မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၆

ဘုရားသခင်နှင့်လျှောက်လှမ်းရာ၌ “တရားသဖြင့်ပြုခြင်း”

ဘုရားသခင်နှင့်လျှောက်လှမ်းရာ၌ “တရားသဖြင့်ပြုခြင်း”

၁-၃။ (က) ကျွန်ုပ်တို့သည် ယေဟောဝါအား အဘယ်ကြောင့် ပေးဆပ်စရာကြွေးတင်နေသနည်း။ (ခ) ကျွန်ုပ်တို့၏မေတ္တာရှိကယ်တင်ရှင်သည် ကျွန်ုပ်တို့ထံမှ အဘယ်အရာ ပြန်တောင်းဆိုသနည်း။

နစ်မြုပ်ဆဲသင်္ဘောတစ်စီးပေါ်တွင် သင်ချောင်ပိတ်မိနေသည်ဟု စိတ်ကူးကြည့်ပါ။ မျှော်လင့်ချက်လုံးဝမရှိဟု သင်ယူဆချိန်၌ပင် ကယ်ဆယ်ရေးသမားတစ်ဦးရောက်လာပြီး သင့်ကို လုံခြုံရာအရပ်သို့ ခေါ်ဆောင်သွားသည် ဆိုပါစို့။ ထို့နောက် သင့်အား ကယ်ဆယ်သူက အန္တရာယ်ကင်းဝေးရာသို့ ခေါ်သွားကာ “အခု ခင်ဗျား စိတ်ချရပြီ” ဟုပြောသည့်အခါ သင်မည်မျှ စိတ်သက်သာရာရမည်တကား! သင်သည် သူ့အပေါ် ပေးဆပ်စရာကြွေးတင်နေသည်ဟု ခံစားရမည်မဟုတ်လော။ အမှန်ဆိုလျှင် သူသည် သင့်အသက်ကြွေးရှင်ဖြစ်သည်။

တစ်နည်းအားဖြင့် ကျွန်ုပ်တို့အတွက် ယေဟောဝါပြုလုပ်ပေးထားရာကို ယင်းက သရုပ်ဖော်၏။ အမှန်တကယ်ပင် ကျွန်ုပ်တို့သည် ကိုယ်တော်အား ပေးဆပ်စရာကြွေးတင်နေသည်။ အပြစ်နှင့် သေခြင်း၏လက်ခုပ်တွင်းမှ ကျွန်ုပ်တို့ကယ်နုတ်ခံရရန် ရွေးနုတ်ဖိုးကို ကိုယ်တော်စီစဉ်ပေးခဲ့သည်။ ထိုတန်ဖိုးရှိယဇ်သကာကို ကျွန်ုပ်တို့ယုံကြည်နေသရွေ့ အပြစ်လွှတ်ခြင်းခံရပြီး ကျွန်ုပ်တို့၏ထာဝရအနာဂတ်အတွက်လည်း စိတ်ချနိုင်ပြီဟု သိရှိထားသည့်အတွက် လုံခြုံသည်ဟု ခံစားရ၏။ (၁ ယောဟန် ၁:၇; ၄:၉) အခန်း ၁၄ တွင် ကျွန်ုပ်တို့တွေ့ရှိခဲ့ကြသည့်အတိုင်း ရွေးနုတ်ဖိုးသည် ယေဟောဝါ၏မေတ္တာနှင့် တရားမျှတမှု၏အပြောင်မြောက်ဆုံး ဖော်ပြချက်တစ်ရပ်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ မည်သို့တုံ့ပြန်သင့်သနည်း။

ကျွန်ုပ်တို့ကို မေတ္တာရှိရှိ ကယ်တင်ခဲ့သူကိုယ်တော်တိုင် ကျွန်ုပ်တို့ထံမှ အဘယ်အရာတောင်းဆိုသည်ကို သုံးသပ်ကြည့်ရန် သင့်လျော်ပေ၏။ ယေဟောဝါသည် မိမိ၏ပရောဖက်မိက္ခာမှတစ်ဆင့် ဤသို့မိန့်တော်မူခဲ့သည်– “အချင်းမြေသား၊ ကောင်းသောလမ်းကိုပြတော်မူပြီ။ တရားသဖြင့်ပြုခြင်း၊ ကရုဏာကိုနှစ်သက်ခြင်း၊ သင်၏ဘုရားသခင်နှင့်အတူသွားလာရာ၌ ကျိုးနွံလျက်နေခြင်းမှတစ်ပါး အဘယ်အရာကို ယေဟောဝါတောင်းတော်မူသနည်း။” (မိက္ခာ ၆:၈ကဘ) ကျွန်ုပ်တို့ထံမှ ယေဟောဝါပြန်တောင်းဆိုသောအရာတစ်ခုမှာ “တရားသဖြင့်ပြုခြင်း” ဖြစ်ကြောင်း သတိပြုပါ။ ထိုသို့ မည်သို့ပြုနိုင်ကြသနည်း။

“မှန်သောဖြောင့်မတ်ခြင်း” ကိုမီအောင်လိုက်ခြင်း

၄။ ယေဟောဝါသည် ကျွန်ုပ်တို့အား ကိုယ်တော်၏ဖြောင့်မတ်သောစံနှုန်းများနှင့်အညီ အသက်ရှင်နေထိုင်စေလိုကြောင်း မည်သို့သိရသနည်း။

