မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁

‘ကြည့်ရှုလော့၊ ဤအရှင်ကား ငါတို့၏ဘုရားသခင်ပေတည်း’

‘ကြည့်ရှုလော့၊ ဤအရှင်ကား ငါတို့၏ဘုရားသခင်ပေတည်း’

၁၊ ၂။ (က) ဘုရားသခင်အား အဘယ်မေးခွန်းများ သင်မေးလိုသနည်း။ (ခ) ဘုရားသခင်အား အဘယ်အရာကို မောရှေမေးမြန်းခဲ့သနည်း။

သင်သည် ဘုရားသခင်နှင့် စကားလက်ဆုံကျနေသည်ဟု စိတ်ကူးကြည့်နိုင်သလော။ စိတ်ကူးပင်လျှင် စိုးရွံ့ထိတ်လန့်စရာပါတကား! စကြဝဠာပိုင်သအုပ်စိုးရှင်သည် သင်နှင့် စကားပြောဆိုနေသည်။ အစပိုင်းတွင် သင်နှုတ်နှေးနေသည်၊ သို့သော် တဖြည်းဖြည်းနှင့် ပြောရဲဆိုရဲရှိလာ၏။ သင့်ကို ကိုယ်တော်နားထောင်၍ ပြန်လည်ပြောဆိုသည်၊ သင်မေးလိုသမျှကိုပင် လွတ်လွတ်လပ်လပ် မေးမြန်းခွင့်ပြုသည်။ ယခု အဘယ်မေးခွန်းကို သင်မေးလိုသနည်း။

ရှေးလွန်လေပြီးသောအခါက လူတစ်ဦး ဤအနေအထားမျိုး၌ရှိခဲ့သည်။ သူ၏နာမည်မှာ မောရှေဖြစ်သည်။ သို့သော် ဘုရားသခင်အား သူမေးခဲ့သည့်မေးခွန်းက သင့်ကို အံ့အားသင့်စေလိမ့်မည်။ သူသည် မိမိအကြောင်း၊ မိမိ၏အနာဂတ် သို့မဟုတ် လူသားတို့၏အဖြစ်သနစ်ကိုပင် မမေးခဲ့ချေ။ ယင်းအစား ဘုရားသခင့်နာမတော်ကို သူသိလိုခဲ့၏။ ၎င်းသည် သင့်အတွက် ထူးဆန်းမည်၊ အကြောင်းမှာ မောရှေသည် ဘုရားသခင်၏ကိုယ်ပိုင်နာမတော်ကို သိထားနှင့်၍ဖြစ်သည်။ သို့ဆိုလျှင် သူ၏မေးခွန်း၌ သာ၍နက်နဲသောအဓိပ္ပာယ် ရှိရမည်။ အမှန်မှာ ယင်းသည် မောရှေမေးနိုင်ခဲ့သမျှတွင် အရေးအပါဆုံးမေးခွန်းဖြစ်၏။ အဖြေကား ကျွန်ုပ်တို့အားလုံးနှင့် သက်ဆိုင်သည်။ ဘုရားသခင်ထံချဉ်းကပ်ရာ၌ သင့်အား အရေးပါသောခြေလှမ်း လှမ်းစေနိုင်သည်။ အသို့နည်း။ မှတ်သားလောက်ဖွယ် ထိုစကားပြောဆိုခန်းကို ကျွန်ုပ်တို့ကြည့်ကြစို့။

၃၊ ၄။ အဘယ်ဖြစ်ရပ်များက ဘုရားသခင်နှင့် မောရှေအား စကားလက်ဆုံကျဖို့အကြောင်း ပေါ်စေခဲ့သနည်း၊ အပြန်အလှန် ထိုသို့စကားပြောဆိုခဲ့ခြင်း၏ လိုရင်းချက်ကား အဘယ်နည်း။

မောရှေသည် အသက် ၈၀ ရှိပြီ။ အီဂျစ်တွင်ကျွန်ခံနေရသည့် သူ၏လူမျိုးဖြစ်သော ဣသရေလနှင့် ဝေးကွာနေသည်မှာ အနှစ်လေးဆယ်ကြာလေပြီ။ တစ်နေ့၌ သူသည် ယောက္ခမယောက်ျားသူ၏သိုးများကို ထိန်းကျောင်းနေစဉ် ထူးဆန်းသောအရာတစ်ခု တွေ့မြင်ခဲ့သည်။ ဆူးချုံတစ်ခု မီးလောင်နေသည်၊ သို့သော် လောင်ကျွမ်းမသွားချေ။ ယင်းသည် ဆက်လက်တောက်လောင်လျက်ရှိပြီး တောင်စောင်း၌ အချက်ပြမီးကဲ့သို့ ထွန်းလင်းတောက်ပနေသည်။ မောရှေသည် စူးစမ်းရန် အနီးသို့ချဉ်းကပ်သွား၏။ မီးထဲမှ အသံတစ်သံ သူ့အား စကားပြောဆိုသောအခါ သူအလွန်ထိတ်လန့်သွားပေမည်! ပြောရေးဆိုခွင့်ရှိ ကောင်းကင်တမန်တစ်ပါးမှတစ်ဆင့် ဘုရားသခင်သည် မောရှေနှင့် အကြောင်းစုံအပြန်အလှန်ပြောဆိုခဲ့သည်။ ထို့ပြင် သင်သိသည့်အတိုင်း ဘုရားသခင်သည် မဝံ့မရဲဖြစ်နေသောမောရှေအား သူ၏အေးချမ်းသောဘဝအသက်တာကိုစွန့်၍ အီဂျစ်သို့ပြန်သွားပြီး ဣသရေလလူမျိုးကို ကျွန်ဘဝမှ ကယ်လွှတ်ရန် ထိုအချိန်၌ တာဝန်အပ်နှင်းခဲ့၏။—ထွက်မြောက်ရာ ၃:၁-၁၂

