မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၃

‘ယေဟောဝါသည် သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏’

‘ယေဟောဝါသည် သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏’

၁၊ ၂။ အဘယ်ရူပါရုံကို ပရောဖက်ဟေရှာယရရှိခဲ့သနည်း၊ ယင်းက ယေဟောဝါအကြောင်း အဘယ်အရာသင်ပေးသနည်း။

ဟေရှာယသည် ဘုရားသခင်ထံတော်မှ ရူပါရုံဖြစ်သော မိမိရှေ့ရှိမြင်ကွင်းကြောင့် စိုးရွံ့ထိတ်လန့်လျက်နေ၏။ တကယ်ဖြစ်နေသည့်အလားပင်! နောက်ပိုင်းတွင် ဟေရှာယက အလွန်မြင့်မြတ်သောပလ္လင်ထက်ဝယ် အမှန်တကယ် “ယေဟောဝါအား မြင်ခဲ့” သည်ဟု သူရေးသားခဲ့သည်။ ယေဟောဝါ၏ဝတ်ရုံတော်သည် ယေရုရှလင်မြို့ရှိ ကြီးမားသောဗိမာန်၌ ပြည့်လျှံလေ၏။—ဟေရှာယ ၆:၁၊ ၂ကဘ။

ဗိမာန်၏အုတ်မြစ်ကို သိမ့်သိမ့်တုန်ခါသွားစေသော ဩဇာသံဖြင့် သီချင်းသီဆိုနေကြခြင်းကို ဟေရှာယကြားခဲ့ရ၍လည်း သူသည် စိုးရွံ့ထိတ်လန့်ခဲ့သည်။ ၎င်းသီချင်းကို ရာထူးအဆင့်အလွန်မြင့်သည့် နာမ်ဝိညာဉ်သတ္တဝါများဖြစ်သော သရပ်များက သီဆိုနေကြခြင်းဖြစ်၏။ ဟိန်း၍ထွက်ပေါ်လာသော သူတို့၏သံပြိုင်တေးသံသည် ရိုးရှင်း၍ ဤသို့ဂုဏ်တင်သောစာသားများတည်း– “ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ မြေကြီးလုံးသည် ဘုန်းတော်နှင့်ပြည့်လေ၏။” (ဟေရှာယ ၆:၃၊ ၄) ယေဟောဝါသည် အမြင့်မြတ်ဆုံး အတိုင်းအတာအထိ သန့်ရှင်းရကား “သန့်ရှင်းတော်မူ၏” ဟူသောစကားလုံးကို သုံးကြိမ်တိုင်သီဆိုခြင်းက ယင်းကို အထူးလေးနက် ဆီလျော်စေသည်။ (ဗျာဒိတ် ၄:၈) ယေဟောဝါ၏သန့်ရှင်းခြင်းကို ကျမ်းစာတစ်အုပ်လုံးတွင် အလေးပေးဖော်ပြထားသည်။ ရာနှင့်ချီသောအခန်းငယ်များက ကိုယ်တော်၏နာမတော်ကို “သန့်ရှင်းတော်မူ၏” သို့မဟုတ် “သန့်ရှင်းခြင်း” ဟူသောစကားလုံးများဖြင့် ဆက်စပ်ထားသည်။

၃။ ယေဟောဝါ၏သန့်ရှင်းခြင်းကို တလွဲရှုမြင်ကြခြင်းက လူအများအား ဘုရားသခင်ထံချဉ်းကပ်စေမည့်အစား ကိုယ်တော်ထံမှ အဘယ်ကြောင့်လှည့်ထွက်သွားစေသနည်း။

သို့ဖြစ်၍ ရှင်းနေသည်ကား ယေဟောဝါနှင့်ပတ်သက်၍ ကျွန်ုပ်တို့အား ကိုယ်တော်သိနားလည်စေလိုသည့် အဓိကအကြောင်းများမှတစ်ချက်မှာ ကိုယ်တော်သည် သန့်ရှင်းခြင်းဖြစ်သည်ဟူ၍တည်း။ သို့တိုင် ယနေ့ လူများစွာသည် ထိုအသိတရားကို ငြင်းပယ်ကြသည်။ အချို့က သန့်ရှင်းခြင်းကို မိမိကိုယ်ကိုဖြောင့်မတ်သည်ဟုထင်ခြင်း၊ သို့မဟုတ် ဘုရားဝတ်၌မွေ့လျော်ဟန်ဆောင်ခြင်းနှင့် တလွဲဆက်စပ်တွေးမိကြ၏။ သိမ်ငယ်သောစိတ်ထားကို တိုက်လှန်နေရသူတို့အဖို့ ဘုရားသခင်၏သန့်ရှင်းခြင်းသည် နှစ်သက်စွဲလမ်းဖွယ်ရာထက် စိုးရွံ့ဖွယ်ရာ ဖြစ်ကောင်းဖြစ်ပေမည်။ ဤသန့်ရှင်းသောဘုရားသခင်ထံ ချဉ်းကပ်ရန် ဘယ်တော့မျှ ထိုက်တန်နိုင်မည်မဟုတ်ဟု သူတို့ယူမှတ်ကြပေမည်။ သို့နှင့် ကိုယ်တော်၏သန့်ရှင်းမှုကြောင့် ဘုရားသခင်ထံတော်မှ လူအများ လှည့်ထွက်သွားကြသည်။ ယင်းသည် ဝမ်းနည်းစရာပင်၊ အကြောင်းမှာ ဘုရားသခင်၏သန့်ရှင်းခြင်းသည် ကိုယ်တော့်ထံချဉ်းကပ်ရန်အတွက် အကြောင်းကောင်း အမှန်ဖြစ်သည်။ အဘယ်ကြောင့်နည်း။ ထိုမေးခွန်းကို မဖြေမီ စစ်မှန်သောသန့်ရှင်းခြင်းဟူသည် အဘယ်အရာဖြစ်ကြောင်း ဆွေးနွေးကြပါစို့။

သန့်ရှင်းခြင်းဟူသည် အဘယ်နည်း

၄၊ ၅။ (က) သန့်ရှင်းခြင်း အဓိပ္ပာယ်ကား အဘယ်နည်း၊ အဘယ်အရာကို မဆိုလိုသနည်း။ (ခ) အဘယ်အရေးပါသော နည်းလမ်းနှစ်ရပ်ဖြင့် ယေဟောဝါသည် “သီးခြား” ဖြစ်တော်မူသနည်း။

