မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂

‘ဘုရားသခင်ထံ’ သင် အမှန်တကယ် “ချဉ်းကပ်” နိုင်သလော

‘ဘုရားသခင်ထံ’ သင် အမှန်တကယ် “ချဉ်းကပ်” နိုင်သလော

၁၊ ၂။ (က) လူအများအတွက် အဘယ်အရာက အတွေးခေါင်ပုံရှိမည်နည်း၊ သို့သော် သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို မည်သို့အာမခံသနည်း။ (ခ) အာဗြဟံသည် အဘယ်အကျွမ်းဝင်သောဆက်ဆံရေးကို ရရှိခဲ့သနည်း၊ အဘယ်ကြောင့်နည်း။

ကောင်းကင်နှင့် မြေကြီး၏ ဖန်ဆင်းရှင်က သင့်အား “ဤသူကား ငါ့အဆွေဖြစ်သည်” ဟု ဆိုလာလျှင် သင်မည်သို့ခံစားရမည်နည်း။ လူအများအတွက် ယင်းသည် အတွေးခေါင်ပုံရှိမည်။ အမှန်မှာ လူသားမျှဖြစ်သူတစ်ဦးသည် ယေဟောဝါဘုရားသခင်နှင့် မည်သို့ရင်းနှီးကျွမ်းဝင်နိုင်မည်နည်း။ သို့တိုင် သမ္မာကျမ်းစာက ကျွန်ုပ်တို့သည် ဘုရားသခင်ထံ အမှန်တကယ်ချဉ်းကပ်နိုင်၏ဟု အာမခံထားသည်။

ရှေးခေတ်တွင်အသက်ရှင်ခဲ့သူ အာဗြဟံသည် ထိုသို့အကျွမ်းဝင်ခွင့်ရခဲ့၏။ ယေဟောဝါက ထိုဘိုးဘေးကို “ငါ့အဆွေ” ဟုသတ်မှတ်ခဲ့သည်။ (ဟေရှာယ ၄၁:၈) ယေဟောဝါသည် အာဗြဟံအား မိမိ၏အတွင်းကျသောမိတ်ဆွေအဖြစ် မှတ်ယူခဲ့၏။ အာဗြဟံသည် “ဘုရားသခင်ကိုယုံကြည်” သောကြောင့် ထိုသို့သောရင်းနှီးသည့် ဆက်ဆံရေးရခဲ့သည်။ (ယာကုပ် ၂:၂၃) ယနေ့လည်း ကိုယ်တော်၏အမှုတော်ကို မေတ္တာနှင့်ဆောင်ရွက်ကြသူတို့အား “စွဲလမ်း” ရန် အခွင့်အလမ်းများကို ယေဟောဝါရှာဖွေတော်မူသည်။ (တရားဟောရာ ၁၀:၁၅သမ္မာ) ကိုယ်တော့်စကားတော်က ဤသို့တိုက်တွန်းသည်– ‘ဘုရားသခင်ထံချဉ်းကပ်ကြလော့။ သို့ပြုလျှင်၊ သင်တို့ထံချဉ်းကပ်တော်မူလိမ့်မည်။’ (ယာကုပ် ၄:၈) ဤစကားတွင် ဖိတ်ခေါ်ချက်နှင့် ကတိပေးချက်ကိုပါ ကျွန်ုပ်တို့တွေ့ရသည်။

၃။ ကျွန်ုပ်တို့အား အဘယ်ဖိတ်ခေါ်ချက်ကို ယေဟောဝါကမ်းလှမ်းတော်မူသနည်း၊ ယင်းနှင့် အဘယ်ကတိတော် ဆက်နွှယ်သနည်း။

ယေဟောဝါသည် မိမိထံချဉ်းကပ်ရန် ကျွန်ုပ်တို့ကို ဖိတ်ခေါ်တော်မူသည်။ ကိုယ်တော်၏မိတ်ဆွေများအဖြစ် ကျွန်ုပ်တို့ကိုလက်ခံရန် တလိုတလားရှိရုံမက အသင့်ရှိတော်မူ၏။ တစ်ချိန်တည်းတွင် ကိုယ်တော်ထံ ကျွန်ုပ်တို့ချဉ်းကပ်မည်ဆိုလျှင် ကိုယ်တော်သည်လည်း အလားတူပြုတော်မူမည်ဟု ကတိပြုတော်မူသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ထံချဉ်းကပ်လိမ့်မည်။ သို့ဖြင့် ကျွန်ုပ်တို့သည် “[“ယေဟောဝါ၊” ကဘ] နှင့်မိတ်သဟာယဖွဲ့ရသော” အမှန်တကယ်တန်ဖိုးရှိသည့်အခွင့်ကို ရရှိနိုင်သည်။ * (ဆာလံ ၂၅:၁၄) “မိတ်သဟာယဖွဲ့ခြင်း” ဟူသည် အထူးမိတ်ဆွေတစ်ဦးနှင့် အတွင်းရေးစကားပြောဆိုခြင်းသဘောဆောင်သည်။

၄။ ရင်းနှီးသောမိတ်ဆွေတစ်ဦးကို သင် မည်သို့သရုပ်ဖော်မည်နည်း၊ ယေဟောဝါသည် ကိုယ်တော်ထံချဉ်းကပ်သူတို့အား ထိုသို့သော မိတ်ဆွေတစ်ဦးဖြစ်ကြောင်း အဘယ်နည်းဖြင့် သက်သေထူသနည်း။

သင်ရင်ဖွင့်နိုင်သော ရင်းနှီးသည့်မိတ်ဆွေတစ်ဦး သင်၌ရှိသလော။ ဤမိတ်ဆွေသည် သင့်ကိုချစ်ခင်သူဖြစ်သည်။ သူသည် သင့်အပေါ်သစ္စာရှိကြောင်းသက်သေထူခဲ့ရာ သူ့ကို သင်ယုံကြည်စိတ်ချသည်။ သင့်ရွှင်လန်းမှုများကို သူ့အားပြောပြသောအခါ သင်၏ရွှင်လန်းမှုတိုးပွားလာသည်။ သူ၏ကိုယ်ချင်းစာနာတတ်သောသဘောက သင်၏ဝမ်းနည်းပူဆွေးမှုဝန်ကို ပေါ့ပါးစေ၏။ မည်သူကမျှ သင့်ကိုနားလည်ပုံမရသည့်တိုင် သူနားလည်ပေးသည်။ အလားတူ သင်သည် ဘုရားသခင်ထံချဉ်းကပ်သောအခါ သင့်အား အမှန်တကယ်တန်ဖိုးထား၍ အလွန်ချစ်ခင်ပြီး အပြည့်အဝနားလည်ပေးတတ်သည့် အထူးမိတ်ဆွေတစ်ဦးကို သင်ရရှိပေသည်။ (ဆာလံ ၁၀၃:၁၄; ၁ ပေတရု ၅:၇) ကိုယ်တော်အပေါ် ကျေးဇူးသိတတ်သူတို့အား ကိုယ်တော်သည် စွဲမြဲတည်ကြည်ကြောင်း သင်သိထားသောကြောင့် သင်သည် ကိုယ်တော့်ကို စိတ်နှလုံးပုံအပ်၍ ယုံကြည်ကိုးစားသည်။ (ဆာလံ ၁၈:၂၅) သို့သော် ဘုရားသခင်နှင့် ဤသို့အကျွမ်းဝင်ခွင့်ကို ကိုယ်တော်ပေးသနားထားသောကြောင့်သာ ယင်းကို ကျွန်ုပ်တို့ရရှိခြင်းဖြစ်သည်