ထိုအချိန်တွင် မောရှေသည် ဘုရားသခင်အား မေးလိုရာမေးနိုင်သည်။ သို့သော် သူရွေးချယ်ခဲ့သောမေးခွန်းကို သတိပြုပါ– “အကျွန်ုပ်သည် ဣသရေလအမျိုးသားတို့ရှိရာသို့ရောက်၍၊ ‘သင်တို့ဘိုးဘေးများ၏ဘုရားသခင်သည် ငါ့ကို သင်တို့ရှိရာသို့ စေလွှတ်တော်မူပြီ’ ဟု အကျွန်ုပ်ဆိုလျှင်၊ သူတို့က၊ ‘ထိုဘုရားသခင်၏နာမတော်ကား အဘယ်သို့နည်း’ ဟု အကျွန်ုပ်ကိုပြန်၍မေးသောအခါ၊ အဘယ်သို့ပြန်ပြောရပါမည်နည်း။”—ထွက်မြောက်ရာ ၃:၁၃

၅၊ ၆။ (က) မောရှေ၏မေးခွန်းက အဘယ်ရိုးရှင်း၍ အရေးပါသောအမှန်တရားကို ကျွန်ုပ်တို့အား သွန်သင်ပေးသနည်း။ (ခ) ဘုရားသခင်၏ကိုယ်ပိုင်နာမတော်နှင့်ပတ်သက်၍ အဘယ်အပြစ်ဆိုဖွယ်ရာအမှုကိုပြုခဲ့ပြီနည်း။ (ဂ) ဘုရားသခင်သည် မိမိ၏နာမတော်ကို လူသားတို့အား ဖော်ပြခဲ့ခြင်းကား အဘယ်ကြောင့် အလွန်ထူးခြားသနည်း။

ဦးဆုံးအနေနှင့် အဆိုပါမေးခွန်းက ဘုရားသခင်၌နာမတော်ရှိကြောင်း ကျွန်ုပ်တို့ကို သိစေသည်။ ဤရိုးရှင်းသောအမှန်တရားကို ကျွန်ုပ်တို့ ပေါ့ပေါ့တန်တန်သဘောမထားရပါ။ သို့တိုင် လူအများမူ ထိုသို့ပြုကြပြီ။ ဘုရားသခင့်ကိုယ်ပိုင်နာမတော်ကို မရေမတွက်နိုင်သော ဘာသာပြန်ကျမ်းများမှ ဖယ်ရှားပစ်ခဲ့ကြပြီး “သခင်” နှင့် “ဘုရားသခင်” ဟူသောဘွဲ့အမည်များကို အစားထိုးခဲ့သည်။ ယင်းသည် ဘာသာတရားအမည်ခံ၍ ပြုလုပ်ခဲ့သမျှတွင် ဝမ်းနည်းစရာအကောင်းဆုံးနှင့် အပြစ်ဆိုဖွယ်အထိုက်ဆုံးအမှုဖြစ်သည်။ အမှန်မှာ တစ်ဦးတစ်ယောက်နှင့် သင်ဦးဆုံးအကြိမ် တွေ့ဆုံသောအခါ အဘယ်အရာကိုမေးလေ့ရှိသနည်း။ သူ၏နာမည်ကို မမေးပေလော။ ဘုရားသခင်အား သိကျွမ်းလာခြင်း၌လည်း အလားတူပင်။ ကိုယ်တော်သည် အမည်မရှိ၊ အလှမ်းဝေး၍ မသိနားမလည်နိုင်သောပုဂ္ဂိုလ်တစ်ပါးမဟုတ်ချေ။ မျက်မြင်မရသော်လည်း ကိုယ်တော်သည် ပုဂ္ဂိုလ်တစ်ပါးဖြစ်ပြီး ကိုယ်တော်၌ အမည်နာမရှိတော်မူ၏၊ ယင်းကား ယေဟောဝါဖြစ်သတည်း။

ထိုထက်ကား ဘုရားသခင်သည် မိမိ၏ကိုယ်ပိုင်နာမတော်ကို ဖော်ပြသောအခါ မဝေးသောအနာဂတ်တွင် အံ့ဖွယ်ကောင်း၍ စိတ်လှုပ်ရှားဖွယ်တစ်စုံတစ်ရာ ဖြစ်ပေါ်စရာရှိသည်။ ကိုယ်တော်သည် မိမိအား သိကျွမ်းရန် ကျွန်ုပ်တို့ကို ဖိတ်ခေါ်လျက်ရှိ၏။ ကျွန်ုပ်တို့၏ဘဝတွင် အကောင်းဆုံးကို ရွေးချယ်ပြုမူစေလို၏၊ ယင်းကား ကိုယ်တော်နှင့်ရင်းနှီးစေရန်တည်း။ သို့သော် ယေဟောဝါသည် နာမတော်ကို ဖော်ပြရုံသာမက ထိုနာမတော်ကိုခံယူထားသော ပုဂ္ဂိုလ်အကြောင်းကိုလည်း ကျွန်ုပ်တို့အား သွန်သင်ပေးတော်မူခဲ့သည်။

ဘုရားသခင့်နာမတော်၏အဓိပ္ပာယ်

၇။ (က) ဘုရားသခင့်ကိုယ်ပိုင်နာမတော်၏ အဓိပ္ပာယ်ကို မည်သို့နားလည်ရသနည်း။ (ခ) ဘုရားသခင်၏နာမတော်အကြောင်း ကိုယ်တော်အား မောရှေမေးမြန်းခဲ့ရာ၌ အဘယ်အရာကို သူအမှန်တကယ်သိလိုသနည်း။

