မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၄

“လူများကိုရွေးခြင်းငှာ” ယေဟောဝါစီမံ

“လူများကိုရွေးခြင်းငှာ” ယေဟောဝါစီမံ

၁၊ ၂။ လူသားတို့၏အခြေအနေကို သမ္မာကျမ်းစာက မည်သို့ဖော်ပြသနည်း၊ တစ်ခုတည်းသော လွတ်မြောက်ရာလမ်းကား အဘယ်နည်း။

‘လောကတစ်နိုင်ငံလုံးသည် တညီတညွတ်တည်း ညည်းတွား၍ ဆင်းရဲခြင်းကို ခံနေရသည်။’ (ရောမ ၈:၂၂) တမန်တော်ပေါလုသည် ကျွန်ုပ်တို့၏သနားစဖွယ် အခြေအနေကို ထိုသို့ဖော်ပြထားသည်။ လူ့ရှုထောင်မှကြည့်လျှင် ဝေဒနာခံရခြင်း၊ အပြစ်နှင့် သေခြင်းတို့မှ လွတ်မြောက်ရာလမ်း လုံးဝရှိပုံမပေါက်ချေ။ သို့သော် ယေဟောဝါ၌ လူတို့ကဲ့သို့သော အကန့်အသတ်ရှိမှုများ လုံးဝကင်းသည်။ (တောလည်ရာ ၂၃:၁၉) တရားမျှတသောဘုရားသခင်သည် ကျွန်ုပ်တို့ စိတ်ဆင်းရဲခြင်းမှ လွတ်မြောက်ရာလမ်းတစ်ခု စီစဉ်ထားတော်မူ၏။ ယင်းကို ရွေးနုတ်ဖိုးဟု ခေါ်သည်။

ရွေးနုတ်ဖိုးသည် လူသားတို့ကို ယေဟောဝါပေးတော်မူသည့် အမွန်မြတ်ဆုံးသောလက်ဆောင်ဖြစ်၏။ ယင်းကြောင့် အပြစ်နှင့် သေခြင်းမှ ကျွန်ုပ်တို့လွတ်မြောက်နိုင်သည်။ (ဧဖက် ၁:၇၊ ၈) ယင်းသည် ကောင်းကင်တွင်ဖြစ်စေ၊ မြေကြီးပရဒိသုတွင်ဖြစ်စေ ထာဝရအသက်ရရန် မျှော်လင့်ချက်၏ အခြေခံအကြောင်းဖြစ်သည်။ (လုကာ ၂၃:၄၃; ယောဟန် ၃:၁၆; ၁ ပေတရု ၁:၄) သို့သော် ရွေးနုတ်ဖိုးဟူသည်အဘယ်နည်း။ ယင်းက ယေဟောဝါ၏သာလွန်ထူးမြတ်သော တရားမျှတမှုအကြောင်း အဘယ်အရာဖော်ပြသနည်း။

ရွေးနုတ်ဖိုး လိုအပ်လာပုံ

၃။ (က) အဘယ်ကြောင့် ရွေးနုတ်ဖိုးလိုအပ်လာခဲ့သနည်း။ (ခ) ဘုရားသခင်သည် အဘယ်ကြောင့် အာဒံ၏သားမြေးများကို သေဒဏ်အစား ပြစ်ဒဏ်လျော့ပေါ့မပေးနိုင်သနည်း။

အာဒံ၏အပြစ်ကြောင့် ရွေးနုတ်ဖိုး လိုအပ်လာခဲ့သည်။ ဘုရားသခင်၏စကားကို နားမထောင်ခြင်းအားဖြင့် အာဒံသည် သူ၏သားမြေးများကို ဖျားနာခြင်း၊ ဝမ်းနည်းခြင်း၊ နာကျင်ခြင်းနှင့် သေခြင်းအမွေ ပေးခဲ့၏။ (ကမ္ဘာဦး ၂:၁၇; ရောမ ၈:၂၀) ဘုရားသခင်သည် စိတ်လှုပ်ရှားပြီး သေဒဏ်မပေးတော့ဘဲ ပြစ်ဒဏ်ကို လျော့ပေါ့မပေးနိုင်ချေ။ ထိုသို့ပြုပါက “အပြစ်တရား၏အခကား သေခြင်းပေတည်း” ဟူသော ကိုယ်တော်တိုင်၏ပညတ်ကို အလေးမထားရာကျပေမည်။ (ရောမ ၆:၂၃) ထို့အပြင် ယေဟောဝါသည် မိမိ၏တရားမျှတမှု စံနှုန်းများကို ပျက်ပြယ်သွားစေခဲ့ပါမူ စကြဝဠာတစ်ခွင် ပရမ်းပတာဖြစ်မှုနှင့် ဥပဒေမဲ့မှုတို့ ကြီးစိုးသွားပေမည်!

၄၊ ၅။ (က) စာတန်သည် ဘုရားသခင်ကို မည်သို့သားပုပ်လေလွင့် ပြောဆိုခဲ့သနည်း၊ ဤစိန်ခေါ်ချက်များကို ယေဟောဝါ ဖြေရှင်းရန် အဘယ်ကြောင့် အကြောင်းပေါ်သနည်း။ (ခ) ယေဟောဝါ၏ သစ္စာရှိကျေးကျွန်များနှင့်ပတ်သက်၍ စာတန်သည် အဘယ်စွဲချက်တင်ခဲ့သနည်း။