နည်းလမ်းကို ယေဟောဝါဖွင့်ပေးထား

၅။ ယေဟောဝါသည် ကိုယ်တော်ထံကျွန်ုပ်တို့ချဉ်းကပ်နိုင်ရန် အဘယ်အရာကို စီစဉ်ပေးခဲ့သနည်း။

အပြစ်သားများဖြစ်သော ကျွန်ုပ်တို့သည် မိမိတို့ဘာသာ ဘုရားသခင်ထံ အဘယ်နည်းဖြင့်မျှ ချဉ်းကပ်နိုင်ကြမည်မဟုတ်ချေ။ (ဆာလံ ၅:၄) သို့သော် တမန်တော်ပေါလုက “ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍ ဘုရားသခင်သည် ငါတို့ကိုအဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့အားထင်ရှားစွာပြတော်မူ၏” ဟုရေးသားခဲ့သည်။ (ရောမ ၅:၈) မှန်ပါ၏၊ ယေရှုသည် ‘မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှာ’ ယေဟောဝါစီစဉ်တော်မူခဲ့သည်။ (မဿဲ ၂၀:၂၈) ထိုရွေးနုတ်ဖိုးပူဇော်သကာကို ကျွန်ုပ်တို့ယုံကြည်စိတ်ချပါက ဘုရားသခင်ထံ ကျွန်ုပ်တို့ချဉ်းကပ်နိုင်သည်။ ဘုရားသခင်သည် ‘ကျွန်ုပ်တို့ကို ရှေ့ဦးစွာချစ်တော်မူသောကြောင့်’ ကိုယ်တော်နှင့် မိတ်ဆွေဖြစ်နိုင်ရန် အခြေခံအုတ်မြစ်ကို ကိုယ်တော်ချပေးတော်မူခဲ့၏။—၁ ယောဟန် ၄:၁၉

၆၊ ၇။ (က) ယေဟောဝါသည် ပုန်းကွယ်နေ၍ မသိနိုင်သောဘုရားသခင်မဟုတ်ကြောင်း ကျွန်ုပ်တို့ မည်သို့သိရသနည်း။ (ခ) ယေဟောဝါသည် မိမိကိုယ်ကို အဘယ်နည်းများဖြင့် ဖော်ပြတော်မူခဲ့ပြီနည်း။

နောက်ထပ်အစီအစဉ်တစ်ခုကို ယေဟောဝါပြုပေးတော်မူခဲ့ပြီ– ကိုယ်တော်သည် မိမိကိုယ်ကို ဖော်ပြခဲ့ပြီ။ မည်သည့်မိတ်ဆွေအဖြစ်တွင်မဆို ရင်းနှီးမှုသည် ပုဂ္ဂိုလ်တစ်ဦးအား အမှန်တကယ်သိကျွမ်းခြင်း၊ သူ၏အရည်အသွေးများနှင့် နည်းလမ်းများကို တန်ဖိုးထားလေးမြတ်ခြင်းတို့အပေါ် အခြေခံသည်။ ထို့ကြောင့် ယေဟောဝါသည် ပုန်းကွယ်နေ၍ မသိနိုင်သောဘုရားသခင်ဖြစ်တော်မူမည်ဆိုလျှင် ကိုယ်တော်ထံ ကျွန်ုပ်တို့ ဘယ်သောအခါမျှ ချဉ်းကပ်နိုင်ကြမည်မဟုတ်ပေ။ သို့သော် ကိုယ်တော်သည် မိမိကိုယ်ကိုလျှို့ဝှက်ထားဖို့ဝေးလေစွ၊ ကိုယ်တော်ကိုပင် သိကျွမ်းစေလိုတော်မူ၏။ (ဟေရှာယ ၄၅:၁၉) ထို့ပြင် ကိုယ်တော့်အကြောင်း ကိုယ်တော်ဖော်ပြလေသမျှကို လူတိုင်း—လောကတွင် နိမ့်ကျသည်ဟုယူမှတ်ခံရသော ကျွန်ုပ်တို့ပင်လျှင်—သိရှိနိုင်သည်။—မဿဲ ၁၁:၂၅

ယေဟောဝါသည် ဖန်ဆင်းခြင်းလက်ရာတော်များနှင့် ကိုယ်တော်၏ရေးသားထားသောစကားတော်အားဖြင့် မိမိကိုယ်ကိုဖော်ပြပေးခဲ့

ယေဟောဝါသည် မိမိကိုယ်ကို မည်သို့ဖော်ပြတော်မူသနည်း။ ကိုယ်တော်၏ဖန်ဆင်းခြင်း လက်ရာတော်များက ကိုယ်တော်၏ကိုယ်ရည်ကိုယ်သွေး အသွင်အပြင်အချို့ဖြစ်သော တန်ခိုးကြီးမားခြင်း၊ ဉာဏ်ပညာကြွယ်ဝခြင်းနှင့် မေတ္တာပြည့်ဝခြင်းတို့ကို ဖော်ပြသည်။ (ရောမ ၁:၂၀) သို့သော် ယေဟောဝါသည် ဖန်ဆင်းထားရာများအားဖြင့်သာ မိမိကိုယ်ကို ဖော်ပြသည်မဟုတ်။ ကြီးမြတ်သောဆက်သွယ်ရှင် အစဉ်ဖြစ်တော်မူသည့်အလျောက် ကိုယ်တော်သည် မိမိ၏စကားတော်၊ သမ္မာကျမ်းစာ၌ မိမိအကြောင်း ရေးသားဖော်ပြထားတော်မူ၏။

“ယေဟောဝါ၏ တင့်တယ်ခြင်းအသရေတော်ကို” ရှုစားခြင်း

၈။ သမ္မာကျမ်းစာကိုယ်နှိုက်သည် ကျွန်ုပ်တို့ကို ယေဟောဝါချစ်တော်မူကြောင်း၏ သက်သေအထောက်အထားဖြစ်ကြောင်း အဘယ်ကြောင့်ဆိုနိုင်သနည်း။

