မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၁

“စီရင်တော်မူသမျှတို့သည် တရားနှင့်ညီ၏”

“စီရင်တော်မူသမျှတို့သည် တရားနှင့်ညီ၏”

၁၊ ၂။ (က) အဘယ်မတရားမှုကြီးများကို ယောသပ်ခံခဲ့ရသနည်း။ (ခ) ထိုမတရားမှုများကို ယေဟောဝါ မည်သို့အရေးယူ ဆောင်ရွက်ပေးတော်မူခဲ့သနည်း။

လုံးလုံးမတရားပါ။ ရုပ်ရည်ချောမောသောလူငယ်မှာ ရာဇဝတ်မှုမကျူးလွန်ခဲ့ဘဲနှင့် ဗလက္ကာရပြုရန် ကြိုးစားပါသည်ဟူ၍ မတရားစွပ်စွဲခံရပြီး မြေအောက်အကျဉ်းခန်းတွင် ပိတ်လှောင်ခံခဲ့ရသည်။ သို့သော် ဦးဆုံးအကြိမ် ဤသို့ သူမတော်မတရားပြုခံရခြင်းမဟုတ်ပေ။ အစောပိုင်းနှစ်များက ဤလူငယ်ယောသပ်သည် အသက် ၁၇ နှစ်အရွယ်တွင် သူ့ကို အစ်ကိုအရင်းများက သတ်ပစ်လုနီးနီးဖြစ်ခဲ့ကာ သစ္စာဖောက်အပ်နှံခဲ့၏။ ထိုစဉ်က သူသည် တိုင်းတစ်ပါးသို့ ကျွန်အဖြစ်ရောင်းချခံခဲ့ရသည်။ ထိုတွင် သူ့သခင့်ဇနီး၏မြှူဆွယ်မှုကို သူ ငြင်းဆန်ခဲ့သည်။ အငြင်းခံရသောထိုမိန်းမက သူ့ကိုစွဲချက်တင်ပြီး အချုပ်ကျစေခဲ့သည်။ ဝမ်းနည်းစရာမှာ ယောသပ်အတွက် လျှောက်လဲချက်ပေးမည့်သူ တစ်ဦးမျှရှိပုံမရခဲ့ချေ။

ယောသပ်သည် မတရားသဖြင့် “ထောင်” ချခံခဲ့ရ၏

သို့သော် “ဖြောင့်မတ်စွာကျင့်ခြင်းနှင့် တရားသဖြင့်စီရင်ခြင်းကိုနှစ်သက်တော်မူ” သောဘုရားသခင်သည် ကြည့်ရှုနေတော်မူသည်။ (ဆာလံ ၃၃:၅) ယေဟောဝါသည် မတရားမှုကို အရေးယူဆောင်ရွက်ပေးခဲ့ရာ နောက်ဆုံးတွင် ယောသပ်လွတ်မြောက်သွားရန် အကြောင်းဖန်စေခဲ့သည်။ ထိုထက်မက “ထောင်ထဲမှာ” ချုပ်နှောင်ခံခဲ့ရသောယောသပ်သည် အဆုံးတွင် ကြီးမားသောတာဝန်ထမ်းရွက်ရပြီး အထူးဂုဏ်တင်ခံခဲ့ရသည်။ (ကမ္ဘာဦး ၄၀:၁၅; ၄၁:၄၁-၄၃; ဆာလံ ၁၀၅:၁၇၊ ၁၈) နောက်ဆုံးတွင် ယောသပ်သည် အပြစ်မရှိကြောင်းထင်ရှားလာပြီး သူ၏အဆင့်မြင့်ရာထူးကိုအသုံးပြု၍ ဘုရားသခင့်ရည်ရွယ်တော်မူချက်ကို အထမြောက်စေခဲ့သည်။—ကမ္ဘာဦး ၄၅:၅-၈

၃။ ကျွန်ုပ်တို့အားလုံးသည် တရားသဖြင့် ဆက်ဆံခံလိုကြခြင်းမှာ အဘယ်ကြောင့် အံ့အားသင့်စရာမဟုတ်သနည်း။

ထိုအဖြစ်အပျက်က ကျွန်ုပ်တို့၏စိတ်နှလုံးကို ထိမိသည်မဟုတ်လော။ မတရားမှုကိုမတွေ့မြင်ဖူးသူ၊ ယင်းကိုမခံရဖူးသူ မည်သူရှိသနည်း။ အမှန်မှာ၊ ကျွန်ုပ်တို့အားလုံးသည် မျက်နှာမလိုက်၊ တရားသဖြင့် ဆက်ဆံခံလိုကြသူချည်းသာဖြစ်သည်။ ဤသို့ဖြစ်ခြင်းသည် အံ့အားသင့်စရာမဟုတ်ချေ၊ အကြောင်းမူကား ယေဟောဝါသည် ကိုယ်တော်၏ပင်ကိုအရည်အသွေးကို ရောင်ပြန်ဟပ်သော အရည်အချင်းများဖြင့် ကျွန်ုပ်တို့ကိုဖန်ဆင်းထားရာ ကိုယ်တော်၏အဓိကဂုဏ်ရည်တော်တို့တွင် တရားမျှတမှုသည် တစ်ခုဖြစ်သောကြောင့်တည်း။ (ကမ္ဘာဦး ၁:၂၇) ယေဟောဝါအား အကျွမ်းတဝင်သိရှိရန် ကိုယ်တော်၏တရားမျှတသည့်သဘောကို နားလည်သဘောပေါက်ဖို့လိုသည်။ သို့ဖြင့် ကိုယ်တော်၏ချီးမွမ်းဖွယ်နည်းလမ်းတော်များကို ပိုမိုလေးမြတ်တန်ဖိုးထားလာကြရာ ကိုယ်တော်ထံပိုမိုချဉ်းကပ်လာဖို့ လှုံ့ဆော်ခံရမည်။

