မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၇

‘ဘုရားသခင်၏ဉာဏ်တော် အလွန်နက်နဲစွတကား!’

‘ဘုရားသခင်၏ဉာဏ်တော် အလွန်နက်နဲစွတကား!’

၁၊ ၂။ သတ္တမနေ့ရက်အတွက် ယေဟောဝါ၏ရည်ရွယ်ချက်ကား အဘယ်နည်း၊ ထိုနေ့ရက်အစတွင် ဘုရားသခင်၏ဉာဏ်ပညာတော်သည် မည်သို့ မှတ်ကျောက်တင်ခံရသနည်း။

ပျက်စီးခြင်းပင်! ဆဋ္ဌမမြောက်ဖန်ဆင်းရာနေ့ရက်၏အထွတ်သည် ရုတ်တရက် အမြင့်မှဇောက်အနက်သို့ ထိုးစိုက်ကျဆင်းသွားခဲ့သည်။ လူသားအပါအဝင် “မိမိဖန်ဆင်းသမျှသောအရာတို့” သည် “အလွန်ကောင်းသည်” ဟု ယေဟောဝါကြေညာခဲ့ပြီးဖြစ်သည်။ (ကမ္ဘာဦး ၁:၃၁) သို့သော် သတ္တမနေ့ရက်အစတွင် အာဒံနှင့် ဧဝသည် စာတန်နောက်လိုက်၍ ပုန်ကန်ကြရန် ရွေးချယ်ခဲ့၏။ သို့နှင့် သူတို့သည် အပြစ်၊ မစုံလင်မှုနှင့် သေခြင်းသို့ ခုန်ဆင်းခဲ့ကြ၏။

ယင်းကြောင့် သတ္တမနေ့ရက်အတွက် ယေဟောဝါ၏ရည်ရွယ်ချက်သည် မျှော်လင့်ချက်ကင်းမဲ့လောက်အောင် တလွဲဖြစ်သွားပုံပေါက်ပေမည်။ ထိုနေ့ရက်သည် ယခင်ခြောက်ရက်ကဲ့သို့ပင် နှစ်ပေါင်းထောင်ချီ ကြာရှည်ဖို့ဖြစ်ခဲ့သည်။ ၎င်းနေ့ကို ယေဟောဝါက မြင့်မြတ်သည်ဟု ကြေညာခဲ့ပြီးဖြစ်ရာ ယင်းနေ့သည် နောက်ဆုံးတွင် တစ်ကမ္ဘာလုံး ပရဒိသုဖြစ်ပြီး စုံလင်သောလူ့မိသားစုကြီးနှင့် ပြည့်နှက်နေပေလိမ့်မည်။ (ကမ္ဘာဦး ၁:၂၈; ၂:၃) သို့သော် အဆိုပါပုန်ကန်မှုကြီးဖြစ်ပြီးနောက် ထိုသို့ မည်သို့ဖြစ်လာနိုင်ဦးမည်နည်း။ အဘယ်အရာကို ဘုရားသခင် ပြုမည်နည်း။ ဤတွင် ယေဟောဝါ၏ဉာဏ်ပညာတော်ဆိုင်ရာ သိသာထင်ရှားသောမှတ်ကျောက်ကို တွေ့ရပြီး ဖြစ်နိုင်သည်မှာ ယင်းသည် အပြီးသတ်မှတ်ကျောက်ပင်ဖြစ်သည်။

၃၊ ၄။ (က) ဧဒင်တွင်ဖြစ်ပွားခဲ့သောပုန်ကန်မှုကို ယေဟောဝါတုံ့ပြန်ပုံက ကိုယ်တော့်ဉာဏ်ပညာ၏ အံ့သြဖွယ်နမူနာ အဘယ်ကြောင့်ဖြစ်သနည်း။ (ခ) ယေဟောဝါ၏ဉာဏ်ပညာကို ကျွန်ုပ်တို့လေ့လာစဉ် နှိမ့်ချခြင်းက အဘယ်အရေးပါသောအမှန်တရားကို စိတ်ထဲရှိစေသင့်သနည်း။

