မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၄

‘ယေဟောဝါသည် တန်ခိုးကြီးတော်မူ၏’

‘ယေဟောဝါသည် တန်ခိုးကြီးတော်မူ၏’

၁၊ ၂။ ဧလိယ၏ဘဝတွင် အဘယ်အံ့ဖွယ်အမှုများကို မြင်ခဲ့ဖူးသနည်း၊ သို့သော် ဟောရပ်တောင်ရှိ ဥမင်မှ အဘယ်ရင်သပ်ရှုမောဖွယ် ထူးခြားသောဖြစ်ရပ်များကို သူတွေ့မြင်ခဲ့သနည်း။

ဧလိယသည် အံ့ဖွယ်အမှုများကို ယခင်က တွေ့ဖူးခဲ့သည်။ သူပုန်းရှောင်နေစဉ် ကျီးအတို့က တစ်နေ့နှစ်ကြိမ် အစားအစာချီဆောင်လာပေးသည်ကို မြင်ခဲ့၏။ အစာခေါင်းပါးသည့် တာရှည်သောကာလတစ်လျှောက် ဘယ်တော့မျှမကုန်နိုင်သော ဂျုံမှုန့်နှင့်ဆီအိုး နှစ်လုံးကို သူမြင်ခဲ့၏။ သူ့ဆုတောင်းချက်ကို တုံ့ပြန်သည့်အနေနှင့် ကောင်းကင်မှမီးကျလာသည်ကိုပင် သူတွေ့မြင်ဖူးခဲ့သည်။ (၃ ဓမ္မရာဇဝင် အခန်းကြီး ၁၇၊ ၁၈) သို့တိုင် ဤအရာနှင့်တူသော တစ်စုံတစ်ရာကို ဧလိယ တစ်ခါမျှမမြင်ဖူးခဲ့သေးချေ။

သူသည် ဟောရပ်တောင်ရှိ ဥမင်တစ်ခု၏အဝင်ဝတွင် ဝပ်တွားလျက်နေစဉ် ရင်သပ်ရှုမောဖွယ် ဆက်တိုက်ဖြစ်ရပ်များကို ကိုယ်တွေ့မြင်ခဲ့ရ၏။ ဦးဆုံး လေပြင်းဖြစ်သည်။ ယင်းသည် တဝူးဝူးတိုက်ခတ်နေပြီး နားမခံနိုင်အောင်ကျယ်လောင်၍ အလွန်အင်အားပြင်းထန်ရလိမ့်မည်၊ အကြောင်းမှာ ထိုအားကြီးသောလေပြင်းသည် တောင်များကိုဖြိုခွဲကာ ကျောက်များကို အစိတ်စိတ်အမြွှာမြွှာချိုးဖဲ့ပစ်ခဲ့၏။ ထို့နောက် ကမ္ဘာမြေလွှာတွင် ထိန်းချုပ်ထားသော အတိုင်းမသိကြီးမားသောအင်အားများကို လွှတ်လိုက်သည့်အလား မြေငလျင်ကြီးလှုပ်လေသည်။ ၎င်းနောက် မီးလောင်လေ၏။ ထိုဒေသတစ်လျှောက် မီးလောင်ကျွမ်းသွားစဉ် မီးဟပ်ခြင်းအပူဒဏ်ကို ဧလိယခံစားလိုက်ရဖွယ်ရှိ၏။—၃ ဓမ္မရာဇဝင် ၁၉:၈-၁၂

‘ကြည့်ရှုလော့! ယေဟောဝါ လျှောက်သွားတော်မူသည်’

၃။ ဧလိယသည် ဘုရားသခင်၏ အဘယ်ဂုဏ်ရည်တော်ကို ကိုယ်တိုင်တွေ့မြင်ခဲ့သနည်း၊ ထပ်တူအရည်အသွေးကို အဘယ်နေရာတွင် ကျွန်ုပ်တို့တွေ့မြင်နိုင်သနည်း။

ဧလိယတွေ့မြင်ခဲ့သော ဤဖြစ်ရပ်အမျိုးမျိုးတွင် တူညီသောအရာတစ်ခုရှိ၏—ယင်းကား ယေဟောဝါဘုရားသခင်၏ ကြီးမားသောတန်ခိုးတော်ကို သရုပ်ဖော်ပြခြင်းဖြစ်သည်။ ဤဂုဏ်ရည်တော်ကို ဘုရားသခင်ပိုင်ဆိုင်တော်မူကြောင်း ရှင်းလင်းစွာသိမြင်ရန် အံ့ဖွယ်အမှုတစ်ခုကို ကျွန်ုပ်တို့တွေ့မြင်စရာမလိုပါ။ ထင်ရှားပေါ်လွင်နေပါသည်။ ဖန်ဆင်းခြင်းက ယေဟောဝါ၏ “ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်” ကိုသက်သေထူ၏ဟု သမ္မာကျမ်းစာကဆိုသည်။ (ရောမ ၁:၂၀) မိုးသက်မုန်တိုင်းတစ်ခု၏ လျှပ်တစ်ပြက်လျှပ်စီးလက်ခြင်းနှင့် ဟိန်းခနဲမြည်သောမိုးချုန်းသံများ၊ အင်အားကြီးမားပြီး အလွန်လှပတင့်တယ်သည့်ရေတံခွန်၊ အံ့ဖွယ်ကောင်းသည်တိုင် ကျယ်ပြန့်သည့် ကြယ်အတိပြီးသောကောင်းကင်တို့ကို စဉ်းစားကြည့်ပါ! ထိုပြကွက်များတွင် ဘုရားသခင့်တန်ခိုးတော်ကို သင်တွေ့မြင်သည်မဟုတ်ပေလော။ သို့တိုင်၊ ဘုရားသခင့်တန်ခိုးတော်ကို အမှန်အတိုင်း အသိအမှတ်ပြုသူ ယနေ့ အလွန်နည်းသည်။ တော်မှန်စွာရှုမြင်သူများမူကား ထိုထက်ပင်နည်း၏။ သို့သော် ဘုရားသခင်၏ ဤဂုဏ်ရည်တော်ကို သဘောပေါက်နားလည်ခြင်းက ယေဟောဝါထံချဉ်းကပ်စရာအကြောင်း ပိုများစေသည်။ ဤအပိုင်းတွင် ယေဟောဝါ၏ပြိုင်ဘက်ကင်းသော တန်ခိုးတော်ကို ကျွန်ုပ်တို့အသေးစိတ် လေ့လာကြမည်။

