မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၇

ကာကွယ်နိုင်စွမ်းတန်ခိုး—“ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်”

ကာကွယ်နိုင်စွမ်းတန်ခိုး—“ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်”

၁၊ ၂။ ဘီ.စီ.အီး. ၁၅၁၃ တွင် ဣသရေလလူတို့သည် သိနာတောထဲဝင်ရောက်စဉ် အဘယ်အန္တရာယ်ရှိခဲ့သနည်း၊ သူတို့ကို ယေဟောဝါ မည်သို့အားပေးခဲ့သနည်း။

အန္တရာယ်ထူပြောသော သိနာတောထဲသို့ ဘီ.စီ.အီး. ၁၅၁၃ အစောပိုင်းတွင် ဣသရေလလူမျိုးတို့ ဝင်ရောက်ခဲ့ကြသည်။ ‘မီးမြွေ၊ ကင်းမြီးကောက်များသော ကြောက်မက်ဖွယ်တောကြီး’ ထဲ သူတို့ခရီးဆက်ကြရမည်။ (တရားဟောရာ ၈:၁၅) ရန်သူနိုင်ငံများ၏ ခြိမ်းခြောက်မှုကိုလည်း သူတို့ခံခဲ့ကြရ၏။ ယေဟောဝါသည် မိမိလူမျိုးကို ဤအခြေအနေမျိုးသို့ ရောက်စေခဲ့သည်။ သူတို့၏ဘုရားသခင်အနေနှင့် သူတို့ကို ကိုယ်တော်ကာကွယ်နိုင်ပါမည်လော။

ယေဟောဝါ၏ ဤစကားများသည် အမှန်တကယ်အားရှိစရာဖြစ်ခဲ့သည်– “ငါသည် အဲဂုတ္တုလူတို့၌ပြုသောအကြောင်း၊ သင်တို့ကို ရွှေလင်းတ [“လင်းယုန်၊” ကဘ] အတောင်ဖြင့်ထမ်း၍ ကိုယ်ဖို့သိမ်းယူသောအကြောင်းကို သင်တို့သည် သိမြင်ရကြပြီ။” (ထွက်မြောက်ရာ ၁၉:၄) ယေဟောဝါသည် လင်းယုန်ငှက်များကို အသုံးပြုခဲ့သည့်အလား မိမိလူတို့အား အီဂျစ်ပြည်မှ ကယ်နုတ်ပြီး ဘေးရန်လုံခြုံစေခဲ့ကြောင်း သတိပေးနှိုးဆော်ခဲ့သည်။ သို့သော် ဘုရားသခင်၏ကာကွယ်မှုကို “လင်းယုန်အတောင်” နှင့် ဆီလျော်စွာရုပ်လုံးဖော်ရခြင်း အခြားအကြောင်းများ ရှိပေသည်။

၃။ “လင်းယုန်အတောင်” သည် ဘုရားသခင့်ကာကွယ်မှုကို အဘယ်ကြောင့် ဆီလျော်စွာပုံဖော်သနည်း။

လင်းယုန်ငှက်များသည် ၎င်းတို့၏ ကြီးမားသန်မာသောတောင်ပံများကို ဝေဟင်ထက်ဝယ် ပျံဝဲနေဖို့အတွက်သာ အသုံးပြုသည်မဟုတ်။ နေပူပြင်းချိန်တွင် မိခင်လင်းယုန်ငှက်သည် ခုနစ်ပေကျော်အထိဆန့်နိုင်သော သူ၏တောင်ပံများအောက် ငှက်ပေါက်စကလေးများကို အရိပ်ခိုစေပြီး ချစ်ချစ်တောက်နေပူဒဏ်မှ ကာကွယ်ပေးသည်။ အခြားအချိန်အခါများတွင် သားပေါက်ကလေးများကို လေအေးဒဏ်မခံရစေရန် သူ၏တောင်ပံများဖြင့် ဖုံးအုပ်ကာကွယ်ပေး၏။ ထိုလင်းယုန်ငှက်သည် ၎င်း၏သားငယ်ကို ကာကွယ်ပေးသကဲ့သို့ ယေဟောဝါသည် တည်ထောင်ခါစ ဣသရေလလူမျိုးကို ကာကွယ်ခဲ့သည်။ ယခု တောကန္တာရထဲတွင် ကိုယ်တော်၏လူမျိုးသည် သစ္စာရှိသရွေ့ကာလပတ်လုံး ခွန်အားကြီးမားသော အတောင်တော်အရိပ်အောက်၌ ခိုလှုံနိုင်ကြလိမ့်မည်။ (တရားဟောရာ ၃၂:၉-၁၁; ဆာလံ ၃၆:၇) သို့သော် ယနေ့ ဘုရားသခင့်ကာကွယ်မှုကို ကျွန်ုပ်တို့ရရှိရန် မျှော်လင့်နိုင်ပါသလော။

ဘုရားသခင့်ကာကွယ်မှုဆိုင်ရာကတိတော်

၄၊ ၅။ ဘုရားသခင့်ကာကွယ်မှုဆိုင်ရာကတိတော်ကို ကျွန်ုပ်တို့ အဘယ်ကြောင့် အကြွင်းမဲ့ယုံကြည်စိတ်ချနိုင်သနည်း။

ယေဟောဝါသည် မိမိ၏ကျေးကျွန်များကို မုချဧကန် ကာကွယ်ပေးနိုင်၏။ ကိုယ်တော်သည် “အနန္တတန်ခိုးရှင်ဘုရားသခင်” ဖြစ်တော်မူရာ ၎င်းဘွဲ့အမည်က ကိုယ်တော်၌ လွန်ဆန်၍မရနိုင်သောတန်ခိုး ရှိတော်မူကြောင်း ဖော်ပြသည်။ (ကမ္ဘာဦး ၁၇:၁) ဒီရေကိုမတားဆီးနိုင်သကဲ့သို့ ယေဟောဝါ၏အသုံးချတန်ခိုးတော်ကို လွန်ဆန်၍မရနိုင်ချေ။ အလိုတော်ညွှန်ကြားသမျှကို ကိုယ်တော် ဆောင်ရွက်နိုင်စွမ်းရှိတော်မူရာ ‘ကိုယ်တော့်လူတို့ကို ကာကွယ်ပေးရန် တန်ခိုးတော်ကိုအသုံးပြုဖို့ ယေဟောဝါအလိုရှိတော်မူသလော’ ဟု ကျွန်ုပ်တို့မေးပေမည်။

