မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၂

“ဘုရားသခင်သည် မတရားသောအမှုကို ပြုတော်မူသလော”

“ဘုရားသခင်သည် မတရားသောအမှုကို ပြုတော်မူသလော”

၁။ မတရားသောအဖြစ်အပျက်များက ကျွန်ုပ်တို့ကို မည်သို့ဖြစ်စေသနည်း။

မုဆိုးမဖြစ်သော အဖွားအိုတစ်ဦးသည် အိုစာမင်းစာ အလိမ်ခံလိုက်ရ၏။ အဘယ်အရာမျှမတတ်နိုင်သော နို့စို့သူငယ်တစ်ဦးသည် စာနာမှုမဲ့သောမိဘ၏စွန့်ပစ်ခြင်းကို ခံရသည်။ ကိုယ်တိုင်မကျူးလွန်သောပြစ်မှုတစ်ခုအတွက် လူတစ်ဦး ထောင်ကျသွား၏။ ဤဖြစ်ရပ်များကို သင်မည်သို့တုံ့ပြန်မည်နည်း။ ဖြစ်တန်ရာမှာ ၎င်းအဖြစ်အပျက်တစ်ခုစီသည် သင့်ကို စိတ်အနှောင့်အယှက်ပေးမည်၊ ထိုသို့ဖြစ်ရခြင်းကို နားလည်နိုင်ပါသည်။ ကျွန်ုပ်တို့လူသားများသည် အမှားနှင့် အမှန်ကို ကောင်းစွာခွဲခြားသိနိုင်စွမ်းရှိကြ၏။ မတရားမှုတစ်ရပ်ကိုတွေ့မြင်သောအခါ ဒေါသထွက်တတ်ကြသည်။ ထိုအခါ ခံရသူကို နစ်နာကြေးရစေလိုပြီး အပြစ်ကျူးလွန်သူကို ဒဏ်ခံစေလိုသည်။ ထိုသို့မဖြစ်ပါက ‘ဘာတွေဖြစ်နေသလဲဆိုတာကို ဘုရားသခင်မြင်ရဲ့လား။ ကိုယ်တော် ဘာကြောင့်အရေးမယူတာလဲ’ ဟုကျွန်ုပ်တို့စဉ်းစားကြပေမည်။

၂။ မတရားမှုကို ဟဗက္ကုတ်မည်သို့တုံ့ပြန်ခဲ့သနည်း၊ ယင်းအတွက် သူ့ကို ယေဟောဝါ အဘယ်ကြောင့် အပြစ်မတင်သနည်း။

အလားတူမေးခွန်းများကို ယေဟောဝါ၏သစ္စာရှိကျေးကျွန်များသည် သမိုင်းတစ်လျှောက် မေးမြန်းခဲ့ကြပြီ။ ဥပမာ၊ ပရောဖက်ဟဗက္ကုတ်သည် ဘုရားသခင်ထံ ဤသို့ဆုတောင်းခဲ့သည်– “မတရားသောအမှုကို အကျွန်ုပ်အား အဘယ်ကြောင့်ပြတော်မူသနည်း။ အဓမ္မအမှုကို အဘယ်ကြောင့်မြင်စေတော်မူသနည်း။ လုယူခြင်း၊ အနိုင်အထက်ပြုခြင်းအမှုသည် အကျွန်ုပ်ရှေ့မှာ အဘယ်ကြောင့်ရှိရပါသနည်း။” (ဟဗက္ကုတ် ၁:၃) ဤသို့ ပွင့်ပွင့်လင်းလင်းမေးမြန်းခြင်းကြောင့် ဟဗက္ကုတ်ကို ယေဟောဝါ အပြစ်မတင်ခဲ့ပါ၊ အကြောင်းမှာ တရားမျှတသောသဘောကို လူတို့တွင် ထည့်သွင်းပေးသူမှာ ကိုယ်တော်ကိုယ်နှိုက်ဖြစ်သည်။ ယေဟောဝါ၏ ပြင်းပြသောတရားမျှတသည့်သဘောမှ ပမာဏအနည်းငယ်ကို ကျွန်ုပ်တို့အား ပေးသနားတော်မူသည်။

မတရားမှုကို ယေဟောဝါရွံမုန်းတော်မူ၏

၃။ ယေဟောဝါသည် ကျွန်ုပ်တို့ထက် မတရားမှုကို သာ၍သိမှတ်တော်မူ၏ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။

ယေဟောဝါသည် မတရားမှုကို မသိမှတ်ဘဲနေတော်မမူချေ။ အဘယ်အရာဖြစ်ပျက်နေကြောင်း ကိုယ်တော်သိမြင်တော်မူ၏။ နောဧခေတ်နှင့်ပတ်သက်၍ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “မြေကြီးပေါ်မှာ လူအပြစ်ကြီး၍ သူ၏စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ် ဆိုးညစ်ခြင်းသက်သက်ရှိကြောင်းကို ဘုရားသခင်သိမြင်တော်မူ” ၏။ (ကမ္ဘာဦး ၆:၅) ထိုဖော်ပြချက်၏အဓိပ္ပာယ်ကို သုံးသပ်ကြည့်ပါ။ များသောအားဖြင့် မတရားမှုနှင့်ပတ်သက်၍ ကျွန်ုပ်တို့သိရှိသမျှသည် ကြားသိထားရာ၊ သို့မဟုတ် ကိုယ်ပိုင်အတွေ့အကြုံအနည်းငယ်အပေါ်တွင် မူတည်လေ့ရှိသည်။ ယေဟောဝါမူကား မတရားမှုကို ကမ္ဘာချီအတိုင်းအတာဖြင့် သိရှိထားတော်မူသည်။ အရာခပ်သိမ်းကို ကိုယ်တော်မြင်တော်မူသည်! ထိုထက်မက ကိုယ်တော်သည် စိတ်နှလုံး၏လိုအင်ဆန္ဒများ၊ မတရားမှုလုပ်ရပ်များနောက်ကွယ်ရှိ ယုတ်ညံ့သောစိတ်ကူးစိတ်သန်းကို ပိုင်းခြားသိမြင်တော်မူ၏။—ယေရမိ ၁၇:၁၀