ယေဟောဝါ၏ အလွန်အရေးပါသောဂုဏ်ရည်တော်

၄၊ ၅။ (က) ယေဟောဝါ၏နာမတော်၊ ကိုယ်တော်၏အစွမ်းခွန်အားကြီးမားခြင်း၊ သို့မဟုတ် တန်ခိုးတော်စပ်ကြား အဘယ်ဆက်သွယ်ချက်ရှိသနည်း။ (ခ) ယေဟောဝါသည် နွားကိုရွေးချယ်၍ မိမိ၏တန်ခိုးကိုတင်စားဖော်ပြခြင်းကား အဘယ်ကြောင့်ဆီလျော်သနည်း။

ယေဟောဝါ၏တန်ခိုးတော်သည် ပြိုင်ဘက်ကင်း၏။ ယေရမိ ၁၀:၆ က ဤသို့ဆိုသည်– “အိုထာဝရဘုရား ကိုယ်တော်နှင့်အဘယ်သူမျှမတူပါ။ ကိုယ်တော်သည် ကြီးမြတ်တော်မူ၏။ နာမတော်သည်လည်း တန်ခိုးတော်အားဖြင့် ကြီးမြတ်တော်မူ၏။” အစွမ်းခွန်အားကြီးမားခြင်း သို့မဟုတ် တန်ခိုးတော်ကို ယေဟောဝါ၏နာမတော်နှင့် ဆက်စပ်ထားကြောင်းသတိပြုပါ။ ထိုနာမတော်ကား “ကိုယ်တော်ဖြစ်လာစေသည်” ဟူသည့် အဓိပ္ပာယ်သက်ရောက်ကြောင်း သတိရပါ။ ယေဟောဝါအလိုရှိသည့်အရာကို လုပ်ဆောင်ဖို့၊ ရွေးချယ်ထားသည့်အရာများ ဖြစ်လာစေဖို့ အဘယ်အရာက ဖန်တီးပေးသနည်း။ တစ်ခုမှာ တန်ခိုးတော်ဖြစ်၏။ မှန်ပါသည်၊ ယေဟောဝါ၏စွမ်းဆောင်နိုင်စွမ်း၊ ကိုယ်တော့်အလိုတော်ကို ဖြစ်မြောက်အောင်မြင်စေနိုင်ခြင်းမှာ အတိုင်းအဆမရှိချေ။ ထိုတန်ခိုးတော်သည် ကိုယ်တော်၏အရေးပါသော ဂုဏ်ရည်တော်များအနက် တစ်ခုဖြစ်၏။

ဘုရားသခင့်တန်ခိုးတော်ကို ကျွန်ုပ်တို့ဘယ်သောအခါမျှ အကုန်အစင် နားလည်နိုင်မည်မဟုတ်သောကြောင့် ယေဟောဝါသည် ပုံဆောင်ချက်များအသုံးပြု၍ ကူညီပေးတော်မူ၏။ ကျွန်ုပ်တို့သိမြင်ခဲ့သည့်အတိုင်း ကိုယ်တော်၏တန်ခိုးတော်ကို နွားဖြင့်တင်စားတော်မူ၏။ (ယေဇကျေလ ၁:၄-၁၀) ထိုသို့ရွေးချယ်တင်ပြခြင်းသည် ဆီလျော်လှ၏၊ အကြောင်းမှာ အိမ်နွားပင် အကောင်ကြီးပြီး ခွန်အားလည်းကြီးမားသည်။ ကျမ်းစာခေတ်က ပါလက်စတိုင်းတွင် နေထိုင်သူတို့သည် ထိုထက် သန်စွမ်းသည့်သတ္တဝါကို တွေ့ခဲသည်။ သို့သော် ထိုအချိန်မှစ၍ မျိုးသုဉ်းသွားသော အောရော့ခ်ခေါ် နွားရိုင်းဖြစ်သည့် သာ၍ကြောက်မက်ဖွယ် နွားတစ်မျိုးကို သူတို့သိထားခဲ့ကြ၏။ (ယောဘ ၃၉:၉-၁၂) ရောမဧကရာဇ်ဂျူးလီယက်ဆီဇာက ဤနွားများသည် ဆင်အရွယ်နီးပါးရှိကြောင်း တစ်ခါကပြောခဲ့သည်။ “၎င်းတို့သည် ခွန်အားကြီးပြီး အလွန်လျင်မြန်သည်” ဟုသူရေးသားခဲ့သည်။ ထိုသို့သောသတ္တဝါအနီး၌ ယှဉ်ရပ်နေပါက သင်သည် တကယ်ပင်အလွန်သေးနုပ်ပြီး အားနည်းသည်ဟု ခံစားရမည်ကို စဉ်းစားကြည့်ပါ

၆။ ယေဟောဝါတစ်ပါးတည်းကိုသာလျှင် ‘အနန္တတန်ခိုးရှင်’ ဟု အဘယ်ကြောင့် ခေါ်ဆိုသနည်း။

အလားတူပင် တန်ခိုးရှိသောဘုရားသခင်၊ ယေဟောဝါနှင့်နှိုင်းယှဉ်ပါက လူသည် အလွန့်အလွန်သေးနုပ်၍ တန်ခိုးမဲ့သည်။ ကိုယ်တော့်အတွက် အားကြီးသောလူမျိုးများပင် ချိန်ခွင်ရှိမြူမှုန့်မျှသာဖြစ်သည်။ (ဟေရှာယ ၄၀:၁၅) ကိုယ်တော်တစ်ပါးတည်းကိုသာ ‘အနန္တတန်ခိုးရှင်’ ဟု ခေါ်ဆိုထားရာ အခြားမည်သည့်ဖန်ဆင်းရာနှင့်မျှမတူဘဲ ဘုရားသခင်၌ အတိုင်းအဆမဲ့တန်ခိုးရှိတော်မူသည်။ * (ဗျာဒိတ် ၁၅:၃) ယေဟောဝါသည် “တန်ခိုးနှင့်ပြည့်စုံတော်မူ” ပြီး “ပြင်းထန်သောစွမ်းအင် အလျှံပယ်၊” [ကဘ] ပိုင်ဆိုင်တော်မူ၏။ (ဟေရှာယ ၄၀:၂၆) ကိုယ်တော်သည် မကုန်မခန်းနိုင်သော အစွမ်းတန်ခိုး၏ပင်ရင်း ဖြစ်တော်မူသည်။ “တန်ခိုးသည် ဘုရားသခင်ရှိ” သောကြောင့် အဘယ်ပြင်ပစွမ်းအင်ကိုမျှ ကိုယ်တော်မှီခိုအားထားစရာမလိုချေ။ (ဆာလံ ၆၂:၁၁) သို့သော် ယေဟောဝါသည် မိမိ၏တန်ခိုးတော်ကို အဘယ်နည်းဖြင့် အသုံးပြုတော်မူသနည်း။