တရားမျှတမှုကား အဘယ်နည်း

၄။ လူ့ရှုထောင့်မှကြည့်လျှင် တရားမျှတမှုကို မည်သို့နားလည်လေ့ရှိသနည်း။

လူ့ရှုထောင့်မှကြည့်လျှင် တရားမျှတမှုသည် ဥပဒေပြဋ္ဌာန်းချက်ကို ဘက်မလိုက်ဘဲ ကျင့်သုံးခြင်းဖြစ်၏ဟု နားလည်ထားကြလေ့ရှိသည်။ အခွင့်အရေးနှင့် ကျိုးကြောင်း—သီအိုရီနှင့်လက်တွေ့ ကျင့်ဝတ်များ စာအုပ်က “တရားမျှတခြင်းသည် ဥပဒေ၊ ဝတ္တရား၊ အခွင့်အရေးများ၊ တာဝန်များတို့နှင့် ဆက်စပ်နေကာ ဘက်မလိုက်ခြင်း သို့မဟုတ် ရသင့်ရထိုက်သည့် ကောင်းကျိုးဆိုးပြစ်နှင့်အညီ တရားစီရင်ဆုံးဖြတ်၏” ဟုဆိုသည်။ ယေဟောဝါ၏တရားမျှတမှုမှာမူ တာဝန် သို့မဟုတ် ဝတ္တရားရှိ၍သာ စည်းမျဉ်းဥပဒေများကို စက်ရုပ်ဆန်ဆန် လိုက်လျှောက်ခြင်းထက်မက အကျုံးဝင်သည်။

၅၊ ၆။ (က) “တရားမျှတမှု” ဟု ဘာသာပြန်ဆိုထားသော မူရင်းစကားလုံးများ၏အဓိပ္ပာယ်ကား အဘယ်နည်း။ (ခ) ဘုရားသခင်သည် တရား၏ဟုဆိုခြင်းက အဘယ်အဓိပ္ပာယ်ရှိသနည်း။

သမ္မာကျမ်းစာတွင် အသုံးပြုထားသော မူရင်းဘာသာစကားလုံးများကို သုံးသပ်ခြင်းအားဖြင့် ယေဟောဝါ၏တရားမျှတမှုနယ်ပယ်ကို ပိုမိုသဘောပေါက်နားလည်နိုင်မည်။ ဟေဗြဲကျမ်းစာစောင်များ၌ အဓိကစကားလုံးသုံးလုံးကို အသုံးပြုထားသည်။ များသောအားဖြင့် “တရားမျှတမှု” ဟုအများဆုံးပြန်ဆိုလေ့ရှိကြသောစကားလုံးကို “မှန်ကန်ရာ” ဟူ၍လည်း ဘာသာပြန်ဆိုပေမည်။ (ကမ္ဘာဦး ၁၈:၂၅ကဘ) အခြားစကားလုံးနှစ်လုံးကို “ဖြောင့်မတ်တော်မူခြင်း” ဟုဘာသာပြန်ဆိုလေ့ရှိ၏။ ခရစ်ယာန်ဂရိကျမ်းစာစောင်များတွင် “ဖြောင့်မတ်ခြင်း” ဟုပြန်ဆိုသည့်စကားလုံးကို “မှန်ကန်သော သို့မဟုတ် တရားမျှတသောအရည်အချင်း” အဖြစ်အနက်ဖွင့်ထားသည်။ ထို့ကြောင့် အခြေခံသဘောတရားအားဖြင့် ဖြောင့်မတ်ခြင်းနှင့် တရားမျှတခြင်းသည် အတူတူပင်ဖြစ်သည်။—အာမုတ် ၅:၂၄

သို့ဖြစ်၍ သမ္မာကျမ်းစာက ဘုရားသခင်သည် တရား၏ဟုဆိုရာတွင် ကိုယ်တော်သည် ဖြောင့်မှန်၍ မျှတမှုရှိကြောင်း၊ မျက်နှာမလိုက်ဘဲ တစ်သမတ်တည်း ပြုတော်မူကြောင်း ကျွန်ုပ်တို့ကို သိရှိစေ၏။ (ရောမ ၂:၁၁) အမှန်တွင် ကိုယ်တော်သည် ယင်းသို့မလုပ်ဆောင်မည်ကို စိတ်ကူး၍ပင်မရနိုင်ချေ။ သစ္စာရှိဧလိဟုက ဤသို့ပြောခဲ့သည်– “ဒုစရိုက်သည် ဘုရားသခင်နှင့်လည်းကောင်း၊ အပြစ်သည် အနန္တတန်ခိုးရှင်နှင့်လည်းကောင်း ဝေးပါစေ။” (ယောဘ ၃၄:၁၀) မှန်ပါ၏၊ ယေဟောဝါသည် “မတရားမှု” မပြုနိုင်ချေ။ အဘယ်ကြောင့်နည်း။ အရေးပါသော အကြောင်းနှစ်ရပ်ကြောင့်ဖြစ်သည်။

၇၊ ၈။ (က) ယေဟောဝါသည် အဘယ်ကြောင့် မတရားသဖြင့်မပြုနိုင်သနည်း။ (ခ) ယေဟောဝါအား အဘယ်အရာက ဖြောင့်မှန်စွာ၊ တရားမျှတစွာပြုမူစေသနည်း။