၄၊ ၅။ (က) မတရားသဖြင့်ဆက်ဆံခံရသူတို့ကို ယေဟောဝါဂရုစိုက်တော်မူကြောင်း သမ္မာကျမ်းစာက မည်သို့ဖော်ပြသနည်း။ (ခ) ယေဟောဝါကိုယ်တော်တိုင် မတရားမှုကြောင့် မည်သို့ထိခိုက်ခဲ့သနည်း။

သို့သော် ယေဟောဝါသည် မတရားမှုကို သတိပြုမိရုံထက်မက ပြုတော်မူသည်။ မတရားသဖြင့်ခံရသူတို့ကို ကိုယ်တော်ဂရုစိုက်တော်မူ၏။ ရန်သူနိုင်ငံများ၏ ရက်စက်ကြမ်းကြုတ်မှုကို ကိုယ်တော်၏လူမျိုးတော်ခံရသောအခါ ယေဟောဝါသည် “နှောင့်ယှက်ညှဉ်းဆဲခြင်းကိုခံရ၍ မြည်တမ်းကြသော” လူမျိုးတော်ကြောင့် စိတ်မကောင်းဖြစ်တော်မူခဲ့သည်။ (တရားသူကြီး ၂:၁၈) အချို့သူတို့သည် မတရားမှုကိုတွေ့မြင်ရလေ စာနာမှုကင်းမဲ့လာလေဖြစ်ကြောင်း သင်သတိပြုမိပေမည်။ ယေဟောဝါမူကား ထိုသို့မဟုတ်ချေ! ကိုယ်တော်သည် မတရားမှုကို နှစ်ပေါင်း ၆,၀၀၀ တစ်လျှောက်လုံး အတိုင်းထက်အလွန် တွေ့မြင်ခဲ့ပြီဖြစ်သော်လည်း ၎င်းကို ကိုယ်တော်ရွံမုန်းနေဆဲပင်။ သမ္မာကျမ်းစာက “မုသာ၌ကျင်လည်သော လျှာတစ်ပါး၊ အပြစ်မရှိသောသူ၏အသက်ကိုသတ်သော လက်တစ်ပါး၊” နှင့် “မုသာစကားကိုပြော၍ မမှန်သောသက်သေတစ်ပါး” ကဲ့သို့သောအရာများကို ကိုယ်တော်အလွန်ရွံမုန်းကြောင်း ဖော်ပြထားသည်။—သုတ္တံ ၆:၁၆-၁၉

ထို့ပြင် ဣသရေလလူမျိုး၏ မတရားသောခေါင်းဆောင်များကို ယေဟောဝါ ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည်ကိုလည်း သုံးသပ်ကြည့်ပါ။ သူတို့အား “သင်တို့သည် တရားသဖြင့်စီရင်ခြင်းအမှုကို နားလည်အပ်သည်မဟုတ်လော” ဟုမေးမြန်းရန် ပရောဖက်ကို ကိုယ်တော်မှုတ်သွင်းတော်မူခဲ့သည်။ သူတို့၏အခွင့်အာဏာ အလွဲသုံးစားပြုခြင်းကို ကွင်းကွင်းကွက်ကွက် ဖော်ပြပြီးနောက် ထိုဖောက်ပြန်သူတို့၏အဆုံးရလဒ်ကို ယေဟောဝါ ဤသို့တင်ကူးမိန့်တော်မူခဲ့သည်– သူတို့သည် “ထာဝရဘုရားကိုအော်ဟစ်ကြသော်လည်း နားထောင်တော်မမူ။ ဒုစရိုက်ကိုပြုကြသည်နှင့်အညီ ထိုကာလ၌ မျက်နှာတော်ကိုလွှဲတော်မူလိမ့်မည်။” (မိက္ခာ ၃:၁-၄) မတရားမှုကို ယေဟောဝါ မည်မျှစက်ဆုပ်ရွံရှာလိုက်လေခြင်း! ယင်းကို ကိုယ်တော်တိုင် တွေ့ကြုံခံစားခဲ့ရလေပြီ! စာတန်သည် ကိုယ်တော်အား နှစ်ပေါင်းထောင်နှင့်ချီ၍ မတရားသဖြင့်ကဲ့ရဲ့ပြစ်တင်ခဲ့ပြီ။ (သုတ္တံ ၂၇:၁၁) ထိုမျှမက “ဒုစရိုက်ကိုမပြု” သောသားတော်သည် ရာဇဝတ်သားတစ်ဦးအဖြစ် အဆိုးဝါးဆုံးသောမတရားမှုကိုခံရပြီး အသတ်ခံခဲ့ရသည့်အခါ ယေဟောဝါထိခိုက်နာကျင်ခဲ့သည်။ (၁ ပေတရု ၂:၂၂; ဟေရှာယ ၅၃:၉) ရှင်းနေသည်ကား ယေဟောဝါသည် မတရားခံရသူတို့၏ ဆိုးဝါးသောအခြေအနေကို သတိမမူ၊ လျစ်လျူရှု၍နေတော်မမူချေ။

၆။ မတရားမှုနှင့်ကြုံရသောအခါ ကျွန်ုပ်တို့ မည်သို့တုံ့ပြန်မိနိုင်သနည်း၊ အဘယ်ကြောင့်နည်း။