တန်ခိုးတော်ကို ယေဟောဝါအသုံးပြုပုံ

၇။ ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော်ကား အဘယ်နည်း၊ သမ္မာကျမ်းစာတွင် အသုံးပြုထားသော မူရင်းဘာသာစကားလုံးများက အဘယ်အရာကိုတင်ပြသနည်း။

ယေဟောဝါသည် သန့်ရှင်းသောဝိညာဉ်တော်ကို အကန့်အသတ်မဲ့ သွန်းလောင်းတော်မူ၏။ ၎င်းသည် ဘုရားသခင့်တန်ခိုးတော်၏ စွမ်းဆောင်မှုဖြစ်သည်။ အမှန်မှာ ကမ္ဘာဦး ၁:၂၊ [ကဘ] တွင် သမ္မာကျမ်းစာက ၎င်းကို ဘုရားသခင်၏ “လှုပ်ရှားသောစွမ်းအား” ဟုရည်ညွှန်းဖော်ပြထားသည်။ “ဝိညာဉ်တော်” ဟုပြန်ဆိုထားသော မူရင်းဟေဗြဲနှင့် ဂရိစကားလုံးများကို အခြားစကားစပ်များတွင် “လေ၊” “ထွက်သက်ဝင်သက်” နှင့် “လေပြေလေညင်း” ဟူ၍ဘာသာပြန်ဆိုထားသည်။ မူရင်းဘာသာမှစကားလုံးများက မျက်မြင်မရသောစွမ်းအားကို ဆိုလိုကြောင်း အဘိဓာန်ပြုစုသူတို့ကဆိုသည်။ လေကဲ့သို့ပင် ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်ကို ကျွန်ုပ်တို့ မျက်စိဖြင့်မမြင်နိုင်ချေ၊ သို့သော် ယင်း၏သက်ရောက်မှုသည် အမှန်တကယ်ရှိကာ သိမြင်နိုင်သည်။

၈။ သမ္မာကျမ်းစာတွင် ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်ကို အဘယ်အရာဖြင့် တင်စားခေါ်ဆိုထားသနည်း၊ ဤနှိုင်းယှဉ်ချက်များသည် အဘယ်ကြောင့်ဆီလျော်သနည်း။

ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်ကို နည်းအမျိုးမျိုးဖြင့် စွယ်စုံအသုံးပြုနိုင်သည်။ ယေဟောဝါရည်ရွယ်တော်မူသမျှကို အကောင်အထည်ဖော်ရန် ၎င်းကို အသုံးပြုနိုင်တော်မူ၏။ သို့ဖြစ်၍ သမ္မာကျမ်းစာတွင် ဘုရားသခင့်ဝိညာဉ်တော်ကို ကိုယ်တော်၏ “လက်ညှိုးတော်၊” ကိုယ်တော်၏ “အားကြီးသောလက်ရုံးတော်” ဟု တင်စားအသုံးပြုဖော်ပြခြင်းမှာ ဆီလျော်ပေသည်။ (လုကာ ၁၁:၂၀; တရားဟောရာ ၅:၁၅; ဆာလံ ၈:၃) လူတစ်ဦးသည် မိမိလက်ဖြင့် အစွမ်းခွန်အား သို့မဟုတ် သိမ်မွေ့မှုကို အတိုင်းအတာမျိုးမျိုးအထိ လုပ်ငန်းဆောင်တာမြောက်မြားစွာကို လုပ်ဆောင်နိုင်သကဲ့သို့ပင် ဘုရားသခင်သည် အလွန့်အလွန်သေးငယ်သော အက်တမ်ကိုပြုလုပ်ခြင်း၊ ပင်လယ်နီနှစ်ခြမ်းကွဲစေခြင်း သို့မဟုတ် ပထမရာစုရှိ ခရစ်ယာန်များအား တိုင်းတစ်ပါးဘာသာစကားများ ပြောဆိုစေခြင်းကဲ့သို့သော မည်သည့်ရည်ရွယ်ချက်ကိုမဆို ပြီးမြောက်စေရန် ဝိညာဉ်တော်ကိုအသုံးပြုနိုင်သည်။

၉။ ယေဟောဝါ၏အစိုးရခြင်းတန်ခိုးအာဏာသည် အဘယ်အတိုင်းအတာအထိ လွှမ်းမိုးသနည်း။

ယေဟောဝါသည် စကြဝဠာပိုင်သအုပ်စိုးရှင်အနေနှင့် မိမိ၏အခွင့်အာဏာအားဖြင့် တန်ခိုးတော်ကို အသုံးပြုတော်မူ၏။ သင်၏အမိန့်ကိုဆောင်ရွက်လိုသည့် အသိဉာဏ်ကြွယ်ဝ၍ အစွမ်းအစရှိ လက်အောက်ခံငယ်သား သန်းကုဋေပေါင်းများစွာ သင်၌ရှိသည်ဟု စိတ်ကူးကြည့်နိုင်ပါသလော။ ယေဟောဝါ၌ ထိုသို့သောအစိုးရခြင်း တန်ခိုးအာဏာရှိတော်မူသည်။ သမ္မာကျမ်းစာတွင် တပ်မဟာတစ်ခုနှင့် နှိုင်းလေ့ရှိသော လူသားကျေးကျွန်များ ကိုယ်တော်၌ရှိ၏။ (ဆာလံ ၆၈:၁၁; ၁၁၀:၃) သို့သော် ကောင်းကင်တမန်တစ်ပါးနှင့် နှိုင်းယှဉ်ပါက လူသည် အားနွဲ့သူသာဖြစ်၏။ အကြောင်းမှာ အာရှုရိစစ်တပ်သည် ဘုရားသခင့်လူမျိုးကို လာရောက်တိုက်ခိုက်သောအခါ ကောင်းကင်တမန်တစ်ပါးတည်းကပင် စစ်သားပေါင်း ၁၈၅,၀၀၀ ကို ညတွင်းချင်း အဆုံးစီရင်ခဲ့သည်တကား! (၄ ဓမ္မရာဇဝင် ၁၉:၃၅) ဘုရားသခင့်ကောင်းကင်တမန်များသည် “တန်ခိုးကြီး” ၏။—ဆာလံ ၁၀၃:၁၉၊ ၂၀

၁၀။ (က) အနန္တတန်ခိုးရှင်အား ဗိုလ်ခြေတို့၏အရှင်ယေဟောဝါဟု အဘယ်ကြောင့်ခေါ်ဆိုသနည်း။ (ခ) ယေဟောဝါဖန်ဆင်းထားသမျှတွင် မည်သူသည် တန်ခိုးအကြီးမားဆုံးဖြစ်သနည်း။