ဦးဆုံးမှာ ကိုယ်တော်သည် သန့်ရှင်းမြင့်မြတ်တော်မူ၏။ အခန်း ၃ တွင် ကျွန်ုပ်တို့သတိပြုမိခဲ့သည့်အတိုင်း ယေဟောဝါသည် အတိုင်းမသိစင်ကြယ်၍ ဖြောင့်မတ်တော်မူ၏။ ထို့ကြောင့် ကိုယ်တော်သည် မဖြောင့်မှန်စွာ သို့မဟုတ် မတရားစွာမပြုနိုင်ချေ။ ဆိုလိုရင်းကို သုံးသပ်ကြည့်ပါ။ ကျွန်ုပ်တို့ကောင်းကင်ခမည်းတော်၏ သန့်ရှင်းမြင့်မြတ်ခြင်းက ကိုယ်တော်သည် ဘယ်သောအခါမျှ မိမိ၏သားသမီးများကို တလွဲပြုမူမည်မဟုတ်ကြောင်း ယုံကြည်စိတ်ချရန် ခြေမြစ်သည့်အကြောင်းရှိစေသည်။ ယေရှု၌ ထိုယုံကြည်စိတ်ချမှုရှိတော်မူ၏။ မြေကြီးအသက်တာ၏နောက်ဆုံးညတွင် ကိုယ်တော် ဤသို့ဆုတောင်းခဲ့သည်– “သန့်ရှင်းတော်မူသောအဘ . . . သူတို့ [တပည့်တော်များ] ကို ကိုယ်တော်၏နာမ၌တည်စေတော်မူပါ။” (ယောဟန် ၁၇:၁၁) ကျမ်းစာစောင်များတွင် “သန့်ရှင်းတော်မူသောအဘ” ဟူသောဖော်ညွှန်းချက်သည် ယေဟောဝါတစ်ပါးတည်းနှင့်သာ သက်ဆိုင်သည်။ ယင်းသည် ဆီလျော်၏၊ အကြောင်းမူကား သန့်ရှင်းမြင့်မြတ်ခြင်းတွင် ကိုယ်တော်နှင့်နှိုင်းယှဉ်နိုင်သူ အဘယ်လူသားဖခင်မျှမရှိပေ။ အကြွင်းမဲ့စင်ကြယ်သန့်ရှင်း၍ အပြစ်ရှိသမျှနှင့် ကင်းစင်တော်မူသော ခမည်းတော်၏လက်တော်၌ မိမိ၏တပည့်တော်များသည် လုံခြုံလိမ့်မည်ဖြစ်ကြောင်း ယေရှုအပြည့်အဝယုံကြည်ခဲ့သည်။—မဿဲ ၂၃:၉

ဒုတိယအနေနှင့် တစ်ကိုယ်ကောင်းမဆန်သောမေတ္တာမှာ ဘုရားသခင်၏ ပင်ကိုစရိုက်ဖြစ်၏။ ထိုမေတ္တာက ကိုယ်တော်အား အခြားသူတို့နှင့်ဆက်ဆံရာတွင် ဖြောင့်မတ်စေသည်၊ သို့မဟုတ် တရားမျှတစေသည်။ သို့သော် မတရားမှု၏ပုံစံအမျိုးမျိုးဖြစ်သော လူမျိုးရေးစိတ်ဓာတ်၊ ခွဲခြားဆက်ဆံခြင်းနှင့် မျက်နှာလိုက်ခြင်းတို့သည် မေတ္တာ၏ဆန့်ကျင်ဘက်ဖြစ်သည့် လောဘ၊ တစ်ကိုယ်ကောင်းဆန်ခြင်းတို့မှ ပေါ်ထွက်လာလေ့ရှိ၏။ မေတ္တာရှင်ဘုရားသခင်နှင့်ပတ်သက်၍ သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ဤသို့အာမခံသည်– “ထာဝရဘုရားသည် ဖြောင့်မတ်တော်မူ၍ ဖြောင့်မတ်ခြင်းကိုနှစ်သက်တော်မူ၏။” (ဆာလံ ၁၁:၇သမ္မာ) ကိုယ်တော်တိုင်နှင့်ပတ်သက်၍ ယေဟောဝါဤသို့မိန့်တော်မူသည်– “ငါထာဝရဘုရားသည် တရားသဖြင့်စီရင်ခြင်းကို နှစ်သက်၏။” (ဟေရှာယ ၆၁:၈) ဖြောင့်မှန်စွာ၊ တရားမျှတစွာပြုမူခြင်းကို ကျွန်ုပ်တို့၏ဘုရားသခင် နှစ်သက်တော်မူကြောင်း သိထားရခြင်းသည် ကျွန်ုပ်တို့အတွက် နှစ်သိမ့်ဖွယ်ရာမဟုတ်ပေလော။—ယေရမိ ၉:၂၄

ကရုဏာနှင့် ယေဟောဝါ၏စုံလင်သောတရားမျှတမှု

၉-၁၁။ (က) ယေဟောဝါ၏တရားမျှတမှုနှင့် ကိုယ်တော်၏ကရုဏာတွင် အဘယ်ဆက်စပ်မှုရှိသနည်း။ (ခ) အပြစ်သားများကို ကိုယ်တော်ဆက်ဆံပုံတွင် ယေဟောဝါ၏တရားမျှတမှုနှင့် ကိုယ်တော်၏ကရုဏာ မည်သို့ထင်ရှားသနည်း။

ယေဟောဝါ၏တရားမျှတမှုသည် ပြိုင်ဘက်ကင်းသော ကိုယ်တော်၏အခြား ပင်ကိုအရည်အသွေးအားလုံးကဲ့သို့ပင် စုံလင်တော်မူ၏၊ လိုနေသောအရာ တစ်စုံတစ်ခုမျှမရှိ။ ယေဟောဝါအား အထူးချီးမွမ်းလျက် မောရှေဤသို့ရေးသားခဲ့သည်– “ထိုကျောက်တော်၏အမှုတော်သည် စုံလင်ပေ၏။ စီရင်တော်မူသမျှတို့သည် တရားနှင့်ညီ၏။ သစ္စာစောင့်၍ ဖြောင့်မတ်မှန်ကန်သောဘုရားဖြစ်တော်မူ၏။” (တရားဟောရာ ၃၂:၃၊ ၄ကဘ) ယေဟောဝါ၏တရားမျှတမှု မှန်သမျှသည် ချွတ်ယွင်းချက်ကင်းကာ သက်ညှာလွန်းခြင်း၊ ရက်စက်လွန်းခြင်းမရှိချေ။

