မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပူဆွေးသောကနှင့် ကျွန်ုပ်မည်သို့ စခန်းသွားရမည်နည်း

ပူဆွေးသောကနှင့် ကျွန်ုပ်မည်သို့ စခန်းသွားရမည်နည်း

“ကိုယ့် ရဲ့​ခံစားချက်​တွေကို မျိုသိပ်​ထား​ဖို့ ကျွန်တော်​ဖိအား​အများကြီး ပေး​ခံ​ခဲ့ရတယ်” ဟူ​၍ မိုက်​ခ်​က သူ့​ဖခင်​ကွယ်လွန်​စဉ်​က အဖြစ်အပျက်များ​ကို သတိတရ​နှင့် ရှင်းပြ​သည်။ မိုက်​ခ်​အဖို့​ရာမှာ ပူဆွေးဝမ်းနည်း​မှုကို မျိုသိပ်​ရ​သည်​မှာ ယောက်ျား​ပီသ​သော​အလုပ် ဖြစ်ခဲ့သည်။ သို့​သော်လည်း နောက်ပိုင်း​တွင် မိမိ​မှားယွင်း​ခဲ့​ကြောင်း သူ​သဘောပေါက်​လာ​သည်။ သို့​နှင့် မိုက်​ခ်​မိတ်ဆွေ​၏ အဖိုး​ကွယ်လွန်ချိန်​၌ ဘာ​လုပ်​ရမည်​ကို မိုက်ခ်​သိခဲ့​သည်။ ဤသို့​သူ​ပြောပြ​၏– “လွန်ခဲ့တဲ့​နှစ်​အနည်းငယ်​လောက်​ကသာ​ဆိုရင် ကျွန်တော်​သူ့​ပခုံး​ကိုပုတ်ပြီး ‘ယောက်ျား​ရင့်​မကြီး​လို​နေ​စမ်း​ပါ’ လို့ပြော​မိမှာ​ပဲ။ ဒါပေမဲ့ အခုတော့ သူ့​လက်မောင်း​ကို​အသာအယာ​ကိုင်​ပြီး ‘ရင်​ထဲမှာရှိတဲ့​ခံစားချက်​တွေကို သူ့​သဘာဝ​အတိုင်း လွှတ်​ပေးထား​လိုက်ပါ။ ရင်​ထဲမှာ​ပေါ့ပြီး နေသာထိုင်သာ​ရှိသွား​ပါလိမ့်မယ်။ ကျွန်တော့်ကို ထွက်သွား​စေချင်​ရင် ကျွန်တော်​ထွက်သွား​ပါ့​မယ်။ အနား​မှာ​နေ​စေချင်တယ်​ဆိုရင်​လည်း နေ​ပါ့​မယ်။ ဒါပေမဲ့ ကိုယ့်​ခံစားချက်​တွေကို ထုတ်ဖော်​ဖို့​အတွက်တော့ ဘာမှ​မစိုးရိမ်​ပါနဲ့’ လို့ပြော​လိုက်​ပါတယ်။”

မေရီ​အဲ​န်း​သည်လည်း ခင်ပွန်း​ဖြစ်သူ​ကွယ်လွန်​စဉ်​က သူ​မ​၏​ခံစားချက်များ​ကို မျိုသိပ်​ထား​ရန် ဖိအားပေး​ခံ​ခဲ့ရ​သည်။ “သူများ​အတွက် ပုံနမူ​နာကောင်း​ဖြစ်ဖို့​ပဲ ကျွန်မ​စိတ်ပူ​ခဲ့တယ်။ ဒါကြောင့်​မို့ သာမန်​ခံစားချက်​တွေကို​တောင် ကိုယ့်ကိုယ်ကို​အခွင့်​မပေး​ခဲ့ဘူး။ ဒါပေမဲ့ နောက်ဆုံး​မှာတော့ သူများ​အတွက်​နဲ့ စိတ်​မာ​အော​င်​ကြိုးစား​တာဟာ ကိုယ့်​အတွက်​ဘာမှ​အကျိုးမရှိ​မှန်း နားလည်​လာတယ်။ ဒါနဲ့ ကိုယ့်အခြေ​အ​နေကို ပြန်လည်ဆန်းစစ်​ပြီးနောက် ‘ငို​စရာ​ရှိ ငို​ပစ်လိုက်။ သိပ်​ပြီး​စိတ်​မာ​အော​င် မကြိုးစား​နဲ့။ ရင်​ထဲ​ပေါ့​သွား​အော​င် ထုတ်ပစ်​လိုက်ပါ’ လို့ပြော​မိတယ်” ဟူ​၍​သူ​မက သတိတရ​နှင့်​ပြန်ပြော​ပြသ​ည်။

ထို့​ကြောင့် မိုက်​ခ်နှင့် မေရီ​အဲ​န်း​တို့​နှစ်ဦး​စလုံး​က မိမိကိုယ်ကို​ ပူဆွေးဝမ်းနည်း​ခွင့်​ပေးပါ ဟူ​၍​အကြံပေး​ကြသည်။ သူတို့၏​အကြံပေးချက် မှန်ကန်​ပါ​သည်။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ ပူဆွေးဝမ်းနည်း​ခြင်းသည် စိတ်လှုပ်ရှားမှု​အတွက် ထွက်ပေါက်​ပေးသည့်​နည်းလမ်း​ဖြစ်​သည်။ သင့်​ခံစားချက်များ​ကို ထွက်ပေါက်​ပေးလိုက်​ခြင်း​ဖြင့် ခံနေ​ရ​သည့်​ဖိစီးမှု​မှ သက်သာရာရ​နိုင်​သည်။ နားလည်မှု၊ မှန်ကန်​သော​အသိပညာ​တို့နှင့် ပေါင်းစပ်​၍ စိတ်လှုပ်ရှား​မှုကို သဘာဝ​အတိုင်း​ထုတ်ဖော်​မည်​ဆိုပါ​က သင့်​ခံစားချက်များ​ကို အရှိအတိုင်း မှန်မှန်ကန်ကန်​ရှုမြင်​နိုင်အောင် အထောက်အကူ​ပြု​ပေ​သည်။