၁၀ ကောင်းကင်တမန် မည်မျှရှိသနည်း။ ယေဟောဝါ၏ပလ္လင်တော်ရှေ့၌ သန်းပေါင်းတစ်ရာကျော်သော နာမ်ဝိညာဉ်သတ္တဝါများ ခစားနေခြင်းကို ရူပါရုံတစ်ခုတွင် ပရောဖက်ဒံယေလတွေ့မြင်ခဲ့သော်လည်း ဖန်ဆင်းထားသောကောင်းကင်တမန်အလုံးအရင်းကို တွေ့မြင်ခဲ့သည်ဟု ဖော်ပြမထားချေ။ (ဒံယေလ ၇:၁၀) သို့ဖြစ်၍ ကောင်းကင်တမန် သန်းကုဋေပေါင်းရာနှင့်ချီရှိပေမည်။ ထို့ကြောင့် ဘုရားသခင်ကို ဗိုလ်ခြေတို့၏အရှင်ယေဟောဝါဟု ခေါ်ဆိုထားခြင်းဖြစ်သည်။ ဤဘွဲ့နာမက အတိုင်းမသိများပြား၍ စည်းစနစ်တကျ ဖွဲ့စည်းထားသည့် တန်ခိုးကြီးမားသောကောင်းကင်တမန်များ၏ ဗိုလ်ချုပ်ဖြစ်သည့် ကိုယ်တော်၏တန်ခိုးကြီးမားလှသော ရာထူးကိုဖော်ပြသည်။ ကိုယ်တော်သည် ဤနာမ်ဝိညာဉ်သတ္တဝါအားလုံးအထက်တွင် ‘ဝေနေယျသတ္တဝါအပေါင်းတို့မှ သားဦး’ ဖြစ်သော မိမိ၏ချစ်လှစွာသောသားကို တာဝန်ခံဦးစီးအဖြစ် ခန့်ထားတော်မူပြီ။ (ကောလောသဲ ၁:၁၅) ယေရှုသည် ကောင်းကင်တမန်များ၊ သရပ်များ၊ ခေရုဗိမ်များအားလုံးတို့၏ အကြီးအမှူး၊ ကောင်းကင်တမန်မင်းဖြစ်ရာ ယေဟောဝါဖန်ဆင်းထားသမျှတွင် တန်ခိုးအကြီးမားဆုံးပုဂ္ဂိုလ်ဖြစ်သည်။

၁၁၊ ၁၂။ (က) ဘုရားသခင့်စကားတော်သည် အဘယ်နည်းလမ်းများဖြင့် တန်ခိုးသက်ရောက်သနည်း။ (ခ) ယေဟောဝါတန်ခိုးတော်၏ အတိုင်းအတာကို ယေရှု မည်သို့သက်သေထူသနည်း။

၁၁ တန်ခိုးတော်ကို ယေဟောဝါအသုံးပြုနိုင်သည့် အခြားနည်းတစ်နည်းရှိသေးသည်။ ဟေဗြဲ ၄:၁၂ ကဤသို့ဆိုသည်– ‘ဘုရားသခင်၏နှုတ်ကပါဌ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်းနှင့်ပြည့်စုံသည်။’ သမ္မာကျမ်းစာ၏ ဆန်းကြယ်သောတန်ခိုးတော်၊ ယခုကျမ်းစာတွင် ပြုစုထားသည့် ဝိညာဉ်တော်မှုတ်သွင်းခြင်းအားဖြင့် ရေးသားထားသောသတင်းများကို သင်သတိပြုမိသလော။ သမ္မာကျမ်းစာသည် ကျွန်ုပ်တို့ကို ခွန်အားပေးနိုင်ပြီး ယုံကြည်ခြင်းတည်ဆောက်ပေးကာ ကျွန်ုပ်တို့ဘဝတွင် တကယ့်ပြောင်းလဲမှုကြီးများကို ပြုလုပ်စေနိုင်သည်။ တမန်တော်ပေါလုက အလွန်အကျင့်ယိုယွင်းသောဘဝပုံစံမျိုး၌ ကျင်လည်နေသူတို့နှင့်မပေါင်းသင်းရန် ယုံကြည်သူချင်းတို့ကို သတိပေးခဲ့သည်။ ထို့နောက် သူကဤသို့ထပ်ဆင့်ပြောသည်– ‘သင်တို့တွင် အချို့သောသူတို့သည် ထိုသို့သောသူဖြစ်ခဲ့ကြသည်။’ (၁ ကောရိန္သု ၆:၉-၁၁) မှန်ပါသည်၊ ‘ဘုရားသခင်၏စကားတော်သည်’ သူတို့အပေါ် တန်ခိုးသက်ရောက်ခဲ့ရာ သူတို့ကို ပြောင်းလဲအောင်ကူညီပေးခဲ့သည်။

၁၂ ယေဟောဝါ၏တန်ခိုးတော်သည် အလွန်ကြီးမားပြီး ကိုယ်တော်၏တန်ခိုးသက်ရောက်ပုံမှာ လွန်စွာထိရောက်လွန်းရကား အဘယ်အရာကမျှ ကိုယ်တော်ကိုမဟန့်တားနိုင်ချေ။ ယေရှုက ဤသို့မိန့်တော်မူခဲ့သည်– “ဘုရားသခင်သည် ခပ်သိမ်းသောအမှုကိုတတ်နိုင်သည်။” (မဿဲ ၁၉:၂၆) ယေဟောဝါသည် ကိုယ်တော်၏တန်ခိုးကို အဘယ်ရည်ရွယ်ချက်များအတွက် ညွှန်ကြားအသုံးပြုတော်မူသနည်း။

ရည်ရွယ်တော်မူချက်ဖြင့် စီရင်သောတန်ခိုးတော်

၁၃၊ ၁၄။ (က) ယေဟောဝါသည် ပုဂ္ဂိုလ်မဟုတ်သောတန်ခိုးရင်းမြစ်မျှ မဟုတ်ကြောင်း ကျွန်ုပ်တို့ အဘယ်ကြောင့်ဆိုနိုင်သနည်း။ (ခ) ယေဟောဝါသည် အဘယ်နည်းလမ်းများဖြင့် မိမိတန်ခိုးတော်ကိုအသုံးပြုသနည်း။