၁၀ ယေဟောဝါ၏တရားမျှတမှုနှင့် ကရုဏာသည် အနီးကပ်ဆက်စပ်မှုရှိ၏။ ဆာလံ ၁၁၆:၅ က ဤသို့ဆိုသည်– “ထာဝရဘုရားသည် ကျေးဇူးပြုတတ်သောသဘော၊ ဖြောင့်မတ်သော [“တရားမျှတသော၊” အမေရိကန်သမ္မာကျမ်းစာသစ်] သဘောရှိတော်မူ၏။ ငါတို့ဘုရားသခင်သည် ကရုဏာစိတ်ရှိတော်မူ၏။” မှန်ပါ၏၊ ယေဟောဝါသည် တရားမျှတသည့်အပြင် ကရုဏာရှိတော်မူ၏။ ထိုစရိုက်နှစ်ခုမှာ ကွဲလွဲမနေချေ။ ကိုယ်တော်၏ ကရုဏာက တရားမျှတမှုကို အားပျော့သွားစေသည်မဟုတ်ပါ၊ ထိုသို့ဖြစ်က ကိုယ်တော်၏တရားမျှတမှုသည် လွန်စွာပင်ပြင်းထန်နေသည့်အလား ဖြစ်နေပေမည်။ ယင်းအစား ထိုအရည်အချင်းနှစ်ခုစလုံးကို ကိုယ်တော်သည် တစ်ကြိမ်တည်း၊ လုပ်ဆောင်ချက်တစ်ရပ်တည်း၌ပင် ဖော်ပြလေ့ရှိသည်။ ဥပမာတစ်ရပ်ကို သုံးသပ်ကြည့်ပါ။

၁၁ လူသားအားလုံး အပြစ်ကိုအမွေခံကြရပြီး အပြစ်၏အခ သေခြင်းကိုရထိုက်ပေသည်။ (ရောမ ၅:၁၂) သို့သော် အပြစ်သားများသေဆုံးရခြင်းကို ယေဟောဝါမလိုလားချေ။ ကိုယ်တော်သည် “အပြစ်ကိုဖြေတတ်သောဘုရား၊ ချစ်သနားခြင်းမေတ္တာကရုဏာနှင့်ပြည့်စုံ” သူဖြစ်သည်။ (နေဟမိ ၉:၁၇) သို့တိုင် ကိုယ်တော်သည် သန့်ရှင်းမြင့်မြတ်တော်မူသောကြောင့် မဖြောင့်မတ်မှုကို မလျှော်ပစ်နိုင်ချေ။ ထိုသို့ဆိုလျှင် ကိုယ်တော်သည် အပြစ်ကိုအမွေရသူ လူသားတို့အား မည်သို့ကရုဏာပြနိုင်သနည်း။ အဖြေကို ဘုရားသခင့်နှုတ်ကပါဌ်တော်၏ တန်ဖိုးအရှိဆုံး အမှန်တရားများအနက် တစ်ခုဖြစ်သည့် လူသားအားလုံး၏ကယ်တင်ခြင်းအတွက် ယေဟောဝါ၏ ရွေးနုတ်ဖိုးအစီအစဉ်တွင် တွေ့ရှိရသည်။ အခန်း ၁၄ တွင် ဤမေတ္တာပါအစီအစဉ်အကြောင်း ကျွန်ုပ်တို့ပိုမိုသိရှိရပေမည်။ ယင်းသည် လွန်စွာတရားမျှတပြီး တစ်ကြိမ်တည်းတွင် အလွန်ကရုဏာရှိ၏။ ဤနည်းအားဖြင့် ယေဟောဝါသည် နောင်တရသောအပြစ်သားများကို ကရုဏာပြစဉ် တစ်ကြိမ်တည်းတွင် မိမိ၏စုံလင်သောတရားမျှတမှုစံနှုန်းများကို ဆုပ်ကိုင်ထားနိုင်ပေသည်။—ရောမ ၃:၂၁-၂၆

ယေဟောဝါ၏တရားမျှတမှုသည် နှစ်ထောင်းအားရစေ

၁၂၊ ၁၃။ (က) ယေဟောဝါ၏တရားမျှတမှုက ကျွန်ုပ်တို့ကို ကိုယ်တော်ထံ အဘယ်ကြောင့်ချဉ်းကပ်စေသနည်း။ (ခ) ယေဟောဝါ၏တရားမျှတမှုနှင့်ပတ်သက်၍ ဒါဝိဒ် အဘယ်ကောက်ချက်ချသနည်း၊ ယင်းက ကျွန်ုပ်တို့ကို မည်သို့နှစ်သိမ့်မှုပေးနိုင်သနည်း။

၁၂ ယေဟောဝါ၏တရားမျှတမှုသည် ကျွန်ုပ်တို့စက်ဆုပ်စရာ ခံစားချက်မဲ့အရည်အချင်းတစ်ခုမဟုတ်ဘဲ ကိုယ်တော်နှင့်ရင်းနှီးစေသော နှစ်သက်ဖွယ်အရည်အချင်းဖြစ်၏။ သမ္မာကျမ်းစာသည် ယေဟောဝါ၏တရားမျှတမှု သို့မဟုတ် ဖြောင့်မတ်မှု၏ စာနာထောက်ထားတတ်သော သဘောသဘာဝကို အထင်အရှားဖော်ပြပေး၏။ တရားမျှတမှုကို ယေဟောဝါကျင့်သုံးသည့် စိတ်ကြည်နူးစရာနည်းလမ်းအချို့ကို သုံးသပ်ကြည့်ကြပါစို့။