ယေဟောဝါသည် ချက်ချင်းပင်တုံ့ပြန်ခဲ့သည်။ ဧဒင်တွင် ပုန်ကန်သူတို့ကို ပြစ်ဒဏ်စီရင်ပြီး တစ်ကြိမ်တည်းတွင် သူတို့ ယခုပင်စတင်ခဲ့သောဆိုးကျိုးများကို ကိုယ်တော်မည်သို့မည်ပုံကုစားမည်ကို အရိပ်အမြွက်ဖော်ပြခဲ့သည်။ (ကမ္ဘာဦး ၃:၁၅) ယေဟောဝါ ကြိုတင်မြော်မြင်ထားသောရည်ရွယ်ချက်မှာ ဧဒင်မှသည် နှစ်ပေါင်းထောင်နှင့်ချီ လူ့သမိုင်းတစ်လျှောက်မက ဝေးလံသော နောင်အနာဂတ်ကာလအထိ အကျုံးဝင်၏။ ၎င်းသည် လွန်စွာပင်ရိုးရှင်းသည့်တိုင် အလွန်ပင်လေးနက်လွန်းရကား ကျမ်းစာဖတ်ရှုသူတစ်ဦး ၎င်းကိုလေ့လာ၍ စဉ်းစားဆင်ခြင်ရာတွင် ဘဝအသက်တာတစ်လျှောက် ကျေနပ်နှစ်သိမ့်မှုရရှိနိုင်ပေသည်။ ထိုထက်ကား ယေဟောဝါ၏ရည်ရွယ်ချက်သည် ဧကန်မုချအောင်မြင်ရလိမ့်မည်။ ဆိုးညစ်မှုဟူသ၍အပြင် အပြစ်နှင့် သေခြင်းပါ အဆုံးတိုင်ရလိမ့်မည်။ သစ္စာရှိသူလူသားအပေါင်းကို စုံလင်စေလိမ့်မည်။ ၎င်းတို့အားလုံးသည် သတ္တမနေ့မကုန်ဆုံးမီ ဖြစ်မြောက်လိမ့်မည်၊ မြေကြီးနှင့် လူသားတို့အတွက် ယေဟောဝါ၏ရည်ရွယ်ချက်သည် အချိန်ဇယားအတိုင်း အတိအကျပြည့်စုံရန်အလို့ငှာဖြစ်သည်!

ဤမျှထူးမြတ်လှသောဉာဏ်ပညာကို ကျွန်ုပ်တို့ အံ့သြကြသည်မဟုတ်လော။ တမန်တော်ပေါလုသည် ဤသို့ရေးသားရန် လှုံ့ဆော်ခံခဲ့ရ၏– ‘ဘုရားသခင်၏ဉာဏ်တော်သည် အလွန်ကျယ်ဝန်းနက်နဲစွတကား။’ (ရောမ ၁၁:၃၃) ဘုရားသခင့်ဤအရည်အသွေး၏ ရှုထောင့်အသီးသီးကို ကျွန်ုပ်တို့ကြိုးစားလေ့လာကြစဉ် နှိမ့်ချသောသဘောက ဤအရေးပါသောအမှန်တရားကို စိတ်ထဲစွဲမှတ်ထားစေသင့်သည်—ယင်းမှာ ကျွန်ုပ်တို့သည် အလွန်ဆုံး ယေဟောဝါ၏ကျယ်ဝန်းလှသော ဉာဏ်ပညာတော်ကို အပေါ်ယံလောက်သာ လေ့လာနိုင်ကြခြင်းဖြစ်၏။ (ယောဘ ၂၆:၁၄) ဦးစွာ ဤအံ့ဖွယ်အရည်အသွေးကို အဓိပ္ပာယ်ဖွင့်ကြပါစို့။

ဘုရားသခင့်ဉာဏ်ပညာတော်ကား အဘယ်နည်း

၅၊ ၆။ အသိပညာနှင့် ဉာဏ်ပညာသည် အဘယ်ဆက်စပ်မှုရှိသနည်း၊ ယေဟောဝါ၏အသိပညာသည် မည်မျှတိုင်ကျယ်ပြန့်သနည်း။