၁၃ ယေဟောဝါ၏ဝိညာဉ်တော်သည် မည်သည့်ရူပစွမ်းအားထက်မဆို သာ၍ကြီးမားမြင့်မြတ်သည်; ထို့ပြင် ယေဟောဝါသည် ပုဂ္ဂိုလ်မဟုတ်သော စွမ်းအား၊ တန်ခိုးစွမ်းအင်၏ရင်းမြစ်မျှသာ မဟုတ်ချေ။ ကိုယ်တော်သည် မိမိ၏ကိုယ်ပိုင်တန်ခိုးတော်ကို အပြည့်အဝထိန်းချုပ်သော ပုဂ္ဂိုလ်တစ်ပါးဖြစ်တော်မူ၏။ သို့သော် ၎င်းကိုအသုံးပြုရန် ကိုယ်တော့်အား အဘယ်အရာကလှုံ့ဆော်ပေးသနည်း။

၁၄ ကျွန်ုပ်တို့သိမြင်ကြရမည့်အတိုင်း ဘုရားသခင်သည် တန်ခိုးတော်ကို ဖန်ဆင်းခြင်း၊ ဖျက်ဆီးခြင်း၊ ကာကွယ်ပေးခြင်း၊ ပြန်လည်ထူထောင်ပေးခြင်းတွင် အသုံးပြုတော်မူသည်၊ အချုပ်အားဖြင့် ကိုယ်တော်၏ စုံလင်တော်မူသောရည်ရွယ်ချက်နှင့် ကိုက်ညီစွာ အသုံးပြုတော်မူသည်။ (ဟေရှာယ ၄၆:၁၀) အချို့အဖြစ်အပျက်များတွင် ယေဟောဝါသည် တန်ခိုးတော်ကို အသုံးပြုပြီး မိမိ၏ကိုယ်ရည်ကိုယ်သွေးနှင့် စံနှုန်းများ၏ အရေးပါသောအသွင်အပြင်များကို ဖော်ပြတော်မူ၏။ ထိုထက်မက အလိုတော်ပြည့်စုံစေရန် တန်ခိုးတော်ကိုညွှန်ကြား၏၊ မေရှိယနိုင်ငံတော်အားဖြင့် ကိုယ်တော်၏ပိုင်သအုပ်စိုးမှုကို အပြစ်တင်ခွင့်ကင်းစေရန်နှင့် ကိုယ်တော်၏သန့်ရှင်းသောနာမတော်ကို ရိုသေလေးမြတ်ခြင်းရှိစေရန် တန်ခိုးတော်ကိုအသုံးပြုတော်မူသည်။ ထိုရည်ရွယ်ချက်မပြည့်စုံစေရန် အဘယ်အရာကမျှ ဟန့်တားနိုင်မည်မဟုတ်ချေ။

၁၅။ ယေဟောဝါသည် မိမိ၏ကျေးကျွန်များနှင့်စပ်လျဉ်း၍ အဘယ်ရည်ရွယ်ချက်အတွက် တန်ခိုးတော်ကို အသုံးပြုသနည်း၊ ၎င်းသည် ဧလိယ၏အဖြစ်အပျက်တွင် မည်သို့ထင်ရှားသနည်း။

၁၅ ယေဟောဝါသည် ကျွန်ုပ်တို့တစ်ဦးချင်းစီ၏ အကျိုးအတွက်လည်း တန်ခိုးတော်ကိုအသုံးပြုတော်မူ၏။ ၂ ရာဇဝင်ချုပ် ၁၆:၉ [ကဘ] ၏ဖော်ပြထားချက်ကို သတိပြုပါ– “ယေဟောဝါဘက်တော်သို့ စုံလင်သောစိတ်ရှိသူတို့အဖို့ တန်ခိုးပြခြင်းငှာ မြေကြီးတစ်ပြင်လုံးကို အနှံ့အပြားကြည့်ရှုလျက်ရှိတော်မူ၏။” အစတွင် ဖော်ပြထားသော ဧလိယ၏တွေ့ကြုံမှုသည် ပုံနမူနာတစ်ရပ်ဖြစ်သည်။ ဘုရားသခင့်တန်ခိုးတော်၏ ကြောက်ရွံ့ထိတ်လန့်ဖွယ် သရုပ်ဖော်ပြချက်ကို သူ့အား ယေဟောဝါ အဘယ်ကြောင့်ပြခဲ့သနည်း။ အကြောင်းမှာ မိဖုရားဆိုးယေဇဗေလသည် ဧလိယကိုသတ်ပစ်ရန် အဓိဋ္ဌာန်ပြုခဲ့၏။ ထိုပရောဖက်သည် အသက်ချမ်းသာရရန် ထွက်ပြေးနေခဲ့ရသည်။ သူတစ်ဦးတည်းရှိတော့သည်ဟု ခံစားမိပြီး ကြောက်ရွံ့ကာ မိမိကြိုးပမ်းခဲ့သမျှ အရာမထင်ဘိသကဲ့သို့ စိတ်ပျက်အားလျော့နေ၏။ ဤသို့စိတ်အနှောင့်အယှက်ဖြစ်နေသူကို နှစ်သိမ့်ပေးရန် ယေဟောဝါသည် ဧလိယအား ဘုရားသခင့်တန်ခိုးတော်နှင့်စပ်လျဉ်း၍ အထင်းသား သတိရစေခဲ့သည်။ လေတိုက်ခြင်း၊ မြေငလျင်လှုပ်ခြင်းနှင့် မီးလောင်ခြင်းတို့က စကြဝဠာတွင်တန်ခိုးအရှိဆုံးပုဂ္ဂိုလ်သည် ဧလိယနှင့်အတူရှိကြောင်း ဖော်ပြခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် ဧလိယဘက်၌ရှိရာ ယေဇဗေလကို သူကြောက်ရွံ့စရာ အဘယ်အကြောင်းရှိပါမည်နည်း။—၃ ဓမ္မရာဇဝင် ၁၉:၁-၁၂ *

၁၆။ ယေဟောဝါ၏ကြီးမားသောတန်ခိုးတော်ကို စေ့စေ့အာရုံစိုက်ခြင်းမှ အဘယ်နှစ်သိမ့်မှုရရှိနိုင်သနည်း။