၁၃ ယေဟောဝါ၏စုံလင်သောတရားမျှတမှုက ကိုယ်တော်အား မိမိ၏ကျေးကျွန်များအပေါ်တည်ကြည်၍ သစ္စာစောင့်စေသည်။ ဆာလံဆရာဒါဝိဒ်သည် ယေဟောဝါ၏တရားမျှတမှုဆိုင်ရာ ဤရှုထောင့်ကို ကိုယ်တိုင်ကြုံတွေ့၍ ကျေးဇူးတင်လေးမြတ်တတ်လာခဲ့၏။ သူ၏ကိုယ်တွေ့နှင့် ဘုရားသခင့်နည်းလမ်းတော်များကို အသေအချာဆန်းစစ်လေ့လာခြင်းမှ ဒါဝိဒ် အဘယ်ကောက်ချက်ချခဲ့သနည်း။ သူဤသို့ကြွေးကြော်ခဲ့သည်– “ထာဝရဘုရားသည် တရားကိုနှစ်သက်တော်မူ၏။ မိမိသန့်ရှင်းသူတို့ကိုလည်း စွန့်တော်မမူ။ သူတို့သည် စောင့်မတော်မူခြင်းကို အစဉ်အမြဲခံရကြလိမ့်မည်။” (ဆာလံ ၃၇:၂၈) အမှန်တကယ်နှစ်သိမ့်မှုပေးသော အာမခံချက်ပါတကား! ကျွန်ုပ်တို့၏ဘုရားသခင်သည် ကိုယ်တော်အား သစ္စာရှိသူတို့ကို ဘယ်သောအခါမျှ စွန့်ပစ်တော်မူမည်မဟုတ်ချေ။ သို့ဖြစ်၍ ကိုယ်တော်၏ရင်းနှီးကျွမ်းဝင်မှုနှင့် မေတ္တာပါသောဂရုစိုက်မှုကို ကျွန်ုပ်တို့မှီခိုအားထားနိုင်ကြောင်း ကိုယ်တော်၏တရားမျှတမှုက အာမခံသည်!—သုတ္တံ ၂:၇၊ ၈။ 

၁၄။ ဣသရေလလူတို့အားပေးသော ပညတ်တော်တွင် ချို့တဲ့သူတို့အတွက် ယေဟောဝါ၏စိုးရိမ်မကင်းဖြစ်ကြောင်း မည်သို့ထင်ရှားသနည်း။

၁၄ ဘုရားသခင့်တရားမျှတမှုက ဖိနှိပ်ခံရသူတို့၏လိုအပ်ရာများကို အကင်းပါးပါးနှင့် သိရှိစေသည်။ ဣသရေလလူမျိုးကိုပေးထားသော ပညတ်တော်တွင် ချို့တဲ့သူတို့အတွက် ယေဟောဝါစိုးရိမ်မကင်းဖြစ်ကြောင်း ထင်ရှားသည်။ ဥပမာ၊ ပညတ်တော်က မိဘမဲ့များနှင့် မုဆိုးမများကို ဂရုစိုက်ကြောင်းသေချာစေရန် အထူးအစီအစဉ်များ စီမံထား၏။ (တရားဟောရာ ၂၄:၁၇-၂၁) ထိုသို့သောမိသားစုများအတွက် မည်မျှခက်ခဲမည်ကို အသိအမှတ်ပြုလျက် ယေဟောဝါကိုယ်တော်တိုင်သည် “မိဘမရှိသောသူငယ်၊ မုဆိုးမဘက်၌တရားစီရင်၍” သူတို့၏ဖခင်ပမာ တရားသူကြီးနှင့် ကာကွယ်ပေးရှင်ဖြစ်လာလေသည်။ (တရားဟောရာ ၁၀:၁၈; ဆာလံ ၆၈:၅) ဣသရေလတို့သည် အကာအကွယ်မဲ့ အမျိုးသမီးများနှင့် ကလေးများကို နှိပ်စက်မည်ဆိုလျှင် ထိုသူတို့၏အော်ဟစ်သံကို ကိုယ်တော် ဆက်ဆက်နားထောင်မည်ဟု ယေဟောဝါသတိပေးခဲ့၏။ ထိုအခါ ‘ငါအမျက်ပြင်းစွာထွက်မည်’ ဟုကိုယ်တော်မိန့်တော်မူသည်။ (ထွက်မြောက်ရာ ၂၂:၂၂-၂၄) အမျက်ဒေါသသည် ယေဟောဝါ၏ထင်ရှားသောအရည်အချင်းတစ်ခု မဟုတ်သော်လည်း တမင်သက်သက်မတရားလျှင်၊ အထူးသဖြင့် မတရားမှုခံရသူတို့မှာ နိမ့်ကျ၍ အကူအညီမဲ့သူတို့ဖြစ်လျှင် ကိုယ်တော်သည် ဖြောင့်မတ်သောအမျက်ဒေါသ နှိုးဆွခံရလေသည်။—ဆာလံ ၁၀၃:၆

၁၅၊ ၁၆။ ယေဟောဝါသည် မျက်နှာမလိုက်ကြောင်း အမှန်တကယ်ပင် မှတ်သားဖွယ်ကောင်းသောသာဓကတစ်ရပ်ကား အဘယ်နည်း။

