မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၅

ဖန်ဆင်းနိုင်စွမ်းတန်ခိုး—‘ကောင်းကင်၊ မြေကြီးကိုဖန်ဆင်းတော်မူသောအရှင်’

ဖန်ဆင်းနိုင်စွမ်းတန်ခိုး—‘ကောင်းကင်၊ မြေကြီးကိုဖန်ဆင်းတော်မူသောအရှင်’

၁၊ ၂။ ယေဟောဝါ၏ဖန်ဆင်းခြင်းတန်ခိုးတော်ကို နေက မည်သို့သရုပ်ဖော်သနည်း။

အလွန်ချမ်းစိမ့်သောညတစ်ညတွင် မီးလှုံဖူးသလော။ အနွေးဓာတ်ရရန် မီးလျှံမှ သင့်လျော်သောအကွာအဝေးမှ သင့်လက်ကို ဆန့်ထုတ်ပေမည်။ နီးကပ်လွန်းလျှင် အပူရှိန်မှာ မခံရပ်နိုင်အောင် ပူလာပေမည်။ ဝေးလွန်းလျှင်လည်း ညချမ်းလေအေးက တိုးဝင်လာရာ ချမ်းစိမ့်စိမ့်ဖြစ်လာပေမည်။

နေ့အချိန်၌ ကျွန်ုပ်တို့ကို နွေးနွေးထွေးထွေးရှိစေသော “မီးဖိုကြီး” တစ်ခုရှိသည်။ ထို “မီးဖိုကြီး” သည် မိုင်ပေါင်း ၉၃ သန်းခန့်အကွာတွင် တောက်လောင်လျက်ရှိ၏! * ဤမျှလောက်အကွာအဝေးမှ ၎င်း၏အပူရှိန်ကို သင်ခံစားနိုင်ရန် နေသည် စွမ်းအားအလွန်ကြီးမားရပေမည်! သို့တိုင် ကမ္ဘာသည် ၎င်းအံ့ဖွယ် အပူနျူကလီးယားမီးဖိုကြီးကို အနေတော်အကွာအဝေးဖြင့် ပတ်နေသည်။ အလွန်နီးသွားပါက ကမ္ဘာ့ရေထုသည် အခိုးအငွေ့ဖြစ်ကုန်မည်; အလွန်ကွာဝေးသွားပါမူ ရေထုသည် အေးခဲသွားလိမ့်မည်။ နေနှင့် နီးလွန်းလျှင်ဖြစ်စေ၊ ဝေးလွန်းလျှင်ဖြစ်စေ ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်ပေါ်တွင် သက်ရှိများရှင်သန်နိုင်မည်မဟုတ်ပေ။ ကမ္ဘာပေါ် အသက်ရှင်ရန် လိုအပ်သော နေရောင်ခြည်သည် သန့်စင်မှုလည်းရှိပြီး ကောင်းကျိုးဖြစ်ထွန်းစေကာ ကြည်နူးဝမ်းမြောက်စရာလည်းဖြစ်သည်။—ဒေသနာ ၁၁:၇

ယေဟောဝါသည် “နေမှစ၍ အလင်းအိမ်တို့ကို ဖန်ဆင်းတော်မူပြီ”

၃။ နေက အဘယ်အမှန်တရားကို သက်သေထူသနည်း။

သို့သော် လူတို့သည် နေကြောင့် အသက်ရှင်နေကြရသော်လည်း လူအများစုက နေကို ပေါ့ပေါ့တန်တန်သဘောထားကြ၏။ သို့နှင့် နေမှ ကျွန်ုပ်တို့သင်ယူနိုင်စရာများကို သိနားလည်ခြင်းမရှိကြချေ။ သမ္မာကျမ်းစာက ယေဟောဝါအကြောင်း ဤသို့ဆို၏– ကိုယ်တော်သည် “နေမှစ၍ အလင်းအိမ်တို့ကို ဖန်ဆင်းတော်မူပြီ။” (ဆာလံ ၇၄:၁၆) နေသည် ‘ကောင်းကင်၊ မြေကြီးကိုဖန်ဆင်းတော်မူသောအရှင်’ ယေဟောဝါကို ဂုဏ်တင်၏။ (ဆာလံ ၁၉:၁; ၁၄၆:၆) ၎င်းသည် ယေဟောဝါ၏ ဧရာမဖန်ဆင်းခြင်းတန်ခိုးတော်အကြောင်း ကျွန်ုပ်တို့အားသိရှိစေသည့် မရေမတွက်နိုင်သော ကောင်းကင်တန်ဆာများထဲမှ တစ်ခုမျှသာဖြစ်သည်။ ၎င်းတို့ထဲမှအချို့ကို အနီးကပ်လေ့လာကြပြီးနောက် ကမ္ဘာမြေနှင့် ကမ္ဘာမြေပေါ်မှ သက်ရှိအချို့ကို ကျွန်ုပ်တို့အာရုံစူးစိုက်ကြည့်ကြပါစို့။

“အထက်သို့ မျှော်ကြည့်ကြလော့”

၄၊ ၅။ နေသည် စွမ်းအားမည်မျှရှိ၍ မည်မျှကြီးမားသနည်း၊ သို့တိုင် အခြားကြယ်များနှင့် ယင်းကိုနှိုင်းယှဉ်က အသို့နည်း။

သင်သိမည်ဖြစ်သည့်အတိုင်း ကျွန်ုပ်တို့၏နေသည် ကြယ်တစ်လုံးဖြစ်သည်။ ၎င်းသည် ညဘက်တွင် ကျွန်ုပ်တို့မြင်ရသောကြယ်များထက် သာ၍ကြီးပုံပေါက်နေခြင်းမှာ အခြားကြယ်တို့နှင့်နှိုင်းယှဉ်ပါက နေသည် ပိုနီးသောကြောင့်ဖြစ်သည်။ ၎င်းသည် စွမ်းအား မည်မျှရှိသနည်း။ ၎င်း၏ဗဟို၌ အပူချိန် ၂၇,၀၀၀,၀၀၀ ဒီဂရီဖာရင်ဟိုက်ခန့်ရှိသည်။ အကယ်၍ သင်သည် နေ၏ဗဟိုချက်မှ ပင်အပ်ထိပ်ဖျားသာသာရှိ အပိုင်းအစတစ်ခုကိုယူပြီး ဤကမ္ဘာမြေပေါ် ထားမည်ဆိုလျှင် ထိုသေးငယ်သောအပူရင်းမြစ်မှ မိုင်ပေါင်း ၉၀ အတွင်း သင်ဘေးကင်းစွာ ရပ်တည်နေနိုင်မည်မဟုတ်ချေ! နေသည် စက္ကန့်တိုင်းတွင် သန်းပေါင်းရာနှင့်ချီသော နျူကလီးယားဗုံးများ ပေါက်ကွဲမှုနှင့်ညီသည့်စွမ်းအင်ကို ထုတ်လွှတ်သည်။

