မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၃

‘ယေဟောဝါ၏ပညတ်တရားသည် စုံလင်သည်’

‘ယေဟောဝါ၏ပညတ်တရားသည် စုံလင်သည်’

၁၊ ၂။ လူအများသည် တရားဥပဒေကို အဘယ်ကြောင့်လေးစားမှုနည်းကြသနည်း၊ သို့တိုင် ဘုရားသခင်၏နည်းဥပဒေသများနှင့်ပတ်သက်၍ ကျွန်ုပ်တို့ မည်သို့ခံစားလာနိုင်ကြသနည်း။

“တရားဥပဒေသည် အဆုံးမဲ့တွင်းဖြစ်၏၊ ယင်းသည် . . . အရာရာကိုဝါးမျို၏။” ၁၇၁၂ ခုနှစ်တွင် ထုတ်ဝေခဲ့သည့်စာအုပ်တစ်အုပ်၌ ထိုသို့ထွက်ဆို၏။ ယင်းကလောင်ရှင်က တရားရေးစနစ်ကို ပြစ်တင်ရှုတ်ချနေခြင်းဖြစ်၏၊ အကြောင်းမှာ အမှုအခင်းများကို တရားရုံးတွင် နှစ်များချီ၍ အချိန်ဆွဲစီရင်ကြသည်များရှိရာ တရားမျှတမှုကိုရှာနေသူတို့သည် ဒေဝါလီခံသွားကြသည်။ တိုင်းနိုင်ငံများစွာတွင် တရားရေးနှင့် တရားစီရင်မှုစနစ်များမှာ အလွန်ရှုပ်ထွေးပွေလီလွန်းပြီး မတရားမှု၊ ဘက်လိုက်မှုနှင့် တစ်သမတ်တည်းမဖြစ်လွန်းသဖြင့် နေရာအနှံ့ ဥပဒေကိုမထီမဲ့မြင်ပြုလာကြသည်။

ယင်းနှင့်ဆန့်ကျင်၍ လွန်ခဲ့သောနှစ်ပေါင်း ၂,၇၀၀ ခန့်က ရေးသားခဲ့သော ဤစကားများကို သုံးသပ်ကြည့်ပါ– “ကိုယ်တော်၏ [“ပညတ်၊” ကဘ] တရားကို အကျွန်ုပ်သည်အလွန်နှစ်သက်ပါ၏!” (ဆာလံ ၁၁၉:၉၇) ဆာလံဆရာသည် အဘယ်ကြောင့်ဤမျှခံစားခဲ့ရသနည်း။ အကြောင်းမှာ သူချီးမွမ်းပြောဆိုခဲ့သော ပညတ်တရားသည် မည်သည့်လူ့အစိုးရထံကမျှ ဖြစ်ပေါ်ခြင်းမဟုတ်ဘဲ ယေဟောဝါဘုရားသခင်ထံတော်မှ အစပြုခြင်းကြောင့်တည်း။ သင်သည် ယေဟောဝါ၏ပညတ်တရားများကို လေ့လာလေလေ ဆာလံဆရာနည်းတူ သာ၍ခံစားရလာလေလေဖြစ်မည်။ ဤသို့လေ့လာခြင်းသည် စကြဝဠာ၏ အကြီးမြတ်ဆုံး တရားရေးစိတ်ဓာတ်ကို ထိုးထွင်းသိမြင်လာမည်။

အကြီးမြတ်ဆုံးသောပညတ်ပေးရှင်

၃၊ ၄။ ယေဟောဝါသည် အဘယ်နည်းဖြင့် ပညတ်ပေးရှင်ဖြစ်ကြောင်း သက်သေထူခဲ့ပြီနည်း။

“ပညတ်တရားကိုထားပိုင်သောသူ၊ စစ်ကြောစီရင်ပိုင်သောသူ တစ်ပါးတည်းသာရှိတော်မူ၏” ဟု သမ္မာကျမ်းစာကဆိုသည်။ (ယာကုပ် ၄:၁၂) အမှန်မှာ ယေဟောဝါတစ်ပါးတည်းသာ စစ်မှန်သော ပညတ်ပေးပိုင်ရှင်ဖြစ်တော်မူ၏။ ကောင်းကင်တန်ဆာများ၏ရွေ့လျားမှုတို့ပင် ကိုယ်တော်၏ “မိုးကောင်းကင်နည်းဥပဒေသများ” ၏ ထိန်းချုပ်ခြင်းကိုခံရသည်။ (ယောဘ ၃၈:၃၃သမ) ယေဟောဝါ၏သန့်ရှင်းသောကောင်းကင်တမန် အမြောက်အမြားလည်း ဘုရားသခင့်နည်းဥပဒေသ၏ ကွပ်ကဲမှုကိုခံကြရသည်၊ အကြောင်းမှာ ကိုယ်တော်၏အမှုထမ်းများအဖြစ် ယေဟောဝါ၏အမိန့်တော်ကိုနာခံကြပြီး ရာထူးအဆင့်အသီးသီးသို့ ဖွဲ့စည်းခံထားရသောကြောင့်ဖြစ်၏။—ဆာလံ ၁၀၄:၄; ဟေဗြဲ ၁:၇၊ ၁၄