အဓိပ္ပာယ်ကြွယ်ဝလှသော မိမိ၏နာမတော်ကို ယေဟောဝါကိုယ်တိုင် ရွေးချယ်တော်မူခဲ့သည်။ “ယေဟောဝါ” ၏အဓိပ္ပာယ်မှာ “ကိုယ်တော်ဖြစ်လာစေသည်” ဟု နားလည်ရပါသည်။ ကိုယ်တော်သည် အရာခပ်သိမ်းကို ဖြစ်ပေါ်လာစေပြီး ကိုယ်တော့်ရည်ရွယ်တော်မူချက်အားလုံးကို ဖြစ်မြောက်အောင် လုပ်ဆောင်သောကြောင့် စကြဝဠာတစ်ခုလုံးတွင် ပြိုင်ဘက်ကင်း၏။ ယင်းသည် အံ့သြမိန်းမောဖွယ်ရာဖြစ်သည်။ သို့သော်လည်း ဘုရားသခင့်နာမတော်တွင် နောက်ထပ်အဓိပ္ပာယ် ရှိပါသေးသလော။ ယင်းကို မောရှေသိလိုခဲ့ကြောင်း ထင်ရှားပါသည်။ ယေဟောဝါသည် ဖန်ဆင်းရှင်ဖြစ်ကြောင်း၊ ဘုရားသခင်တွင် အမည်နာမရှိကြောင်း မောရှေ သိရှိထားပြီးဖြစ်သည်။ ဘုရားသခင်၏နာမတော်မှာ သူ့အတွက် အသစ်အဆန်းမဟုတ်ချေ။ ယင်းကို လူတို့ ရာစုနှစ်ချီ အသုံးပြုခဲ့ကြပြီ။ အမှန်မှာ၊ ဘုရားသခင့်နာမတော်ကို မောရှေသိလိုရာ၌ အဆိုပါနာမတော် ကိုယ်စားပြုသောပုဂ္ဂိုလ်အကြောင်း သူသိလိုခြင်းဖြစ်၏။ တစ်နည်းဆိုရလျှင် သူဤသို့ပြောဆိုနေခြင်းဖြစ်သည်– ‘ကိုယ်တော့်ရဲ့ဣသရေလလူတွေ ကိုယ်တော်ကိုပိုယုံကြည်ဖို့၊ သူတို့ကို ကိုယ်တော်တကယ် ကယ်တင်မယ်ဆိုတာကို စိတ်ချစေဖို့ ကိုယ်တော့်အကြောင်း ကျွန်တော်ဘာပြောပြရမလဲ။’

၈၊ ၉။ (က) မောရှေ၏မေးခွန်းကို ယေဟောဝါမည်သို့ဖြေကြားတော်မူခဲ့သနည်း၊ ကိုယ်တော့်အဖြေကို ဘာသာပြန်ဆိုရာ၌ မည်သို့အလွဲလွဲအမှားမှားဖြစ်လေ့ရှိသနည်း။ (ခ) “ငါဖြစ်စေလိုရာကို ငါဖြစ်စေမည်” ဟူသော မိန့်တော်မူချက်၏အဓိပ္ပာယ်ကား အဘယ်နည်း။

ယေဟောဝါသည် ဖြေကြားရာ၌ နာမတော်၏အဓိပ္ပာယ်နှင့် ဆက်နွှယ်နေသည့် ကိုယ်တော်၏ထူးခြားသော ပင်ကိုယ်အရည်အသွေးတစ်ခုကို ဖော်ပြခဲ့သည်။ မောရှေအား ကိုယ်တော် ဤသို့မိန့်တော်မူသည်– “ငါဖြစ်စေလိုရာကို ငါဖြစ်စေမည်။” (ထွက်မြောက်ရာ ၃:၁၄ကဘ) ဘာသာပြန်ကျမ်းများစွာ၌ ယင်းကို ဤသို့ဖတ်ရသည်– “ငါသည် ငါဖြစ်၏။” သို့သော် ဂရုတစိုက်ပြန်ဆိုချက်များတွင် ဘုရားသခင်သည် မိမိတည်ရှိမှုကို အခိုင်အမာ ပြောဆိုနေခြင်းမျှသာမဟုတ်ကြောင်း ဖော်ပြသည်။ ယင်းအစား ယေဟောဝါသည် မိမိ၏ကတိတော်များကို ပြည့်စုံစေရန် လိုအပ်သမျှကို “ဖြစ်စေမည်” သို့မဟုတ် ဖြစ်လာစေရန်ရွေးချယ်မည် ဖြစ်ကြောင်း မောရှေနှင့် ကျွန်ုပ်တို့အပါအဝင် အားလုံးကို သင်ကြားပေးနေခြင်းဖြစ်သည်။ ဂျေ. ဘီ. ရောသဟမ်၏ ဘာသာပြန်ကျမ်းက ထိုအခန်းငယ်ကို ဤသို့ရှင်းလင်းပြတ်သားစွာ ဘာသာပြန်ဆိုသည်– “ငါဖြစ်လိုသမျှအတိုင်း ငါဖြစ်လာမည်။” ဟေဗြဲကျမ်းပညာရှင်တစ်ဦးက ထိုစကားစုကို ဤသို့ရှင်းပြသည်– “အဘယ်အခြေအနေ၊ အဘယ်လိုအပ်ချက်မဆို ဖြစ်ပေါ်ပါစေ . . . ဘုရားသခင်သည် အဆိုပါလိုအပ်ရာ၏ ဖြေရှင်းချက် “ဖြစ်လာ” မည်။”

ယင်းသည် ဣသရေလလူမျိုးအတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။ သူတို့ရှေ့၌ မည်သည့်အတားအဆီးပင် ပေါ်ပေါက်လာပါစေ၊ ဘေးကျပ်နံကျပ်ဖြစ်သည့် အဘယ်အခက်အခဲမဆို သူတို့တွေ့ကြုံကြရပါစေ သူတို့ကို ကျွန်ဘဝမှ ကယ်လွှတ်ရန်နှင့် ကတိထားရာပြည်သို့ ပို့ဆောင်ရန်အလို့ငှာ ယေဟောဝါသည် လိုအပ်ရာမှန်သမျှ ဖြစ်လာပါလိမ့်မည်။ ထိုနာမတော်သည် ဘုရားသခင်၌ယုံကြည်စိတ်ချမှု အမှန်ပင်လှုံ့ဆော်ပေးသည်။ ယင်းသည် ယနေ့ ကျွန်ုပ်တို့အတွက်လည်း အလားတူဖြစ်စေနိုင်၏။ (ဆာလံ ၉:၁၀) အဘယ်ကြောင့်နည်း။

၁၀၊ ၁၁။ ယေဟောဝါ၏နာမတော်က ကိုယ်တော်အား ဘက်စုံရသောပုဂ္ဂိုလ်အဖြစ်၊ စိတ်ကူး၍ရနိုင်သမျှတွင် အကောင်းဆုံးဖခင်တစ်ဦးအဖြစ် ယူမှတ်ရန် ကျွန်ုပ်တို့ကို မည်သို့သွေးဆောင်သနည်း။ သရုပ်ဖော်ပါ။

