မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၈

ပြန်လည်ထူထောင်ပေးနိုင်စွမ်းတန်ခိုး—ယေဟောဝါသည် “အရာခပ်သိမ်းကို အသစ်ပြုလုပ်မည်” “အရာခပ်သိမ်းကို အသစ်ပြုလုပ်မည်”

ပြန်လည်ထူထောင်ပေးနိုင်စွမ်းတန်ခိုး—ယေဟောဝါသည် “အရာခပ်သိမ်းကို အသစ်ပြုလုပ်မည်” “အရာခပ်သိမ်းကို အသစ်ပြုလုပ်မည်”

၁၊ ၂။ ယနေ့ လူ့မိသားစုကို အဘယ်ဆုံးရှုံးမှုများက နှိပ်စက်နေသနည်း၊ ၎င်းတို့သည် ကျွန်ုပ်တို့အား မည်သို့ထိခိုက်သနည်း။

ကလေးငယ်တစ်ဦးသည် သူနှစ်သက်လှသော ကစားစရာတစ်ခု ပျောက်သွား၍ သို့မဟုတ် ကျိုးသွား၍ ဝမ်းနည်းကြေကွဲစွာ အော်ဟစ်ငိုကြွေးလေသည်။ ထိုငိုကြွေးသံမှာ အလွန်စိတ်ထိခိုက်စရာပင်! သို့သော် ပျောက်ဆုံးရာကို မိဘတစ်ဦးက ပြန်တွေ့၍ပေးသောအခါ ကလေး၏မျက်နှာ ဝင်းပသွားသည်ကို သင်မြင်တွေ့ဖူးသလော။ ကစားစရာကိုပြန်တွေ့ခြင်း သို့မဟုတ် ပြန်ပြင်ပေးနိုင်ခြင်းသည် မိဘအတွက် အသေးအဖွဲကိစ္စသာဖြစ်ပေမည်။ သို့သော် ကလေးငယ်မှာမူ အံ့ဩတကြီးဖြစ်ပြီး ပြုံးရွှင်နေလေတော့သည်။ လုံးဝဆုံးရှုံးလိုက်ရပြီဟု ထင်ရသောအရာကို ပြန်ရရှိလေပြီ!

အကောင်းဆုံးဖခင် ယေဟောဝါသည် ကိုယ်တော်၏မြေကြီး သားသမီးများက လုံးလုံးပျောက်ဆုံးသွားပြီဟု ယူမှတ်ထားရာကို ပြန်ရရှိစေနိုင်တော်မူ၏။ ဤတွင် ကစားစရာကို ကျွန်ုပ်တို့ ဆိုလိုနေခြင်းမဟုတ်ပေ။ ဤ “ခဲယဉ်းသောကာလ” တွင် ထိုထက်သာ၍များစွာအရေးပါသောဆုံးရှုံးမှုများ ရှိကြသည်။ (၂ တိမောသေ ၃:၁-၅) လူအများ တန်ဖိုးထားလေ့ရှိသည့် နေအိမ်၊ ပစ္စည်းဥစ္စာ၊ အလုပ်အကိုင်နှင့် ကျန်းမာရေးပင်လျှင် မကြုံစဖူး ဘေးကြုံတွေ့နေပုံရ၏။ ဝန်းကျင်ပျက်သုန်းမှုကြောင့် သက်ရှိမျိုးစိတ်များစွာ မျိုးသုဉ်းခြင်းကိစ္စကို စေ့စေ့ဆင်ခြင်ကြည့်က ကျွန်ုပ်တို့ ကြောက်ရွံ့ထိတ်လန့်သွားပေမည်။ သို့သော် ကျွန်ုပ်တို့ချစ်မြတ်နိုးရသူတစ်ဦး သေဆုံးသွားခြင်းလောက် အထိနာသည့်အရာမရှိချေ။ ဆုံးရှုံးခြင်းနှင့် ဘာမျှမတတ်နိုင်ခြင်း ခံစားချက်တို့က မခံမရပ်နိုင်အောင် ဖြစ်စေနိုင်သည်။—၂ ဓမ္မရာဇဝင် ၁၈:၃၃

၃။ တမန်တော် ၃:၂၁ တွင် အဘယ်ဖြစ်နိုင်ခြေရှိ နှစ်သိမ့်ဖွယ်ရာကို အကြမ်းဖျင်းဖော်ပြထားသနည်း၊ ၎င်းကို အဘယ်နည်းဖြင့် ယေဟောဝါပြီးမြောက်စေတော်မူမည်နည်း။

သို့ဖြစ်၍ ယေဟောဝါ၌ ပြန်လည်ထူထောင်ပေးနိုင်စွမ်းရှိကြောင်း သိရခြင်းက အမှန်တကယ်စိတ်သက်သာရာရစေသည်တကား! ကျွန်ုပ်တို့ တွေ့ရှိကြရမည့်အတိုင်း ဘုရားသခင်တတ်နိုင်တော်မူရာများနှင့် ကိုယ်တော့်မြေကြီးသားသမီးများအတွက် ပြန်လည်ထူထောင်ပေးမည့်အရာများသည် အံ့သြဖွယ်ကောင်းလောက်အောင် ကျယ်ပြန့်များပြားလှပေသည်။ အမှန်တွင်၊ ယေဟောဝါသည် “အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်” ရန်ရည်ရွယ်တော်မူကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။ (တမန်တော် ၃:၂၁) ယင်းကို ပြီးမြောက်စေရန် ယေဟောဝါသည် သားတော်ယေရှုခရစ်အုပ်စိုးသည့် မေရှိယနိုင်ငံတော်ကို အသုံးပြုတော်မူမည်။ ဤနိုင်ငံတော်သည် ကောင်းကင်တွင် ၁၉၁၄ ခုနှစ်က စတင်အုပ်စိုးကြောင်း သက်သေသာဓကများရှိသည်။ * (မဿဲ ၂၄:၃-၁၄) အဘယ်အရာ ပြန်လည်ထူထောင်လာမည်နည်း။ ပြန်လည်ထူထောင်ခြင်းဆိုင်ရာ ယေဟောဝါ၏ ခမ်းနားမြင့်မြတ်သောလုပ်ရပ်အချို့ကို သုံးသပ်ကြည့်ကြစို့။ ၎င်းတို့အထဲမှ တစ်ခုကို ကျွန်ုပ်တို့ တွေ့မြင်ခံစားနေကြရပြီ။ အခြားအရာများမှာမူ အနာဂတ်တွင် အကြီးစားဖြစ်ပျက်လာမည်။