ဉာဏ်ပညာသည် အသိပညာနှင့် မတူပါ။ ကွန်ပျူတာများတွင် အသိပညာမြောက်မြားစွာ စုဆောင်းထည့်သွင်းထားနိုင်သော်လည်း ၎င်းတို့သည် ပညာရှိ၏ဟု မည်သူကမျှဆိုမည်မဟုတ်ပေ။ မည်သို့ဆိုစေကာမူ အသိပညာနှင့် ဉာဏ်ပညာတို့သည် ဆက်စပ်မှုရှိ၏။ (သုတ္တံ ၁၀:၁၄) ဥပမာ၊ သင်သည် စိုးရိမ်ဖွယ်ရောဂါတစ်ခုကို ကုသလိုလျှင် ဆေးဝါးအကြောင်း အနည်းအကျဉ်းသာသိသူ သို့မဟုတ် ဘာမျှမသိသူတစ်ဦးနှင့် တိုင်ပင်ဆွေးနွေးပြီး ရောဂါကုမည်လော။ ဝေးလေစွ! သို့ဖြစ်၍ စစ်မှန်သောဉာဏ်ပညာရှိဖို့ တိကျမှန်ကန်သောအသိပညာ မရှိမဖြစ်လိုအပ်သည်။

ယေဟောဝါတွင် မကုန်မခန်းနိုင်သောအသိပညာရှိသည်။ ကိုယ်တော်သည် ‘ထာဝရဘုရင်’ ဖြစ်ရာ ကိုယ်တော်တစ်ပါးတည်းသာလျှင် ထာဝစဉ်အသက်ရှင်နေတော်မူခဲ့၏။ (ဗျာဒိတ် ၁၅:၃) မရေမတွက်နိုင်သော ကာလအစဉ်အဆက်တစ်လျှောက် ကိုယ်တော်သည် အရာခပ်သိမ်းကို သိတော်မူခဲ့ပြီ။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “ငါတို့ကိုစစ်ကြောစီရင်တော်မူသောသူရှေ့၌ မထင်ရှားသောအရာတစ်စုံတစ်ခုမျှမရှိ။ ခပ်သိမ်းသောအရာတို့သည် အကွယ်အကာမရှိဘဲ၊ မျက်မှောက်တော်၌ လှန်ထားလျက်ရှိကြ၏။” (ဟေဗြဲ ၄:၁၃; သုတ္တံ ၁၅:၃) ယေဟောဝါသည် ဖန်ဆင်းရှင်အနေဖြင့် ကိုယ်တော်ပြုလုပ်ထားသမျှကို အပြည့်အဝသိနားလည်၏၊ အစကနဦးကတည်းက လူသားအပေါင်း၏လုပ်ဆောင်မှုတို့ကို တွေ့မြင်တော်မူခဲ့သည်။ ကိုယ်တော်သည် လူတစ်ဦးစီ၏ စိတ်နှလုံးကို ဆန်းစစ်တော်မူ၍ အကြံအစည်ရှိလေသမျှတို့ကို သိတော်မူ၏။ (၁ ရာဇဝင်ချုပ် ၂၈:၉) လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိသူများအဖြစ် ကျွန်ုပ်တို့ကိုဖန်ဆင်းထားရာ ပညာရှိရှိရွေးချယ်ပြုမူသည်ကို ကိုယ်တော်တွေ့မြင်သောအခါ ပျော်ရွှင်တော်မူ၏။ “ဆုတောင်းခြင်းကို နားထောင်တော်မူသောအရှင်” ဖြစ်ရာ တစ်ချိန်တည်းတွင် မရေမတွက်နိုင်သောဆုတောင်းချက်တို့ကို ကိုယ်တော်နားညောင်းတော်မူ၏! (ဆာလံ ၆၅:၂ကဘ) ယေဟောဝါ၏မှတ်ဉာဏ်သည်လည်း လုံးဝစုံလင်သည်မှာ ပြောစရာမလိုချေ။

၇၊ ၈။ ယေဟောဝါသည် သိနားလည်မှု၊ ပိုင်းခြားသိမြင်မှုနှင့် ဉာဏ်ပညာတို့ကို မည်သို့တင်ပြသနည်း။