ပူဆွေးဝမ်းနည်း​မှုကို လူတိုင်း​တစ်​ပုံစံ​တည်း မထုတ်ဖော်​ကြသည်​မှာ​ မှန်​ပါ​သည်။ ချစ်ခင်မြတ်နိုး​ရသူ​သည် ရုတ်တရက်​ဆုံးပါးခြင်း၊ သို့​တည်း​မဟုတ် ကြာမြင့်စွာ​ဖျားနာ​ပြီးမှ​ကွယ်လွန်ခြင်း ဟူ​သော​အချက်များ​ကလည်း ကျန်ရစ်သူ​တို့၏ စိတ်လှုပ်ရှား​တုံ့ပြန်မှု​အပေါ် သက်ရောက်မှု​ရှိ​နိုင်​သည်။ သို့သော် သေချာ​သည့်​အချက်တစ်ချက်​မှာ သင့်​ခံစားမှုများ​ကို ကြိတ်မှိတ်မျိုသိပ်​ထား​မည်​ဆို​လျှင် ကာယပိုင်း​ရော စိတ္တ​ပိုင်း​ပါ ထိခိုက်နစ်နာမှု​ဖြစ်နိုင်​သည်။ ပူဆွေးဝမ်းနည်း​မှုကို ထွက်ပေါက်​ပေးခြင်း​သည် ပို​၍​ကျန်းမာ​စေနိုင်​သည်။ အ​ဘယ်​သို့​အားဖြင့်​နည်း။ သမ္မာကျမ်းစာ​၌ လက်တွေ့ကျ​သော​အကြံပြုချက်​အချို့ ရှိပါ​သည်။

ပူဆွေးဝမ်းနည်း​မှုကို ထွက်ပေါက်​ပေးခြင်း —အ​ဘယ်​သို့​အားဖြင့်​နည်း

စကားပြောခြင်း​သည် ထွက်ပေါက်​ပေးသည့်​ နည်း​ကောင်း​တစ်နည်း ဖြစ်နိုင်​သည်။ သားသမီး​ဆယ်ယောက်​စလုံး သေဆုံး​၍ အခြား​သော​ပုဂ္ဂိုလ်ရေး ကြေကွဲဖွယ်​ဖြစ်ရပ်များ တွေ့ကြုံ​ပြီးနောက် ရှေး​ဘိုးဘေး​ယောဘ​က ဤသို့​ဆို​ခဲ့​၏– “ငါ့​ဝိညာဉ်​စိုးလ်​သည် ကိုယ့်​အသက်​ကို​ဧကန်​မု​ချ စက်ဆုပ်​ပါ၏။ ကိုယ့်​စိုးရိမ်ပူပန်​မှုကို ရင်ဖွင့် [ဟေဗြဲ၊ “လွှတ်”] ပါမည်။ စိတ်နာကြည်း​စွာ​နှင့် ပြောဆို​ပါမည်။” (ယောဘ ၁:၂၊ ၁၈၊ ၁၉။ ၁၀:၁ကဘ) ယောဘ​သည် သူ၏​စိုးရိမ်ပူပန်​မှုကို ချုပ်တည်း​မထား​နိုင်​တော့​သဖြင့် “ပြောဆို” ရတော့​သည်။ အလားတူ​စွာ ပြဇာတ်​ရေး​ဆရာ ရှိ​တ်​စ​ပီး​ယား​ကလည်း Macbeth ပြဇာတ်​တွင် ဤသို့​ရေးသားခဲ့​သည်– “ဝမ်းနည်းကြေကွဲ​မှုကို​မြွက်ဆို​ပါ;ထုတ်ဖော်​မပြော​ဘဲ​ထား​သည့် ပူဆွေးသောက​သည် ဝန်ပိ​နေသော​နှလုံးသား​ကို တီးတိုး​တွတ်​ထိုး​၍ ကြေ​မွ​စေ​တတ်၏။”

ထို့​ကြောင့် စိတ်ရှည်ရှည်​နှင့် နားလည်​စာနာစိတ်​ဖြင့် နားထောင်ပေး​မည့် ‘အဆွေ​ခင်ပွန်း​စစ်’ တစ်ဦး​အား ရင်ဖွင့်ပြောဆို​မည်​ဆိုပါ​က များစွာ​စိတ်သက်သာရာ​ရနိုင်​သည်။ (သု. ၁၇:၁၇) အတွေ့အကြုံ​များနှင့် ခံစားချက်များ​ကို စကား​အဖြစ် ထုတ်ဖော်​လိုက်ခြင်း​အားဖြင့် ယ​င်း​တို့ကို​နားလည်​ရန်​နှင့် ကိုင်တွယ်ဖြေရှင်း​ရန် ပို​၍​လွယ်ကူ​စေ​ပါ​သည်။ အ​ကယ်​၍ နားထောင်ပေး​သူသည် ချစ်ရသူ​ဆုံးပါး​၍ ပူဆွေးကြေကွဲ​မှုကို ထိရောက်​စွာ ကိုင်တွယ်ဖြေရှင်း​ခဲ့​ပြီး​သည့် ကျန်ရစ်သူ​တစ်ဦး​ဖြစ်ပါ​က သူ့​ထံမှ ပြဿနာ​ကိုင်တွယ်ဖြေရှင်း​သည့် လက်တွေ့​အကြံဉာဏ်​အချို့​ကို သင်​ရရှိနိုင်​ပေ​သည်။ မိခင်​ဖြစ်သူ​တစ်ဦး​က သူ​မက​လေး​ဆုံးပါး​ခဲ့​စဉ်​က အလားတူ​ဆုံးပါးမှု​မျိုး​ကို​ကြုံခဲ့​သည့် အမျိုးသမီး​နောက်​တစ်ဦး​အား ရင်ဖွင့်​ပြာ​ဆို​ခြင်း​ဖြင့် မည်သို့​အကျိုးရ​ရှိခဲ့​ကြောင်း ဤသို့​ရှင်းပြ​သည်– “ဒီလို​အဖြစ်ဆိုး​မျိုး​ကို သူ​များလည်း​တွေ့ကြုံ​ကြရတယ်၊ စိတ်ဓာတ်​ကြံ့ခိုင်​စွာ​နဲ့​ရင်ဆိုင်​ခဲ့ကြတယ်၊ ပြီးတော့ ဒီနေ့​ထက်​ထိ​အသက်ရှင်​လျက်​ရှိ​ကြပြီး ဘဝ​မှာ​ပုံမှန်​အခြေအနေ​အတိုင်း ပြန်​ပြီး​နေထိုင်​နိုင်တာ​ကို​သိရ​တာဟာ တကယ့်ကို အားတက်စရာ ကောင်း​ပါတယ်။”