၁၀ သာဓကအနေဖြင့် မိဘများသည် မိမိတို့၏သားသမီးများကို ကြည့်ရှုပြုစုရာ၌ မည်မျှပြောင်းသာလွဲသာဖြစ်ရမည်ကို သိထားကြသည်။ တစ်နေ့တာအတွင်း မိဘတစ်ဦးသည် သူနာပြု၊ ထမင်းချက်၊ ဆရာသမား၊ စည်းကမ်းကြပ်မတ်ပေးသူ၊ တရားသူကြီးနှင့် ထိုထက်မကဖြစ်ရပေမည်။ လူအများသည် မိမိတို့ဆောင်ရွက်ရသော အခန်းကဏ္ဍအသီးသီးကြောင့် ဝန်ပိသည်ဟု ခံစားကြရသည်။ ဖခင်ဖြစ်စေ၊ မိခင်ဖြစ်စေ မိမိတို့၏ဒဏ်ရာကို သက်သာစေနိုင်သည်၊ အငြင်းအခုံမှန်သမျှကို ဖြေရှင်းပေးနိုင်သည်၊ ပျက်စီးသွားသောကစားစရာကို ပြင်ပေးနိုင်သည်၊ စပ်စု၍ အမြဲစူးစမ်းမေးမြန်းသောမေးခွန်းရှိသမျှ ဖြေဆိုပေးနိုင်သည်ကို ဘယ်သောအခါမျှ သံသယမဝင်ကြသည့် သူတို့ကလေးငယ်များ၏ အကြွင်းမဲ့ယုံကြည်စိတ်ချမှုကို မိဘများ ဖော်ပြပြောဆိုလေ့ရှိသည်။ မိဘအချို့သည် မိမိတတ်စွမ်းမှု၏ ကန့်သတ်ချက်များကြောင့် မိမိညံ့သေးသည်ဟုခံစားမိပြီး ရံဖန်ရံခါ မချင့်မရဲဖြစ်တတ်ကြ၏။ သူတို့ထမ်းဆောင်မည့် အခန်းကဏ္ဍများစွာကို မဖြည့်စွက်နိုင်သည့်အတွက် ညံ့ဖျင်းသည်ဟု ခံစားမိကြသည်။

၁၁ ယေဟောဝါသည်လည်း မေတ္တာရှိဖခင်တစ်ဦးဖြစ်သည်။ ကိုယ်တော်သည် မိမိ၏မြေကြီးသားသမီးများကို အကောင်းဆုံးနည်းဖြင့်ကြည့်ရှုရန် သူ၏စုံလင်သော စံနှုန်းများဘောင်အတွင်း ကိုယ်တော်မဖြစ်လာနိုင်ရာ အဘယ်အရာမျှ မရှိချေ။ သို့ဖြစ်၍ ကိုယ်တော်၏နာမတော် ယေဟောဝါသည် ကိုယ်တော့်အား စိတ်ကူးနိုင်သမျှတွင် အကောင်းဆုံးသောဖခင်တစ်ဦးအဖြစ် ကျွန်ုပ်တို့အား ယူမှတ်စေသည်။ (ယာကုပ် ၁:၁၇) ယေဟောဝါသည် မိမိနာမတော်အတိုင်း အမှန်စင်စစ်ပင်ဖြစ်ကြောင်း မောရှေနှင့် အခြားသစ္စာရှိဣသရေလအားလုံး မကြာမီသိရှိလာကြသည်။ ကိုယ်တော်သည် မရှုံးနိမ့်နိုင်သောစစ်သေနာပတိ၊ သဘာဝတရားအားလုံးကို ပိုင်နိုင်သောသခင်၊ ပြိုင်စံကင်းသည့်ပညတ်ပေးရှင်၊ တရားသူကြီး၊ ဗိသုကာဆရာ၊ စားစရာနှင့် သောက်ရေစီစဉ်ပေးရှင်၊ အဝတ်အစားနှင့် ခြေနင်းတို့ကို မစုတ်ပြဲစေသူနှင့် ထိုထက်မကသောအရာတို့ကို ဖြစ်စေသူဖြစ်ကြောင်း အံ့သြမိန်းမောစွာ ရှုစားခဲ့ကြရသည်။

၁၂။ ယေဟောဝါအပေါ် ဖာရော၏သဘောထားက မောရှေနှင့် မည်သို့ကွာခြားသနည်း။

၁၂ သို့နှင့် ဘုရားသခင်သည် မိမိ၏ကိုယ်ပိုင်နာမတော်ကို ကျော်ကြားစေခဲ့သည်။ နာမတော်ကို ခံယူထားသောပုဂ္ဂိုလ်နှင့်ပတ်သက်သည့် ထူးခြားသော အရည်အသွေးများအပြင် မိမိနှင့်ပတ်သက်၍ မိမိကိုယ်တိုင်၏ပြောဆိုချက်များ မှန်ကန်ကြောင်းကိုလည်း ဖော်ပြခဲ့သည်။ ဘုရားသခင်သည် မိမိအား သိကျွမ်းစေလိုသည်မှာ ယုံမှားဖွယ်မရှိချေ။ ကျွန်ုပ်တို့ မည်သို့တုံ့ပြန်ကြသနည်း။ မောရှေသည် ဘုရားသခင်အား သိကျွမ်းလိုခဲ့သည်။ ထိုပြင်းပြသောဆန္ဒက မောရှေ၏ဘဝအသက်တာကို ပုံသွင်းပေးခဲ့ပြီး ကောင်းကင်ခမည်းတော်နှင့် အလွန်ရင်းနှီးစေခဲ့သည်။ (တောလည်ရာ ၁၂:၆-၈; ဟေဗြဲ ၁၁:၂၇) ဝမ်းနည်းစရာမှာ မောရှေနှင့်တစ်ခေတ်တည်းသားအများသည် ထပ်တူဆန္ဒမျိုးမရှိခဲ့ကြချေ။ မောရှေက ဖာရောအား ယေဟောဝါကို နာမတော်ဖြင့်ဖော်ပြသောအခါ မာန်တက်နေသော ထိုအီဂျစ်ပြည့်ရှင်မင်းကြီးက ‘ယေဟောဝါကား မည်သူနည်း’ ဟုခွန်းတုံ့ပြန်ခဲ့သည်။ (ထွက်မြောက်ရာ ၅:၂ကဘ) ဖာရောသည် ယေဟောဝါအကြောင်း ပို၍ကျယ်ပြန့်စွာမသိလိုခဲ့ချေ။ ယင်းအစား ဣသရေလတို့၏ဘုရားသခင်ကို အရေးမပါအရာမရောက်၊ မဆီမဆိုင်သူအဖြစ် မထီမဲ့မြင်ပလပ်ပစ်ခဲ့သည်။ ယနေ့လည်း အများစုသည် ထိုရှုမြင်ပုံအတိုင်းဖြစ်သည်။ ယင်းက ယေဟောဝါသည် အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်ဖြစ်သည်ဟူသော အမှန်တရားအားလုံးတို့တွင် အရေးကြီးဆုံးအရာကို လူတို့အား မသိမြင်စေပါ။