ယေဟောဝါသည် အသိပညာရှိရုံထက်မက အချက်အလက်များ မည်သို့ဆက်နွှယ်ကြောင်းနှင့် အသေးစိတ်အချက်အလက်များက ခြုံငုံပုံဖော်သောအခြေအနေကိုပါ သိရှိနားလည်တော်မူ၏။ ကိုယ်တော်သည် အကဲဖြတ်စီရင်ကာ အကောင်းနှင့် အဆိုး၊ အရေးပါရာနှင့် အသေးအဖွဲကိစ္စတို့ကို ခွဲခြားသိမြင်တော်မူ၏။ ထို့ပြင် ကိုယ်တော်သည် အပေါ်ယံမျှမက စိတ်နှလုံးထဲသို့ပင် ဆန်းစစ်တော်မူ၏။ (၁ ဓမ္မရာဇဝင် ၁၆:၇) ယေဟောဝါ၌ အသိပညာထက်မက သာလွန်ထူးကဲသော အရည်အသွေးများဖြစ်သည့် သိနားလည်မှုနှင့် ပိုင်းခြားသိမြင်မှုတို့လည်းရှိသည်။ သို့သော် ဉာဏ်ပညာသည် ၎င်းတို့ထက်မြင့်မားပေသည်။

ဉာဏ်ပညာသည် အသိပညာ၊ ပိုင်းခြားသိမြင်မှုနှင့် သိနားလည်မှုတို့ကိုပေါင်းစပ်ပြီး အသုံးချတတ်၏။ အမှန်မှာ “ဉာဏ်ပညာ” ဟု ဘာသာပြန်ဆိုသော မူရင်းကျမ်းစကားလုံးအချို့၏ စာသားအရအဓိပ္ပာယ်မှာ “ဖြစ်မြောက်စွာလုပ်ဆောင်ခြင်း” သို့မဟုတ် “လက်တွေ့ကျဉာဏ်ပညာ” ဖြစ်သည်။ သို့ဖြစ်၍ ယေဟောဝါ၏ဉာဏ်ပညာသည် သီအိုရီမျှသာမဟုတ်ချေ။ ၎င်းသည် လက်တွေ့ကျ၍ ဖြစ်မြောက်အောင်မြင်၏။ ယေဟောဝါ၏ကျယ်ဝန်းသောအသိပညာနှင့် နက်ရှိုင်းသောသိနားလည်မှုကို အသုံးပြုကာ ကိုယ်တော်သည် အမြဲပင်အကောင်းဆုံးဆုံးဖြတ်ချက်များချပြီး အသင့်မြတ်ဆုံးနည်းလမ်းဖြင့် ယင်းတို့ကို ဆောင်ရွက်တော်မူ၏။ ၎င်းကား စစ်မှန်သောဉာဏ်ပညာဖြစ်သတည်း! “ပညာသည် မိမိအပြုအမူများအားဖြင့် မိမိဖြောင့်မတ်သည်ကို ထင်ရှားစေသည်” ဟုယေရှုပြောဆိုခဲ့သောစကား မှန်ကန်ကြောင်း ယေဟောဝါ သရုပ်ဖော်ပြပါသည်။ (မဿဲ ၁၁:၁၉သမ္မာ) စကြဝဠာတစ်ခွင်ရှိ ယေဟောဝါ၏လက်ရာတော်များက ကိုယ်တော်၏ဉာဏ်ပညာတော်ကို ခိုင်လုံလှစွာသက်သေထူသည်။

ဘုရားသခင့်ဉာဏ်ပညာတော်၏ သက်သေသာဓကများ

၉၊ ၁၀။ (က) အဘယ်ဉာဏ်ပညာမျိုးကို ယေဟောဝါဖော်ပြသနည်း၊ ၎င်းကို ကိုယ်တော် မည်သို့ဖော်ပြခဲ့သနည်း။ (ခ) ဆဲလ်သည် ယေဟောဝါ၏ဉာဏ်ပညာကို မည်သို့ပေါ်လွင်စေသနည်း။

