မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၀

သင်၏သြဇာတန်ခိုးကိုအသုံးပြုရာ၌ ‘ဘုရားသခင်နည်းတူ ကျင့်လော့’

သင်၏သြဇာတန်ခိုးကိုအသုံးပြုရာ၌ ‘ဘုရားသခင်နည်းတူ ကျင့်လော့’

၁။ မစုံလင်သောလူသားများသည် သားကောင်အဖြစ် အဘယ်မသမာသောကျော့ကွင်းထဲ အလွယ်တကူကျလေ့ရှိသနည်း။

“သိမ်မွေ့သောကျော့ကွင်းကင်းမဲ့ရာ ဩဇာတန်ခိုးဟူ၍မရှိ။” ၁၉ ရာစုမှ ကဗျာဆရာမတစ်ဦး၏ ဤစကားက မသမာသောအန္တရာယ်ရှိသည့် ဩဇာတန်ခိုးအလွဲသုံးစားပြုခြင်းကို အာရုံစိုက်စေသည်။ ဝမ်းနည်းစရာကား မစုံလင်သူလူသားအားလုံးသည် ဤကျော့ကွင်းထဲ အလွယ်တကူကျသွားတတ်သည်။ သမိုင်းတစ်လျှောက် “လူသည် တစ်ဦးပေါ်တစ်ဦးအကျိုးနစ်နာအောင် အုပ်စိုးလာခဲ့ကြ” ပြီ။ (ဒေသနာ ၈:၉ကဘ) မေတ္တာမပါဘဲ ဩဇာတန်ခိုးကိုအသုံးပြုခြင်းက လူသားတို့အား ဆင်းရဲဒုက္ခအမျိုးမျိုးခံစားစေခဲ့ပြီ။

၂၊ ၃။ (က) တန်ခိုးတော်ကို ယေဟောဝါအသုံးပြုပုံနှင့်ပတ်သက်၍ အဘယ်မှတ်သားလောက်ဖွယ်ရာအကြောင်း ရှိသနည်း။ (ခ) ကျွန်ုပ်တို့၏တန်ခိုးစွမ်းပကား၌ အဘယ်အရာပါဝင်ပြီး ယင်းစွမ်းပကားအားလုံးကို ကျွန်ုပ်တို့ မည်သို့အသုံးပြုသင့်သနည်း။

သို့သော် အတိုင်းအဆမဲ့ ဩဇာတန်ခိုး ပိုင်သတော်မူသည့် ယေဟောဝါဘုရားသခင်သည် ကိုယ်တော်၏သြဇာတန်ခိုးတော်ကို ဘယ်သောအခါမျှ အလွဲသုံးစားမပြုခြင်းက မထူးခြားပေလော။ ရှေ့အခန်းများတွင် ကျွန်ုပ်တို့သတိပြုမိခဲ့ကြသည့်အတိုင်း ကိုယ်တော်သည် ဖန်ဆင်းခြင်း၊ ဖျက်ဆီးခြင်း၊ ကာကွယ်ခြင်း၊ ပြန်လည်ထူထောင်ခြင်းဖြစ်ပါစေ မိမိ၏တန်ခိုးတော်ကို မေတ္တာပြည့်ဝသောရည်ရွယ်တော်မူချက်များနှင့်အညီ အမြဲတစေအသုံးပြုတော်မူ၏။ တန်ခိုးတော်ကို ကိုယ်တော်အသုံးပြုပုံအပေါ် စေ့စေ့ဆင်ခြင်ကြည့်သောအခါ ကိုယ်တော်ထံချဉ်းကပ်ရန် ကျွန်ုပ်တို့စေ့ဆော်ခံကြရသည်။ ယင်းကတစ်ဖန် ကျွန်ုပ်တို့ကိုယ်နှိုက် ဩဇာတန်ခိုးကို အသုံးပြုရာတွင် ‘ဘုရားသခင်နည်းတူ’ ကျင့်ရန် လှုံ့ဆော်ခံရနိုင်ပေသည်။ (ဧဖက် ၅:၁) သို့သော် မရေရာသောလူသားမျှဖြစ်သည့် ကျွန်ုပ်တို့တွင် အဘယ်စွမ်းပကားရှိကြသနည်း။

လူသည် “ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ” ဖန်ဆင်းခံခဲ့ရကြောင်း မမေ့ပါနှင့်။ (ကမ္ဘာဦး ၁:၂၆၊ ၂၇) သို့ဖြစ်၍ ကျွန်ုပ်တို့တွင်လည်း ဩဇာတန်ခိုး အနည်းဆုံးအတိုင်းအတာတစ်ခုအထိရှိ၏။ ကျွန်ုပ်တို့၏တန်ခိုးစွမ်းပကားတွင် အရာများကိုပြီးမြောက်နိုင်စွမ်းရှိခြင်း; အခြားသူများအပေါ်ထိန်းချုပ်နိုင်ခြင်း သို့မဟုတ် အခွင့်အာဏာရှိခြင်း၊ အခြားသူများအပေါ် အထူးသဖြင့် ကျွန်ုပ်တို့အား ချစ်မြတ်နိုးသူများအပေါ် ဩဇာသက်ရောက်နိုင်စွမ်းရှိခြင်း; ကာယအစွမ်းခွန်အား (ခွန်အားဗလ) ရှိခြင်း; သို့မဟုတ် ငွေအင်အားရှိခြင်းတို့ ပါဝင်ပေမည်။ ယေဟောဝါနှင့်ပတ်သက်၍ ဆာလံဆရာက ဤသို့ဆိုသည်– “ကိုယ်တော်ထံမှာ အသက်စမ်းရေတွင်းရှိပါ၏။” (ဆာလံ ၃၆:၉) သို့ဖြစ်၍ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ကျွန်ုပ်တို့၌ရှိနိုင်သော မည်သည့်တရားဝင် ဩဇာတန်ခိုးမဆို၏ရင်းမြစ်မှာ ဘုရားသခင်ဖြစ်သည်။ ထို့ကြောင့် ယင်းကို ကိုယ်တော်နှစ်သက်သည့်နည်းလမ်းအတိုင်း အသုံးပြုလိုကြ၏။ ထိုသို့ မည်သို့ပြုလုပ်နိုင်ကြသနည်း။