နေသည် အလွန်ကြီးမားလွန်းရကား ၎င်းထဲတွင် ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်အလုံးပေါင်း ၁,၃၀၀,၀၀၀ ကျော်ကို ထည့်သွင်းနိုင်သည်။ နေသည် ထူးထူးခြားခြားကြီးမားသည့် ကြယ်တစ်လုံးလော။ မဟုတ်ပါ၊ နက္ခတ္တဗေဒပညာရှင်များက ၎င်းကို ကြယ်သိမ်ဝါဟုခေါ်ကြသည်။ “ကြယ်တို့၏ဂုဏ်အသရေသည် . . . အသီးသီးအခြားခြားဖြစ်ကြ၏” ဟုတမန်တော်ပေါလုက ရေးသားခဲ့သည်။ (၁ ကောရိန္သု ၁၅:၄၁) ထိုမှုတ်သွင်းခံစကားများသည် မည်မျှမှန်ကန်ကြောင်း သူသိနိုင်ခဲ့မည်မဟုတ်ချေ။ ဧရာမကြယ်ကြီးတစ်လုံးရှိ၏၊ ၎င်းကို နေတည်ရှိရာနေရာ တစ်ထပ်တည်းတွင်ထားပါက ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်သည် ၎င်းအထဲတွင် ရောက်ရှိနေပေမည်။ နောက်ထပ်ဧရာမကြယ်ကြီးတစ်လုံးကို ထိုနေတည်ရှိရာ နေရာ၌ပင်ထားပါမူ ၎င်းသည် စနေဂြိုဟ် (ဆေတန်) အထိနေရာယူသွားပေလိမ့်မည်၊ အမှန်မှာ စနေဂြိုဟ်သည် ကမ္ဘာဂြိုဟ်မှ မည်မျှကွာဝေးသနည်းဟူမူ အားကောင်းသောသေနတ်တစ်လက်မှ ပစ်လိုက်သည့် ကျည်ဆန်နှုန်းထက် အဆ ၄၀ ကျော် မြန်ဆန်သောနှုန်းဖြင့် ခရီးနှင်နေသော အာကာသယာဉ်တစ်စီးသည် လေးနှစ်ကြာမှ စနေဂြိုဟ်သို့ရောက်၏!

၆။ လူ့ ရှုထောင့်မှ ကြယ်များ၏အရေအတွက်သည် များပြားလွန်းကြောင်း သမ္မာကျမ်းစာက မည်သို့ဖော်ပြသနည်း။

ကြယ်များ၏အရွယ်ပမာဏထက် သာ၍အံ့သြမိန်းမောဖွယ်ရာမှာ ၎င်းတို့၏အရေအတွက်ပင် ဖြစ်သည်။ “သမုဒ္ဒရာသဲလုံးတို့ကို” ရေတွက်၍မရနိုင်သကဲ့သို့ ကြယ်များကိုလည်း ရေတွက်၍မရနိုင်ဟု သမ္မာကျမ်းစာက ဖော်ပြသည်။ (ယေရမိ ၃၃:၂၂) ဤဖော်ပြချက်က သာမန်မျက်စိဖြင့်မြင်နိုင်သည်ထက် သာ၍များပြားလွန်းလှသော ကြယ်များရှိသည်ကို နားလည်စေသည်။ ယေရမိကဲ့သို့သော ကျမ်းရေးသူတစ်ဦးသည် ညအချိန်၌ ကောင်းကင်သို့မော့ကြည့်၍ မြင်ရသောကြယ်များကို ရေတွက်ဖို့ကြိုးစားခဲ့ပါမူ သူသည် သုံးထောင် သို့မဟုတ် ထိုမျှလောက်သာ ရေတွက်မိလိမ့်မည်၊ အကြောင်းမှာ တိမ်ကင်းစင်သောညတွင် ပကတိမျက်စိဖြင့် ဤမျှလောက်သာ တွေ့မြင်နိုင်သောကြောင့်တည်း။ ထိုအရေအတွက်သည် နှိုင်းယှဉ်ကြည့်က လက်တစ်ဆုပ်စာသဲတမျှ အရေအတွက်သာဖြစ်၏။ သို့သော် အမှန်မှာကြယ်များ၏အရေအတွက်သည် သမုဒ္ဒရာသဲလုံးတမျှ များပြားလှပေသည်။ * ထိုအရေအတွက်ကို မည်သူရေတွက်နိုင်မည်နည်း။

“အလုံးစုံတို့ကို နာမည်ဖြင့် ခေါ်တော်မူ၏”

၇။ (က) ကျွန်ုပ်တို့၏ မီလ်ကီဝေးဂလက်ဆီတွင် ကြယ်အရေအတွက် မည်မျှရှိသနည်း၊ ယင်းအရေအတွက်သည် မည်မျှများပြားသနည်း။ (ခ) ဂလက်ဆီများကိုရေတွက်ရန် နက္ခတ္တဗေဒပညာရှင်များ အခက်တွေ့ခြင်းကား အဘယ်ဓိပ္ပာယ်ရှိသနည်း၊ ယင်းက ယေဟောဝါ၏ဖန်ဆင်းခြင်းတန်ခိုးနှင့်ပတ်သက်၍ အဘယ်အရာသိစေသနည်း။