လက်ရာမြောက်၍ လှပသောအရာများကိုပြုလုပ်သည့် လက်မှုပညာသည်တစ်ဦး၏ ဖန်တီးနိုင်စွမ်းကို သင် တအံ့တသြမိန်းမောဖူးပါသလော။ ၎င်းသည် အထူးစွဲမှတ်ဖွယ် ဉာဏ်ပညာတစ်မျိုးပင်တည်း။ (ထွက်မြောက်ရာ ၃၁:၁-၃) ယင်းသို့သောဉာဏ်ပညာ၏ ရင်းမြစ်နှင့် အကြီးမြင့်ဆုံးပိုင်ရှင်သည် ယေဟောဝါကိုယ်တော်တိုင်ဖြစ်၏။ ယေဟောဝါအကြောင်း ဘုရင်ဒါဝိဒ်ဤသို့ဆိုသည်– “အကျွန်ုပ်သည် ကြောက်မက်ဖွယ်သောလက္ခဏာ၊ ထူးဆန်းသောလက္ခဏာတို့နှင့်ပြည့်စုံသည်ဖြစ်၍ ကိုယ်တော်ကိုချီးမွမ်းပါမည်။ ပြုပြင်တော်မူသောအမှုတို့သည် အံ့သြဖွယ်ဖြစ်ကြောင်းကို အကျွန်ုပ်၏စိတ်ဝိညာဉ်သည်အမှန်သိပါ၏။” (ဆာလံ ၁၃၉:၁၄) ကျွန်ုပ်တို့၏ခန္ဓာကိုယ်အကြောင်း ပိုသိလာလေ ယေဟောဝါ၏ဉာဏ်ပညာကို သာ၍အံ့သြလာလေဖြစ်သည်။

၁၀ ဥပမာအနေနှင့် သင်သည် ဆဲလ်တစ်ခုတည်းနှင့်အစပြုခဲ့သည်၊ သင့်မိခင်၏မမျိုးဥသည် သင့်ဖခင်၏သုတ်ပိုးနှင့်ပေါင်းစပ်၍ မျိုးအောင်လာသည့်ဆဲလ်တစ်ခုဖြစ်လာရာ မကြာမီ ထိုဆဲလ်သည် စိတ်ဖြာကွဲပွားလေ၏။ အဆုံး၌ သင်သည် ဆဲလ်များကုဋေပေါင်း ၁ ကုဋေ ခန့်ဖြင့် ဖွဲ့စည်းဖြစ်ပေါ်လာလေသည်။ ထိုဆဲလ်များသည် အလွန်သေးငယ်၏။ ပျမ်းမျှအရွယ်အစားရှိ ဆဲလ် ၁၀,၀၀၀ ခန့်သည် ပင်အပ်ထိပ်မျှသာရှိလိမ့်မည်။ သို့တိုင် ဆဲလ်တစ်ခုချင်းစီသည် စိတ်ရှုပ်လောက်အောင် ရှုပ်ထွေးပွေလီသော ဖန်ဆင်းခြင်းလက်ရာတစ်ခုဖြစ်၏။ ဆဲလ်ဟူသည် လူလုပ်သော မည်သည့်စက်ကိရိယာ သို့မဟုတ် စက်ရုံထက်မဆို သာ၍အနုစိတ်ကျသည်။ ဆဲလ်တစ်ခုသည် မြို့ရိုးရှိသောမြို့ကဲ့သို့ ထိန်းချုပ်ထားသည့်ဝင်ပေါက်နှင့် ထွက်ပေါက်များ၊ သယ်ယူပို့ဆောင်ရေးစနစ်၊ ဆက်သွယ်ရေးကွန်ရက်၊ လျှပ်စစ်စက်ရုံများ၊ ကုန်ထုတ်စက်ရုံများ၊ အညစ်အကြေးစွန့်ခြင်းနှင့် သုံးပြီးပစ္စည်းကို ပြန်အသုံးချရန်အစီအစဉ်များ၊ ကာကွယ်ရေးအေဂျင်စီအပြင် ၎င်း၏အဆံ၌ ဗဟိုအစိုးရပုံစံမျိုးပင်ရှိ၏ဟု သိပ္ပံပညာရှင်များကဆိုသည်။ ထိုထက်ကား ၎င်းဆဲလ်သည် ယင်းနှင့်ပုံတူ အပြည့်အစုံဆဲလ်တစ်ခုကို နာရီအနည်းငယ်အတွင်း ပွားနိုင်သည်တကား!