သော့ချက်ကား မေတ္တာဖြစ်

၄၊ ၅။ (က) ဩဇာတန်ခိုးကို မှန်ကန်စွာအသုံးပြုခြင်း၏သော့ချက်ကား အဘယ်နည်း၊ ဘုရားသခင်ကိုယ်တော်တိုင်၏ပုံနမူနာက ယင်းကို မည်သို့ဖော်ပြသနည်း။ (ခ) ချစ်ခြင်းမေတ္တာက ကျွန်ုပ်တို့၏သြဇာတန်ခိုးကို မှန်ကန်စွာအသုံးပြုရန် မည်သို့ကူညီပေးမည်နည်း။

ဩဇာတန်ခိုးကို မှန်ကန်စွာအသုံးပြုခြင်း၏သော့ချက်ကား ချစ်ခြင်းမေတ္တာပင်တည်း။ ဘုရားသခင်ကိုယ်တော်တိုင်၏ ပုံနမူနာတော်က ယင်းကို ဖော်ပြသည်မဟုတ်ပေလော။ အခန်း ၁ တွင် ဆွေးနွေးထားသည့် ယေဟောဝါ၏အခြေခံဂုဏ်ရည်တော်ဖြစ်သော တန်ခိုး၊ တရားမျှတမှု၊ ဉာဏ်ပညာနှင့် မေတ္တာတို့အကြောင်း သုံးသပ်မှုကို ပြန်သတိရပါ။ ထိုလေးခုတွင် အဘယ်အရည်အသွေးက သာလွန်ထူးကဲသနည်း။ မေတ္တာပင်တည်း။ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” ဟု ၁ ယောဟန် ၄:၈ ကဆိုသည်။ မှန်ပါသည်၊ ယေဟောဝါ၏တကယ့်အချုပ်ကား မေတ္တာဖြစ်၏; ကိုယ်တော်ပြုလေသမျှသည် ယင်းကြောင့်ဖြစ်သည်။ သို့ဖြစ်၍ ကိုယ်တော်၏တန်ခိုးတော် ထင်ရှားဖော်ပြမှုတိုင်းသည် မေတ္တာ၏စေ့ဆော်မှုအားဖြင့်ဖြစ်ပြီး အဆုံး၌ ကိုယ်တော့်အားချစ်မြတ်နိုးသူတို့၏ အကျိုးအတွက်ဖြစ်သည်။

မေတ္တာက ကျွန်ုပ်တို့၏သြဇာတန်ခိုးကို မှန်ကန်စွာအသုံးပြုရန် ကူညီပေးလိမ့်မည်။ အမှန်မှာ မေတ္တာသည် “ကျေးဇူးပြုတတ်” ၍ “ကိုယ်အကျိုးကိုမရှာတတ်” ဟု သမ္မာကျမ်းစာဆိုသည်။ (၁ ကောရိန္သု ၁၃:၄၊ ၅) ထို့ကြောင့် ကျွန်ုပ်တို့အာဏာအချို့ပြနိုင်သူတို့အပေါ် ရုန့်ရင်းကြမ်းတမ်း၊ ရက်စက်ကြမ်းကြုတ်စွာပြုမူဆက်ဆံရန် မေတ္တာက ခွင့်ပြုမည်မဟုတ်ပေ။ ယင်းအစား ကျွန်ုပ်တို့သည် အခြားသူတို့ကို ဂုဏ်သိက္ခာရှိရှိ ဆက်ဆံလိမ့်မည်၊ ကိုယ့်အမှုအရာထက် အခြားသူတို့၏လိုအပ်ရာများနှင့် ခံစားချက်များကို ဦးစားပေးမည်ဖြစ်သည်။—ဖိလိပ္ပိ ၂:၃၊ ၄

၆၊ ၇။ (က) ဘုရားရေးရာကြောက်ရွံ့ခြင်းကား အဘယ်နည်း၊ ဤအရည်အသွေးက ဩဇာတန်ခိုးအလွဲသုံးစားပြုခြင်းကို ရှောင်ရှားရန် အဘယ်ကြောင့်ကူညီပေးလိမ့်မည်နည်း။ (ခ) ဘုရားသခင်စိတ်တော်ငြိုငြင်မည်ကို ကြောက်ရွံ့ခြင်းနှင့် ဘုရားသခင်အားချစ်ခြင်းစပ်ကြား ဆက်သွယ်ချက်ကို သာဓကဖော်ပြပါ။

ဩဇာတန်ခိုး အလွဲသုံးစားပြုခြင်းကိုရှောင်ကြဉ်ရန် ကူညီပေးနိုင်သည့် မေတ္တာနှင့်ဆက်စပ်လျက်ရှိသော အခြားအရည်အသွေးတစ်ခုမှာ ဘုရားရေးရာကြောက်ရွံ့ခြင်းဖြစ်သတည်း။ ဤအရည်အသွေး၏တန်ဖိုးကား အဘယ်နည်း။ သုတ္တံ ၁၆:၆ က “ထာဝရဘုရားကို ကြောက်ရွံ့သောသဘောအားဖြင့် ဒုစရိုက်ကိုရှောင်တတ်၏” ဟုဆိုသည်။ ကျွန်ုပ်တို့ကြဉ်ရှောင်သင့်သည့် ဒုစရိုက်များ၌ အာဏာအလွဲသုံးစားပြုခြင်း အမှန်ပင်ပါဝင်သည်။ ဘုရားသခင်အားကြောက်ရွံ့မည်ဆိုလျှင် ကျွန်ုပ်တို့အခွင့်အာဏာပြနိုင်သူတို့ကို အနိုင်အထက်ပြုမည်မဟုတ်။ အဘယ်ကြောင့်နည်း။ တစ်ချက်အနေနှင့် ထိုသို့သောသူတို့ကို ကျွန်ုပ်တို့ဆက်ဆံပုံအတွက် ဘုရားသခင်ရှေ့ စာရင်းရှင်းရမည်ဖြစ်ကြောင်း ကျွန်ုပ်တို့သိထားကြ၍ဖြစ်သည်။ (နေဟမိ ၅:၁-၇၊ ၁၅) သို့သော် ဘုရားရေးရာကြောက်ရွံ့ခြင်းသည် ထိုထက်မကပါ။ “ကြောက်ရွံ့ခြင်း” အတွက် အသုံးပြုသော မူရင်းဘာသာစကားအသုံးအနှုန်းများသည် ဘုရားသခင်အား အလေးအနက်ခန့်ညားခြင်း၊ ရိုသေကျိုးနွံခြင်းကို ရည်ညွှန်းလေ့ရှိ၏။ သို့ဖြစ်၍ သမ္မာကျမ်းစာက ကြောက်ရွံ့ခြင်းကို ဘုရားသခင်အားချစ်ခြင်းနှင့် ဆက်စပ်ထားသည်။ (တရားဟောရာ ၁၀:၁၂၊ ၁၃) ဤခန့်ညားကြောက်ရွံ့ခြင်းတွင် ဘုရားသခင်စိတ်တော်ငြိုငြင်မည်ကို တော်မှန်စွာကြောက်ရွံ့ခြင်းပါဝင်သည်၊ အကျိုးဆက်များခံရမည်ကို စိုးရိမ်၍မဟုတ်ဘဲ ကိုယ်တော့်အား ကျွန်ုပ်တို့ အမှန်တကယ်ချစ်သောကြောင့်ဖြစ်သည်။