ယေဟောဝါသည် လူသားတို့ကိုလည်း ပညတ်ဥပဒေများ ချမှတ်ပေးသည်။ ကျွန်ုပ်တို့တစ်ဦးချင်းစီ၌ ဩတ္တပ္ပစိတ်ရှိ၏၊ ၎င်းသည် ယေဟောဝါ၏တရားမျှတသောသဘောကို ရောင်ပြန်ဟပ်သည်။ စိတ်တွင်းရှိ ပညတ်တရားတစ်မျိုးဖြစ်သည့် ဩတ္တပ္ပစိတ်သည် အမှားနှင့်အမှန်ကို ခွဲခြားသိမြင်စေရန် များစွာကူညီပေးနိုင်၏။ (ရောမ ၂:၁၄) ကျွန်ုပ်တို့၏ကနဦးမိဘများသည် စုံလင်သောသြတ္တပ္ပစိတ်ရှိသည့် ကောင်းချီးရထားကြရာ ပညတ်ဥပဒေ အနည်းငယ်သာလိုအပ်သည်။ (ကမ္ဘာဦး ၂:၁၅-၁၇) သို့သော် မစုံလင်သောလူသားများအနေဖြင့် ဘုရားသခင့်အလိုတော်ကိုဆောင်ရွက်ရန် လမ်းညွှန်ပေးဖို့ ပညတ်ဥပဒေ ထိုထက်များစွာလိုသည်။ နောဧ၊ အာဗြဟံနှင့် ယာကုပ်ကဲ့သို့သော ရှေးဘိုးဘေးများသည် ယေဟောဝါဘုရားသခင်ထံတော်မှ ပညတ်တရားများရရှိကြပြီး ၎င်းတို့ကို မိမိတို့၏မိသားစုများထံ လက်ဆင့်ကမ်းခဲ့ကြသည်။ (ကမ္ဘာဦး ၆:၂၂; ၉:၃-၆; ၁၈:၁၉; ၂၆:၄၊ ၅) ယေဟောဝါသည် မောရှေမှတစ်ဆင့် ဣသရေလလူမျိုးကို ပညတ်တရားပေးသောအခါ မဖြစ်ဖူးသောနည်းလမ်းတစ်ရပ်ဖြင့် မိမိကိုယ်ကို ပညတ်ပေးရှင်ဖြစ်စေတော်မူခဲ့သည်။ ဤတရားရေး ကိုဓဥပဒေသည် ယေဟောဝါ၏တရားမျှတသောသဘောကို ကျွန်ုပ်တို့အား ကျယ်ကျယ်ပြန့်ပြန့် ထိုးထွင်းသိမြင်စေ၏။

မောရှေပညတ်—ခြုံငုံသုံးသပ်ချက်

၅။ မောရှေပညတ်သည် ကိုင်တွယ်ရခက်သော၊ ရှုပ်ထွေးပွေလီသည့် ပြဋ္ဌာန်းချက်များလော၊ ထိုသို့ အဘယ်ကြောင့်သင်ဖြေဆိုသနည်း။

မောရှေပညတ်သည် ကိုင်တွယ်ရခက်သော၊ ရှုပ်ထွေးပွေလီသည့် ပြဋ္ဌာန်းချက်များဖြစ်သည်ဟု လူအများယူဆကြပုံရှိ၏။ ထိုယူဆချက်သည် အမှန်တရားနှင့် တခြားစီပင်။ ကိုဓဥပဒေတစ်ရပ်လုံး၌ ပညတ်ပေါင်း ၆၀၀ ကျော်ရှိသည်။ ယင်းက များပြားလွန်းပုံရှိပေမည်; သို့သော် စဉ်းစားကြည့်ပါ– ၂၀ ရာစုအကုန်ပိုင်းတွင် အမေရိကန်ပြည်ထောင်စု၏ အခြေခံဥပဒေများသည် ဥပဒေစာအုပ်များ၏ စာမျက်နှာပေါင်း ၁၅၀,၀၀၀ ၌အပြည့်ရှိလေသည်။ နှစ်နှစ်တစ်ကြိမ် နောက်ထပ်ဥပဒေပေါင်း ၆၀၀ ခန့်ကို ပေါင်းထည့်သွားကြသည်! ထို့ကြောင့် အရေအတွက်အားဖြင့်ကြည့်လျှင် လူ့ပညတ်တစ်ပုံတစ်ခေါင်းသည် မောရှေပညတ်ကို သေးနုပ်သွားစေသည်။ သို့တိုင် မျက်မှောက်ခေတ် လူ့ပညတ်ဥပဒေများ ထည့်ပင်မစဉ်းစားသည့် ဘဝကဏ္ဍရပ်များတွင် ဣသရေလလူမျိုးကို ဘုရားသခင့်ပညတ်တရားက ထိန်းကျောင်းပေးခဲ့သည်။ အကျဉ်းချုပ်တစ်ခုကို သုံးသပ်ကြည့်ပါ။

၆၊ ၇။ (က) အဘယ်အရာက မောရှေပညတ်နှင့် အခြားမည်သည့်ကိုဓဥပဒေကိုမဆို ကွာခြားစေသနည်း၊ ထိုပညတ်တရား၏ အကြီးမြတ်ဆုံးပညတ်ကား အဘယ်နည်း။ (ခ) ဣသရေလလူမျိုးသည် ယေဟောဝါ၏ပိုင်သအုပ်စိုးမှုကို လက်ခံကြောင်း မည်သို့ဖော်ပြနိုင်သနည်း။

ပညတ်တရားသည် ယေဟောဝါ၏ပိုင်သအုပ်စိုးမှုကို ဂုဏ်တင်သည်။ သို့ဖြစ်၍ မောရှေပညတ်သည် အခြားမည်သည့်ကိုဓဥပဒေနှင့်မျှ နှိုင်းမရအောင်ဖြစ်သည်။ ယင်း၏အကြီးမြတ်ဆုံးပညတ်ကား ဤပညတ်ဖြစ်သည်– “အိုဣသရေလအမျိုး၊ နားထောင်လော့။ ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် တစ်ဆူတည်းသောထာဝရဘုရားဖြစ်တော်မူ၏။ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့။” ဘုရားသခင့်လူမျိုးသည် ကိုယ်တော်အား မည်သို့မေတ္တာပြဖို့ဖြစ်သနည်း။ ကိုယ်တော့်ကို ဝတ်ပြုကိုးကွယ်၍ ကိုယ်တော်၏ပိုင်သအုပ်စိုးမှုကို လက်အောက်ခံကြရန်ဖြစ်သည်။—တရားဟောရာ ၆:၄၊ ၅; ၁၁:၁၃