အဖြေမှာ အလိုရှိတော်မူသည်ဖြစ်၏! ယေဟောဝါသည် လူမျိုးတော်ကို ကာကွယ်ပေးမည်ဟု ဆာလံ ၄၆:၁ တွင်ဤသို့စိတ်ချစေသည်– “ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်၍ ခွန်အားကိုပေးတော်မူ၏။ ဘေးရောက်သည်ကာလ အထူးသဖြင့်ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏။” ဘုရားသခင်သည် “မုသာနှင့်ကင်းစင်တော်မူသော” ကြောင့် ကိုယ်တော်သည် ကျွန်ုပ်တို့ကိုကာကွယ်မည်ဟူသောကတိတော်ကို အကြွင်းမဲ့ယုံကြည်စိတ်ချနိုင်သည်။ (တိတု ၁:၁) ယေဟောဝါ၏ ကာကွယ်ဂရုစိုက်မှုကိုဖော်ပြရန် အသုံးပြုတော်မူသည့် ပီပြင်ထင်ရှားသော ဥပမာအချို့ကို သုံးသပ်ကြည့်ကြစို့။

၆၊ ၇။ (က) သမ္မာကျမ်းစာခေတ်မှ သိုးထိန်းသည် မိမိ၏သိုးများကို မည်သို့ကာကွယ်ပေးခဲ့သနည်း။ (ခ) ယေဟောဝါသည် မိမိ၏သိုးများကို ကာကွယ်စောင့်ရှောက်ရန် နှလုံးသားထဲမှဆန္ဒရှိကြောင်း သမ္မာကျမ်းစာက မည်သို့ရုပ်လုံးဖော်သနည်း။

ယေဟောဝါသည် သိုးထိန်းဖြစ်တော်မူ၍ “ငါတို့သည်လည်း ထာဝရဘုရား၏လူဖြစ်ကြ၏။ အထံတော်၌ကျက်စားသော သိုးစုလည်းဖြစ်ကြ၏။” (ဆာလံ ၂၃:၁; ၁၀၀:၃) အိမ်မွေးသိုးများတမျှ မိမိဘာသာမစွမ်းဆောင်နိုင်သော တိရစ္ဆာန်များ မရှိသလောက်ပင်။ သမ္မာကျမ်းစာခေတ်မှ သိုးထိန်းသည် မိမိ၏သိုးများကို ခြင်္သေ့၊ ဝံပုလွေ၊ ဝက်ဝံနှင့် သူခိုးများရန်မှ ကာကွယ်ပေးဖို့ ရဲစွမ်းသတ္တိရှိရ၏။ (၁ ဓမ္မရာဇဝင် ၁၇:၃၄၊ ၃၅; ယောဟန် ၁၀:၁၂၊ ၁၃) သို့သော် သိုးများကို ကာကွယ်ပေးရာတွင် နူးညံ့ဖို့လိုအပ်သောအချိန်အခါမျိုးလည်းရှိသည်။ သိုးခြံနှင့် အလှမ်းကွာဝေးသောနေရာတွင် သိုးမတစ်ကောင် သားပေါက်သောအခါ ဂရုတစိုက်ကြည့်ရှုတတ်သောသိုးထိန်းသည် ထိုသိုးမ၏ ဘာမျှမတတ်နိုင်ရှာသောအချိန်လေးတွင် ဂရုစိုက်ကြည့်ရှုပြုစုပေးကာ အကူအညီလိုနေသည့်သိုးငယ်ကို ကောက်ချီ၍ သိုးခြံသို့သယ်ဆောင်သွားပေမည်။

“သိုးသငယ်တို့ကို ရင်ခွင်၌ ပိုက်ပွေ့တော်မူမည်”

ယေဟောဝါသည် မိမိကိုယ်တော်တိုင်အား သိုးထိန်းတစ်ပါးနှင့်နှိုင်းယှဉ်ခြင်းဖြင့် ကျွန်ုပ်တို့ကို ကာကွယ်ပေးလိုကြောင်း စိတ်ချစေတော်မူသည်။ (ယေဇကျေလ ၃၄:၁၁-၁၆) ဤစာအုပ်၏ အခန်း ၂ တွင်ဆွေးနွေးထားသော ဟေရှာယ ၄၀:၁၁ ပါ ရုပ်လုံးဖော်ချက်ကို ပြန်အမှတ်ရပါ– “မိမိသိုးစုကို သိုးထိန်းကဲ့သို့ကျွေးမွေးတော်မူမည်။ သိုးသငယ်တို့ကိုချီ၍ ပိုက်ပွေ့ [“ရင်ခွင်ထဲတွင်သယ်ဆောင်၊” ကဘ] တော်မူမည်။” သိုးကလေးသည် ပိတ်စတစ်ခုနှင့်တစ်ခုထပ်ထားသော သိုးထိန်း၏ဝတ်ရုံအထက်ပိုင်း “ရင်ခွင်” ထဲသို့ မည်သို့ရောက်သွားသနည်း။ သိုးကလေးသည် သိုးထိန်းထံချဉ်းကပ်၍ သူ၏ခြေထောက်ကို အသာအယာတို့ထိခဲ့ပေမည်။ သို့သော် သိုးထိန်းကိုယ်တိုင် သိုးကလေးကို ကုန်းကောက်ချီကာ သူ၏လုံခြုံသောရင်ခွင်ထဲ ညင်ညင်သာသာ ထည့်သွင်းခဲ့ပေမည်။ ကျွန်ုပ်တို့၏မဟာသိုးထိန်းရှင်သည် ကျွန်ုပ်တို့ကို ကာကွယ်စောင့်ရှောက်လိုကြောင်းဖော်ပြသည့် သိမ်မွေ့နူးညံ့သော ရုပ်လုံးဖော်ချက်ပါတကား!