၁၁၊ ၁၂။ (က) ကြီးထွားလာနေသော သန္ဓေသားလောင်းအတွင်းရှိဆဲလ်များကို အဘယ်အရာက ကွဲပြားခြားနားစေသနည်း၊ ယင်းက ဆာလံ ၁၃၉:၁၆ နှင့် မည်သို့ကိုက်ညီသနည်း။ (ခ) ကျွန်ုပ်တို့သည် “ထူးဆန်းသောလက္ခဏာတို့နှင့်ပြည့်စုံ” ကြောင်း လူ့ဦးနှောက်က အဘယ်နည်းများဖြင့်ဖော်ပြသနည်း။

၁၁ ဆဲလ်များသည် တစ်ခုနှင့်တစ်ခု တူညီကြသည်တော့မဟုတ်ချေ။ သန္ဓေသားလောင်း၏ဆဲလ်များ ဆက်၍အစိတ်စိတ်အမြွှာမြွှာစိတ်ဖြာသွားစဉ် ၎င်းတို့သည် အလွန်ခြားနားသောလုပ်ငန်းများကို ဆောင်ရွက်ကြရသည်။ အချို့ကား အာရုံကြောဆဲလ်များ၊ အခြားတို့မှာမူ အရိုး၊ ကြွက်သား၊ သွေး၊ မျက်စိဆဲလ်များဖြစ်လာကြပေလိမ့်မည်။ ထိုသို့သော ကွဲပြားခြားနားချက်အားလုံးကို မျိုးရိုးဗီဇ၏ပုံစံပြာများဖြစ်သော ဒီအင်အေ၏ ဆဲလ် “စာကြည့်တိုက်” အတွင်း ပရိုဂရမ်သွင်း/ရေးဆွဲထားသည်။ စိတ်ဝင်စားစရာကား ယေဟောဝါအား ဤသို့ပြောဆိုရန် ဒါဝိဒ်မှုတ်သွင်းခံခဲ့ရသည်– “မစုံလင်သေးသော အကျွန်ုပ်၏ [“သန္ဓေသားလောင်း၊” ကဘ] အလုံးအထွေးကိုလည်း ကိုယ်တော်သည် ကြည့်ရှု၍မြင်တော်မူပြီ။ ထိုအရာတို့ကို . . . ကိုယ်တော်၏စာရင်း၌ အကုန်အစင်မှတ်သားလျက်ရှိကြပါ၏။”—ဆာလံ ၁၃၉:၁၆

၁၂ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့သည် အလွန်တရာရှုပ်ထွေးပွေလီလှသည်။ ဥပမာ၊ လူ့ဦးနှောက်ကို သုံးသပ်ကြည့်ပါ။ အချို့က ယင်းကို စကြဝဠာ၌ လောလောဆယ်တွေ့ရှိထားရာရှိရှိသမျှတို့တွင် အရှုပ်ထွေးဆုံးအရာဟုဆိုသည်။ ယင်း၌ နဗ်ကြောဆဲလ်များ ကုဋေတစ်သောင်းခန့်ရှိသည်—ကျွန်ုပ်တို့၏ဂလက်စီရှိ ကြယ်များအရေအတွက်ခန့်တမျှများသည်။ ထိုဆဲလ်တစ်ခုစီသည် အကိုင်းများဖြာထွက်၍ အခြားဆဲလ်များနှင့် ထောင်နှင့်ချီဆက်သွယ်လေသည်။ သိပ္ပံပညာရှင်များက လူ့ဦးနှောက်တွင် ကမ္ဘာ့စာကြည့်တိုက်အားလုံးရှိ သတင်းအချက်အလက်ရှိရှိသမျှကို ထည့်နိုင်ပြီး ဦးနှောက်ထဲတွင် အတိုင်းမသိအချက်အလက်မြောက်မြားစွာကို ထည့်သွင်းထားနိုင်သည်ဟုပြောဆိုကြသည်။ “ထူးဆန်းသောလက္ခဏာတို့နှင့်ပြည့်စုံ” သည့် ဤအင်္ဂါကို ဆယ်စုနှစ်ချီလေ့လာခဲ့ပြီးသော်လည်း ၎င်း၏လုပ်ဆောင်ပုံကို ဘယ်သောအခါမျှ အပြည့်အဝနားလည်နိုင်လိမ့်မည်မဟုတ်ဟု သိပ္ပံပညာရှင်များက ဝန်ခံခဲ့ကြသည်။

၁၃၊ ၁၄။ (က) ‘ပင်ကိုအသိဉာဏ်’ ရှိကြောင်း ပုရွက်ဆိတ်များနှင့် အခြားသတ္တဝါများ မည်သို့ဖော်ပြကြသနည်း၊ ၎င်းက ယင်းတို့၏ဖန်ဆင်းရှင်နှင့်ပတ်သက်၍ အဘယ်အရာသိစေသနည်း။ (ခ) ပင့်ကူအိမ်ကဲ့သို့သော ဖန်ဆင်းရာများသည် “ပညာတော်အားဖြင့်” ဖြစ်ကြောင်း ကျွန်ုပ်တို့ အဘယ်ကြောင့်ဆိုနိုင်မည်နည်း။