ယေဟောဝါသည် ကိုယ်တော်၏ အမှားအမှန်စံနှုန်းများအတိုင်း ကျွန်ုပ်တို့ကို အသက်ရှင်နေထိုင်စေလို၏။ ကိုယ်တော်၏စံနှုန်းများသည် ဖြောင့်မတ်မှန်ကန်သဖြင့် ၎င်းနှင့်လျော်ညီစွာပြုမူသောအခါ ကျွန်ုပ်တို့သည် တရားမျှတမှုနှင့် ဖြောင့်မတ်မှုကို မီအောင်လိုက်နေကြသည်။ “ကောင်းသောအကျင့်ကိုကျင့်အံ့သောငှာ သင်ကြလော့။ တရားသဖြင့်ပြုခြင်းငှာ ရှာကြံကြလော့” ဟု ဟေရှာယ ၁:၁၇ ကဆိုသည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်က ‘ဖြောင့်မတ်ခြင်းကိုရှာ’ ရန် ကျွန်ုပ်တို့ကို တိုက်တွန်း၏။ (ဇေဖနိ ၂:၃) ထို့ပြင် “မှန်သောဖြောင့်မတ်ခြင်း . . . အားဖြင့် ဘုရားသခင်နှင့်အတူအမျှ ဖန်ဆင်းသောလူသစ်ကို ယူတင်ဝတ်ဆောင်မည်အကြောင်း” လှုံ့ဆော်သေး၏။ (ဧဖက် ၄:၂၄) မှန်သောဖြောင့်မတ်ခြင်းဖြစ်သည့် တရားမျှတမှုအစစ်အမှန်သည် အကြမ်းဖက်မှု၊ မသန့်ရှင်းမှုနှင့် အကျင့်ယိုယွင်းမှုတို့ကို ရှောင်ရှား၏၊ ၎င်းတို့သည် သန့်ရှင်းမှုကို ချိုးဖောက်သောကြောင့်ဖြစ်သည်။—ဆာလံ ၁၁:၅; ဧဖက် ၅:၃-၅

၅၊ ၆။ (က) ယေဟောဝါ၏စံနှုန်းများနှင့် လျော်ညီစွာပြုမူခြင်းက ကျွန်ုပ်တို့အတွက် အဘယ်ကြောင့် ဝန်ထုပ်ဝန်ပိုးမဖြစ်သနည်း။ (ခ) ဖြောင့်မတ်ခြင်းကိုလိုက်စားခြင်းသည် အစဉ်အဆက်ပြုလုပ်ရသောအမှုဖြစ်ကြောင်း သမ္မာကျမ်းစာက မည်သို့ဖော်ပြသနည်း။

ယေဟောဝါ၏ ဖြောင့်မတ်သောစံနှုန်းများကို လိုက်လျှောက်ခြင်းသည် ကျွန်ုပ်တို့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်သလော။ မဖြစ်ပါ။ ယေဟောဝါထံဆွဲဆောင်ခံရသူသည် ကိုယ်တော်၏တောင်းဆိုချက်များကို ဝန်လေး၏ဟု ယူမှတ်မည်မဟုတ်။ ကျွန်ုပ်တို့သည် မိမိတို့၏ဘုရားသခင်နှင့် ကိုယ်တော်သည် ဤသို့သောဘုရားအမျိုးအစားဖြစ်မှုကို ကျွန်ုပ်တို့နှစ်သက်မြတ်နိုးသောကြောင့် ကိုယ်တော်နှစ်သက်သည့်နည်းလမ်းအတိုင်း အသက်ရှင်လိုကြသည်။ (၁ ယောဟန် ၅:၃) ယေဟောဝါသည် “တရားသောအမှုကိုနှစ်သက်” ကြောင်း သတိရပါ။ (ဆာလံ ၁၁:၇) ဘုရားသခင်၏တရားမျှတမှု သို့မဟုတ် ဖြောင့်မတ်မှုကို ကျွန်ုပ်တို့ အမှန်တကယ်တုပကြမည်ဆိုလျှင် ယေဟောဝါချစ်မြတ်နိုးသောအရာကိုချစ်၍ ကိုယ်တော်ရွံမုန်းသောအရာကို ရွံမုန်းကြရမည်။—ဆာလံ ၉၇:၁၀

မစုံလင်သူလူသားများအနေဖြင့် ဖြောင့်မတ်မှုကို လိုက်လျှောက်ရန် မလွယ်ကူလှချေ။ ကျွန်ုပ်တို့သည် လူဟောင်း၏အပြစ်ပြုသောအကျင့်တို့နှင့် လူဟောင်း၏ကိုယ်ကို ချွတ်ပယ်၍ လူသစ်ကို ယူတင်ဝတ်ဆောင်ကြရမည်။ ထိုလူသစ်သည် တိကျမှန်ကန်သောပညာအားဖြင့် “အသစ်ပြုပြင်” ခြင်းခံရကြောင်း သမ္မာကျမ်းစာကဆိုသည်။ (ကောလောသဲ ၃:၉၊ ၁၀) ‘အသစ်ပြုပြင်နေခြင်း’ ဟုပြန်ဆိုထားသော မူရင်းဘာသာစကားလုံးအရ လူသစ်ကို ယူတင်ဝတ်ဆောင်ခြင်းတွင် အစဉ်အဆက်ကြိုးစားအားထုတ်မှုလိုအပ်ကြောင်း ညွှန်ပြသည်။ ဟုတ်မှန်ရာကိုလုပ်ဆောင်ဖို့ ကျွန်ုပ်တို့ မည်မျှခက်ခက်ခဲခဲကြိုးစားကြပါစေ ကျွန်ုပ်တို့၏အပြစ်ရှိသော သဘောသဘာဝကြောင့် ကျွန်ုပ်တို့သည် အတွေးအခေါ်အားဖြင့်၊ စကားအားဖြင့် သို့မဟုတ် အပြုအမူအားဖြင့် မှားတတ်ကြသည့် အချိန်အခါများရှိသည်။—ရောမ ၇:၁၄-၂၀; ယာကုပ် ၃:၂

၇။ ဖြောင့်မတ်ခြင်းကို ကြိုးစားကျင့်သုံးရာတွင် မအောင်မြင်သည့်အချိန်အခါများကို မည်သို့ရှုမြင်သင့်သနည်း။