၈။ (က) ဘုရားသခင့်ကာကွယ်မှုဆိုင်ရာကတိတော်ကို မည်သူတို့အား ကမ်းလှမ်းထားသနည်း၊ ယင်းကို သုတ္တံ ၁၈:၁၀ တွင် မည်သို့ဖော်ပြထားသနည်း။ (ခ) ဘုရားသခင့်နာမတော်၌ ခိုလှုံရာရှာဖွေခြင်းတွင် အဘယ်အရာအကျုံးဝင်သနည်း။

ဘုရားသခင့်ကာကွယ်မှုဆိုင်ရာ ကတိတော်သည် အခြေအနေအရဖြစ်သည်—ဘုရားသခင်ထံချဉ်းကပ်သူတို့သာ ခံစားကြရသည်။ သုတ္တံ ၁၈:၁၀ ကဤသို့ဆိုသည်– “ထာဝရဘုရား၏နာမတော်သည် ခိုင်ခံ့သောရဲတိုက်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့် လုံခြုံစွာနေရကြ၏။” သမ္မာကျမ်းစာခေတ်က မျှော်စင်များကို ခိုလှုံရာနေရာများအဖြစ် တောကန္တာရထဲ၌ တစ်ခါတစ်ရံ တည်ဆောက်လေ့ရှိသည်။ သို့သော် ဘေးသင့်နေသူသည် ထိုမျှော်စင်၌ခိုလှုံလိုလျှင် ထိုအရပ်သို့ ပြေးသွားရပေမည်။ ဘုရားသခင့်နာမတော်၌ ခိုလှုံရာရခြင်းနှင့်ပတ်သက်၍လည်း အလားတူပင်ဖြစ်သည်။ ထိုသို့ပြုရန် ဘုရားသခင့်နာမတော်ကို ထပ်တလဲလဲရွတ်ဆိုခြင်းထက်မက အကျုံးဝင်သည်; မြင့်မြတ်သောနာမတော်ကိုယ်နှိုက်က ဂါထာမန္တရားမဟုတ်ချေ။ ယင်းအစား ထိုနာမတော်ပိုင်ရှင်ကို ကျွန်ုပ်တို့သိကျွမ်းပြီး ယုံကြည်ကိုးစားလျက် ကိုယ်တော်၏ဖြောင့်မတ်သောစံနှုန်းများနှင့်အညီ အသက်ရှင်နေထိုင်ကြရမည်ဖြစ်သည်။ ကျွန်ုပ်တို့သာ ယုံကြည်စွာဖြင့် ယေဟောဝါထံ ဦးလှည့်ကြမည်ဆိုလျှင် ကိုယ်တော်သည် ကျွန်ုပ်တို့ကိုကာကွယ်သော မျှော်စင်ဖြစ်မည်ဟု စိတ်ချစေခြင်းကား အမှန်ပင်သနားကြင်နာမှုပါတကား!

‘ကျွန်ုပ်တို့ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကယ်လွှတ်နိုင်တော်မူ၏’

၉။ ယေဟောဝါသည် ကာကွယ်ပေးမည်ဟု ကတိပေးရုံထက်မက မည်သို့ပြုတော်မူပြီနည်း။

ယေဟောဝါသည် ကာကွယ်ပေးမည်ဟု ကတိပေးရုံထက်မက ပြုတော်မူပြီ။ သမ္မာကျမ်းစာခေတ်က ကိုယ်တော်သည် မိမိလူတို့ကို ကာကွယ်ပေးနိုင်ကြောင်း အံ့ဖွယ်နည်းများဖြင့် ဖော်ပြတော်မူခဲ့သည်။ ဣသရေလသမိုင်းတွင် ယေဟောဝါ၏တန်ခိုးကြီးမားသော ‘လက်ရုံးတော်’ သည် အင်အားကြီးရန်သူများကို ဟန့်တားဖယ်ရှားလေ့ရှိသည်။ (ထွက်မြောက်ရာ ၇:၄) တစ်ဦးချင်းစီနှင့်ပတ်သက်၍လည်း ယေဟောဝါသည် ကိုယ်တော်၏ကာကွယ်နိုင်စွမ်းကို အသုံးပြုတော်မူခဲ့သည်။

၁၀၊ ၁၁။ ယေဟောဝါသည် ကိုယ်တော်၏ကာကွယ်နိုင်စွမ်းကို တစ်ဦးချင်းစီနှင့်ပတ်သက်၍ အသုံးပြုတော်မူပုံကို သမ္မာကျမ်းစာမှ အဘယ်ပုံနမူနာများက ဖော်ပြသနည်း။

၁၀ ရှာဒရက်၊ မေရှက်နှင့် အဗေဒနေဂေါအမည်ရှိ ဟေဗြဲလူငယ်သုံးဦးသည် နေဗုခဒ်နေဇာမင်း၏ ရွှေရုပ်တုကိုဦးချဖို့ ငြင်းဆိုခဲ့သောအခါ ရှင်ဘုရင်က အမျက်ဒေါသထွက်ပြီး အလွန့်အလွန်ပူပြင်းသောမီးဖိုထဲ ချပစ်မည်ဟု သူတို့ကို ခြိမ်းခြောက်ခဲ့သည်။ “ငါ၏လက်မှကယ်လွှတ်နိုင်သောဘုရားကား အဘယ်ဘုရားရှိသနည်း” ဟု ကမ္ဘာပေါ် တန်ခိုးအာဏာအရှိဆုံး ရှင်ဘုရင်နေဗုခဒ်နေဇာက မခံချင်အောင်ပြောဆိုခဲ့သည်။ (ဒံယေလ ၃:၁၅) ထိုလူငယ်သုံးဦးသည် သူတို့ကို ဘုရားသခင်ကာကွယ်ပေးနိုင်ကြောင်း အပြည့်အဝယုံကြည်ခဲ့ကြသော်လည်း ကိုယ်တော် ထိုသို့ပြုတော်မူမည်ဟု အရဲစွန့်မပြောဆိုခဲ့ကြချေ။ သို့နှင့် သူတို့ဤသို့ဖြေဆိုခဲ့ကြသည်– ‘အလိုရှိတော်မူလျှင် အကျွန်ုပ်တို့ကိုးကွယ်သောဘုရားသခင်သည် အကျွန်ုပ်တို့ကို ကယ်လွှတ်နိုင်တော်မူ၏။’ (ဒံယေလ ၃:၁၇) အမှန်မှာ အဆိုပါရဲရဲတောက်နေသောမီးဖိုကို သာမန်ထက်ခုနစ်ဆပူစေဦးတော့ တန်ခိုးအလုံးစုံရှိတော်မူသော သူတို့၏ဘုရားသခင်အတွက် ခက်ခဲရာမဟုတ်ပါ။ ကိုယ်တော်သည် သူတို့ကို ကာကွယ်ပေးတော်မူခဲ့ရာ ရှင်ဘုရင်က “ထိုမျှလောက်သောကယ်တင်ခြင်းကို ထိုဘုရားသခင်မှတစ်ပါး အဘယ်ဘုရားမျှမပြုနိုင်” ဟုမဖြစ်မနေအသိအမှတ်ပြုခဲ့ရလေသည်။—ဒံယေလ ၃:၂၉