စင်ကြယ်သောဝတ်ပြုရေးကို ပြန်လည်ထူထောင်ခြင်း

၄၊ ၅။ ဘီ.စီ.အီး. ၆၀၇ ခုနှစ်တွင် ဘုရားသခင့်လူမျိုးသည် အဘယ်အရေးကြုံခဲ့ရသနည်း၊ ယေဟောဝါသည် သူတို့ကို အဘယ်မျှော်လင့်ချက်ပေးတော်မူသနည်း။

ယေဟောဝါ တည်ထောင်နှင့်ပြီးဖြစ်သောအရာတစ်ခုမှာ စင်ကြယ်သောဝတ်ပြုရေးဖြစ်သည်။ ၎င်း၏အဓိပ္ပာယ်ကို သဘောပေါက်နားလည်ရန် ယုဒနိုင်ငံ၏သမိုင်းကို အကျဉ်းချုပ်ဆန်းစစ်ကြည့်ကြစို့။ ဤသို့ပြုခြင်းဖြင့် ယေဟောဝါသည် ပြန်လည်ထူထောင်နိုင်စွမ်းကို မည်သို့အသုံးပြုခဲ့ကြောင်း စိတ်လှုပ်ရှားဖွယ်ရာ ထိုးထွင်းသိမြင်စေပါလိမ့်မည်။—ရောမ ၁၅:၄

ယေရုရှလင်မြို့ဖျက်ဆီးခံခဲ့ရသည့် ဘီ.စီ.အီး. ၆၀၇ ခုနှစ်တွင် သစ္စာရှိဂျူးများ မည်သို့ခံစားရမည်ကို စဉ်းစားကြည့်ပါ။ သူတို့မြတ်နိုးသောမြို့တော်သည် ပျက်စီးသွားပြီး မြို့ရိုးများဖြိုဖျက်ခံရ၏။ သာ၍ဆိုးသည်မှာ ယေဟောဝါ၏စင်ကြယ်သောဝတ်ပြုရေးအတွက် ကမ္ဘာတစ်ဝန်းတွင် တစ်ခုတည်းသောစုဝေးရာနေရာဖြစ်သည့် ရှောလမုန်တည်ဆောက်ခဲ့သော ဘုန်းထွန်းတောက်သည့် ဗိမာန်တော်သည် ပျက်ယွင်းလျက်ရှိသည်။ (ဆာလံ ၇၉:၁) မသေဘဲကျန်ရစ်သူများကို ဗာဗုလုန်၌ ပြည်နှင်ခံများအဖြစ်ခေါ်ဆောင်သွားခဲ့ရာ သူတို့၏နေရပ်ဌာနေသည် သားရဲများကျက်စားရာ၊ လူသူကင်းမဲ့ရာနေရာဖြစ်လေတော့သည်။ (ယေရမိ ၉:၁၁) လူ့ရှုထောင့်မှကြည့်လျှင် အားလုံးဆုံးရှုံးသွားပြီဖြစ်သည်။ (ဆာလံ ၁၃၇:၁) သို့သော် ကြာမြင့်စွာကတည်းက ဤဖျက်ဆီးခြင်းကို တင်ကူးမိန့်တော်မူခဲ့သောအရှင် ယေဟောဝါက ပြန်လည်ထူထောင်ရာကာလကို မျှော်လင့်စေခဲ့သည်။

၆-၈။ (က) ဟေဗြဲပရောဖက်များ၏ကျမ်းစောင်များတွင် အဘယ်အဓိကအချက်ကို ထပ်ခါတလဲတွေ့ရှိရသနည်း၊ ထိုပရောဖက်ပြုချက်များသည် ဦးဆုံး မည်သို့ပြည့်စုံခဲ့သနည်း။ (ခ) မျက်မှောက်ခေတ်တွင် ဘုရားသခင့်လူမျိုးသည် ပြန်လည်ထူထောင်ခြင်းဆိုင်ရာ ပရောဖက်ပြုချက်များ၏ ပြည့်စုံချက်တစ်ရပ်ကို မည်သို့ကြုံတွေ့ခဲ့ရပြီနည်း။

အမှန်မှာ၊ ဟေဗြဲပရောဖက်များ၏ကျမ်းစောင်များတွင် ပြန်လည်ထူထောင်ခြင်းအကြောင်း ထပ်ခါတလဲဖော်ပြထားသည်။ * ယေဟောဝါသည် နိုင်ငံတော်ကို ပြန်လည်ထူထောင်ပြီး စည်ပင်ဝပြောစေမည့်အကြောင်း၊ မြေသြဇာကောင်းစေ၍ သားရဲနှင့် ရန်သူတို့၏လက်မှ ကာကွယ်ပေးမည်ဖြစ်ကြောင်း ထိုပရောဖက်များမှတစ်ဆင့် ကတိပေးတော်မူသည်။ ပြန်လည်ထူထောင်ထားသည့် သူတို့၏နိုင်ငံကို ပရဒိသုသဖွယ် ကိုယ်တော်ဖော်ပြထားခဲ့သည်! (ဟေရှာယ ၆၅:၂၅; ယေဇကျေလ ၃၄:၂၅; ၃၆:၃၅) ထိုထက်ကား စင်ကြယ်သောဝတ်ပြုရေး ပြန်လည်ထူထောင်လာမည်ဖြစ်၍ ဗိမာန်တော်ကိုလည်း ပြန်ဆောက်ကြမည်ဖြစ်သည်။ (မိက္ခာ ၄:၁-၅) ဤပရောဖက်ပြုချက်များက ပြည်နှင်ခံဂျူးများကို မျှော်လင့်ချက်ပေး၍ ဗာဗုလုန်တွင် အနှစ် ၇၀ ချုပ်နှောင်ခံရခြင်းကို ခံရပ်နိုင်စေခဲ့သည်။