ဟေရှာယ ၄၀:၂၆ က ဤသို့ဖြေဆိုသည်– “အထက်သို့ မျှော်ကြည့်ကြလော့။ ထိုအရာတို့ကို အဘယ်သူဖန်ဆင်းသနည်း။ ထိုသူသည် သူတို့အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏။ အလုံးစုံတို့ကို နာမည်ဖြင့်ခေါ်တော်မူ၏။” ဆာလံ ၁၄၇:၄ ကဤသို့ဆိုသည်– “ကြယ်များကိုရေတွက် . . . တော်မူ၏။” ‘ကြယ်များ၏အရေအတွက်’ ကား အဘယ်နည်း။ ယင်းသည် လွယ်ကူရိုးရှင်းသောမေးခွန်းမဟုတ်ချေ။ ကျွန်ုပ်တို့၏ မီလ်ကီဝေးဂလက်ဆီတစ်ခုတည်း၌ပင် ကြယ်ပေါင်းဘီလီယံ ၁၀၀ ကျော်ရှိသည်ဟု နက္ခတ္တဗေဒပညာရှင်များက ခန့်မှန်းကြသည်။ * သို့သော် ကျွန်ုပ်တို့၏ဂလက်ဆီသည် ဂလက်ဆီများစွာထဲမှ တစ်ခုမျှဖြစ်ပြီး ဂလက်ဆီ အများစု၌ သာ၍များသောကြယ်အစုအဝေးများ ပြွတ်သိပ်လျက်ရှိ၏။ ဂလက်ဆီပေါင်း မည်မျှရှိသနည်း။ နက္ခတ္တဗေဒပညာရှင်အချို့က ဘီလီယံ ၅၀ ရှိသည်ဟု ခန့်မှန်းခဲ့ကြသည်။ အခြားသူတို့ကမူ ၁၂၅ ဘီလီယံခန့်ရှိပေမည်ဟု တွက်ချက်ခဲ့ကြ၏။ သို့ဖြစ်၍ လူသည် ဂလက်ဆီအရေအတွက်ကိုပင် မသတ်မှတ်နိုင်ရာ ယင်းတို့တွင်ပါဝင်သည့် ဘီလီယံနှင့်ချီသောကြယ်အားလုံး၏ စုစုပေါင်းအရေအတွက်အတိအကျကို မပြောပြနိုင်ပေ။ သို့တိုင် ယေဟောဝါသည် အဆိုပါအရေအတွက်ကို သိတော်မူ၏။ ထိုထက်မက ကြယ်တစ်လုံးစီကိုယ်နှိုက်ကို အမည်ပေးထားသည်!

၈။ (က) မီလ်ကီဝေးဂလက်ဆီ၏အရွယ်အစားကို သင်မည်သို့ ရှင်းပြမည်နည်း။ (ခ) ယေဟောဝါသည် ကောင်းကင်တန်ဆာများ၏ ရွေ့လျားလည်ပတ်မှုကို အဘယ်နည်းဖြင့် စီစဉ်သနည်း။

ဂလက်ဆီများ၏ အရွယ်အစားပမာဏကို ကျွန်ုပ်တို့ဆင်ခြင်ခြင်းက ကျွန်ုပ်တို့၏ရိုသေခန့်ညားမှု သာ၍သာ တိုးများလာပေမည်။ မီလ်ကီဝေးဂလက်ဆီသည် အချင်းအားဖြင့် အလင်းနှစ် ၁၀၀,၀၀၀ ကျယ်သည်ဟု ခန့်မှန်းရ၏။ တစ်စက္ကန့်လျှင် ၁၈၆,၀၀၀ မိုင်နှုန်းပြေးသည့် အလင်းတန်းတစ်ခုကိုပုံဖော်ကြည့်ပါ။ ကျွန်ုပ်တို့၏ဂလက်ဆီကို ထိုအလင်းဖြတ်သန်းသွားရန် နှစ်ပေါင်း ၁၀၀,၀၀၀ ကြာမြင့်မည်တကား! ဂလက်ဆီအချို့မှာမူ ကျွန်ုပ်တို့ဂလက်ဆီ၏အရွယ်အစားထက် များစွာကြီးမားပေသည်။ ယေဟောဝါသည် အလွန်ကျယ်ပြောသော ဤကောင်းကင်ကို အဝတ်အထည်တမျှဖြစ်ခဲ့သည့်အလား “ကြက်တော်မူ” သည်ဟု သမ္မာကျမ်းစာကဆိုသည်။ (ဆာလံ ၁၀၄:၂) ဤဖန်ဆင်းရာများ၏ ရွေ့လျားလည်ပတ်မှုကိုလည်း ကိုယ်တော်စီစဉ်တော်မူသည်။ ကြယ်များဆိုင်ရာအမှုန် အသေးငယ်ဆုံးမှ အကြီးမားဆုံးဂလက်ဆီအထိ အရာရာတိုင်းသည် ဘုရားသခင် ပုံသေနည်းထုတ်ဖော်၍ လည်ပတ်လှုပ်ရှားစေသည့် ရူပနိယာမများနှင့်အညီ ရွေ့လျားသည်။ (ယောဘ ၃၈:၃၁-၃၃) သို့ဖြင့် သိပ္ပံပညာရှင်များသည် ကောင်းကင်တန်ဆာများ၏ အတိအကျရွေ့လျားမှုကို ဘဲလေးအက၏ အနုစိတ်ကကွက်ဖော်မှုနှင့် ပုံဆောင်ဖော်ပြသည်! သို့ဖြစ်လျှင် ဤအရာများကို ဖန်ဆင်းထားသောအရှင်အား စဉ်းစားကြည့်ပါလေ။ ဤမျှဧရာမဖန်ဆင်းခြင်းတန်ခိုး ရှိတော်မူသည့် ဘုရားသခင်ကို သင်သည် မအံ့သြမမိန်းမောမိပေလော။

‘တန်ခိုးတော်အားဖြင့် မြေကြီးကိုဖန်ဆင်းတော်မူသောအရှင်’

၉၊ ၁၀။ ကျွန်ုပ်တို့၏နေအဖွဲ့အစည်း၊ ကြာသပတေးဂြိုဟ်၊ ကမ္ဘာဂြိုဟ်နှင့် လတို့ကို နေရာချရာတွင် ယေဟောဝါ၏ဖန်ဆင်းခြင်းတန်ခိုးတော် မည်သို့ထင်ရှားသနည်း။