၁၅ ယေဟောဝါသည် “လူမျက်နှာကိုမထောက်၊ တံစိုးကိုမစား” ကြောင်းလည်း ကျွန်ုပ်တို့ကိုအာမခံသည်။ (တရားဟောရာ ၁၀:၁၇) ယေဟောဝါသည် တန်ခိုးအာဏာ သို့မဟုတ် ဩဇာအရှိန်အဝါရထားသော လူများစွာနှင့်မတူဘဲ ဥစ္စာဓနကြွယ်ဝမှု သို့မဟုတ် အပြင်ပန်းရုပ်သွင်၏လွှမ်းမိုးခြယ်လှယ်မှုကို မခံချေ။ ကိုယ်တော်သည် ဘက်လိုက်ခြင်း သို့မဟုတ် မျက်နှာသာပေးခြင်းနှင့် လုံးဝကင်းရှင်းသည်။ ယေဟောဝါသည် မျက်နှာမလိုက်ကြောင်း အမှန်တကယ် မှတ်သားဖွယ် သာဓကတစ်ရပ်ကို သုံးသပ်ကြည့်ပါ။ အဆုံးမဲ့အသက်တာရနိုင်သည့် ကိုယ်တော်၏စစ်မှန်သောဝတ်ပြုသူများ ဖြစ်လာရခွင့်သည် အကျော်အမော်ပုဂ္ဂိုလ်အချို့အတွက်သာ ကန့်သတ်သည်မဟုတ်။ ယင်းအစား “လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ တရားသဖြင့်ကျင့်ဆောင်သောသူသည် အထံတော်၌မျက်နှာရသည်။” (တမန်တော် ၁၀:၃၄၊ ၃၅) ဤအလွန်ကောင်းသောမျှော်လင့်ချက်သည် လူမှုရေးအဆင့်၊ အသားအရောင် သို့မဟုတ် နေထိုင်သောနိုင်ငံ မည်သို့ပင်ဖြစ်ပါစေ အားလုံးအတွက်ဖြစ်သည်။ ၎င်းသည် အမွန်မြတ်ဆုံး စစ်မှန်သည့်တရားမျှတမှု မဟုတ်ပေလော။

၁၆ ကျွန်ုပ်တို့ စဉ်းစားဆင်ခြင်၍ ရိုသေလေးစားသမှုပြုထိုက်သည့် ယေဟောဝါ၏စုံလင်သော တရားမျှတမှု၏ရှုထောင့်တစ်ခုရှိသေးသည်၊ ၎င်းသည် ကိုယ်တော်၏ဖြောင့်မတ်သောစံနှုန်းများကို ချိုးဖောက်ကျူးလွန်သူတို့နှင့် ကိုယ်တော် ဆက်ဆံပုံဖြစ်သည်။

ပြစ်ဒဏ်မှကင်းလွတ်ခွင့်မရှိ

၁၇။ ဤကမ္ဘာပေါ်တွင် မညီမျှမှုတို့က ယေဟောဝါ၏တရားမျှတမှုကို အဘယ်ကြောင့်ဝေဖန်ရှုတ်ချမှု မဖြစ်စေကြောင်း ရှင်းပြပါ။

၁၇ အချို့က ဤသို့မေးပေမည်– ‘မဖြောင့်မတ်မှုကို ယေဟောဝါသည် လျှော်မပစ်ရာ ယနေ့ ကမ္ဘာပေါ်တွင် ရိုးနေသော မတရားမှုနှင့် ယိုယွင်းဖောက်ပြန်မှုများကို ကျွန်ုပ်တို့ မည်သို့ရှင်းပြနိုင်မည်နည်း။’ ထိုသို့သော မညီမျှမှုက ယေဟောဝါ၏တရားမျှတမှုကို အဘယ်နည်းဖြင့်မျှ ဝေဖန်ရှုတ်ချမှု မဖြစ်စေပါ။ ဤဆိုးညစ်သောလောကရှိ မတရားမှုများစွာတို့သည် အာဒံမှ လူသားအပေါင်း အမွေဆက်ခံခဲ့ရသည့် အပြစ်၏ဆိုးကျိုးဖြစ်သည်။ မစုံလင်သောလူသားများက သူတို့ကိုယ်နှိုက်၏ အပြစ်လမ်းစဉ်များကို ရွေးချယ်ထားကြသည့်လောကတွင် မတရားမှုအမြောက်အမြားရှိသည်၊ သို့သော် တာရှည်ရှိမည်မဟုတ်ချေ။—တရားဟောရာ ၃၂:၅

၁၈၊ ၁၉။ ယေဟောဝါသည် ကိုယ်တော်၏ဖြောင့်မတ်သောပညတ်များကို တမင်တကာချိုးဖောက်သူတို့အား တစ်သက်လုံး သည်းခံသွားမည်မဟုတ်ကြောင်း အဘယ်အရာက ဖော်ပြသနည်း။

၁၈ ယေဟောဝါသည် စိတ်ရင်းမှန်ဖြင့် ကိုယ်တော့်ထံ ချဉ်းကပ်ခဲ့ကြသူတို့အပေါ် ကရုဏာများစွာပြသစဉ် ကိုယ်တော်၏သန့်ရှင်းသောနာမတော်ကို ပြစ်တင်ရှုတ်ချစရာဖြစ်စေသည့် အခြေအနေမျိုးကို တစ်သက်လုံးသည်းခံသွားမည်မဟုတ်ပေ။ (ဆာလံ ၇၄:၁၀၊ ၂၂၊ ၂၃) တရားမျှတသောဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကိုမခံ; တမင်တကာအပြစ်ပြုသူတို့ ရသင့်ရထိုက်သောအပြစ်ဒဏ်ကို မခံရစေရန် ကိုယ်တော်ကာကွယ်ပေးတော်မူမည်မဟုတ်။ ယေဟောဝါသည် “သနားတတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ အမျက်ထွက်နှေးသောသဘော၊ ကရုဏာနှင့်သစ္စာကြွယ်ဝသောသဘောရှိတော်မူသော၊ . . . အပြစ်ဒဏ်စီရင်ခြင်းကို အဘယ်နည်းနှင့်မျှ လွတ်ကင်းစေတော်မမူသောဘုရားသခင်” ဖြစ်တော်မူ၏။ (ထွက်မြောက်ရာ ၃၄:၆၊ ၇ကဘ) ထိုစကားများနှင့်အညီ ယေဟောဝါသည် ကိုယ်တော်၏ဖြောင့်မတ်သော ပညတ်တော်များကို တမင်တကာချိုးဖောက်သူတို့အား တရားစီရင်ရန်လိုကြောင်း တွေ့မြင်ခဲ့သောအခါများရှိ၏။