အကြွင်းမဲ့ပိုင်သအုပ်စိုးရှင် ယေဟောဝါ

၁၃၊ ၁၄။ (က) သမ္မာကျမ်းစာ၌ ယေဟောဝါအား ဘွဲ့အမည်များစွာကို အဘယ်ကြောင့်ပေးထားသနည်း၊ ယင်းတို့မှ အချို့ကား အဘယ်နည်း။ ( စာမျက်နှာ ၁၄ ရှိလေးထောင့်ကွက်ကိုရှု။) (ခ) ယေဟောဝါတစ်ပါးတည်းသာ “အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်” ဘွဲ့ကို အဘယ်ကြောင့်ရထိုက်သနည်း။

၁၃ ယေဟောဝါသည် မည်မျှဘက်စုံလုပ်ဆောင်နိုင်သည်၊ အလိုက်သင့်လုပ်ဆောင်နိုင်သနည်းဟူမူ သမ္မာကျမ်းစာ၌တွေ့ရှိရသော ဘွဲ့အမျိုးမျိုးကို ကိုယ်တော်သည် ထိုက်ထိုက်တန်တန်ခံယူထားသည်။ ယင်းဘွဲ့တို့သည် ကိုယ်တော်၏ကိုယ်ပိုင်နာမအထက်၌ ရှိသည်မဟုတ်ချေ; ယင်းအစား နာမတော်ကိုယ်စားပြုရာကို သာ၍သိရှိစေသည်။ ဥပမာ၊ ကိုယ်တော်အား “အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်ယေဟောဝါ” ဟုခေါ်ဆိုထားသည်။ (၂ ဓမ္မရာဇဝင် ၇:၂၂ကဘ) သမ္မာကျမ်းစာတွင် ရာနှင့်ချီပါရှိသည့် ထိုမြင့်မြတ်သောဘွဲ့အမည်က ယေဟောဝါ၏အဆင့်ရာထူးကို ကျွန်ုပ်တို့အား သိစေသည်။ ကိုယ်တော်တစ်ပါးတည်းသာလျှင် စကြဝဠာကို ပိုင်သအုပ်စိုးခွင့်ရှိတော်မူသည်။ အဘယ်ကြောင့်ဖြစ်ရကြောင်း သုံးသပ်ပါလေ။

၁၄ ယေဟောဝါသည် ဖန်ဆင်းရှင်အဖြစ် ပြိုင်ဘက်ကင်းတော်မူသည်။ ဗျာဒိတ် ၄:၁၁၊ [ကဘ] က ဤသို့ဆိုသည်– “ကျွန်တော်မျိုးတို့၏ဘုရားသခင် ယေဟောဝါ၊ ကိုယ်တော်သည် အရာခပ်သိမ်းကိုဖန်ဆင်းတော်မူ၍ ကိုယ်တော်၏အလိုတော်ကြောင့် ၎င်းတို့သည် ဖန်ဆင်းခံရပြီး တည်ရှိကြသည့်အတွက် ကိုယ်တော်သည် ဘုန်းတော်၊ ဂုဏ်တော်၊ တန်ခိုးတော်ကိုခံထိုက်တော်မူ၏။” ဤထည်ဝါသောစကားလုံးများသည် အခြားမည်သူနှင့်မျှ မသက်ဆိုင်နိုင်ချေ။ စကြဝဠာတစ်ခွင်ရှိ အရာခပ်သိမ်းသည် ယေဟောဝါကြောင့်သာ ဖြစ်ပေါ်လာသတည်း! ယေဟောဝါသည် အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်နှင့် အရာခပ်သိမ်းကိုဖန်ဆင်းရှင်အဖြစ် ဘုန်းတော်၊ ဂုဏ်တော်၊ တန်ခိုးတော်ကို ခံယူထိုက်သည်မှာ ယုံမှားဖွယ်မရှိချေ။

၁၅။ ယေဟောဝါအား “ထာဝရဘုရင်” ဟု အဘယ်ကြောင့်ခေါ်ဆိုသနည်း။

၁၅ ယေဟောဝါနှင့်သာ သီးသန့်လုံးလုံးသက်ဆိုင်သော နောက်ထပ်ဘွဲ့အမည်တစ်ခုမှာ “ထာဝရဘုရင်” [ကဘ] ဖြစ်သည်။ (၁ တိမောသေ ၁:၁၇; ဗျာဒိတ် ၁၅:၃) ၎င်းက အဘယ်အဓိပ္ပာယ်ရှိသနည်း။ အကန့်အသတ်ရှိ ကျွန်ုပ်တို့၏ဉာဏ်စွမ်းဖြင့် ဉာဏ်မမီနိုင်သော်လည်း ယေဟောဝါသည် အတိတ်နှင့် အနာဂတ် လားရာနှစ်ဖက်စလုံးတွင် ထာဝရဖြစ်တော်မူ၏။ ဆာလံ ၉၀:၂ ကဤသို့ဆိုသည်– “ကိုယ်တော်သည် ရှေးကမ္ဘာအဆက်ဆက်မှစ၍ နောက်ကမ္ဘာအဆက်ဆက်တိုင်အောင် ဘုရားသခင်ဖြစ်တော်မူ၏။” သို့ဖြစ်၍ ယေဟောဝါ၌ အစမရှိ; ကိုယ်တော်သည် အစဉ်တည်ရှိတော်မူ၏။ ကိုယ်တော်သည် စကြဝဠာ၌ မည်သူတစ်ဦးတစ်ယောက်မျှ၊ တစ်စုံတစ်ရာမျှမရှိမီ တည်ရှိတော်မူခဲ့ရာ ကိုယ်တော်အား “အသက်ကြီးသောသူ” ဟု ဆီလျော်စွာခေါ်ဆိုနိုင်သည်တကား! (ဒံယေလ ၇:၉၊ ၁၃၊ ၂၁) ကိုယ်တော်သည် အကြွင်းမဲ့ပိုင်သအုပ်စိုးရှင် ဖြစ်ထိုက်ကြောင်းကို မည်သူအငြင်းပွားဝံ့အံ့နည်း။