သင်၏​ခံစားချက်များ​ကို စာ​ဖြင့်​ရေးချ​ခြင်း​ဖြင့် သင်၏​ပူဆွေးဝမ်းနည်း​မှုကို ထုတ်ဖော်​ရန်​အထောက်အကူ​ပြု​ကြောင်း ကျမ်းစာ​သာဓက များ​က​ ပြ​ဆိုပါ​သည်

မိမိ၏​ခံစားချက်များ​ကို သူတစ်ပါး​အား​ပြောပြ​ရန် ကသိကအောက်​ဖြစ်နေ​ပါ​က မည်သို့​ပြု​မည်​နည်း။ ရှောလု​နှင့်​ယောန​သ​န် အနိစ္စရောက်​ပြီးနောက် ဒါဝိဒ်​သည် စိတ်လှုပ်ရှားမှု​အပြည့်​နှင့် ငိုချင်း​တစ်ပုဒ်​စပ်ဆို​ခဲ့သည်။ ၎င်း​တွင် သူ၏​ဝမ်းနည်းပူဆွေး​မှုကို အိတ်သွန်ဖာမှောက် ဖွင့်​ချထား​သည်။ ၎င်း​ငိုချင်း​သည် နောက်ဆုံး​၌ သမ္မာကျမ်းစာ​တွင် ဓမ္မရာဇဝင်​ဒုတိယစောင်​၏ အစိတ်အပိုင်း​ဖြစ်လာ​သည်။ (၂ ဓမ္မရာဇဝင် ၁:၁၇-၂၇။ ၂ ရာဇဝင်ချုပ် ၃၅:၂၅) အလားတူ​စွာ အချို့​သူတို့က မိမိတို့​၏​ခံစားချက်များ​ကို စာ​ဖြင့်​ရေးသား​၍​ထုတ်ဖော်​ရန် ပို​၍​လွယ်ကူ​ကြောင်း တွေ့ရှိ​ကြသည်။ မုဆိုးမ​တစ်ဦး​က သူ​မ​သည် မိမိ၏​ခံစားချက်များ​ကို စာ​နှင့်​ရေးသား​၍ ရက်​အနည်းငယ်​ကြာ​ပြီးနောက် ရေးခဲ့​သည်​များကို ပြန်လည်​ဖတ်ရှု​သည်​ဟု ပြောပြ​သည်။ ဤသို့​ပြုခြင်း​ဖြင့် စိတ်သက်သာရာ​ရရှိ​ကြောင်း သူ​မ​တွေ့ရှိ​ရ​သည်။

စကားပြောခြင်း​အားဖြင့်​ဖြစ်စေ၊ စာရေး​ခြင်းအားဖြင့်​ဖြစ်စေ ခံစား​ချက်ကို ထုတ်ဖော်ခြင်း​သည် ဝမ်းနည်းပူဆွေး​မှုကို သက်သာ​စေရန် အထောက်အကူ​ပြု​နိုင်​သည်။ အထင်လွဲ​မှား​မှုကို​ပါ ပြေလည်​အော​င် အထောက်အကူ​ပြု​နိုင်​ပါ​သည်။ ကလေး​သေဆုံး​၍ ပူဆွေးကြေကွဲ​ကျန်ရစ်သူ​မိခင်​တစ်ဦး​က ဤသို့​ရှင်းပြ​သည်– “ကလေး​ဆုံးပါး​သွား​လို့ တခြား​လင်မယား​တွေ ကွဲ​ကြ​ကွာ​ကြတာ​ကို ကျွန်မတို့​လင်မယား​ကြား​ရတယ်။ ကျွန်မတို့​က​တော့ အဲဒီလို​မဖြစ်​စေချင်​ဘူး။ ဒါကြောင့် ဒေါသထွက်​ပြီး​တစ်​ယောက်ကို​တစ်ယောက် အပြစ်တင်​ချ​င်​လာတဲ့အခါ​တိုင်းမှာ ကျွန်မတို့​ဆွေးနွေး​ပြီး ဖြေရှင်း​ကြ​တ​ယ်။ ဒီလို​လုပ်​တဲ့အတွက် ကျွန်မတို့​ဇနီးမောင်နှံဟာ ပိုပြီး​ရင်းနှီးခင်တွယ်​လာကြတယ်​လို့ ကျွန်မ​ထင်​ပါတယ်။” ဤသို့​ဖြင့် သင်၏​ခံစားချက်များ​ကို သိအောင်​ထုတ်ဖော်ခြင်း​အားဖြင့် တူညီ​သော​ဆုံးပါးမှု​တစ်ခုကို အတူ​ကြုံတွေ့​ရ​သော်ငြား​လည်း အခြားသူ​များသည် မတူညီ​သော​နည်း​ဖြင့် သူ့​နည်း​သူ့​ဟန်​သူ့​အတိုင်းအတာ​နှင့် ပူဆွေးဝမ်းနည်း​ကြသည်​ကို​နားလည်​ရန် အထောက်အကူ​ပြု​နိုင်​သည်။

ပူဆွေးသောက​ကို​ဖြေသိမ့်​နိုင်အောင် အကူအညီ​ပေးနိုင်​သည့်​အရာ​တစ်ခုမှာ ငိုကြွေးခြင်း ဖြစ်​သည်။ “ငိုရ​သော​အချိန်” ရှိကြောင်း သမ္မာကျမ်းစာ​ဆို​၏။ (ဒေသနာ ၃:၁၊ ၄) ချစ်ခင်မြတ်နိုး​ရသူ​တစ်ဦး ဆုံးပါး​ချိန်သည် ထိုသို့​သော​အချိန်​မျိုး မု​ချ​ဖြစ်​ပေ​သည်။ ဝမ်းနည်းပူဆွေး​သည့် မျက်ရည်ကျ​ခြင်းသည် ကုသမှု​အစဉ်​၏ အရေးပါ​သော​ကဏ္ဍ​တစ်ရပ်​ဖြစ်​ပုံ​ရ​သည်။