ယေဟောဝါ၏ဖန်ဆင်းခြင်းတန်ခိုးတော်ကို ကျွန်ုပ်တို့၏နေအိမ်၊ ကမ္ဘာမြေကြီးတွင် တွေ့မြင်ရသည်။ ကိုယ်တော်သည် ဤကျယ်ပြောသောစကြဝဠာတွင် ကမ္ဘာမြေကြီးကို ဂရုတစိုက်ကြီးစွာဖြင့် နေရာချထားတော်မူ၏။ ဂလက်ဆီများစွာတွင် သက်ရှိနေထိုင်ရာ ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်မျိုး တည်ရှိနိုင်မည်မဟုတ်ဟု သိပ္ပံပညာရှင်အချို့က ယုံကြည်ကြသည်။ ကျွန်ုပ်တို့မီလ်ကီဝေးဂလက်ဆီ၏ နေရာအများစုသည် သက်ရှိများအတွက် ရည်ရွယ်ထားခြင်းမဟုတ်ကြောင်း ထင်ရှားသည်။ ကျွန်ုပ်တို့ဂလက်ဆီ၏ဗဟိုတွင် ကြယ်ပြွတ်သိပ်နေ၏။ သို့ဖြင့် ဖြာထွက်ရောင်နှုန်းမြင့်မားပြီး ကြယ်များ တိုက်မိလုနီးပါးဖြစ်သည်မှာ ဖြစ်နေကျပင်။ ဂလက်ဆီတစ်ခု၏အစွန်းအဖျားများတွင် သက်ရှိအတွက်အရေးပါသည့် အခြေခံဒြပ်စင်အတော်များများ ကင်းမဲ့သည်။ ကျွန်ုပ်တို့၏နေအဖွဲ့အစည်းသည် ယင်းအစွန်းရောက်မှုအခြေအနေများစပ်ကြား အထူးသင့်တော်သောနေရာတွင် တည်ရှိသည်။

၁၀ ကမ္ဘာဂြိုဟ်သည် ကွာဝေးသောကြာသပတေးဂြိုဟ် (ဂျူပီတာ) မှ အကာအကွယ်ရရှိသည်။ ကမ္ဘာဂြိုဟ်ထက် အဆတစ်ထောင်ကြီးမားသော ကြာသပတေးဂြိုဟ်သည် ဆွဲငင်အားအလွန်များသည်။ ရလဒ်ကား အဘယ်နည်း။ ထိုဆွဲငင်အားက အာကာသတွင် အရှိန်အဟုန်ဖြင့်သွားလာရွေ့လျားသော အရာဝတ္ထုများကိုစုပ်ယူသည် သို့မဟုတ် လွှဲဖယ်ပေးသည်။ ဤဂြိုဟ်ကြောင့်သာမဟုတ်လျှင် ကမ္ဘာဂြိုဟ်သို့ ကြီးမားလေးလံသည့် လွှင့်လာရာများ၏ ကျရောက်နှုန်းသည် လက်ရှိထက်အဆပေါင်း ၁၀,၀၀၀ သာ၍ပြင်းထန်မည်ဖြစ်သည်ဟု သိပ္ပံပညာရှင်များက တွက်ချက်သည်။ ကျွန်ုပ်တို့နေအိမ် ကမ္ဘာဂြိုဟ်၏အနီးအနားတွင်ရှိ ထူးခြားသောဂြိုဟ်ငယ်၊ လ၏အကျိုးကျေးဇူးကို ကျွန်ုပ်တို့ခံစားရ၏။ ဤဂြိုဟ်ငယ်သည် လှပပြီး “ညအလင်းရောင်” ဖြစ်ရုံမက ကမ္ဘာမြေကြီးကို ပုံမှန်တိမ်းစောင်းနေစေသည်။ ဤသို့တိမ်းစောင်းနေခြင်းက ကမ္ဘာမြေရှိသက်ရှိများအတွက် အရေးပါသော တည်မြဲသည့် ခန့်မှန်း၍ရသောရာသီဥတုများကို ဖြစ်ပေါ်စေသည်။

၁၁။ ကမ္ဘာ့လေထုသည် အကာအကွယ်ပေးသောဒိုင်းလွှားပမာ မည်သို့ဖြစ်သနည်း။

၁၁ ယေဟောဝါ၏ဖန်ဆင်းခြင်းတန်ခိုးတော်ကို ကမ္ဘာမြေကြီး၏ဒီဇိုင်း ရှုထောင့်သွင်ပြင်တိုင်းတွင် တွေ့ရှိရသည်။ ဒိုင်းလွှားပမာ အကာအကွယ်ပေးသည့် လေထုကိုသုံးသပ်ကြည့်ပါ။ နေသည် အကျိုးဖြစ်ထွန်းသောရောင်ခြည်များနှင့် သေစေတတ်သောရောင်ခြည်များကိုပါ ထုတ်လွှတ်သည်။ သေစေတတ်သောရောင်ခြည်များသည် ကမ္ဘာမြေကြီး၏အထက်လေထုသို့ ရောက်ရှိသောအခါ ၎င်းတို့က ရိုးရိုးအောက်စီဂျင်ကို အိုဇုန်းသို့ပြောင်းလဲသွားစေသည်။ ဖြစ်ပေါ်လာသောအိုဇုန်းအလွှာက တစ်ဖန် ဤရောင်ခြည်အများစုကို စုပ်ယူလိုက်၏။ သို့ဖြင့် ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်ကို ကာကွယ်မှုပေးသော ကိုယ်ပိုင်အဖုံးအကာရှိရန် ပုံစံရေးဆွဲထားသည်!

၁၂။ လေထုဆိုင်ရာရေသံသရာက ယေဟောဝါ၏ဖန်ဆင်းခြင်းတန်ခိုးတော်ကို မည်သို့သရုပ်ဖော်သနည်း။