ဣသရေလလူမျိုးတစ်ဦးစီသည် မိမိတို့အပေါ် အခွင့်အာဏာရှိသူတို့အား လက်အောက်ခံခြင်းဖြင့် ယေဟောဝါ၏ပိုင်သအုပ်စိုးမှုကို လက်အောက်ခံကြောင်းပြသခဲ့ကြသည်။ မိဘများ၊ မျိုးနွယ်စု၏အကြီးအကဲများ၊ တရားသူကြီးများ၊ ယဇ်ပုရောဟိတ်များနှင့် နောက်ဆုံး၌ ရှင်ဘုရင်ပင်အပါအဝင် အားလုံးတို့သည် ဘုရားသခင်၏အခွင့်အာဏာကို ကိုယ်စားပြုသည်။ အခွင့်အာဏာရှိသူတို့ကို မည်သည့်နည်းဖြင့်ပင် ပုန်ကန်ပါစေ ယင်းကို မိမိအား ပုန်ကန်မှုအဖြစ် ယေဟောဝါယူမှတ်တော်မူ၏။ အခြားတစ်ဖက်တွင်မူ အခွင့်အာဏာရှိသူတို့သည် မိမိလူတို့နှင့် မတရားသဖြင့်ဖြစ်စေ၊ မောက်မာစွာဖြစ်စေ ဆက်ဆံလျှင် သူတို့အပေါ် ယေဟောဝါ၏အမျက်တော်ရှမည်ဖြစ်သည်။ (ထွက်မြောက်ရာ ၂၀:၁၂; ၂၂:၂၈; တရားဟောရာ ၁:၁၆၊ ၁၇; ၁၇:၈-၂၀; ၁၉:၁၆၊ ၁၇) သို့ဖြစ်၍ နှစ်ဖက်စလုံး ဘုရားသခင်၏ပိုင်သအုပ်စိုးမှုကို ထောက်ခံရန် တာဝန်ရှိသည်။

၈။ ယေဟောဝါ၏သန့်ရှင်းသောစံနှုန်းကို ပညတ်တရားက မည်သို့ထောက်ခံသနည်း။

ယေဟောဝါ၏သန့်ရှင်းသောစံနှုန်းကို ပညတ်တရားက ထောက်ခံသည်။ “သန့်ရှင်း” နှင့် “သန့်ရှင်းခြင်း” ဟူသောစကားလုံးကို မောရှေပညတ်တရား၌ အကြိမ်ပေါင်း ၂၈၀ ကျော်တွေ့ရှိရ၏။ ပညတ်တရားက ဘုရားသခင့်လူမျိုးတော်ကို သန့်ရှင်းရာနှင့် ညစ်ညူးရာ၊ စင်ကြယ်ရာနှင့် မစင်ကြယ်ရာကို ခွဲခြားသိမြင်စေရန် ကူညီပေးပြီး ဣသရေလလူတစ်ဦးကို ဓလေ့ထုံးတမ်းအရ ညစ်ညူးစေသောအရာ အမျိုးပေါင်း ၇၀ ခန့်ကို ကိုးကားဖော်ပြပေးသည်။ ဤပညတ်များသည် တစ်ကိုယ်ရေသန့်ရှင်းမှု၊ အစားအစာနှင့် အညစ်အကြေးစွန့်ခြင်းနှင့်ပင် သက်ဆိုင်သည်။ ထိုပညတ်များက ကျန်းမာရေးကို များစွာအထောက်အကူပြုသည်။ * သို့သော် ၎င်းတို့တွင် သာ၍မြင့်မားသောရည်ရွယ်ချက်တစ်ခုရှိခဲ့၏– ယင်းက ထိုလူမျိုးကို ယေဟောဝါ၏မျက်နှာသာရအခြေအနေ၌ ဆက်ရှိစေရန်နှင့် သူတို့၏ဝန်းကျင်ရှိ ယုတ်ညံ့သောလူမျိုးတို့၏ အပြစ်ပြည့်နေသောအကျင့်များနှင့် သီးခြားဖြစ်စေသည်။ ဥပမာတစ်ရပ်ကို သုံးသပ်ကြည့်ပါ။

၉၊ ၁၀။ ပညတ်ပဋိညာဉ်၌ သံဝါသပြုခြင်း၊ သားဖွားခြင်းနှင့်ပတ်သက်၍ အဘယ်ပညတ်များရှိပြီး ထိုပညတ်များက အဘယ်အကျိုးပြုသနည်း။

ပညတ်ပဋိညာဉ်၏ပြဋ္ဌာန်းချက်များက လင်မယားတို့ သံဝါသပြုခြင်းနှင့် သားဖွားခြင်းတို့သည် မစင်ကြယ်သောအချိန်တစ်ရပ်ရှိစေကြောင်း ဖော်ပြထားသည်။ (ဝတ်ပြုရာ ၁၂:၂-၄; ၁၅:၁၆-၁၈) ဘုရားသခင်ထံတော်မှဖြစ်သော ထိုပြဋ္ဌာန်းချက်များသည် ဤသန့်ရှင်းသည့် လက်ဆောင်မွန်များကို သေးသိမ်သွားစေခဲ့သည်မဟုတ်ချေ။ (ကမ္ဘာဦး ၁:၂၈; ၂:၁၈-၂၅) ယင်းအစား ထိုပညတ်များသည် ယေဟောဝါ၏သန့်ရှင်းမြင့်မြတ်မှုကို ထောက်ခံပြီး ကိုယ်တော်၏ဝတ်ပြုကိုးကွယ်သူတို့ကို အညစ်အကြေးနှင့်ကင်းစင်စေသည်။ ဣသရေလလူမျိုး၏ဝန်းကျင်ရှိ လူမျိုးတို့သည် သူတို့၏ဝတ်ပြုကိုးကွယ်ရေးနှင့် လိင်ကိစ္စ၊ မျိုးပွားရေးထုံးစံတို့ကို ရောနှောလေ့ရှိကြောင်း ထင်ရှားသည်။ ခါနာန်လူမျိုး၏ဘာသာတရားတွင် အမျိုးသား၊ အမျိုးသမီးပြည့်တန်ဆာများရှိသည်။ ထို့ကြောင့် သိမ်ဖျင်း၍အယုတ်ညံ့ဆုံးသောအရာတို့ ဖြစ်ပေါ်ပျံ့နှံ့ခဲ့လေသည်။ ယင်းနှင့်ခြားနားစွာ ပညတ်တရားက ယေဟောဝါအား ဝတ်ပြုကိုးကွယ်ခြင်းနှင့် သံဝါသပြုခြင်းကိစ္စများကို လုံးဝခွဲခြားထားသည်။ * ဤသို့ပြုခြင်းဖြင့် အခြားအကျိုးကျေးဇူးများလည်း ဖြစ်ပေါ်ခဲ့သည်။