သမ္မာကျမ်းစာကိုယ်နှိုက်က ကျွန်ုပ်တို့ကို ယေဟောဝါချစ်တော်မူသည်ဟူသော သာဓကဖြစ်သည်။ ကိုယ်တော်၏စကားတော်တွင် ကျွန်ုပ်တို့နားလည်နိုင်သည့် အသုံးအနှုန်းများဖြင့် မိမိကိုယ်ကို ဖော်ပြတော်မူသည်၊ ယင်းက ကိုယ်တော်သည် ကျွန်ုပ်တို့ကို ချစ်တော်မူကြောင်းနှင့် ကိုယ်တော်ကို ကျွန်ုပ်တို့သိရှိလာပြီး ကိုယ်တော်အားချစ်မြတ်နိုးစေလိုတော်မူသည့် သက်သေအထောက်အထားဖြစ်သည်။ ဤတန်ဖိုးရှိစာအုပ်တွင် ကျွန်ုပ်တို့ဖတ်ရှုရသမျှသည် “ယေဟောဝါ၏တင့်တယ်ခြင်းအသရေတော်” ကို ထင်ရှားစေပြီး ကိုယ်တော်ထံ ချဉ်းကပ်လိုစိတ် ပေါ်ပေါက်စေသည်။ (ဆာလံ ၉၀:၁၇ကဘ) ယေဟောဝါသည် ကိုယ်တော့်နှုတ်ကပါဌ်တော်တွင် မိမိကိုယ်ကိုဖော်ပြသည့် စိတ်ကြည်နူးအားရှိစရာ နည်းလမ်းအချို့ကို သုံးသပ်ကြည့်ကြစို့။

၉။ သမ္မာကျမ်းစာတွင် တိုက်ရိုက်ဖော်ပြထားသည့် ဘုရားသခင်၏အရည်အသွေးအချို့ကား အဘယ်နည်း။

သမ္မာကျမ်းစာတွင် ဘုရားသခင့်အရည်အသွေးများကို တိုက်ရိုက်ဖော်ပြသည့် အချက်များစွာပါရှိသည်။ ဥပမာအချို့ကို ကြည့်ကြစို့။ “ယေဟောဝါသည် တရားမျှတခြင်းကိုနှစ်သက်တော်မူ၏။” (ဆာလံ ၃၇:၂၈ကဘ) ဘုရားသခင်သည် “တန်ခိုးတော်အားဖြင့်ကြီး” မြတ်တော်မူသည်။ (ယောဘ ၃၇:၂၃သမ္မာ) “‘ငါသည် သစ္စာရှိ၏’ ဟုယေဟောဝါမိန့်တော်မူသည်။” (ယေရမိ ၃:၁၂ကဘ) ‘ဘုရားသခင်သည် ဉာဏ်ပညာနှင့် ပြည့်စုံတော်မူသည်။’ (ယောဘ ၉:၄သမ္မာ) ကိုယ်တော်သည် “သနားတတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ အမျက်ထွက်နှေးသောသဘော၊ ကရုဏာနှင့်သစ္စာကြွယ်ဝသောသဘော” ရှိတော်မူသည်။ (ထွက်မြောက်ရာ ၃၄:၆ကဘ) “အိုဘုရားရှင် ကိုယ်တော်သည် ကောင်းသောသဘော၊ အပြစ်လွှတ်လိုသောသဘောနှင့်ပြည့်စုံ” သည်။ (ဆာလံ ၈၆:၅သမ္မာ) ထို့အပြင် ရှေ့အခန်းတွင် ဖော်ပြထားသည့်အတိုင်း ဤအရည်အသွေးတစ်ခုမှာ သာလွန်ထူးကဲပေ၏– “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။” (၁ ယောဟန် ၄:၈) ဤနှစ်လို့ဖွယ်ရာဂုဏ်ရည်တော်များကို သင်အလေးအနက်သုံးသပ်ကြည့်စဉ် ပြိုင်ဘက်ကင်းသော ဤဘုရားသခင်ထံ သင်ဆွဲဆောင်ခံရသည်မဟုတ်ပေလော။

ယေဟောဝါထံချဉ်းကပ်ရန် သမ္မာကျမ်းစာက ကျွန်ုပ်တို့ကိုကူညီပေး

၁၀၊ ၁၁။ (က) ကိုယ်တော်၏ ကိုယ်ရည်ကိုယ်သွေးကို သာ၍ပီပြင်စွာတွေ့မြင်စေဖို့ ယေဟောဝါသည် သမ္မာကျမ်းစာတွင် အဘယ်အရာကို ထည့်သွင်းပေးထားသနည်း။ (ခ) ဘုရားသခင့်တန်ခိုးတော်လုပ်ဆောင်ပုံကို သမ္မာကျမ်းစာမှ အဘယ်ပုံဥပမာက စိတ်တွင်မြင်ယောင်စေသနည်း။

၁၀ သမ္မာကျမ်းစာတွင် ယေဟောဝါ၏အရည်အသွေးများကို ဖော်ပြသည့်အပြင် ဤအရည်အသွေးများကို မည်သို့မည်ပုံ ဖော်ပြခဲ့ကြောင်း မေတ္တာပါစွာ မှတ်တမ်းတင်စေ၏။ ထိုမှတ်တမ်းများသည် ကိုယ်တော့်ကိုယ်ရည်ကိုယ်သွေး၏ ရှုထောင့်အမျိုးမျိုးကို ပိုမိုရှင်းလင်းစွာတွေ့မြင်စေသည့် ရုပ်ပုံများကို စိတ်ထဲ ကွက်ကွက်ကွင်းကွင်းပေါ်စေသည်။ ယင်းက တစ်ဖန် ကျွန်ုပ်တို့အား ကိုယ်တော်ထံ ချဉ်းကပ်စေသည်။ ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။