၁၂ ၎င်းသည် ကျွန်ုပ်တို့လေထု၏ သွင်ပြင်တစ်ရပ်မျှသာ ဖြစ်သည်၊ ကမ္ဘာ့မြေမျက်နှာပြင်ပေါ်နှင့် အနီးဝန်းကျင်၌နေထိုင်သော သတ္တဝါများ အသက်ရှင်ရန် အထူးသင့်တော်စွာ ပေါင်းစပ်ရောနှောထားသည့် ဓာတ်ငွေ့များဖြစ်သည်။ လေထု၏အံ့ဖွယ်ရာများထဲတွင် ရေသံသရာ ပါဝင်သည်။ နေသည် ကမ္ဘာမြေ၏ပင်လယ်သမုဒ္ဒရာများမှ ရေထု ကုဗမိုင် ၁၀၀,၀၀၀ ကျော်ကို နှစ်စဉ်ရေငွေ့ပျံစေ၏။ ရေထုက တိမ်တိုက်များကို ဖွဲ့စည်းပြီး လေထုမှလေက အဝေးသို့နှင့် နေရာအနှံ့အပြားသို့ ရောက်ရှိသွားစေသည်။ ယခု စစ်ထုတ်၍ သန့်စင်သွားပြီးသည့် ဤရေဖြစ်သော ရေ၊ ဆီးနှင်းနှင့် ရေခဲအဖြစ် မြေပေါ်ပြန်ကျလာကာ ရေထုကို ပြန်လည်ဖြည့်ဆည်းပေးသည်။ ဒေသနာ ၁:၇ ဖော်ပြသကဲ့သို့ပင်ဖြစ်သည်– “ခပ်သိမ်းသောမြစ်တို့သည် ပင်လယ်ထဲသို့ရောက်ကြ၏။ သို့သော်လည်း ပင်လယ်သည်မပြည့်တတ်။ မြစ်ရေသည် စီးထွက်ရာအရပ်သို့ တစ်ဖန်ပြန်သွားတတ်၏။” ယေဟောဝါတစ်ပါးတည်းသာလျှင် ဤသို့သောသံသရာမျိုးကို ဖြစ်ပေါ်စေနိုင်သည်။

၁၃။ ကမ္ဘာ့ပေါက်ပင်များနှင့် မြေကြီးကိုယ်နှိုက်တွင် ဖန်ဆင်းရှင်၏တန်ခိုးတော်ဆိုင်ရာ အဘယ်သာဓကကို တွေ့ရသနည်း။

၁၃ ကျွန်ုပ်တို့သည် မည်သည့်သက်ရှိကိုကြည့်ကြည့် ဖန်ဆင်းခြင်းတန်ခိုးတော်၏ သက်သေသာဓကကို တွေ့မြင်ကြရသည်။ အထပ်ပေါင်း ၃၀ ကျော်သည့် မိုးမျှော်တိုက်ကြီးများထက် သာ၍မြင့်မားသည့် စီကွိုင်ယာပင်ကြီးများမှသည် အဏုကြည့်ကိရိယာဖြင့်သာမြင်နိုင်သော သမုဒ္ဒရာရှိအပင်များအထိသည် ကျွန်ုပ်တို့ရှူရှိုက်နေသော အောက်စီဂျင်အများစုကို ထုတ်လွှတ်ပေးရာ ယေဟောဝါ၏ဖန်ဆင်းခြင်းတန်ခိုးတော် ထင်ရှားသည်။ မြေကြီးထဲတွင်ပင် သက်ရှိများဖြစ်သော ပိုးမွှားများ၊ မှိုများနှင့် အဏုဇီဝရုပ်များ ပြည့်နှက်လျက်ရှိပြီး ၎င်းတို့အားလုံးသည် သစ်ပင်များရှင်သန်ကြီးထွားရန် ရှုပ်ထွေးသောနည်းလမ်းများဖြင့် အတူတကွလုပ်ဆောင်လျက်ရှိ၏။

၁၄။ အလွန်သေးနုပ်သော အက်တမ်တစ်ခု၌ပင် အဘယ်ငုပ်နေသောအစွမ်းရှိသနည်း။

၁၄ ယေဟောဝါသည် ‘တန်ခိုးတော်အားဖြင့် မြေကြီးကိုဖန်ဆင်းတော်မူသောအရှင်’ ဖြစ်ကြောင်း ယုံမှားဖွယ်မရှိချေ။ (ယေရမိ ၁၀:၁၂) ဘုရားသခင့်တန်ခိုးတော်ကို အသေးငယ်ဆုံးဖန်ဆင်းခြင်းလက်ရာများ၌ပင် အထင်အရှားတွေ့ရှိနိုင်သည်။ ဥပမာ၊ အက်တမ်ပေါင်းတစ်သန်းကို ဘေးချင်းယှဉ်ချထားပါမူ လူတစ်ဦး၏ဆံချည်တစ်မျှင်အထူမျှပင် ရှိမည်မဟုတ်ချေ။ အက်တမ်တစ်ခုကို ၁၄ ထပ်မြင့်သောတိုက်တစ်ခုအမြင့်အထိ ချဲ့လိုက်မည်ဆိုလျှင်ပင် ၎င်း၏နျူကလိယခေါ် ဗဟိုဝတ်ဆံသည် ခုနစ်ထပ်တွင်ရှိသော ဆားပွင့်တစ်ပွင့်၏အရွယ်အစားမျှသာ ရှိပေလိမ့်မည်။ သို့တိုင် အတိုင်းထက်အလွန်သေးနုပ်သော အဆိုပါနျူကလိယခေါ် ဗဟိုဝတ်ဆံသည် နျူကလီးယားပေါက်ကွဲမှုတစ်ခုတွင် ထွက်ပေါ်လာသော အံ့မခန်းဖွယ်စွမ်းအား၏ရင်းမြစ်ဖြစ်သည်!

“အသက်ရှူသောသတ္တဝါရှိသမျှ”

၁၅။ ယေဟောဝါသည် သားရဲတိရစ္ဆာန်အမျိုးမျိုးအကြောင်း ဆွေးနွေးခြင်းအားဖြင့် ယောဘကို အဘယ်သင်ခန်းစာပေးခဲ့သနည်း။