အခန်း ၁၂ တွင် ကျွန်ုပ်တို့တွေ့ခဲ့ရသည့်အတိုင်း ဧဒင်တွင်ပုန်ကန်မှုက သာ၍အရေးကြီးသော ဖြေရှင်းစရာကိစ္စရပ်များကို ပေါ်ပေါက်စေခဲ့၏။ စာတန်သည် ဘုရားသခင်၏ ကောင်းမြတ်သော နာမတော်ကို အမည်းစက် စွန်းထင်းစေခဲ့သည်။ တစ်နည်းအားဖြင့် သူက ယေဟောဝါသည် လိမ်ညာသူနှင့် မိမိ၏ဖန်ဆင်းခံများကို လွတ်လပ်ခွင့်မပေးသော ရက်စက်သည့် အာဏာရှင်တစ်ပါးဖြစ်သည်ဟု ယိုးစွပ်ခဲ့၏။ (ကမ္ဘာဦး ၃:၁-၅) ဖြောင့်မတ်သူတို့နှင့် ကမ္ဘာမြေကြီးကို ပြည့်နေစေမည့် ဘုရားသခင့်ရည်ရွယ်တော်မူချက် အထမမြောက်ဖို့ စာတန် တားဆီးနိုင်ပုံရခြင်းဖြင့် ဘုရားသခင် အရေးနိမ့်သွားသည်ဟု သတ်မှတ်ခဲ့၏။ (ကမ္ဘာဦး ၁:၂၈; ဟေရှာယ ၅၅:၁၀၊ ၁၁) ယေဟောဝါသည် ဤစိန်ခေါ်ချက်များကို မဖြေရှင်းဘဲ လျစ်လျူရှုထားခဲ့ပါမူ ကိုယ်တော်၏အသိဉာဏ်ရှိ သတ္တဝါများစွာအနေဖြင့် ကိုယ်တော့်အုပ်ချုပ်မှုအပေါ် ယုံကြည်စိတ်ချမှု အတော်အတန် လျော့သွားနိုင်ပေသည်။

စာတန်သည် ယေဟောဝါ၏ သစ္စာရှိကျေးကျွန်များကိုလည်း အပုပ်ချပြောဆိုခဲ့၏၊ သူတို့သည် ကိုယ်ကျိုးအတွက်သာ ကိုယ်တော့်ကို ဝတ်ပြုကိုးကွယ်နေကြပြီး ဖိအားပေးခံရလျှင် တစ်ဦးတစ်ယောက်မျှ ဘုရားသခင်ကို သစ္စာရှိကြမည်မဟုတ်ဟု သူစွပ်စွဲခဲ့သည်။ (ယောဘ ၁:၉-၁၁) ဤအရေးကိစ္စများသည် လူ့အကျပ်အတည်းထက် သာ၍များစွာ အရေးကြီးပေသည်။ သို့ဖြစ်၍ ယေဟောဝါသည် စာတန်၏သားပုပ်လေလွင့် စွပ်စွဲချက်များကို မဖြစ်မနေဖြေရှင်းမှ သင့်တော်မည်ဟု ယူမှတ်တော်မူသည်။ သို့သော် ဤအရေးကိစ္စများကို ဘုရားသခင်သည် မည်သို့ဖြေရှင်းနိုင်ကာ လူသားတို့ကိုလည်း မည်သို့ကယ်တင်နိုင်သနည်း။

ရွေးနုတ်ဖိုး—ညီမျှသောတန်ဖိုး

၆။ လူသားတို့အား ဘုရားသခင်ကယ်တင်ပုံကို ဖော်ပြရန် သမ္မာကျမ်းစာသုံးထားသည့် အသုံးအနှုန်းအချို့ကား အဘယ်နည်း။

ယေဟောဝါ၏ဖြေရှင်းချက်မှာ အလွန့်အလွန် ကရုဏာတင်ပြရာကျပြီး တစ်ကြိမ်တည်းတွင် လွန်စွာပင် တရားမျှတနေရာ ယင်းကို အဘယ်လူသားမျှ တီထွင်ကြံဆနိုင်ခဲ့မည်မဟုတ်ချေ။ သို့တိုင် ယင်းသည် ထူးကဲစွာ ရိုးရှင်းပေသည်။ ယင်းကို ရွေးရန်အဖိုး၊ အပြစ်ကိုဖြေရှင်းခြင်း၊ ရွေးနုတ်ခြင်း၊ မိတ်သဟာယဖွဲ့ခြင်း၊ အပြစ်ဖြေစရာ အစရှိသဖြင့် အမျိုးမျိုးရည်ညွှန်းထား၏။ (ဆာလံ ၄၉:၈; ဒံယေလ ၉:၂၄; ဂလာတိ ၃:၁၃; ကောလောသဲ ၁:၂၀; ဟေဗြဲ ၂:၁၇) သို့သော် ယေရှုကိုယ်တော်တိုင် အသုံးပြုခဲ့သော အသုံးအနှုန်းသည် ကိစ္စရပ်ကို အကောင်းဆုံးဖော်ပြသည်။ ကိုယ်တော် ဤသို့မိန့်တော်မူ၏– “လူသားသည် သူတစ်ပါးကို စေစားခြင်းငှာမလာ၊ သူတစ်ပါးအစေကို ခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူအများကို ရွေးခြင်း [ဂရိ၊ (လိုင်ထရွန်)] ငှာလည်းကောင်း ကြွလာသတည်း။”—မဿဲ ၂၀:၂၈သမ္မာ။

၇၊ ၈။ (က) ကျမ်းစာစောင်များ၌ပါသော “ရွေးနုတ်ဖိုး” ၏အဓိပ္ပာယ်ကား အဘယ်နည်း။ (ခ) ရွေးနုတ်ဖိုးတွင် တူညီခြင်း မည်သို့ပါဝင်ပတ်သက်သနည်း။