၁၀ ထိုပညတ်များသည် အရေးကြီးသောအမှန်တရားကို သွန်သင်ပေးသည်။ * အမှန်အားဖြင့်ဆိုလျှင် အာဒံ၏အပြစ်သည် လူမျိုးတစ်ဆက်မှ တစ်ဆက်သို့ မည်သို့ကူးစက်သွားသနည်း။ သံဝါသပြု၍ သားဖွားခြင်းအားဖြင့် မဟုတ်ပေလော။ (ရောမ ၅:၁၂) မှန်ပါသည်၊ ဘုရားသခင်၏ပညတ်တရားတော်က လူတို့သည် အပြစ်ရှိကြောင်း သတိရစေသည်။ အမှန်မှာ ကျွန်ုပ်တို့အားလုံးသည် မွေးစကပင် အပြစ်ရှိ၏။ (ဆာလံ ၅၁:၅) ကျွန်ုပ်တို့၏သန့်ရှင်းသောဘုရားသခင်ထံ ချဉ်းကပ်နိုင်ရန် ခွင့်လွှတ်ခံရပြီး ရွေးနုတ်ခံရသူများ ဖြစ်ဖို့လိုသည်။

၁၁၊ ၁၂။ (က) ပညတ်တရားသည် အဘယ်အရေးပါသောတရားမျှတခြင်းမူကို ထောက်ခံသနည်း။ (ခ) ပညတ်တရားတွင် တရားမျှတမှုကို ကပြောင်းကပြန်မပြုနိုင်စေရန် အဘယ်အကာအကွယ်များပါဝင်သနည်း။

၁၁ ပညတ်တရားသည် ယေဟောဝါ၏စုံလင်သော တရားမျှတမှုကို စွဲကိုင်သည်။ မောရှေပညတ်တရားသည် တရားမျှတမှုအရေးကိစ္စများတွင် မျှတမှုရှိရခြင်းမူကို ထောက်ခံသည်။ သို့ဖြစ်၍ ပညတ်တရားက ဤသို့ဆိုသည်– “အသက်အတွက်အသက်ကိုလည်းကောင်း၊ မျက်စိအတွက်မျက်စိကိုလည်းကောင်း၊ သွားအတွက်သွားကိုလည်းကောင်း၊ လက်အတွက်လက်ကိုလည်းကောင်း၊ ခြေအတွက်ခြေကိုလည်းကောင်း ဒဏ်ပေးရမည်။” (တရားဟောရာ ၁၉:၂၁) ထို့ကြောင့် ရာဇဝတ်မှုများကို ပြစ်ဒဏ်စီရင်သည့်အခါ ပြစ်မှုနှင့်အညီဖြစ်ရပေမည်။ ဘုရားသခင့်တရားမျှတမှုကို ပညတ်တရားတစ်လျှောက် တွေ့ရှိရပြီး အခန်း ၁၄ တွင် ဖော်ပြထားသည့်အတိုင်း ခရစ်တော်ယေရှု၏ ရွေးနုတ်ဖိုးပူဇော်သကာတန်ဖိုးကို သဘောပေါက်နားလည်ရန် ယနေ့ထိတိုင် အရေးပါသည်။—၁ တိမောသေ ၂:၅၊ ၆

၁၂ ပညတ်တရားတွင် တရားမျှတမှုကို ကပြောင်းကပြန်မပြုနိုင်စေရန် အကာအကွယ်များလည်း ပါဝင်သည်။ ဥပမာ၊ စွဲချက်တစ်ရပ်ကို တရားဝင်အတည်ပြုနိုင်ရန် အနည်းဆုံးသက်သေနှစ်ဦး လိုအပ်သည်။ မမှန်သောသက်သေခံခြင်းအတွက် ပြစ်ဒဏ်မှာ အလွန်ပြင်းထန်သည်။ (တရားဟောရာ ၁၉:၁၅၊ ၁၈၊ ၁၉) အကျင့်ပျက်ခြင်းနှင့် လာဘ်ပေးလာဘ်ယူခြင်းကိုလည်း ကျပ်ကျပ်တင်းတင်းတားမြစ်ထား၏။ (ထွက်မြောက်ရာ ၂၃:၈; တရားဟောရာ ၂၇:၂၅) စီးပွားရေးကိစ္စများ၌ပင် ဘုရားသခင့်လူတို့သည် ယေဟောဝါ၏မြင့်မြတ်သော တရားမျှတမှုစံနှုန်းကို လိုက်လျှောက်ရ၏။ (ဝတ်ပြုရာ ၁၉:၃၅၊ ၃၆; တရားဟောရာ ၂၃:၁၉၊ ၂၀) ထိုမြင့်မြတ်၍ မျက်နှာလိုက်ခြင်းမရှိသော တရားဥပဒေသည် ဣသရေလလူမျိုးအတွက် အမှန်တကယ်ပင် ကောင်းချီးတစ်ရပ် ဖြစ်ခဲ့သည်တကား!

တရားရေးဆိုင်ရာ ကရုဏာနှင့် မျှမျှတတဆက်ဆံခြင်းကို ပေါ်လွင်စေသောတရားဥပဒေများ

၁၃၊ ၁၄။ ပညတ်တရားက သူခိုးနှင့် အခိုးခံရသူကိုပါ မည်သို့မျှမျှတတ ပြုမူဆက်ဆံခြင်းကိုဖြစ်စေသနည်း။

၁၃ မောရှေပညတ်သည် တင်းကျပ်၍ ကရုဏာမရှိသော တရားဥပဒေများဖြစ်သလော။ လုံးဝမဟုတ်ပါ! ‘ယေဟောဝါ၏ပညတ်တရားသည် စုံလင်သည်’ ဟုရေးသားရန် ဘုရင်ဒါဝိဒ်မှုတ်သွင်းခံခဲ့ရသည်။ (ဆာလံ ၁၉:၇) သူကောင်းစွာသိသည့်အတိုင်း ပညတ်တရားသည် ကရုဏာပြဖို့နှင့် မျှမျှတတဆက်ဆံဖို့ အားပေးသည်။ ယင်းကို မည်သို့ပြုသနည်း။