ဘုရားသခင်သည် သန့်ရှင်းတော်မူ၏ဟု ဆိုခြင်းက ကိုယ်တော်သည် မိမိကိုယ်ကိုကျေနပ်အားရလွန်းကာ မာန်မာနထောင်လွှားသည်၊ သို့မဟုတ် အခြားသူတို့ကို အထင်အမြင်သေးသည်ဟု ဆိုလိုနေခြင်းမဟုတ်ပေ။ ယင်းအစား ထိုသို့သောစရိုက်များကို ကိုယ်တော်ရွံမုန်းတော်မူ၏။ (သုတ္တံ ၁၆:၅; ယာကုပ် ၄:၆) သို့ဖြစ်၍ “သန့်ရှင်းသည်” ဟူသောစကားလုံး၏ ဆိုလိုရင်းအမှန်ကား အဘယ်နည်း။ ဟေဗြဲကျမ်းစာစောင်တွင် အဆိုပါစကားလုံးသည် “သီးခြားနေသည်” ဟုအဓိပ္ပာယ်ရသောအသုံးအနှုန်းမှ ဆင်းသက်လာသည်။ ဝတ်ပြုရေးတွင် “သန့်ရှင်းခြင်း” ဟူသည် ပုံမှန်အသုံးပြုရာတို့မှ သီးသန့်ခွဲခြားထားခြင်း၊ သို့မဟုတ် အထွတ်အမြတ်ထားခြင်းနှင့်ဆိုင်သည်။ သန့်ရှင်းခြင်းက စင်ကြယ်ခြင်းနှင့် အညစ်အကြေးကင်းစင်ခြင်းသဘောကိုလည်း အခိုင်အမာဆောင်၏။ ဤစကားလုံးသည် ယေဟောဝါနှင့် မည်သို့ဆက်စပ်သနည်း။ ယင်းက ကိုယ်တော်သည် မစုံလင်သောလူသားများဖြစ်သည့် ကျွန်ုပ်တို့ထံမှ အလှမ်းကွာဝေး၍ “သီးခြား” ဖြစ်သည်ဟုဆိုလိုသလော။

လုံးဝမဟုတ်ပါ။ “ဣသရေလလူမျိုး၏သန့်ရှင်းတော်မူသောအရှင်” အဖြစ် ယေဟောဝါသည် မိမိလူတို့မှာ အပြစ်ရှိလင့်ကစား သူတို့၏ “အလယ်၌” ရှိနေတော်မူကြောင်း ကိုယ်တော်တိုင်ဖော်ပြခဲ့သည်။ (ဟေရှာယ ၁၂:၆သမ္မာ; ဟောရှေ ၁၁:၉) သို့ဖြစ်၍ ကိုယ်တော်၏သန့်ရှင်းခြင်းက ကိုယ်တော်အား အလှမ်းကွာဝေးစေသည်မဟုတ်ချေ။ သို့ဆိုလျှင် ကိုယ်တော်သည် မည်သို့ “သီးခြား” ဖြစ်သနည်း။ အရေးပါသောနည်းလမ်းနှစ်ရပ်ဖြင့် ဖြစ်သည်။ ဦးစွာ ကိုယ်တော်တစ်ပါးတည်းသာ အမြင့်ဆုံးဖြစ်တော်မူသောကြောင့် ကိုယ်တော်သည် ဖန်ဆင်းရာအားလုံးမှ သီးခြားဖြစ်တော်မူ၏။ ကိုယ်တော်၏သန့်ရှင်းစင်ကြယ်ခြင်းသည် ခြွင်းချက်မရှိ၊ အတိုင်းမသိဖြစ်တော်မူ၏။ (ဆာလံ ၄၀:၅; ဆာလံ ၈၃:၁၈) ဒုတိယအနေနှင့် ယေဟောဝါသည် အပြစ်ရှိခြင်းမှန်သမျှမှ လုံးဝသီးခြားဖြစ်တော်မူရာ ၎င်းသည် စိတ်သက်သာမှုရရှိစေသည်။ အဘယ်ကြောင့်နည်း။

၆။ ယေဟောဝါသည် အပြစ်နှင့် လုံးဝသီးခြားဖြစ်ခြင်းက ကျွန်ုပ်တို့ကို အဘယ်ကြောင့် နှစ်သိမ့်မှုပေးသနည်း။

စစ်မှန်သောသန့်ရှင်းမှု ရှိခဲသည့်ကမ္ဘာတွင် ကျွန်ုပ်တို့အသက်ရှင်နေကြရ၏။ ဘုရားသခင့်ထံတော်မှ ကင်းကွာသည့် လူ့အဖွဲ့အစည်းခပ်သိမ်းသည် တစ်နည်းနည်းဖြင့်ညစ်ညူးပြီး အပြစ်နှင့် မစုံလင်မှု စွန်းထင်းနေသည်။ ကျွန်ုပ်တို့အားလုံးသည် အပြစ်နှင့် ဆိုင်ပြိုင်တိုက်လှန်နေကြရ၏။ ကျွန်ုပ်တို့အားလုံး မိမိကိုယ်ကိုသာမစောင့်ကြပ်လျှင် အပြစ်လွှမ်းမိုးမှုအန္တရာယ် ကြုံရစရာရှိသည်။ (ရောမ ၇:၁၅-၂၅; ၁ ကောရိန္သု ၁၀:၁၂) ယေဟောဝါမူကား ထိုသို့သောအန္တရာယ်မရှိချေ။ အပြစ်လုံးလုံးကင်းစင်သဖြင့် ကိုယ်တော်သည် ဘယ်တော့မျှ အပြစ်စိုးစဉ်းမျှ စွန်းထင်းခံရမည်မဟုတ်ချေ။ ၎င်းက ယေဟောဝါသည် စံပြဖခင်ဖြစ်ပြီး ကိုယ်တော်ကို ကျွန်ုပ်တို့အပြည့်အဝယုံကြည်အားထားနိုင်ကြောင်း ထပ်မံအတည်ပြုသည်။ အပြစ်ရှိသော လူသားဖခင်များစွာနှင့်မတူဘဲ ယေဟောဝါသည် ဘယ်တော့မျှ မဟုတ်မမှန်ဖောက်ပြန်၊ ကိုယ်ကျင့်တရားမဲ့ကာ မတော်မတရားပြုမည်မဟုတ်ချေ။ ကိုယ်တော်၏သန့်ရှင်းခြင်းက ထိုကဲ့သို့ လုံးဝမဖြစ်စေနိုင်ပါ။ ယေဟောဝါသည် မိမိ၏သန့်ရှင်းခြင်းကိုပင်တိုင်တည်၍ ကျိန်ဆိုသောအခါများရှိ၏၊ အကြောင်းမှာ ယင်းထက်ပို၍ ယုံကြည်စိတ်ချစရာမရှိပေ။ (အာမုတ် ၄:၂) ယင်းက အားရှိဖွယ်မဟုတ်ပေလော။

၇။ သန့်ရှင်းခြင်းသည် ယေဟောဝါ၏အရင်းခံ မူလဇာတိတော်ဖြစ်ကြောင်း အဘယ်ကြောင့်ဆိုနိုင်သနည်း။