သို့တိုင် မတရားမှုကို ကျွန်ုပ်တို့တွေ့မြင်ရသောအခါ၊ သို့မဟုတ် ကိုယ်တိုင် အနှိမ်ခံရသောအခါ ကျွန်ုပ်တို့သည် ပြင်းပြင်းထန်ထန် တုံ့ပြန်ကြခြင်းမှာဓမ္မတာပင်။ ကျွန်ုပ်တို့ကို ဘုရားသခင့်ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းထားရာ၊ မတရားမှုသည် ယေဟောဝါကိုယ်စားပြုရာမှန်သမျှနှင့် လုံးဝဆန့်ကျင်သည်။ (ကမ္ဘာဦး ၁:၂၇) ထိုသို့ဆိုလျှင် မတရားမှုကို ယေဟောဝါ အဘယ်ကြောင့်ခွင့်ပြုသနည်း။

ဘုရားသခင့်ပိုင်သအုပ်စိုးမှု အရေးကိစ္စ

၇။ ယေဟောဝါ၏ပိုင်သအုပ်စိုးမှု မည်သို့အန်တုခံရကြောင်း ဖော်ပြပါ။

ဤမေးခွန်း၏အဖြေသည် ပိုင်သအုပ်စိုးမှုအရေးကိစ္စနှင့် ဆက်နွှယ်လျက်ရှိသည်။ ကျွန်ုပ်တို့သိကြသည့်အတိုင်း ဖန်ဆင်းရှင်သည် ကမ္ဘာမြေတစ်ခုလုံးနှင့် ၎င်းအပေါ်နေထိုင်ကြသူအားလုံးကို ပိုင်သအုပ်စိုးထိုက်ပေသည်။ (ဆာလံ ၂၄:၁; ဗျာဒိတ် ၄:၁၁) သို့သော် လူ့သမိုင်းအစောပိုင်းတွင်ပင် ယေဟောဝါ၏ပိုင်သအုပ်စိုးမှုကို အန်တုခဲ့၏။ မည်သို့ဖြစ်ပျက်လာခဲ့သနည်း။ ယေဟောဝါသည် ပထမလူသားအာဒံကို သူ၏ပရဒိသုနေအိမ်ဖြစ်သော ဥယျာဉ်အတွင်းရှိ အပင်တစ်ပင်မှအသီးကိုမစားရန် ပညတ်ခဲ့သည်။ သူနားမထောင်လျှင် မည်သို့ဖြစ်မည်နည်း။ “ဧကန်အမှန်သေရမည်” ဟုသူ့ကို ဘုရားသခင်မိန့်မှာခဲ့သည်။ (ကမ္ဘာဦး ၂:၁၇) ဘုရားသခင့်ပညတ်တော်သည် အာဒံ သို့မဟုတ် သူ၏ဇနီးဧဝတို့အတွက် အဘယ်အခက်အခဲမျှမရှိစေပါ။ သို့ပင်ငြားလည်း စာတန်က ဘုရားသခင်သည် ကန့်သတ်ချုပ်ချယ်လွန်း၏ဟု ဧဝကို ယုံကြည်စေခဲ့သည်။ ထိုအပင်မှ ဧဝစားမည်ဆိုလျှင် မည်သို့ဖြစ်မည်နည်း။ စာတန်က ဧဝကို ဤသို့ပြောင်ပြောင်တင်းတင်းပြောခဲ့သည်– “သင်တို့သည် ဧကန်အမှန်သေရမည်မဟုတ်။ အကြောင်းမူကား ထိုအသီးကိုစားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကိုသိ၍ ဘုရားသခင်ကဲ့သို့ဖြစ်ကြလတ္တံ့သည်ကို ဘုရားသခင်သိတော်မူသည်။”—ကမ္ဘာဦး ၃:၁-၅

၈။ (က) ဧဝအား စာတန်ပြောဆိုသည့်စကားအရ အဘယ်အရာကို သူဆိုလိုသနည်း။ (ခ) ဘုရားသခင့်ပိုင်သအုပ်စိုးမှုနှင့်ပတ်သက်၍ အဘယ်အရာကို စာတန်အန်တုခဲ့သနည်း။

ဤသို့ဆိုခြင်းဖြင့် စာတန်က ယေဟောဝါသည် အရေးပါသောသတင်းအချက်အလက်များကို ထိန်ချန်ထားရုံမက လိမ်ညာသည်ဟူ၍ပင် ဧဝကိုထင်မြင်စေခဲ့သည်။ ဘုရားသခင့်ပိုင်သအုပ်စိုးမှု၏ အဖြစ်မှန်ကို မေးခွန်းမထုတ်မိရန် သူသတိထားခဲ့၏။ သို့သော် ၎င်းကို ပိုင်ဆိုင်ထိုက်မထိုက်နှင့် နည်းလမ်းကျမကျကို အန်တုပြောဆိုခဲ့သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ယေဟောဝါသည် ကိုယ်တော်၏ပိုင်သအုပ်စိုးမှုကို ဖြောင့်မတ်စွာဖြင့် ကိုယ်တော့်လက်အောက်ခံများ၏ အကောင်းဆုံးအကျိုးအတွက် မကျင့်သုံးပါဟု သူအခိုင်အမာဆိုသည်။

၉။ (က) အာဒံနှင့် ဧဝအတွက် မနာခံခြင်း၏အကျိုးဆက်ကား အဘယ်နည်း၊ စာတန်၏လိမ်ညာမှုမှ အဘယ်အရေးပါသောမေးခွန်းများ ပေါ်ထွက်လာခဲ့သနည်း။ (ခ) ယေဟောဝါသည် ပုန်ကန်သူတို့ကို အဘယ်ကြောင့် မဖျက်ဆီးခဲ့သနည်း။