၁၁ ယေဟောဝါသည် ကိုယ်တော်၏တစ်ပါးတည်းသောသားတော်၏အသက်ကို ဂျူးအပျိုစင်မာရိ၏သားအိမ်ထဲ ရွှေ့ပြောင်းပေးလိုက်ချိန်တွင် ကိုယ်တော်၏ ကာကွယ်ပေးနိုင်စွမ်းကို အမှန်ပင် မှတ်သားလောက်ဖွယ်ကောင်းစွာ ဖော်ပြတော်မူခဲ့၏။ ကောင်းကင်တမန်တစ်ပါးက ‘မာရိသည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကိုဖွားမြင်လိမ့်မည်’ ဟု သူ့အား ပြောခဲ့သည်။ ထိုကောင်းကင်တမန်က ဤသို့ရှင်းပြသည်– “သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏အပေါ်မှာသက်ရောက်တော်မူ၍၊ အမြင့်ဆုံးသောဘုရား၏တန်ခိုးအာနုဘော်တော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည်။” (လုကာ ၁:၃၁၊ ၃၅) ဘုရားသခင့်သားတော်သည် တစ်ခါမျှ ဤမျှလောက် အန္တရာယ်မထူပြောခဲ့ပေ။ လူသားမိခင်၏အပြစ်နှင့် မစုံလင်မှုက သန္ဓေသားကို ချွတ်ယွင်းချက်ရှိစေမည်လော။ ထိုသားတော် မမွေးဖွားမီပင် စာတန်သည် ကိုယ်တော်ကိုထိခိုက်၍ သေစေနိုင်မည်လော။ မဖြစ်နိုင်ပါ! ယေဟောဝါသည် မာရိပတ်လည်တွင် အကွယ်အကာတံတိုင်းကို တစ်နည်းအားဖြင့် ချထားတော်မူခဲ့ရာ အဘယ်မစုံလင်မှု၊ အဘယ်ထိခိုက်စေသောအစွမ်း၊ အဘယ်လူသတ်သမား သို့မဟုတ် အဘယ်နတ်ဆိုးကမျှ ပဋိသန္ဓေစတင်စွဲကပ်ချိန်မှ သန္ဓေသားကြီးထွားချိန်အတွင်း ၎င်းကို အနာတရမဖြစ်စေနိုင်ချေ။ သူငယ်ဘဝတွင် ယေရှုရှိစဉ်ကလည်း ယေဟောဝါသည် ကိုယ်တော်ကို ဆက်လက်ကာကွယ်ပေးတော်မူခဲ့သည်။ (မဿဲ ၂:၁-၁၅) ဘုရားသခင်သတ်မှတ်ထားချိန် မရောက်မချင်း ကိုယ်တော်၏ ချစ်မြတ်နိုးလှသောသားတော်ကို မဖျက်ဆီးနိုင်ချေ။

၁၂။ ယေဟောဝါသည် သမ္မာကျမ်းစာခေတ်က ပုဂ္ဂိုလ်အချို့ကို အံ့ဖွယ်နည်းဖြင့် အဘယ်ကြောင့်ကာကွယ်တော်မူခဲ့သနည်း။

၁၂ ထိုသို့သောအံ့ဖွယ်နည်းများဖြင့် ပုဂ္ဂိုလ်အချို့ကို ယေဟောဝါအဘယ်ကြောင့် ကာကွယ်ပေးတော်မူခဲ့သနည်း။ ဖြစ်ရပ်အတော်များများတွင် ယေဟောဝါသည် သာ၍အရေးပါသောအကြောင်းဖြစ်သည့် ကိုယ်တော်၏ရည်ရွယ်တော်မူချက် ပြည့်စုံစေရေးအတွက် တစ်ဦးချင်းစီကို ကာကွယ်ပေးခဲ့ခြင်းဖြစ်သည်။ ဥပမာ၊ နို့စို့သူငယ်ယေရှု အသက်ရှင်ရေးသည် ဘုရားသခင့်ရည်ရွယ်တော်မူချက် အထမြောက်ဖို့ အလွန်အရေးပါပြီး နောက်ဆုံးတွင် လူသားတစ်ရပ်လုံး အကျိုးကျေးဇူးခံစားရဖို့ဖြစ်သည်။ ကာကွယ်နိုင်စွမ်းကို နည်းအမျိုးမျိုးဖြင့်ဖော်ပြခဲ့သော မှတ်တမ်းသည် မှုတ်သွင်းခံသမ္မာကျမ်းစာတွင် တစ်စိတ်တစ်ပိုင်းပါဝင်ခြင်းမှာ “သည်းခံခြင်း၊ သက်သာခြင်းအကြောင်းများကိုအမှီပြု၍ မျှော်လင့်ရသောအခွင့်ရှိစေခြင်းငှာ၊ ကျမ်းစာ၌ အထက်ကရေးထားသမျှသည် ငါတို့ကို ဆုံးမသြဝါဒပေး၍ ရေးထား” ခြင်းဖြစ်သည်။ (ရောမ ၁၅:၄) မှန်ပါသည်၊ ထိုဥပမာများသည် ကျွန်ုပ်တို့၏ တန်ခိုးအလုံးစုံနှင့်ပြည့်စုံသော ဘုရားသခင်ကို ပိုမိုယုံကြည်လာစေဖို့ဖြစ်သည်။ သို့သော် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ယနေ့ အဘယ်နည်းဖြင့်ကာကွယ်မည်ဟု မျှော်လင့်နိုင်သနည်း။