မိန်းမပျို​တစ်ယောက်က သူ​မ​၏​မိခင်​ကွယ်လွန်​စဉ်​က ရင်းနှီး​သော​မိတ်ဆွေ​တစ်ယောက် အကူအညီ​ပေးခဲ့​ပုံကို ရှင်းပြ​သည်။ သူ​မ​ဤသို့​ပြန်ပြော​ပြသ​ည်– “ကျွန်မ​ရဲ့​သူငယ်ချင်း​က အကူအညီ​ပေးဖို့ အချိန်မရွေး အဆင်သင့်​ရှိတယ်။ ကျွန်မ​နဲ့အတူ​လိုက်​ပြီး​ငို​တယ်။ ကျွန်မ​နဲ့​စကား​ပြောတယ်။ ရင်​ထဲက​ခံစားချက်​တွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်​နိုင်တယ်။ ဒါတွေ​က​ကျွန်မ​အတွက် သိပ်​ပြီး​အရေးကြီး​တာ၊ ရှိုက်ကြီးတငင်​ငိုချ​ရ​မှာလည်း ကသိကအောက်​ဖြစ်စ​ရာ​မလိုဘူး။” (ရောမ ၁၂:၁၅ ရှု။) အသင့်​အ​နေ​နှင့် မျက်ရည်ကျ​ရ​ခြင်း​အတွက် ရှက်​ကိုး​ရှက်​ကန်း​ဖြစ်စ​ရာ​မလို​ပါ။ ကျွန်ုပ်တို့​တွေ့ခဲ့​သည့်​အတိုင်း သမ္မာကျမ်းစာ​ထဲ​၌ စိတ်​ကသိကအောက်​မဖြစ်​ဘဲ လူ​ရှေ့​သူ​ရှေ့​၌ ဝမ်းနည်းပူဆွေး​ခြင်း မျက်ရည်ကျ​ခဲ့​သည့် သစ္စာရှိ​ယောက်ျား​မိန်းမ​များ—ယေရှုခရစ်​အပါအဝင်—၏​သာဓကများ​ဖြင့် ပြည့်​လျက်​ရှိသည်။—ကမ္ဘာဦး ၅၀:၃။ ၂ ဓမ္မရာဇဝင် ၁:၁၁၊ ၁၂။ ယောဟန် ၁၁:၃၃၊ ၃၅

ယဉ်ကျေးမှု​တိုင်း​တွင် ပူဆွေးသောက​ရောက်နေ​သူတို့သည် နှစ်သိမ့်အားပေး​မှုကို လေးမြတ်တန်ဖိုးထား​ကြသည်

စိတ်လှုပ်ရှားမှု​ဖြစ်မည်ကို ကြို​၍​မ​မှန်းဆ​နိုင်​သည့် အချိန်​တစ်ချိန်ချိန် ရှိခဲ့​မည်​ကို သင်​သတိထား​မိ​ပေ​မည်။ ဗုံ​မ​ဆင့်​ဆိုင်း​မ​ဆင့်​နှင့် ဗြုန်းစားကြီး မျက်ရည်ကျ​ကောင်း​ကျ​လာ​မည်။ မုဆိုးမ​တစ်ဦး​က ကုန်​ပ​ဒေ​သာ​တိုက်ကြီး​တွင် ဈေးဝယ်​သည့်​အ​ခါ​၌ (ခင်ပွန်း​ဖြစ်​သူနှင့် ယခင်​က ဤသို့​ဝယ်​နေ​ကျ​ဖြစ်​သည်) မျက်ရည်​မထိန်းနိုင်​ဘဲ ငို​မိ​တတ်​ကြောင်း၊ အထူးသဖြင့် အကျင့်ပါ​နေ​သည့်​အတိုင်း ခင်ပွန်း​ဖြစ်သူ​ကြိုက်​တတ်​သည့် အစားအစာ​များကို လှမ်းယူ​သည့်​အ​ခါ​မျိုး​၌ မျက်ရည်ကျ​မိ​တတ်​ကြောင်း သတိထား​မိ​သည်။ မိမိကိုယ်ကို သည်းခံ​စိတ်ရှည်​ပါ။ မျက်ရည်​မ​ကျ​အော​င် ထိန်းထား​ရမည်​ဟု​လည်း မယူဆ​ပါ​နှင့်။ မျက်ရည်ကျ​ခြင်းသည် ပူဆွေးဝမ်းနည်း​ခြင်း​၏ သဘာဝ​ကျ​သော၊ မရှိမဖြစ်​သော​အစိတ်အပိုင်း​ဖြစ်ကြောင်း သတိရပါ​လေ။

အပြစ်​မကင်း​သည့်​ခံစား​မှုကို ကိုင်တွယ်ဖြေရှင်း​ခြင်း

အထက်​၌​ဆို​ခဲ့​သည့်​အတိုင်း အချို့​သူတို့သည် ချစ်ခင်မြတ်နိုး​ရသူ​တစ်ဦး​ဆုံးပါး​သည့်​အ​ခါ စိတ်ထဲ​၌ အပြစ်​မကင်း​သည့် ခံစားချက်များ ဖြစ်ပေါ်​လာ​တတ်​သည်။ ဤ​အချက်​က သား​ဖြစ်သူ​ယောသပ်​အား “ဆိုးသော​သားရဲ” ကိုက်သတ်​လိုက်​ပြီ​ဟူ​၍ ယုံကြည်​အောင် အယုံသွင်း​ခံရ​စဉ်​က သစ္စာရှိ​သော​ယာကုပ် ခံစား​ခဲ့ရ​သည့်​သော ကဗျာ​ပါ​ဒကို နားလည်​သဘောပေါက်​ရန် အထောက်အကူ​ပြု​ပေ​မည်။ အစ်ကို​ဖြစ်သူ​တို့၏​အဖြစ်​အ​နေကို သွားရောက်​ကြည့်ရှု​ရန် ယောသပ်​အား ယာကုပ်​ကိုယ်တိုင် စေလွှတ်​ခဲ့သည်။ထို့​ကြောင့် ယာကုပ်​သည် ‘ယောသပ်​ကို​တစ်ယောက်တည်း ငါ​ဘာ​လို့​သွား​ခိုင်း​ရတာလဲ။ သားရဲတိရစ္ဆာန် ဒီလောက်​ပေါ​တဲ့​နေရာ​မျိုး​ကို ငါ​ဘာ​လို့​သွား​ခိုင်း​ရတာလဲ’ အစ​ရှိသော အပြစ်​မကင်း​သည့်​ခံစားချက်များ ကြိမ်​မီးအုံး​သည့်​နှယ် ခံစား​ခဲ့ရ​ရှာ​လိမ့်မည်။—ကမ္ဘာဦး ၃၇:၃၃-၃၅