၎င်းနောက် အာဒံနှင့် ဧဝနှစ်ဦးစလုံးသည် တားမြစ်ထားသောအပင်၏အသီးကို ယူစားလိုက်ခြင်းဖြင့် ယေဟောဝါ၏စကားကို နားမထောင်ခဲ့ကြပါ။ သူတို့၏မနာခံမှုက ဘုရားသခင်မိန့်တော်မူသည့်အတိုင်း သေဒဏ်ခံထိုက်စေသည်။ စာတန်၏လိမ်ညာမှုက အရေးကြီးသောမေးခွန်းအချို့ ပေါ်ထွက်စေသည်။ ယေဟောဝါသည် လူသားတို့ကို အမှန်ပင်အုပ်စိုးထိုက်သလော၊ သို့မဟုတ် လူတို့သည် သူတို့ဘာသာအုပ်ချုပ်သင့်သလော။ ကိုယ်တော်၏ပိုင်သအုပ်စိုးမှုကို အကောင်းဆုံးနည်းဖြင့် ယေဟောဝါကျင့်သုံးပါသလော။ ပုန်ကန်သူများကို ပွဲချင်းပြီး ဖျက်ဆီးပစ်ရန် ကြီးမြတ်သောတန်ခိုးတော်ကို ယေဟောဝါအသုံးပြုနိုင်၏။ သို့သော် ပေါ်ထွက်လာသောမေးခွန်းများသည် ကိုယ်တော်၏တန်ခိုးတော်နှင့်မပတ်သက်ဘဲ ဘုရားသခင်၏အုပ်ချုပ်မှုနှင့်သက်ဆိုင်သည်။ သို့ဖြစ်၍ အာဒံ၊ ဧဝနှင့် စာတန်ကို အစဖျောက်လိုက်ခြင်းက ဘုရားသခင့်အုပ်ချုပ်မှု၏ ဖြောင့်မတ်တော်မှန်မှုကို သက်သေထူရာကျမည်မဟုတ်ချေ။ ယင်းအစား ၎င်းက ကိုယ်တော်၏အုပ်ချုပ်မှုနှင့်ပတ်သက်၍ နောက်ထပ်မေးခွန်းများပင် ပေါ်ထွက်စေပေမည်။ လူသားတို့သည် ဘုရားသခင်နှင့်ကင်းကွာ၍ သူတို့ဘာသာသူတို့ အောင်မြင်စွာအုပ်ချုပ်နိုင်၊ မနိုင်ကို ဆုံးဖြတ်ရန် တစ်ခုတည်းသောနည်းလမ်းမှာ အချိန်ပေးလိုက်ခြင်းဖြစ်သည်။

၁၀။ လူ့အုပ်ချုပ်မှုနှင့်ပတ်သက်၍ သမိုင်းက အဘယ်အရာကို ဖော်ပြခဲ့သနည်း။

၁၀ ကုန်လွန်ခဲ့သောအချိန်ကာလက အဘယ်အရာကိုဖော်ပြသနည်း။ ထောင်စုနှစ်များတစ်လျှောက် သက်ဦးဆံပိုင်၊ ဒီမိုကရေစီ၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်ဝါဒအပါအဝင် အုပ်ချုပ်ရေးပုံစံများစွာကို လူတို့စမ်းသပ်ခဲ့ကြပြီ။ ယင်းတို့အားလုံး၏ စုပေါင်းရလဒ်ကို သမ္မာကျမ်းစာက ဤသို့ပွင့်လင်းစွာ အကျဉ်းချုပ်မှတ်ချက်ချခဲ့သည်– “လူသည်တစ်ဦးပေါ်တစ်ဦး အကျိုးနစ်နာအောင် အုပ်စိုးလာခဲ့ကြ၏။” (ဒေသနာ ၈:၉ကဘ) အကြောင်းကောင်းရှိ၍လည်း ပရောဖက်ယေရမိက ဤသို့ဆိုသည်– “အိုထာဝရဘုရား လူသည် မိမိသွားရာလမ်းကိုအစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်သည်ကို အကျွန်ုပ်သိပါ၏။”—ယေရမိ ၁၀:၂၃

၁၁။ ယေဟောဝါသည် လူသားမျိုးနွယ်ကို အဘယ်ကြောင့်ဝေဒနာခံစားစေသနည်း။

၁၁ လူသားများ လွတ်လပ်စွာပြုမူခြင်း သို့မဟုတ် မိမိတို့ဘာသာအုပ်ချုပ်ခြင်းသည် ဆိုးကျိုးများစွာ ဖြစ်ပေါ်စေမည်ကို ယေဟောဝါ အစကတည်းကသိတော်မူ၏။ ထို့ကြောင့် မလွှဲမရှောင်ဖြစ်မည့်အမှုကို ကိုယ်တော်ခွင့်ပြုလိုက်ခြင်းက မတရားရာကျသလော။ လုံးဝမဟုတ်ပါ! ဤသို့သာဓကပေးနိုင်သည်– အသက်အန္တရာယ်ဖြစ်စေသော ရောဂါခံစားနေရသည့် သင့်ကလေးသည် ခွဲစိတ်ကုသခံရန်လိုသည်ဆိုပါစို့။ သင့်ကလေးကို ခွဲစိတ်သည့်အခါ သူသည် ဝေဒနာအနည်းနှင့်အများ ခံစားရမည်ကို သင်သိပြီး သူ့ကိုသနားပေမည်။ တစ်ကြိမ်တည်းတွင် ထိုသို့ခွဲစိတ်လိုက်ခြင်းဖြင့် သင့်ကလေးသည် နောက်ပိုင်းတွင် ပိုကျန်းမာလာနိုင်ကြောင်း သင်သိ၏။ အလားတူ လူ့အုပ်ချုပ်မှုကို ဘုရားသခင်ခွင့်ပြုလိုက်ခြင်းဖြင့် အတိုင်းအတာတစ်ခုအထိ နာကျင်မှုနှင့် ဝေဒနာခံစားရမည့်အကြောင်း ကိုယ်တော်သိတော်မူရုံမက တင်ကူး၍ပင် မိန့်တော်မူခဲ့သည်။ (ကမ္ဘာဦး ၃:၁၆-၁၉) သို့သော် ပုန်ကန်မှုကြောင့်ဖြစ်ပေါ်မည့်ဆိုးကျိုးကို လူသားအားလုံးတွေ့မြင်မှသာ တည်မြဲ၍ အဓိပ္ပာယ်ရှိသောချမ်းသာ ရှိနိုင်မည်ဖြစ်ကြောင်းကိုလည်း ကိုယ်တော်သိတော်မူ၏။ ဤနည်းအားဖြင့် အဆိုပါအရေးကိစ္စကို ထာဝရအတွက် အစဉ်အမြဲဖြေရှင်းပြီးသားဖြစ်ပေမည်။