ဘုရားသခင့်ကာကွယ်မှုက အဘယ်အရာကို မဆိုလို

၁၃။ ယေဟောဝါသည် ကျွန်ုပ်တို့အကျိုးအတွက် အံ့ဖွယ်ရာများပြုလုပ်ပေးရန် တာဝန်ရှိသလော။ ရှင်းပြပါ။

၁၃ ယေဟောဝါ၏ ကာကွယ်မှုဆိုင်ရာကတိတော်က ကိုယ်တော်သည် ကျွန်ုပ်တို့အကျိုးအတွက် အံ့ဖွယ်ရာများ ပြုလုပ်ပေးရမည်ဟု မဆိုလိုပါ။ ကျွန်ုပ်တို့၏ဘုရားသခင်သည် ဤစနစ်ဟောင်းတွင် ပြဿနာကင်းမဲ့သောဘဝပုံစံကို ကျွန်ုပ်တို့အားပေးမည်ဟု အာမမခံထားချေ။ ယေဟောဝါ၏ သစ္စာရှိကျေးကျွန်မြောက်မြားစွာသည် ဆင်းရဲနွမ်းပါးမှု၊ စစ်မှု၊ အနာရောဂါနှင့် သေခြင်းအစရှိသည့် ဆင်းရဲဒုက္ခအမျိုးမျိုးကို ရင်ဆိုင်နေကြရသည်။ တစ်ဦးချင်းစီအနေဖြင့် သူတို့၏ယုံကြည်ခြင်းကြောင့် အသက်ဆုံးရှုံးနိုင်သည်ဟု တပည့်တော်များကို ယေရှုပွင့်ပွင့်လင်းလင်း မိန့်တော်မူခဲ့သည်။ ထို့ကြောင့် အဆုံးတိုင်တည်ကြည်ဖို့လိုကြောင်း ယေရှုအလေးပေး ဖော်ပြခဲ့ခြင်းဖြစ်သည်။ (မဿဲ ၂၄:၉၊ ၁၃) ယေဟောဝါသည် အချိန်အခါတိုင်း အံ့ဖွယ်နည်းဖြင့် လွတ်မြောက်စေရန် တန်ခိုးတော်ကို အသုံးပြုမည်ဆိုလျှင် ယေဟောဝါအား စာတန်ကဲ့ရဲ့စရာအကြောင်းရှိမည်ဖြစ်ပြီး ဘုရားသခင်ကို စိတ်ရင်းမှန်ဖြင့် ကျွန်ုပ်တို့ဝတ်ပြုကိုးကွယ်ခြင်းကို သံသယဝင်မည်ဖြစ်သည်။—ယောဘ ၁:၉၊ ၁၀

၁၄။ ယေဟောဝါသည် အမြဲတစေပင် ကိုယ်တော်၏ကျေးကျွန်အားလုံးကို တစ်ပုံစံတည်းဖြင့် ကာကွယ်ပေးတော်မမူကြောင်း အဘယ်ဥပမာများက ဖော်ပြသနည်း။

၁၄ သမ္မာကျမ်းစာခေတ်၌ပင် ယေဟောဝါသည် မိမိ၏ကျေးကျွန်တစ်ဦးချင်းစီကို အခန့်မသင့်ဘဲ မသေဆုံးစေရန် ကိုယ်တော်၏ကာကွယ်ပေးနိုင်စွမ်းကို အသုံးမပြုခဲ့ချေ။ ဥပမာ၊ တမန်တော်ယာကုပ်သည် စီ.အီး. ၄၄ တွင် ဟေရုဒ်လက်ချက်ဖြင့် ကွပ်မျက်ခံခဲ့ရသည်၊ သို့တိုင် ထိုနောက် များမကြာမီပင် ပေတရုသည် “ဟေရုဒ်မင်းလက်မှ” ကယ်နုတ်ခံခဲ့ရ၏။ (တမန်တော် ၁၂:၁-၁၁) ယာကုပ်၏ညီ ယောဟန်မူကား ပေတရုနှင့် ယာကုပ်နှစ်ဦးစလုံးထက် အသက်ရှည်၏။ ရှင်းနေသည်ကား ဘုရားသခင်၏ကျေးကျွန်အားလုံးသည် တစ်ပုံစံတည်းဖြင့် ကာကွယ်ခံရလိမ့်မည်မဟုတ်။ ထို့အပြင် “အချိန်နှင့်ကြိုတင်မမြင်ရသောဖြစ်ပျက်မှု” ကကျွန်ုပ်တို့အားလုံးအပေါ်သို့ ကျရောက်တတ်၏။ (ဒေသနာ ၉:၁၁) သို့ဆိုလျှင် ယေဟောဝါသည် ယနေ့ ကျွန်ုပ်တို့ကို မည်သို့ကာကွယ်ပေးသနည်း။

ယေဟောဝါသည် ကာယရေးကာကွယ်မှုပေး

၁၅၊ ၁၆။ (က) ယေဟောဝါသည် ကိုယ်တော်အား ဝတ်ပြုကိုးကွယ်သူတို့ကို အုပ်စုလိုက် ကာယရေးအရကာကွယ်မှု ပေးတော်မူခဲ့ကြောင်း အဘယ်သာဓကရှိသနည်း။ (ခ) ယေဟောဝါသည် ယခုအချိန်နှင့် “ကြီးစွာသောဒုက္ခ” ကာလအတွင်း ကိုယ်တော်၏ကျေးကျွန်များကို ကာကွယ်ပေးတော်မူမည်ဖြစ်ကြောင်း အဘယ်ကြောင့် ယုံကြည်စိတ်ချနိုင်သနည်း။