၁၆ ယေဟောဝါအတွက် ယခုသည် အံ့ဖွယ်အမှုများကိုပြုရန် အချိန်မဟုတ်သော်လည်း ကိုယ်တော်သည် ဧလိယခေတ်မှစ၍ ယနေ့တိုင် ပြောင်းလဲတော်မမူခဲ့ချေ။ (၁ ကောရိန္သု ၁၃:၈) ကိုယ်တော်အား ချစ်မြတ်နိုးသူတို့အကျိုးအတွက် တန်ခိုးတော်ကိုအသုံးပြုရန် ယနေ့တွင်လည်းထပ်တူပင် ထက်သန်တော်မူ၏။ ကိုယ်တော်သည် မြင့်မြတ်သောနာမ်ဝိညာဉ်ဘုံ၌ ကျိန်းဝပ်တော်မူသော်လည်း ကျွန်ုပ်တို့နှင့်ဝေးကွာနေတော်မမူချေ။ ကိုယ်တော်၏တန်ခိုးတော်သည် အကန့်အသတ်မဲ့ဖြစ်ရကား အလွန်ကွာဝေးခြင်းသည် အတားအဆီးမဟုတ်ချေ။ ယင်းအစား ‘ထာဝရဘုရားသည် ဆုတောင်းသောသူအပေါင်းတို့၏အနီးအပါး၌ ရှိတော်မူ၏။’ (ဆာလံ ၁၄၅:၁၈) တစ်ခါက ပရောဖက်ဒံယေလသည် ယေဟောဝါအား အကူအညီတောင်းခံခဲ့သောအခါ သူ၏ဆုတောင်းချက်မပြီးဆုံးမီပင် ကောင်းကင်တမန်တစ်ပါး သူ့ရှေ့ပေါ်လာခဲ့၏! (ဒံယေလ ၉:၂၀-၂၃) ကိုယ်တော်ချစ်မြတ်နိုးသူတို့အား ယေဟောဝါကူညီပေးရန်နှင့် ခွန်အားပေးရန် အဘယ်အရာကမျှ မတားဆီးနိုင်ချေ။—ဆာလံ ၁၁၈:၆

ဘုရားသခင့်တန်ခိုးတော်က ကိုယ်တော်ထံမချဉ်းကပ်နိုင်အောင် ဖြစ်စေသလော

၁၇။ ဘုရားသခင့်တန်ခိုးတော်သည် အဘယ်သဘောမျိုးဖြင့် ကြောက်ရွံ့ခြင်းရှိစေသနည်း၊ သို့သော် အဘယ်ကြောက်ရွံ့ခြင်းမျိုးကိုမူ မဖြစ်ပေါ်စေသနည်း။

၁၇ ဘုရားသခင့်တန်ခိုးတော်ကြောင့် ကိုယ်တော်အား ကျွန်ုပ်တို့ကြောက်ရွံ့ရမည်လော။ ကြောက်ရွံ့ရမည်ဟူ၍ဖြေဆိုရသကဲ့သို့ မကြောက်သင့်ပါဟူ၍လည်း ဖြေဆိုရပေမည်။ ကိုယ်တော်အားကြောက်ရွံ့ခြင်း ဂုဏ်ရည်တော်သည် ဘုရားသခင့်ရေးရာကြောက်ရွံ့ခြင်းရှိစေ၍ ရှေ့အခန်းတွင် အကျဉ်းချုပ်ဆွေးနွေးတင်ပြခဲ့သည့်အတိုင်း ကိုယ်တော်အား လေးနက်စွာရိုသေခန့်ညား ကိုင်းရှိုင်းစေသည်။ ထိုသို့သောကြောက်ရွံ့ခြင်းသည် “ပညာ၏အချုပ်အခြာဖြစ်၏” ဟုသမ္မာကျမ်းစာကဖော်ပြသည်။ (ဆာလံ ၁၁၁:၁၀) သို့သော် မကြောက်သင့်ပါဟူ၍လည်း ကျွန်ုပ်တို့ဖြေဆိုရခြင်းမှာ ဘုရားသခင့်တန်ခိုးတော်က ကိုယ်တော့်အား အလွန်ထိတ်လန့်ကြောက်ရွံ့ရန်၊ ကိုယ်တော့်ထံမှ ရှောင်ခွာနေရန် အကြောင်းမရှိစေသောကြောင့်ဖြစ်သည်။

၁၈။ (က) တန်ခိုးအာဏာရှိသူတို့ကို လူအများ အဘယ်ကြောင့် အယုံအကြည်မဲ့ကြသနည်း။ (ခ) ယေဟောဝါသည် မိမိတန်ခိုးအာဏာအားဖြင့် ယိုယွင်းပျက်ပြားမှုမရှိနိုင်ကြောင်း မည်သို့သိရှိရသနည်း။

၁၈ “တန်ခိုးအာဏာသည် ယိုယွင်းပျက်ပြားစေပြီး အကြွင်းမဲ့တန်ခိုးအာဏာသည် အကြွင်းမဲ့ယိုယွင်းပျက်ပြားစေသည်” ဟုအင်္ဂလိပ်သမိုင်းဆရာတစ်ဦးဖြစ်သော လော့ဒ် အက်တန်က ၁၈၈၇ ခုနှစ်တွင်ရေးသားခဲ့၏။ သူ၏စကားသည် ငြင်းဆိုစရာမရှိအောင် မှန်ကန်၏ဟု လူအများယူဆကြသဖြင့် ၎င်းကို အကြိမ်ကြိမ်ကိုးကားအသုံးပြုကြသည်။ မစုံလင်သူလူသားများသည် တန်ခိုးအာဏာကို အလွဲသုံးစားပြုလေ့ရှိကြောင်း သမိုင်းက ထပ်တလဲလဲထောက်ခံ၏။ (ဒေသနာ ၄:၁; ၈:၉) ထို့ကြောင့် လူအများသည် တန်ခိုးအာဏာရှိသူတို့ကို အယုံအကြည်မဲ့ကြပြီး သူတို့ထံမှဆုတ်ခွာသွားလေ့ရှိ၏။ ယေဟောဝါ၌လည်း အကြွင်းမဲ့တန်ခိုးအာဏာရှိတော်မူသည်။ သို့သော် ယင်းက ကိုယ်တော်အား တစ်နည်းနည်းဖြင့် ယိုယွင်းပျက်ပြားစေခဲ့ပါသလော။ ဝေးလေစွ! ကျွန်ုပ်တို့တွေ့ရှိခဲ့ပြီးသည့်အတိုင်း ကိုယ်တော်သည် သန့်ရှင်းတော်မူပြီး ယိုယွင်းပျက်ပြားခြင်း လုံးဝမရှိနိုင်ချေ။ ယေဟောဝါသည် ဤယိုယွင်းပျက်ပြားသောလောကမှ တန်ခိုးအာဏာရှိ မစုံလင်သူအမျိုးသား၊ အမျိုးသမီးတို့နှင့် လုံးဝမတူပေ။ ကိုယ်တော်သည် တန်ခိုးတော်ကို တစ်ခါမျှအလွဲသုံးစားမပြုဖူးသကဲ့သို့ ဘယ်သောအခါမျှလည်း အလွဲသုံးစားပြုမည်မဟုတ်ချေ။