သန့်ရှင်းခြင်းသည် ယေဟောဝါ၏အရင်းခံ မူလဇာတိတော်ဖြစ်သည်။ အဘယ်အရာကိုဆိုလိုသနည်း။ သာဓကအနေဖြင့် “လူသား” နှင့် “မစုံလင်မှု” ဟူသောစကားလုံးများကို သုံးသပ်ကြည့်ပါ။ နောက်စကားလုံးကို မစဉ်းစားဘဲ ရှေ့စကားလုံးကို ဖော်ပြ၍မဖြစ်နိုင်ချေ။ ကျွန်ုပ်တို့တွင်မစုံလင်မှု ပြည့်နေ၍ ပြုလေသမျှကို ၎င်းကလွှမ်းမိုးသည်။ ယခု အလွန်ခြားနားသော စကားလုံးနှစ်လုံးဖြစ်သော “ယေဟောဝါ” နှင့် “သန့်ရှင်းခြင်း” တို့ကိုသုံးသပ်ကြည့်ပါ။ ယေဟောဝါ၌ သန့်ရှင်းခြင်းအပြည့်ရှိသည်။ ကိုယ်တော်နှင့်ပတ်သက်သမျှသည် စင်ကြယ်သန့်ရှင်း၍ ဖြောင့်မတ်တော်မူ၏။ “သန့်ရှင်းခြင်း” ဟူသည့် ဤလေးနက်သောစကားလုံးကို ကျွန်ုပ်တို့အသေးစိတ်နားမလည်ဘဲ ယေဟောဝါအား ကျွန်ုပ်တို့ အမှန်တကယ်သိကျွမ်းလာနိုင်မည်မဟုတ်ချေ။

“သန့်ရှင်းခြင်းကို ယေဟောဝါပိုင်ဆိုင်”

၈၊ ၉။ မစုံလင်သောလူသားတို့ကို နှိုင်းရသဘောဖြင့် သန့်ရှင်းစေရန် ယေဟောဝါကူညီပေးကြောင်း အဘယ်အရာက ဖော်ပြသနည်း။

ယေဟောဝါသည် သန့်ရှင်းခြင်းအရည်အသွေးကို ရုပ်လုံးပေါ်စေသောကြောင့် ကိုယ်တော်အား သန့်ရှင်းခြင်းရှိရှိသမျှ၏ပင်ရင်းဟု ဆီလျော်စွာခေါ်ဆိုနိုင်၏။ ကိုယ်တော်သည် အလွန်မွန်မြတ်သော ဤအရည်အသွေးကို တစ်ကိုယ်ကောင်းဆန်စွာ သိုဝှက်သိမ်းဆည်းမထားချေ; ၎င်းအရည်အချင်းကို အခြားသူတို့အား ရက်ရက်ရောရောဝေမျှပေးတော်မူ၏။ ဘုရားသခင်သည် မီးလောင်နေသောချုံပုတ်ရှိရာအရပ်၌ ကောင်းကင်တမန်တစ်ပါးမှတစ်ဆင့် မောရှေအား စကားပြောဆိုခဲ့သောအခါ ထိုချုံပုတ်သည် ယေဟောဝါနှင့်ဆက်စပ်ခဲ့သောကြောင့် ၎င်းဝန်းကျင်ရှိမြေကြီးပင်လျှင် သန့်ရှင်းလာခဲ့သည်တကား!—ထွက်မြောက်ရာ ၃:၅

ယေဟောဝါ၏မစမှုဖြင့် မစုံလင်သောလူသားများ သန့်ရှင်းလာနိုင်သလော။ အလိုက်အထိုက်နှိုင်းရသဘောဖြင့် သန့်ရှင်းလာနိုင်ပါသည်။ ဘုရားသခင်သည် မိမိ၏ဣသရေလလူမျိုးအား “သန့်ရှင်းသောလူမျိုး” ဖြစ်လာနိုင်ခြင်းအလားအလာကို ကမ်းလှမ်းခဲ့သည်။ (ထွက်မြောက်ရာ ၁၉:၆) ထိုလူမျိုးကို သန့်ရှင်း၍ အညစ်အကြေးကင်းစင်ပြီး စင်ကြယ်သည့် ဝတ်ပြုရေးအစီအစဉ်စနစ်တစ်ရပ်ဖြင့် ကိုယ်တော် ကောင်းချီးပေးခဲ့၏။ သို့ဖြင့် သန့်ရှင်းခြင်းသည် မောရှေပညတ်တွင် အထပ်ထပ်ကျော့သော အဓိကအချက်ဖြစ်သည်။ အမှန်မှာ ယဇ်ပုရောဟိတ်မင်းကြီးသည် အလင်းရောင်တွင် တလက်လက်တောက်ပနေသည့် အားလုံးမြင်တွေ့နိုင်သော ရွှေပြားသင်းကျစ်ကို မိမိခေါင်းပေါင်းပေါ် တပ်ဆင်ထားသည်။ ၎င်းပေါ်တွင် “သန့်ရှင်းခြင်းကို ယေဟောဝါပိုင်ဆိုင်” ဟူသောစကားလုံးများ ထွင်းထား၏။ (ထွက်မြောက်ရာ ၂၈:၃၆ကဘ) သို့နှင့် သူတို့၏ဝတ်ပြုရေးနှင့် သူတို့၏ဘဝအသက်တာတစ်ခုလုံးကိုပါ မြင့်မားသောသန့်ရှင်းစင်ကြယ်ခြင်းစံနှုန်းက ကွဲပြားခြားနားစေရမည်ဖြစ်သည်။ သူတို့ကို ယေဟောဝါ ဤသို့မိန့်တော်မူ၏– “သင်တို့၏ဘုရားသခင် ငါထာဝရဘုရားသည် သန့်ရှင်းသောကြောင့် သင်တို့လည်း သန့်ရှင်းခြင်းရှိကြလော့။” (ဝတ်ပြုရာ ၁၉:၂) ဣသရေလလူတို့သည် မစုံလင်သောလူသားများ တတ်နိုင်သမျှအတိုင်းအတာအထိ ဘုရားသခင့်ဆုံးမမှုအတိုင်း အသက်ရှင်နေထိုင်သရွေ့ကာလပတ်လုံး သူတို့သည် နှိုင်းရသဘောဖြင့် သန့်ရှင်းကြသည်။

၁၀။ သန့်ရှင်းခြင်းနှင့်ပတ်သက်၍ ရှေးဣသရေလလူတို့နှင့် ၎င်းတို့ဝန်းကျင်ရှိလူတို့စပ်ကြား အဘယ်ခြားနားချက်ရှိသနည်း။