၁၆၊ ၁၇။ (က) ယေဟောဝါကို ကျွန်ုပ်တို့ အဘယ်ကြောင့်မမြင်နိုင်သနည်း၊ ယင်းကို ကျွန်ုပ်တို့ အဘယ်ကြောင့် မအံ့သြသင့်သနည်း။ (ခ) အဘယ်သဘောမျိုးဖြင့် ယေဟောဝါသည် ကျွန်ုပ်တို့တွေ့မြင်တို့ထိနိုင်သည့်အရာမှန်သမျှထက် သာ၍တကယ့်ပုဂ္ဂိုလ်ဖြစ်သနည်း။

၁၆ သို့တိုင် ဖာရောကဲ့သို့ပင် အချို့က ယင်းကို အငြင်းပွားဝံ့ခဲ့ကြ၏။ ပြဿနာ၏တစ်စိတ်တစ်ပိုင်းမှာ မစုံလင်သောလူသားတို့သည် မျက်စိဖြင့်မြင်နိုင်ရာကို ယုံကြည်ကိုးစားတတ်ကြခြင်းကြောင့်တည်း။ အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်ကို ကျွန်ုပ်တို့မမြင်နိုင်ကြချေ။ ကိုယ်တော်သည် လူ့မျက်စိဖြင့်မမြင်နိုင်သော နာမ်ဝိညာဉ်တစ်ပါးဖြစ်တော်မူ၏။ (ယောဟန် ၄:၂၄) ထို့အပြင် အသွေးအသားရှိလူတစ်ဦးသည် ယေဟောဝါဘုရားသခင်၏ရှေ့တော်မှောက်၌ ရပ်မည်ဆိုလျှင် သေရပေမည်။ ယေဟောဝါကိုယ်တော်တိုင် မောရှေအား ဤသို့မိန့်တော်မူခဲ့သည်– “သင်သည်ငါ့မျက်နှာကိုမမြင်နိုင်ရာ။ ငါ့မျက်နှာကိုမြင်လျှင် အသက်ရှင်ရသောလူ တစ်စုံတစ်ယောက်မျှမရှိ။”—ထွက်မြောက်ရာ ၃၃:၂၀; ယောဟန် ၁:၁၈

၁၇ ၎င်းကို ကျွန်ုပ်တို့ မအံ့သြသင့်ပါ။ မောရှေသည် ယေဟောဝါ၏ဘုန်းတော် တစ်စိတ်တစ်ပိုင်းကိုသာ ကောင်းကင်တမန်ကိုယ်စားလှယ်တစ်ပါးမှတစ်ဆင့် တွေ့မြင်ခဲ့သည်။ အကျိုးဆက်ကား အဘယ်နည်း။ ထို့နောက်တွင် မောရှေ၏မျက်နှာသည် အချိန်အတန်ကြာ “ထွန်းပ” ခဲ့သည်။ ဣသရေလအမျိုးသားအပေါင်းတို့သည် မောရှေကို တိုက်ရိုက်ပင်မကြည့်ဝံ့ခဲ့ကြချေ။ (ထွက်မြောက်ရာ ၃၃:၂၁-၂၃; ၃၄:၅-၇၊ ၂၉၊ ၃၀) ထို့ကြောင့် အဘယ်လူသားမျှ အကြွင်းမဲ့ပိုင်သအုပ်စိုးရှင် ကိုယ်တော်တိုင်၏ဘုန်းတန်ခိုးတော်အပြည့်အဝကို ကြည့်မြင်နိုင်မည်မဟုတ်ချေ! ယင်းကြောင့် ကိုယ်တော်သည် ကျွန်ုပ်တို့တွေ့မြင်တို့ထိနိုင်သောအရာတို့ကဲ့သို့ တကယ်မဟုတ်ဟု ဆိုလိုသလော။ မဆိုလိုပါ၊ ဥပမာ ကျွန်ုပ်တို့မမြင်နိုင်သော လေ၊ ရေဒီယိုလှိုင်းနှင့် စိတ်ကူးများကဲ့သို့သော အရာများစွာ အမှန်တကယ်ရှိကြောင်းကို ကျွန်ုပ်တို့လက်ခံနှင့်ပြီးသားဖြစ်သည်။ ထို့ပြင် ယေဟောဝါသည် အစဉ်အမြဲတည်ရှိတော်မူပြီး နှစ်များအလီလီပြောင်းသော်ငြား နှစ်ဘီလီယံချီ၍ကြာညောင်းသွားလျှင်ပင် ပြောင်းလဲမသွားပေ! ထိုသဘောဖြင့် ကိုယ်တော်သည် ကျွန်ုပ်တို့တွေ့မြင်တို့ထိနိုင်သော မည်သည့်အရာထက်မဆို အမှန်တကယ်ဖြစ်သည်၊ အကြောင်းမှာ ရူပလောကသည် ဟောင်းနွမ်းပျက်စီးသွားနိုင်၏။ (မဿဲ ၆:၁၉) သို့သော် ကိုယ်တော့်အား အကောင်အထည်မရှိသောတစ်စုံတစ်ရာ၊ ပုဂ္ဂိုလ်မဟုတ်သောစွမ်းအား သို့မဟုတ် မသဲကွဲသည့် မိမိဘာသာဖြစ်ပေါ်တည်ရှိရာ ပင်ရင်းပထမအကြောင်းတရားမျှဟု ကျွန်ုပ်တို့ယူမှတ်သင့်သလော။ ဆက်ကြည့်ကြပါစို့။

ပင်ကိုစရိုက်ဖြင့် ဘုရားသခင်တစ်ပါး

၁၈။ ယေဇကျေလသည် အဘယ်ရူပါရုံရရှိခဲ့သနည်း၊ ယေဟောဝါအနီးရှိ ‘သက်ရှိသတ္တဝါများ’ ၏ မျက်နှာလေးခုက အဘယ်အရာကို ကိုယ်စားပြုသနည်း။