၁၉၊ ၂၀။ (က) ယေဟောဝါသည် အခြားမည်သည့်အရည်အသွေးများနှင့်ညီညွတ်စွာ မိမိ၏တန်ခိုးတော်ကို အမြဲကျင့်သုံးတော်မူခဲ့သနည်း၊ ယင်းက အဘယ်ကြောင့် အားရှိစရာဖြစ်သနည်း။ (ခ) ယေဟောဝါ၏ချုပ်တည်းမှုကို သင်မည်သို့ သရုပ်ဖော်နိုင်မည်နည်း၊ ယင်းက သင့်အတွက် အဘယ်ကြောင့် ဆွဲဆောင်မှုဖြစ်သနည်း။

၁၉ တန်ခိုးသည် ယေဟောဝါ၏တစ်ခုတည်းသော ဂုဏ်ရည်တော်မဟုတ်ကြောင်း သတိရပါ။ ကိုယ်တော်၏တရားမျှတမှု၊ ဉာဏ်ပညာတော်နှင့် ချစ်ခြင်းမေတ္တာတို့ကို ကျွန်ုပ်တို့ ဆည်းပူးလေ့လာရန်လိုသေးသည်။ သို့သော် ယေဟောဝါသည် ကိုယ်တော်၏ဂုဏ်ရည်တော်များကို တစ်ကြိမ်လျှင်တစ်ခု ကျင့်သုံးသည့်အလား ၎င်းတို့ကို တင်းတင်းကျပ်ကျပ် စက်ရုပ်ပမာတင်ပြလိမ့်မည်ဟု ကျွန်ုပ်တို့ မယူမှတ်သင့်ချေ။ ယင်းအစား ယေဟောဝါသည် မိမိ၏တန်ခိုးတော်ကို ကိုယ်တော်၏တရားမျှတမှု၊ ဉာဏ်ပညာတော်၊ ချစ်ခြင်းမေတ္တာနှင့်ညီညွတ်စွာ အမြဲပင်ကျင့်သုံးသွားလေ့ရှိကြောင်း နောက်ဆက်တွဲအခန်းများတွင် တွေ့ရှိကြရလိမ့်မည်။ ဘုရားသခင်ပိုင်ဆိုင်တော်မူသော အခြားအရည်အသွေးတစ်ခုကို စဉ်းစားကြည့်ပါ၊ ၎င်းကား လောကအုပ်စိုးရှင်များ၌ တွေ့ရခဲသော ကိုယ့်ကိုယ်ကိုချုပ်တည်းခြင်းဖြစ်သည်။

၂၀ သင်သည် ကိုယ်ခန္ဓာအလွန်ကြီးမား၍ ခွန်အားရှိသူတစ်ဦးနှင့် တွေ့ဆုံသဖြင့် ထိတ်လန့်တုန်လှုပ်မိသည်ဆိုပါစို့။ သို့သော် အတန်ကြာသော် ထိုသူသည် အလွန်နူးညံ့သိမ်မွေ့သူဖြစ်ပုံရကြောင်း သတိပြုမိမည်။ ထိုသူသည် လူတို့ကို၊ အထူးသဖြင့် ခုခံနိုင်စွမ်းမရှိသူနှင့် အားနွဲ့သူတို့ကို စောင့်မကူညီပေးရန် မိမိ၏အစွမ်းကိုအသုံးပြုဖို့ အမြဲအသင့်ရှိသူဖြစ်သည်။ သူ၏ခွန်အားကို ဘယ်သောအခါမျှ အလွဲသုံးစားမပြုချေ။ သူ့ကိုအကြောင်းမဲ့ ပြစ်တင်ရှုတ်ချကြသော်လည်း သူသည် ကိုယ်နှုတ်အမူအရာ တည်ငြိမ်အေးဆေး၍ ဂုဏ်သိက္ခာရှိရုံမက သနားကြင်နာကြောင်း တွေ့ရှိပေမည်။ အထူးသဖြင့် သင်ကိုယ်တိုင်သည် ထိုပုဂ္ဂိုလ်နည်းတူ သန်စွမ်းမည်ဆိုလျှင် ထပ်တူနူးညံ့သိမ်မွေ့မှု၊ ချုပ်တည်းမှု တင်ပြနိုင်လိမ့်မည်လောဟု သင့်ကိုသင်မေးမြန်းမိပေမည်! ထိုသို့သောသူတစ်ဦးကို သင်သိကျွမ်းလာလေ သူ့ထံဆွဲဆောင်ခံရမည် မဟုတ်ပေလော။ အဆုံးမဲ့တန်ခိုးရှင်ယေဟောဝါထံ ဆွဲဆောင်ခံရရန် အကြောင်းပိုများပါသည်။ ဤအခန်း၏ခေါင်းစဉ်အတွက် အခြေခံသည့် ဝါကျတစ်ကြောင်းလုံးကို သုံးသပ်ကြည့်ပါ– “ယေဟောဝါသည် အမျက်ထွက်နှေး၍ တန်ခိုးကြီးတော်မူ၏။” (နာဟုံ ၁:၃ကဘ) ယေဟောဝါသည် လူဆိုးတို့ကိုပင် ထိခိုက်နစ်နာစေရန် မိမိ၏တန်ခိုးတော်ကို လူများအပေါ် အလျင်အမြန်အသုံးမပြုချေ။ ကိုယ်တော်သည် နူးညံ့သိမ်မွေ့၍ သနားကြင်နာတော်မူ၏။ ကြိမ်ဖန်များစွာ အမျက်နှိုးဆွခံရငြား “အမျက်ထွက်နှေး” ကြောင်း ကိုယ်တော်သက်သေထူခဲ့ပြီ။—ဆာလံ ၇၈:၃၇-၄၁

၂၁။ ယေဟောဝါသည် အလိုတော်ကိုဆောင်ရွက်ရန် အဘယ်ကြောင့် အတင်းအကျပ်စေခိုင်းခြင်းမပြုသနည်း၊ ယင်းက ကိုယ်တော့်အကြောင်း အဘယ်အရာသိရှိစေသနည်း။