၁၀ သန့်ရှင်းခြင်းကို ဤသို့အလေးပေးခြင်းသည် ဣသရေလလူတို့၏ပတ်ဝန်းကျင်ရှိ လူမျိုးများ၏ဝတ်ပြုရေးနှင့် တခြားစီပင်ဖြစ်သည်။ ထိုတိတ္ထိလူများတို့သည် တည်ရှိသယောင် လှည့်စားသောဘုရားများကို ကိုးကွယ်ကြ၏၊ ထိုဘုရားများသည် အကြမ်းဖက်၍ လောဘကြီးကာ ကာမလိုက်စားသည်ဟု ပုံဖော်ခဲ့ကြသည်။ သူတို့သည် အဘက်ဘက်တွင် မသန့်ရှင်းခဲ့ကြချေ။ ဤသို့သောဘုရားများကို ကိုးကွယ်ကြခြင်းက လူတို့ကို ညစ်ညူးစေသည်။ သို့ဖြစ်၍ ယေဟောဝါသည် မိမိ၏ကျေးကျွန်များအား အယူမှားသောဝတ်ပြုရေးကိုလိုက်စားသူတို့နှင့် ၎င်းတို့၏ ညစ်ညူးသော ဘာသာရေးအကျင့်ဓလေ့များမှ သီးခြားဆက်နေကြရန် သတိပေးတော်မူခဲ့၏။—ဝတ်ပြုရာ ၁၈:၂၄-၂၈; ၃ ဓမ္မရာဇဝင် ၁၁:၁၊ ၂

၁၁။ (က) ကောင်းကင်တမန်များ (ခ) သရပ်များ (ဂ) ယေရှု၌ ယေဟောဝါကောင်းကင်အဖွဲ့အစည်း၏သန့်ရှင်းခြင်း မည်သို့ထင်ရှားပေါ်လွင်သနည်း။

၁၁ အကောင်းဆုံးအခြေအနေ၌ပင် ယေဟောဝါ၏ရွေးချယ်ခံ ရှေးဣသရေလလူမျိုးသည် ဘုရားသခင့်ကောင်းကင်အဖွဲ့အစည်း၏ သန့်ရှင်းခြင်းကို မဆိုစလောက်သာ ရောင်ပြန်ဟပ်နိုင်ခဲ့၏။ ဘုရားသခင်အား သစ္စာရှိရှိအမှုထမ်းကြသော သန်းနှင့်ချီသည့် နာမ်ဝိညာဉ်သတ္တဝါများကို ကိုယ်တော်၏ ‘အတိုင်းမသိများစွာသော သန့်ရှင်းသူတို့’ အဖြစ် ရည်ညွှန်းထားသည်။ (တရားဟောရာ ၃၃:၂; ယုဒ ၁၄၊ ၁၅) သူတို့သည် ဘုရားသခင့်သန့်ရှင်းခြင်း၏ တောက်ပစင်ကြယ်သောတင့်တယ်မှုကို စုံလင်စွာရောင်ပြန်ဟပ်ကြ၏။ ထို့ပြင် သူ၏ရူပါရုံ၌ ဟေရှာယတွေ့မြင်ခဲ့သော သရပ်များကိုလည်း သတိရပါ။ သူတို့တေးသီချင်း၏စာသားက စကြဝဠာတစ်ခုလုံး၌ ယေဟောဝါ၏သန့်ရှင်းခြင်းကို ကျော်ကြားစေရာတွင် ဤတန်ခိုးကြီးနာမ်ဝိညာဉ်သတ္တဝါများသည် အရေးပါသည့်အခန်းကဏ္ဍ၌ ပါဝင်နေကြကြောင်း ဖော်ပြ၏။ သို့သော် ဤပုဂ္ဂိုလ်များအားလုံးအထက် ကြီးမြတ်သောနာမ်ဝိညာဉ်သတ္တဝါတစ်ပါးရှိ၏—ဘုရားသခင်၏ တစ်ပါးတည်းသောသားတော်ပင် ယေဟောဝါ၏သန့်ရှင်းခြင်းကို အမြင့်မားဆုံးရောင်ပြန်ဟပ်သူမှာ ယေရှုဖြစ်၏။ ဆီလျော်စွာပင် ကိုယ်တော့်ကို ဘုရားသခင်၏ “သန့်ရှင်းတော်မူသောအရှင်” ဟုခေါ်ဆိုသည်။—ယောဟန် ၆:၆၈၊ ၆၉သမ္မာ။

သန့်ရှင်းသောနာမတော်၊ သန့်ရှင်းသောဝိညာဉ်တော်

၁၂၊ ၁၃။ (က) ဘုရားသခင့် နာမတော်သည် သန့်ရှင်းခြင်းရှိ၏ဟု အဘယ်ကြောင့် ဆီလျော်စွာဖော်ပြသနည်း။ (ခ) ဘုရားသခင့်နာမတော်ကို အဘယ်ကြောင့် သန့်ရှင်းလေးမြတ်ကြရမည်နည်း။

၁၂ ဘုရားသခင့်ကိုယ်ပိုင်နာမနှင့်ပတ်သက်၍ အသို့နည်း။ အခန်း ၁ တွင် သိခဲ့ပြီးသည့်အတိုင်း အဆိုပါနာမသည် ဘွဲ့နာမ သို့မဟုတ် အမည်ခံသက်သက်မျှမဟုတ်ချေ။ ယင်းက ယေဟောဝါဘုရားသခင်ကို ကိုယ်စားပြုပြီး ထိုတွင် ကိုယ်တော်၏အရည်အသွေးမှန်သမျှ အကျုံးဝင်သည်။ သို့ဖြစ်၍ သမ္မာကျမ်းစာက ကိုယ်တော်၏ ‘နာမတော်သည်သန့်ရှင်း’ ကြောင်း ကျွန်ုပ်တို့ကိုဖော်ပြထားသည်။ (ဟေရှာယ ၅၇:၁၅) မောရှေပညတ်က ဘုရားသခင့်နာမတော်ကို မခန့်မညားပြုခြင်းအား သေဒဏ်ချမှတ်၏ဟုဆိုသည်။ (ဝတ်ပြုရာ ၂၄:၁၆) ထို့အပြင် ဆုတောင်းချက်တွင် ယေရှုဦးစားပေးရာကို ဂရုပြုပါ– “ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား [“သန့်ရှင်းမြင့်မြတ်ခြင်း၊” ကဘ] ရိုသေလေးမြတ်ခြင်းရှိပါစေသော။” (မဿဲ ၆:၉) တစ်စုံတစ်ရာကို သန့်ရှင်းစင်ကြယ်စေခြင်းဟူသည် အထွတ်အမြတ်ထားရာအဖြစ် သီးသန့်ထားခြင်းနှင့် ယင်းကို ခန့်ညားခြင်း၊ သန့်ရှင်းခြင်းအဖြစ် ထောက်ခံခြင်းကိုဆိုလို၏။ သို့သော် ဘုရားသခင်ကိုယ်နှိုက်၏နာမကဲ့သို့သော နဂိုစင်ကြယ်ပြီးဖြစ်ရာကို သန့်ရှင်းလေးမြတ်ခြင်းရှိစေရန် အဘယ်ကြောင့်လိုအပ်မည်နည်း။