၁၅ ယေဟောဝါဖန်ဆင်းခြင်းတန်ခိုးတော်၏ ထင်ရှားသော နောက်ထပ်သက်သေသာဓကတစ်ခုသည် ကမ္ဘာမြေပေါ်ရှိ သက်ရှိသတ္တဝါမြောက်မြားစွာတွင် တည်ရှိသည်။ ဆာလံ ၁၄၈ တွင် ယေဟောဝါအား ချီးမွမ်းသည့်အရာများစွာ၏ အမည်စာရင်းပါသည်၊ အခန်းငယ် ၁၀ တွင် “သားရဲနှင့် သားယဉ်အပေါင်း” ပင်ပါဝင်၏။ လူသည် ဖန်ဆင်းရှင်ကို အဘယ်ကြောင့် ကြောက်ရွံ့သင့်ကြောင်းဖော်ပြရန် ခြင်္သေ့၊ မြင်းကျား၊ နွားရိုင်း၊ ဗေဟမုတ် (သို့မဟုတ် ရေမြင်း) နှင့် လဝိသန် (မိကျောင်းဖြစ်ကြောင်း ထင်ရှား၏) အစရှိသည့် တိရစ္ဆာန်များအကြောင်း ယောဘကို ယေဟောဝါမိန့်တော်မူခဲ့သည်။ ဆိုလိုရင်းကားအဘယ်နည်း။ လူသည် ဤခွန်အားကြီးသော ကြောက်မက်ဖွယ် သားရိုင်းသတ္တဝါများကို ကြောက်ရွံ့ထိတ်လန့်မည်ဆိုလျှင် ဖန်ဆင်းရှင်နှင့်ပတ်သက်၍ မည်သို့ခံစားသင့်သနည်း။—ယောဘ အခန်းကြီး ၃၈-၄၁

၁၆။ ယေဟောဝါဖန်ဆင်းထားတော်မူသော ငှက်အချို့နှင့်ပတ်သက်၍ အဘယ်အရာက စိတ်စွဲမှတ်စရာဖြစ်သနည်း။

၁၆ ဆာလံ ၁၄၈:၁၀ တွင် “ပျံတတ်သောငှက်” အကြောင်းကိုလည်း ဖော်ပြ၏။ အမျိုးကွဲပြားမှုကို စဉ်းစားကြည့်ပါ! “မြင်းနှင့်မြင်းစီးသောသူကိုပင် ရယ်တတ်” သောငှက်ကုလားအုတ်အကြောင်း ယောဘကို ယေဟောဝါမိန့်တော်မူခဲ့သည်။ အမှန်မှာ အရပ်ရှစ်ပေမြင့်သော ဤငှက်သည် မပျံသန်းနိုင်သော်လည်း ခြေတစ်လှမ်းလျှင် ၁၅ ပေလှမ်းနိုင်၍ တစ်နာရီလျှင် မိုင် ၄၀ နှုန်းဖြင့်ပြေးနိုင်သည်တကား! (ယောဘ ၃၉:၁၃၊ ၁၈) အခြားတစ်ဖက်တွင်မူ အယ်ဗာထရော့ပင်လယ်စင်ရော်သည် ၎င်း၏သက်တမ်းမှ အချိန်အများစုကို ပင်လယ်ပြင်အထက် ဝေဟင်ထဲတွင် ကုန်လွန်စေသည်။ လေဟုန်စီးသော ဤငှက်၏တောင်ပံတစ်ဆန့်သည် ၁၁ ပေခန့်ရှိ၏။ ၎င်း၏တောင်ပံများကိုမခတ်ဘဲ နာရီနှင့်ချီ ပျံဝဲနေနိုင်သည်။၎င်းနှင့် လားလားကြီးဆန့်ကျင်လျက် ကမ္ဘာပေါ်တွင် အငယ်ဆုံးငှက်ဖြစ်ပြီး အလျားနှစ်လက်မသာရှိသည့် ငှက်ပိတုန်းမူကား တစ်စက္ကန့်တွင် အကြိမ် ၈၀ တောင်ပံများကို ခတ်ပေမည်! ဝင်းလက်နေသော ကျောက်မျက်ရတနာ အတောင်ပံလေးများအလား ဤပိတုန်းငှက်များသည် ရဟတ်ယာဉ်များနည်းတူ ရစ်ဝဲနိုင်ရုံမက နောက်ပြန်ပင် ပျံသန်းနိုင်သည်။

၁၇။ ဝေလငါးပြာသည် မည်မျှအထိကြီးမားသနည်း၊ ယေဟောဝါဖန်ဆင်းထားသော သတ္တဝါများကို စေ့စေ့ဆင်ခြင်ပြီးနောက် အဘယ်ကောက်ချက် အလိုလိုချကြမည်နည်း။

၁၇ “ပင်လယ်ငါးကြီးများ” ပင် ယေဟောဝါကို ချီးမွမ်းကြသည်ဟု ဆာလံ ၁၄၈:၇၊ [သမ္မာ] ကဆိုသည်။ ဤကမ္ဘာဂြိုဟ်၌ ရှိရှိသမျှသတ္တဝါတို့တွင် အကြီးဆုံးဟုယူမှတ်ထားကြသည့် ဝေလငါးပြာကို သုံးသပ်ကြည့်ပါ။ သမုဒ္ဒရာရေပြင်ရှိ ဤ “ငါးကြီး” သည် အလျားပေ ၁၀၀ အထိ၊ သို့မဟုတ် ထိုထက်မကရှည်နိုင်သည်။ ယင်း၏အလေးချိန်မှာ အကောင် ၃၀ ရှိ အရွယ်ရောက်ပြီးသားဆင်အုပ်တစ်အုပ်၏ အလေးချိန်ရှိနိုင်သည်။ ၎င်း၏လျှာတစ်ခုတည်းပင် ဆင်တစ်ကောင်၏အလေးချိန်ရှိသည်။ နှလုံးမှာမူ ကားငယ်တစ်စီးအရွယ်ရှိသည်။ ဤဧရာမနှလုံးကြီးသည် တစ်မိနစ်လျှင် ၉ ကြိမ်သာခုန်သည်၊ ငှက်ပိတုန်း၏နှလုံးမူကား တစ်မိနစ်လျှင် အကြိမ်ပေါင်း ၁,၂၀၀ ခန့်မျှခုန်သည်။ ဝေလငါးပြာ၏ သွေးကြောများထဲမှ အနည်းဆုံးတစ်ခုသည် အလွန်ကြီးမားရကား ၎င်းထဲတွင် ကလေးတစ်ဦး တွားသွားနိုင်သည်။ “အသက်ရှူသောသတ္တဝါရှိသမျှသည် ထာဝရဘုရားကိုချီးမွမ်းကြစေ” ဟူသော ဆာလံကျမ်း၏နိဂုံးချုပ် အမှာစကားကို ကျွန်ုပ်တို့ပဲ့တင်ထပ်ရန် အမှန်ပင်နှိုးဆော်ခံရကြပေသည်။—ဆာလံ ၁၅၀:၆

