဲ့ နိုင်ဂျီးရီးယား​နိုင်ငံ​က ယေဟောဝါသက်သေ​တစ်ယောက်ကို သတ်ပစ်ဖို့ အစွမ်းထက်တဲ့ ပ​ယော​က​ဆရာ​သုံးယောက်​က ပြုစား​ခဲ့တယ်။ သူတို့​ပြုစား​တာ မအောင်မြင်တဲ့​အခါ ပယောဂ​ဆရာ​တစ်ယောက်​ဟာ ထိတ်လန့်​ကြောက်ရွံ့​ပြီး သက်သေခံ​ဆီ သွား၊ ခွင့်လွှတ်​ပေးဖို့ တောင်းပန်​ခဲ့တယ်။

ဧဖက်​မြို့သားတွေ​ဟာ မှော်အတတ်​နဲ့​ဆိုင်​တဲ့ မိမိတို့ရဲ့ စာအုပ်​တွေ​ကို မီးရှို့​ပစ်​ခဲ့​ကြ

သင့်ကို နတ်ဆိုး​တွေ ဒုက္ခ​ပေး​တဲ့​အခါ ယေဟောဝါ​နာမည်​တပ်​ပြီး ခေါ်​မယ်​ဆိုရင် ဘုရား ကာကွယ်​ပေး​ပါ​လိမ့်မယ်။ (ပညာအလိမ္မာ ၁၈:၁၀) ဒါပေမဲ့ ဘုရားသခင့်​အကာအကွယ် ရဖို့ နတ်ဆိုး​ပညာ၊ နတ်ဆိုး​ကိုးကွယ်​မှု မှန်သမျှနဲ့ လုံးဝ ကင်းရှင်း​နေ​ရမယ်။ ရှေးခေတ် ဧဖက်​မြို့မှာ ဘုရား​ကို ကိုးကွယ်​သူတွေ အဲဒီလို လုပ်ဆောင်ခဲ့​ကြတယ်။ မှော်အတတ်​နဲ့ ဆိုင်​တဲ့ စာစောင်​တွေ​အားလုံး​ကို ထုတ်ပြီး မီးရှို့​ပစ်​ခဲ့​ကြတယ်။ (တမန်တော် ၁၉:၁၉၊ ၂၀) ဒီနေ့ ဘုရား​ကျေးကျွန်​တွေ​လည်း အဲဒီအတိုင်း လုပ်ဆောင်​ရမယ်။ အဆောင်​လက်ဖွဲ့၊ “အကာအကွယ်” ကြိုး၊ အစီ​အရင်​တွေ၊ မှော်​စာအုပ်​တွေ၊ နတ်ဆိုး​ပညာ​နဲ့​ပတ်သက်​ဆက်နွှယ်​တာ မှန်သမျှကို ရှင်းထုတ်​ပစ်​ရမယ်။

စစ်မှန်တဲ့ ဝတ်ပြုရေးမှာ ပါဝင်​ပါ

ဘုရား​မျက်နှာသာ ရ​ချင်​ရင် မှားယွင်းတဲ့ ဝတ်ပြု​ကိုးကွယ်​မှု​ကို စွန့်လွှတ်​ရုံ၊ မကောင်းမှု မ​လုပ်​ရုံ​နဲ့ မလုံလောက်​ဘူး။ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်​မှု​မှာ တက်တက်ကြွကြွ ပါဝင်​ရမယ်။ ဘာတွေ လုပ်ဆောင်​ရမယ်ဆိုတာ ကျမ်းစာ​မှာ ဖော်ပြ​ထား​တယ်။

ခရစ်ယာန်​အစည်းအဝေးတွေ တက်​ပါ။—ဟီဘရူး ၁၀:၂၄၊ ၂၅

ကျမ်းစာ​လေ့လာ​ပါ။—ယောဟန် ၁၇:၃

လူတွေကို ဟောပြောပါ။—မဿဲ ၂၄:၁၄

နှစ်ခြင်း​ခံ​ပါ။—တမန်တော် ၂:၄၁

ယေဟောဝါ​ဆီ ဆုတောင်း​ပါ။—ဖိလိပ္ပိ ၄:၆၊ ၇

ယေဟောဝါသက်သေ​တွေ​နဲ့ ပေါင်းသင်း​ပါ

မှားယွင်းတဲ့​အရာ​တွေ​ကို ကျင့်သုံး​ပြီး တခြား​သူတွေကို သွန်သင်ပေး​နေတဲ့ စာတန်​နဲ့ နတ်ဆိုးတွေရဲ့ လူတွေ မြေကြီး​ပေါ်မှာ ရှိနေတယ်။ ယေဟောဝါ​ဘုရား​မှာလည်း ဘုရား​ရဲ့ လူတွေ ရှိကြတယ်။ ယေဟောဝါသက်သေ​တွေ​ပေါ့။ (ဟေရှာယ ၄၃:၁၀) မြေတစ်ပြင်လုံးမှာ သက်သေခံ ရှစ်​သန်း​ကျော် ရှိတယ်။ သူတို့​အားလုံး ကောင်း​တာ​ကို အတတ်နိုင်ဆုံး လုပ်ဆောင်​ပြီး တခြား​သူတွေကို အမှန်တရား သွန်သင်ပေး​နေကြ​တယ်။ နိုင်ငံ​များစွာ​မှာ​တော့ နိုင်ငံတော်​ခန်းမ​မှာ သူတို့နဲ့ တွေ့ဆုံ​နိုင်တယ်၊ သင့်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆို​ကြ​ပါ​လိမ့်မယ်။

သူတို့ရဲ့ အလုပ်​က ဘုရား​ကို ကိုးကွယ်​လာအောင် တခြား​သူတွေကို ကူညီ​ပေး​ပါ။ သင့်​အိမ်မှာ သင်နဲ့​အတူ ကျမ်းစာ​လေ့လာ​ကြတယ်၊ ယေဟောဝါ​ဘုရား​ကို နည်း​မှန်​လမ်း​ကျ ဘယ်လို ဝတ်ပြု​ရမယ်ဆိုတာ သိရှိအောင် ကူညီ​ပေး​ကြတယ်။ အဲဒီ​အတွက် အခကြေးငွေ ပေး​စ​ရာ မလိုပါဘူး။ သက်သေခံတွေ​က အမှန်တရားကို ဝမ်းသာ​အားရ သွန်သင်ပေး​ချင်​ကြတယ်။ သူတို့ဟာ ယေဟောဝါ​ဘုရား​နဲ့ လူတွေကို ချစ်​ကြ​လို့​ပါ​ပဲ။

ဘုရား​အမှုဆောင်ဖို့ ယေဟောဝါသက်သေ​တွေ ကူညီ​ပေး​ပါ​လိမ့်မယ်