၁၁ ဘုရားသခင်သည် “တန်ခိုးနှင့်ပြည့်စုံတော်မူ” ကြောင်း ကျွန်ုပ်တို့ဖတ်ရခြင်းမှာ တစ်ကဏ္ဍဖြစ်သည်။ (ဟေရှာယ ၄၀:၂၆) သို့သော် ကိုယ်တော်သည် ဣသရေလလူတို့အား ပင်လယ်နီကိုဖြတ်စေ၍ လွတ်မြောက်စေခဲ့ပြီး အနှစ် ၄၀ လုံးလုံး ထိုလူမျိုးကို တောကန္တာရထဲ၌ ထောက်မကူညီပေးခဲ့ခြင်းကို ဖတ်ရှုရခြင်းမှာ နောက်တစ်ကဏ္ဍဖြစ်သည်။ ဟုန်းဟုန်းထနေသောပင်လယ်ရေ နှစ်ခြမ်းကွဲသွားခြင်းကို စိတ်ထဲ သင်မြင်ယောင်နိုင်သည်။ လူပေါင်း ၃,၀၀၀,၀၀၀ ခန့်ရှိနိုင်သည့် ထိုလူမျိုးသည် ခြောက်သွေ့သောပင်လယ်ထဲ ဖြတ်လျှောက်သွားနေကြစဉ် တစ်ဖက်တစ်ချက်၌ ကျောက်ထရံများကဲ့သို့ တည်ရှိနေသောရေအစုအဝေးကို သင် မြင်ယောင်နိုင်၏။ (ထွက်မြောက်ရာ ၁၄:၂၁; ၁၅:၈) တောကန္တာရတွင် ဘုရားသခင်၏ကာကွယ်စောင့်ရှောက်မှုရရှိခဲ့ခြင်း၏ သက်သေကို သင်မြင်တွေ့နိုင်သည်။ ကျောက်ထဲမှ ရေထွက်ခဲ့သည်။ အဖြူရောင်အစေ့များနှင့်တူသော စားစရာ မြေပေါ်ကျခဲ့၏။ (ထွက်မြောက်ရာ ၁၆:၃၁; တောလည်ရာ ၂၀:၁၁) ဤတွင် ယေဟောဝါသည် တန်ခိုးရှိကြောင်းကို ဖော်ပြသည်သာမက ယင်းကို မိမိလူမျိုး၏အကျိုးအတွက် အသုံးပြုကြောင်း ထင်ရှားစေသည်။ ကျွန်ုပ်တို့၏ ‘ခိုလှုံရာဖြစ်၍ ခွန်အားပေးတော်မူပြီး ဘေးရောက်သည့်ကာလတွင် အထူးသဖြင့်ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ’ သော တန်ခိုးတော်ရှင်ဘုရားသခင်ထံ ကျွန်ုပ်တို့၏ဆုတောင်းချက်များ တက်ရောက်သွားကြောင်း သိရှိရခြင်းက အားတက်စရာဖြစ်သည်မဟုတ်ပေလော။—ဆာလံ ၄၆:၁

၁၂။ ကျွန်ုပ်တို့နားလည်နိုင်သည့် အသုံးအနှုန်းများဖြင့် ယေဟောဝါအား “တွေ့မြင်” ရန် ကျွန်ုပ်တို့ကို ကိုယ်တော်မည်သို့ကူညီပေးသနည်း။

၁၂ နာမ်ဝိညာဉ်ဖြစ်တော်မူသော ယေဟောဝါသည် ကိုယ်တော့်အားသိရှိရန် ထိုထက်မကကူညီပေးခဲ့ပြီ။ လူသားများအနေဖြင့် ကျွန်ုပ်တို့သည် ရုပ်လုံးပေါ်ရာများကိုသာ မြင်နိုင်ကြသဖြင့် နာမ်ဝိညာဉ်ဘုံအတွင်းသို့ ထိုးထွင်းမမြင်နိုင်ကြချေ။ ယေဟောဝါသည် ကျွန်ုပ်တို့အား နာမ်ဝိညာဉ်အသုံးအနှုန်းဖြင့် မိမိကိုယ်တော်တိုင်ကိုဖော်ပြပါက မွေးရာပါမျက်မမြင်သူတစ်ဦးအား သင်၏မျက်လုံးအရောင် သို့မဟုတ် မှဲ.ခြောက်များအစရှိသော သင်၏ပုံပန်းသဏ္ဌာန်ကို အသေးစိတ်ကြိုးစားရှင်းပြခြင်းနှင့် တူပေလိမ့်မည်။ ထိုသို့ပြုမည့်အစား ယေဟောဝါသည် ကျွန်ုပ်တို့နားလည်နိုင်သည့် အသုံးအနှုန်းများဖြင့် ကိုယ်တော်အား ကျွန်ုပ်တို့ “တွေ့မြင်” နိုင်ရန် ကြင်နာစွာကူညီပေး၏။ ကိုယ်တော်သည် ကျွန်ုပ်တို့သိရှိသောအရာများဖြင့် မိမိကိုယ်ကို တစ်ခါတစ်ရံ တင်စားခိုင်းနှိုင်းဖော်ပြသည်။ ကိုယ်တော်၌ လူသားတို့၏ကြန်အင်လက္ခဏာအချို့ရှိသကဲ့သို့ပင် မိမိကိုယ်ကိုဖော်ပြတော်မူ၏။ *

၁၃။ ဟေရှာယ ၄၀:၁၁ က ကျွန်ုပ်တို့စိတ်ထဲတွင် အဘယ်အရာကိုမြင်ယောင်စေသနည်း၊ ယင်းက သင့်ကို မည်သို့ဖြစ်စေသနည်း။

၁၃ ဟေရှာယ ၄၀:၁၁၊ [သမ္မာ] တွင် ယေဟောဝါအား ပုံဖော်ထားချက်ကို သတိပြုပါ– “မိမိသိုးအုပ်ကိုသိုးထိန်းကဲ့သို့ လက်ရုံးတော်ဖြင့်စုသိမ်း၍ ထိန်းကျောင်းတော်မူ၏။ သားငယ်များကို ချီ၍ပိုက်ပွေ့” သည်။ ဤတွင် ယေဟောဝါအား သိုးသငယ်များကို ‘မိမိလက်ရုံးတော်’ ဖြင့် ပိုက်ပွေ့တော်မူသောသိုးထိန်းတစ်ဦးနှင့် နှိုင်းယှဉ်ထားသည်။ ယင်းက ဘုရားသခင်သည် မိမိ၏လူမျိုး၊ သာ၍အားနွဲ့သူတို့ကိုပင် ကာကွယ်၍ ထောက်မကူညီပေးနိုင်ကြောင်းကို ဖော်ပြသည်။ ကျွန်ုပ်တို့သည် ကိုယ်တော့်ကိုတည်ကြည်ကြမည်ဆိုလျှင် ကိုယ်တော်သည် ကျွန်ုပ်တို့ကို ဘယ်တော့မျှ စွန့်ပစ်တော်မူမည်မဟုတ်သောကြောင့် ကိုယ်တော်၏လက်ရုံးတော်၌ လုံခြုံနေကြပေမည်။ (ရောမ ၈:၃၈၊ ၃၉) ထိုမဟာသိုးထိန်းရှင်သည် သိုးသငယ်များကို “ချီ၍ပိုက်ပွေ့” ထား၏၊ ယင်းက ဖွားစသိုးကလေးတစ်ကောင်ကို သိုးထိန်း၏ခပ်ပွပွဝတ်ရုံအတွင်း ရံဖန်ရံခါထည့်၍ ပွေ့ချီထားတတ်ခြင်းကို ဖော်ပြသည်။ သို့ဖြင့် ယေဟောဝါသည် ကျွန်ုပ်တို့ကို ချစ်ခင်မြတ်နိုးပြီး ကြင်နာစွာဂရုစိုက်ကြောင်း ယုံကြည်စိတ်ချစေ၏။ ထို့ကြောင့် ကိုယ်တော်နှင့်ရင်းနှီးလိုကြခြင်းဖြစ်သည်