၁၃ သို့သော် လူသားသည် ယေဟောဝါ၏ဖန်ဆင်းခြင်းဉာဏ်ပညာနှင့်ပတ်သက်၍ ပုံဥပမာတစ်ခုမျှသာဖြစ်သေးသည်။ ဆာလံ ၁၀၄:၂၄ က ဤသို့ဆိုသည်– “အိုထာဝရဘုရား ကိုယ်တော်စီရင်ပြုပြင်တော်မူသောအရာတို့သည် အလွန်များပြားပါ၏။ ရှိရှိသမျှတို့ကို ပညာတော်အားဖြင့်ဖန်ဆင်းတော်မူ၏။ မြေကြီးသည်ဘဏ္ဍာတော်နှင့်ကြွယ်ဝပါ၏။” ယေဟောဝါ၏ဉာဏ်ပညာသည် ကျွန်ုပ်တို့ဝန်းကျင်ရှိ ဖန်ဆင်းခြင်းလက်ရာတော် ရှိရှိသမျှတွင် ထင်ရှားပေါ်လွင်သည်။ ဥပမာ၊ ပုရွက်ဆိတ်သည် “ပင်ကိုအသိဆိုင်ရာပညာရှိသည်။” (သုတ္တံ ၃၀:၂၄ကဘ) အမှန်မှာ ပုရွက်ဆိတ်အုံများသည် အံ့သြဖွယ်ကောင်းလောက်အောင်ပင် စည်းစနစ်ကျသည်။ အချို့ပုရွက်ဆိတ်များသည် ပျကောင်များဟုခေါ်သည့် အင်းဆက်ပိုးများကို အိမ်မွေးတိရစ္ဆာန်သဖွယ် မွေးမြူစောင့်ရှောက်ကာ နေရာများပေး၍ ၎င်းတို့မှ အာဟာရရယူကြ၏။ အခြားပုရွက်ဆိတ်များသည် လယ်သမားများပမာ မှိုစိုက်ပျိုးကြသည်။ အခြားသတ္တဝါများစွာသည် ပင်ကိုအသိဖြင့် အံ့ချီးဖွယ်အမှုများစွာကိုပြုလုပ်နိုင်ရန် ပုံစံပြုရေးဆွဲခံထားရကြသည်။ ယင်ကောင်တစ်ကောင်သည် လူတီထွင်သည့် အဆင့်အမြင့်ဆုံးလေယာဉ်ပျံပင် မတုပနိုင်သော ထူးထူးခြားခြားအလှပြကျွမ်း ထိုးတတ်၏။ ရွှေ့ပြောင်းနေထိုင်သောငှက်များသည် ကြယ်များအားဖြင့်၊ ကမ္ဘာမြေကြီး၏သံလိုက်စက်ကွင်းဆိုင်ရာ အရပ်လေးမျက်နှာကိုသိခြင်းအားဖြင့် သို့မဟုတ် အတွင်းပင်ကိုပါမြေပုံတစ်မျိုးတစ်မည်အားဖြင့် သွားလာတတ်ကြသည်။ ဇီဝဗေဒပညာရှင်များသည် ဤသတ္တဝါများ၌ စီစဉ်ထည့်သွင်းထားသည့် ဆန်းပြားရှုပ်ထွေးသောပြုမူပုံများကို နှစ်ချီသုတေသနပြုလေ့လာနေကြပြီ။ သို့ဖြစ်၍ စီမံညွှန်ကြားသောဘုရားသခင်သည် မည်မျှပညာရှိလေစွတကား!