၁၄ ယနေ့ အချို့နိုင်ငံများတွင် တရားဥပဒေသည် ရာဇဝတ်မှုဒဏ်ခံရသူများအတွက် စိုးရိမ်မကင်းဖြစ်ခြင်းထက် အပြစ်ကျူးလွန်သူကို သက်ညှာမှုပိုပြပြီး မျက်နှာသာပေးပုံပင်ရှိ၏။ ဥပမာ၊ သူခိုးများသည် ထောင်ကျနေကြပေမည်။ ထိုအချိန်အတောအတွင်း အခိုးခံရသူတို့သည် အခိုးခံရသည့်ပစ္စည်းကိုပြန်မရကြသေးသော်လည်း ထိုရာဇဝတ်သားများ၏နေထိုင်စရိတ်၊ စားစရိတ်အတွက် အခွန်အတုတ် ပေးဆောင်ကြရသည်။ ရှေးဣသရေလနိုင်ငံတွင် ယနေ့ကဲ့သို့ အကျဉ်းထောင်များမရှိခဲ့ချေ။ ပြစ်ဒဏ်စီရင်ရာတွင် မည်မျှပြင်းထန်ရမည်နှင့်ပတ်သက်၍ တင်းကျပ်သောစည်းမျဉ်းများရှိ၏။ (တရားဟောရာ ၂၅:၁-၃) သူခိုးသည် အခိုးခံရသူကို လျော်ကြေးပေးရသည်။ ထို့အပြင် သူခိုးသည် နောက်ထပ်ပေးဆောင်ရသေး၏။ မည်မျှနည်း။ ခြားနားမှုရှိမည်။ ထင်ရှားသည်မှာ တရားသူကြီးများသည် အပြစ်ရှိသူ၏နောင်တပေါ်မူတည်၍ တန်ဖိုးကို တွက်ချက်အကဲဖြတ်ကြရသည်။ ထို့ကြောင့် ဝတ်ပြုရာ ၆:၁-၇ တွင် သူခိုးထံမှ တောင်းဆိုသောလျော်ကြေးသည် ထွက်မြောက်ရာ ၂၂:၇ တွင် အတိအကျဖော်ပြထားသည့် လျော်ကြေးထက် အဘယ်ကြောင့်နည်းနေရကြောင်း သိနားလည်နိုင်သည်။

၁၅။ လူတစ်ဦးသည် မတော်တဆ လူသတ်မိသည့်ကိစ္စတွင် ပညတ်တရားသည် ကရုဏာနှင့် တရားမျှတမှု နှစ်ရပ်စလုံးကို မည်သို့သေချာစေသနည်း။

၁၅ အမှားအယွင်းရှိရှိသမျှသည် တမင်သက်သက်ကျူးလွန်ခြင်းမဟုတ်ကြောင်း ပညတ်တရားက ကရုဏာရှိရှိ အသိအမှတ်ပြုသည်။ ဥပမာ၊ လူတစ်ဦးသည် မတော်တဆ လူသတ်မိပါက ဣသရေလနိုင်ငံတစ်ဝန်းလုံးတွင် အနှံ့အပြားရှိသော ခိုလှုံရာမြို့တော်များသို့ ထွက်ပြေးခိုလှုံခြင်းဖြစ်သည့် လုပ်သင့်လုပ်ထိုက်ရာကို ပြုမည်ဆိုလျှင် စိုးလ်အတွက် စိုးလ်ကို သူပေးဆောင်စရာမလိုချေ။ အရည်အချင်းရှိသော တရားသူကြီးများသည် သူ၏အမှုကို စစ်ဆေးပြီးနောက် ယဇ်ပုရောဟိတ်မင်းကြီး မသေမချင်း ခိုလှုံရာမြို့တွင် ထိုသူနေထိုင်ရမည်ဖြစ်သည်။ ၎င်းနောက် သူနေထိုင်လိုရာနေရာတွင် လွတ်လွတ်လပ်လပ် သွားနေနိုင်ပါလိမ့်မည်။ သို့ဖြင့် သူသည် ဘုရားသခင့်ကရုဏာ၏ အကျိုးကျေးဇူးကို ခံစားရပေသည်။ တစ်ချိန်တည်းတွင် ဤပညတ်တရားက လူ့အသက်သည် တန်ဖိုးကြီးမားကြောင်း အလေးထားဖော်ပြသည်။—တောလည်ရာ ၁၅:၃၀၊ ၃၁; ၃၅:၁၂-၂၅

၁၆။ တစ်စုံတစ်ရာသောလူတစ်ဦး၏ ကိုယ်ပိုင်အခွင့်အရေးများကို ပညတ်တရားက မည်သို့ကာကွယ်ပေးခဲ့သနည်း။

၁၆ ပညတ်တရားသည် လူတစ်ဦး၏ကိုယ်ပိုင်အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေး၏။ အကြွေးတင်သူများအား ကာကွယ်ပေးပုံများကို သုံးသပ်ကြည့်ပါ။ အကြွေးယူသူတစ်ဦး၏အိမ်ထဲဝင်ပြီး ချေးငှားထားရာပစ္စည်းအတွက် အာမခံအဖြစ် ပစ္စည်းတစ်ခုခုသိမ်းယူခြင်းကို ပညတ်တရားက တားမြစ်ထားသည်။ ထိုသို့ပြုမည့်အစား ကြွေးရှင်သည် အိမ်ပြင်၌ ရပ်နေ၍ ထိုသူအပေါင်ထားသောပစ္စည်းကို အိမ်ပြင်သို့ ယူဆောင်လာစေခွင့်ပြုရမည်။ ဤသို့အားဖြင့် လူတစ်ဦး၏အိမ်ကို မကျူးကျော်ရကြောင်းသိရှိစေသည်။ ကြွေးရှင်သည် မြီစား၏အပေါ်ဝတ်ရုံကို အပေါင်ပစ္စည်းအဖြစ်ယူထားပါက နေဝင်ချိန်၌ ပြန်ပေးရ၏၊ အကြောင်းမှာ မြီစားသည် ညအချိန်၌ ထိုဝတ်ရုံကိုခြုံရန် လိုပေလိမ့်မည်။—တရားဟောရာ ၂၄:၁၀-၁၄

၁၇၊ ၁၈။ စစ်ရေးနှင့်ပတ်သက်သောကိစ္စများတွင် ဣသရေလလူတို့သည် အခြားလူမျိုးများနှင့် မည်သို့ကွာခြားသနည်း၊ အဘယ်ကြောင့်နည်း။