၁၃ ဘုရားသခင်၏သန့်ရှင်းသောနာမတော်မှာ လိမ်ညာမှုများနှင့် အသရေဖျက်မှုဖြင့် အငြင်းပွား၊ ရှုတ်ချခံခဲ့ရပြီ။ ဧဒင်တွင် ယေဟောဝါအကြောင်းကို စာတန်လိမ်ညာခဲ့ပြီး ကိုယ်တော်အား မတရားသောအုပ်စိုးရှင်အဖြစ် သဘောသက်ရောက်စေခဲ့၏။ (ကမ္ဘာဦး ၃:၁-၅) ထိုအချိန်ကတည်းက ညစ်ညူးသော ဤကမ္ဘာ၏အုပ်စိုးရှင်၊ စာတန်သည် ဘုရားသခင်နှင့်ပတ်သက်၍ လိမ်ညာမှုများတိုးမြှင့်ဖို့ ရှာကြံခဲ့သည်။ (ယောဟန် ၈:၄၄; ၁၂:၃၁; ဗျာဒိတ် ၁၂:၉) ဘာသာတရားများက ဘုရားသခင်အား နိုင်လိုမင်းထက်ပြု၍ အလှမ်းကွာဝေးလွန်းသည့် ရက်စက်သောပုဂ္ဂိုလ်တစ်ပါးအဖြစ် သရုပ်ဖော်ထားကြ၏။ သူတို့၏သွေးဆာနေသောစစ်ပွဲများတွင် ကိုယ်တော်၏ကျောထောက်နောက်ခံပြုမှု ရကြသည်ဟု သူတို့ကဆိုသည်။ အံ့ဖွယ်ဖန်ဆင်းခြင်းလက်ရာတော်များအတွက် ဘုရားသခင်ကိုဂုဏ်တင်မည့်အစား မတော်တဆတိုက်ဆိုင်မှု သို့မဟုတ် ဆင့်ကဲဖြစ်စဉ်ဟုဆိုလေ့ရှိ၏။ မှန်၏၊ ဘုရားသခင့်နာမတော်သည် ယုတ်မာစွာ ရှုတ်ချခံခဲ့ရပြီ။ ၎င်းကို သန့်ရှင်းလေးမြတ်ရမည်၊ ၎င်းရထိုက်သောဂုဏ်အသရေကို ပြန်လည်ပေးရမည်။ ကိုယ်တော့်နာမတော် ရိုသေလေးမြတ်ခြင်းနှင့် ကိုယ်တော့်ပိုင်သအုပ်စိုးမှု ပြစ်တင်ခွင့်ကင်းရှင်းမည့်အချိန်ကို ကျွန်ုပ်တို့ တောင့်တကြပြီး ထိုမြင့်မြတ်သောရည်ရွယ်ချက် ပြည့်စုံရေးတွင် မည်သည့်အခန်းကဏ္ဍ၌မဆို ပါဝင်လိုကြ၏။

၁၄။ ဘုရားသခင့်ဝိညာဉ်တော်ကို သန့်ရှင်း၏ဟု အဘယ်ကြောင့်ခေါ်ဆိုရသနည်း၊ သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားခြင်းသည် အဘယ်ကြောင့် အပြစ်ကြီးလေးသနည်း။

၁၄ ယေဟောဝါနှင့် အလွန်ဆက်စပ်လျက်ရှိပြီး အမြဲလိုလိုပင် သန့်ရှင်းသည်ဟုခေါ်ဆိုခံရသည့် အရာတစ်ခုရှိ၍ ၎င်းကား ကိုယ်တော်၏ဝိညာဉ်တော် သို့မဟုတ် လှုပ်ရှားသောစွမ်းအားဖြစ်သည်။ (ကမ္ဘာဦး ၁:၂ကဘ) ယေဟောဝါသည် မိမိ၏ရည်ရွယ်တော်မူချက် အထမြောက်စေရန် ဤတားဆီး၍မရနိုင်သော စွမ်းအားကို အသုံးပြု၏။ ဘုရားသခင်ပြုသမျှသည် သန့်ရှင်း၊ စင်ကြယ်၍ အညစ်အကြေးကင်းစင်သဖြင့် ကိုယ်တော်၏လှုပ်ရှားသောစွမ်းအားကို ဆီလျော်စွာ သန့်ရှင်းသောဝိညာဉ်တော်ဟု ခေါ်ဆိုထားသည်။ (လုကာ ၁၁:၁၃; ရောမ ၁:၄) ယေဟောဝါ၏ရည်ရွယ်တော်မူချက်ကို တမင်တကာဆန့်ကျင်ခြင်း အကျုံးဝင်သည့် သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားကဲ့ရဲ့ခြင်းသည် ခွင့်မလွှတ်နိုင်သည့်အပြစ်ဖြစ်၏။—မာကု ၃:၂၉

ယေဟောဝါ၏သန့်ရှင်းခြင်းက ကိုယ်တော့်ထံ ကျွန်ုပ်တို့အား အဘယ်ကြောင့်ဆွဲဆောင်

၁၅။ ဘုရားရေးရာကြောက်ရွံ့ခြင်းက ယေဟောဝါ၏သန့်ရှင်းခြင်းကို အဘယ်ကြောင့် ဆီလျော်စွာတုံ့ပြန်စေသနည်း၊ ထိုကြောက်ရွံ့ခြင်းတွင် အဘယ်အရာပါဝင်သနည်း။