‘ခမည်းတော်ကို သားတော် ထုတ်ဖော်ပြလို’

၁၄။ ယေဟောဝါသည် ယေရှုမှတစ်ဆင့် မိမိကိုယ်ကို အတွင်းကျကျထင်ရှားဖော်ပြသည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။

၁၄ သမ္မာကျမ်းစာတွင် ယေဟောဝါသည် မိမိ၏ချစ်မြတ်နိုးသောသားတော်၊ ယေရှုမှတစ်ဆင့် မိမိကိုယ်တော်တိုင်၏ အတွင်းစိတ်သဘောကို ဖော်ပြသည်။ ယေရှုမှလွဲ၍ မည်သူကမျှ ဘုရားသခင်၏စဉ်းစားပုံနှင့် ခံစားချက်များကို ဤမျှစေ့စေ့စပ်စပ် ရောင်ပြန်ဟပ်ရုံမက ရှင်းပြနိုင်မည်မဟုတ်ချေ။ အမှန်မှာ ထိုသားဦးသည် အခြားနာမ်ဝိညာဉ်သတ္တဝါများနှင့် မျက်မြင်ရစကြဝဠာ ဖန်ဆင်းမခံရမီကတည်းက ခမည်းတော်၏ဘေးတွင် အတူရှိနှင့်ခဲ့ပြီးဖြစ်သည်။ (ကောလောသဲ ၁:၁၅) ယေရှုသည် ယေဟောဝါနှင့် အလွန်ရင်းနှီးကျွမ်းဝင်ခဲ့သည်။ ထို့ကြောင့် ဤသို့ကိုယ်တော်မိန့်တော်မူနိုင်ခဲ့ခြင်းဖြစ်သည်– “သားတော် မည်သူဖြစ်ကြောင်းကို ခမည်းတော်မှတစ်ပါး မည်သူမျှမသိ။ ခမည်းတော် မည်သူဖြစ်ကြောင်းကိုလည်း သားတော်မှစ၍ သားတော်ဖွင့်ပြလိုသူမှတစ်ပါး မည်သူမျှမသိ။” (လုကာ ၁၀:၂၂သမ) ယေရှုသည် လူသားအဖြစ် မြေကြီးပေါ်ရှိစဉ် မိမိ၏ခမည်းတော်ကို အရေးပါသည့်နည်းလမ်းနှစ်ရပ်ဖြင့် ဖော်ပြခဲ့၏။

၁၅၊ ၁၆။ ယေရှုသည် မိမိ၏ခမည်းတော်ကို အဘယ်နည်းနှစ်နည်းဖြင့် ဖော်ပြခဲ့သနည်း။

၁၅ ဦးဆုံး ယေရှု၏သွန်သင်ချက်များက ကိုယ်တော်၏ခမည်းတော်အား သိရှိစေသည်။ ယေရှုသည် ကျွန်ုပ်တို့၏စိတ်နှလုံးကိုထိမိစေသော အသုံးအနှုန်းများဖြင့် ယေဟောဝါအကြောင်း ဖော်ပြသည်။ ဥပမာ၊ နောင်တရသောအပြစ်ပြုသူများကို ကြိုဆိုတတ်သည့် သနားကြင်နာသော ဘုရားသခင်အကြောင်းရှင်းပြရန် ယေရှုသည် ယေဟောဝါအား မိမိ၏ဖြုန်းတီးသောသား ပြန်လာသည်ကိုမြင်သောအခါ အလွန်စိတ်လှုပ်ရှားပြီး အပြေးအလွှားသွားကြိုဆို၍ သား၏လည်ပင်းကို ပိုက်ဖက်နမ်းရှုပ်သည့် ခွင့်လွှတ်တတ်သောဖခင်တစ်ဦးနှင့် နှိုင်းယှဉ်ထားသည်။ (လုကာ ၁၅:၁၁-၂၄) ယေဟောဝါသည် စိတ်နှလုံးရိုးဖြောင့်သူ တစ်ဦးချင်းစီကို ချစ်မြတ်နိုးတော်မူသောကြောင့် သူတို့ကို “သွေးဆောင်” တော်မူသောဘုရားသခင်အဖြစ်လည်း ယေရှုရုပ်လုံးပေါ်စေခဲ့သည်။ (ယောဟန် ၆:၄၄) စာငှက်လေးတစ်ကောင် မြေသို့ကျသွားသည်ကိုပင် ကိုယ်တော်သိတော်မူ၏။ ယေရှုက “မကြောက်ကြနှင့်။ သင်တို့သည် စာငှက်အများတို့ထက် သာ၍မြတ်ကြ၏” ဟုရှင်းပြခဲ့သည်။ (မဿဲ ၁၀:၂၉၊ ၃၁) ဤမျှချစ်ခင်မြတ်နိုးတတ်သော ဘုရားသခင်ထံ ချဉ်းကပ်လိုစိတ်မရှိဘဲ မနေနိုင်ချေ။

၁၆ ဒုတိယအနေနှင့် ယေဟောဝါသည် မည်သို့သောအရှင်ဖြစ်ကြောင်း ယေရှု၏စံနမူနာက ဖော်ပြသည်။ယေရှုသည် မိမိ၏ခမည်းတော်ကို အပြည့်အဝရောင်ပြန်ဟပ်ခဲ့ရာ ကိုယ်တော်ဤသို့မိန့်တော်မူနိုင်ခဲ့သည်– “ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။” (ယောဟန် ၁၄:၉) သို့ဖြစ်၍ ယေရှုအကြောင်း—ကိုယ်တော်ဖော်ပြခဲ့သော ခံစားချက်များ၊ အခြားသူတို့နှင့် ကိုယ်တော်ဆက်ဆံခဲ့ပုံများ—ကို ခရစ်ဝင်ကျမ်းများတွင် ကျွန်ုပ်တို့ဖတ်ရှုကြသောအခါ ကိုယ်တော်၏ခမည်းတော်အား ကျွန်ုပ်တို့ကို ရုပ်လုံးဖော်ပြနေခြင်းဖြစ်သည်။ ယေဟောဝါသည် ကိုယ်တော်၏အရည်အသွေးများကို ထိုထက်သာ၍ပီပြင်စွာ ဖော်ပြပေးနိုင်မည်မဟုတ်ချေ။ အဘယ်ကြောင့်နည်း။