သင့်​အ​နေ​ဖြင့် သင်၏​ပေါ့ဆမှု​အချို့​ကြောင့် ချစ်ရသူ​သေဆုံး​ရ​သည်​ဟု ယူဆ​ကောင်း​ယူဆ​ပေ​မည်။ မိမိကိုယ်ကို​အပြစ်တင်​ခြင်း—တကယ့်​အပြစ်​ဖြစ်စေ၊ စိတ်​အထင်​အပြစ်​ဖြစ်စေ—သည်​သာမန်​ဖြစ်လေ့ဖြစ်ထ​ရှိ​သည့် ပူဆွေးဝမ်းနည်း​ခြင်း တုံ့ပြန်မှု​တစ်မျိုး​ဖြစ်ကြောင်း နားလည်​သဘောပေါက်​ထားပါ​က များစွာ​အထောက်အကူ​ပြု​မည်။ ထို​ကဲ့သို့​သော​ခံစားချက်များ​ကို စိတ်ထဲ​၌​သို​သိပ်​ထား​စရာ​မလို​ပါ။ မိမိ​မည်မျှ​အပြစ်​မကင်း​ကြောင်း ထုတ်ဖော်ပြောဆို​ခြင်းအားဖြင့် လိုအပ်​သော​စိတ်သက်သာမှု ရရှိနိုင်​သည်။

သို့​သော်လည်း လူ​တစ်ဦးကို ကျွန်ုပ်တို့​မည်မျှ​ပင်​ချစ်​စေ​ကာ​မူ ထို​သူ၏​အသက်တာ​ကို ကျွန်ုပ်တို့​မထိန်းချုပ်​နိုင်​သကဲ့သို့ ချစ်ခင်မြတ်နိုး​ရသူ​တို့​အပေါ် “အချိန်​စေ့​ခြင်း၊ မျှော်မှန်း​မထား​သော ဖြစ်ရပ်​ဖြစ်ပျက်ခြင်း” မရှိ​ရ​အော​င်​လည်း တားဆီး​နိုင်စွမ်း ကျွန်ုပ်တို့​၌​မရှိ​ကြောင်း နားလည်​သဘောပေါက်​ဖို့လို​သည်။ (ဒေသနာ ၉:၁၁ကဘ) ၎င်း​ပြင် သင်သည် မကောင်း​သော​စိတ်ထား မထား​ခဲ့သည်​မှာလည်း သံသယ​ရှင်း​ပါ​သည်။ ဥပမာ​အားဖြင့် သင်​ချစ်ခင်မြတ်နိုး​ရသူ​အား ဆရာဝန်​ထံ​ပြသ​ရန် စောစော​ခေါ်​မသွား​မိ​ခြင်းသည် သူ့​အား​ဖျားနာ​၍​သေစေ​လို​သည့် ရည်ရွယ်ချက်​ကြောင့်​လော။ လုံးဝ​မဟုတ်​ပေ! သို့​ဖြစ်​လျှင် ထို​သူ​သေဆုံးရခြင်း​အတွက် သင်​၌ တကယ်​တမ်း​အပြစ်ရှိ​ပါ​သလော။ မရှိ​ပါ။

မိခင်​တစ်ဦး​သည် ယာဉ်​တိုက်မှု​ဖြင့် သမီး​ဖြစ်သူ​သေဆုံး​ပြီးနောက် အပြစ်​မကင်း​သည့် ခံစားချက်ကို ကိုင်တွယ်ဖြေရှင်း​လာ​တတ်​သည်။ သူမ​ဤသို့​ရှင်းပြ​သည်– “သ​မီးကို​အပြင်​သွား​ခိုင်း​မိ​တဲ့အတွက် ကျွန်မကို​ကျွန်မ​အပြစ်​မကင်း​ဘူးလို့ ခံစား​မိတယ်။ ဒါပေမဲ့ အဲဒီလို​စိတ်ထား​တာဟာ အဓိပ္ပာယ်​မရှိဘူးလို့ ကျွန်မ​သဘောပေါက်လာတယ်။ သ​မီးကို​သူ့​အဖေ​နဲ့ အလုပ်ခိုင်း​လိုက်​တာဟာ ဘာမှ​အပြစ်​မရှိ​ပါဘူး။ ကြောက်စရာ​ကောင်းတဲ့ မတော်တဆ​ထိခိုက်မှု​သာ​ဖြစ်ပါတယ်။”

‘ဒါပေမဲ့ ငါ​ပြော​ချ​င်​လုပ်​ချင်တဲ့​အရာတွေ အများကြီး​ရှိတယ်’ ဟူ​၍ သင်​ဆို​ကောင်း​ဆို​မည်။ မှန်​ပါ​သည်၊ မိမိ​သည် ခြောက်ပစ်ကင်း​သော​ဖခင်၊ မိခင်၊ သို့​မဟုတ် သားသမီး​ဖြစ်​သည်​ဟု ကျွန်ုပ်တို့​ထဲမှ မည်သူ​ပြောနိုင်​သနည်း။ သမ္မာကျမ်းစာ​က ဤသို့​သတိပေး​ထား​သည်– “ငါ​တို့​ရှိသမျှသည် အများ​သော​အားဖြင့် မှား​တတ်ကြ​၏။ စကား​အားဖြင့်​မှား​ခြင်း မရှိ​သောသူ​မည်​သည်​ကား စုံလင်​သောသူ​ဖြစ်၏။” (ယာကုပ် ၃:၂။ ရောမ ၅:၁၂) ထို့​ကြောင့် မိမိ​သည်​စုံလင်သူ​မဟုတ်​ဟူ​သော အမှန်တရားကို​လက်ခံ​ပါ။ တကယ်​တမ်း​ဆို​ရ​လျှင် “အ​ကယ်​၍​သာ ဒီလို​လုပ်ခဲ့​ရင်၊ ဟို​လိုလုပ်​ခဲ့ရင်” ဟူ​၍​တစ်​တွေး​တည်း​တွေး​နေခြင်း​ဖြင့် အခြေအနေကို​ပြောင်းလဲ​စေနိုင်​မည် မဟုတ်​သည့်​ပြင် ပြန်လည်​နာလန်ထူ​ရာ​၌​လည်း​ အဟန့်အတား​ပင်​ဖြစ်စေ​နိုင်​သည်။