၁၅ ဦးစွာ ကာယရေးအရ ကာကွယ်သည့်ကိစ္စကို သုံးသပ်ကြည့်ကြစို့။ ယေဟောဝါအား ဝတ်ပြုသူများအနေနှင့် ကျွန်ုပ်တို့သည် ယင်းကာကွယ်မှုကို အုပ်စုလိုက်ရဖို့ မျှော်လင့်နိုင်ကြ၏။ သို့မဟုတ်လျှင် ကျွန်ုပ်တို့သည် အလွယ်တကူပင် စာတန်၏သားကောင်များ ဖြစ်သွားနိုင်သည်။ ဤအချက်ကို သုံးသပ်ကြည့်ပါ– “ဤလောကကိုအစိုးရသောမင်း” စာတန်သည် စစ်မှန်သောဝတ်ပြုရေး ဖယ်ရှားပစ်ခြင်းထက် အခြားလိုလားရာ မရှိတော့ချေ။ (ယောဟန် ၁၂:၃၁; ဗျာဒိတ် ၁၂:၁၇) ကမ္ဘာ၌ ဩဇာအာဏာအရှိဆုံး အစိုးရအချို့သည် ကျွန်ုပ်တို့၏ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်တားဆီးခဲ့ပြီး ကျွန်ုပ်တို့ လုံးဝပပျောက်သွားစေရန် ကြိုးပမ်းခဲ့ကြပြီ။ သို့တိုင် ယေဟောဝါ၏လူတို့သည် ခိုင်မြဲတည်ကြည်ခဲ့ကြပြီး အလျှော့မပေးဘဲ ဆက်လက်ဟောပြောခဲ့ကြသည်! အကာအကွယ်မဲ့ပုံရှိ နှိုင်းရသဘောဖြင့် ဤခရစ်ယာန်လူနည်းစု၏ လှုပ်ရှားမှုကို အင်အားကြီးနိုင်ငံများက အဘယ်ကြောင့်ရပ်တန့်မသွားစေနိုင်သနည်း။ အကြောင်းမှာ ယေဟောဝါသည် ကျွန်ုပ်တို့ကို ကိုယ်တော်၏တန်ခိုးကြီးမားသော အတောင်တော်ဖြင့် ကာကွယ်ပေးသောကြောင့်တည်း!—ဆာလံ ၁၇:၇၊ ၈

၁၆ လာလတ္တံ့သော “ကြီးစွာသောဒုက္ခ” အတွင်း ကာယရေးအရကာကွယ်ပေးခြင်းနှင့်ပတ်သက်၍ အသို့ရှိသနည်း။ ဘုရားသခင့်တရားစီရင်ချက်ကို ကျွန်ုပ်တို့ ကြောက်စရာမလိုပေ။ အမှန်မှာ ယေဟောဝါသည် “ဘုရားဝတ်၌မွေ့လျော်သောသူတို့ကို စုံစမ်းနှောင့်ယှက်ခြင်းအထဲက ကယ်နုတ်” နိုင်တော်မူ၏။ (ဗျာဒိတ် ၇:၁၄; ၂ ပေတရု ၂:၉) ဤအတောအတွင်း အကြောင်းအရာနှစ်ခုကို ကျွန်ုပ်တို့ အမြဲတစေ စိတ်ချနိုင်ကြသည်။ ဦးစွာ၊ ကိုယ်တော်၏သစ္စာရှိကျေးကျွန်များကို ကမ္ဘာမြေပေါ်မှဖယ်ရှားရန် ယေဟောဝါ ဘယ်တော့မျှခွင့်ပြုမည်မဟုတ်ပေ။ ဒုတိယအနေနှင့်၊ ကိုယ်တော်သည် သစ္စာစောင့်သိသူတို့ကို ကိုယ်တော်၏ဖြောင့်မတ်သောကမ္ဘာသစ်တွင် ထာဝရအသက်ဆုကျေးဇူး ပေးသနားတော်မူမည်၊ လိုအပ်မည်ဆိုလျှင် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ထိုသို့ပြုတော်မူမည်ဖြစ်သည်။ သေလွန်သူတို့အတွက် ဘုရားသခင့်မှတ်ဉာဏ်တွင် ရှိနေခြင်းထက် သာ၍လုံခြုံသောနေရာမရှိချေ။—ယောဟန် ၅:၂၈၊ ၂၉

၁၇။ ယေဟောဝါသည် ကိုယ်တော်၏နှုတ်မြွက်စကားတော်အားဖြင့် ကျွန်ုပ်တို့ကို မည်သို့ကာကွယ်ပေးတော်မူသနည်း။

၁၇ ယခုပင် ယေဟောဝါသည် စိတ်နှလုံးကိုကုစား၍ ဘဝအသက်တာများကို အသစ်ပြုပြင်ပေးနိုင်သည့် စွမ်းအားရှိ ကိုယ်တော်၏ရှင်သန်သော ‘နှုတ်ကပါဌ်တော်’ အားဖြင့် ကျွန်ုပ်တို့ကို ကာကွယ်ပေးတော်မူ၏။ (ဟေဗြဲ ၄:၁၂) ၎င်း၏မူများကို လက်တွေ့ကျင့်သုံးခြင်းအားဖြင့် ကာယရေးအန္တရာယ်မှ ကာကွယ်ခံရသောအခါများရှိနိုင်သည်။ “ငါသည် သင်၏အကျိုးနှင့်ယှဉ်သောအရာကို သွန်သင် . . . ၏” ဟု ဟေရှာယ ၄၈:၁၇ ကဆိုသည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်နှင့်အညီ အသက်ရှင်နေထိုင်ခြင်းသည် ကျွန်ုပ်တို့ကိုကျန်းမာစေပြီး အသက်တာရှည်စေနိုင်သည်မှာ ဆိုဖွယ်မရှိ။ ဥပမာ၊ မတရားမေထုန်ကို ကြဉ်ရှောင်ရန်၊ အညစ်အကြေးတို့နှင့် ကင်းစင်စေရန် သမ္မာကျမ်းစာဆုံးမစကားကို ကျွန်ုပ်တို့လက်တွေ့ကျင့်သုံးခြင်းဖြင့် ဘုရားတရားမဲ့သူတို့၏ ဘဝအသက်တာကို အကြီးအကျယ်ဘေးသင့်စေသည့် မသန့်ရှင်းသောအကျင့်များနှင့် ထိခိုက်နစ်နာစေသောစရိုက်များအား ကျွန်ုပ်တို့ ရှောင်ရှားကြသည်။ (တမန်တော် ၁၅:၂၉; ၂ ကောရိန္သု ၇:၁) ဘုရားသခင့်နှုတ်ကပါဌ်တော်မှရသော ကာကွယ်မှုအတွက် ကျွန်ုပ်တို့ တကယ်ကျေးဇူးတင်ဖို့ကောင်းပေသည်!