နောက်ဆုံးတွင် ပြန်လည်ထူထောင်ချိန် ရောက်လာလေသည်။ ဗာဗုလုန်မှ လွတ်မြောက်လာခဲ့ကြပြီဖြစ်ရာ ဂျူးတို့သည် ယေရုရှလင်မြို့သို့ပြန်လာကြပြီး ယေဟောဝါ၏ဗိမာန်တော်ကို ထိုတွင်ပြန်တည်ဆောက်ကြ၏။ (ဧဇရ ၁:၁၊ ၂) စင်ကြယ်သောဝတ်ပြုရေးကို သူတို့ဆည်းကပ်သရွေ့ကာလပတ်လုံး သူတို့ကို ယေဟောဝါကောင်းချီးပေး၍ သူတို့၏မြေကို မြေသြဇာကောင်းစေပြီး ကြီးပွားစေခဲ့သည်။ ရန်သူများနှင့် သူတို့၏ပြည်တွင် ဆယ်စုနှစ်များစွာချီ၍ရှိခဲ့သော သားရိုင်းတိရစ္ဆာန်များရန်မှ သူတို့ကို ကာကွယ်ပေးတော်မူခဲ့၏။ ယေဟောဝါသည် ပြန်လည်ထူထောင်ပေးနိုင်စွမ်းရှိတော်မူသောကြောင့် သူတို့တကယ်ဝမ်းမြောက်ခဲ့ကြမည်ဖြစ်ခြင်း! သို့သော် ထိုဖြစ်ရပ်များသည် ပြန်လည်ထူထောင်ခြင်း ပရောဖက်ပြုချက်များ၏ အစအဦးသာဖြစ်၍ အကန့်အသတ်မျှသာ ပြည့်စုံခြင်းရှိသေးသည်။ အကြီးစားပြည့်စုံချက်မှာ ကြာမြင့်စွာကတည်းက ကတိထားတော်မူခဲ့သော ဘုရင်ဒါဝိဒ်၏ထီးနန်းဆက်ခံသူ နန်းထိုင်သည့် ကျွန်ုပ်တို့ကိုယ်နှိုက်အချိန် “နောက်ဆုံးသောကာလ၌” ဖြစ်ပျက်လာလိမ့်မည်။—ဟေရှာယ ၂:၂-၄; ဟေရှာယ ၉:၆၊ ၇

၁၉၁၄ ခုနှစ်တွင် ကောင်းကင်၌ ယေရှုနန်းထိုင်ပြီး များမကြာမီအချိန်တွင် မြေကြီးပေါ်ရှိ ဘုရားသခင့်သစ္စာရှိလူမျိုး၏ ဝိညာဉ်ရေးလိုအပ်ရာများကို ကိုယ်တော်အာရုံပြုခဲ့သည်။ ပါရှန်းလူမျိုး အောင်ပွဲခံသူကုရုသည် ဘီ.စီ.အီး. ၅၃၇ ခုနှစ်တွင် ဗာဗုလုန်နိုင်ငံမှ ဂျူးလူမျိုးအကြွင်းအကျန်ကို လွတ်မြောက်စေခဲ့သည့်နည်းတူ ယေရှုသည် မိမိ၏တပည့်နောက်လိုက်ဖြစ်ကြသော ဝိညာဏဂျူးအကြွင်းအကျန်ကို မျက်မှောက်ခေတ်ဗာဗုလုန်၊ မှောက်မှားသောကမ္ဘာ့ဘာသာရေးအင်ပါယာမှ လွတ်မြောက်စေခဲ့သည်။ (ရောမ ၂:၂၉; ဗျာဒိတ် ၁၈:၁-၅) ၁၉၁၉ ခုနှစ်မှစ၍ စင်ကြယ်သောဝတ်ပြုရေးသည် စစ်မှန်သောခရစ်ယာန်များ၏ ဘဝအသက်တာတွင် ယင်း၏တော်မှန်သောနေရာ၌ ပြန်လည်ထူထောင်လျက်ရှိပြီ။ (မာလခိ ၃:၁-၅) ထိုအချိန်ကတည်းက ယေဟောဝါ၏လူမျိုးသည် စင်ကြယ်သောဝတ်ပြုရေးအတွက် ဘုရားသခင်၏အစီအစဉ်ဖြစ်သည့် သန့်စင်ထားသောဝိညာဏဗိမာန်တွင် ကိုယ်တော်အား ဝတ်ပြုကိုးကွယ်နေကြသည်။ ယင်းသည် ယနေ့ ကျွန်ုပ်တို့အတွက် အဘယ်ကြောင့်အရေးကြီးသနည်း။

ဝိညာဉ်ရေးပြန်လည်ထူထောင်ခြင်း—အဘယ်ကြောင့် အရေးကြီးရ

၉။ တမန်တော်များခေတ်ကုန်ပြီးနောက် ခရစ်ယာန်ဘောင်၏ချာ့ခ်ျများက ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ခြင်းကို မည်သို့ဖြစ်စေခဲ့ကြသနည်း၊ သို့သော် ကျွန်ုပ်တို့ခေတ်တွင် အဘယ်အရာကို ယေဟောဝါပြုတော်မူသနည်း။

သမိုင်းဆိုင်ရာမြင်ကွင်းကို သုံးသပ်ကြည့်ပါ။ လွန်ခဲ့ပြီးသောပထမရာစုရှိ ခရစ်ယာန်များသည် ဝိညာဏကောင်းချီးများစွာ ရရှိခဲ့ကြ၏။ သို့သော် ယေရှုနှင့် တမန်တော်များက စစ်မှန်သောဝတ်ပြုရေးသည် ဖောက်ပြန်ပျက်စီးသွား၍ ပျောက်ဆုံးလိမ့်မည်ဟု တင်ကူးဟောထားခဲ့သည်။ (မဿဲ ၁၃:၂၄-၃၀; တမန်တော် ၂၀:၂၉၊ ၃၀) တမန်တော်ခေတ်ကုန်သွားပြီးနောက် ခရစ်ယာန်ဘောင် ပေါ်ထွက်လာ၏။ ယင်း၏တရားဟောဆရာများသည် တိတ္ထိသွန်သင်ချက်များနှင့် အကျင့်ဓလေ့များကို လက်ခံကျင့်သုံးခဲ့ကြ၏။ ဘုရားသခင်ထံ မချဉ်းကပ်နိုင်အောင်လည်း သူတို့ပြုလုပ်ခဲ့ကြသည်၊ ကိုယ်တော့်အား နားမလည်နိုင်အောင် နက်နဲသောသုံးပါးပေါင်းတစ်ဆူဖြစ်စေ၍ ဘုန်းတော်ကြီးများထံ၌ အပြစ်ဖြေရန်၊ ယေဟောဝါထံဆုတောင်းမည့်အစား မာရိနှင့် အခြား “စိန့်” များထံဆုတောင်းရန် လူတို့ကိုသွန်သင်ပေးခဲ့ကြသည်။ ထိုသို့ ရာစုနှစ်များစွာ အယူဖောက်ပြန်ပြီးနောက် ယခု ယေဟောဝါသည် အဘယ်အရာကိုပြုခဲ့ပြီနည်း။ ယနေ့ မှားယွင်းသောဘာသာတရားအယူများ ပြည့်နှက်၍ ဘုရားရေးရာမဆန်သော အကျင့်များနှင့် ညစ်ညမ်းနေသည့် ဤလောကတွင် ကိုယ်တော်သည်ဝင်၍ စင်ကြယ်သောဝတ်ပြုရေးကို ပြန်လည်ထူထောင်ခဲ့ပြီ! ဤပြန်လည်ထူထောင်ခြင်းအမှုသည် မျက်မှောက်ခေတ်တွင် အရေးအပါဆုံးဖြစ်ရပ်တစ်ခုဖြစ်၏ဟု ကျွန်ုပ်တို့ဆိုခြင်းကား ချဲ့ကား၍ပြောဆိုခြင်းမဟုတ်ချေ။