၁၈ ဘုရားသခင်ကို ကျွန်ုပ်တို့မမြင်နိုင်သော်လည်း ကောင်းကင်ကိုယ်ထဲ အရိပ်အမြွက်အားဖြင့် တွေ့မြင်စေသော စိတ်လှုပ်ရှားဖွယ်စာပိုဒ်များ သမ္မာကျမ်းစာတွင်ပါရှိ၏။ ဥပမာတစ်ခုမှာ ယေဇကျေလအခန်းကြီးတစ်ဖြစ်သည်။ ယေဇကျေလသည် ယေဟောဝါ၏ကောင်းကင်အဖွဲ့အစည်းကို ကြီးမားလှသောကောင်းကင်ရထားတော်အဖြစ် ရူပါရုံတစ်ခု၌ တွေ့မြင်ခဲ့၏။ အထူးစွဲမှတ်စရာမှာ ယေဟောဝါ၏အနီးဝန်းကျင်ရှိ တန်ခိုးကြီးမားသော ဝိညာဉ်သတ္တဝါများ၏ ရုပ်လုံးဖော်ချက်ဖြစ်သည်။ (ယေဇကျေလ ၁:၄-၁၀) ဤ ‘သက်ရှိသတ္တဝါများ’ သည် ယေဟောဝါနှင့် အနီးကပ်ပေါင်းဖော်ကြ၏၊ သူတို့၏ပုံပန်းသဏ္ဌာန်က သူတို့အစေခံသော ဘုရားသခင်အကြောင်း အရေးကြီးရာတစ်စုံတစ်ခုကို ကျွန်ုပ်တို့အား ဖော်ပြပေးသည်။ သတ္တဝါတစ်ပါးစီတွင် နွား၊ ခြင်္သေ့၊ လင်းယုန်နှင့် လူတို့၏ မျက်နှာလေးခုရှိသည်။ ၎င်းတို့က ယေဟောဝါ၏ပင်ကိုစရိုက်မှ ထူးခြားသောအရည်အသွေးလေးခုကို အထင်အရှားကိုယ်စားပြုသည်။—ဗျာဒိတ် ၄:၆-၈၊ ၁၀

၁၉။ (က) နွားမျက်နှာ (ခ) ခြင်္သေ့မျက်နှာ (ဂ) လင်းယုန်မျက်နှာ (ဃ) လူမျက်နှာတို့က အဘယ်အရည်အသွေးကို ကိုယ်စားပြုသနည်း။

၁၉ နွားသည် အလွန်သန်မာသောတိရစ္ဆာန်ဖြစ်သောကြောင့် သမ္မာကျမ်းစာတွင် ယင်းကို တန်ခိုးနှင့်ပုံခိုင်းလေ့ရှိခြင်းမှာ ဆီလျော်လှသည်။ ခြင်္သေ့မူကား တရားမျှတမှုကို ပုံဖော်လေ့ရှိ၏၊ အကြောင်းမှာ စစ်မှန်သောတရားမျှတမှုရှိဖို့ ရဲရင့်မှုလိုအပ်ရာ ထိုအရည်အသွေးကို ခြင်္သေ့များကပိုင်ဆိုင်၏ဟု ကျော်ကြားသောကြောင့်တည်း။ လင်းယုန်များ၌ စူးရှသောအမြင်အာရုံရှိသည်ဟု လူသိများ၏၊ မိုင်ပေါင်းများစွာဝေးသောနေရာမှ အလွန်သေးငယ်သောအရာများကိုပင် မြင်တွေ့နိုင်သည်။ သို့ဖြစ်၍ လင်းယုန်မျက်နှာသည် ဘုရားသခင်၏ အဝေးသို့မြင်နိုင်စွမ်းရှိဉာဏ်ပညာတော်ကို ကောင်းစွာရုပ်လုံးဖော်ပေမည်။ လူမျက်နှာကော။ ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခံရသောလူသည် ကိုယ်တော်၏အဓိကအရည်အသွေးဖြစ်သည့် မေတ္တာကို ရောင်ပြန်ဟပ်ရာတွင် ထူးခြားပေသည်။ (ကမ္ဘာဦး ၁:၂၆) ယေဟောဝါ၏ပင်ကိုစရိုက်မှ ဤရှုထောင့်များဖြစ်သည့် တန်ခိုး၊ တရားမျှတမှု၊ ဉာဏ်ပညာနှင့် မေတ္တာတို့ကို သမ္မာကျမ်းစာတွင် မကြာခဏပင် အလေးပေးဖော်ပြထားရာ ယင်းတို့ကို ဘုရားသခင်၏အခြေခံဂုဏ်ရည်တော်များအဖြစ် ရည်ညွှန်းနိုင်ပေသည်။

၂၀။ ယေဟောဝါ၏ပင်ကိုစရိုက် ပြောင်းလဲသွားပေမည်ဟု ကျွန်ုပ်တို့စိုးရိမ်ရန်လိုသလော၊ အဘယ်ကြောင့် သင်ဤသို့ဖြေဆိုသနည်း။

၂၀ သမ္မာကျမ်းစာတွင် ကိုယ်တော့်အား ဖော်ပြခဲ့ချိန်မှစ၍ နှစ်ပေါင်းထောင်နှင့်ချီ ကြာညောင်းခဲ့ပြီဖြစ်ရာ ဘုရားသခင်သည် ပြောင်းလဲသွားပေမည်ဟု ကျွန်ုပ်တို့စိုးရိမ်သင့်သလော။ မသင့်ပါ၊ ဘုရားသခင်၏ပင်ကိုစရိုက်သည် ပြောင်းလဲခြင်းမရှိချေ။ ကျွန်ုပ်တို့ကို ကိုယ်တော် ဤသို့မိန့်တော်မူသည်– “ငါသည် ယေဟောဝါဖြစ်၏။ ငါသည် ပြောင်းလဲခြင်းမရှိ။” (မာလခိ ၃:၆ကဘ) ယေဟောဝါသည် ထင်ရာမြင်ရာအတိုင်း ပြောင်းလဲပစ်မည့်အစား အခြေအနေတစ်မျိုးစီကို ကိုယ်တော် တုံ့ပြန်ပုံနည်းလမ်းက စံပြဖခင်တစ်ဦးဖြစ်ကြောင်း သက်သေထူသည်။ ကိုယ်တော်သည် မိမိ၏ပင်ကိုစရိုက်ရှိ အသင့်လျော်ဆုံးသောအသွင်အပြင်များကို ဖော်ပြပေးတော်မူသည်။ ထိုအရည်အသွေးလေးခုထဲမှ အထင်ရှားဆုံးမှာ မေတ္တာဖြစ်သည်။ ယင်းသည် ဘုရားသခင်ဆောင်ရွက်တော်မူသမျှတွင် ထင်ရှားသည်။ ကိုယ်တော်သည် မိမိ၏တန်ခိုး၊ တရားမျှတမှုနှင့် ဉာဏ်ပညာကို မေတ္တာလမ်းစဉ်ဖြင့် ကျင့်သုံးတော်မူ၏။ အမှန်မှာ သမ္မာကျမ်းစာက “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” ဟုဘုရားသခင်နှင့် ဤအရည်အသွေးအကြောင်း ထူးကဲစွာဖော်ပြသည်။ (၁ ယောဟန် ၄:၈) ဘုရားသခင်မေတ္တာရှိသည်၊ သို့မဟုတ် ဘုရားသခင်သည် မေတ္တာထားတတ်သည်ဟုမဆိုကြောင်း သတိပြုပါ။ ယင်းအစား ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏ ဟုဆိုထားသည်။ ကိုယ်တော်၏ပင်ကိုသဘာဝမေတ္တာက ကိုယ်တော့်အား ပြုလေရာရာ၌ လှုံ့ဆော်ပေးသည်။