မိမိ​၌​စိတ်​အထင်​မဟုတ်ဘဲ တကယ့်ကို​အပြစ်ရှိ​သည်​ဟု ယုံကြည်​ရန် ခိုင်လုံ​သည့်​အကြောင်း​ရှိပါက အပြစ်​ကို​လျှော့ပေါ့​ပေး​ရာ​တွင် အရေး​အကြီးဆုံး​သော​အချက်​ဖြစ်​သည့် ဘုရားသခင်၏ ခွင့်လွှတ်ခြင်း​အကြောင်းကို ဆင်ခြင်​စဉ်းစားပါ​လေ။ “အို​ဘုရားရှင် ထာဝရဘုရား၊ကိုယ်တော်​သည် ဒုစရိုက်​အပြစ်များ​ကို မှတ်တော်မူ​လျှင် အ​ဘယ်သူ​သည် ခံရပ်နိုင်​ပါမည်​နည်း။ကိုယ်တော် [သည်] . . . အပြစ်လွှတ်ခြင်း​အခွင့်​ကို ပိုင်တော်မူ​၏” ဟူ​၍ သမ္မာကျမ်းစာ​က စိတ်ချ​စေ​သည်။ (ဆာလံ​ ၁၃၀:၃၊ ၄) သင့်​အ​နေ​ဖြင့် အတိတ်​ကာလ​ကို ပြန်​သွားပြီး အခြေအနေကို​ပြောင်းလဲ​နိုင်​မည်​မဟုတ်ပါ။ သို့သော် အတိတ်​က​အမှား​အတွက် ဘုရားသခင့်​ခွင့်လွှတ်​မှုကို သင်​တောင်းခံ​နိုင်​ပါ​သည်။ ထို့နောက် မည်သို့​ပြု​မည်​နည်း။ စဉ်းစားကြည့်ပါ၊ သင်၏​အတိတ်​က​အမှားများ​ကို ဘုရားသခင်​သင်ပုန်းချေ​မည်​ဟု ကတိ​ထား​တော်မူသည်​မှန်​လျှင် သင့်​ကိုယ်ကို​သင်​ခွင့်မလွှတ်​သင့်​ပေ​လော။—သု. ၂၈:၁၃။ ၁ ယောဟန် ၁:၉

ဒေါသ​ကို ကိုင်တွယ်ဖြေရှင်း​ခြင်း

ဆရာဝန်​တို့ကို​ဖြစ်စေ၊ သူနာပြု​တို့ကို​ဖြစ်စေ၊ မိတ်ဆွေ​တို့ကို​ဖြစ်စေ သို့​တည်း​မဟုတ် ကွယ်လွန်သူ​ကိုပင်​ဖြစ်စေ သင်​အတော်လေး ဒေါသ​ထွက်​မိ​သလော။ ဤ​သည်​မှာလည်း ဆုံးပါးမှု​အတွက် ဖြစ်လေ့ဖြစ်ထ​ရှိသော သာမန်​တုံ့ပြန်မှု​တစ်မျိုး​ပင်​ဖြစ်ကြောင်း နားလည်​ထားပါ။ သင်၏​ဒေါသ​သည် ရင်​ထဲမှ​နာကြည်းမှု​နှင့်အတူ သဘာဝ​အလျောက် ဒွန်တွဲ​လိုက်ပါ​လာ​သည့် တုံ့ပြန်မှု​ဖြစ်​ကောင်း​ဖြစ်​မည်။ “ဒေါသ​ကို​သိထားခြင်း—ဒေါသ​အလျောက်​ပြုမူခြင်း​မရှိဘဲ ဒေါသ​ဖြစ်နေ​ကြောင်း​သိ​ရုံ​သိထားခြင်း—အားဖြင့်​သာ ဒေါသ​၏​အဖျက်​စွမ်းအား​မှ လွတ်ကင်း​နိုင်​သည်” ဟူ​၍ စာရေးဆရာတစ်ယောက် ဆို​ခဲ့​၏။

ဒေါသ​ကို​ထုတ်ဖော်ခြင်း၊ သို့​မဟုတ် ဝေမျှခြင်း​အားဖြင့်​လည်း အကျိုးပြု​သည်။ အ​ဘယ်နည်း​အားဖြင့်​နည်း။ စိတ်​ကို​မထိန်း​ဘဲ ဒေါသ​ပေါက်ကွဲခြင်း​မျိုး မဟုတ်​သည်​မှာ ဆို​ဖွယ်​မရှိ။ ကြာမြင့်စွာ​ဒေါသထွက်​ခြင်းသည် အန္တရာယ်ကြီး​ကြောင်း သမ္မာကျမ်းစာ​သတိပေး​ထား​သည်။ (သု. ၁၄:၂၉၊ ၃၀) သို့သော် နားလည်ခွင့်​လွှတ်​တတ်​သော မိတ်ဆွေ​တစ်ဦး​အား ရင်ဖွင့်ပြောဆို​ခြင်း​ဖြင့် စိတ်သက်သာရာ​ရနိုင်​ကြောင်း သင်​တွေ့ရ​ပေ​မည်။ အချို့​မူ​ကား ဒေါသထွက်​နေ​သည့်​အချိန်​၌ အားနှင့်မာန်နှင့်​လေ့ကျင့်ခန်း​လုပ်​လျှင် ဒေါသ​စိတ်​ပြေ​စေနိုင်​ကြောင်း တွေ့ရှိ​ကြသည်။—ဧဖက် ၄:၂၅၊၂၆ လည်း​ရှု။