၁၀၊ ၁၁။ (က) ဝိညာဏပရဒိသုတွင် အဘယ်ကဏ္ဍနှစ်ခု ပါဝင်ပတ်သက်သနည်း။ သင်နှင့် မည်သို့ပတ်သက်လာသနည်း။ (ခ) ဝိညာဏပရဒိသုအတွင်းသို့ အဘယ်သူများကို ယေဟောဝါစုသိမ်းခဲ့ပြီနည်း၊ သူတို့သည် အဘယ်အရာကိုတွေ့ခွင့်ရမည်နည်း။

၁၀ ထို့ကြောင့် ယနေ့ စစ်မှန်သောခရစ်ယာန်များသည် ဝိညာဉ်ရေးရာပရဒိသုတွင် မွေ့လျော်နေကြ၏။ ဤပရဒိသုတွင် အဘယ်အရာများ ပါဝင်ပတ်သက်သနည်း။ အဓိကအနေဖြင့် ကဏ္ဍနှစ်ရပ်ပါဝင်သည်။ ပထမတစ်ခုမှာ စစ်မှန်သောဘုရားသခင်၊ ယေဟောဝါ၏ စင်ကြယ်သောဝတ်ပြုရေးဖြစ်သည်။ ကိုယ်တော်သည် လိမ်ညာမှုများနှင့် မှားယွင်းမှုများကင်းစင်သော ဝတ်ပြုနည်းတစ်ခုကို ကျွန်ုပ်တို့အားသိရှိစေသည့် ကောင်းချီးကိုပေးခဲ့ပြီ။ ကျွန်ုပ်တို့ကို ဝိညာဉ်အစာဖြင့် ကောင်းချီးပေးခဲ့ပြီ။ ယင်းက ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်ကို သိကျွမ်းလာစေပြီး ကိုယ်တော်၏စိတ်တော်နှင့်တွေ့ကာ ကိုယ်တော့်ထံချဉ်းကပ်နိုင်စေသည်။ (ယောဟန် ၄:၂၄) ဝိညာဉ်ရေးပရဒိသု၏ ဒုတိယကဏ္ဍတွင် လူများပါဝင်ပတ်သက်၏။ ဟေရှာယတင်ကူးဖော်ပြခဲ့သကဲ့သို့ပင် ယေဟောဝါသည် ဤ “နောက်ဆုံးသောကာလ၌” ကိုယ်တော်အား ဝတ်ပြုကိုးကွယ်သူတို့ကို ငြိမ်သက်ခြင်းနှင့်ဆိုင်သော နည်းလမ်းများကို သွန်သင်ပေးတော်မူခဲ့ပြီ။ ကိုယ်တော်သည် ကျွန်ုပ်တို့စပ်ကြားတွင် စစ်မှုကို ဖယ်ရှားပစ်ပြီ။ ကျွန်ုပ်တို့သည် မစုံလင်ကြသော်လည်း “လူသစ်” ကိုယူတင်ဝတ်ဆောင်နိုင်ရန် ကူညီပေးတော်မူခဲ့ပြီ။ ကျွန်ုပ်တို့၏ကြိုးစားမှုများကို ကောင်းချီးပေး၍ သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းတော်မူသဖြင့် ကျွန်ုပ်တို့သည် ကောင်းမြတ်လှသောအရည်အချင်းများ သီးပွင့်လာနိုင်ကြသည်။ (ဧဖက် ၄:၂၂-၂၄; ဂလာတိ ၅:၂၂၊ ၂၃) ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်နှင့်အညီ သင်လုပ်ဆောင်သောအခါ သင်သည် ဝိညာဉ်ရေးပရဒိသု၏တစ်စိတ်တစ်ပိုင်း အမှန်ပင်ဖြစ်လာလေသည်။

၁၁ ယေဟောဝါသည် ဤဝိညာဉ်ရေးပရဒိသုထဲသို့ ကိုယ်တော်ချစ်မြတ်နိုးသူများဖြစ်သည့် ကိုယ်တော့်အားချစ်၍ ငြိမ်သက်ခြင်းကို မြတ်နိုးသူများနှင့် “ဝိညာဉ်ရေးတွင် မိမိတို့လိုလျက်နေကြောင်း သတိပြုသူများ” ကို စုသိမ်းတော်မူ၏။ (မဿဲ ၅:၃ကဘ) ဤသို့သောသူတို့သည် လူသားများနှင့် မြေကြီးတစ်ခွင်လုံးတွင်ရှိမည့် သာ၍ခမ်းနားထည်ဝါသော ပြန်လည်ထူထောင်ခြင်းကို ကိုယ်တိုင်တွေ့ခွင့်ရကြလိမ့်မည်။

“ကြည့်ရှုလော့၊ ငါသည် အရာခပ်သိမ်းကို အသစ်ပြုပြင်မည်”

၁၂၊ ၁၃။ (က) ပြန်လည်ထူထောင်ခြင်း ပရောဖက်ပြုချက်များသည် အဘယ်ကြောင့် နောက်ထပ်ပြည့်စုံရဦးမည်နည်း။ (ခ) ဧဒင်တွင် မိန့်တော်မူသကဲ့သို့ ကမ္ဘာမြေကြီးအတွက် ယေဟောဝါ၏ရည်ရွယ်တော်မူချက်ကား အဘယ်နည်း၊ ယင်းက အနာဂတ်အတွက်မျှော်လင့်ချက် အဘယ်ကြောင့်ရှိစေသနည်း။

၁၂ ပြန်လည်ထူထောင်ခြင်းဆိုင်ရာ ပရောဖက်ပြုချက်အများစုမှာ ဝိညာဉ်ရေးအရ ပြန်လည်ထူထောင်ခြင်းထက်မက ဖြစ်ဖို့ရှိသည်။ ဥပမာ၊ ဟေရှာယက ဖျားနာသူ၊ ခြေဆွံ့သူ၊ မျက်စိကန်းသူနှင့် နားပင်းသူတို့သည် အနာရောဂါငြိမ်းပြီး သေခြင်းပင် ထာဝစဉ်ပပျောက်သွားမည့်အချိန်အကြောင်း ရေးသားခဲ့သည်။ (ဟေရှာယ ၂၅:၈; ၃၅:၁-၇) ရှေးဣသရေလခေတ်က ထိုကတိတော်များသည် စာသားအတိုင်း မပြည့်စုံခဲ့ပါ။ ကျွန်ုပ်တို့ခေတ်တွင် ဤကတိတော်များ ဝိညာဉ်ရေးအရပြည့်စုံသည်ကို တွေ့မြင်နေရပြီဖြစ်သော်လည်း အနာဂတ်တွင် စာသားအတိုင်းပင် အကြွင်းမဲ့ပြည့်စုံလာမည်ကို တွေ့မြင်ရဖို့အကြောင်းရှိသေးသည်။ ယင်းကို ကျွန်ုပ်တို့ မည်သို့သိရှိရသနည်း။