လူသားတို့၏သမာဓိအရေးကိစ္စ

၁၂။ ယောဘအဖြစ်ကဖော်ပြသည့်အတိုင်း စာတန်သည် လူသားတို့အပေါ် အဘယ်စွဲချက်တင်သနည်း။

၁၂ ဤကိစ္စနှင့်ပတ်သက်၍ အခြားရှုထောင့်တစ်ခုရှိသေးသည်။ ဘုရားသခင့်အုပ်ချုပ်ရေး၏တော်မှန်မှုနှင့် ဖြောင့်မတ်မှုကို စိန်ခေါ်ရာတွင် စာတန်သည် ယေဟောဝါ၏ပိုင်သအုပ်စိုးမှုနှင့်ပတ်သက်၍ ကိုယ်တော်အား အသရေဖျက် ရှုတ်ချပြောဆိုရုံသာမက ဘုရားသခင့်ကျေးကျွန်များ၏ သမာဓိနှင့်ပတ်သက်၍လည်း ရှုတ်ချပြောဆိုခဲ့၏။ ဥပမာ၊ ဖြောင့်မတ်သောသူ ယောဘနှင့်ပတ်သက်ပြီး ယေဟောဝါအား ဤသို့စာတန်ပြောဆိုခဲ့ရာကို သတိပြုပါ– “ကိုယ်တော်သည် သူ့ကိုယ်မှစ၍ သူ့အိမ်နှင့် သူ့ဥစ္စာရှိသမျှပတ်လည်၌ စောင်ရန်းကာတော်မူသည်မဟုတ်လော။ သူပြုလေသမျှတို့ကို ကောင်းချီးပေးတော်မူပြီ။ သူ့သိုး နွားအစရှိသောတိရစ္ဆာန်တို့သည် မြေပေါ်မှာအလွန်ပွားများကြပြီ။ ယခုမူကား လက်တော်ကိုဆန့်၍ သူ၏ဥစ္စာရှိသမျှကိုထိခိုက်တော်မူလျှင် သူသည်မျက်မှောက်တော်၌ ကိုယ်တော်ကိုစွန့်ပယ်ပါလိမ့်မည်။”—ယောဘ ၁:၁၀၊ ၁၁

၁၃။ စာတန်၏စွဲချက်များဖြင့် ယောဘနှင့်ပတ်သက်၍ သူအဘယ်အရာကို ဆိုလိုချင်သနည်း၊ ယင်းသည် လူသားအားလုံးနှင့် မည်သို့သက်ဆိုင်သနည်း။

၁၃ ယေဟောဝါသည် မိမိ၏ကာကွယ်ပေးနိုင်သောတန်ခိုးကို အသုံးပြု၍ ယောဘ၏ကြည်ညိုလေးစားမှုကို အရယူထားကြောင်း စာတန်အခိုင်အမာဆိုခဲ့သည်။ ဤသို့ဆိုခြင်းဖြင့် ယောဘ၏သမာဓိသည် အယောင်အဆောင်မျှသာဖြစ်၏၊ သူရရှိနိုင်သောအရာများအတွက် ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ခြင်းဖြစ်သည့်သဘော သက်ရောက်ခဲ့၏။ ဘုရားသခင့်ကောင်းချီးများကို ယောဘထံမှ ရုပ်သိမ်းလိုက်မည်ဆိုလျှင် ယင်းအဖြစ်ကပင် မိမိ၏ဖန်ဆင်းရှင်ကို ကျိန်ဆဲစေလိမ့်မည်ဟု စာတန်က အခိုင်အမာဆိုသည်။ ယောဘသည် ‘စုံလင်ဖြောင့်မတ်၍ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကိုရှောင်ရာတွင်’ ထူးခြားထင်ရှားသောသူဖြစ်ကြောင်း စာတန်သိသည်။ * သို့ဖြစ်၍ စာတန်သည် ယောဘ၏သမာဓိကို ချိုးဖျက်နိုင်မည်ဆိုလျှင် ကျန်လူသားတို့နှင့်ပတ်သက်၍ အဘယ်ဆိုစရာရှိမည်နည်း။ ဤနည်းဖြင့် စာတန်သည် ဘုရားသခင်အား ဝတ်ပြုကိုးကွယ်လိုသူအားလုံး၏ သစ္စာတည်ကြည်မှုကို သံသယဖြစ်ကြောင်း ပြောဆိုနေခြင်းဖြစ်သည်။ ဤကိစ္စကိုချဲ့ထွင်၍ ယေဟောဝါအား စာတန်က “လူသည် [ယောဘတစ်ဦးတည်းမဟုတ်] မိမိအသက်ဖို့ မိမိဥစ္စာရှိသမျှကိုပေးပါလိမ့်မည်”ဟု ပြောဆိုခဲ့သည်။—ယောဘ ၁:၈; ၂:၄