ဖြောင့်မတ်ခြင်းကို ကျွန်ုပ်တို့ကြိုးစားကျင့်ကြံရာတွင် မအောင်မြင်သည့်အချိန်အခါများကို မည်သို့ရှုမြင်သင့်သနည်း။ ကြီးလေးသောအပြစ်ကို အသေးအဖွဲမျှဟူ၍ ကျွန်ုပ်တို့သဘောမထားလိုကြပါ။ သို့သော် တစ်ချိန်တည်းတွင် ဘယ်တော့မျှ လက်မြှောက်အရှုံးမပေးရချေ၊ ကျွန်ုပ်တို့၏အားနည်းချက်များကြောင့် ယေဟောဝါအား ဝတ်ပြုကိုးကွယ်ရန်မထိုက်တန်ဟု ဘယ်သောအခါမျှ မခံစားသင့်ချေ။ အမှန်တကယ်နောင်တယူသူတို့သည် ကိုယ်တော်၏မျက်နှာသာကိုပြန်ရစေရန် ကရုဏာရှင်ဘုရားသခင်သည် စီစဉ်ထားတော်မူ၏။ တမန်တော်ယောဟန်၏ အားတက်ဖွယ်ဤစကားများကို သုံးသပ်ကြည့်ပါ– “သင်တို့သည် ဒုစရိုက်ကိုမပြုစေခြင်းငှာ ဤအရာများကို သင်တို့အား ငါရေး၍ပေးလိုက်၏။” ထို့နောက် သူက “တစ်စုံတစ်ယောက်သောသူသည် ဒုစရိုက်ကို [အမွေခံခဲ့သောမစုံလင်မှုကြောင့်] ပြုမိလျှင်၊ . . . ယေရှုခရစ်တည်းဟူသော ငါတို့အမှုဆောင်သခင်သည် ခမည်းတော်ထံ၌ရှိတော်မူ၏” ဟုလက်တွေ့ကျကျ ထပ်ဆင့်ဆိုသည်။ (၁ ယောဟန် ၂:၁) ကျွန်ုပ်တို့အပြစ်ရှိကြသော်လည်း ယေဟောဝါစီစဉ်ပေးသော ယေရှု၏ရွေးနုတ်ဖိုးယဇ်သကာကြောင့် ကိုယ်တော့်အား ဝတ်ပြုကိုးကွယ်နိုင်ကြပေသည်။ ယင်းသည် ကျွန်ုပ်တို့အား ယေဟောဝါအလိုတော်နှင့်တွေ့ရန် အတတ်နိုင်ဆုံးလုပ်ဆောင်ဖို့ လှုံ့ဆော်မှုမဖြစ်စေပေလော။

သတင်းကောင်းနှင့် ဘုရားသခင့်တရားမျှတမှု

၈၊ ၉။ သတင်းကောင်းကြေညာခြင်းက ယေဟောဝါ၏တရားမျှတမှုကို မည်သို့ထင်ရှားစေသနည်း။

ကျွန်ုပ်တို့သည် သူတစ်ပါးအား ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းလုပ်ငန်း၌ အပြည့်အဝပါဝင်ခြင်းဖြင့် တရားမျှတမှုကို ကျင့်သုံးနိုင်ကြသည်၊ ဤနည်းဖြင့် ဘုရားသခင်၏တရားမျှတမှုကိုပင် တုပရာရောက်သည်။ သို့သော် ယေဟောဝါ၏တရားမျှတမှုနှင့် သတင်းကောင်းသည် အဘယ်ဆက်စပ်မှုရှိသနည်း။

ယေဟောဝါသည် ရှေးဦးစွာ သတိမပေးဘဲ ဤဆိုးညစ်သောစနစ်ကို အဆုံးတိုင်စေမည်မဟုတ်ပါ။ ဆုံးခန်းကာလ၌ အဘယ်အရာဖြစ်ပျက်မည့်အကြောင်း ယေရှုပရောဖက်ပြုရာတွင် ဤသို့မိန့်တော်မူခဲ့သည်– “ဧဝံဂေလိတရားကို ရှေးဦးစွာ လူမျိုးအပေါင်းတို့အားဟောရလိမ့်မည်။” (မာကု ၁၃:၁၀; မဿဲ ၂၄:၃) “ရှေးဦးစွာ” ဟူသောစကားလုံးကို အသုံးပြုခြင်းက ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းပြီးနောက် အခြားဖြစ်ရပ်များ ဒွန်တွဲပါလာမည်ကို သိစေ၏။ အဆိုပါဖြစ်ရပ်များတွင် ဆိုးညစ်သူတို့ကို ဖျက်ဆီးပစ်မည့် တင်ကူးဟောထားသည့် ကြီးစွာသောဒုက္ခ ပါဝင်ပေမည်၊ ၎င်းက ဖြောင့်မတ်သောကမ္ဘာသစ်ရောက်လာဖို့ လမ်းခင်းပေးမည်ဖြစ်သည်။ (မဿဲ ၂၄:၁၄၊ ၂၁၊ ၂၂) ယေဟောဝါသည် ဆိုးညစ်သူတို့အပေါ် မတရားပါဟု မည်သူမျှ လျော်ကန်စွာ စွပ်စွဲပြောဆိုနိုင်မည်မဟုတ်။ ဤသို့သတိပေးစေခြင်းဖြင့် ကိုယ်တော်သည် ထိုသို့သောသူတို့အား မိမိတို့၏လမ်းစဉ်များကိုစွန့်လွှတ်၍ ပြောင်းလဲရန် အခွင့်အရေးအလုံအလောက်ပေးပြီး ပျက်စီးခြင်းဘေးကို လွတ်မြောက်စေသည်။—ယောန ၃:၁-၁၀

မျက်နှာမလိုက်ဘဲ အခြားသူတို့အား သတင်းကောင်းဟောပြောသောအခါ ဘုရားသခင့်တရားမျှတမှုကို ကျွန်ုပ်တို့တင်ပြနေကြ

၁၀၊ ၁၁။ သတင်းကောင်းဟောပြောခြင်းလုပ်ငန်း၌ ကျွန်ုပ်တို့ပါဝင်ခြင်းက ဘုရားသခင်၏တရားမျှတမှုကို မည်သို့ရောင်ပြန်သနည်း။

၁၀ သတင်းကောင်းဟောပြောခြင်းက ဘုရားသခင်၏တရားမျှတမှုကို မည်သို့တင်ပြသနည်း။ ဦးဆုံးအနေနှင့် အခြားသူတို့ ကယ်တင်ခြင်းရရန် ကျွန်ုပ်တို့အတတ်နိုင်ဆုံး ကူညီပေးထိုက်သည်။ နစ်မြုပ်နေဆဲသင်္ဘောတစ်စီးမှ လူများကိုကယ်ဆယ်နေခြင်း ပုံဥပမာကို ပြန်သုံးသပ်ကြည့်ပါ။ အသင်ကိုယ်တိုင် အသက်ကယ်လှေပေါ် ဘေးမသီရန်မခရောက်ရှိနေပြီဖြစ်ရာ ရေထဲတွင်ရှိနေသေးသော အခြားသူတို့ကို သင်အမှန်တကယ်ကူညီပေးလိုမည်။ ထိုနည်းထပ်တူ ဤဆိုးညစ်သောလောက “ရေ” ထဲတွင် ကြိုးပမ်းရုန်းကန်နေကြသူတို့အပေါ် ကျွန်ုပ်တို့တာဝန်မကင်းပါ။ လူအများသည် ကျွန်ုပ်တို့၏သတင်းတရားကို ငြင်းပယ်ကြပေမည်။ သို့သော် ယေဟောဝါစိတ်တော်ရှည်သရွေ့ကာလပတ်လုံး လူသားတို့ကို “နောင်တရစေ” ၍ကယ်တင်ခြင်းရရန် အခွင့်အရေးပေးဖို့ ကျွန်ုပ်တို့၌တာဝန်ရှိသည်။—၂ ပေတရု ၃:၉