သာဓကအနေဖြင့် သူငယ်တစ်ဦးနှင့် သူ၏ဖခင်စပ်ကြားရှိ ဆက်ဆံရေးကောင်းကို သုံးသပ်ကြည့်ပါ။ သူငယ်သည် သူ့အပေါ် ဖခင်၏ချစ်ခင်စုံမက်မှု၊ စိတ်ဝင်စားမှုကို ခံစားမိသည်။ သို့ရာတွင် သူ့ထံမှ ဖခင်အဘယ်အရာတောင်းဆိုသည်ကိုလည်း သိထားပြီး အကယ်၍ သူသည် မတော်မလျော်ပြုကာ ဆိုးသွမ်းမည်ဆိုလျှင် သူ၏ဖခင်သည် သူ့ကို ဆုံးမပဲ့ပြင်မည်ဖြစ်ကြောင်း သိပေသည်။ ထိုသူငယ်တွင် ဖခင်အား တရားလွန်ကြောက်သည့်စိတ် ရှိမည်မဟုတ်ချေ။ ယင်းအစား ဖခင်ကို သူအလွန်ချစ်၏။ ဖခင်၏မျက်နှာသာနှင့်တွေ့မည့်အရာကို သူငယ်လုပ်ဆောင်လိုပေသည်။ ဘုရားရေးရာကြောက်ရွံ့ခြင်းသည်လည်း ထပ်တူပင်ဖြစ်၏။ ကျွန်ုပ်တို့သည် ကောင်းကင်ခမည်းတော်ယေဟောဝါကို ချစ်မြတ်နိုးကြသောကြောင့် ကိုယ်တော်အား “နှလုံးနာ” စေမည့် အရာမှန်သမျှကိုပြုလုပ်ရန် စိုးရွံ့ကြသည်။ (ကမ္ဘာဦး ၆:၆ကဘ) ယင်းအစား ကိုယ်တော်၏စိတ်တော်ကို ရွှင်လန်းစေလိုကြသည်။ (သုတ္တံ ၂၇:၁၁) ယင်းကြောင့် ကျွန်ုပ်တို့၏သြဇာတန်ခိုးကို မှန်ကန်စွာအသုံးပြုလိုကြပါ၏။ ထိုသို့မည်သို့ပြုလုပ်နိုင်ကြောင်း အသေအချာဆန်းစစ်ကြည့်ကြပါစို့။

မိသားစုအတွင်း

၈။ (က) မိသားစုတွင် လင်ယောက်ျားများသည် အဘယ်အခွင့်အာဏာကို ရရှိထားကြသနည်း၊ ယင်းကို မည်သို့ကျင့်သုံးရန်ဖြစ်သနည်း။ (ခ) မိမိဇနီးကို ဂုဏ်တင်ကြောင်း ခင်ပွန်းတစ်ဦး မည်သို့ဖော်ပြနိုင်သနည်း။

ဦးစွာ မိသားစုအပိုင်းကိုသုံးသပ်ကြည့်ပါ။ ဧဖက် ၅:၂၃ က “ယောက်ျားသည် မိမိခင်ပွန်း၏အပေါ်မှာ ခေါင်းဖြစ်၏” ဟုဆိုသည်။ ဤဘုရားပေးအခွင့်အာဏာကို ယောက်ျားသည် မည်သို့ကျင့်သုံးရမည်နည်း။ သမ္မာကျမ်းစာက ခင်ပွန်းသည်ယောက်ျားများအား “သတိပညာနှင့်လျော်စွာ . . . အားနည်းသောသူကိုပြုသင့်သည်အတိုင်း သူ့ကိုစောင့်မပြုစု” ရမည်ဟု မိန့်မှာသည်။ (၁ ပေတရု ၃:၇) “ဂုဏ်တင်” ဟုဘာသာပြန်ဆိုကြသည့် ဂရိနာမ်မှာ “တန်ဖိုးရှိ၊ အဖိုးထိုက် . . . လေးစားခြင်း” ဟူ၍အဓိပ္ပာယ်ရသည်။ ဤစကားလုံးပုံစံအချို့ကို “လက်ဆောင်များ” နှင့် “တန်ဖိုးရှိ” ဟူ၍ ဘာသာပြန်ဆိုတတ်ကြ၏။ (တမန်တော် ၂၈:၁၀; ၁ ပေတရု ၂:၇သတင်းကောင်း) မိမိ၏ဇနီးကို ဂုဏ်တင်သောခင်ပွန်းတစ်ဦးသည် သူ့အား ဘယ်တော့မျှ ကိုယ်ထိလက်ရောက်စော်ကားမည်မဟုတ်; အသုံးမကျဟု ခံစားစေသည့် အရှက်ခွဲခြင်း သို့မဟုတ် ကဲ့ရဲ့ရှုတ်ချခြင်းလည်း ပြုမည်မဟုတ်ချေ။ ယင်းအစား သူ၏တန်ဖိုးကိုအသိအမှတ်ပြုကာ လေးလေးစားစားဖြင့် ဆက်ဆံတတ်သည်။ လူကွယ်ရာနှင့် လူအများရှေ့၌ပင် ဇနီးကိုမြတ်နိုးကြောင်း အပြောနှင့် အလုပ်အားဖြင့်ဖော်ပြမည်။ (သုတ္တံ ၃၁:၂၈) ထိုသို့သောခင်ပွန်းသည် မိမိဇနီး၏မေတ္တာနှင့် ရိုသေလေးစားမှုကိုရမည်သာမက သာ၍အရေးကြီးသည်မှာ ဘုရားသခင်၏နှစ်သက်မှုကိုပါ ရရှိမည်ဖြစ်သည်။