၂၁ ယေဟောဝါ၏ချုပ်တည်းမှုကို သီးခြားရှုထောင့်မှ သုံးသပ်ကြည့်ပါ။ သင်၌ အကန့်အသတ်မဲ့တန်ခိုးရှိလျှင် တစ်ခါတစ်ရံ လူတို့ကို သင့်နည်းလမ်းအတိုင်း လုပ်ဆောင်စေလိုမည်လော။ တန်ခိုးအပြည့်အစုံရှိ ယေဟောဝါပင် မိမိအား လူတို့ကိုးကွယ်ရန် နိုင်လိုမင်းထက်မပြုချေ။ ယေဟောဝါကို ဝတ်ပြုကိုးကွယ်ခြင်းသည် ထာဝရအသက်ရရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သော်လည်း ထိုသို့ပြုရန် ကိုယ်တော်အတင်းအကျပ်မတောင်းဆိုပေ။ ယင်းအစား လူတိုင်းကို သိက္ခာရှိရှိဖြင့် လွတ်လပ်စွာရွေးချယ်စေသည်။ ပညာမဲ့စွာရွေးချယ်ခြင်း၏အကျိုးဆက်များကို သိရှိစေတော်မူပြီး ပညာရှိစွာရွေးချယ်ခြင်း၏ဆုကျေးဇူးများကိုလည်း ဖော်ပြသည်။ သို့သော် ကျွန်ုပ်တို့ကိုယ်နှိုက်အား ရွေးချယ်မှုပြုစေသည်။ (တရားဟောရာ ၃၀:၁၉၊ ၂၀) အတင်းအကျပ်စေခိုင်းခြင်းကြောင့်၊ သို့မဟုတ် ကိုယ်တော်၏စိုးရွံ့ဖွယ်တန်ခိုးတော်ကို ထိတ်လန့်ကြောက်ရွံ့ခြင်းကြောင့် အမှုတော်ဆောင်ရွက်ခြင်းကို ယေဟောဝါအလိုရှိတော်မမူချေ။ မေတ္တာဖြင့် တလိုတလား အမှုတော်ဆောင်ရွက်သူတို့ကို ကိုယ်တော်နှစ်သက်တော်မူ၏။—၂ ကောရိန္သု ၉:၇

၂၂၊ ၂၃။ (က) ယေဟောဝါသည် အခြားသူတို့အား တလိုတလား အခွင့်အာဏာပေးအပ်လိုကြောင်း အဘယ်အရာကဖော်ပြသနည်း။ (ခ) နောက်အခန်းတွင် အဘယ်အကြောင်းကို ကျွန်ုပ်တို့ သုံးသပ်ကြမည်နည်း။

၂၂ အနန္တတန်ခိုးရှင်ဘုရားသခင်ကို အဘယ်ကြောင့်ထိတ်လန့်နေစရာမလိုကြောင်း နောက်ဆုံးအကြောင်းတစ်ခုကို ကျွန်ုပ်တို့သုံးသပ်ကြည့်ကြပါစို့။ တန်ခိုးအာဏာရှိသူတို့သည် အခြားသူများအား အခွင့်အာဏာ မဝေမျှပေးဝံ့ချေ။ သို့သော် ယေဟောဝါမူကား သစ္စာရှိဝတ်ပြုကိုးကွယ်သူတို့ကို အခွင့်အာဏာပေးအပ်ရာတွင် ပျော်ရွှင်တော်မူသည်။ ကိုယ်တော်သည် သားတော်ကဲ့သို့သော အခြားသူတို့ကို အခွင့်အာဏာ အတော်အတန်လွှဲအပ်ပေးတော်မူသည်။ (မဿဲ ၂၈:၁၈) ယေဟောဝါသည် အခြားနည်းဖြင့်လည်း မိမိ၏ကျေးကျွန်များကို အခွင့်အာဏာလွှဲအပ်တော်မူ၏။ သမ္မာကျမ်းစာက ဤသို့ရှင်းပြသည်– “အိုထာဝရဘုရား ကိုယ်တော်သည် ဘုန်းတန်ခိုးအာနုဘော်၊ အောင်မြင်ခြင်းအခွင့်၊ အာဏာတော်နှင့်ပြည့်စုံတော်မူ၏။ ကောင်းကင်မြေကြီး၌ ရှိရှိသမျှကို ပိုင်တော်မူ၏။ . . . ခွန်အားအစွမ်းသတ္တိကို ပေးပိုင်တော်မူ၏။ ခပ်သိမ်းသောသူတို့အား ကြီးမြတ်သောအခွင့်နှင့် ခိုင်ခံ့သောအခွင့်ကို ပေးပိုင်တော်မူ၏။”—၁ ရာဇဝင်ချုပ် ၂၉:၁၁၊ ၁၂

၂၃ ယေဟောဝါသည် သင့်အား အစွမ်းခွန်အားပေးရန် အလိုတော်ရှိ၏။ ကိုယ်တော်၏အမှုတော် ထမ်းဆောင်လိုသူများအား “သာမန်ထက်ထူးကဲသော တန်ခိုးတော်” ကိုပင် ပေးအပ်တော်မူ၏။ (၂ ကောရိန္သု ၄:၇ကဘ) တန်ခိုးတော်ကို ဤမျှသနားကြင်နာစွာနှင့် ကျင့်စဉ်မူအရ အသုံးပြုတော်မူသော တန်ခိုးအင်အားကြီးမားသည့် ဘုရားသခင်ထံ သင်ဆွဲဆောင်မခံရပေလော။ နောက်အခန်းတွင် ယေဟောဝါသည် တန်ခိုးတော်ကို ဖန်ဆင်းရာတွင် မည်သို့အသုံးပြုကြောင်း ကျွန်ုပ်တို့အာရုံစူးစိုက် သုံးသပ်ကြမည်။

^ အပိုဒ်၊ 6 ‘အနန္တတန်ခိုးရှင်’ ဟုဘာသာပြန်ဆိုထားသည့် ဂရိစကားလုံး၏စာသားအတိုင်း အဓိပ္ပာယ်မှာ “အရာခပ်သိမ်းကို အုပ်စိုးရှင်; တန်ခိုးအားလုံးပိုင်ဆိုင်သူ” ဖြစ်သည်။

^ အပိုဒ်၊ 15 သမ္မာကျမ်းစာက “ထာဝရဘုရားသည် လေ. . . မြေလှုပ်ခြင်း. . . မီးလည်းရှိတော်မမူ” ဟုဆိုထားသည်။ ဒဏ္ဍာရီဆန်ဆန်သဘာဝဘုရားများကို ကိုးကွယ်သူတို့နှင့်မတူဘဲ ယေဟောဝါ၏ကျေးကျွန်များသည် ကိုယ်တော့်အား သဘာဝအင်အားစုများအတွင်းတွင်ရှိသော အရှင်သခင်အဖြစ် မရှုမြင်ကြပါ။ ကိုယ်တော်သည် မိမိဖန်ဆင်းထားသော အရာတစ်စုံတစ်ခုတွင် ကန့်သတ်ထားရန် ကြီးမြတ်လွန်းလှ၏။—၃ ဓမ္မရာဇဝင် ၈:၂၇