၁၅ သို့ဖြစ်၍ သမ္မာကျမ်းစာက ဘုရားသခင်၏သန့်ရှင်းခြင်းနှင့် လူသားတို့ဘက်မှ ဘုရားရေးရာကြောက်ရွံ့ခြင်းတို့စပ်ကြား အဘယ်ကြောင့် ဆက်စပ်ပေးထားကြောင်းကို တွေ့ရန်မခက်ခဲပါ။ ဥပမာ၊ ဆာလံ ၉၉:၃ တွင် ဤသို့ဖတ်ရသည်– “ကြီးမြတ်၍ ကြောက်ရွံ့ဖွယ်သောနာမတော်ကို ချီးမွမ်းကြစေ။ အကြောင်းမူကား နာမတော်သည် သန့်ရှင်းခြင်းရှိသတည်း။” သို့သော် ဤကြောက်ရွံ့ခြင်းသည် ထိတ်လန့်ကြောက်ရွံ့ခြင်းမဟုတ်ချေ။ ယင်းအစား ၎င်းသည် အမြော်အမြင်ရှိရှိ ကြည်ညိုလေးမြတ်ခြင်း၊ ဂုဏ်အသရေအမြင့်မားဆုံးဖြင့် လေးမြတ်ခြင်းဖြစ်၏။ ထိုသို့ခံစားမိရန် ဆီလျော်သည်၊ အကြောင်းမှာ ဘုရားသခင့်သန့်ရှင်းခြင်းသည် ကျွန်ုပ်တို့အထက် ဝေးကွာလွန်းသောကြောင့်တည်း။ ၎င်းသည် အထူးကောင်းမွန်သန့်ရှင်း၍ ခမ်းနားထည်ဝါလွန်းလှ၏။ သို့တိုင် ယင်းက ကျွန်ုပ်တို့အား တွန့်ဆုတ်မသွားစေပါ။ ၎င်းနှင့်ဆန့်ကျင်လျက် ဘုရားသခင့်သန့်ရှင်းခြင်းအပေါ် လျောက်ပတ်သောအမြင်က ကျွန်ုပ်တို့အား ကိုယ်တော်ထံ သာ၍နီးကပ်စေပါမည်။ အဘယ်ကြောင့်နည်း။

လှပတင့်တယ်ခြင်းက ကျွန်ုပ်တို့အတွက် ဆွဲဆောင်မှုဖြစ်သကဲ့သို့ သန့်ရှင်းခြင်းသည်လည်းဖြစ်သင့်

၁၆။ (က) သန့်ရှင်းခြင်းနှင့် တင့်တယ်ခြင်းသည် မည်သို့ဆက်စပ်သနည်း။ ဥပမာပေးပါ။ (ခ) ယေဟောဝါ၏ ရူပါရုံဖော်ပြချက်များက သန့်ရှင်းခြင်း၊ စင်ကြယ်ခြင်းနှင့် အလင်းရောင်တို့ကို မည်သို့အလေးပေးဖော်ပြသနည်း။

၁၆ တစ်ချက်ကား သမ္မာကျမ်းစာသည် သန့်ရှင်းခြင်းကို တင့်တယ်ခြင်းနှင့် ဆက်စပ်ထား၏။ ဟေရှာယ ၆၃:၁၅၊ [ကဘ] က ကောင်းကင်ကို ဘုရားသခင်၏ “သန့်ရှင်း၍ တင့်တယ်သော မြင့်မြတ်သည့်စံတော်ရာ” ဟုဖော်ပြထား၏။ လှပတင့်တယ်ခြင်းက ကျွန်ုပ်တို့ကို ဆွဲဆောင်သည်။ ဥပမာ၊ စာမျက်နှာ ၃၃ ရှိ ရုပ်ပုံကိုကြည့်ပါ။ ထိုမြင်ကွင်းသို့ သင်ဆွဲဆောင်မခံရပေလော။ အဘယ်အရာက ဤမျှတိုင်စိတ်ဝင်စားဖွယ်ဖြစ်စေသနည်း။ ရေသည် မည်မျှကြည်လင်သန့်စင်ပုံရှိသည်ကို သတိပြုကြည့်ပါ။ ပြာလဲ့လဲ့ကောင်းကင်နှင့် တလက်လက်တောက်ပသော အလင်းရောင်ကိုထောက်၍ လေထုပင် သန့်ရှင်းနေရမည်။ အကယ်၍ အဆိုပါစမ်းချောင်းသည် အမှိုက်သရိုက်ဖြင့်ပိတ်ဆို့နေကာ လက်ဆော့၍ရေးခြစ်မှုကြောင့် သစ်ပင်များနှင့် ကျောက်တုံးများအလှပျက်၍ လေထုသည် မီးခိုးမြူဖြင့်ညစ်ညမ်းနေပါမူ ၎င်းမြင်ကွင်းကို ကျွန်ုပ်တို့စိတ်ဝင်စားမည်မဟုတ်ချေ; နှာခေါင်းပင်ရှုံ့ကြပေလိမ့်မည်။ လှပတင့်တယ်ခြင်းကို သန့်ရှင်းခြင်း၊ စင်ကြယ်ခြင်းနှင့် အလင်းရောင်တို့ဖြင့် သဘာဝကျကျ ကျွန်ုပ်တို့ဆက်စပ်တတ်ကြ၏။ ယေဟောဝါ၏သန့်ရှင်းခြင်းကို ဖော်ပြရာ၌ ထပ်တူစကားလုံးများကို အသုံးပြုနိုင်သည်။ သို့ဖြင့် ယေဟောဝါနှင့်ပတ်သက်သော ရူပါရုံများက ကျွန်ုပ်တို့စိတ်ဘဝင်ခိုက်စေသည်မှာ အံ့အားသင့်စရာမဟုတ်ချေ! အလင်းရောင်ဖြင့် ထွန်းတောက်ခြင်း၊ ကျောက်မျက်ရတနာများကဲ့သို့ ဖိတ်ဖိတ်တောက်ခြင်း၊ မီး သို့မဟုတ် အစင်ကြယ်ဆုံးနှင့် အတောက်ပဆုံးသတ္တုများကဲ့သို့ ထွန်းတောက်ခြင်း စသည်တို့မှာ ကျွန်ုပ်တို့ သန့်ရှင်းသောဘုရားသခင်၏ လှပတင့်တယ်ခြင်းဖြစ်သည်။—ယေဇကျေလ ၁:၂၅-၂၈; ဗျာဒိတ် ၄:၂၊ ၃

၁၇၊ ၁၈။ (က) သူ၏ရူပါရုံကြောင့် ပထမပိုင်းတွင် ဟေရှာယ မည်သို့ထိခိုက်ခဲ့သနည်း။ (ခ) ဟေရှာယအား နှစ်သိမ့်မှုပေးရန် သရပ်တစ်ပါးကို ယေဟောဝါ မည်သို့အသုံးပြုတော်မူသနည်း၊ သရပ်၏အဘယ်လုပ်ရပ်က ထူးခြားသနည်း။