၁၇ ပညတ်တရားသည် စစ်ရေးကိုပင် ထိန်းချုပ်ထားသည်။ ဘုရားသခင့်လူမျိုးသည် စစ်ဆင်နွှဲရာတွင် တန်ခိုးအာဏာပြ၍ အောင်ပွဲခံဖို့သက်သက် မတိုက်ခိုက်ရချေ၊ “ထာဝရဘုရား၏စစ်ပွဲ” ၌ ဘုရားသခင့်ကိုယ်စားလှယ်တော်များအဖြစ် တိုက်ခိုက်ကြဖို့ဖြစ်သည်။ (တောလည်ရာ ၂၁:၁၄သမ္မာ) စစ်ပွဲအတော်များများတွင် လက်နက်ချကြရန် ဣသရေလလူမျိုးသည် ဦးစွာ ကမ်းလှမ်းကြရသည်။ လက်နက်ချရန် ထိုသို့ကမ်းလှမ်းခြင်းကို ထိုမြို့ကငြင်းပယ်ခဲ့ပါမူ ဣသရေလလူတို့သည် ထိုမြို့ကိုဝိုင်းနိုင်ကြ၏—သို့သော် ဘုရားသခင့်စည်းမျဉ်းအတိုင်း ပြုကြရသည်။ လူ့သမိုင်းတစ်လျှောက် စစ်သားအများအပြားနှင့်မတူဘဲ ဣသရေလစစ်တပ်တွင်ရှိ အမျိုးသားတို့သည် အမျိုးသမီးများကို ဗလက္ကာရပြုခွင့်မရှိ၊ လူတို့ကို အရမ်းကာရောသတ်ဖြတ်ခွင့်လည်း မရှိချေ။ သူတို့သည် ဝန်းကျင်ကိုပင် တန်ဖိုးထားလေးစားရ၏၊ ရန်သူ၏သစ်သီးပင်များကို သူတို့မလှဲမခုတ်ပစ်ရချေ။ * အခြားစစ်တပ်များတွင် ထိုသို့သောစည်းမျဉ်းများမရှိပေ။—တရားဟောရာ ၂၀:၁၀-၁၅၊ ၁၉၊ ၂၀; ၂၁:၁၀-၁၃

၁၈ အချို့နိုင်ငံများတွင် ကလေးသာသာရှိသူတို့ကို စစ်သင်တန်းပေးနေကြောင်း ကြားသိရသောအခါ သင်နှလုံးနာသလော။ ရှေးဣသရေလနိုင်ငံတွင် အသက် ၂၀ အောက်ရှိ အဘယ်အမျိုးသားမျှ စစ်ထဲမဝင်ရချေ။ (တောလည်ရာ ၁:၂၊ ၃) အရွယ်ရောက်သောအမျိုးသားတစ်ဦးပင် အကြောက်လွန်တတ်ပါက စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရသည်။ အိမ်ထောင်ပြုပြီးခါစ အမျိုးသားတစ်ဦးသည် တစ်နှစ်ပတ်လုံး စစ်မှုထမ်းခြင်းနှင့်ကင်းလွတ်၏၊ သို့မှသာ ထိုသို့သောသက်စွန့်ဆံဖျား စစ်မှုမထမ်းမီ အမွေစားအမွေခံ မွေးဖွားလာခြင်းကို တွေ့ရပေမည်။ ဤနည်းဖြင့် ငယ်ရွယ်သောခင်ပွန်းသည် မိမိ၏ကြင်စဦးဇနီးကို “ရွှင်လန်းစေ” နိုင်မည်ဟု ပညတ်တရားကရှင်းပြသည်။—တရားဟောရာ ၂၀:၅၊ ၆၊ ၈; ၂၄:၅သမ္မာ။

၁၉။ အမျိုးသမီးများ၊ ကလေးသူငယ်များ၊ မိသားစုများ၊ မုဆိုးမများနှင့် မိဘမဲ့များကို စောင့်ရှောက်ကာကွယ်ခြင်းနှင့်ပတ်သက်၍ ပညတ်တရား၌ အဘယ်စီမံချက်များရှိသနည်း။

၁၉ ပညတ်တရားက အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် မိသားစုတို့ကိုလည်း စောင့်ရှောက်ကာကွယ်ပေးပြီး သူတို့အကူအညီရရန် စီမံပေး၏။ မိဘများသည် သားသမီးများကို အဆက်မပြတ်ဂရုစိုက်ရန်နှင့် ဝိညာဉ်ရေးဘက် သွန်သင်ပေးကြရန် ပညတ်တရားက မိန့်မှာသည်။ (တရားဟောရာ ၆:၆၊ ၇) သွေးနီးသူချင်း ကာမစပ်ယှက်မှုမှန်သမျှကို ယင်းက ပညတ်ထား၏၊ ထိုအပြစ်ကိုကျူးလွန်လျှင် သေဒဏ်ခံရမည်။ (ဝတ်ပြုရာ၊ အခန်းကြီး ၁၈) ထို့အပြင် မိသားစုများကို ပြိုကွဲစေလေ့ရှိပြီး သူတို့၏လုံခြုံမှုနှင့် ဂုဏ်သိက္ခာကိုပါ ထိခိုက်ဖျက်ဆီးပစ်တတ်သော သူ့သားအိမ်ရာပြစ်မှားခြင်းကိုလည်း တားမြစ်ထားသည်။ မုဆိုးမနှင့် မိဘမဲ့သူတို့ကိုလည်း ပညတ်တရားက လျစ်လျူရှုမထားပါ၊ သူတို့အပေါ် တလွဲပြုမူလျှင် ပြင်းပြင်းထန်ထန်စီရင်မည်ဟု ပညတ်ထား၏။—ထွက်မြောက်ရာ ၂၀:၁၄; ၂၂:၂၂-၂၄

၂၀၊ ၂၁။ (က) ဣသရေလလူများအကြားတွင် မယားအများယူခြင်းကို မောရှေပညတ်က အဘယ်ကြောင့်ခွင့်ပြုသနည်း။ (ခ) ကွာရှင်းခြင်းနှင့်ပတ်သက်၍ နောက်ပိုင်းတွင် ယေရှုက ပြန်လိုက်နာစေသည့်စံနှုန်းနှင့် ပညတ်တရားသည် အဘယ်ကြောင့်ခြားနားနေရသနည်း။