လင်ယောက်ျားနှင့် ဇနီးတို့သည် တစ်ဦးကိုတစ်ဦး မေတ္တာနှင့် လေးစားမှုရှေ့ထားပြီး ဆက်ဆံကြခြင်းဖြင့် သူတို့၏သြဇာစွမ်းပကားကို မှန်ကန်စွာအသုံးပြုကြ

၉။ (က) မိသားစုတွင် ဇနီးသည်သည် အဘယ်သြဇာစွမ်းပကားရှိသနည်း။ (ခ) ခင်ပွန်းကိုထောက်မရန် ဇနီးဖြစ်သူသည် မိမိ၏စွမ်းရည်များကို အသုံးပြုဖို့ အဘယ်အရာက ကူညီပေးမည်နည်း၊ ရလဒ်ကား အဘယ်နည်း။

ဇနီးများလည်း မိသားစုတွင် ဩဇာအချို့ရှိကြ၏။ တော်လျော်သောဦးစီးမှုဘောင်အတွင်း မိမိတို့၏ခင်ပွန်းများကို အပြုသဘောပါပါ အစပြုစိတ်ညွတ်ပျောင်းစေသော၊ သို့မဟုတ် ဆုံးဖြတ်ချက်များချရာတွင် မမှားစေဖို့ကူညီပေးသော ဘုရားတရားကြည်ညိုသူ အမျိုးသမီးများအကြောင်း သမ္မာကျမ်းစာက ဖော်ပြထားသည်။ (ကမ္ဘာဦး ၂၁:၉-၁၂; ၂၇:၄၆–၂၈:၂) ဇနီးဖြစ်သူသည် မိမိခင်ပွန်းထက် ဉာဏ်ရည်ပိုထက်ပေမည်၊ သို့မဟုတ် ခင်ပွန်းတွင်မရှိသော အခြားအရည်အသွေးများ သူ၌ရှိပေမည်။ သို့တိုင် ဇနီးသည် ကိုယ်ခင်ပွန်းကို “အလွန့်အလွန်ရိုသေ” [ကဘ] ရမည်ဖြစ်ပြီး “သခင်ဘုရား၏အုပ်စိုးတော်မူခြင်းကိုဝန်ခံသကဲ့သို့၊ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံ” ရမည်ဖြစ်သည်။ (ဧဖက် ၅:၂၂၊ ၃၃) ဘုရားသခင်နှစ်သက်ရာကိုပြုဖို့ ရည်မှန်းချက်ပန်းတိုင်ရှိမည်ဆိုလျှင် ဇနီးသည် ခင်ပွန်းအား အထင်အမြင်သေးမည်၊ သို့မဟုတ် ဩဇာလွှမ်းမည့်အစား မိမိ၏စွမ်းရည်များကို ခင်ပွန်းအား ထောက်မကူညီပေးဖို့အတွက် အသုံးပြုမည်ဖြစ်သည်။ ဤကဲ့သို့ “ပညာရှိသောမိန်းမ” သည် မိသားစုကိုတည်ဆောက်ရန် မိမိခင်ပွန်းနှင့် ပူးပေါင်းဆောင်ရွက်ပေမည်။ ဤနည်းဖြင့် သူသည် ဘုရားသခင်ရှေ့တော်၌ ငြိမ်သက်ခြင်းကို ဆက်ထိန်းသိမ်းထား၏။—သုတ္တံ ၁၄:၁

၁၀။ (က) ဘုရားသခင်သည် မိဘများကို အဘယ်အခွင့်အာဏာပေးအပ်ထားသနည်း။ (ခ) “ဆုံးမသွန်သင်ခြင်း” ၏အဓိပ္ပာယ်ကား အဘယ်နည်း၊ ယင်းကို မည်သို့အသုံးပြုသင့်သနည်း။ (အောက်ခြေမှတ်ချက်ကိုလည်းရှု။)

၁၀ မိဘများ၌ ဘုရားသခင်ပေးအပ်ထားသည့် အခွင့်အာဏာလည်းရှိသည်။ သမ္မာကျမ်းစာက ဤသို့သတိပေးသည်– “အဘတို့၊ ကိုယ်သားသမီးကိုစိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်။ သခင်ဘုရား၏အလိုတော်နှင့်ညီသော ဆုံးမသွန်သင်ခြင်းကိုပြုလျက် ကျွေးမွေးကြလော့။” (ဧဖက် ၆:၄) သမ္မာကျမ်းစာတွင် “ဆုံးမသွန်သင်ခြင်း” ဟူသောစကားလုံးသည် “ပြုစုပျိုးထောင်ခြင်း၊ သင်ကြားလေ့ကျင့်ခြင်း၊ ပဲ့ပြင်ညွှန်ကြားခြင်း” ဟူ၍ အဓိပ္ပာယ်သက်ရောက်နိုင်၏။ ကလေးများသည် ဆုံးမသွန်သင်မှုလိုသည်; ရှင်းလင်းပြတ်သားသောလမ်းညွှန်ချက်များ၊ နယ်နိမိတ်များနှင့် ကန့်သတ်ချက်များချမှတ်ထားလျှင် သူတို့တိုးတက်ကြီးပွားကြ၏။ သမ္မာကျမ်းစာက ထိုသို့သော ဆုံးမပဲ့ပြင်မှု သို့မဟုတ် ညွှန်ကြားချက်ကို မေတ္တာနှင့်ဆက်စပ်ထားသည်။ (သုတ္တံ ၁၃:၂၄) သို့ဖြစ်၍ “ဆုံးမသောကြိမ်လုံး” သည် ဘယ်သောအခါမျှ စိတ်ပိုင်းကိုဖြစ်စေ၊ ကာယပိုင်းကိုဖြစ်စေ တလွဲမပြုသင့်ချေ။ * (သုတ္တံ ၂၂:၁၅; ၂၉:၁၅) မေတ္တာမပါဘဲ တင်းကျပ်ပြီး ရုန့်ရင်းကြမ်းတမ်းသော ဆုံးမပဲ့ပြင်မှုသည် မိဘအခွင့်အာဏာကို အလွဲသုံးစားပြုခြင်းဖြစ်ပြီး ကလေးငယ်၏စိတ်ကို ကျိုးပဲ့ကြေမွစေနိုင်၏။ (ကောလောသဲ ၃:၂၁) အခြားတစ်ဖက်တွင်မူ တော်သင့်စွာ ချင့်ချိန်နှိုင်းဆဆုံးမပဲ့ပြင်ပါက မိဘများသည် မိမိတို့ကို ချစ်ကြောင်း၊ မိမိတို့ မည်သို့သောပုဂ္ဂိုလ်များဖြစ်လာမည်ကို စိတ်ဝင်စားကြောင်း သားသမီးများအား သိရှိစေသည်။