၁၇။ ယေဟောဝါသည် မည်သို့သောအရှင်ဖြစ်ကြောင်း ကျွန်ုပ်တို့သဘောပေါက်ရန် ကိုယ်တော်အဘယ်အရာပြုတော်မူခဲ့ကြောင်း ရှင်းပြပါ။

၁၇ သာဓကအနေဖြင့် သနားကြင်နာခြင်းဟူသည် အဘယ်အရာဖြစ်ကြောင်း ကြိုးစားရှင်းပြနေသည်ဟု ဆိုကြပါစို့။ ယင်းကို စကားလုံးများဖြင့် အဓိပ္ပာယ်ပေါ်စေနိုင်ပေမည်။ သို့သော် သနားကြင်နာသောအပြုအမူတစ်ခုပြုသူတစ်ဦးကို သင်ထောက်ပြ၍ “ဒါဟာ သနားကြင်နာခြင်းရဲ့နမူနာပဲ” ဟု ပြောနိုင်မည်ဆိုလျှင် “သနားကြင်နာခြင်း” ဟူသောစကားလုံးသည် အဓိပ္ပာယ်ပိုရှိလာပြီး နားလည်ရ ပိုလွယ်ကူသည်။ ယေဟောဝါသည် မည်သို့သောအရှင်ဖြစ်ကြောင်း ကျွန်ုပ်တို့သဘောပေါက်ရန် ထပ်တူပြုတော်မူခဲ့သည်။ ကိုယ်တော်သည် မိမိကိုယ်ကို နှုတ်ကပါဌ်တော်ဖြင့်သာမက သက်တော်ထင်ရှားခဲ့သော သားတော်၏ပုံနမူနာအားဖြင့်လည်း ဖော်ပြတော်မူခဲ့သည်။ ယေရှု၌ ဘုရားသခင်၏အရည်အသွေးများကို ထင်ရှားစွာတွေ့မြင်ရသည်။ ယေရှုအကြောင်းဖော်ပြသည့် ခရစ်ဝင်ကျမ်းများမှတစ်ဆင့် ယေဟောဝါက ‘ငါ ဒီလိုပုဂ္ဂိုလ်ပဲ’ ဟု တစ်နည်းအားဖြင့် မိန့်တော်မူရာရောက်သည်။ မှုတ်သွင်းခံမှတ်တမ်းက ယေရှုမြေကြီးပေါ်ရှိစဉ် ကိုယ်တော်အား မည်သို့ဖော်ပြသနည်း။

၁၈။ တန်ခိုး၊ တရားမျှတမှုနှင့် ဉာဏ်ပညာစသည့် ဂုဏ်ရည်တော်များကို ယေရှု မည်သို့ဖော်ပြခဲ့သနည်း။

၁၈ ယေရှုသည် ဘုရားသခင်၏အဓိကဂုဏ်ရည်တော်လေးပါးကို အလွန်နှစ်မြို့ဖွယ်ကောင်းသောနည်းဖြင့် ဖော်ပြခဲ့သည်။ အနာရောဂါ၊ ငတ်ပြတ်မှုနှင့် သေခြင်းကိုပင် အနိုင်ရသောတန်ခိုး ကိုယ်တော်၌ရှိသည်။ သို့တိုင် ကိုယ်တော်သည် တန်ခိုးကို အလွဲသုံးစားပြုတတ်သော တစ်ကိုယ်ကောင်းဆန်သူတို့ကဲ့သို့ မိမိ၏အံ့ဖွယ်တန်ခိုးကို ကိုယ်ကျိုးအတွက်၊ သို့မဟုတ် အခြားသူကိုထိခိုက်နစ်နာစေဖို့အတွက် ဘယ်သောအခါမျှ အသုံးပြုတော်မမူချေ။ (မဿဲ ၄:၂-၄) တရားမျှတမှုကို ကိုယ်တော်မြတ်နိုးတော်မူ၏။ လူတို့ကို ခေါင်းပုံဖြတ်အမြတ်ထုတ်နေကြသည့် မတရားသဖြင့်ပြုသောကုန်သည်များကို မြင်သောအခါ ကိုယ်တော်၏စိတ်နှလုံးသည် အမျက်ဒေါသဖြင့် လျော်ကန်စွာပြည့်လျှံလေသည်။ (မဿဲ ၂၁:၁၂၊ ၁၃) ကိုယ်တော်သည် မျက်နှာမလိုက်ဘဲ ဆင်းရဲသားများ၊ ဖိနှိပ်ခံရသူများနှင့် ပေါင်းသင်းဆက်ဆံခဲ့ပြီး ထိုသို့သောသူများကိုလည်း စိတ်နှလုံး “သက်သာခြင်း” ရှိစေရန် ကူညီပေးခဲ့သည်။ (မဿဲ ၁၁:၄၊ ၅၊ ၂၈-၃၀) “ရှောလမုန်ထက်သာ” သည့် ပြိုင်ဘက်ကင်းသောဉာဏ်ပညာကို ယေရှု၏သွန်သင်ချက်များ၌ တွေ့မြင်ရသည်။ (မဿဲ ၁၂:၄၂) သို့သော် ယေရှုသည် မိမိ၏ဉာဏ်ပညာကို ဘယ်သောအခါမျှ မဝါကြွားခဲ့ချေ။ ကိုယ်တော်၏သွန်သင်ချက်များသည် ပြတ်သား၍ ရှင်းလင်းကာ လက်တွေ့ကျသောကြောင့် ကိုယ်တော့်စကားသည် သာမန်လူတန်းစားတို့၏စိတ်နှလုံးကို ထိမိခဲ့သည်။

၁၉၊ ၂၀။ (က) ယေရှုသည် မေတ္တာ၏အထူးထင်ရှားသောပြယုဂ် မည်သို့ဖြစ်သနည်း။ (ခ) ယေရှု၏စံနမူနာကို ကျွန်ုပ်တို့ဖတ်ရှု၍ပြန်သုံးသပ်ကြစဉ် အဘယ်အရာကို စွဲမှတ်ထားသင့်သနည်း။