၂၀ သို့သော် ယင်းနှင့်စပ်လျဉ်း၍ အချို့က ‘မယားအများယူခြင်းစနစ်ကို ပညတ်တရားက အဘယ်ကြောင့်ခွင့်ပြုရသနည်း’ ဟု မေးမြန်းပေမည်။ (တရားဟောရာ ၂၁:၁၅-၁၇) ထိုသို့သောပညတ်တရားကို ယင်းအချိန်ကာလနှင့် ဆက်စပ်၍ သုံးသပ်ကြည့်ရန်လိုသည်။ မျက်မှောက်ခေတ်အချိန်နှင့် ယဉ်ကျေးမှုများအမြင်အရ မောရှေပညတ်ကို ရှုမြင်ဆုံးဖြတ်သူတို့သည် ယင်းကို တလွဲနားလည်ပေလိမ့်မည်။ (သုတ္တံ ၁၈:၁၃) ဧဒင်တွင်ချမှတ်ထားခဲ့သော ယေဟောဝါ၏စံနှုန်းက ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦး၏ အိမ်ထောင်မင်္ဂလာကို တည်မြဲသည့် အနှောင်အဖွဲ့ဖြစ်စေခဲ့၏။ (ကမ္ဘာဦး ၂:၁၈၊ ၂၀-၂၄) သို့သော် ဣသရေလလူမျိုးကို ယေဟောဝါပညတ်တရား ပေးသောအချိန်တွင် မယားအများယူခြင်း အစရှိသည့်ဓလေ့များသည် ရာစုနှစ်ချီ အရိုးစွဲနေပြီဖြစ်သည်။ ဤ “လည်ပင်းခိုင်မာသောအမျိုး” သည် တားမြစ်ထားသည့် ရုပ်ပုံကိုးကွယ်မှုကဲ့သို့သော အခြေခံအကျဆုံးပညတ်များကိုပင် နာခံရန် ပျက်ကွက်လေ့ရှိကြလိမ့်မည်ဖြစ်ကြောင်း ယေဟောဝါကောင်းစွာသိထားတော်မူ၏။ (ထွက်မြောက်ရာ ၃၂:၉) ထို့ကြောင့် ပညာရှိစွာဖြင့် ကိုယ်တော်သည် ထိုအချိန်အခါ၌ သူတို့၏အိမ်ထောင်ရေး အလေ့အထအားလုံးကို ပြုပြင်ရန်အချိန်အဖြစ် မရွေးချယ်ခဲ့ချေ။ သို့သော် ယေဟောဝါသည် မယားအများယူခြင်းကို စတင်ခဲ့သည်မဟုတ်ကြောင်း စိတ်စွဲမှတ်ထားပါ။ သို့ရာတွင် မောရှေပညတ်ကို ကိုယ်တော်အသုံးပြုပြီး မိမိလူတို့အကြား၌ မယားအများယူခြင်းကို ထိန်းကွပ်ရန်နှင့် ထိုဓလေ့ကို အလွဲသုံးစားမပြုစေရန် ကာကွယ်တော်မူ၏။

၂၁ ထိုနည်းထပ်တူ မောရှေပညတ်က အရေးပါသော အကြောင်းပြချက်အမျိုးမျိုးဖြင့် မိမိဇနီးကို လူတစ်ဦးအား ကွာရှင်းခွင့်ပြုသည်။ (တရားဟောရာ ၂၄:၁-၄) ဂျူးလူမျိုး “တို့၏စိတ်နှလုံး ခိုင်မာသောကြောင့်” ထိုသို့ ဘုရားသခင်ခွင့်ပြုရခြင်းဖြစ်၏ဟု ယေရှုမိန့်တော်မူခဲ့သည်။ သို့သော် ထိုသို့သောခွင့်ပြုချက်များသည် ခေတ္တယာယီသာဖြစ်၏။ မိမိ၏နောက်လိုက်များကိုမူကား အိမ်ထောင်မင်္ဂလာအတွက် ယေဟောဝါ၏မူလစံနှုန်းကို ယေရှုပြန်လိုက်နာစေခဲ့သည်။—မဿဲ ၁၉:၈

ပညတ်တရားက ချစ်ခြင်းမေတ္တာတိုးပွားစေ

၂၂။ မောရှေပညတ်သည် မေတ္တာကို အဘယ်သို့တိုးပွားစေသနည်း၊ မည်သူတို့အတွက်နည်း။

၂၂ မေတ္တာစိတ်တိုးပွားစေသည့် ခေတ်သစ်တရားရေးစနစ်တစ်ခုကို သင်ကြားဖူးသလော။ မောရှေပညတ်က အရာခပ်သိမ်းထက် မေတ္တာကိုတိုးပွားစေသည်။ စဉ်းစားကြည့်ပါ၊ တရားဟောရာကျမ်း တစ်ကျမ်းတည်း၌ပင် “မေတ္တာ” ဟူသောစကားလုံးကို ပုံစံအမျိုးမျိုးဖြင့် အကြိမ် ၂၀ ကျော်တွေ့ရှိရ၏။ ပညတ်အားလုံးတို့တွင် ဒုတိယအကြီးမြတ်ဆုံးပညတ်မှာ “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ရမည်” ဟူ၍ဖြစ်သည်။ (ဝတ်ပြုရာ ၁၉:၁၈; မဿဲ ၂၂:၃၇-၄၀) ဘုရားသခင့်လူမျိုးသည် ထိုသို့သောမေတ္တာကို အချင်းချင်း၌သာမက သူတို့တွင်ရှိသော ဧည့်သည်အာဂန္တုများကိုပါ ပြသကြရမည်ဖြစ်သည်၊ ဣသရေလလူတို့ကိုယ်တိုင် တစ်ချိန်က ဧည့်သည်အာဂန္တုများဖြစ်ခဲ့ကြောင်းကို သတိရကြမည်ဖြစ်သည်။ သူတို့သည် ဆင်းရဲသားနှင့် ဒုက္ခသည်တို့ကို မေတ္တာပြကြရပြီး ကာယရေးကူညီမှုပေးကာ ထိုသူတို့၏စိတ်ဆင်းရဲမှုများကို အခွင့်အရေးမယူရန်ဖြစ်သည်။ သိုးနွားတိရစ္ဆာန်များကိုပင် သနားကြင်နာစွာ၊ ထောက်ထားညှာတာစွာ ဆက်ဆံကြရန် သူတို့ညွှန်ကြားခံရ၏။—ထွက်မြောက်ရာ ၂၃:၆; ဝတ်ပြုရာ ၁၉:၁၄၊ ၃၃၊ ၃၄; တရားဟောရာ ၂၂:၄၊ ၁၀; ၂၄:၁၇၊ ၁၈