၁၄။ လူသားတို့ကို စာတန်စွဲချက်တင်ခြင်းနှင့်ပတ်သက်၍ သမိုင်းက အဘယ်အရာဖော်ပြခဲ့ပြီနည်း။

၁၄ စာတန့်အဆိုနှင့်ဆန့်ကျင်လျက် ယောဘကဲ့သို့ပင် လူများစွာတို့သည် စမ်းသပ်မှုကိုရင်ဆိုင်ရသည့်ကြားမှ ယေဟောဝါအား သစ္စာတည်ကြည်ခဲ့ကြကြောင်း သမိုင်းကဖော်ပြခဲ့ပြီ။ သူတို့၏သစ္စာရှိသောလမ်းစဉ်က ယေဟောဝါ၏စိတ်နှလုံးကို ရွှင်ပြုံးစေခဲ့ပြီး လူတို့သည် အခက်အခဲကြုံရသောအခါ ဘုရားသခင်အား ဝတ်ပြုကိုးကွယ်တော့မည်မဟုတ်ဟူသော စာတန်၏ ပလွှား၍မခံချိမခံသာအောင် ပြောဆိုသောစကားကို ယေဟောဝါချေဖျက်ခွင့်ရရှိစေသည်။ (ဟေဗြဲ ၁၁:၄-၃၈) မှန်ပါသည်၊ စိတ်နှလုံးရိုးဖြောင့်သူတို့သည် ဘုရားသခင်အား မငြင်းပယ်ကြပါ။ ဝမ်းနည်းကြေကွဲဖွယ်အဖြစ်ဆုံး အခြေအနေများကြောင့် စိတ်ရှုပ်စရာဖြစ်ချိန်၌ပင် ခံရပ်နိုင်ဖို့ခွန်အားပေးသနားရန် ယေဟောဝါအား သူတို့ သာ၍ပင် မှီခိုအားထားလာကြသည်။—၂ ကောရိန္သု ၄:၇-၁၀

၁၅။ ဘုရားသခင်၏အတိတ်နှင့် အနာဂတ် တရားစီရင်ချက်များနှင့်ပတ်သက်၍ အဘယ်မေးခွန်း ပေါ်ထွက်လာနိုင်သနည်း။

၁၅ သို့သော် တရားသဖြင့် ယေဟောဝါပြုခြင်းတွင် ပိုင်သအုပ်စိုးမှုနှင့် လူတို့၏သမာဓိအရေးကိစ္စများထက်မက ပါဝင်သည်။ သမ္မာကျမ်းစာက တစ်ဦးချင်းစီအပြင် လူမျိုးတစ်မျိုးလုံးနှင့်ပတ်သက်၍ ယေဟောဝါ၏တရားစီရင်ချက်များကို မှတ်တမ်းတင်ထား၏။ အနာဂတ်တွင် ကိုယ်တော်ဆောင်ရွက်ပေးတော်မူမည့် တရားစီရင်ချက်များဆိုင်ရာ ပရောဖက်ပြုချက်များလည်း ပါရှိသည်။ ယေဟောဝါသည် တရားစီရင်ရာတွင် ဖြောင့်မတ်ခဲ့ပြီဖြစ်၍ အစဉ်ဖြောင့်မတ်တော်မူမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ အဘယ်ကြောင့် ယုံကြည်စိတ်ချနိုင်သနည်း။

ဘုရားသခင့်တရားမျှတခြင်းသည် အဘယ်ကြောင့် သာလွန်ထူးကဲရ

ယေဟောဝါသည် ‘ဖြောင့်မတ်သောသူတို့ကို မတရားသောသူတို့နှင့်တကွ ဘယ်တော့မျှ ဖျက်ဆီးတော်မူမည်’ မဟုတ်

၁၆၊ ၁၇။ စစ်မှန်သောတရားမျှတမှုနှင့်ပတ်သက်၍ လူသားတို့အမြင်သည် အကန့်အသတ်ရှိကြောင်း အဘယ်ပုံနမူနာများက ဖော်ပြသနည်း။

၁၆ ယေဟောဝါနှင့်ပတ်သက်၍ ဤသို့တော်မှန်စွာဆိုနိုင်သည်– ‘စီရင်တော်မူသမျှတို့သည် တရားနှင့်ညီသည်။’ (တရားဟောရာ ၃၂:၄) ကျွန်ုပ်တို့မည်သူတစ်ဦးကမျှ ထိုသို့မပြောဆိုနိုင်ချေ၊ အကြောင်းမှာ ကျွန်ုပ်တို့၏ အကန့်အသတ်ရှိသောအမြင်သည် များသောအားဖြင့် အမှန်အတိုင်း မတွေ့မြင်ဘဲရှိတတ်ကြသည်။ ဥပမာ၊ အာဗြဟံ၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ သောဒုံမြို့တွင် ဆိုးညစ်မှုပျံ့နှံ့နေလျက်ပင် ထိုမြို့ကိုဖျက်ဆီးမည့်ကိစ္စနှင့်ပတ်သက်၍ ယေဟောဝါအား သူတောင်းပန်ခဲ့၏။ ယေဟောဝါထံ သူဤသို့မေးမြန်းခဲ့သည်– “ကိုယ်တော်သည် ဖြောင့်မတ်သောသူတို့ကို၊ မတရားသောသူတို့နှင့်တကွ ဖျက်ဆီးတော်မူမည်လော။” (ကမ္ဘာဦး ၁၈:၂၃-၃၃) အဖြေကား မဟုတ်ပါ။ ဖြောင့်မတ်သောသူလောတနှင့် သူ၏သမီးများသည် ဇောရမြို့သို့ ဘေးကင်းလုံခြုံစွာ ရောက်ရှိသွားမှသာလျှင် ယေဟောဝါသည် သောဒုံမြို့အပေါ်သို့ “ကန့်နှင့်မီးမိုးကို ရွာစေတော်မူ၏။” (ကမ္ဘာဦး ၁၉:၂၂-၂၄) ယင်းနှင့်ခြားနားလျက် ဘုရားသခင်သည် နိနေဝေမြို့သားတို့အား ကရုဏာပြသောအခါ ယောန “အမျက်ထွက်” ခဲ့သည်။ သူတို့၏ပျက်စီးခြင်းဘေးကို ယောနကြွေးကြော်ခဲ့ပြီးပြီဖြစ်ရာ သူတို့လှိုက်လှိုက်လှဲလှဲနောင်တယူသည်ကိုမထောက်ဘဲ သူတို့ဖျက်ဆီးခံရခြင်းကိုတွေ့မြင်မှသာ ယောနကျေနပ်မည်ဖြစ်သည်။—ယောန ၃:၁၀–၄:၁