၁၉ ဥပမာအဖြစ် ရှေးဣသရေလလူတို့အား ဘုရားသခင်စီရင်ခဲ့ပုံကိုကြည့်ပါ။ ကတိထားရာပြည်၌ အခြေချပြီးသည့်နောက်၌ပင် ဣသရေလလူတို့သည် ထပ်တလဲလဲသစ္စာပျက်ခဲ့ကြ၏။ သူတို့၏ဖောက်ပြန်သည့်လမ်းစဉ်များက ယေဟောဝါ၏ “စိတ်တော်နာဖွယ်သောအကြောင်း” ကိုဖြစ်စေသော်လည်း သူတို့ကို ကိုယ်တော်ချက်ချင်းမစွန့်ပစ်ခဲ့ချေ။ (ဆာလံ ၇၈:၃၈-၄၁) ယင်းအစား ကိုယ်တော်သည် သူတို့၏လမ်းစဉ်ကို ပြောင်းလဲပစ်ရန် အခွင့်အလမ်းများကို သနားညှာတာစွာပေးခဲ့သည်။ ကိုယ်တော် ဤသို့တောင်းပန်ခဲ့သည်– “ဆိုးသောသူသည် အသေခံခြင်းအမှုကို ငါနှစ်သက်သည်မဟုတ်။ ဆိုးသောသူသည် မိမိဆိုးသောလမ်းမှလွှဲ၍ အသက်ရှင်ခြင်းအမှုကိုသာ ငါနှစ်သက်၏။ အိုဣသရေလအမျိုးသားတို့ သင်တို့လိုက်သောလမ်းဆိုးမှ လွှဲကြလော့။ လွှဲကြလော့။ အဘယ်ကြောင့် အသေခံလိုကြသနည်း။” (ယေဇကျေလ ၃၃:၁၁) ယေဟောဝါသည် အသက်ကိုတန်ဖိုးထားကာ ဣသရေလအမျိုးသားတို့ ဆိုးသောလမ်းစဉ်မှ လှည့်လာကြမည့်အကြောင်း ပရောဖက်များကို အထပ်ထပ်စေလွှတ်တော်မူခဲ့သည်။ သို့သော် နှလုံးမာကျောသည့်လူမျိုး၊ လူအများစုသည် နားမထောင်လိုကြချေ၊ နောင်တယူရန် ငြင်းဆန်ခဲ့ကြ၏။ နောက်ဆုံးတွင် ယေဟောဝါသည် ကိုယ်တော်၏သန့်ရှင်းသောနာမတော်နှင့် ၎င်းကိုယ်စားပြုသည့်အရာအားလုံးအတွက် သူတို့ကို ရန်သူလက်သို့အပ်လိုက်လေသည်။—နေဟမိ ၉:၂၆-၃၀

၂၀။ (က) ဣသရေလလူတို့နှင့် ယေဟောဝါဆက်ဆံပုံက ကိုယ်တော်နှင့်ပတ်သက်၍ အဘယ်အရာကိုသွန်သင်ပေးသနည်း။ (ခ) ယေဟောဝါ၏တရားမျှတမှု သင်္ကေတအဖြစ် ခြင်္သေ့သည် အဘယ်ကြောင့်သင့်တော်သနည်း။

၂၀ ဣသရေလလူတို့ကို ယေဟောဝါကိုင်တွယ်စီရင်ပုံက ကိုယ်တော့်အကြောင်း များစွာသိရှိစေသည်။ ကိုယ်တော်၏အရာရာကိုကြည့်မြင်သော မျက်စိတော်သည် မဖြောင့်မတ်မှုကို သတိပြုပြီး တွေ့မြင်တော်မူရာတို့ကြောင့် ကိုယ်တော် အလွန်စိတ်ထိခိုက်ကြောင်း ကျွန်ုပ်တို့သိရှိရသည်။ (သုတ္တံ ၁၅:၃) ထို့ပြင် ကိုယ်တော်သည် ကရုဏာပြနိုင်စရာအကြောင်းရှိပါက ထိုသို့ပြုရန် ရှာကြံတော်မူကြောင်း သိရှိရခြင်းကလည်း အားတက်ဖွယ်ကောင်းသည်။ ၎င်းပြင် ကိုယ်တော်၏တရားစီရင်ခြင်းသည် ဘယ်သောအခါမျှ အလျင်စလိုမဟုတ်ကြောင်း ကျွန်ုပ်တို့သိရှိရသေးသည်။ ယေဟောဝါ၏စိတ်ရှည်သည်းခံခြင်းကြောင့် ကိုယ်တော်သည် ဆိုးယုတ်မှုကိုဘယ်တော့မျှ တရားစီရင်မည်မဟုတ်ဟု လူများစွာတို့က မှားယွင်းစွာ ကောက်ချက်ချထားကြ၏။ သို့သော် ယင်းသည် လုံးဝမမှန်ချေ၊ အကြောင်းမှာ ဘုရားသခင့်စိတ်ရှည်ခြင်းသည် အကန့်အသတ်ရှိကြောင်း ဣသရေလလူတို့နှင့် ကိုယ်တော်ဆက်ဆံပုံက သိရှိစေသည်။ ယေဟောဝါသည် ဖြောင့်မတ်ခြင်းအတွက် အခိုင်အမာရပ်တည်တော်မူ၏။ ကိုယ်တော်သည် တရားမျှတစွာပြုမူရန် တွန့်ဆုတ်လေ့ရှိကြသော လူသားတို့နှင့်မတူဘဲ ဟုတ်မှန်ရာဘက် မားမားမတ်မတ်ရပ်တည်ရန် သတ္တိရှိတော်မူ၏။ ရဲရင့်စွာတရားမျှတခြင်း၏ သင်္ကေတဖြစ်သော ခြင်္သေ့ကို ဘုရားသခင်တည်ရှိခြင်း၊ ဘုရားသခင့်ပလ္လင်တော်တို့နှင့် ဆက်စပ်ထားခြင်းသည် အလွန်သင့်တော်ပေ၏။ * (ယေဇကျေလ ၁:၁၀; ဗျာဒိတ် ၄:၇) သို့ဖြင့် ဤကမ္ဘာပေါ်မှ မတရားမှုကို ကိုယ်တော်ဖယ်ရှားပေးမည်ဟူသောကတိတော် ပြည့်စုံမည်ကို ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်ကြသည်။ မှန်ပါသည်၊ ကိုယ်တော်၏တရားစီရင်နည်းကို ဤသို့အကျဉ်းချုပ်ဖော်ပြနိုင်သည်– လိုအပ်သည့်အခါ ခိုင်မာစွာစီရင်၍ ဖြစ်နိုင်သည့်အခါတိုင်း ကရုဏာပြတော်မူ၏။—၂ ပေတရု ၃:၉