၁၁ ကျွန်ုပ်တို့တွေ့ဆုံသမျှသူအားလုံးကို သတင်းကောင်းဟောပြောခြင်းက အခြားအရေးပါသော နောက်တစ်နည်းဖြစ်သည့် မျက်နှာမလိုက်ခြင်းဖြင့် တရားမျှတမှုကို တင်ပြကြသည်။ “ဘုရားသခင်သည် လူမျက်နှာကိုမှတ်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ တရားသဖြင့်ကျင့်ဆောင်သောသူသည် အထံတော်၌မျက်နှာရ” ကြောင်း သတိရပါ။ (တမန်တော် ၁၀:၃၄၊ ၃၅) ကိုယ်တော်၏တရားမျှတမှုကို ကျွန်ုပ်တို့တုပကြဖို့ဆိုလျှင် လူတို့ကို ကျွန်ုပ်တို့ ကြိုတင်ဆုံးဖြတ်စီရင်မည်မဟုတ်ပါ။ ထိုသို့ပြုမည့်အစား ကျွန်ုပ်တို့သည် အခြားသူတို့၏လူမျိုးရေး၊ အဆင့်အတန်းနှင့် ငွေကြေးအခြေအနေကို မထောက်ရှုဘဲ သတင်းကောင်းဟောသင့်သည်။ သို့ဖြင့် နားထောင်လိုသူအားလုံးကို သတင်းကောင်းကြားနာစေ၍ တုံ့ပြန်ခွင့်ပေးသည်။—ရောမ ၁၀:၁၁-၁၃

အခြားသူတို့နှင့် ကျွန်ုပ်တို့ဆက်ဆံပုံ

၁၂၊ ၁၃။ (က) အခြားသူတို့ကို အဘယ်ကြောင့် အလျင်အမြန်စစ်ကြောစီရင်ခြင်း မပြုသင့်သနည်း။ (ခ) “စစ်ကြောဆုံးဖြတ်ခြင်းကိုမပြုကြနှင့်”၊ “အပြစ်မစီရင်ကြနှင့်” ဟူသော ယေရှုဆုံးမစကား၏ဆိုလိုရင်းကား အဘယ်နည်း။ (အောက်ခြေမှတ်ချက်ကိုလည်းရှု။)

၁၂ ကျွန်ုပ်တို့ကို ယေဟောဝါဆက်ဆံသကဲ့သို့ အခြားသူတို့နှင့် ဆက်ဆံခြင်းအားဖြင့် တရားမျှတမှုကို ကျွန်ုပ်တို့ကျင့်သုံးနိုင်၏။ အခြားသူတို့ကို စီရင်ဖို့၊ သူတို့ကို ပြစ်တင်ဝေဖန်ဖို့နှင့် သူတို့၏သဘောထားကို မယုံသင်္ကာဖြစ်ဖို့ အလွန်လွယ်ကူပေသည်။ သို့သော် ယေဟောဝါသည် စာနာမှုကင်းမဲ့စွာဖြင့် ကျွန်ုပ်တို့၏စိတ်ထား၊ ကျွန်ုပ်တို့၏ချွတ်ယွင်းချက်များကို နှိုက်နှိုက်ချွတ်ချွတ်စစ်ဆေးမည်ဆိုလျှင် ယင်းကို မည်သူအလိုရှိမည်နည်း။ ယေဟောဝါသည် ကျွန်ုပ်တို့နှင့် ထိုသို့မဆက်ဆံပါ။ ဆာလံဆရာက ဤသို့သတိပြု၏– “အိုဘုရားရှင်ထာဝရဘုရား ကိုယ်တော်သည် ဒုစရိုက်အပြစ်များကိုမှတ်တော်မူလျှင် အဘယ်သူခံရပ်နိုင်ပါမည်နည်း။” (ဆာလံ ၁၃၀:၃) ကျွန်ုပ်တို့၏တရားမျှတပြီး သနားစာနာတတ်သော ဘုရားသခင်သည် ကျွန်ုပ်တို့၏အားနည်းချက်များကို အာရုံစိုက်မနေကြောင်း သိရှိရခြင်းက ကျေးဇူးတင်စရာမဟုတ်ပေလော။ (ဆာလံ ၁၀၃:၈-၁၀) သို့ဖြစ်လျှင် အခြားသူတို့ကို ကျွန်ုပ်တို့ မည်သို့ဆက်ဆံသင့်သနည်း။

၁၃ ဘုရားသခင့်တရားမျှတမှု၏ ကရုဏာပြတတ်သော သဘောသဘာဝကို ကျွန်ုပ်တို့ အမှန်တကယ်တန်ဖိုးထားမည်ဆိုလျှင် ကျွန်ုပ်တို့နှင့်မသက်ဆိုင်သောကိစ္စများ၊ အရေးမပါလှသော ကိစ္စများနှင့်ပတ်သက်၍ အခြားသူတို့ကို အလျင်အမြန် ဆုံးဖြတ်စီရင်မည်မဟုတ်ပါ။ ယေရှု၏တောင်ပေါ်ဒေသနာတွင် ကိုယ်တော် ဤသို့သတိပေးခဲ့သည်– “သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း သူတစ်ပါး၏အမှု၌ စစ်ကြောဆုံးဖြတ်ခြင်းကို မပြုကြနှင့်။” (မဿဲ ၇:၁) လုကာ၏မှတ်တမ်းအရ ယေရှုဤသို့ ထပ်ဆင့်မိန့်တော်မူသည်– “သူတစ်ပါးကို အပြစ်မစီရင်ကြနှင့်။ မစီရင်လျှင် သင်တို့သည် အပြစ်စီရင်ခြင်းနှင့်ကင်းလွတ်ကြလိမ့်မည်။” * (လုကာ ၆:၃၇) မစုံလင်သူလူသားများသည် စစ်ကြောစီရင်တတ်သောသဘောရှိကြောင်း ယေရှုအသိအမှတ်ပြု၏။ ကိုယ်တော့်တရားကိုနာသူ မည်သူမဆိုသည် ကြမ်းတမ်းစွာ စစ်ကြောစီရင်တတ်သည့်အကျင့်ရှိခဲ့လျှင် ရပ်တန့်ရန်ဖြစ်သည်။