ယေဟောဝါ၏ဖန်ဆင်းခြင်းတန်ခိုးတော်မှ သင်ယူခြင်း

၁၈၊ ၁၉။ ဤကမ္ဘာမြေပေါ်တွင် ယေဟောဝါဖန်ဆင်းထားသော သက်ရှိများသည် မည်မျှမျိုးမည်ကွဲပြားခြားနားသနည်း၊ ဖန်ဆင်းခြင်းက ကိုယ်တော်၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုနှင့်ပတ်သက်၍ ကျွန်ုပ်တို့ကို အဘယ်အရာသွန်သင်သနည်း။

၁၈ ယေဟောဝါ၏ဖန်ဆင်းခြင်းတန်ခိုးတော် အသုံးပြုပုံမှ ကျွန်ုပ်တို့ အဘယ်အရာသိရှိလာသနည်း။ ဖန်ဆင်းခြင်း၏မျိုးမည်ကွဲပြားခြားနားမှုက ကျွန်ုပ်တို့ကို အံ့သြမိန်းမောစေ၏။ ဆာလံဆရာတစ်ဦးက ဤသို့ကြွေးကြော်ခဲ့သည်– “အိုထာဝရဘုရား ကိုယ်တော်စီရင်ပြုပြင်တော်မူသောအရာတို့သည် အလွန်များပြားပါ၏။ . . . မြေကြီးသည် ဘဏ္ဍာတော်နှင့် ကြွယ်ဝပါ၏။” (ဆာလံ ၁၀၄:၂၄) မှန်လိုက်လေခြင်း! ဇီဝဗေဒပညာရှင်များသည် ကမ္ဘာ့သက်ရှိ မျိုးစိတ်ပေါင်း တစ်သန်းကျော်ကို မျိုးခွဲဖော်ပြခဲ့ကြပြီ; သို့တိုင် သန်း ၁၀၊ သန်း ၃၀၊ သို့မဟုတ် ထိုထက်မက ရှိမရှိ ဝေခွဲ၍မရကြချေ။ ပန်းချီဆရာတစ်ဦးအနေဖြင့် သူ၏တီထွင်စိတ်ကူးဉာဏ် တစ်ခါတစ်ရံကုန်ခန်းသည်ကို တွေ့ရှိပေမည်။ သို့သော် ဖန်ဆင်းရှင် ယေဟောဝါ၏တီထွင်ဉာဏ်စွမ်းသည် ကုန်ခန်းနိုင်ဖွယ်မရှိသည့်တိုင် မျိုးမည်ကွဲပြားခြားနားသော အသစ်အဆန်းများကို ဖန်တီးပေးနိုင်ကြောင်း ထင်ရှားပါသည်။

၁၉ မိမိ၏ဖန်ဆင်းခြင်းတန်ခိုးတော်ကို ယေဟောဝါ အသုံးပြုခြင်းက ကိုယ်တော်၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ကျွန်ုပ်တို့အား ပိုမိုသဘောပေါက်စေသည်။ “ဖန်ဆင်းရှင်” ဟူသောစကားလုံးကိုယ်နှိုက်က ယေဟောဝါသည် စကြဝဠာတွင်ရှိ “ဖန်ဆင်းတော်မူသောအရာ” မှန်သမျှနှင့်မတူ သီးခြားဖြစ်ကြောင်းဖော်ပြသည်။ ဖန်ဆင်းခြင်းကာလအတွင်း “ကျွမ်းကျင်လုပ်သား” အဖြစ်အမှုထမ်းခဲ့သူ ယေဟောဝါ၏တစ်ပါးတည်းသောသားတော်ကိုပင် သမ္မာကျမ်းစာတွင် ဖန်ဆင်းရှင် သို့မဟုတ် တွဲဖက်ဖန်ဆင်းရှင်ဟု မည်သည့်အခါမျှ ခေါ်ဆိုမထားချေ။ (သုတ္တံ ၈:၃၀ကဘ; မဿဲ ၁၉:၄) ယင်းအစား ကိုယ်တော်သည် ‘ဝေနေယျသတ္တဝါအပေါင်းတို့တွင် သားဦးဖြစ်တော်မူ၏။’ (ကောလောသဲ ၁:၁၅) ဖန်ဆင်းရှင်ဟူသည့် ယေဟောဝါ၏ရာထူးအဆင့်က ကိုယ်တော့်အား စကြဝဠာတစ်ခွင်အပေါ် အကြွင်းမဲ့ပိုင်သအုပ်စိုးမှုအာဏာကို ပင်ကိုပါလုပ်ပိုင်ခွင့် ရရှိစေသည်။—ရောမ ၁:၂၀; ဗျာဒိတ် ၄:၁၁

၂၀။ ယေဟောဝါသည် ကိုယ်တော်၏မြေကြီးဆိုင်ရာဖန်ဆင်းခြင်းကို လက်စသတ်ပြီးကတည်းက အဘယ်သဘောဖြင့် အနားယူတော်မူသနည်း။