တရားမျှတမှုရှိသောဘုရားသခင်ထံ ချဉ်းကပ်ခြင်း

၂၁။ ယေဟောဝါ တရားမျှတမှုတင်ပြပုံကို ကျွန်ုပ်တို့ဆင်ခြင်သုံးသပ်သောအခါ ကိုယ်တော်နှင့်ပတ်သက်၍ မည်သို့ယူမှတ်သင့်သနည်း၊ အဘယ်ကြောင့်နည်း။

၂၁ ယေဟောဝါ၏ တရားမျှတစွာကျင့်ခြင်းကို ကျွန်ုပ်တို့ဆင်ခြင်သုံးသပ်ကြသောအခါ ကိုယ်တော်အား ပြစ်မှားသူတို့ကို ပြစ်ဒဏ်စီရင်ဖို့သာ စဉ်းစားတတ်သည့် စိမ်းကားခက်ထန်သော တရားသူကြီးတစ်ဦးအဖြစ် မယူမှတ်သင့်ချေ။ ၎င်းအစား သားသမီးများကိုချစ်သော်လည်း အကောင်းဆုံးသော ဖြစ်နိုင်သည့်နည်းဖြင့် အမြဲဆက်ဆံသော ခိုင်မာပြတ်သားသောဖခင်တစ်ဦးအဖြစ် ကိုယ်တော်အားရှုမြင်သင့်၏။ ယေဟောဝါသည် တရားမျှတပြီး ဖြောင့်မတ်သည့် ဖခင်တစ်ဦးအနေဖြင့် ကိုယ်တော်၏အကူအညီနှင့် ခွင့်လွှတ်မှုလိုအပ်နေသူ မြေကြီးသားသမီးများအပေါ် မှန်ကန်သည့်ဘက်တွင် ခိုင်မာစွာရပ်တည်ခြင်းနှင့် စာနာထောက်ထားမှုကို မျှတစွာတင်ပြတော်မူ၏။—ဆာလံ ၁၀၃:၁၀၊ ၁၃

၂၂။ ကိုယ်တော့်တရားမျှတမှုလမ်းညွှန်ချက်အရ ယေဟောဝါသည် ကျွန်ုပ်တို့ကို အဘယ်မျှော်လင့်ချက်ရှိစေသနည်း၊ ကိုယ်တော်သည် ကျွန်ုပ်တို့နှင့် ဤနည်းဖြင့် အဘယ်ကြောင့်ဆက်ဆံသနည်း။

၂၂ ဘုရားသခင့်တရားမျှတမှုသည် ပြစ်မှားသူတို့ကို ပြစ်ဒဏ်စီရင်ခြင်းထက်မကကြောင်း ကျွန်ုပ်တို့သိရှိရသည့်အတွက် တကယ်ကျေးဇူးတင်စရာပင်! ကိုယ်တော့်တရားမျှတမှု၏ညွှန်ကြားချက်အရ ယေဟောဝါသည် ကျွန်ုပ်တို့ကို အမှန်တကယ် စိတ်လှုပ်ရှားဖွယ်မျှော်လင့်ချက်ရှိစေတော်မူ၏၊ ၎င်းကား “ဖြောင့်မတ်ခြင်းတရားတည်နေရာ” ကမ္ဘာတစ်ခုတွင် ပြည့်ဝစုံလင်စွာ အဆုံးမဲ့အသက်တာရရှိစေရန်ဖြစ်သည်။ (၂ ပေတရု ၃:၁၃) ဘုရားသခင်သည် ကျွန်ုပ်တို့နှင့် ဤနည်းဖြင့်ဆက်ဆံရခြင်းမှာ ကိုယ်တော်၏တရားမျှတမှုကြောင့် ပြစ်ဒဏ်ချမှတ်မည့်အစား ကယ်တင်လိုသောကြောင့်ဖြစ်သည်။ မှန်ပါ၏၊ ယေဟောဝါ၏တရားမျှတမှု အတိုင်းအတာကို သာ၍သဘောပေါက်နားလည်လာခြင်းက ကျွန်ုပ်တို့အား ကိုယ်တော်နှင့်ပိုမိုရင်းနှီးကျွမ်းဝင်လာစေသည်! နောက်ဆောင်းပါးများတွင် ဤမြင့်မြတ်သောအရည်အသွေးကို ယေဟောဝါမည်သို့ဖော်ပြကြောင်း ကျွန်ုပ်တို့ အနီးကပ်ဆန်းစစ်ကြည့်ကြပါမည်။

^ အပိုဒ်၊ 20 စိတ်ဝင်စားစရာကား ယေဟောဝါသည် သစ္စာမဲ့ဣသရေလလူမျိုးကို တရားစီရင်ရာတွင် ကိုယ်တော်တိုင်အား ခြင်္သေ့နှင့်နှိုင်းယှဉ်တော်မူ၏။—ယေရမိ ၂၅:၃၈; ဟောရှေ ၅:၁၄