ရွေးနုတ်ဖိုးကား အဘယ်နည်း။ ဤတွင်အသုံးပြုထားသော ဂရိစကားလုံးသည် “ဖြေရန်၊ လွှတ်ရန်” ဟုအဓိပ္ပာယ်ရှိသည့် ကြိယာမှ ဆင်းသက်လာသည်။ အဆိုပါစကားလုံးကို စစ်အကျဉ်းသားများ လွှတ်ရန် လဲလှယ်ပေးရသောငွေနှင့်ပတ်သက်၍ အသုံးပြုသည်။ သို့ဆိုလျှင် အခြေခံအားဖြင့် ရွေးနုတ်ဖိုးဟူသည် တစ်စုံတစ်ရာကိုပြန်ဝယ်ယူရန် ပေးရသည့်အရာတစ်စုံတစ်ခုဟု အနက်ဖွင့်နိုင်၏။ ဟေဗြဲကျမ်းစောင်များတွင် “ရွေးနုတ်ဖိုး” (ကိုဖာ) စကားလုံးသည် “ဖုံးအုပ်ရန်” ဟုအဓိပ္ပာယ်ရသော ကြိယာမှလာသည်။ ဥပမာ၊ ဘုရားသခင်က နောဧအား သင်္ဘောကိုကတ္တရာစေးနှင့် “ဖုံးအုပ်” (ထပ်တူစကားလုံးပုံစံ) လော့ဟုမိန့်ဆိုခဲ့သည်။ (ကမ္ဘာဦး ၆:၁၄) ယင်းက ရွေးနုတ်ရန်ဟူသည် အပြစ်များကို ဖုံးအုပ်ရန်ကိုလည်းဆိုလိုကြောင်း သဘောပေါက်ရန် ထောက်ကူပေးသည်။—ဆာလံ ၆၅:၃ကဘ။

ထူးခြားသည်မှာ၊ ဓမ္မသစ်ကျမ်း၏ဘာသာရေးဆိုင်ရာအဘိဓာန်ကျမ်းက ဤစကားလုံး (ကိုဖာ) သည် တူညီခြင်း သို့မဟုတ် “ညီမျှသောအရာကို အမြဲဆိုလိုသည်” ဟု ဖော်ပြသည်။ သို့ဖြင့် ပဋိညာဉ်သေတ္တာအဖုံး၏ ပုံသဏ္ဌာန်သည် သေတ္တာကိုယ်နှိုက်နှင့် တူညီရမည်။ အလားတူပင် ရွေးနုတ်ရန်၊ သို့မဟုတ် အပြစ်ကိုဖုံးအုပ်ရန် အပြစ်ကြောင့်ဖြစ်ပေါ်ခဲ့သော အပျက်အစီးကို လုံးဝဖုံးအုပ်နိုင်သော၊ သို့မဟုတ် လုံးဝတူညီသောတန်ဖိုးကို ပေးရမည်ဖြစ်သည်။ သို့ဖြစ်၍ ဣသရေလလူတို့ကိုပေးသော ဘုရားသခင့်ပညတ်က ဤသို့ဆိုသည်– ‘အသက်အတွက်အသက်၊ မျက်စိအတွက်မျက်စိ၊ သွားအတွက်သွား၊ လက်အတွက်လက်၊ ခြေအတွက်ခြေကိုပေးရမည်။’—တရားဟောရာ ၁၉:၂၁

၉။ ယုံကြည်သူတို့သည် တိရစ္ဆာန်ယဇ်များကို အဘယ်ကြောင့်ပူဇော်ခဲ့ကြသနည်း၊ ထိုယဇ်သကာများကို ယေဟောဝါ မည်သို့ရှုမှတ်သနည်း။

အာဗေလမှစ၍ ယုံကြည်သူတို့သည် ဘုရားသခင်ထံ တိရစ္ဆာန်ယဇ်များကို ပူဇော်ခဲ့ကြ၏။ ထိုသို့ပြုခြင်းအားဖြင့် သူတို့သည် အပြစ်ရှိ၍ ရွေးနုတ်ခြင်း လိုအပ်သည်ကို အသိအမှတ်ပြုကြောင်း တင်ပြကြပြီး “အမျိုးအနွယ်” အားဖြင့် ဘုရားသခင်၏ကတိထားရာ လွတ်ခြင်းချမ်းသာ၌ ယုံကြည်ကြောင်း ဖော်ပြကြသည်။ (ကမ္ဘာဦး ၃:၁၅; ၄:၁-၄; ဝတ်ပြုရာ ၁၇:၁၁; ဟေဗြဲ ၁၁:၄) ယေဟောဝါသည် ထိုယဇ်များကို နှစ်သက်တော်မူပြီး ဤဝတ်ပြုကိုးကွယ်သူတို့ကို မျက်နှာသာပေးတော်မူ၏။ သို့ပင်ငြားလည်း တိရစ္ဆာန်ပူဇော်ခြင်းများ၏ အမျှော်လင့်နိုင်ဆုံးမှာ အထိမ်းအမှတ်မျှဖြစ်သည်။ တိရစ္ဆာန်များသည် လူတို့ထက်နိမ့်ကျသောကြောင့် လူ၏အပြစ်ကို လုံးလုံးမဖုံးအုပ်နိုင်ချေ။ (ဆာလံ ၈:၄-၈) သို့ဖြစ်၍ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “နွား၊ ဆိတ်၏အသွေးသည် အပြစ်ကိုမပယ်နိုင်ရာ။” (ဟေဗြဲ ၁၀:၁-၄) ထိုယဇ်သကာများသည် ပူဇော်လတ္တံ့သော စစ်မှန်သောရွေးနုတ်ဖိုးယဇ်သကာကို ပုံဖော်၏။

“တန်ဖိုးတူရွေးနုတ်ဖိုး”

၁၀။ (က) ရွေးနုတ်ဖိုးပေးသူသည် မည်သူနှင့် ထပ်တူညီမျှကျရမည်နည်း၊ အဘယ်ကြောင့်နည်း။ (ခ) လူသားယဇ်သကာတစ်ခုတည်း အဘယ်ကြောင့်လိုအပ်သနည်း။