၁၄။ အဘယ်အကြောင်းများကြောင့် အခြားသူတို့အား ‘စစ်ကြောဆုံးဖြတ်ခြင်းကိုရပ်ပစ်’ ရမည်နည်း။

၁၄ သူတစ်ပါးကို အဘယ်ကြောင့် “စစ်ကြောဆုံးဖြတ်ခြင်းကို မပြု” ရသနည်း။ အကြောင်းတစ်ခုမှာ ကျွန်ုပ်တို့၏အခွင့်အာဏာသည် အကန့်အသတ်မျှဖြစ်၏။ တပည့်တော်ယာကုပ်က ဤသို့သတိပေးသည်– “ပညတ်တရားကိုထားပိုင်သောသူ၊ စစ်ကြောစီရင်ပိုင်သောသူ တစ်ပါးတည်းသာရှိတော်မူ၏”—ထိုသူကား ယေဟောဝါပင်တည်း။ သို့နှင့် ယာကုပ်က ဤသို့အတိအလင်းမေးမြန်းသည်– “သူတစ်ပါးကို စစ်ကြောစီရင်သောသင်သည်ကား အဘယ်သူနည်း။” (ယာကုပ် ၄:၁၂; ရောမ ၁၄:၁-၄) ထို့အပြင် ကျွန်ုပ်တို့သည် အပြစ်သားများဖြစ်ကြသောကြောင့် အလွယ်တကူဖြင့် မတရားစွာ စစ်ကြောစီရင်မိနိုင်သည်။ စိတ်စွန်းကွက်ခြင်း၊ မာနထိပါးခံရသည်ဟုထင်ခြင်း၊ မနာလိုစိတ်ဝင်ခြင်းနှင့် မိမိကိုယ်ကို ဖြောင့်မတ်သည်ဟု ယူဆခြင်းအပါအဝင် စိတ်နေသဘောထားအမျိုးမျိုးတို့က လူသားချင်းအပေါ် ကျွန်ုပ်တို့၏ရှုမြင်ပုံကို မမှန်မကန်ဖြစ်စေနိုင်၏။ ကျွန်ုပ်တို့သည် အကန့်အသတ်ဖြင့်သာ စွမ်းဆောင်နိုင်သည်၊ ၎င်းတို့ကို ဆင်ခြင်သုံးသပ်ခြင်းက သူတစ်ပါးကို လျင်မြန်စွာအပြစ်တင်ခြင်းမှ တားဆီးပေးသည်။ သူတစ်ပါး၏စိတ်နှလုံးကို ကျွန်ုပ်တို့မမြင်နိုင်ကြပါ; သူတို့၏ကိုယ်ရေးကိုယ်တာ အခြေအနေအားလုံးကိုလည်း ကျွန်ုပ်တို့မသိနိုင်ကြပါ။ သို့ဖြစ်လျှင် ယုံကြည်သူချင်းတို့၏ရည်ရွယ်ချက် မှားသည်ဟုယိုးစွပ်ခြင်း၊ ဘုရားသခင့်လုပ်ငန်းတော်၌ သူတို့၏ကြိုးပမ်းအားထုတ်မှုကို ပြစ်တင်ဝေဖန်ခြင်းပြုရအောင် ကျွန်ုပ်တို့သည် မည်သူမို့နည်း။ ကျွန်ုပ်တို့ညီအစ်ကို၊ ညီအစ်မများ၏အားနည်းချက်များကို အာရုံစိုက်နေကြမည့်အစား ယေဟောဝါကိုတုပပြီး သူတို့၏ကောင်းကွက်များကို ရှာဖွေခြင်းသည် မည်မျှကောင်းလိုက်လေခြင်း!

၁၅။ ဘုရားသခင်အားဝတ်ပြုကိုးကွယ်သူတို့သည် အဘယ်စကားမျိုးကိုမပြော၊ အဘယ်ဆက်ဆံမှုမျိုးကို ပြုမည်မဟုတ်သနည်း၊ အဘယ်ကြောင့်နည်း။

၁၅ ကျွန်ုပ်တို့မိသားစုဝင်များနှင့်ပတ်သက်၍ကော။ ဝမ်းနည်းစရာကား ယနေ့ဤလောကတွင် စံရိပ်ငြိမ်ဖြစ်သင့်သည့် မိမိနေအိမ်၌ ခံရအခက်ဆုံးဝေဖန်ပြစ်တင်ချက်များကို ကြားနေကြရသည်။ မိမိတို့၏မိသားစုကို ‘ခံစားစေသည့်’ အဆက်မပြတ်ဆဲရေးတိုင်းထွာ၊ ကိုယ်ထိလက်ရောက် မတော်မတရားပြုသော ခင်ပွန်းများ၊ ဇနီးများ သို့မဟုတ် မိဘများအကြောင်း ကြားသိရခြင်းသည် မဆန်းတော့ပေ။ သို့သော် ဘုရားသခင်အား ဝတ်ပြုကိုးကွယ်သူတို့တွင် ခက်ထန်သောစကားများ၊ ခါးသီးသော ငေါ့လုံးထေ့လုံးများပြောဆို၊ ကြမ်းတမ်းစွာဆက်ဆံခြင်းကို ခွင့်မပြုချေ။ (ဧဖက် ၄:၂၉၊ ၃၁; ၅:၃၃; ၆:၄) “‘စစ်ကြောဆုံးဖြတ်ခြင်းကို မပြုကြနှင့်”၊ “အပြစ်မစီရင်ကြနှင့်” ဟူသော ယေရှု၏ဆုံးမစကားသည် မိမိနေအိမ်တွင်ရှိစဉ်လည်း သက်ဆိုင်သည်။ တရားသဖြင့်ကျင့်ခြင်းဟုဆိုရာတွင် ကျွန်ုပ်တို့နှင့် ယေဟောဝါဆက်ဆံသည့်နည်းတူ အခြားသူတို့ကို ဆက်ဆံခြင်းပါဝင်ကြောင်း ပြန်သတိရပါ။ ကျွန်ုပ်တို့၏ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်ဆက်ဆံရာတွင် ဘယ်သောအခါမျှ ကြမ်းတမ်းရက်စက်ခြင်းမရှိချေ။ ထိုသို့ပြုမည့်အစား ကိုယ်တော်သည် မိမိအား ချစ်မြတ်နိုးသူတို့ကို “အလွန်သနားစုံမက်တော်မူ” ၏။ (ယာကုပ် ၅:၁၁) ကိုယ်တော်သည် ကျွန်ုပ်တို့တုပစရာ အလွန်ကောင်းသောစံနမူနာပါတကား!