၁၃ ဧဒင်တွင် ယေဟောဝါသည် ကမ္ဘာမြေကြီးအတွက် ကိုယ်တော်၏ရည်ရွယ်ချက်ကို အထင်အရှားဖော်ပြခဲ့သည်၊ ၎င်းတွင် ကျန်းမာပျော်ရွှင်ပြီး စည်းလုံးညီညွတ်သော လူ့မိသားစုနေထိုင်ရန် ဖြစ်သည်။ လူယောက်ျား၊ မိန်းမတို့သည် ကမ္ဘာမြေကြီးနှင့် မြေသတ္တဝါအပေါင်းကို ထိန်းသိမ်းစောင့်ရှောက်ရန်ဖြစ်၍ ကမ္ဘာဂြိုဟ်တစ်ခုလုံးကို ပရဒိသုဖြစ်စေကြရမည်ဖြစ်၏။ (ကမ္ဘာဦး ၁:၂၈) ၎င်းသည် လက်ရှိအခြေအနေနှင့် အခြားကြီးခြားနားနေ၏။ သို့သော် ယေဟောဝါ၏ရည်ရွယ်တော်မူချက်များသည် ဘယ်သောအခါမျှ ပျက်ပြားမည်မဟုတ်ကြောင်း စိတ်ချပါ။ (ဟေရှာယ ၅၅:၁၀၊ ၁၁) မေရှိယနိုင်ငံတော်၏ဘုရင်အဖြစ် ယေဟောဝါခန့်အပ်ထားတော်မူသော ယေရှုသည် ဤကမ္ဘာချီပရဒိသုကို ဖြစ်ပေါ်လာစေလိမ့်မည်။—လုကာ ၂၃:၄၃

၁၄၊ ၁၅။ (က) ယေဟောဝါသည် “ခပ်သိမ်းသောအရာတို့ကို” မည်သို့ “အသစ်ဖန်ဆင်းမည်” နည်း။ (ခ) ပရဒိသုတွင် ဘဝသည် မည်သို့ဖြစ်မည်နည်း၊ အဘယ်ကဏ္ဍကို သင်အကြိုက်ဆုံးနည်း။

၁၄ ကမ္ဘာမြေတစ်ခွင် ပရဒိသုဖြစ်သွားသည်ကို မြင်ယောင်ကြည့်ပါလေ! ထိုအချိန်နှင့်ပတ်သက်၍ ယေဟောဝါက ဤသို့မိန့်တော်မူသည်– “ကြည့်ရှုလော့! ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်။” (ဗျာဒိတ် ၂၁:၅ကဘ) ယင်းက အဘယ်အဓိပ္ပာယ်ရှိကြောင်း သုံးသပ်ကြည့်ပါ။ ဤစနစ်ဆိုးအပေါ် ယေဟောဝါသည် မိမိ၏အဖျက်စွမ်းအားကိုသုံးပြီးနောက် “ကောင်းကင်သစ်နှင့် မြေကြီးသစ်” တည်ရှိလိမ့်မည်။ ဆိုလိုသည်မှာ ယေဟောဝါအားချစ်မြတ်နိုး၍ ကိုယ်တော်၏အလိုတော်ကို ဆောင်ရွက်သူတို့နှင့်ဖွဲ့ထားသည့် မြေကြီးအဖွဲ့အစည်းအသစ်တစ်ခုကို အစိုးရအသစ်တစ်ခုသည် ကောင်းကင်မှအုပ်စိုးလိမ့်မည်။ (၂ ပေတရု ၃:၁၃) စာတန်နှင့် သူ၏နတ်ဆိုးများသည် မလှုပ်ရှားနိုင်သောအဖြစ်သို့ ရောက်ရလိမ့်မည်။ (ဗျာဒိတ် ၂၀:၃) နှစ်ပေါင်းထောင်ချီ၍ လူသားခံခဲ့ရသော ထိုယိုယွင်းပျက်ပြား၊ ရွံမုန်းဖွယ်၊ အကျိုးယုတ်စေသည့် လွှမ်းမိုးမှုမှ ပထမဦးဆုံးအကြိမ် လွတ်ကင်းကြပေတော့မည်။ စိတ်သက်သာမှုခံစားနေကြရမည်မှာ မလွဲပေ။

၁၅ နောက်ဆုံး၌ မူလအစက ရည်ရွယ်ထားသည့်အတိုင်း ကျွန်ုပ်တို့သည် ဤလှပသောကမ္ဘာဂြိုဟ်ကို ပြုစုစောင့်ရှောက်နိုင်ကြပေတော့မည်။ ကမ္ဘာမြေသည် သဘာဝအလျောက် ပြန်လည်ပြုပြင်ပျိုးထောင်နိုင်စွမ်းရှိ၏။ ညစ်ညမ်းမှုရင်းမြစ်ကို ပယ်ရှားလိုက်လျှင် ညစ်ညမ်းသောရေအိုင်များနှင့် မြစ်ချောင်းများသည် ၎င်းတို့ဘာသာ ပြန်လည်သန့်စင်သွားနိုင်သည်; စစ်ပွဲများမရှိတော့လျှင် စစ်ဒဏ်ခံ တောတောင်ရှုခင်းများ နဂိုအတိုင်းပြန်ဖြစ်နိုင်၏။ ဤကမ္ဘာမြေသဘောသဘာဝနှင့်အညီ ၎င်းကို ဥယျာဉ်ပန်းခြံ၊ ကမ္ဘာချီဧဒင်အရပ်ဖြစ်စေရန် လုပ်ဆောင်ရခြင်းသည် တကယ်ပင်နှစ်ထောင်းအားရစရာ ဖြစ်ပေလိမ့်မည်! တိရစ္ဆာန်နှင့် အပင်မျိုးစိတ်များကို အရမ်းကာရော မျိုးသုဉ်းဖျက်ဆီးပစ်မည့်အစား လူတို့သည် ဖန်ဆင်းထားလေသမျှနှင့် ငြိမ်းချမ်းနေလိမ့်မည်။ ကလေးငယ်များပင် တောရိုင်းတိရစ္ဆာန်များကို ကြောက်တော့မည်မဟုတ်။—ဟေရှာယ ၉:၆၊ ၇; ၁၁:၁-၉

၁၆။ ပရဒိသုတွင် သစ္စာတည်ကြည်သူတစ်ဦးချင်းစီအပေါ် အဘယ်ပြန်လည်ထူထောင်ခြင်းအကျိုး သက်ရောက်လိမ့်မည်နည်း။