ဝိညာဉ်ရေးအရ ယေဟောဝါကာကွယ်ပေး

၁၈။ ယေဟောဝါသည် အဘယ်ဝိညာဉ်ရေးကာကွယ်မှု ပြင်ဆင်ပေးတော်မူသနည်း။

၁၈ အရေးအကြီးဆုံးကား ဝိညာဉ်ရေးအရ ယေဟောဝါကာကွယ်ပေးတော်မူ၏။ ကျွန်ုပ်တို့၏မေတ္တာရှင်ဘုရားသခင်သည် ကျွန်ုပ်တို့စမ်းသပ်မှုများကို ခံရပ်နိုင်ရန်၊ ကိုယ်တော်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို ထိန်းသိမ်းကာကွယ်ထားနိုင်ရန် ကျွန်ုပ်တို့လိုအပ်ရာကို ပေးခြင်းဖြင့် ဝိညာဉ်ရေးအန္တရာယ်မှ ကျွန်ုပ်တို့ကို ကာကွယ်ပေးတော်မူ၏။ ဤနည်းဖြင့် ယေဟောဝါသည် ကျွန်ုပ်တို့၏အသက်ကို တိုတောင်းသောနှစ်အနည်းငယ်အတွက်သာမဟုတ်ဘဲ ထာဝစဉ် အသက်ရှင်စေတော်မူသည်။ ကျွန်ုပ်တို့ကို ဝိညာဉ်ရေးအရ ကာကွယ်ပေးနိုင်သည့် ဘုရားသခင့်ပြင်ဆင်ပေးချက်အချို့ကို သုံးသပ်ကြည့်ကြစို့။

၁၉။ ယေဟောဝါ၏ဝိညာဉ်တော်သည် ကျွန်ုပ်တို့ကြုံတွေ့နေရသော မည်သည့်စမ်းသပ်မှုကိုမဆို မည်သို့ကိုင်တွယ်ဖြေရှင်းနိုင်စေသနည်း။

၁၉ ယေဟောဝါသည် “ပတ္ထနာစကား [“ဆုတောင်းချက်၊” ကဘ] ကိုနားထောင်တော်မူသောဘုရား” ဖြစ်တော်မူ၏။ (ဆာလံ ၆၅:၂) ဘဝဖိစီးမှုများ မခံမရပ်နိုင်အောင် များလာသောအခါ ကိုယ်တော်အား ရင်ဖွင့်ခြင်းသည် စိတ်သက်သာမှုများစွာ ရရှိစေနိုင်သည်။ (ဖိလိပ္ပိ ၄:၆၊ ၇) ကိုယ်တော်သည် ကျွန်ုပ်တို့ခံနေရသော စမ်းသပ်မှုများကို အံ့ဖွယ်နည်းဖြင့် ဖယ်ရှားပေးတော်မူမည်မဟုတ်သော်လည်း ကျွန်ုပ်တို့၏နှလုံးပါပါဆုတောင်းချက်များကို နားညောင်းတော်မူသည့်အနေဖြင့် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ဉာဏ်ပညာပေးသနားပါမည်။ (ယာကုပ် ၁:၅၊ ၆) ထိုထက်မက ယေဟောဝါသည် တောင်းလျှောက်သူတို့ကို သန့်ရှင်းသောဝိညာဉ်တော် ပေးသနားတော်မူ၏။ (လုကာ ၁၁:၁၃) ထိုတန်ခိုးပါသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ကြုံတွေ့နေရသော မည်သည့်စမ်းသပ်မှု၊ မည်သည့်ပြဿနာကိုမဆို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ကူညီပေးပေမည်။ မဝေးတော့သည့် ကမ္ဘာသစ်တွင် ထိခိုက်နာကျင်စေသော ပြဿနာအားလုံးကို ယေဟောဝါဖယ်ရှားပေးချိန်အထိ ထိုဝိညာဉ်တော်သည် ခံနိုင်ရည်ရှိရန် “သာမန်ထက်ထူးကဲသောတန်ခိုး” ကို ကျွန်ုပ်တို့အပေါ် သက်ရောက်စေနိုင်၏။—၂ ကောရိန္သု ၄:၇ကဘ။

၂၀။ ကျွန်ုပ်တို့၏ယုံကြည်သူချင်းတို့မှတစ်ဆင့် ယေဟောဝါ၏ကာကွယ်နိုင်စွမ်း မည်သို့ထင်ရှားသနည်း။

၂၀ တစ်ခါတစ်ရံ ကျွန်ုပ်တို့၏ဝတ်ပြုသူချင်းတို့မှတစ်ဆင့် ယေဟောဝါ၏ကာကွယ်နိုင်စွမ်း ထင်ရှားသည်။ ယေဟောဝါသည် ကမ္ဘာချီ “ညီအစ်ကိုများအသင်းအပင်း” အတွင်း ကိုယ်တော်၏လူတို့ကို စုရုံးထားတော်မူသည်။ (၁ ပေတရု ၂:၁၇ကဘ; ယောဟန် ၆:၄၄) မေတ္တာရှိသော အဆိုပါညီအစ်ကိုအသင်းအပင်းတွင် လူတို့ကို ကောင်းမွန်စွာ ဩဇာလွှမ်းမိုးသည့် ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်တန်ခိုး၏ သက်ရှိသက်သေများကို ကျွန်ုပ်တို့ တွေ့မြင်နေကြရ၏။ ထိုဝိညာဉ်တော်သည် ကျွန်ုပ်တို့တွင် မေတ္တာ၊ သနားကြင်နာမှုနှင့် ကောင်းမြတ်ခြင်းအပါအဝင် နှစ်လို့ဖွယ် တန်ဖိုးရှိအရည်အသွေးများကို သီးပွင့်စေသည်။ (ဂလာတိ ၅:၂၂၊ ၂၃) ထို့ကြောင့် ကျွန်ုပ်တို့သည် စိတ်ပူပန်နေချိန်တွင် ယုံကြည်သူချင်းတစ်ဦးက အကူအညီဖြစ်စေသော အကြံဉာဏ်ပေးမည်၊ သို့မဟုတ် အလွန်လိုအပ်နေသော အားပေးစကားပြောလှာမည်ဆိုလျှင် ယေဟောဝါ၏ကာကွယ်စောင့်မမှုဆိုင်ရာ ထိုစကားများအတွက် ကိုယ်တော်ကို ကျေးဇူးတင်နိုင်ကြပါသည်။