၂၃။ ဆာလံ ၁၁၉ ကိုရေးသားသူသည် အဘယ်အရာကိုပြုလုပ်ရန် လှုံ့ဆော်ခံရသနည်း၊ ကျွန်ုပ်တို့လည်း အဘယ်အရာကိုပြုလုပ်ရန် စိတ်ပိုင်းဖြတ်နိုင်ကြမည်နည်း။

၂၃ အခြားမည်သည့်လူမျိုးတွင် ထိုသို့သောပညတ်ဥပဒေများရှိသနည်း။ ထိုကြောင့် ဆာလံဆရာက ဤသို့ရေးသားခဲ့ခြင်းဖြစ်သည်– “ကိုယ်တော်၏တရားကို အကျွန်ုပ်သည်အလွန်နှစ်သက်ပါ၏!” သို့သော် သူ၏နှစ်သက်မြတ်နိုးမှုသည် ခံစားချက်သက်သက်မျှ မဟုတ်ချေ။ သူ၏စိတ်ထားက သူ့ကို ပြုမူဆောင်ရွက်စေသောကြောင့် သူသည် ထိုပညတ်ကိုလိုက်နာ၍ ၎င်းနှင့်အညီ အသက်ရှင်နေထိုင်ခဲ့သည်။ ထပ်ဆင့်၍ သူဤသို့ပြောသည်– “တစ်နေ့လုံး [ကိုယ်တော်၏တရားကို] ဆင်ခြင်အောက်မေ့လျက်နေပါ၏။” (ဆာလံ ၁၁၉:၁၁၊ ၉၇) မှန်သည်၊ ယေဟောဝါ၏ပညတ်တရားကို သူပုံမှန်လေ့လာခဲ့သည်။ ထိုသို့ဆည်းပူးလေ့လာလေ တရားတော်ကို သူပိုမိုနှစ်သက်မြတ်နိုးလာလေဖြစ်မည်မှာ သေချာသည်။ တစ်ကြိမ်တည်းတွင် ပညတ်တရားပေးရှင်၊ ယေဟောဝါဘုရားသခင်ကို သူပိုမိုချစ်မြတ်နိုးလာပေမည်။ ဘုရားသခင့်ပညတ်တရားကို သင်ဆက်လေ့လာစဉ် ကြီးမြတ်သောပညတ်တရားပေးရှင်နှင့် တရားမျှတသောဘုရားသခင်ဖြစ်တော်မူသည့် ယေဟောဝါထံ သင်ချဉ်းကပ်နိုင်သည်ထက် ချဉ်းကပ်နိုင်ပါလေစေ။

^ အပိုဒ်၊ 8 ဥပမာ၊ လူ့မစင်ကိုမြေမြှုပ်ရန်၊ ဖျားနာသူကို သီးသန့်ထားရန်နှင့် အလောင်းကိုတို့ထိမိသူ မည်သူမဆိုသည် ဆေးကြောသန့်စင်ရန် တောင်းဆိုထားသည့် ပညတ်ချက်များသည် ရာစုနှစ်ချီ၍ ခေတ်ရှေ့ပြေးခဲ့၏။—ဝတ်ပြုရာ ၁၃:၄-၈; တောလည်ရာ ၁၉:၁၁-၁၃၊ ၁၇-၁၉; တရားဟောရာ ၂၃:၁၃၊ ၁၄

^ အပိုဒ်၊ 9 ခါနာန်လူမျိုးတို့၏ ဝတ်ပြုရာကျောင်းများတွင် သံဝါသပြုဖို့အတွက် သီးသန့်အခန်းများ ထားပေးသည်၊ မောရှေ၏ပညတ္တိကျမ်းမူကား ညစ်ညူးသောအခြေအနေတွင်ရှိသူတို့သည် ဝတ်ပြုရာအိမ်တော်ထဲ ဝင်ခွင့်ပင်မရှိဟုဆိုသည်။ သို့ဖြစ်၍ သံဝါသပြုခြင်းက မစင်ကြယ်သောအချိန်ရှိစေရာ ယေဟောဝါ၏အိမ်တော်တွင် ပညတ်လိုက်နာသူ မည်သူတစ်ဦးတစ်ယောက်ကမျှ သံဝါသပြုခြင်းကို ဝတ်ပြုရေး၏တစ်စိတ်တစ်ပိုင်း မဖြစ်စေနိုင်ချေ။

^ အပိုဒ်၊ 10 သွန်သင်ခြင်းသည် ပညတ်တရား၏ အဓိကရည်ရွယ်ချက်တစ်ရပ်ဖြစ်သည်။ အမှန်မှာ “ပညတ်တရား” ဟုပြန်ဆိုသည့် ဟေဗြဲစကားလုံး တိုရာ၏အဓိပ္ပာယ်မှာ “ညွှန်ကြားချက်” ဖြစ်ကြောင်း ဂျူဒေးယကားစွယ်စုံကျမ်းကဖော်ပြသည်။

^ အပိုဒ်၊ 17 ပညတ်တရားက ဤသို့တိုက်ရိုက် မေးမြန်းသည်– “မြေ၌ပေါက်သောသစ်ပင်သည် လူဖြစ်သလော။” (တရားဟောရာ ၂၀:၁၉သမ္မာ) ပထမရာစုရှိ ဂျူးအတွေးအခေါ်ပညာရှင် ဖီလိုက ဤပညတ်ကိုကိုးကား၍ “လူတို့ကို ဒေါသထွက်တိုင်း အပြစ်မဲ့သောအရာဝတ္ထုများအပေါ် လက်စားချေခြင်းသည် တရားမျှတမှုမရှိ” ဟုဘုရားသခင်ယူမှတ်ကြောင်း ရှင်းပြသည်။