“တရားသဖြင့်စီရင်” သည့် အကြီးအကဲများ

၁၆၊ ၁၇။ (က) အကြီးအကဲများထံမှ ယေဟောဝါ အဘယ်အရာတောင်းဆိုသနည်း။ (ခ) အပြစ်ပြုသူတစ်ဦးသည် စစ်မှန်သောနောင်တ မပြသောအခါ အဘယ်အရာပြုလုပ်ရမည်နည်း၊ အဘယ်ကြောင့်နည်း။

၁၆ ကျွန်ုပ်တို့အားလုံး တရားသဖြင့်စီရင်ရန် တာဝန်ရှိကြ၏၊ သို့သော် အထူးသဖြင့် ခရစ်ယာန်အသင်းတော်ရှိ အကြီးအကဲများသည် ထိုသို့ပြုရကြမည်။ ဟေရှာယမှတ်တမ်းတင်ထားသော ပရောဖက်ပြုချက်တွင် “မင်းသားမှူးမတ်” သို့မဟုတ် အကြီးအကဲများအကြောင်း မည်သို့ဖော်ပြသည်ကို သတိပြုပါ– “ကြည့်ရှုလော့။ တရားသဖြင့်အုပ်စိုးသော ရှင်ဘုရင်တစ်ပါး ပေါ်ထွန်းတော်မူလိမ့်မည်။ မင်းသားမှူးမတ်တို့သည် တရားသဖြင့်စီရင်ကြလိမ့်မည်။” (ဟေရှာယ ၃၂:၁) မှန်ပါ၏၊ ယေဟောဝါသည် အကြီးအကဲများအား တရားမျှတမှုကိုရှေ့ရှုပြီး ဆောင်ရွက်စေလိုတော်မူ၏။ ယင်းကို သူတို့ မည်သို့ပြုနိုင်ကြမည်နည်း။

၁၇ တရားမျှတခြင်း သို့မဟုတ် ဖြောင့်မတ်ခြင်းဟူသည် အသင်းတော်ကို သန့်ရှင်းစင်ကြယ်စွာထားရှိရန် လိုအပ်မှုကို ဝိညာဉ်ရေးအရ အရည်အချင်းပြည့်မီသော ဤအမျိုးသားများ ကောင်းစွာသိရှိကြသည်။ တစ်ခါတစ်ရံ အကြီးအကဲများသည် ကြီးလေးသောပြစ်မှုများကို စီရင်ကြရ၏။ စီရင်စဉ်တွင် ဘုရားသခင့်တရားမျှတမှုက အဖြစ်နိုင်ဆုံး ကရုဏာပြကြောင်း သူတို့သတိရကြသည်။ သို့နှင့် သူတို့သည် အပြစ်ပြုသူကို နောင်တယူစေရန် ကြိုးစားဖျောင်းဖျသည်။ သို့သော် သူ့ကိုကူညီရန် ထိုသို့ကြိုးပမ်းအားထုတ်သော်လည်း အပြစ်ပြုသူသည် စစ်မှန်သောနောင်တကိုမပြလျှင်ကော မည်သို့နည်း။ ယေဟောဝါ၏နှုတ်ကပါဌ်တော်က “ထိုသို့ဆိုးညစ်သောသူကို သင်တို့အထဲမှ နှင်ထုတ်ကြလော့” ဟုပြတ်ပြတ်သားသားညွှန်ကြားခြင်းသည် လုံးဝတရားမျှတ၏။ ဆိုလိုသည်မှာ ထိုသူကို အသင်းတော်မှနှင်ထုတ်ရမည်ဖြစ်သည်။ (၁ ကောရိန္သု ၅:၁၁-၁၃; ၂ ယောဟန် ၉-၁၁) အကြီးအကဲများသည် ထိုသို့အရေးယူဆောင်ရွက်ရသည့်အတွက် စိတ်မကောင်းကြပါ၊ သို့သော် အသင်းတော်၏ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေး သန့်ရှင်းစင်ကြယ်မှုကို ကာကွယ်စောင့်ရှောက်ပေးဖို့ ထိုသို့ပြုလုပ်ရန်လိုကြောင်း အသိအမှတ်ပြုကြ၏။ ထိုသို့ပြုလျက်ပင် အပြစ်ပြုသူသည် တစ်ချိန်ချိန် သတိပြန်လည်လာ၍ အသင်းတော်သို့ပြန်လာမည်ဟု သူတို့မျှော်လင့်ကြသည်။—လုကာ ၁၅:၁၇၊ ၁၈

၁၈။ သူတစ်ပါးကို ကျမ်းစာအခြေပြု၍ ဆုံးမသောအခါ အကြီးအကဲများသည် အဘယ်အရာကို စိတ်ထဲစွဲမှတ်ထားသနည်း။