၂၀ ယေဟောဝါသည် ကိုယ်တော်၏ဖန်ဆင်းခြင်းတန်ခိုးတော် အသုံးပြုခြင်းကို ရပ်စဲခဲ့ပြီလော။ ယေဟောဝါသည် ဆဋ္ဌမမြောက်ဖန်ဆင်းရာနေ့တွင် ကိုယ်တော်၏ဖန်ဆင်းခြင်းလုပ်ငန်းကို လက်စသတ်တော်မူ၍ “ဖန်ဆင်းသမျှသောအမှုအရာတို့သည် ပြီးစီးပြီးမှ ထိုသတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏” ဟုသမ္မာကျမ်းစာက ဆိုသည်။ (ကမ္ဘာဦး ၂:၂) ဤသတ္တမ “နေ့” သည် နှစ်ပေါင်းထောင်ချီ၍ကြာမြင့်၏ဟု တမန်တော်ပေါလုဖော်ပြခဲ့သည်၊ အကြောင်းမှာ သူ့ခေတ်တွင် ထိုနေ့သည် မပြီးဆုံးသေးချေ။ (ဟေဗြဲ ၄:၃-၆) သို့သော် “ငြိမ်ဝပ်စွာနေ” ၏ဟုဆိုသည့်အတွက် ယေဟောဝါသည် အလုပ်အားလုံးကို ရပ်စဲလိုက်သည်ဟု ဆိုလိုပါသလော။ မဟုတ်ပါ၊ ယေဟောဝါသည် အစဉ်အမြဲအလုပ်လုပ်တော်မူ၏။ (ဆာလံ ၉၂:၄; ယောဟန် ၅:၁၇) ထို့ကြောင့် ကိုယ်တော်အနားယူသည်ဟုဆိုရာ၌ ကမ္ဘာမြေနှင့်စပ်လျဉ်း၍ ကိုယ်တော်၏ ရုပ်ပိုင်းဆိုင်ရာဖန်ဆင်းခြင်းလုပ်ငန်း ရပ်စဲသည်ကို ရည်ညွှန်းခြင်းပင်ဖြစ်သည်။ သို့သော် ကိုယ်တော်၏ရည်ရွယ်တော်မူချက်များကို ပြည့်စုံစေခြင်းအလုပ်သည် မပြတ်မစဲဆောင်ရွက်လျက်ရှိသည်။ ထိုလုပ်ငန်းတွင် သမ္မာကျမ်းစာကို မှုတ်သွင်းခြင်းပါဝင်သည်။ ကိုယ်တော်၏လုပ်ငန်းတွင် “အသစ်သောသတ္တဝါ” ပေါ်ထွက်စေခြင်းပင်ပါဝင်၍ ဤအကြောင်းကို အခန်း ၁၉ တွင် ဆွေးနွေးပါမည်။—၂ ကောရိန္သု ၅:၁၇သမ္မာ။

၂၁။ ယေဟောဝါ၏ဖန်ဆင်းခြင်းတန်ခိုးတော်သည် သစ္စာရှိလူသားများကို ထာဝရကာလတစ်လျှောက် မည်သို့အကျိုးသက်ရောက်လိမ့်မည်နည်း။

၂၁ ယေဟောဝါ၏အနားယူရာနေ့ ကုန်ဆုံးသောအခါ ဆဋ္ဌမမြောက်ဖန်ဆင်းရာနေ့အကုန်၌ ကိုယ်တော်မြွက်ဆိုတော်မူခဲ့သကဲ့သို့ ကမ္ဘာပေါ်ရှိ မိမိ၏လုပ်ငန်းမှန်သမျှ “အလွန်ကောင်းသည်” ဟု ကိုယ်တော်မြွက်ဆိုနိုင်ပေမည်။ (ကမ္ဘာဦး ၁:၃၁) ထို့နောက် ကိုယ်တော်၏အကန့်အသတ်မဲ့ ဖန်ဆင်းခြင်းတန်ခိုးတော်ကို မည်သို့အသုံးပြုလိုမည်ကို ကျွန်ုပ်တို့စောင့်မျှော်ကြည့်ကြရမည်။ မည်သို့ဆိုစေ ယေဟောဝါ၏ဖန်ဆင်းခြင်းတန်ခိုးတော် အသုံးပြုပုံကို ကျွန်ုပ်တို့ အမှန်ပင်စိတ်ဝင်တစားဖြစ်နေကြပေမည်။ ကျွန်ုပ်တို့သည် ထာဝရကာလတစ်လျှောက် ယေဟောဝါ၏ဖန်ဆင်းခြင်းလက်ရာတော်အားဖြင့် ကိုယ်တော့်အကြောင်း ပိုမိုသိရှိလာကြလိမ့်မည်။ (ဒေသနာ ၃:၁၁) ကိုယ်တော့်အကြောင်း ကျွန်ုပ်တို့ပိုမိုသိရှိလာလေ ကျွန်ုပ်တို့၏ရိုသေခန့်ညားမှုသည် သာ၍နက်ရှိုင်းလာလေဖြစ်ပြီး ကျွန်ုပ်တို့၏မဟာဖန်ဆင်းရှင်နှင့် ပိုမိုရင်းနှီးရန် ဆွဲဆောင်ခံရလေဖြစ်မည်။

^ အပိုဒ်၊ 2 ထိုဧရာမအရေအတွက်ကို ဆက်စပ်ကြည့်နိုင်ရန် ဤအချက်ကိုဆင်ခြင်ပါလေ– ထိုအကွာအဝေးကို ကားဖြင့် ၂၄ နာရီတစ်ရက်လုံး၊ တစ်နာရီမိုင် ၁၀၀ နှုန်းဖြင့်မောင်းနှင်သွားလျှင်ပင် နှစ်ပေါင်းတစ်ရာကျော် သင်မောင်းနှင်သွားရလိမ့်မည်!

^ အပိုဒ်၊ 6 သမ္မာကျမ်းစာခေတ်မှ ရှေးလွန်လေပြီးသောသူများသည် ရှေးကျသော အဝေးကြည့်မှန်ပြောင်းတစ်မျိုးမျိုးကို အသုံးပြုခဲ့ကြပေမည်ဟု အချို့ယူဆကြသည်။ ထိုသို့မဟုတ်ခဲ့ပါမူ ထိုအချိန်၌ရှိသူတို့အနေဖြင့် ကြယ်များ၏အရေအတွက်သည် အလွန်များပြားကြောင်း၊ ရေတွက်၍မရနိုင်ကြောင်း လူ့ရှုထောင့်မှ မည်သို့သိနိုင်မည်နည်းဟု ကောက်ချက်ချကြ၏။ ထိုသို့ အခြေအမြစ်မရှိဆင်ခြင်ခြင်းက သမ္မာကျမ်းစာကလောင်ရှင်၊ ယေဟောဝါကို စိတ်ကူးထဲမထည့်ခြင်းဖြစ်သည်။—၂ တိမောသေ ၃:၁၆၊ ၁၇

^ အပိုဒ်၊ 7 ကြယ်ပေါင်း ဘီလီယံ ၁၀၀ ကိုရေတွက်ရန်ပင် အချိန်မည်မျှကြာမည်ကို စဉ်းစားကြည့်ပါ။ သင်သည် စက္ကန့်တိုင်းတွင် အသစ်တစ်လုံးကိုရေတွက်နိုင်ခဲ့ကာ ၂၄ နာရီတစ်ရက်လုံး ဆက်တိုက်ရေတွက်သွားလျှင်ပင် နှစ်ပေါင်း ၃,၁၇၁ နှစ်ကြာပေလိမ့်မည်!