၁၀ “လူအပေါင်းတို့သည် အာဒံအားဖြင့် သေခြင်းသို့ရောက်သည်” ဟု တမန်တော်ပေါလု ပြောခဲ့သည်။ (၁ ကောရိန္သု ၁၅:၂၂) သို့ဖြစ်၍ ရွေးနုတ်ဖိုးပေးဆက်ရန် အာဒံနှင့်ထပ်တူညီမျှကျသော စုံလင်သည့်လူသားတစ်ဦး သေဆုံးရန်လိုသည်။ (ရောမ ၅:၁၄) အခြားအဘယ်သတ္တဝါမျှ တရားမျှတမှုချိန်ခွင်လျှာကို ညီစေနိုင်မည်မဟုတ်ချေ။ အာဒံ၏သေခြင်း အပြစ်ဒဏ်ကို မခံရသူ စုံလင်သောလူသားတစ်ဦးသာလျှင် “တန်ဖိုးတူရွေးနုတ်ဖိုး” ဖြစ်သည့် အာဒံနှင့် လုံးဝတန်းတူညီမျှဖြစ်သောအဖိုးကို ပေးဆက်နိုင်ပေမည်။ (၁ တိမောသေ ၂:၆ကဘ) အာဒံ၏သားစဉ်မြေးဆက်တစ်ဦးချင်းစီနှင့် တန်းတူညီမျှဖြစ်စေရန် သန်းနှင့်ချီ၍ မရေတွက်နိုင်သောလူသားတို့ကို ပူဇော်ရန်မလိုပေ။ တမန်တော်ပေါလုက ဤသို့ရှင်းပြသည်– “အပြစ်တရားသည် တစ်ယောက်သောသူ [အာဒံ] အားဖြင့် ဤလောကသို့ဝင်၍၊ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်။” (ရောမ ၅:၁၂) ထို့အပြင် “လူတစ်ယောက်အားဖြင့် သေခြင်းဖြစ်သောကြောင့်” လူသားတို့ကိုရွေးနုတ်ရန် “လူတစ်ယောက်အားဖြင့်” ဘုရားသခင်စီစဉ်၏။ (၁ ကောရိန္သု ၁၅:၂၁ကဘ) မည်သို့အားဖြင့်နည်း။

“လူအပေါင်းတို့အဖို့ တန်ဖိုးတူရွေးနုတ်ဖိုး”

၁၁။ (က) ရွေးနုတ်ဖိုးပေးသူသည် “လူအပေါင်းတို့အတွက်” မည်သို့ “အသေခံရ” မည်နည်း။ (ခ) အာဒံနှင့် ဧဝတို့သည် ရွေးနုတ်ဖိုးမှ အဘယ်ကြောင့် အကျိုးမရနိုင်သနည်း။ (အောက်ခြေမှတ်ချက်ရှု။)

၁၁ စုံလင်သောလူသားတစ်ဦး သူ၏အသက်ကို စိတ်လိုကိုယ်လျောက်ပူဇော်စေရန် ယေဟောဝါစီစဉ်ပေးခဲ့၏။ ရောမ ၆:၂၃ အရ “အပြစ်တရား၏အခကား သေခြင်းပေတည်း။” မိမိ၏အသက်ကိုပူဇော်ရမည့် ရွေးနုတ်ဖိုးပေးသူသည် ‘လူအပေါင်းတို့အတွက် အသေခံရ’ လိမ့်မည်။ တစ်နည်းအားဖြင့် အာဒံအပြစ်အတွက် အဖိုးအခကို သူပေးဆပ်ရပေမည်။ (ဟေဗြဲ ၂:၉; ၂ ကောရိန္သု ၅:၂၁; ၁ ပေတရု ၂:၂၄) ယင်းက လေးနက်သောတရားဝင်အကျိုးဆက်များ ရှိစေလိမ့်မည်။ အာဒံ၏နာခံမှုရှိသော သားမြေးများအပေါ်ရှိ သေခြင်းကို ပျက်ပြယ်စေခြင်းအားဖြင့် ရွေးနုတ်ဖိုးသည် အပြစ်၏အဖျက်တန်ခိုးကို ရင်းမြစ်မှပင် ဖယ်ရှားပေလိမ့်မည်။ *ရောမ ၅:၁၆

၁၂။ ကြွေးမြီတစ်ခုတည်းကိုပေးဆပ်ရုံဖြင့် လူများစွာကို မည်သို့အကျိုးပြုနိုင်ကြောင်း ဥပမာပေးပါ။

၁၂ ဥပမာပြရသော်၊ မြို့သားအများစု အလုပ်လုပ်ကြသည့် စက်ရုံကြီးတစ်ရုံရှိ မြို့တစ်မြို့တွင် သင်နေထိုင်သည်ဆိုပါစို့။ သင်နှင့် သင့်အိမ်နီးချင်းတို့သည် လုပ်ခကောင်းကောင်းရပြီး ချောင်ချောင်လည်လည်ရှိကြ၏။ စက်ရုံမပိတ်မီ ထိုသို့ရှိကြ၏။ စက်ရုံပိတ်သွားသည့်အကြောင်းကား အဘယ်နည်း။ စက်ရုံမန်နေဂျာသည် အကျင့်ပျက်ပြားသောကြောင့် လုပ်ငန်းဒေဝါလီခံသွားသည်။ ရုတ်တရက် သင်နှင့် သင့်အိမ်နီးချင်းတို့ အလုပ်လက်မဲ့ဖြစ်ကြရာ ကုန်ကျငွေပေးဆပ်စရာမရှိတော့ချေ။ အိမ်ထောင်သည်များ၊ ကလေးများနှင့် ကြွေးရှင်တို့သည် ဤတစ်ယောက်တည်း၏အကျင့်ပျက်ပြားမှုကြောင့် အခက်တွေ့ကုန်ကြသည်။ ဖြေရှင်းနည်း ရှိပါသလော။ ရှိပါသည်! ကြွယ်ဝချမ်းသာသောအကျိုးဆောင်တစ်ဦးက ကြားဝင်ကူညီပေးရန် ဆုံးဖြတ်လိုက်သည်။ ထိုကုမ္ပဏီ၏တန်ဖိုးကို သူသိထားသည်။ ထို့အပြင် ၎င်း၏အလုပ်သမားများနှင့် သူတို့၏မိသားစုများကိုလည်း သူသနားသည်။ သို့နှင့် ထိုကုမ္ပဏီ၏အကြွေးကိုဆပ်ပြီး စက်ရုံကိုပြန်ဖွင့်ရန် သူစီစဉ်သည်။ ထိုကြွေးမြီကိုဆပ်လိုက်ရုံဖြင့် အလုပ်သမားများ၊ သူတို့၏မိသားစုများနှင့် ကြွေးရှင်များကို စိတ်ချမ်းသာစေခဲ့သည်။ အလားတူပင်၊ အာဒံ၏ကြွေးမြီကိုပယ်ဖျက်လိုက်ရုံဖြင့် မရေမတွက်နိုင်သော လူသန်းပေါင်းများစွာကို အကျိုးပြုခဲ့သည်။