မိမိ၏​ခံစားမှု​များနှင့်​ပတ်သက်​၍ ပွင့်လင်း​ပြီး​ရိုးသား​ရန် အရေးကြီး​သည်​မှန်​သော်လည်း သတိထား​ရန်​ကား​လို​ပေ​သည်။ ခံစားချက်ကို ထုတ်ဖော်ခြင်း​နှင့် ၎င်း​တို့ကို သူတစ်ပါး​အပေါ် ပုံချ​ခြင်းတို့​သည် ပြဒါးတစ်လမ်းသံတစ်လမ်း ဖြစ်​သည်။ မိမိ၏​ဒေါသ​နှင့် မချင့်မရဲ​ဖြစ်မှု​အ​တွက် သူတစ်ပါး​ကို​အပြစ်မတင်​သင့်​ပါ။ သင်၏​ခံစားချက်များ​ကို​ရင်ဖွင့်​ရာ​၌ ရန်လို​သည့်​ပုံစံ​နှင့်​မပြော​မိ​ရန် ဂရုစိုက်​ပါ။ (သု. ၁၈:၂၁) ပူဆွေးဝမ်းနည်း​မှုကို ကိုင်တွယ်ဖြေရှင်း​ရာ​၌ သာလွန်​ကောင်းမွန်​သော အထောက်အကူ​တစ်ရပ်​ရှိပါ​သည်။ ယ​င်း​အကြောင်းကို ယခု​ဆွေးနွေးပါ​မည်။

ဘုရားသခင်​ထံ​တော်မှ အထောက်အမ

“ထာဝရဘုရား​သည် ကြေကွဲ​သော​နှလုံး​ရှိသူ​တို့​အနီးရှိ​နေ၍ ကြေ​မွ​သော​စိတ်​ရှိသူ​တို့ကို ကယ်​တော်မူ၏” ဟူ​၍ သမ္မာကျမ်းစာ​က ကျွန်ုပ်တို့​အား​စိတ်ချ​စေ​၏။ (ဆာလံ ၃၄:၁၈သမ) မှန်​ပါ​သည်၊ အရာခပ်သိမ်း​ထက် ဘုရားသခင်​နှင့် ရင်းနှီးသောဆက်ဆံရေး​ရှိ​ခြင်းက ချစ်ရသူ​သေဆုံးခြင်း​ကို အောင်မြင်​စွာ​ဖြေရှင်း​နိုင်​ရန် အထောက်အကူ​ပေးနိုင်​သည်။ အ​ဘယ်​သို့​အားဖြင့်​နည်း။ ယခု​အထိ​တင်ပြ​လာ​ခဲ့​သည့် လက်တွေ့ကျ​သော အကြံပြုချက်​အား​လုံးမှာ ဘုရားသခင့်​နှုတ်ကပါဌ်တော် သမ္မာကျမ်းစာ​အပေါ် အခြေပြု​ထားရာ​များ၊ သို့​မဟုတ် သမ္မာကျမ်းစာ​နှင့် သဘောချင်း​ညီညွတ်​ရာ​များ ဖြစ်​ပေ​သည်။ ယ​င်း​တို့ကို လက်တွေ့ကျင့်သုံး​ခြင်း​ဖြင့် သင့်​အား​အောင်မြင်​စွာ​ဖြေရှင်း​နိုင်အောင် အထောက်အကူ​ပြု​နိုင်​သည်။

၎င်း​ပြင် ဆုတောင်းခြင်း​၏​တန်ဖိုး​ကိုလည်း လျှော့မတွက်​ပါ​နှင့်။ “ထမ်းရွက်​ရသော​ဝန်​ကို ထာဝရဘုရား​၌​ချထား​လော့။ သင့်ကို​မစ​တော်မူ​မည်” ဟူ​၍ ကျမ်းစာက တိုက်တွန်း​ထား​သည်။ (ဆာလံ ၅၅:၂၂) နားလည်​စာနာစိတ်​ရှိသော မိတ်ဆွေ​တစ်ဦး​အား ခံစားချက်ကို ရင်ဖွင့်ပြောဆို​ခြင်း​ဖြင့် အထောက်အကူ​ရရှိနိုင်​သည်​မှန်​လျှင် “နှစ်သိမ့်ခြင်း​အမျိုးမျိုး ပေးတော်မူ​သော​ဘုရား” ထံ​ရင်ဖွင့်​ခြင်း​ဖြင့် မည်မျှ​ပို​၍​အထောက်အကူ​ရရှိ​ပါမည်​တကား!—၂ ကောရိန္သု ၁:၃သမ။

ဆုတောင်းခြင်း​သည် ကျွန်ုပ်တို့​အား​စိတ်သက်သာရာ​သာ ရရှိ​စေ​သည်မဟုတ်​ပါ။ “ပတ္ထနာ​ကို နားညောင်း​တော်မူသော​အရှင်” က စိတ်ရင်းမှန်​စွာ​နှင့် တောင်းလျှောက်​သည့် မိမိ၏​အစေ​တော်​ခံ​များ​အား သန့်ရှင်းသော​ဝိညာဉ်​တော်ကို ပေး​မည်​ဟု ကတိပြု​ထား​တော်မူ၏။ (ဆာလံ ၆၅:၂သမ္မာ။ လုကာ ၁၁:၁၃) ဘုရားသခင်၏ သန့်ရှင်းသော​ဝိညာဉ်​တော်၊ သို့​မဟုတ် လှုပ်ရှားတက်ကြွ​သော​စွမ်းအား​ကလည်း တစ်နေ့​ပြီး​တစ်နေ့​စခန်းသွား​နိုင်အောင် သင့်​အား ‘လွန်ကဲ​သော​တန်ခိုး’ နှင့်​ပြည့်စုံ​စေနိုင်​သည်။ (၂ ကောရိန္သု ၄:၇) ဘုရားသခင်သည် မိမိ၏​သစ္စာရှိ​သော​အစေခံများ​အား ရင်ဆိုင်​ဖွယ်​ရာ​ရှိသော မည်​သည့်​ပြဿနာ​ကို​မဆို၊ လာ​သမျှ​ပြဿနာ​တိုင်း​ကို ကြံ့ကြံ့ခံရင်ဆိုင်​နိုင်အောင် ကူညီထောက်မ​နိုင်​တော်မူ​ကြောင်း သတိရပါ။