၁၁။ သားသမီးများသည် သူတို့၏စွမ်းပကားကို မည်သို့မှန်ကန်စွာ အသုံးပြုနိုင်သနည်း။

၁၁ သားသမီးများကော အသို့နည်း။ သူတို့၏သြဇာကို မည်သို့မှန်ကန်စွာ အသုံးပြုနိုင်သနည်း။ “လူပျို၏ဘုန်းကား အစွမ်းသတ္တိ . . . ဖြစ်၏” ဟုသုတ္တံ ၂၀:၂၉ ကဆိုသည်။ လူငယ်များအနေဖြင့် သူတို့ကို “ဖန်ဆင်းတော်မူသောအရှင်” ၏ အမှုတော်ဆောင်ခြင်း၌ မိမိတို့၏အစွမ်းခွန်အားနှင့် အားမာန်ကိုအသုံးပြုခြင်းထက် သာ၍ကောင်းသောနည်းလမ်း မရှိတော့ပါ။ (ဒေသနာ ၁၂:၁) မိမိတို့၏လုပ်ရပ်များသည် မိဘများ၏စိတ်ကို ထိခိုက်နိုင်ကြောင်း လူငယ်တို့သိထားသင့်သည်။ (သုတ္တံ ၂၃:၂၄၊ ၂၅) သားသမီးတို့သည် ဘုရားသခင်အားကြောက်ရွံ့သော မိဘတို့၏စကားကို နားထောင်၍ ဖြောင့်မတ်သောလမ်းစဉ်ကို ကိုင်စွဲထားကြသောအခါ မိဘတို့၏စိတ်ကို ရွှင်လန်းစေသည်။ (ဧဖက် ၆:၁) ထိုသို့သောအပြုအမူသည် “သခင်ဘုရားနှစ်သက်တော်မူသောအမှုဖြစ်၏။”—ကောလောသဲ ၃:၂၀

ခရစ်ယာန်အသင်းတော်အတွင်း

၁၂၊ ၁၃။ (က) အကြီးအကဲများသည် အသင်းတော်တွင် မိမိတို့ရရှိထားသည့် အခွင့်အာဏာအပေါ် အဘယ်သို့ရှုမြင်သင့်သနည်း။ (ခ) အကြီးအကဲများသည် သိုးတော်စုကို ချစ်ခင်ကြင်နာစွာ အဘယ်ကြောင့်ဆက်ဆံသင့်ကြောင်းဖော်ပြပါ။

၁၂ ယေဟောဝါသည် ကြီးကြပ်မှူးများအား ခရစ်ယာန်အသင်းတော်တွင် ဦးစီးဦးဆောင်ရန် စီမံထား၏။ (ဟေဗြဲ ၁၃:၁၇) ဤအရည်အချင်းပြည့်မီသူ အမျိုးသားတို့သည် သူတို့ရရှိထားသော ဘုရားပေးအခွင့်အာဏာကို လိုအပ်သောအကူအညီပေးခြင်းတွင်သုံးကာ သိုးတော်စု၏အကျိုးစီးပွားကို တိုးပွားစေရန်ဖြစ်သည်။ အကြီးအကဲများသည် သူတို့၏ရာထူးကြောင့် ယုံကြည်သူချင်းတို့အပေါ် အာဏာသုံးခွင့်ရှိသလော။ လုံးဝမရှိ! အကြီးအကဲများသည် အသင်းတော်၌ သူတို့ရရှိထားသည့်အခန်းကဏ္ဍကို ချင့်ချိန်နှိုင်းဆ နှိမ့်ချစွာရှုမြင်ဖို့လိုသည်။ (၁ ပေတရု ၅:၂၊ ၃) သမ္မာကျမ်းစာက ကြီးကြပ်မှူးများကို ဤသို့မိန့်မှာသည်– “ဘုရားသခင်သည် မိမိ [သားတော်၏] အသွေးနှင့် ဝယ်တော်မူသောအသင်းတော်ကို . . . သတိနှင့်ကြည့်ရှုကြလော့။” (တမန်တော် ၂၀:၂၈) ယင်းသည် သိုးတော်စုရှိ တစ်ဦးစီကို ချစ်ခင်ကြင်နာစွာ ဆက်ဆံရန်အတွက် အကြောင်းကောင်းဖြစ်သည်။

၁၃ ယင်းကို ကျွန်ုပ်တို့ ဤသို့သရုပ်ဖော်နိုင်သည်။ သင်၏ရင်းနှီးသောမိတ်ဆွေတစ်ဦးက သူမြတ်နိုးသောပစ္စည်းတစ်ခုကို ကြည့်ရှုထိန်းသိမ်းထားပေးရန် သင့်အားတောင်းဆိုပေမည်။ ဤပစ္စည်းအတွက် သင့်မိတ်ဆွေသည် တန်ဖိုးကြီးကြီးပေးဝယ်ထားကြောင်း သင်သိထားသည်။ ယင်းကြောင့် သင်သည် ထိုပစ္စည်းကို အထူးဂရုစိုက်မည်မဟုတ်ပေလော။ အလားတူပင် ဘုရားသခင်သည် အကြီးအကဲများကို အမှန်ပင် အလွန်တန်ဖိုးရှိသောပစ္စည်းဖြစ်သည့် သိုးနှင့်နှိုင်းထားသော အသင်းတော်သားများကို ဂရုတစိုက်ကြည့်ရှုရန် တာဝန်ပေးအပ်ထား၏။ (ယောဟန် ၂၁:၁၆၊ ၁၇) ယေဟောဝါ၏သိုးများသည် ကိုယ်တော်အတွက် အလွန်တန်ဖိုးရှိသည်၊ ကိုယ်တော်မည်မျှတန်ဖိုးထားသနည်းဟူမူ တစ်ပါးတည်းသောသားတော် ယေရှုခရစ်၏ တန်ဖိုးရှိလှသောအသွေးတော်ဖြင့် သူတို့ကို ကိုယ်တော်ဝယ်ယူခဲ့သည်။ ယေဟောဝါတွင် မိမိသိုးတို့ကို ဝယ်ယူရန် ဤထက်ကြီးမားသော အဖိုးအခမရှိတော့ချေ။ သို့ဖြစ်၍ နှိမ့်ချမှုရှိသောအကြီးအကဲများသည် ၎င်းကိုစိတ်စွဲမှတ်ထားလျက် ယင်းနှင့်အညီ ယေဟောဝါ၏သိုးများကို ဆက်ဆံပြုမူကြ၏။