ရွေးနုတ်ဖိုးကို မည်သူပြင်ဆင်ပေးသနည်း

၁၃၊ ၁၄။ (က) လူသားထုအတွက် ရွေးနုတ်ဖိုးကို ယေဟောဝါမည်သို့ စီစဉ်ပေးသနည်း။ (ခ) မည်သူ့ထံ ရွေးနုတ်ဖိုးပေးရသနည်း၊ ထိုသို့ပေးဆက်ရန် အဘယ်ကြောင့်လိုအပ်သနည်း။

၁၃ ယေဟောဝါသာလျှင် “ဤလောက၏အပြစ်ကိုဆောင်သွားသော . . . သိုးသငယ်” ကိုအသင့်ပြင်ဆင်ပေးနိုင်သည်။ (ယောဟန် ၁:၂၉) သို့သော် ဘုရားသခင်သည် လူသားတို့ကို ကယ်တင်ရန် ကြုံရာကောင်းကင်တမန်တစ်ပါး စေလွှတ်ခဲ့သည်မဟုတ်။ ယင်းအစား ယေဟောဝါ၏ကျေးကျွန်များနှင့်ပတ်သက်၍ စာတန်၏စွပ်စွဲချက်ကို အပြီးသတ်ဖြေရှင်းပေးနိုင်မည့်သူကို စေလွှတ်ခဲ့၏။ ယေဟောဝါသည် မိမိ၏တစ်ပါးတည်းသောသားတော် “ကိုယ်တော်အထူးသဖြင့်ချစ်ခင်သောသား” ကိုစေလွှတ်ခြင်းဖြင့် အလွန့်အလွန်အနစ်နာခံတော်မူခဲ့သည်။ (သုတ္တံ ၈:၃၀ကဘ) ဘုရားသခင့်သားတော်သည် စိတ်လိုကိုယ်လျောက် မိမိ၏ကောင်းကင်အသရေကို “စွန့်” လွှတ်ခဲ့သည်။ (ဖိလိပ္ပိ ၂:၇) ယေဟောဝါသည် အံ့ဖွယ်နည်းဖြင့် ကိုယ်တော့်သားဦးဖြစ်သော ကောင်းကင်သားတော်၏အသက်နှင့် ကိုယ်ရည်ကိုယ်သွေးပုံစံကို မာရိအမည်ရှိသူ ဂျူးအပျိုစင်၏သားအိမ်တွင်းသို့ ပြောင်းရွှေ့ပေးခဲ့သည်။ (လုကာ ၁:၂၇၊ ၃၅) လူသားတစ်ဦးအနေနှင့် သူ့အား ယေရှုဟုခေါ်ဆိုကြလိမ့်မည်။ သို့သော် တရားဝင်သဘောအရ ကိုယ်တော်သည် အာဒံနှင့်စုံလင်စွာညီမျှသောကြောင့် ကိုယ်တော်အား ဒုတိယအာဒံဟု ခေါ်ဆိုနိုင်သည်။ (၁ ကောရိန္သု ၁၅:၄၅၊ ၄၇) သို့ဖြစ်၍ ယေရှုသည် အပြစ်သားများအတွက် ရွေးနုတ်ဖိုးအဖြစ် မိမိကိုယ်ကို ဆက်သပူဇော်နိုင်သည်။

၁၄ ထိုရွေးနုတ်ဖိုးကို မည်သူ့ထံပေးဆက်ရမည်နည်း။ ဆာလံ ၄၉:၇ က ထိုရွေးနုတ်ဖိုးကို “ဘုရားသခင်” ထံပေးဆက်ရမည်ဟု အတိအကျဖော်ပြသည်။ သို့သော် ရွေးနုတ်ဖိုးကို ဦးစွာပြင်ဆင်ပေးသူသည် ယေဟောဝါကိုယ်တော်တိုင် မဟုတ်ပေလော။ မှန်ပါသည်၊ သို့သော် အိတ်ကပ်တစ်ခုမှ ပိုက်ဆံထုတ်၍ နောက်အိတ်ကပ်တစ်ခုထဲသို့ထည့်သကဲ့သို့ ရွေးနုတ်ဖိုးကို အဓိပ္ပာယ်မဲ့၊ ဝတ်ကျေတမ်းကျေဖလှယ်ရုံမျှ ဖြစ်သွားစေသည်မဟုတ်ချေ။ သဘောပေါက်ရန်မှာ ရွေးနုတ်ဖိုးသည် ရုပ်ပစ္စည်းချင်းဖလှယ်ခြင်းမဟုတ်ဘဲ တရားဥပဒေနှင့်အညီ အပေးအယူဆိုင်ရာ အမှုကိစ္စတစ်ရပ်ဖြစ်၏။ ယေဟောဝါကိုယ်တော်တိုင်ပင် အကြီးအကျယ်အဆုံးရှုံးခံ၍ ရွေးနုတ်ဖိုးပေးရန် စီစဉ်ပေးခြင်းအားဖြင့် ကိုယ်တော်သည် မိမိ၏စုံလင်သောတရားမျှတမှုကို ကိုယ်တိုင်ပင် မယိမ်းမယိုင်စွဲကိုင်ကြောင်း အခိုင်အမာအတည်ပြုသည်။—ကမ္ဘာဦး ၂၂:၇၊ ၈၊ ၁၁-၁၃; ဟေဗြဲ ၁၁:၁၇; ယာကုပ် ၁:၁၇