ကလေး​တစ်ယောက်​ဆုံးပါး​ခဲ့​သည့် အမျိုးသမီး​တစ်ဦး ဆုတောင်းခြင်း​တန်ခိုး​က သူတို့​ဇနီးမောင်နှံ​အား ပူဆွေးသောက​ကို ဖြတ်သန်း​နိုင်အောင် မည်သို့​အထောက်အကူ​ပြု​ခဲ့​ကြောင်း ဤသို့​ပြန်ပြောင်း​ပြောပြ​သည်– “တကယ်​လို့ ညဘက်​အိမ်​မှာ​ရှိနေ​တဲ့အခါ ပူဆွေးဝမ်းနည်း​တဲ့​စိတ်​ကို မထိန်းနိုင်​ဘဲ​ဖြစ်လာ​ရင် အသံ​ကျယ်ကျယ်​နဲ့ ကျွန်မတို့ အတူတူ​ဆုတောင်း​ကြ​တ​ယ်။ သမီးလေး​မရှိတော့​တဲ့​နောက်ပိုင်း ပထမဆုံးအကြိမ် ဘာ​ပဲ​လုပ်​လုပ်—ပထမအကြိမ် အသင်းတော်​စည်းဝေး​တက်​ခြင်း၊ ပထမအကြိမ် စည်းဝေးပွဲ​ကြီး​တက်​ခြင်း—ခွန်အား​ရဖို့ ကျွန်မတို့​ဆုတောင်း​ကြ​တ​ယ်။ မနက်​အိပ်ရာထ​လို့ တကယ့်​ပကတိ​အခြေအနေတွေကို မခံမရပ်​နိုင်အောင် ဖြစ်လာ​တဲ့အခါ​မှာ ကူညီမစ​ပါ​မည့်​အကြောင်း ယေဟောဝါ​ထံ ဆုတောင်း​ကြ​တ​ယ်။ အကြောင်း​ကြောင်း​ကြောင့် အိမ်ထဲ​ကို ကျွန်မ​တစ်ယောက်တည်း​ဝင်​တဲ့အခါ​မှာ ရင်​ထဲ​ဆို့​တက်​လာတယ်။ ဒါကြောင့် ကျွန်မ​တစ်ယောက်​ထဲ အိမ်ပြန်လာ​တဲ့အခါ​တိုင်း စိတ်​ကို​ငြိမ်ငြိမ်​ထိန်း​နိုင်အောင် မစ​တော်မူပါ​လို့ ယေဟောဝါ​ထံ ဆုတောင်း​မိ​ပါတယ်။” ထို​သစ္စာရှိအမျိုး​သမီး​က ဆုတောင်းခြင်း​သည်​အခြေအနေကို တစ်မျိုးတစ်မည်​ပြောင်းလဲ​ပေးနိုင်စွမ်း​ရှိကြောင်း ခိုင်မာ​စွာ​နှင့် မှန်ကန်စွာ ယုံကြည်​သည်။ အ​သင်လည်း မဆုတ်မနစ်​သော​ဇွဲ​နှင့်​ဆုတောင်း​ပါ​က အ​တုံ့​အလှည့်​အားဖြင့် “ဉာဏ်​ဟူ​သမျှ​ထက်​လွန်ကဲ​သော ဘုရားသခင့်​ငြိမ်သက်ခြင်း​သည် . . . သင်တို့​၏ စိတ်နှလုံး​နှင့် အကြံအစည်​များကို ကွယ်ကာစောင့်ရှောက်​လိမ့်မည်” ဖြစ်ကြောင်း သင်​သိရှိ​ရ​ပေ​မည်။—ဖိလိပ္ပိ ၄:၆၊ ၇သမ။ ရောမ ၁၂:၁၂

ဘုရားသခင်​ပေးတော်မူ​သည့် အထောက်အမ​သည် အခြေအနေကို တစ်မျိုးတစ်မည် မု​ချ​ပြောင်းလဲ​စေနိုင်​သည်။ ခရစ်ယာန်​တမန်တော်ပေါလုက ဘုရားသခင်သည် “မည်​သည့်​ဒုက္ခ​မဆို ခံ​နေရ​သူတို့ကို နှစ်သိမ့်​စေ​ခွင့်​ရှိ​အံ့​သော​ငှာ ငါ​တို့​ခံရ​သမျှ​သော​ဒုက္ခ​၌ [ငါ​တို့ကို] နှစ်သိမ့်​စေတော်မူ”၏​ဟု​ဆို​သည်။ ဘုရားသခင့်​အထောက်အမ​သည် စိတ်​ထိခိုက်နာကျင်​မှုကို ဖယ်ရှားပစ်​ခြင်း​မရှိ​သည်​မှာ မှန်​သော်လည်း အခံ​ရ​သက်​သာအောင်​မူ​ကား စွမ်းဆောင်​ပေးနိုင်​သည်။ သင်​မ​ငို​တော့ သို့​မဟုတ် ချစ်ခင်မြတ်နိုး​သူ​ကို မေ့သွား​မည်​ဟူ​၍​ကား ဆိုလိုခြင်း​မဟုတ်ပါ။ သို့သော် နဂိုအခြေအနေကို သင်​ပြန်ရောက်​နိုင်​ပါ​သည်။ နဂိုအခြေအနေ ပြန်ရောက်​သည့်​နောက် သင်​ကြုံတွေ့​ခဲ့ရ​သမျှ​သည် ထပ်တူ​ဆုံးပါးမှု​မျိုး​ကို ပိုင်ပိုင်နိုင်နိုင်​ကိုင်တွယ်​တတ်အောင် အခြားသူ​တို့ကို ကူညီပေးရာ​တွင် ပို​၍​နားလည်မှု​ရှိပြီး ပို​၍​စာနာထောက်ထား​တတ်​သူ ဖြစ်စေ​ပါလိမ့်​မည်။—၂ ကောရိန္သု ၁:၄သမ။