၂၁။ (က) ယေဟောဝါသည် “သစ္စာနှင့်သတိပညာရှိကျေးကျွန်” မှတစ်ဆင့် အဘယ်အချိန်တန်ဝိညာဉ်အစာကို ပြင်ဆင်ပေးတော်မူသနည်း။ (ခ) ကျွန်ုပ်တို့အား ဝိညာဉ်ရေးအရကာကွယ်ပေးရန် ယေဟောဝါ၏ပြင်ဆင်ပေးချက်များမှ သင်ကိုယ်တိုင် မည်သို့အကျိုးကျေးဇူး ခံစားခဲ့ရသနည်း။

၂၁ ကျွန်ုပ်တို့ကို ကာကွယ်ပေးရန် ယေဟောဝါပြင်ဆင်ပေးတော်မူသော အခြားအရာတစ်ခုမှာ အချိန်တန်ဝိညာဉ်အစာဖြစ်သည်။ ယေဟောဝါသည် ကိုယ်တော်၏နှုတ်ကပါဌ်တော်မှ ကျွန်ုပ်တို့ ခွန်အားရရှိစေရန် ဝိညာဉ်အစာကို ဖြန့်ဖြူးပေးဝေဖို့ “သစ္စာနှင့်သတိပညာရှိကျေးကျွန်” ကို တာဝန်အပ်နှင်းထားသည်။ ဤသစ္စာရှိကျေးကျွန်သည် ‘အချိန်တန်ဝိညာဉ်အစာ’ ဖြစ်သည့် ကျွန်ုပ်တို့လိုအပ်သောအရာကို လိုအပ်သည့်အချိန်တွင် ကင်းမျှော်စင်နှင့် နိုးလော့! မဂ္ဂဇင်းများအပါအဝင် အခြားပုံနှိပ်ထုတ်ဝေသော စာအုပ်စာတမ်းများနှင့် အစည်းအဝေးများ၊ စည်းဝေးပွဲ၊ စည်းဝေးကြီးများမှတစ်ဆင့် ပေးကမ်းသည်။ (မဿဲ ၂၄:၄၅ကဘ) ခရစ်ယာန်အစည်းအဝေးတစ်ခုတွင် စကားတစ်ခွန်းမှ၊ ဟောပြောချက်တစ်ခုမှ၊ ဆုတောင်းချက်တစ်ရပ်မှပင် မိမိတကယ့်လိုအပ်နေသော ခွန်အားရှိစကားများကို သင်ကြားခဲ့ဖူးပါသလော။ ကျွန်ုပ်တို့၏ဂျာနယ်တစ်စောင်စောင်တွင် ပုံနှိပ်ထုတ်ဝေခဲ့သော အကြောင်းတစ်ခုခုသည် သင့်ဘဝကို ထိမိခဲ့ဖူးပါသလော။ ယေဟောဝါသည် ကျွန်ုပ်တို့ကို ဝိညာဉ်ရေးအရ ကာကွယ်ပေးရန် ဤပြင်ဆင်ချက်အားလုံးကို စီမံပေးတော်မူကြောင်း သတိရပါ။

၂၂။ ယေဟောဝါသည် ကိုယ်တော်၏တန်ခိုးတော်ကို အမြဲတစေ အဘယ်နည်းဖြင့်အသုံးပြုတော်မူသနည်း၊ ထိုသို့ပြုခြင်းက ကျွန်ုပ်တို့၏အကောင်းဆုံးအကျိုးအတွက် အဘယ်ကြောင့်ဖြစ်သနည်း။

၂၂ ယေဟောဝါသည် ကိုယ်တော်၌ “ခိုလှုံသောသူအပေါင်းတို့အဖို့” ဒိုင်းလွှား အမှန်ပင် ဖြစ်တော်မူ၏။ (ဆာလံ ၁၈:၃၀သမ္မာ) ယခု ဘေးအန္တရာယ်ရှိရှိသမျှမှ ကျွန်ုပ်တို့ကိုကာကွယ်ပေးရန် ဘုရားသခင်၏တန်ခိုးတော်ကို ကိုယ်တော်အသုံးပြုတော်မမူကြောင်း ကျွန်ုပ်တို့နားလည်ထားကြသည်။ သို့သော် ရည်ရွယ်တော်မူချက် အမှန်တကယ်အကောင်အထည်ပေါ်ရန် ကိုယ်တော်၏ကာကွယ်နိုင်စွမ်းကို အမြဲတစေအသုံးပြုတော်မူသည်။ ထိုသို့ပြုခြင်းက နောက်ဆုံးတွင် ကိုယ်တော့်လူတို့၏ အကောင်းဆုံးအကျိုးအတွက်သာဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုယ်တော့်ထံချဉ်းကပ်၍ ကိုယ်တော်၏မေတ္တာတော်၌ တည်မြဲတည်နေမည်ဆိုလျှင် ယေဟောဝါသည် ကျွန်ုပ်တို့ကို စုံလင်သောအသက်တာ ထာဝစဉ်ပေးသနားတော်မူမည်။ ထိုအလားအလာကို စိတ်ထဲစွဲမှတ်ထားခြင်းအားဖြင့် ဤအစီအစဉ်စနစ်၌ မည်သည့်ဆင်းရဲဒုက္ခကိုပင်ခံရပါစေ ၎င်းကို “ခဏခံရ၍ပေါ့ပါးသော” အရာအဖြစ် ကျွန်ုပ်တို့ရှုမှတ်နိုင်ကြပေမည်။—၂ ကောရိန္သု ၄:၁၇၊ ၁၈