၁၅။ ယေရှုသည် ဝေဒနာခံရ၍သေဆုံးရန် အဘယ်ကြောင့်လိုအပ်ခဲ့သနည်း။

၁၅ စီ.အီး. ၃၃ နွေဦးတွင် ယေရှုခရစ်သည် ရွေးနုတ်ဖိုးပေးဆက်ရန် ဖြစ်ပေါ်စေသည့် အပြင်းအထန်စစ်ဆေးစုံစမ်းခံရခြင်းကို စိတ်လိုကိုယ်လျောက်ခံခဲ့၏။ ကိုယ်တော်သည် မတရားစွပ်စွဲမှုဖြင့် ဖမ်းဆီးခံခဲ့ရပြီး အပြစ်ရှိသည်ဟုတရားစီရင်ခံရကာ နှက်တိုင်တင်သတ်ရန် သံရိုက်ခြင်းကိုခံခဲ့၏။ ယေရှုသည် ဤမျှတိုင် ဝေဒနာခံရန် လိုအပ်ခဲ့ပါသလော။ လိုပါသည်၊ ဘုရားသခင့်ကျေးကျွန်များသည် သမာဓိစောင့်သိသူများဖြစ်သည့်ကိစ္စကို ဖြေရှင်းရန်လိုသောကြောင့်တည်း။ နို့စို့ကလေးအရွယ်တွင် ယေရှုကို ဟေရုဒ်လက်ချက်ဖြင့် အသတ်ခံခွင့် ဘုရားသခင် ခွင့်မပြုခဲ့ခြင်း၌ အဓိပ္ပာယ်အပြည့်ရှိသည်။ (မဿဲ ၂:၁၃-၁၈) ယေရှုအရွယ်ရောက်သောအခါတွင် စာတန့်အပြင်းထန်ဆုံးတိုက်ခိုက်မှုတို့ကို အရေးကိစ္စရပ်အပေါ် နားလည်နိုင်စွမ်းအပြည့်အဝဖြင့် ခံရပ်တည်ကြည်နိုင်၏။ * ယေရှုသည် တုန်လှုပ်ချောက်ချားဖွယ် ဆက်ဆံခံရသည့်ကြားမှ ဆက်လက် “သန့်ရှင်းစင်ကြယ်၍အညစ်အကြေးနှင့်ကင်းလွတ်လျက် အပြစ်ရှိသောသူတို့နှင့်မဆက်ဆံ” ခြင်းအားဖြင့် စမ်းသပ်မှုများခံရလျက်ပင် ယေဟောဝါအပေါ် သစ္စာရှိသောကျေးကျွန်များရှိကြောင်း အပြီးသတ်သက်သေထူသည်။ (ဟေဗြဲ ၇:၂၆) ထို့ကြောင့် ယေရှုမသေဆုံးမီ အချိန်လေးတွင် ကိုယ်တော်က “အမှုပြီးပြီ!” ဟု အောင်မြင်စွာကြွေးကြော်နိုင်ခဲ့ခြင်းဖြစ်သည်။—ယောဟန် ၁၉:၃၀

ကိုယ်တော့်ရွေးနုတ်ခြင်းလုပ်ငန်းကို ပြီးစီးခြင်း

၁၆၊ ၁၇။ (က) ယေရှုသည် မိမိ၏ရွေးနုတ်ခြင်းလုပ်ငန်းကို မည်သို့ဆက်လုပ်ဆောင်ခဲ့သနည်း။ (ခ) ယေရှုသည် ‘ငါတို့အတွက် ဘုရားသခင်၏ရှေ့တော်၌ ကိုယ်ကိုပြ’ ရန် အဘယ်ကြောင့်လိုအပ်ခဲ့သနည်း။

၁၆ ဤတွင် ရွေးနုတ်ခြင်းလုပ်ငန်းကို ယေရှုအပြီးအစီးဆောင်ရွက်ဖို့လိုသေး၏။ ယေရှုသေဆုံးပြီးနောက် တတိယနေ့တွင် ယေဟောဝါသည် ကိုယ်တော့်အား သေခြင်းမှထမြောက်စေခဲ့သည်။ (တမန်တော် ၃:၁၅; ၁၀:၄၀) ဤအရေးကြီးသောလုပ်ရပ်အားဖြင့် ယေဟောဝါသည် သားတော်၏သစ္စာရှိလုပ်ငန်းကို ကောင်းချီးပေးရုံမက ဘုရားသခင်၏ယဇ်ပုရောဟိတ်မင်းကြီးအဖြစ် ထိုရွေးနုတ်ခြင်းလုပ်ငန်းကို ပြီးမြောက်စေခွင့်ပေးခဲ့သည်။ (ရောမ ၁:၄; ၁ ကောရိန္သု ၁၅:၃-၈) တမန်တော်ပေါလုက ဤသို့ရှင်းပြသည်– “ယဇ်ပုရောဟိတ်မင်းဖြစ်သောခရစ်တော်သည်၊ ငါတို့အဖို့ ထာဝရရွေးနုတ်ခြင်းကျေးဇူးကိုခံရ၍ ဆိတ်အသွေး၊ နွားကလေးအသွေးနှင့်မဟုတ်၊ မိမိအသွေးတော်နှင့် သန့်ရှင်းရာဌာနထဲသို့ တစ်ခါတည်းဝင်တော်မူ၏။ ထိုသို့နှင့်အညီ၊ မှန်သောသန့်ရှင်းရာဌာနတို့၏ပုံဖြစ်သော၊ လူတို့လက်ဖြင့်လုပ်သောသန့်ရှင်းရာဌာနထဲသို့ ခရစ်တော်သည်မဝင်ဘဲ၊ ငါတို့အတွက်ကြောင့် ယခု ဘုရားသခင်၏ရှေ့တော်၌ ကိုယ်ကိုပြခြင်းငှာ၊ ကောင်းကင်ကိုယ်ထဲသို့ဝင်တော်မူပြီ။”—ဟေဗြဲ ၉:၁၁၊ ၁၂၊ ၂၄