၁၇ ယေဟောဝါသည် တရားသဖြင့်ပြုရာတွင် ဆိုးညစ်သူတို့ကို ဖျက်ဆီးပစ်ရုံမက ဖြောင့်မတ်သူတို့ကို ကယ်တင်ခြင်းပါ အကျုံးဝင်ကြောင်း အာဗြဟံအား ကိုယ်တော်ယုံကြည်စိတ်ချစေတော်မူခဲ့သည်။ အခြားတစ်ဖက်တွင်မူ ယေဟောဝါသည် ကရုဏာရှိကြောင်း ယောနသိရန်လိုခဲ့၏။ ဆိုးယုတ်သူတို့သည် သူတို့၏လမ်းစဉ်ကို ပြောင်းလဲပစ်ပါက ကိုယ်တော်သည် “အပြစ်လွှတ်လိုသောသဘော” ရှိတော်မူ၏။ (ဆာလံ ၈၆:၅) မိမိတို့အား မည်သို့ရှုမြင်မည်ကိုကြောက်ရွံ့သော လူသားအချို့နှင့်မတူဘဲ ယေဟောဝါသည် ကိုယ်တော်၏တန်ခိုးအာဏာကိုဖော်ပြရန်အတွက် တရားစီရင်သည်မဟုတ်သကဲ့သို့ ကိုယ်တော်အား ပျော့ညံ့သူအဖြစ် ယူမှတ်ကြမည်ကိုစိုးရွံ့ပြီး ထောက်ထားစာနာမှုကို မပြဘဲနေတော်မမူချေ။ ကိုယ်တော်၏လမ်းစဉ်မှာ ကရုဏာပြဖို့ အခြေခံရှိတိုင်း ထိုသို့ပြုရန်ဖြစ်သည်။—ဟေရှာယ ၅၅:၇; ယေဇကျေလ ၁၈:၂၃

၁၈။ သနားသဖြင့်သာ ယေဟောဝါစီရင်ခြင်းမဟုတ်ကြောင်း သမ္မာကျမ်းစာမှ ဖော်ပြပေးပါ။

၁၈ သို့သော် ယေဟောဝါသည် သနားရုံမျှဖြင့် မသိမြင်ဘဲနေသည်မဟုတ်ချေ။ ကိုယ်တော်၏လူတို့အထဲတွင် ရုပ်တုကိုးကွယ်မှုပြည့်နှက်လာသောအခါ သူတို့ကို ဤသို့ယတိပြတ်ကြွေးကြော်တော်မူခဲ့သည်– “သင်၏အကျင့်နှင့်အလျောက် ငါစီရင်မည်။ သင်ပြုမိသမျှသော ရွံရှာဖွယ်အမှုတို့၏အကျိုးအပြစ်ကို ဆပ်ပေးမည်။ ငါသည် နှမြောစုံမက်ခြင်းမရှိဘဲ သင့်အကျင့်တို့၏အကျိုးအပြစ်ကို ဆပ်ပေးမည်။” (ယေဇကျေလ ၇:၃၊ ၄) သို့ဖြစ်၍ လူတို့သည် သူတို့၏လမ်းစဉ်၌ ခေါင်းမာနေကြသောအခါ ယေဟောဝါသည် သူတို့ကို အထိုက်အလျောက် တရားစီရင်တော်မူ၏။ သို့သော် ကိုယ်တော်၏တရားစီရင်ချက်သည် ခိုင်လုံသောအထောက်အထားပေါ်မူတည်သည်။ သို့ဖြစ်၍ သောဒုံမြို့၊ ဂေါမောရမြို့တို့နှင့်ပတ်သက်၍ ကိုယ်တော်၏နားတော်သို့ ကျယ်လောင်သည့် “ကြွေးကြော်သောအသံ” ရောက်သည့်အခါ ယေဟောဝါက ဤသို့မိန့်တော်မူသည်– “သူတို့သည် အမှန်ပြုသည်မပြုသည်ကို ငါကြည့်ရှုမည်။ မပြုလျှင်မပြုကြောင်းကို ငါသိမည်။” (ကမ္ဘာဦး ၁၈:၂၀၊ ၂၁) အကြောင်းစုံကိုမသိသေးဘဲနှင့် ချက်ချင်းကောက်ချက်ချတတ်သော လူသားတို့နှင့် ယေဟောဝါမတူသောကြောင့် ကျွန်ုပ်တို့ တကယ်ကျေးဇူးတင်နိုင်ကြသည်တကား! မှန်ပါသည်၊ ယေဟောဝါနှင့်ပတ်သက်၍ သမ္မာကျမ်းစာဆိုသည့်အတိုင်း ကိုယ်တော်သည် “တရားနှင့်ညီလျက် သစ္စာစောင့်သောဘုရား” ဖြစ်တော်မူ၏။—တရားဟောရာ ၃၂:၄