၁၈ တရားနှင့်အညီဆောင်ရွက်ခြင်းဟူသည် လိုအပ်သောအခါ ကျမ်းစာအခြေခံသောသွန်သင်ချက် ပေးခြင်းလည်း ပါဝင်သည်။ အကြီးအကဲများသည် အခြားသူတို့၏ အပြစ်များကို ရှာဖွေနေကြသည်တော့ မဟုတ်ပါ။ အခွင့်အရေးရတိုင်း ဆုံးမနေကြသည်လည်းမဟုတ်ပါ။ သို့သော် ယုံကြည်သူချင်းတစ်ဦးသည် “သတိလစ်၍ တစ်စုံတစ်ခုသောဒုစရိုက်ကို” ပြုကောင်းပြုမိပေမည်။ ဘုရားသခင့်တရားမျှတမှုသည် မရက်စက်သည့်အပြင် စာနာတတ်ကြောင်း သတိရခြင်းက အကြီးအကဲများသည် “သိမ်မွေ့နူးညံ့သောသဘောနှင့် ထိုသို့သောသူကိုမစ၍၊ သူ၏နေရာ၌တည်မြဲတည်စေ” ရန် ကြိုးစားကူညီပေးလိမ့်မည်။ (ဂလာတိ ၆:၁) သို့နှင့် အကြီးအကဲများသည် အမှားပြုသူကို ကြိမ်းမောင်းမည်မဟုတ်၊ ကြမ်းတမ်းစွာပြောမည်မဟုတ်။ ယင်းအစား မေတ္တာပါစွာဆုံးမသည့်အတွက် ဆုံးမခံရသူသည် အားရှိလာပေမည်။ ပညာမဲ့လမ်းစဉ်၏ဆိုးကျိုးများကို ပွင့်လင်းစွာအကျဉ်းချုပ်ဖော်ပြ၍ ချက်ကျကျပဲ့ပြင်ပေးစဉ်ပင် အကြီးအကဲများအနေဖြင့် အမှားကျူးလွန်သော ယုံကြည်သူချင်းတစ်ဦးသည် ယေဟောဝါ၏သိုးတော်စုမှ သိုးတစ်ကောင်ဖြစ်ကြောင်း စိတ်ထဲစွဲမှတ်ထားပါသည်။ * (လုကာ ၁၅:၇) မေတ္တာ၏လှုံ့ဆော်မှုဖြင့် ဆုံးမပဲ့ပြင်ကြောင်းထင်ရှားလျှင် အမှားပြုသူကို တည့်မတ်ပေးဖို့ ပိုလွယ်ကူပေသည်။

၁၉။ အဘယ်ဆုံးဖြတ်ချက်များကို အကြီးအကဲများချကြရသနည်း၊ ထိုသို့ဆုံးဖြတ်ရာတွင် အဘယ်အရာအပေါ် သူတို့အခြေခံကြရသနည်း။

၁၉ အကြီးအကဲများသည် ယုံကြည်သူချင်းတို့နှင့်ပတ်သက်၍ ဆုံးဖြတ်ချက်များ ချရလေ့ရှိသည်။ ဥပမာ၊ အသင်းတော်ရှိ အခြားညီအစ်ကိုများသည် အကြီးအကဲများ သို့မဟုတ် ဓမ္မအမှုထမ်းများအဖြစ် အရည်အချင်းပြည့်မီ၊ မမီ ထောက်ခံပေးဖို့ လက်ရှိအကြီးအကဲများက အခါအားလျော်စွာ စည်းဝေးထိုင်၍ သုံးသပ်ကြရသည်။ မျက်နှာမလိုက်ဖို့အရေးကြီးကြောင်း အကြီးအကဲများသိထားကြ၏။ သူတို့သည် ကိုယ်ကိုယ်တိုင်၏ခံစားချက်များမျှ၌သာ အမှီမပြုဘဲ ခန့်အပ်သင့်၊ မသင့်ဆုံးဖြတ်ရန် ဘုရားသခင့်စည်းကမ်းချက်များကို လမ်းညွှန်အဖြစ် လိုက်နာကြသည်။ သို့နှင့် သူတို့သည် “ရှေ့မဆွကမစီရင်၊ ငဲ့ကွက်သောစိတ်နှင့်အလျှင်းမပြုဘဲ” ပြုမူဆောင်ရွက်ကြသည်။—၁ တိမောသေ ၅:၂၁

၂၀၊ ၂၁။ (က) အကြီးအကဲများသည် အဘယ်အရာဖြစ်ဖို့ ကြိုးပမ်းအားထုတ်ကြသနည်း၊ အဘယ်ကြောင့်နည်း။ (ခ) “စိတ်ငယ်သောသူတို့ကို” ကူညီပေးရန် အကြီးအကဲများ အဘယ်အရာပြုလုပ်နိုင်ကြသနည်း။

၂၀ အကြီးအကဲများသည် အခြားနည်းလမ်းများဖြင့်လည်း ဘုရားသခင့်တရားမျှတမှုကို စီမံဆောင်ရွက်ကြသည်။ အကြီးအကဲများသည် “တရားသဖြင့်စီရင်” ကြမည်အကြောင်း တင်ကူးပြောဆိုပြီးနောက် ဟေရှာယက ဤသို့ဆက်ဖော်ပြသည်– “ထိုမင်းတို့သည် လေလုံ၍ မိုးသက်မုန်တိုင်းကွယ်ရာအရပ်ကဲ့သို့လည်းကောင်း၊ သွေ့ခြောက်သောမြေ၌စီးသော ချောင်းရေကဲ့သို့လည်းကောင်း၊ နေပူသောအရပ်၌ ကျောက်လုံးကြီးအရိပ်ကဲ့သို့လည်းကောင်း ဖြစ်ကြလိမ့်မည်။” (ဟေရှာယ ၃၂:၂) သို့ဖြစ်၍ အကြီးအကဲများသည် ဝတ်ပြုကိုးကွယ်သူချင်းတို့ကို နှစ်သိမ့်မှုပေးသူ၊ စိတ်လန်းဆန်းစေသူများဖြစ်ရန် ကြိုးပမ်းကြသည်။