၁၇ ခရစ်တော်သည် မိမိ၏ပကတိအသွေးကို ကောင်းကင်သို့ ယူဆောင်မသွားနိုင်ချေ။ (၁ ကောရိန္သု ၁၅:၅၀) ယင်းအစား သွေးဖြင့်တင်စားသော ကိုယ်တော်ပူဇော်လိုက်သည့် စုံလင်သောလူ့အသက်၏ တရားဝင်တန်ဖိုးကို ယူဆောင်သွားခဲ့သည်။ ထို့နောက် ဘုရားသခင့်ရှေ့တော်မှောက်၌ ထိုအသက်၏တန်ဖိုးကို အပြစ်သားများအတွက် ရွေးနုတ်ဖိုးအဖြစ် ဆက်သနိုင်ခဲ့သည်။ ထိုယဇ်သကာကို ယေဟောဝါလက်ခံသလော။ လက်ခံကြောင်း စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့တွင် ယေရုရှလင်မြို့ရှိ တပည့်တော် ၁၂၀ ခန့်အပေါ် သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းခဲ့သောအခါ ထင်ရှားပါသည်။ (တမန်တော် ၂:၁-၄) ယင်းသည် အလွန်စိတ်လှုပ်ရှားဖွယ်ဖြစ်သော်လည်း ထိုအချိန်တွင် အဆိုပါရွေးနုတ်ဖိုးကြောင့် အံ့ဖွယ်အကျိုးကျေးဇူးများ စတင်ခံစားရရုံသာရှိသေးသည်။

ရွေးနုတ်ဖိုး အကျိုးကျေးဇူးများ

၁၈၊ ၁၉။ (က) ခရစ်တော်၏အသွေးတော်အားဖြင့် မိတ်သဟာယဖွဲ့ခြင်း၏အကျိုးကျေးဇူးကို အဘယ်အုပ်စုနှစ်စု ခံစားရသနည်း။ (ခ) “လူအုပ်ကြီး” တွင်ပါဝင်သူတို့အတွက် ရွေးနုတ်ဖိုး၏ မျက်မှောက်နှင့် အနာဂတ်အကျိုးကျေးဇူးအချို့ကား အဘယ်နည်း။

၁၈ ကောလောသဲမြို့သားများထံရေးသော ပေါလု၏စာတွင် ဘုရားသခင်သည် လက်ဝါးကပ်တိုင်၌ ယေရှုသွန်းသော အသွေးတော်မှတစ်ဆင့် ရန်ကိုငြိမ်းစေခြင်းအားဖြင့် ခပ်သိမ်းသောအရာတို့ကို ခရစ်တော်အားဖြင့် မိမိကိုယ်တော်တိုင်နှင့် မိတ်သဟာယဖွဲ့စေခြင်းငှာ အလိုရှိတော်မူ၏ဟု ရှင်းပြခဲ့သည်။ ထို့အပြင် ပေါလုက ဤသို့မိတ်သဟာယဖွဲ့ရာတွင် “ကောင်းကင်အရာ” နှင့် “မြေကြီးအရာ” ဖြစ်သော သီးခြားအုပ်စုနှစ်စုပါဝင်ကြောင်း ရှင်းပြ၏။ (ကောလောသဲ ၁:၁၉၊ ၂၀; ဧဖက် ၁:၁၀) ပထမအုပ်စုတွင် ကောင်းကင်ယဇ်ပုရောဟိတ်များအဖြစ် အမှုဆောင်၍ ခရစ်တော်ယေရှုနှင့်အတူ ကမ္ဘာမြေကြီးကို စိုးစံမည့်ဘုရင်များအဖြစ် မျှော်လင့်ချက်ရရှိထားကြသည့် ခရစ်ယာန် ၁၄၄,၀၀၀ ပါဝင်၏။ (ဗျာဒိတ် ၅:၉၊ ၁၀; ၇:၄; ၁၄:၁-၃) သူတို့မှတစ်ဆင့် ရွေးနုတ်ဖိုးအကျိုးကျေးဇူးကို နာခံမှုရှိလူသားတို့သည် အနှစ်တစ်ထောင်ကာလအတွင်း တဖြည်းဖြည်းခံစားကြရပေလိမ့်မည်။—၁ ကောရိန္သု ၁၅:၂၄-၂၆; ဗျာဒိတ် ၂၀:၆; ၂၁:၃၊ ၄

၁၉ “မြေကြီးအရာ” တွင် မြေကြီးပရဒိသု၌ စုံလင်သောအသက်တာရမည့်သူများ ပါဝင်သည်။ ဗျာဒိတ် ၇:၉-၁၇ က သူတို့ကို လာလတ္တံ့သော “ကြီးစွာသောဆင်းရဲဒုက္ခ” ကိုကပ်ကျော်ကြမည့် “လူအုပ်ကြီး” အဖြစ် ဖော်ပြထား၏။ သို့သော် သူတို့သည် ရွေးနုတ်ဖိုး အကျိုးကျေးဇူးများကိုခံစားရရန် ထိုအချိန်အထိ စောင့်နေစရာမလိုချေ။ သူတို့သည် “မိမိတို့ဝတ်လုံကို သိုးသငယ်၏အသွေး၌လျှော်၍ဖြူစေ” နှင့်ကြပြီးဖြစ်သည်။ ရွေနုတ်ဖိုးကို သူတို့ယုံကြည်လက်ခံကြသောကြောင့် ထိုမေတ္တာပါပြင်ဆင်ပေးချက်မှ ဝိညာဉ်ရေးရာအကျိုးကျေးဇူးများကို သူတို့သည် ယခုပင် ခံစားနေကြရပြီဖြစ်သည်။ ဘုရားသခင်၏အဆွေများအဖြစ် သူတို့သည် ဖြောင့်မတ်သူများဖြစ်ကြောင်း ကြေညာခံရကြပြီ! (ယာကုပ် ၂:၂၃) ယေရှု၏ယဇ်သကာကြောင့် သူတို့သည် “ရဲရင့်သောစိတ်နှင့် ကျေးဇူးပလ္လင်တော်သို့တိုးဝင်ချဉ်းကပ်” နိုင်ကြပြီ။ (ဟေဗြဲ ၄:၁၄-၁၆) သူတို့ပြစ်မှားမိသောအခါ အမှန်ပင်အပြစ်လွှတ်ခံရကြ၏။ (ဧဖက် ၁:၇၊ ၈) သူတို့မစုံလင်ကြသော်လည်း ကြည်လင်သောသြတ္တပ္ပစိတ်ရှိကြ၏။ (ဟေဗြဲ ၉:၉; ၁၀:၂၂; ၁ ပေတရု ၃:၂၁) ထို့ကြောင့် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ခြင်းသည် ဖြစ်လတ္တံ့သောမျှော်လင့်ချက်မဟုတ်ဘဲ လက်ရှိခံစားရသောကျေးဇူးဖြစ်၏။ (၂ ကောရိန္သု ၅:၁၉၊ ၂၀) အနှစ်တစ်ထောင်ကာလအတွင်း သူတို့သည် တဖြည်းဖြည်း “ဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့မှ ကယ်လွှတ်ခြင်းချမ်းသာ” ရပြီး နောက်ဆုံးတွင် “ဘုရားသခင်သားတို့၏ ထူးမြတ်သောလွတ်ခြင်းချမ်းသာ” ကိုရရှိကြလိမ့်မည်။—ရောမ ၈:၂၁