၁၉ ယေရှုသည် မေတ္တာ၏အထူးထင်ရှားသောပြယုဂ်ဖြစ်သည်။ ကိုယ်တော်သည် ဓမ္မအမှုဆောင်ရွက်စဉ်တစ်လျှောက် ဝေမျှခံစားပေးခြင်းနှင့် ထောက်ထားစာနာခြင်းအပါအဝင် မေတ္တာ၏အသွင်အမျိုးမျိုးကို ဖော်ပြခဲ့၏။ အခြားသူတို့ ဝေဒနာခံစားရခြင်းကို မသနားဘဲမနေပါ။ ဤသို့ကိုယ်ချင်းစာနာတတ်မှုက ကိုယ်တော်အား အရေးတယူဆောင်ရွက်ရန် ထပ်တလဲလဲ စေ့ဆော်ပေးခဲ့သည်။ (မဿဲ ၁၄:၁၄) ယေရှုသည် ဖျားနာသူတို့ကို ကုသ၍ ဆာလောင်နေသူတို့ကို ကျွေးမွေးခဲ့သော်လည်း ထိုထက်များစွာအရေးပါသောနည်းလမ်းဖြင့် ထောက်ထားစာနာမှုကို ဖော်ပြခဲ့သည်။ ကိုယ်တော်သည် လူသားတို့အား ထာဝရကောင်းချီးမင်္ဂလာများ ဆောင်ကြဉ်းပေးမည့် ဘုရားသခင့်နိုင်ငံတော်အမှန်တရားကို အခြားသူတို့ သိရှိလက်ခံ၍မြတ်နိုးတတ်လာစေရန် ကူညီပေးခဲ့၏။ (မာကု ၆:၃၄; လုကာ ၄:၄၃) ထိုထက်မက ယေရှုသည် အခြားသူတို့၏အကျိုးအတွက် မိမိ၏အသက်ကို တလိုတလားစွန့်ကာ ကိုယ်ကျိုးစွန့်မေတ္တာကို ဖော်ပြခဲ့သည်။—ယောဟန် ၁၅:၁၃

၂၀ အလွန်သနားကြင်နာတတ်ပြီး ခံစားချက်အပြည့်ရှိသောကိုယ်တော်ထံ အသက်အရွယ်နှင့် နောက်ခံအမျိုးမျိုးရှိသူအပေါင်း ချဉ်းကပ်လိုကြခြင်းမှာ အံ့အားသင့်စရာမဟုတ်ချေ။ (မာကု ၁၀:၁၃-၁၆) မည်သို့ပင်ဖြစ်စေ ယေရှု၏သက်ရှိစံနမူနာအကြောင်း ဖတ်ရှု၍ပြန်လည်သုံးသပ်ကြစဉ် ဤသားတော်တွင် ခမည်းတော်အား ထင်ရှားစွာတွေ့မြင်နေရခြင်းကို ကျွန်ုပ်တို့စိတ်စွဲမှတ်ထားကြပါစို့။—ဟေဗြဲ ၁:၃

ကျွန်ုပ်တို့ကိုကူညီရန် သင်အံမှုအထောက်အကူပြုစာစောင်

၂၁၊ ၂၂။ ယေဟောဝါအား ရှာဖွေရာတွင် အဘယ်အရာအကျုံးဝင်သနည်း၊ သင့်အတွက် အကူအညီဖြစ်စေရန် ဤသင်အံမှုအထောက်အကူပြုစာစောင်တွင် အဘယ်အရာပါဝင်သနည်း။

၂၁ ယေဟောဝါသည် သမ္မာကျမ်းစာတွင် မိမိကိုယ်ကို အလွန်ပီပြင်စွာဖော်ပြပေးခြင်းအားဖြင့် ကိုယ်တော်ထံ ကျွန်ုပ်တို့ချဉ်းကပ်ရန် အလိုရှိတော်မူကြောင်း ရှင်းရှင်းလင်းလင်းသိစေသည်။ တစ်ကြိမ်တည်းတွင် ကိုယ်တော်၏မျက်နှာသာရဆက်ဆံရေးရှိရန် ကိုယ်တော်သည် အတင်းအကျပ်ပြုတော်မမူချေ။ “တွေ့နိုင်သည်ကာလတွင်” ယေဟောဝါအားရှာဖွေခြင်းမှာ ကျွန်ုပ်တို့အပေါ်မူတည်သည်။ (ဟေရှာယ ၅၅:၆) ယေဟောဝါအား ရှာဖွေရာတွင် သမ္မာကျမ်းစာ၌ ဖော်ပြထားသော ကိုယ်တော်၏အရည်အသွေးများနှင့် နည်းလမ်းတော်များကို သိရှိခြင်းတို့အကျုံးဝင်သည်။ ယခု သင်ဖတ်ရှုနေသော သင်အံမှုအထောက်အကူပြုစာစောင်သည် သင့်အတွက် အကူအညီဖြစ်စေရန် ရည်ရွယ်ပြီးထုတ်ဝေထားသည်။

၂၂ ဤစာအုပ်ကို ယေဟောဝါ၏ အခြေခံဂုဏ်ရည်တော်လေးပါးဖြစ်သည့် တန်ခိုး၊ တရားမျှတမှု၊ ဉာဏ်ပညာနှင့် မေတ္တာတို့နှင့်အညီ အပိုင်းကဏ္ဍအသီးသီး ပိုင်းခြားထားကြောင်း သင် သတိပြုမိပေမည်။ အပိုင်းကဏ္ဍတစ်ခုစီသည် သက်ဆိုင်ရာအရည်အသွေးကို ခြုံငုံဖော်ပြ၍ နိဒါန်းဖွင့်သည်။ ၎င်းနောက် ယေဟောဝါသည် ထိုအရည်အသွေး၏ကဏ္ဍအသီးသီးကို မည်သို့အထင်အရှားဖော်ပြကြောင်း နောက်ဆက်တွဲအခန်းအချို့က ဆွေးနွေးတင်ပြပေမည်။ အပိုင်းကဏ္ဍတစ်ခုစီ၌ အဆိုပါအရည်အသွေးကို ယေရှု မည်သို့ဖော်ပြခဲ့ကြောင်း ရှင်းပြသည့်အခန်းတစ်ခန်းပါသည့်အပြင် ယင်းကို ကျွန်ုပ်တို့၏ဘဝအသက်တာတွင် မည်သို့ရောင်ပြန်ဟပ်နိုင်ကြောင်း ဆန်းစစ်သည့် အခန်းတစ်ခန်းလည်းပါဝင်သည်။

၂၃၊ ၂၄။ (က) “တွေးတောဆင်ခြင်ရန်မေးခွန်းများ” ခေါင်းစဉ်ရှိ အထူးအသွင်အပြင်ကို ရှင်းပြပါ။ (ခ) စေ့စေ့ဆင်ခြင်ခြင်းက ဘုရားသခင်နှင့်ရင်းနှီးသည်ထက် ရင်းနှီးလာစေရန် မည်သို့ကူညီပေးသနည်း။