ယေဟောဝါ၏တရားမျှတမှုကို ယုံကြည်စိတ်ချပါလေ

၁၉။ တရားသဖြင့် ယေဟောဝါစီရင်ခြင်းနှင့်ပတ်သက်၍ မရှင်းမလင်းဖြစ်ပါက ကျွန်ုပ်တို့ အဘယ်အရာပြုလုပ်နိုင်ကြသနည်း။

၁၉ အတိတ်က ယေဟောဝါအရေးယူဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ မေးခွန်းတိုင်းကို သမ္မာကျမ်းစာ၌မဖြေထားသကဲ့သို့ အနာဂတ်တွင် တစ်ဦးချင်းစီနှင့် အုပ်စုလိုက်ကို ယေဟောဝါမည်သို့တရားစီရင်မည်အကြောင်း အသေးစိတ်ဖော်ပြမထားချေ။ ထိုသို့အသေးစိတ်မပါသောကြောင့် သမ္မာကျမ်းစာမှတ်တမ်းများ သို့မဟုတ် ပရောဖက်ပြုချက်များနှင့်ပတ်သက်၍ မရှင်းမလင်းဖြစ်နေသောအခါ ဤသို့ရေးသားခဲ့သော ပရောဖက်မိက္ခာနည်းတူ သစ္စာတည်ကြည်မှုရှိနိုင်ကြသည်– “ငါ့ကိုကယ်တင်တော်မူသော ဘုရားသခင်ကို စောင့်မျှော်မည်။”—မိက္ခာ ၇:၇သမ္မာ။

၂၀၊ ၂၁။ ယေဟောဝါသည် ဟုတ်မှန်ရာကို အမြဲပင်ပြုတော်မူမည်ဟု ကျွန်ုပ်တို့ အဘယ်ကြောင့်ယုံကြည်စိတ်ချနိုင်ကြသနည်း။

၂၀ ယေဟောဝါသည် အခြေအနေတိုင်းတွင် ဟုတ်မှန်ရာကို ပြုတော်မူမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်ကြ၏။ မတရားမှုများကို လူတို့လျစ်လျူရှုပုံပေါက်လျှင်ပင် ယေဟောဝါက ဤသို့ကတိပေးတော်မူသည်– “လက်စားချေခြင်းအမှုသည် ငါနှင့်ဆိုင်၏။ အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်။” (ရောမ ၁၂:၁၉သမ္မာ) စောင့်ဆိုင်းတတ်သောသဘောကို ကျွန်ုပ်တို့တင်ပြကြမည်ဆိုလျှင် တမန်တော်ပေါလု၏ ဤခံယူချက်ကို ကျွန်ုပ်တို့သံယောင်လိုက်ကြလိမ့်မည်– “ဘုရားသခင်သည် မတရားသောအမှုကိုပြုတော်မူသလော။ ထိုသို့မပြောရ။”—ရောမ ၉:၁၄

၂၁ ဤအတောအတွင်း ကျွန်ုပ်တို့သည် “ခဲယဉ်းသော နောက်ဆုံးကာလ” တွင် အသက်ရှင်နေကြသည်။ (၂ တိမောသေ ၃:၁ကဘ) မတရားမှုနှင့် “ညှဉ်းဆဲခြင်း” တို့က ရက်စက်ကြမ်းကြုတ်မှုများစွာကို ဖြစ်ပေါ်စေခဲ့ပြီ။ (ဒေသနာ ၄:၁) သို့သော် ယေဟောဝါသည် ပြောင်းလဲတော်မမူ။ မတရားမှုကို ကိုယ်တော်ရွံမုန်းဆဲဖြစ်ပြီး ယင်း၏သားကောင်များကို ကိုယ်တော် အလွန်ပင်ဂရုစိုက်တော်မူ၏။ ယေဟောဝါနှင့် ကိုယ်တော်၏ပိုင်သအုပ်စိုးမှုအပေါ် ကျွန်ုပ်တို့သာ ဆက်သစ္စာရှိသွားကြမည်ဆိုလျှင် ကိုယ်တော်၏နိုင်ငံတော်အုပ်စိုးမှုအောက် မတရားမှုမှန်သမျှကို အရေးယူတော်မူမည့် ချိန်းချက်ထားချိန် မရောက်မချင်း ခံရပ်တည်ကြည်နိုင်ကြရန် ကျွန်ုပ်တို့ကို ကိုယ်တော်ခွန်အားပေးတော်မူမည်။—၁ ပေတရု ၅:၆၊ ၇

^ အပိုဒ်၊ 13 ယောဘနှင့်ပတ်သက်၍ ယေဟောဝါဤသို့မိန့်တော်မူခဲ့သည်– “မြေကြီးပေါ်မှာ သူနှင့်တူသောသူတစ်ယောက်မျှမရှိ။” (ယောဘ ၁:၈) ဖြစ်နိုင်ဖွယ်ရာမှာ ယောဘသည် ယောသပ်သေပြီးနောက်နှင့် ဣသရေလလူတို့၏ခန့်အပ်ခံခေါင်းဆောင် မောရှေဖြစ်မလာမီအတွင်း အသက်ရှင်ခဲ့၏။ သို့ဖြစ်၍ ထိုအချိန်အခါတွင် ယောဘကဲ့သို့ မည်သူမျှ သမာဓိစောင့်သိသူမရှိဟု ပြောဆိုနိုင်ခဲ့ခြင်းပင်ဖြစ်မည်။