၂၁ ယနေ့ စိတ်ပျက်အားလျော့စေသော ပြဿနာအမျိုးမျိုးကြောင့် လူများစွာတို့သည် အားပေးမှုလို၏။ အကြီးအကဲတို့၊ “စိတ်ငယ်သောသူတို့ကို” အားပေးရန် သင်အဘယ်အရာပြုလုပ်နိုင်သနည်း။ (၁ သက်သာလောနိတ် ၅:၁၄) စာနာစိတ်ဖြင့် သူတို့ကို နားထောင်ပေးပါ။ (ယာကုပ် ၁:၁၉) သူတို့ခံစားနေရသော “ဝမ်းနည်းခြင်းအကြောင်း” ကို ယုံကြည်စိတ်ချရသူတစ်ဦးအား သူတို့ ရင်ဖွင့်လိုပေမည်။ (သုတ္တံ ၁၂:၂၅) သူတို့ကို ယေဟောဝါနှင့် ညီအစ်ကို၊ ညီအစ်မများပါ လိုလားကြောင်း၊ တန်ဖိုးထား၍ ချစ်မြတ်နိုးကြောင်း ယုံကြည်စိတ်ချစေပါ။ (၁ ပေတရု ၁:၂၂; ၅:၆၊ ၇) ထို့အပြင် ဤသူတို့နှင့်အတူ သူတို့အတွက် သင်ဆုတောင်းပေးနိုင်ပါသည်။ အကြီးအကဲတစ်ဦးက သူတို့အတွက် နှလုံးသားထဲမှဆုတောင်းပေးခြင်းကို သူတို့ကြားနာရခြင်းက အမှန်တကယ်ပင် နှစ်သိမ့်မှုဖြစ်စေနိုင်သည်။ (ယာကုပ် ၅:၁၄၊ ၁၅) စိတ်ညှိုးငယ်သူတို့ကို မေတ္တာပါပါ သင်ကြိုးစားကူညီပေးခြင်းကို တရားမျှတသောအရှင်ဘုရားသခင် သတိမမူဘဲ နေမည်မဟုတ်ချေ။

အကြီးအကဲများသည် စိတ်ညှိုးငယ်သူတို့ကို အားပေးသောအခါ ယေဟောဝါ၏တရားမျှတမှုကို တင်ပြကြ

၂၂။ ယေဟောဝါ၏တရားမျှတမှုကို မည်သည့်နည်းလမ်းများဖြင့် ကျွန်ုပ်တို့ တုပနိုင်ကြသနည်း၊ အဘယ်အကျိုးရလဒ်ရှိသနည်း။

၂၂ မှန်ပါသည်၊ ကိုယ်တော်၏တရားမျှတမှုကို တုပခြင်းဖြင့် ယေဟောဝါနှင့် ပိုမိုရင်းနှီးကျွမ်းဝင်လာကြသည်! ကိုယ်တော်၏ဖြောင့်မတ်သောစံနှုန်းများကို ကျွန်ုပ်တို့ထောက်ခံကြသောအခါ၊ အခြားသူတို့အား အသက်ကယ်သောသတင်းကောင်းကို ဟောပြောသောအခါ၊ အခြားသူတို့၏အမှားများကို ရှာမည့်အစား သူတို့၏ကောင်းကွက်များကို အာရုံစိုက်လိုကြသောအခါ ကျွန်ုပ်တို့သည် ဘုရားသခင့်တရားမျှတမှုကို တင်ပြနေကြပါသည်။ အကြီးအကဲတို့၊ သင်တို့သည် အသင်းတော်၏သန့်ရှင်းခြင်းကို ကာကွယ်စောင့်ရှောက်သောအခါ၊ သမ္မာကျမ်းစာမှ တည်ဆောက်မှုပေးသည့် စကားကိုပြောဆိုသောအခါ၊ မျက်နှာလိုက်ခြင်းမရှိ ဆုံးဖြတ်ပြုလုပ်သောအခါ၊ စိတ်ညှိုးငယ်သူတို့ကိုအားပေးကြသောအခါ သင်တို့သည် ဘုရားသခင့်တရားမျှတမှုကို တင်ပြနေကြသည်။ ကောင်းကင်မှ ယေဟောဝါငုံ့ကြည့်၍ ကိုယ်တော်၏လူတို့သည် ဘုရားသခင်နှင့်အတူ “တရားသဖြင့်” လျှောက်လှမ်းရန် အတတ်နိုင်ဆုံးကြိုးစားနေကြကြောင်း တွေ့မြင်သည့်အခါ စိတ်တော်အမှန်တကယ်ရွှင်ပြုံးမည်ဖြစ်သည်!

^ အပိုဒ်၊ 13 ဘာသာပြန်ကျမ်းအချို့က “စစ်ကြောဆုံးဖြတ်ခြင်းကို မပြုကြနှင့်”၊ “အပြစ်မစီရင်ကြနှင့်” ဟုဆို၏။ ယင်းတို့က ‘စ၍ စစ်ကြောဆုံးဖြတ်ခြင်းမပြုကြနှင့်’၊ ‘စ၍ အပြစ်မစီရင်ကြနှင့်’ ဟုအဓိပ္ပာယ်သက်ရောက်သည်။ သို့သော် မူရင်းဘာသာစကားတွင် ကျမ်းရေးသူတို့က ဤတွင် အပျက်သဘောဆောင်သောအမိန့်များကို ပစ္စုပ္ပန် (ပြုဆဲ၊ ဖြစ်ဆဲ) ကာလပြကြိယာသဏ္ဌာန်ဖြင့် သုံးထားသည်။ သို့ဖြစ်၍ ဖော်ပြပါလုပ်ရပ်များကို ထိုအချိန်အခါ၌ပြုလုပ်နေကြရာ ရပ်တန့်လိုက်ဖို့လိုမည်ဖြစ်သည်။

^ အပိုဒ်၊ 18 ၂ တိမောသေ ၄:၂ တွင် သမ္မာကျမ်းစာက အကြီးအကဲတို့သည် ရံဖန်ရံခါ ‘အပြစ်ကိုဖော်ပြ၊ ဆုံးမ၊ တိုက်တွန်းသွေးဆောင်’ ကြရမည်ဟုဆိုထား၏။ ‘တိုက်တွန်းသွေးဆောင်’ (ပါရာကာလဲအို) ဟု ဘာသာပြန်ဆိုထားသော ဂရိစကားလုံးသည် “အားပေးရန်” ဟုအဓိပ္ပာယ်ရှိနိုင်သည်။ ၎င်းနှင့်ဆက်နွှယ်လျက်ရှိသော ဂရိစကားလုံး ပါရာကလဲတို့စ်က တရားရေးကိစ္စနှင့်ပတ်သက်သော ရှေ့နေတစ်ဦးကိုရည်ညွှန်းနိုင်သည်။ သို့ဖြစ်၍ အကြီးအကဲများသည် ကြပ်ကြပ်မတ်မတ်ဆုံးမသည့်တိုင် သူတို့သည် ဝိညာဉ်ရေးအရအကူအညီလိုသူများကို ကူညီပေးသူများဖြစ်ကြဖို့ဖြစ်သည်။