၁၇ သို့သော် ဘုရားသခင့်သန့်ရှင်းခြင်းကို နှိုင်းယှဉ်ကြည့်ခြင်းဖြင့် ကျွန်ုပ်တို့သည် နိမ့်ကျသည်ဟု ခံစားသင့်သလော။ အဖြေမှန်မှာ ခံစားသင့်ပါသည်။ အမှန်အားဖြင့် ကျွန်ုပ်တို့သည် ယေဟောဝါထက်နိမ့်ကျ၏၊ မြင့်မြတ်မှုကိုခိုင်းနှိုင်းကြည့်က အလွန့်အလွန်ပင် နိမ့်ကျနေ၏။ ၎င်းကိုသိထားသောကြောင့် ဘုရားသခင့်ထံတော်မှ ကျွန်ုပ်တို့ ကင်းကွာနေသင့်သလော။ ယေဟောဝါသည် သန့်ရှင်းကြောင်း သရပ်များ၏ကြွေးကြော်သံကို ကြားရသောအခါ ဟေရှာယ၏တုံ့ပြန်ပုံကို သုံးသပ်ကြည့်ပါ။ “ငါကလည်း ‘ငါ၌အမင်္ဂလာရှိ၏။ ငါအကျိုးနည်းရှိပြီ။ အကြောင်းမူကား ငါသည် ညစ်ညူးသောနှုတ်ခမ်းရှိလျက်၊ ညစ်ညူးသောနှုတ်ခမ်းရှိသော လူမျိုးတွင်နေလျက်နှင့် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို ကိုယ်မျက်စိနှင့် မြင်လေပြီတကား’ ဟုဆို၏။” (ဟေရှာယ ၆:၅) မှန်ပါသည်၊ ယေဟောဝါ၏ အကန့်အသတ်မဲ့သန့်ရှင်းမှုက ဟေရှာယကို မိမိသည် မည်မျှအပြစ်ပြည့်နေ၍ စုံလင်မှုမရှိကြောင်း သတိပေးခဲ့၏။ ပထမပိုင်းတွင် ထိုသစ္စာရှိအမျိုးသားမှာ ယူကျုံးမရဖြစ်ခဲ့သည်။ သို့သော် ယေဟောဝါသည် သူ့အား ထိုအခြေအနေ၌ ပစ်မထားခဲ့ပါ။

၁၈ သရပ်တစ်ပါးက ထိုပရောဖက်ကို ချက်ချင်းပင် နှစ်သိမ့်ပေးခဲ့၏။ မည်သို့နည်း။ တန်ခိုးကြီးသောထိုနာမ်ဝိညာဉ်သည် ယဇ်ပလ္လင်သို့ပျံသွားပြီး မီးခဲတစ်ခဲယူကာ ဟေရှာယ၏နှုတ်ခမ်းကို ထိုမီးခဲဖြင့်တို့ထိခဲ့သည်။ ၎င်းက နှစ်သိမ့်မှုပေးသည်ထက် နာကျင်စေပုံရှိပေမည်။ သို့သော် ယင်းသည် ရူပါရုံတစ်ခုဖြစ်ပြီး ပုံဆောင်အဓိပ္ပာယ် ပြည့်ဝကြောင်း သတိရပါ။ ဝတ်ပြုရာအိမ်တော်ရှိ ယဇ်ပလ္လင်ထက်ဝယ် အပြစ်များဖြေရန်အတွက် နေ့စဉ် ယဇ်သကာများပူဇော်ခဲ့လေ့ရှိကြောင်း သစ္စာရှိဂျူးတစ်ဦးဖြစ်သူ ဟေရှာယ ကောင်းစွာသိထား၏။ ထို့ပြင် အဆိုပါသရပ်က မေတ္တာပါစွာဖြင့် ထိုပရောဖက်သည် အမှန်ပင်မစုံလင်၊ “ညစ်ညူးသောနှုတ်ခမ်း” ရှိသည့်တိုင် ဘုရားသခင့်ရှေ့တော်မှောက်၌ သန့်ရှင်းသောအနေအထားဖြင့် ရပ်တည်နိုင်ကြောင်း သတိပေးခဲ့သည်။ * မစုံလင်၍ အပြစ်ရှိသောလူသားတစ်ဦးကို အနည်းဆုံး အထိုက်အလျောက်နှိုင်းရသဘောဖြင့် သန့်ရှင်း၏ဟု ယေဟောဝါရှုမြင်လိုတော်မူခဲ့သည်။—ဟေရှာယ ၆:၆၊ ၇

၁၉။ ကျွန်ုပ်တို့သည် မစုံလင်သော်လည်း အထိုက်အလျောက်နှိုင်းရသဘောဖြင့် သန့်ရှင်းခြင်းရှိရန် ကျွန်ုပ်တို့အတွက် မည်သို့ဖြစ်နိုင်သနည်း။

၁၉ ယနေ့တွင်လည်း အလားတူပင်ဖြစ်သည်။ ယေရုရှလင်မြို့ရှိ ယဇ်ပလ္လင်ထက်ဝယ် ပူဇော်ခဲ့သောယဇ်သကာအားလုံးသည် သာ၍ကြီးမြတ်သော စီ.အီး. ၃၃ ၌ ယေရှုခရစ်ပူဇော်ခဲ့သည့် စုံလင်သောယဇ်သကာ၏အရိပ်များမျှသာ ဖြစ်ခဲ့သည်။ (ဟေဗြဲ ၉:၁၁-၁၄) ကျွန်ုပ်တို့၏အပြစ်များကို အမှန်တကယ်နောင်တယူ၍ မှားယွင်းသောလမ်းစဉ်မှ ပြန်တည့်မတ်ကာ အဆိုပါယဇ်သကာ၌ ယုံကြည်ခြင်းတင်ပြမည်ဆိုလျှင် ကျွန်ုပ်တို့ခွင့်လွှတ်ခံရကြသည်။ (၁ ယောဟန် ၂:၂) ကျွန်ုပ်တို့လည်း ဘုရားသခင့်ရှေ့တော်မှောက်တွင် စင်ကြယ်သောအနေအထားရှိနိုင်၏။ သို့ဖြစ်၍ တမန်တော်ပေတရုက ကျွန်ုပ်တို့အားလုံးကို ဤသို့သတိပေးသည်– “‘ငါသည်သန့်ရှင်းတော်မူသောကြောင့်၊ သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြလော့’ ဟု ကျမ်းစာလာသတည်း။” (၁ ပေတရု ၁:၁၆) ကိုယ်တော်သန့်ရှင်းသကဲ့သို့ ကျွန်ုပ်တို့သန့်ရှင်းကြရမည်ဟု ယေဟောဝါမိန့်တော်မမူကြောင်း သတိပြုပါ။ ကျွန်ုပ်တို့ထံမှ မဖြစ်နိုင်ရာကို ကိုယ်တော် ဘယ်တော့မျှမမျှော်လင့်ချေ။ (ဆာလံ ၁၀၃:၁၃၊ ၁၄) ယင်းအစား ယေဟောဝါသည် သန့်ရှင်းတော်မူသောကြောင့် ကျွန်ုပ်တို့သန့်ရှင်းကြရမည်ဟုမိန့်မှာတော်မူသည်။ “ဘုရားသခင်၏ချစ်သားဖြစ်ကြသည်နှင့်အညီ” မစုံလင်သောလူသားများအနေဖြင့် ကျွန်ုပ်တို့သည် ကိုယ်တော့်ကို အတတ်နိုင်ဆုံးတုပရန် ကျွန်ုပ်တို့ရှာကြံကြ၏။ (ဧဖက် ၅:၁) သို့ဖြစ်၍ သန့်ရှင်းခြင်းကိုရရှိအောင်မြင်ရန်မှာ ဆက်လက်ကြိုးစားနေရမည့်အရာဖြစ်သည်။ ဝိညာဉ်ရေးဘက် ကျွန်ုပ်တို့ကြီးထွားလာသည်နှင့်အမျှ တစ်နေ့ထက်တစ်နေ့ “သန့်ရှင်းခြင်းပါရမီနှင့်ပြည့်စုံ” လာရန်လုပ်ဆောင်သည်။—၂ ကောရိန္သု ၇:၁