‘လျှာ၏သြဇာတန်ခိုး’

၁၄။ လျှာ၌ အဘယ်သြဇာတန်ခိုးရှိသနည်း။

၁၄ “လျှာသည် အသက်သေခြင်းနှင့် ရှင်ခြင်းကိုအစိုးရ၏” ဟု သမ္မာကျမ်းစာကဆိုသည်။ (သုတ္တံ ၁၈:၂၁) အမှန်တကယ်ပင် လျှာသည် အလွန်ပျက်စီးထိခိုက်စေနိုင်၏။ ကျွန်ုပ်တို့တွင် မစဉ်းစားမဆင်ခြင်ဘဲဖြစ်စေ၊ ရှုတ်ချကဲ့ရဲ့၍ပင်ဖြစ်စေ ပြောဆိုလိုက်သောစကားကြောင့် စိတ်ထိခိုက်နာကြည်းမှုကို မခံစားခဲ့ရဖူးသူ မည်သူရှိသနည်း။ သို့သော် လျှာ၌ ပြုပြင်ပေးနိုင်စွမ်းလည်းရှိသည်။ သုတ္တံ ၁၂:၁၈ က “ပညာရှိတို့၏လျှာမူကား အနာကိုပင်ပျောက်စေတတ်၏” ဟုဆိုသည်။ မှန်ပါသည်၊ အနာရောဂါကို ပျောက်ကင်းစေနိုင်သောဆီမွှေး လိမ်းပေးသကဲ့သို့ပင် အပြုသဘောပါ၍ အကျိုးဖြစ်ထွန်းစေသော စကားများသည် စိတ်နှလုံးကို အေးငြိမ်းသက်သာစေ၏။ ဥပမာအချို့ကို သုံးသပ်ကြည့်ပါ။

၁၅၊ ၁၆။ အခြားသူတို့ကို ကျွန်ုပ်တို့၏လျှာဖြင့် အားပေးရန် အဘယ်နည်းလမ်းများကို အသုံးပြုနိုင်သနည်း။

၁၅ “စိတ်ငယ်သောသူတို့ကို အားပေးကြလော့” ဟု ၁ သက်သာလောနိတ် ၅:၁၄ ကတိုက်တွန်းသည်။ မှန်ပါသည်၊ ယေဟောဝါ၏သစ္စာရှိကျေးကျွန်များပင် ရံဖန်ရံခါ စိတ်ဓာတ်ကျဆင်းကြပေမည်။ ထိုသူတို့ကို ကျွန်ုပ်တို့ မည်သို့ကူညီပေးနိုင်သနည်း။ ယေဟောဝါ၏မျက်မှောက်တော်တွင် သူတို့ တန်ဖိုးရှိကြောင်း သဘောပေါက်ရန် စိတ်ရင်းမှန်ဖြင့် ချီးကျူးစကားပြောဆိုပါ။ ယေဟောဝါသည် “နှလုံးကြေကွဲသောသူတို့” နှင့် “ကျိုးပဲ့သောစိတ်ရှိသောသူတို့” ကိုအမှန်တကယ်ဂရုစိုက်တော်မူ၍ ချစ်မြတ်နိုးကြောင်း ဖော်ပြသည့်ကျမ်းချက်များ၏ တန်ခိုးပါသောစကားများကို သူတို့အားဖတ်ပြပါ။ (ဆာလံ ၃၄:၁၈) အခြားသူတို့အား နှစ်သိမ့်ရန် လျှာ၏သြဇာတန်ခိုးကို ကျွန်ုပ်တို့အသုံးပြုကြသောအခါ ကျွန်ုပ်တို့သည် “စိတ်ညှိုးငယ်လျက်ရှိသူတို့ကို နှစ်သိမ့်စေတော်မူတတ်သော” မေတ္တာရှင်ဘုရားသခင်အား တုပနေကြကြောင်း ဖော်ပြသည်။—၂ ကောရိန္သု ၇:၆သမ္မာ။

၁၆ လျှာ၏သြဇာတန်ခိုးကို ကျွန်ုပ်တို့အသုံးပြု၍ သူတစ်ပါး အလွန်လိုအပ်နေသော အားပေးစကားများကိုလည်း ပြောဆိုနိုင်ကြ၏။ ယုံကြည်သူချင်းတစ်ဦး၏ ချစ်မြတ်နိုးရသူတစ်ဦး ကွယ်လွန်သွားပါသလော။ ကျွန်ုပ်တို့မည်မျှဝမ်းနည်းကြောင်းဖော်ပြသည့် ကိုယ်ချင်းစာနာသောစကားများဖြင့် ပူဆွေးနေသူကို နှစ်သိမ့်ပေးနိုင်ပါသည်။ အသက်ကြီးရင့်သူ ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးက မိမိသည် လူပိုတစ်ဦးသာဖြစ်သည်ဟု ခံစားနေရပါသလော။ ထောက်ထားစာနာသောစကားများဖြင့် အသက်ကြီးသူတို့သည် တန်ဖိုးရှိကြောင်းနှင့် လေးမြတ်ခံရကြောင်း သိရှိစေနိုင်သည်။ တစ်ဦးတစ်ယောက်သည် နာတာရှည်ရောဂါဖြစ်နေပါသလော။ ဖုန်းဖြင့်ဖြစ်စေ၊ ကိုယ်တိုင်သွား၍ဖြစ်စေ ပြောဆိုသော အကြင်နာစကားများသည် ဖျားနာသူကို များစွာအားရှိစေနိုင်သည်။ ကျွန်ုပ်တို့သည် “တည်ဆောက်စရာဖို့ ကောင်းသောစကား” ပြောဆိုကြရန် စကားပြောဆိုခြင်းစွမ်းရည်ကို အသုံးပြုကြသောအခါ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် အမှန်တကယ်နှစ်သက်အားရပေမည်!—ဧဖက် ၄:၂၉