၂၀။ ရွေးနုတ်ဖိုးအကြောင်း စဉ်းစားဆင်ခြင်ခြင်းက တစ်ဦးစီအနေနှင့် သင့်ကို မည်သို့အကျိုးပြုသနည်း။

၂၀ ရွေးနုတ်ဖိုးအတွက် ‘ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကြီးလှပေ၏!’ (ရောမ ၇:၂၅) ရွေးနုတ်ဖိုးအစီအစဉ်သည် မူအရရိုးရှင်းသော်လည်း ကျွန်ုပ်တို့ကို အံ့သြမိန်းမောစေသည့်အထိ အလွန်နက်နဲပေသည်။ (ရောမ ၁၁:၃၃) ထို့အပြင် ရွေးနုတ်ဖိုးအကြောင်းကို ကျေးဇူးတင်စွာ စဉ်းစားဆင်ခြင်ခြင်းအားဖြင့် ယင်းသည် ကျွန်ုပ်တို့၏စိတ်နှလုံးကိုထိမိပြီး တရားမျှတသောဘုရားသခင်ထံ သာ၍ချဉ်းကပ်စေသည်။ ဆာလံဆရာကဲ့သို့ပင် ယေဟောဝါအား “ဖြောင့်မတ်စွာကျင့်ခြင်းနှင့် တရားသဖြင့်စီရင်ခြင်းကိုနှစ်သက်တော်မူ” သောအရှင်အဖြစ် ချီးမွမ်းရန် ကျွန်ုပ်တို့တွင် အကြောင်းအပြည့်အဝရှိပါသည်။—ဆာလံ ၃၃:၅

^ အပိုဒ်၊ 11 အာဒံနှင့် ဧဝတို့သည် ရွေးနုတ်ဖိုးမှ အကျိုးမရနိုင်ချေ။ မောရှေပညတ်က တမင်တကာလူအသက်သတ်သူနှင့်စပ်လျဉ်း၍ ဤမူကိုဖော်ပြထားသည်– “အသေခံထိုက်သော လူသတ်၏အသက်ဖိုးငွေ [“ရွေးဖိုး၊” ကဘ] ကိုမခံမယူရ။” (တောလည်ရာ ၃၅:၃၁) အာဒံနှင့် ဧဝတို့သည် စိတ်လိုကိုယ်လျောက်၊ သိလျက်နှင့် ဘုရားသခင်ကိုမနာခံခဲ့ကြသောကြောင့် အသေခံထိုက်သည်မှာ ထင်ရှားသည်။ ထိုသို့အားဖြင့် ထာဝရအသက်ရခွင့်ကို သူတို့လက်လွှတ်အရှုံးခံခဲ့ကြသည်။

^ အပိုဒ်၊ 15 အာဒံ၏အပြစ်ကို ချိန်ညှိပေးရန် ယေရှုသည် စုံလင်သောကလေးတစ်ဦးအဖြစ်မဟုတ်ဘဲ စုံလင်သောလူကြီးတစ်ဦးအနေဖြင့် သေဆုံးဖို့လို၏။ အာဒံသည် စိတ်လိုကိုယ်လျောက် အပြစ်ပြုခဲ့၏၊ မိမိ၏လုပ်ရပ်သည် အပြစ်မည်မျှကြီးလေးကြောင်းနှင့် ယင်း၏အကျိုးဆက်များကို အပြည့်အစုံသိလျက် ပြုခဲ့ကြောင်းသတိရပါ။ သို့ဖြင့် ‘နောက်ဆုံးသောအာဒံ’ ဖြစ်ဖို့လည်းကောင်း၊ ထိုအပြစ်ကိုဖုံးအုပ်ဖို့လည်းကောင်း ယေရှုသည် ယေဟောဝါအပေါ် မိမိ၏သစ္စာသမာဓိကို ဆက်ထိန်းသိမ်းထားရန် သိနားလည်မှုရှိရှိ ရင့်ကျက်စွာ ရွေးချယ်ပြုမူရသည်။ (၁ ကောရိန္သု ၁၅:၄၅၊ ၄၇) ထို့ကြောင့် ယဇ်သကာအဖြစ် ယေရှုသေဆုံးခဲ့ရခြင်းအပါအဝင် ကိုယ်တော်၏သစ္စာရှိဘဝအသက်တာတစ်ခုလုံးသည် “ဖြောင့်မတ်မှုတစ်ခု” ဖြစ်ပေသည်။—ရောမ ၅:၁၈၊ ၁၉သမ။