၂၀။ (က) ကျွန်ုပ်တို့၏ သန့်ရှင်းသောဘုရားသခင့်မျက်မှောက်တော်တွင် ကျွန်ုပ်တို့သန့်ရှင်းနိုင်ကြောင်း နားလည်ရန် အဘယ်ကြောင့်အရေးကြီးသနည်း။ (ခ) ဟေရှာယသည် သူ၏အပြစ်များ ပြေသွားပြီဖြစ်ကြောင်း သိရသောအခါ သူ့အပေါ် မည်သို့အကျိုးသက်ရောက်ခဲ့သနည်း။

၂၀ ယေဟောဝါသည် ဖြောင့်မတ်၍ စင်ကြယ်သောအရာကို ချစ်တော်မူ၏။ အပြစ်ကို ရွံမုန်းတော်မူ၏။ (ဟဗက္ကုတ် ၁:၁၃) သို့သော် ကျွန်ုပ်တို့ကို ကိုယ်တော်မုန်းတော်မမူချေ။ မကောင်းမှုကို ကိုယ်တော်နည်းတူမုန်း၍ ကောင်းမှုကိုချစ်မြတ်နိုးပြီး ဘုရားသခင်နည်းတူ အပြစ်ကို ကျွန်ုပ်တို့ရှုမြင်ကြလျှင် ခရစ်တော်ယေရှု၏ စုံလင်သောခြေတော်ရာကို လိုက်လျှောက်ရန် ကြိုးစားနေသရွေ့ကာလပတ်လုံး ယေဟောဝါသည် ကျွန်ုပ်တို့၏အပြစ်များကို ခွင့်လွှတ်တော်မူ၏။ (အာမုတ် ၅:၁၅; ၁ ပေတရု ၂:၂၁) ကျွန်ုပ်တို့၏ သန့်ရှင်းသောဘုရားသခင့်မျက်မှောက်တော်တွင် ကျွန်ုပ်တို့သန့်ရှင်းစင်ကြယ်နိုင်ကြောင်း သိနားလည်ထားကြသောအခါ အကျိုးဆက်များမှာ လေးနက်သည်။ ယေဟောဝါ၏သန့်ရှင်းခြင်းက ဟေရှာယအား သူကိုယ်တိုင်၏မသန့်ရှင်းမှုကို ဦးဆုံးသတိရစေကြောင်း အမှတ်ရပါ။ ဤသို့ သူကြွေးကြော်ခဲ့သည်– “ငါ၌အမင်္ဂလာရှိ၏။” သို့သော် သူ၏အပြစ်များသည် ပြေသွားပြီးဖြစ်ကြောင်း နားလည်လိုက်သည်နှင့် သူ၏စဉ်းစားပုံ ပြောင်းလဲသွားခဲ့သည်။ တာဝန်တစ်ရပ်ကို စေတနာ့ဝန်ထမ်းလုပ်ဆောင်ရန် ယေဟောဝါတောင်းဆိုလာသောအခါ ယင်းတာဝန်တွင် အဘယ်အရာပါဝင်မည်ကို ဟေရှာယမသိလျက်နှင့်ပင် သူသည် ချက်ချင်းတုံ့ပြန်ခဲ့သည်။ သူက ဤသို့ကြွေးကြော်ခဲ့သည်– “အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကိုစေလွှတ်တော်မူပါ။”—ဟေရှာယ ၆:၅-၈

၂၁။ သန့်ရှင်းခြင်းအရည်အသွေးကို ကျွန်ုပ်တို့မွေးမြူနိုင်ကြောင်း ယုံကြည်စိတ်ချရန် အဘယ်အခြေခံအကြောင်းရှိသနည်း။

၂၁ ကျွန်ုပ်တို့သည် သန့်ရှင်းသောဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်ဖန်ဆင်းခံရရာ ကိုယ်ကျင့်တရားအရည်အသွေးများပေးထားပြီး ဝိညာဉ်ရေးရာကို သိမြင်နားလည်နိုင်စွမ်းရှိ၏။ (ကမ္ဘာဦး ၁:၂၆) ကျွန်ုပ်တို့အားလုံးတွင် သန့်ရှင်းနိုင်စွမ်းရှိကြသည်။ သန့်ရှင်းခြင်းကို မွေးမြူရန် ကျွန်ုပ်တို့ဆက်ကြိုးစားရာတွင် ယေဟောဝါသည် ကူညီပေးလိုတော်မူ၏။ ဤသို့ပြုစဉ် ကျွန်ုပ်တို့သည် သန့်ရှင်းသောဘုရားသခင်ထံ သာ၍နီးကပ်သည်ထက် နီးကပ်လာလိမ့်မည်။ ထို့ပြင် နောက်အခန်းများတွင် ယေဟောဝါ၏အရည်အသွေးများကို ကျွန်ုပ်တို့သုံးသပ်ကြစဉ် ကိုယ်တော့်ထံ ကျွန်ုပ်တို့ချဉ်းကပ်ရန် တကယ့်အကြောင်းရင်းကောင်း မြောက်မြားစွာရှိကြောင်း တွေ့ရှိကြလိမ့်မည်!

^ အပိုဒ်၊ 18 “ညစ်ညူးသောနှုတ်ခမ်း” ဟူသောအသုံးအနှုန်းမှာ ဆီလျော်လှသည်၊ အကြောင်းမှာ သမ္မာကျမ်းစာတွင် စကားပြောဆိုခြင်း သို့မဟုတ် ဘာသာစကားအစား နှုတ်ခမ်းကိုကိုယ်စားပြု၍ တင်စားအသုံးပြုလေ့ရှိသောကြောင့်တည်း။ မစုံလင်သောလူသားအားလုံး၏ အပြစ် ရာနှုန်းပြည့်နီးပါးသည် လျှာကိုအသုံးပြုပုံကြောင့်ဖြစ်သည်။—သုတ္တံ ၁၀:၁၉; ယာကုပ် ၃:၂၊ ၆