၁၆ ကျွန်ုပ်တို့တစ်ဦးချင်းစီအနေဖြင့်လည်း အသစ်တစ်ဖန် ပြုပြင်ခံရကြလိမ့်မည်။ အာမဂေဒုန်ပြီးနောက် ကပ်ကျော်သူတို့သည် ကမ္ဘာတစ်ဝန်းတွင် အံ့ဖွယ်နည်းဖြင့် ကုသပျောက်ကင်းခြင်းများကို တွေ့မြင်ကြရလိမ့်မည်။ မြေကြီးပေါ် ယေရှုသက်တော်ထင်ရှားခဲ့စဉ်ကကဲ့သို့ ကိုယ်တော်သည် ဘုရားပေးတန်ခိုးတော်ဖြင့် မျက်စိကန်းသူတို့ကို စက္ခုအာရုံပြန်မြင်စေမည်၊ နားပင်းသူတို့ကို ပြန်ကြားစေမည်၊ ခြေဆွံ့သူတို့နှင့် မကျန်းမာသူတို့ကို ပြန်ကောင်းလာစေလိမ့်မည်။ (မဿဲ ၁၅:၃၀) အသက်ကြီးရင့်သူများလည်း လူငယ့်ခွန်အား တစ်ဖန်ပြန်ရရှိ၍ ကျန်းမာသန်စွမ်းမည်ဖြစ်သောကြောင့် အားရဝမ်းသာကြလိမ့်မည်။ (ယောဘ ၃၃:၂၅) ပါးရေမတွန့်တော့ဘဲ ခြေလက်အင်္ဂါများ ပြန်ဖြောင့်တန်းလာကာ ကြွက်သားများ ပြန်သန်မာလာပေလိမ့်မည်။ သစ္စာတည်ကြည်သူ လူသားအားလုံးသည် အပြစ်နှင့် မစုံလင်မှု၏ဆိုးကျိုးများ တဖြည်းဖြည်းလျော့နည်း ပျောက်ကွယ်သွားသည်ကို တွေ့မြင်ခံစားကြရလိမ့်မည်။ ယေဟောဝါဘုရားသခင်၏ အံ့ဖွယ်ရာ ပြန်လည်ထူထောင်ပေးနိုင်စွမ်းတန်ခိုးအတွက် ကိုယ်တော်အား ကျွန်ုပ်တို့ အမှန်တကယ်ကျေးဇူးတင်လိမ့်မည်ဖြစ်ခြင်း! ပြန်လည်ထူထောင်ရာ ဤစိတ်လှုပ်ရှားဖွယ်ကာလ၏ အထူးဝမ်းသာအားရစရာ ကဏ္ဍတစ်ခုကို ယခု ကျွန်ုပ်တို့အာရုံစိုက်ကြစို့။

လူသေများကို ပြန်အသက်ရှင်စေခြင်း

၁၇၊ ၁၈။ (က) ယေရှုသည် ဇဒ္ဒုကဲများကို အဘယ်ကြောင့် ပြင်းပြင်းထန်ထန်ဆုံးမခဲ့သနည်း။ (ခ) အဘယ်အခြေအနေက ယေဟောဝါအား ရှင်ပြန်ထမြောက်ခြင်းကိုဆောင်ရွက်ပေးပါရန် ဧလိယတောင်းဆိုဖို့ အကြောင်းပေါ်စေခဲ့သနည်း။

၁၇ စီ.အီး. ပထမရာစုက ဇဒ္ဒုကဲဟုခေါ်သော ဘာသာရေးခေါင်းဆောင်အချို့သည် ရှင်ပြန်ထမြောက်ခြင်းကို မယုံကြည်ခဲ့ကြချေ။ ယေရှုက သူတို့ကို ဤသို့ပြင်းပြင်းထန်ထန် ပြစ်တင်ဆုံးမခဲ့သည်– “သင်တို့သည် ကျမ်းစာကိုနားမလည်၊ ဘုရားသခင်၏တန်ခိုးတော်ကိုမသိသောကြောင့် မှားသောအယူကိုယူကြ၏။” (မဿဲ ၂၂:၂၉) မှန်ပါသည်၊ ယေဟောဝါ၌ ထိုသို့သော ပြန်လည်ထူထောင်ပေးနိုင်စွမ်းတန်ခိုးရှိကြောင်း သမ္မာကျမ်းစာကဖော်ပြသည်။ မည်သို့နည်း။

၁၈ ဧလိယခေတ်က အဖြစ်အပျက်ကို ပုံဖော်ကြည့်ပါ။ မုဆိုးမတစ်ဦးသည် မိမိ၏တစ်ဦးတည်းသောသား၏ ပျော့ခွေနေသောကိုယ်ခန္ဓာကို ပွေ့ဖက်ထားသည်။ ထိုသားကလေးမှာ သေနေ၏။ အတန်ကြာပင် မုဆိုးမ၏ဧည့်သည်ဖြစ်ခဲ့သူ ပရောဖက်ဧလိယသည် အလွန်ထိတ်လန့်သွားခဲ့ပေမည်။ သူသည် ငတ်မွတ်ခေါင်းပါးခြင်းဘေးမှ ဤကလေးကို ကယ်ဆယ်ခဲ့ဖူးသည်။ ဖြစ်တန်ရာမှာ ဧလိယသည် ထိုသူငယ်အပေါ် သံယောဇဉ်ငြိတွယ်နေပေမည်။ မိခင်ဖြစ်သူသည် နှလုံးကြေကွဲလျက်ရှိခဲ့၏။ ဤသူငယ်ကလေးသည် သူ့အတွက် ကွယ်လွန်သူ ခင်ပွန်းနှင့်ပတ်သက်သည့် တစ်ခုတည်းသော သက်ရှိအမှတ်ရစရာဖြစ်သည်။ မိမိအသက်ကြီးသည့်အခါ သားသည် မိမိကိုပြန်ကြည့်ရှုလိမ့်မည်ဟု သူမျှော်လင့်ခဲ့ပေမည်။ စိတ်ကယောက်ကယက်ဖြင့် မုဆိုးမက အတိတ်တွင်မိမိပြုမိသော အမှားတစ်ခုခုကြောင့် အပြစ်ဒဏ်ပေးခံရ၏ဟု ယူမှတ်နေသည်။ ထိုပူဆွေးဝမ်းနည်းမှုအပေါ် ၎င်းအတွေးမျိုး ထပ်ဆင့်ခြင်းကို ဧလိယမတွေးဝံ့ပေ။ ထိုအခါ ဧလိယသည် မိခင်၏ရင်ခွင်မှ ရုပ်အလောင်းကို အသာအယာလှမ်းယူလိုက်ပြီး မိမိ၏အခန်းသို့ ချီဆောင်သွားကာ ကလေး၏စိုးလ် သို့မဟုတ် အသက်ကို ပြန်သွင်းပေးရန် ယေဟောဝါဘုရားသခင်ထံ သူတောင်းဆိုခဲ့သည်။—၃ ဓမ္မရာဇဝင် ၁၇:၈-၂၁

