မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကောင်းမွန်​တဲ့​အနာဂတ်

ကောင်းမွန်​တဲ့​အနာဂတ်

မကြာခင် စာတန်​နဲ့ နတ်ဆိုး​တွေ ဖျက်ဆီး​ခံရ​တော့​မယ်

စာတန်​နဲ့ နတ်ဆိုးတွေဟာ လူတွေကို ကြာရှည် လှည့်​ဖျား​နိုင်​တော့​မှာ မဟုတ်ဘူး။ သူတို့ကို ကောင်းကင်​ကနေ ယေဟောဝါ​ဘုရား ပစ်ချ​လိုက်ပြီ။ (ဗျာဒိတ် ၁၂:၉) မကြာခင် စာတန်​နဲ့ နတ်ဆိုးတွေကို ဘုရားသခင် အရေးယူ​တော့​မယ်။ ဘုရား​ပေး စိတ်အာရုံ​တစ်ခု​မှာ တမန်တော်​ယောဟန် ဒီလို​ပြော​တယ်- “အဲဒီနောက် ကောင်းကင်တမန်​တစ်ပါး​က တွင်း​နက်​ကြီး​ရဲ့ သော့​နဲ့ သံကြိုး​ကြီး​ကို ကိုင်​ပြီး ကောင်းကင်​ကနေ ဆင်းလာ​တာ​ကို ကျွန်တော် မြင်တယ်။ သူက မာရ်နတ် စာတန်​လို့​ခေါ်​တဲ့ ရှေး​မြွေ​ဟောင်း နဂါး​ကြီး​ကို ဖမ်း​ပြီး အနှစ် ၁,၀၀၀ ချည်နှောင်​လိုက်တယ်။ အဲဒီနောက် သူက နဂါး​ကြီး​ကို တွင်း​နက်​ကြီး​ထဲ ပစ်ချ​ပြီး တွင်း​ဝ​ကို တံဆိပ်​ခတ်​ပြီး ပိတ်​လိုက်တယ်။ နဂါး​ကြီး​က အနှစ် ၁,၀၀၀ မကုန်​မချင်း လူမျိုးတွေကို နောက်​တစ်ကြိမ် လှည့်ဖြား​လို့ မရတော့ဘူး။ ပြီး​ရင်​တော့ နဂါး​ကြီး​ကို နောက်​တစ်ကြိမ် ပြန်လွှတ်​ဦး​မယ်။” (ဗျာဒိတ် ၂၀:၁-၃) အဲဒီနောက် မာရ်နတ်​နဲ့ နတ်ဆိုး​တွေ ထာဝရ ဖျက်ဆီး​ခံရ​မယ်။—ဗျာဒိတ် ၂၀:၁၀

မြေကြီးပေါ်​က မကောင်းတဲ့​လူတွေလည်း ပယ်ရှား​ခံရ​မယ်။—ဆာလံ ၃၇:၉၊ ၁၀။ လုကာ ၁၃:၅

လူသေ​တွေ ပြန်ရှင်​လာမယ်

လူသေ​တွေ မြေကြီးပေါ် ပြန်ရှင်​လာ​ကြ​မယ်

စာတန်​နဲ့ နတ်ဆိုးတွေရဲ့ အနှောင့်အယှက် မရှိတော့တဲ့​နောက် ယေဟောဝါ​ဘုရား​က လူသားတွေ​အပေါ် ကောင်းချီး​များစွာ သွန်းလောင်း​ပေး​ပါ​လိ​မ့်​မယ်။ လူသေ​တွေ​ဟာ အသက်မရှိ၊ ဘယ်မှာ​မှ မတည်ရှိ​တော့​ဘူးဆို​တာ မှတ်မိ​နေလိမ့်မယ်။ သေခြင်းကို အိပ်စက်ခြင်း၊ အိပ်မက် မ​မက်​ဘဲ နှစ်နှစ်​ခြိုက်​ခြိုက် အိပ်စက်ခြင်း​နဲ့ ယေရှု ခိုင်းနှိုင်း​ခဲ့တယ်။ (ယောဟန် ၁၁:၁၁-၁၄) သေခြင်း​မှာ အိပ်ပျော်နေသူ​တွေ ပြန်ရှင်​လာမယ့်​အချိန် ရောက်လာ​မယ်​ဆိုတာ​ကို ယေရှု သိလို့ ဒီလို​ပြော​ခဲ့​တာ​ပါ- “သင်္ချိုင်းဂူ​တွေ​မှာ ရှိနေ​သူအား​လုံး . . . ထွက်​လာမယ့်​အချိန် ရောက်လာ​တော့​မယ်။”—ယောဟန် ၅:၂၈၊၂၉။ တမန်တော် ၂၄:၁၅ နဲ့​နှိုင်းယှဉ်ပါ။

သူတို့ မြေကြီးပေါ် ပြန်​အသက်ရှင်​လာ​ကြ​မယ်။ နာ​ရေး ကြော်ငြာ​တွေ​အစား ပြန်​အသက်ရှင်​လာ​သူတွေနဲ့​ပတ်သက်​တဲ့ ပျော်ရွှင်​လန်းဆန်း​စ​ရာ သတင်းတွေကို​ပဲ ကြားကြ​ရမယ်။ သင်္ချိုင်း​ထဲ​ကနေ ချစ်​မြတ်နိုး​ရသူတွေကို ပြန်​ကြိုဆို​ရတာဟာ ရွှင်လန်းစရာ သိပ်​ကောင်း​မှာပဲ။