ကျွန်ုပ်တို့၏ ဩဇာစွမ်းပကားကိုအသုံးပြုရန် အကောင်းဆုံးနည်းလမ်းတစ်ရပ်မှာ သတင်းကောင်းဟောပြောခြင်းဖြစ်

၁၇။ သူတစ်ပါးကိုအကျိုးပြုရန် အဘယ်အရေးပါသောနည်းဖြင့် ကျွန်ုပ်တို့၏လျှာကို အသုံးပြုနိုင်သနည်း၊ ထိုသို့ အဘယ်ကြောင့်ပြုသင့်သနည်း။

၁၇ သူတစ်ပါးအား ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းဖြင့် လျှာ၏သြဇာတန်ခိုးကိုအသုံးပြုခြင်းထက် သာ၍အရေးကြီးသောနည်းလမ်းမရှိတော့ချေ။ သုတ္တံ ၃:၂၇ က “ကျေးဇူးကိုခံသင့်သောသူတို့အား ကျေးဇူးပြုရသောအခွင့်ရှိလျှင် မပြုဘဲမနေနှင့်” ဟုဆိုသည်။ အသက်ကယ်ဆယ်ရေးသတင်းကောင်းကို အခြားသူတို့အားပြောပြရန် ကျွန်ုပ်တို့၌တာဝန်ရှိသည်။ ယေဟောဝါသည် ကျွန်ုပ်တို့အား အလွန်ရက်ရောစွာ ပေးသိတော်မူသော ဤအရေးပါသတင်းတရားကို ကိုယ်အတွက်သာသိမ်းထားပါက သင့်တော်မည်မဟုတ်ပေ။ (၁ ကောရိန္သု ၉:၁၆၊ ၂၂) သို့သော် ဤလုပ်ငန်းတွင် ကျွန်ုပ်တို့ အဘယ်အတိုင်းအတာအထိပါဝင်ရန် ယေဟောဝါမျှော်လင့်တော်မူသနည်း။

ကျွန်ုပ်တို့၏ “အစွမ်းသတ္တိရှိသမျှ” နှင့် ယေဟောဝါ၏အမှုတော်ထမ်းခြင်း

၁၈။ ကျွန်ုပ်တို့ထံမှ ယေဟောဝါ အဘယ်အရာမျှော်လင့်တော်မူသနည်း။

၁၈ ယေဟောဝါအားချစ်ခြင်းက ခရစ်ယာန်ဓမ္မအမှုတွင် အပြည့်အဝပါဝင်ရန် ကျွန်ုပ်တို့ကို လှုံ့ဆော်ပေး၏။ ယင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့ထံမှ ယေဟောဝါသည် အဘယ်အရာမျှော်လင့်တော်မူသနည်း။ ကျွန်ုပ်တို့၏ဘဝအခြေအနေ မည်သို့ပင်ရှိပါစေ၊ ကျွန်ုပ်တို့အားလုံး ပေးဆက်နိုင်သည်မှာ ဤအရာဖြစ်သည်– “လူ၏အမှုကိုသာဆောင်ရွက်သကဲ့သို့မဟုတ်။ သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက်သကဲ့သို့၊ ပြုလေသမျှတို့၌ စေတနာစိတ်နှင့်ပြုကြလော့။” (ကောလောသဲ ၃:၂၃) အကြီးမြတ်ဆုံးသောပညတ်ကို ဖော်ပြရာတွင် ယေရှုက ဤသို့မိန့်တော်မူခဲ့သည်– “သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ [“စိုးလ်အကြွင်းမဲ့၊” ကဘ]၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့။” (မာကု ၁၂:၃၀) မှန်ပါသည်၊ ကျွန်ုပ်တို့တစ်ဦးစီသည် စိုးလ်အကြွင်းမဲ့ဖြင့် ယေဟောဝါအားချစ်ရန်နှင့် အမှုတော်ကိုထမ်းဆောင်ရန် ကိုယ်တော်မျှော်လင့်တော်မူသည်။

၁၉၊ ၂၀။ (က) စိုးလ်တွင် စိတ်နှလုံး၊ ဉာဏ်ပညာနှင့် ခွန်အားတို့ခြုံငုံပါဝင်သဖြင့် မာကု ၁၂:၃၀ ၌ ဤအစွမ်းသတ္တိအားလုံးကို အဘယ်ကြောင့်ဖော်ပြရသနည်း။ (ခ) ယေဟောဝါအား စိုးလ်အကြွင်းမဲ့ အမှုတော်ထမ်းခြင်းက အဘယ်အရာကိုဆိုလိုသနည်း။

၁၉ ဘုရားသခင့်အမှုတော်ကို စိုးလ်အကြွင်းမဲ့ဆောင်ရွက်ခြင်းက အဘယ်အရာကိုဆိုလိုသနည်း။ စိုးလ်ဟူသည် ကာယနှင့် စိတ်ပိုင်းဆိုင်ရာ အရည်အသွေးအားလုံးပါဝင်သော လူပုဂ္ဂိုလ်ကို ရည်ညွှန်းသည်။ စိုးလ်တွင် စိတ်နှလုံး၊ ဉာဏ်ပညာနှင့် ခွန်အားတို့ ခြုံငုံပါဝင်သဖြင့် မာကု ၁၂:၃၀ ၌ ဤအစွမ်းသတ္တိအားလုံးကို အဘယ်ကြောင့်ဖော်ပြရသနည်း။ ပုံဥပမာတစ်ရပ်ကို သုံးသပ်ကြည့်ပါ။ ကျမ်းစာခေတ်က လူတစ်ဦးသည် ကျွန်အဖြစ် မိမိကိုယ် (သူ၏စိုးလ်) ကို ရောင်းချပေမည်။ သို့တိုင် ထိုကျွန်သည် မိမိ၏သခင်အား စိတ်နှလုံးအကြွင်းမဲ့ အမှုထမ်းချင်မှထမ်းမည်; မိမိသခင်၏အကျိုးစီးပွား တိုးတက်စေရန် သူ၏အစွမ်းသတ္တိ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာအရည်အသွေးကို အပြည့်အဝအသုံးပြုချင်မှပြုမည်။ (ကောလောသဲ ၃:၂၂) သို့ဖြစ်၍ ယေရှုက ကျွန်ုပ်တို့၏ဘုရားသခင်အမှုတော်၌ပါဝင်ရာတွင် မည်သည့်အရာကိုမျှ ခြွင်းချက်မထားသင့်ကြောင်း အလေးပေးဖော်ပြရန် အခြားအစွမ်းသတ္တိများကို ဖော်ပြပေးခဲ့ကြောင်း ထင်ရှားပေသည်။ စိုးလ်အကြွင်းမဲ့ ဘုရားသခင်အမှုတော်ထမ်းဆောင်ခြင်းဟူသည် ကျွန်ုပ်တို့ကိုယ်ကိုပေးဆက်ခြင်း၊ ကိုယ်တော်၏အမှုတော်တွင် ကျွန်ုပ်တို့၏ခွန်အားနှင့် အစွမ်းသတ္တိများကို အပြည့်အဝ အတတ်နိုင်ဆုံး အသုံးပြုခြင်းကိုဆိုလိုသည်။