၁၉၊ ၂၀။ (က) ယေဟောဝါ၏ပြန်လည်ထူထောင်ပေးနိုင်စွမ်းကို အာဗြဟံယုံကြည်အားထားကြောင်း မည်သို့ဖော်ပြခဲ့သနည်း၊ ထိုယုံကြည်ခြင်းအတွက် အခြေခံကား အဘယ်နည်း။ (ခ) ဧလိယ၏ယုံကြည်ခြင်းကို ယေဟောဝါ မည်သို့ကောင်းချီးပေးခဲ့သနည်း။

၁၉ ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်သူတို့တွင် ဧလိယသည် ပထမဦးဆုံးသူမဟုတ်ချေ။ လွန်ခဲ့သောရာစုနှစ်များစွာက အာဗြဟံသည် ယေဟောဝါ၌ ထိုသို့သော ပြန်လည်ထူထောင်ပေးနိုင်စွမ်းရှိကြောင်း ယုံကြည်ခဲ့သည်—ယင်းသို့ယုံကြည်ရန်လည်း အကြောင်းကောင်းရှိခဲ့သည်။ အာဗြဟံသည် အသက် ၁၀၀ ရှိ၍ စာရာသည် အသက် ၉၀ ရှိစဉ် ယေဟောဝါသည် သူတို့၏မျိုးပွားနိုင်စွမ်းကို ပြန်ပေးခဲ့ပြီး အံ့ဖွယ်နည်းဖြင့် စာရာအား သားယောက်ျားလေးကို ပဋိသန္ဓေစွဲစေခဲ့သည်။ (ကမ္ဘာဦး ၁၇:၁၇; ၂၁:၂၊ ၃) နောက်ပိုင်းတွင် ထိုသားယောက်ျားလေး အရွယ်ရောက်လာသောအခါ ယေဟောဝါက သားကိုပူဇော်ပေးရန် အာဗြဟံအားတောင်းဆိုခဲ့၏။ အာဗြဟံသည် မိမိ၏ချစ်သားကို ယေဟောဝါ အသက်ပြန်ရှင်စေနိုင်မည်ဟု ယုံကြည်စိတ်ချခဲ့သည်။ (ဟေဗြဲ ၁၁:၁၇-၁၉) ဤမျှထက်သန်သောယုံကြည်ခြင်းကြောင့် အာဗြဟံသည် မိမိသားကိုပူဇော်ရန် တောင်ပေါ်သို့မတက်မီ သူ၏ကျေးကျွန်များကို မိမိနှင့် ဣဇာက်တို့ အတူတကွပြန်လာလိမ့်မည်ဟု အခိုင်အမာပြောခဲ့ခြင်း ဖြစ်ပေမည်။—ကမ္ဘာဦး ၂၂:၅

ကြည့်လော့။ “သင်၏သား အသက်ရှင်ပြီ”!

၂၀ ဣဇာက်ကို ယေဟောဝါ အသက်ချမ်းသာပေးခဲ့သဖြင့် ထိုအချိန်တွင် ရှင်ပြန်ထမြောက်စေရန် မလိုအပ်ခဲ့ချေ။ ဧလိယအဖြစ်တွင်မူ မုဆိုးမ၏သားသည် သေဆုံးနေပြီဖြစ်သည်၊ သို့သော် ကြာရှည်စွာ မသေဆုံးနေရပါ။ ယေဟောဝါသည် သူငယ်ကို ရှင်ပြန်ထမြောက်စေခြင်းအားဖြင့် ပရောဖက်၏ယုံကြည်ခြင်းကို ကောင်းချီးပေးတော်မူခဲ့သည်! ထို့နောက် ဧလိယသည် မမေ့နိုင်ဖွယ် ဤစကားများဖြင့် ထိုသူငယ်ကို မိခင်လက်သို့ပြန်အပ်လေသည်– “ကြည့်လော့။ သင်၏သားအသက်ရှင်ပြီ!”—၃ ဓမ္မရာဇဝင် ၁၇:၂၂-၂၄

၂၁၊ ၂၂။ (က) သမ္မာကျမ်းစာတွင် ရှင်ပြန်ထမြောက်ခြင်းများအကြောင်း မှတ်တမ်းတင်ထားခြင်း၏ရည်ရွယ်ချက်ကား အဘယ်နည်း။ (ခ) ပရဒိသုတွင် အဘယ်အတိုင်းအတာအထိ ရှင်ပြန်ထမြောက်လာကြမည်နည်း၊ မည်သူက လုပ်ဆောင်ပေးမည်နည်း။

၂၁ သို့နှင့် ယေဟောဝါသည် လူတစ်ဦးအား အသက်ပြန်ရှင်စေရန် မိမိ၏အစွမ်းတန်ခိုး အသုံးပြုခြင်းကို သမ္မာကျမ်းစာမှတ်တမ်းတွင် ပထမဦးဆုံးအကြိမ် ကျွန်ုပ်တို့တွေ့ရှိကြရ၏။ နောက်ပိုင်းတွင် ယေဟောဝါသည် ဧလိရှဲ၊ ယေရှု၊ ပေါလု၊ ပေတရုတို့ကိုလည်း လူသေတို့အား အသက်ပြန်ရှင်စေနိုင်စွမ်း ပေးတော်မူခဲ့သည်။ ထိုထမြောက်လာသူတို့သည် နောက်ဆုံးတွင် တစ်ဖန် ပြန်သေသွားကြ၏။ မည်သို့ပင်ဖြစ်စေ ထိုသမ္မာကျမ်းစာမှတ်တမ်းများက ဖြစ်လတ္တံ့သောအံ့ဖွယ်အမှုများကို ကြိုမြင်စေသည်။

၂၂ ပရဒိသုတွင် ယေရှုသည် “ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်း” ဖြစ်သည်ကို သက်သေထူပါလိမ့်မည်။ (ယောဟန် ၁၁:၂၅) သန်းနှင့်ချီ၍ မရေမတွက်နိုင်သောသူများကို ကိုယ်တော်ထမြောက်စေပြီး သူတို့အား မြေကြီးပရဒိသုတွင် ထာဝစဉ်အသက်ရှင်ခွင့်ပေးတော်မူမည်။ (ယောဟန် ၅:၂၈၊ ၂၉) သေခြင်းကြောင့် ကြာမြင့်စွာခွဲခွာခဲ့ကြရသည့် ချစ်မြတ်နိုးရသူမိတ်ဆွေများ၊ ဆွေမျိုးများ ပြန်လည်တွေ့ဆုံ၍ တစ်ဦးကိုတစ်ဦးပွေ့ဖက်ကြရာ မည်မျှဝမ်းသာအားရဖြစ်ကြမည်ကို မြင်ယောင်ကြည့်ပါ! လူသားတစ်ရပ်လုံး ကိုယ်တော်၏ ပြန်လည်ထူထောင်ပေးခြင်းတန်ခိုးတော်အတွက် ယေဟောဝါကို ချီးမွမ်းကြလိမ့်မည်။