၂၃ ဤအခန်းမှစတင်၍ “တွေးတောဆင်ခြင်ရန်မေးခွန်းများ” ခေါင်းစဉ်ရှိ အထူးအသွင်တစ်ရပ်ပါရှိသည်။ ဥပမာ၊ စာမျက်နှာ ၂၄ ရှိ လေးထောင့်ကွက်ကိုရှုပါ။ ကျမ်းချက်များနှင့် မေးခွန်းများသည် ထိုအခန်းကိုပြန်လည်သုံးသပ်ရန် ရည်ရွယ်ထားခြင်းမဟုတ်ချေ။ ယင်းအစား ၎င်း၏ရည်ရွယ်ချက်မှာ ထိုအကြောင်းအရာ၏ အရေးပါသောအခြားရှုထောင့်များကို သုံးသပ်ကြည့်ဖို့ အကူအညီဖြစ်စေရန်တည်း။ ဤထူးခြားချက်ကို သင်မည်သို့ ထိထိရောက်ရောက် အသုံးပြုနိုင်သနည်း။ ရည်ညွှန်းထားသောကျမ်းချက် တစ်ချက်ချင်းစီကိုဖွင့်၍ အခန်းငယ်များကို ဂရုတစိုက်ဖတ်ရှုပါ။ ထို့နောက် ရည်ညွှန်းချက်တစ်ခုချင်းစီနှင့်အတူ အဆိုပါမေးခွန်းကို သုံးသပ်ဆင်ခြင်ပါ။ အဖြေများကို စေ့စေ့စဉ်းစားပါ။ အနည်းငယ် ရှာဖွေစစ်ဆေးမှုကိုလည်း သင်ပြုလိုပေမည်။ သင့်ကိုယ်သင် ထပ်ဆင့်မေးခွန်းအချို့မေးမြန်းပါ– ‘ယေဟောဝါနဲ့ပတ်သက်လို့ ဒီအချက်က ငါ့ကို ဘာပြောသလဲ။ ငါ့ဘဝအသက်တာကို ဒါက ဘယ်လိုအကျိုးပြုသလဲ။ သူများကို ကူညီပေးဖို့ ဒါကို ဘယ်လိုသုံးနိုင်မလဲ။’

၂၄ ဤသို့ စေ့စေ့စဉ်းစားဆင်ခြင်ခြင်းက ယေဟောဝါနှင့်ရင်းနှီးသည်ထက် ရင်းနှီးလာစေရန် ကူညီပေးနိုင်သည်။ အဘယ်ကြောင့်နည်း။ သမ္မာကျမ်းစာက စေ့စေ့ဆင်ခြင်ခြင်းသည် စိတ်နှလုံးနှင့်ဆက်နွှယ်သည်ဟု ဖော်ပြထားသည်။ (ဆာလံ ၁၉:၁၄) ဘုရားသခင်နှင့်ပတ်သက်၍ ကျွန်ုပ်တို့သိထားရာကို ကျေးဇူးတင်လေးမြတ်စွာ ဆင်ခြင်သုံးသပ်သောအခါ ကျွန်ုပ်တို့သိရှိသော အချက်အလက်များသည် ပုံဆောင်နှလုံးထဲ စိမ့်ဝင်သွားရာ ကျွန်ုပ်တို့စဉ်းစားပုံကိုအကျိုးပြု၏၊ ကျွန်ုပ်တို့၏ခံစားချက်များကို စေ့ဆော်ပေး၏၊ အဆုံးတွင် ပြုမူဆောင်ရွက်ရန် လှုံ့ဆော်ပေးသည်။ ယေဟောဝါအပေါ် ကျွန်ုပ်တို့၏မေတ္တာ သာ၍နက်ရှိုင်းလာပြီး ထိုမေတ္တာကတစ်ဖန် ကျွန်ုပ်တို့၏ အချစ်ရဆုံးမိတ်ဆွေအဖြစ် ကိုယ်တော်အား သဘောထား၍ ကိုယ်တော့်သဘောနှင့်တွေ့လိုစိတ်ရှိစေရန် လှုံ့ဆော်ပေးသည်။ (၁ ယောဟန် ၅:၃) ထိုသို့သော ဆက်ဆံရေးမျိုးရှိလာစေရန် ကျွန်ုပ်တို့သည် ယေဟောဝါ၏အရည်အသွေးများနှင့် နည်းလမ်းတော်များကို သိရှိကြရမည်။ သို့သော် ဦးစွာ ဘုရားသခင်၏သဘောသဘာဝ ရှောင်လွှဲ၍မရသော အကြောင်းရင်းတစ်ရပ်ဖြစ်သည့် ဘုရားသခင့်ဇာတိတော်၏ အသွင်တစ်ရပ်ဖြစ်သော ကိုယ်တော်၏သန့်ရှင်းခြင်းကို စိစစ်ဆွေးနွေးကြပါစို့။

^ အပိုဒ်၊ 3 စိတ်ဝင်စားစရာမှာ “မိတ်သဟာယဖွဲ့ခြင်း” ဟု ဘာသာပြန်ဆိုထားသော ဟေဗြဲစကားလုံးကို အာမုတ် ၃:၇ ၌ အသုံးပြုထားခြင်းဖြစ်သည်။ ထိုတွင် စကြဝဠာပိုင်သအုပ်စိုးရှင် ယေဟောဝါသည် မိမိ၏ “အတွင်းရေးကိစ္စ” [ကဘ] ကို ကိုယ်တော်၏ကျေးကျွန်များအား ဖော်ပြသည်၊ ပြုတော်မူရန် ရည်ရွယ်ထားရာများကို သူတို့အား တင်ကြိုအသိပေးသည်ဟုဆို၏။

^ အပိုဒ်၊ 12 ဥပမာ၊ သမ္မာကျမ်းစာက ဘုရားသခင်၏မျက်နှာ၊ မျက်စိ၊ နား၊ နှာခေါင်း၊ နှုတ်တော်၊ လက်ရုံးတော်နှင့် ခြေတို့အကြောင်း ပြောသည်။ (ဆာလံ ၁၈:၁၅; ၂၇:၈; ၄၄:၃; ဟေရှာယ ၆၀:၁၃; မဿဲ ၄:၄; ၁ ပေတရု ၃:၁၂) ယေဟောဝါအား “ကျောက်” သို့မဟုတ် “အကွယ်အကာ” အဖြစ်ရည်ညွှန်းထားခြင်းကို စာသားအတိုင်း မယူမှတ်ကြသကဲ့သို့ ယင်းသို့သော တင်စားဖော်ပြချက်များကိုလည်း စာသားအတိုင်းယူမှတ်စရာမဟုတ်ပေ။—တရားဟောရာ ၃၂:၄; ဆာလံ ၈၄:၁၁