‘ကြည့်ရှုလော့၊ ဤအရှင်ကား ငါတို့၏ဘုရားသခင်ပေတည်း’

၂၁။ ယေဟောဝါ၏အရည်အသွေးများကို ကျွန်ုပ်တို့ ပို၍သိလာသည်နှင့်အမျှ ကျွန်ုပ်တို့ မည်သို့ခံစားရမည်နည်း။

၂၁ ကလေးငယ်တစ်ဦးသည် ဖခင်ဖြစ်သူကို လက်ညှိုးထိုး၍ မိမိသူငယ်ချင်းများအား အပြစ်ကင်းစွာ ဂုဏ်ယူဝင့်ကြွားလျက် “ဒါတို့ဖေဖေပဲ” ဟုပြောဆိုသည်ကို သင်မြင်ဖူးသလော။ ဘုရားသခင်ကို ကိုးကွယ်သူတို့သည် ယေဟောဝါနှင့်ပတ်သက်၍ ထပ်တူခံစားရရန် အကြောင်းများစွာရှိ၏။ သစ္စာရှိသူတို့က ‘ကြည့်ရှုလော့၊ ဤအရှင်ကား ငါတို့၏ဘုရားသခင်ပေတည်း’ ဟုကြွေးကြော်ကြမည့်အချိန်ကို သမ္မာကျမ်းစာ၌ တင်ကူးဖော်ပြထားသည်။ (ဟေရှာယ ၂၅:၈၊ ၉) သင်သည် ယေဟောဝါ၏အရည်အသွေးများကို တိုး၍ထိုးထွင်းသိမြင်လာလေလေ သင့်၌ စိတ်ကူးနိုင်သမျှတွင် အကောင်းဆုံးသောဖခင်ရှိသည်ဟု သင်ခံစားရလေလေဖြစ်မည်။

၂၂၊ ၂၃။ သမ္မာကျမ်းစာက ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်ကို မည်သို့ပုံဖော်ထားသနည်း၊ ကိုယ်တော်သည် မိမိနှင့်ရင်းနှီးစေလိုတော်မူကြောင်း မည်သို့သိရသနည်း။

၂၂ ဤဖခင်သည် ခြိုးခြံစွာနေထိုင်သော ဘာသာရေးသမားနှင့် အတွေးအခေါ်ပညာရှင်အချို့ သွန်သင်ကြသကဲ့သို့ အေးတိအေးစက်၊ အရောတဝင်မရှိ၊ သို့မဟုတ် အလှမ်းဝေးလွန်းသည်မဟုတ်ချေ။ ကျွန်ုပ်တို့သည် အေးတိအေးစက်နိုင်သော ဘုရားသခင်တစ်ပါးထံ ချဉ်းကပ်လိုမည်မဟုတ်၊ သမ္မာကျမ်းစာက ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်ကို ထိုသို့ပုံဖော်မထားချေ။ ယင်းအစား ကိုယ်တော်အား “ပျော်ရွှင်သောဘုရားသခင်” ဟု ခေါ်ဆိုထားသည်။ (၁ တိမောသေ ၁:၁၁ကဘ) ကိုယ်တော်၏ခံစားချက်များသည် ပြင်းထန်၍ တစ်ကြိမ်တည်းတွင် သနားကြင်နာသည်။ ကိုယ်တော်၏အသိဉာဏ်ရှိသောသတ္တဝါများသည် သူတို့၏အကျိုးအတွက် ကိုယ်တော်ပေးတော်မူသော လမ်းညွှန်ချက်များကို ချိုးဖောက်သောအခါ ကိုယ်တော့် “နှလုံးနာကျင်တော်မူသည်။” (ကမ္ဘာဦး ၆:၆ကဘ; ဆာလံ ၇၈:၄၁) သို့သော် ကျွန်ုပ်တို့သည် ကိုယ်တော်၏စကားတော်အတိုင်း ပညာရှိစွာပြုမူသောအခါ ကိုယ်တော်၏ “စိတ်ကိုရွှင်လန်းစေ” သည်။—သုတ္တံ ၂၇:၁၁

၂၃ ကျွန်ုပ်တို့၏ဖခင်သည် ကျွန်ုပ်တို့ကို ကိုယ်တော်နှင့်ရင်းနှီးစေလိုသည်။ ကျွန်ုပ်တို့သည် ‘ဘုရားသခင်ကိုရှာစမ်းသဖြင့် တွေ့ကောင်းတွေ့ကြလိမ့်မည်အကြောင်း၊ ဘုရားသခင်သည် ကျွန်ုပ်တို့တွင် အဘယ်သူနှင့်မျှဝေးတော်မူသည်မဟုတ်ကြောင်း’ ကိုယ်တော်၏စကားတော်က တိုက်တွန်းသည်။ (တမန်တော် ၁၇:၂၇) သို့သော် လူသားမျှဖြစ်သူတို့သည် စကြဝဠာပိုင်သအုပ်စိုးရှင်ထံ မည်သို့ချဉ်းကပ်နိုင်မည်နည်း။