၂၀ စိုးလ်အကြွင်းမဲ့အမှုထမ်းခြင်းက ကျွန်ုပ်တို့အားလုံး ခရစ်ယာန်ဓမ္မအမှုတွင် အချိန်ပမာဏနှင့် အစွမ်းခွန်အားအတူတူ အသုံးပြုရမည်ဟု ဆိုလိုပါသလော။ တစ်ဦးနှင့်တစ်ဦး အခြေအနေနှင့် စွမ်းရည် ကွာခြားသောကြောင့် ထိုသို့ဖြစ်နိုင်စရာအကြောင်းမရှိချေ။ ဥပမာ၊ ကျန်းမာရေးကောင်းပြီး သက်လုံကောင်းသောလူငယ်တစ်ဦးသည် အသက်ကြီးရင့်လာ၍ တဖြည်းဖြည်း အားအင်ကုန်ခန်းလာသူထက် ဟောပြောခြင်းလုပ်ငန်း၌ အချိန်ပိုမိုပါဝင်နိုင်ပေမည်။ မိသားစုတာဝန်များမရှိသော တစ်ကိုယ်ရေတစ်ကာယသမားတစ်ဦးသည် မိသားစုကို ကြည့်ရှုပြုစုရသူတစ်ဦးထက် သာ၍အမှုဆောင်နိုင်ပေမည်။ ခရစ်ယာန်ဓမ္မအမှု၌ များစွာပါဝင်နိုင်ရန် ကျွန်ုပ်တို့၏အစွမ်းခွန်အားနှင့် အခြေအနေက ခွင့်ပြုသည့်အတွက် အလွန်ကျေးဇူးတင်စရာပင်! ယင်းနှင့်ပတ်သက်၍ မိမိကိုယ်ကို အခြားသူတို့နှင့်နှိုင်းယှဉ်ကာ အပြစ်ရှာသည့်စိတ်ဓာတ်မျိုး ဘယ်တော့မျှရှိလိုကြမည်မဟုတ်။ (ရောမ ၁၄:၁၀-၁၂) ထိုသို့ပြုမည့်အစား သူတစ်ပါးကိုအားပေးရန် ကျွန်ုပ်တို့၏စွမ်းပကားကို အသုံးပြုလိုကြမည်။

၂၁။ ကျွန်ုပ်တို့၏သြဇာစွမ်းပကားကို အသုံးပြုရာ၌ အကောင်းဆုံးနှင့် အရေးကြီးဆုံးနည်းလမ်းကား အဘယ်နည်း။

၂၁ ယေဟောဝါသည် တန်ခိုးတော်ကို မှန်ကန်စွာအသုံးပြုရာတွင် စုံလင်သောစံနမူနာကို ချမှတ်ပေးခဲ့၏။ မစုံလင်သူလူသားများအနေနှင့် ကိုယ်တော်အား အတတ်နိုင်ဆုံး တုပလိုကြသည်။ ကျွန်ုပ်တို့ အာဏာအချို့ပြနိုင်သူတို့ကို အသရေရှိရှိ ဆက်ဆံခြင်းအားဖြင့် ကျွန်ုပ်တို့၏သြဇာတန်ခိုးကို မှန်ကန်စွာအသုံးပြုနိုင်ကြသည်။ ထို့အပြင် ယေဟောဝါပေးအပ်ထားသော အသက်ကယ်ဆယ်ခြင်း သတင်းကောင်းဟောပြောရန်တာဝန်ကို စိုးလ်အကြွင်းမဲ့ဆောင်ရွက်လိုကြ၏။ (ရောမ ၁၀:၁၃၊ ၁၄) သတိရပါ၊ ယေဟောဝါသည် သင်ပေးနိုင်သည့် အကောင်းဆုံးသောအရာကို ပေးဆက်သောအခါ နှစ်သက်အားရတော်မူ၏။ ဤမျှနားလည်မှုရှိ၍ မေတ္တာရှိသော ဘုရားသခင်၏အမှုတော်ကို ထမ်းဆောင်ရာ၌ သင် အတတ်နိုင်ဆုံး အမှုတော်ထမ်းလိုစိတ်ရှိသင့်သည်မဟုတ်ပေလော။ သင်၏သြဇာတန်ခိုးကို အသုံးပြုရာတွင် ထိုထက်ကောင်းသော၊ ထိုထက်အရေးကြီးသောနည်းလမ်း မရှိတော့ချေ။

^ အပိုဒ်၊ 10 သမ္မာကျမ်းစာခေတ်က “ကြိမ်လုံး” ဟူသော ဟေဗြဲစကားလုံးမှာ သိုးများကိုလမ်းညွှန်ရန် သိုးထိန်းတစ်ဦးအသုံးပြုသည့် လှံတံ သို့မဟုတ် တောင်ဝှေးကိုဆိုလိုသည်။ (ဆာလံ ၂၃:၄) အလားတူ မိဘအခွင့်အာဏာတည်းဟူသော “ကြိမ်လုံး” က ရုန့်ရင်းကြမ်းတမ်းမှု သို့မဟုတ် ရက်စက်စွာအပြစ်ပေးမှုကို မဆိုလိုဘဲ မေတ္တာပါသောလမ်းညွှန်မှုကိုဆိုလိုပါသည်။