၂၃။ ယေဟောဝါ၏တန်ခိုးတော် ဖော်ပြရာ၌ အကြီးမြတ်ဆုံးကား အဘယ်နည်း၊ ယင်းက အနာဂတ်အတွက် ကျွန်ုပ်တို့၏မျှော်လင့်ချက်ကို မည်သို့ အာမခံပေးသနည်း။

၂၃ ထိုမျှော်လင့်ချက်များသည် ခိုင်လုံကြောင်း ခိုင်မာသောအာမခံချက်ကို ယေဟောဝါပေးထားတော်မူသည်။ ကိုယ်တော်၏တန်ခိုးတော်ကို ဖော်ပြရာ၌ အကြီးမြတ်ဆုံးမှာ မိမိ၏သားတော်၊ ယေရှုကို တန်ခိုးကြီးမားသောနာမ်ဝိညာဉ်သားအဖြစ် ရှင်ပြန်ထမြောက်စေ၍ ယေဟောဝါပြီးလျှင် ကိုယ်တော်အား ဒုတိယနေရာ၌ ခန့်အပ်ထားခြင်းဖြစ်သည်။ ရှင်ပြန်ထမြောက်ခဲ့သောယေရှုသည် ရာနှင့်ချီသော မျက်မြင်သက်သေများရှေ့ ကိုယ်ယောင်ထင်ရှားပြခဲ့၏။ (၁ ကောရိန္သု ၁၅:၅၊ ၆) မယုံကြည်သူများအတွက်ပင် ထိုသက်သေသာဓကသည် လုံလောက်သင့်၏။ ယေဟောဝါ၌ ပြန်လည်အသက်ရှင်စေနိုင်သည့် တန်ခိုးတော်ရှိသည်။

၂၄။ ယေဟောဝါသည် လူသေတို့ကို ရှင်ပြန်ထမြောက်စေမည်ဟု ကျွန်ုပ်တို့ အဘယ်ကြောင့်ယုံကြည်စိတ်ချနိုင်သနည်း၊ အဘယ်မျှော်လင့်ချက်ကို ကျွန်ုပ်တို့တစ်ဦးစီ စိတ်စွဲလမ်းနိုင်သနည်း။

၂၄ လူသေတို့ကို အသက်ပြန်ရှင်စေနိုင်သည့်တန်ခိုး ယေဟောဝါ၌ရှိရုံမက အသက်ပြန်ရှင်စေလိုသောဆန္ဒ ရှိတော်မူ၏။ ယေဟောဝါသည် လူသေတို့ကို အသက်ပြန်ရှင်စေရန် အမှန်တကယ်တောင့်တတော်မူကြောင်း သစ္စာရှိသူ ယောဘပြောဆိုရန် မှုတ်သွင်းခံခဲ့ရသည်။ (ယောဘ ၁၄:၁၅သမ္မာ) ပြန်လည်ထူထောင်ပေးနိုင်စွမ်းကို ဤမျှမေတ္တာပါသောနည်းဖြင့် အသုံးပြုရန် စိတ်အားထက်သန်သော ဘုရားသခင်ထံ သင်ချဉ်းကပ်လိုမည်မဟုတ်ပေလော။ သို့သော် သတိရပါ၊ ရှေ့လျှောက် ယေဟောဝါပြုတော်မူမည့် ကြီးမြတ်သောပြန်လည်ထူထောင်ခြင်းလုပ်ငန်းတွင် ရှင်ပြန်ထမြောက်ခြင်းသည် ကဏ္ဍတစ်ရပ်သာဖြစ်သည်။ သင်သည် ယေဟောဝါနှင့် သာ၍ရင်းနှီးလာစဉ် ကိုယ်တော်သည် ‘အရာခပ်သိမ်း အသစ်ပြုလုပ်’ နေခြင်းကို သင်တွေ့မြင်နိုင်သည့် မျှော်လင့်ချက်ရှိကြောင်း အမြဲတစေ စိတ်စွဲလမ်းနေပါလေ။—ဗျာဒိတ် ၂၁:၅

^ အပိုဒ်၊ 3 “အလုံးစုံတို့ကို အသစ်ပြုပြင်တော်မူသောကပ်ကာလ” သည် သစ္စာရှိဘုရင်ဒါဝိဒ်၏အမွေခံသည် ရာဇပလ္လင်တွင် ထီးနန်းဆက်ခံကာ မေရှိယနိုင်ငံတော်တည်ထောင်ခဲ့ချိန်၌ စတင်ခဲ့သည်။ ယေဟောဝါက ဒါဝိဒ်၏ထီးနန်းဆက်ခံသူသည် ထာဝစဉ်အုပ်စိုးလိမ့်မည်ဟု ကတိပြုတော်မူခဲ့၏။ (ဆာလံ ၈၉:၃၅-၃၇) သို့သော် ဘီ.စီ.အီး. ၆၀၇ တွင် ဗာဗုလုန်က ယေရုရှလင်မြို့ကို ဖျက်ဆီးပစ်ပြီးနောက် ဒါဝိဒ်၏မျိုးနွယ်တစ်ဦးမျှ ဘုရားသခင့်ပလ္လင်ပေါ် နန်းမထိုင်တော့ချေ။ ဒါဝိဒ်၏ထီးနန်းဆက်ခံသူတစ်ဦးအဖြစ် မြေကြီးပေါ် မွေးဖွားလာခဲ့သော ယေရှုသည် ကောင်းကင်၌ နန်းတင်ခံရချိန်တွင် ကြာမြင့်စွာကတည်းက ကတိထားခဲ့သည့် ရှင်ဘုရင်ဖြစ်လာလေသည်။

^ အပိုဒ်၊ 6 ဥပမာအနေဖြင့် မောရှေ၊ ဟေရှာယ၊ ယေရမိ၊ ယေဇကျေလ၊ ဟောရှေ၊ ယောလ၊ အာမုတ်၊ ဩဗဒိ၊ မိက္ခာနှင့် ဇေဖနိတို့အားလုံးသည် ဤအဓိကအကြောင်းကို ဖော်ပြခဲ့ကြသည်။