၁၄ သိပ္ပံပညာရှင်များသည် ယေဟောဝါ၏ဖန်ဆင်းခြင်းဆိုင်ရာဉာဏ်ပညာမှ များစွာသင်ယူခဲ့ကြပေပြီ။ သဘာဝတရား၌တွေ့မြင်ရသော ဒီဇိုင်းပုံစံများကို အတုယူတီထွင်ပြုလုပ်ရန် ရှာဖွေလေ့လာသည့် ဇီဝတုပမှု [biomimetics] ဟုခေါ်ဆိုသော အင်ဂျင်နီယာပညာရပ်နယ်ပယ်တစ်ခုပင်ရှိသည်။ ဥပမာ၊ လှပသောပင့်ကူအိမ်ကို သင်တအံ့တသြရှုစားဖူးမည်။ အင်ဂျင်နီယာတစ်ဦးမူကား ၎င်းကို အံ့ဖွယ်ဒီဇိုင်းတစ်ခုအဖြစ် တွေ့မြင်တတ်သည်။ ပြတ်လွယ်ပုံပေါက်သော အမျှင်တချို့သည် အချိုးအစားအရ သံမဏိထက်ပင်ပိုခိုင်မာ၍ ကျည်ကာအင်္ကျီ၏ ချည်မျှင်များထက်ခိုင်ခံ့၏။ မည်မျှအထိ ခိုင်ခံ့သနည်း။ ငါးဖမ်းသင်္ဘောပေါ်တွင် အသုံးပြုသောပိုက်ကွန်အရွယ်အစားအထိ စကေးချဲ့ထားသည့်ပင့်ကူအိမ်တစ်ခုကို စိတ်ကူး၍မြင်ယောင်လိုက်ပါ။ ယင်းသို့သောပင့်ကူအိမ်သည် ပျံသန်းလျက်ရှိသည့် ခရီးသည်တင်လေယာဉ်ကြီးတစ်စင်းကို ဖမ်းယူလိုက်နိုင်၏! မှန်ပါသည်၊ ထိုအရာအားလုံးတို့ကို “ပညာတော်အားဖြင့်” ယေဟောဝါဖန်ဆင်းခဲ့ပြီ။

ဤမြေတိရစ္ဆာန်တို့သည် “ပင်ကိုအသိစိတ်ဖြင့် ပညာရှိ” စေရန် မည်သူစီမံထားသနည်း

ကမ္ဘာမြေအထက် ဉာဏ်ပညာတော်

၁၅၊ ၁၆။ (က) ကြယ်အတိပြီးသောမိုးကောင်းကင်က ယေဟောဝါ၏ဉာဏ်ပညာကို မည်သို့သက်သေထူသနည်း။ (ခ) သန်းပေါင်းရာနှင့်ချီ ကောင်းကင်တမန်များ၏တပ်မှူးချုပ် ယေဟောဝါ၏ရာထူးအဆင့်က ဤစီမံခန့်ခွဲညွှန်ကြားသူ၏ဉာဏ်ပညာကို မည်သို့သက်သေထူသနည်း။

၁၅ စကြဝဠာတစ်ခွင်ရှိ ယေဟောဝါ၏လက်ရာတော်များ၌ ကိုယ်တော်၏ဉာဏ်ပညာ ပေါ်လွင်ထင်ရှားသည်။ အခန်း ၅ တွင် ကျွန်ုပ်တို့အတော်အတန် အကျယ်တဝင့်ဆွေးနွေးခဲ့ကြသည့် ကြယ်အတိပြီးသောမိုးကောင်းကင်သည် အာကာသဟင်းလင်းပြင်တစ်ခွင်တွင် ဖြစ်ကတတ်ဆန်း ကစဉ့်ကရဲဖြစ်နေသည်မဟုတ်ချေ။ ယေဟောဝါ၏ “မိုးကောင်းကင်နိယာမများ” ၏ဉာဏ်ပညာကြောင့် မိုးကောင်းကင်သည် ဂလက်ဆီများသို့ တင့်တယ်စွာဖွဲ့စည်းတည်ဆောက်ထား၏၊ ၎င်းတို့ကို မဟာကြယ်စုများအဖြစ် တစ်ဖန်စုစည်းထားလျက် ထပ်မံ၍တစ်ဖန် မဟာ့ မဟာကြယ်စုများအဖြစ် စုပေါင်းဖွဲ့စည်းထားသည်။ (ယောဘ ၃၈:၃၃ယေရုရှလင်ကျမ်းသစ်) ယင်းကြောင့် ကောင်းကင်တန်ဆာများကို “အလုံးအရင်း” အဖြစ် ယေဟောဝါရည်ညွှန်းဖော်ပြထားခြင်းသည် အံ့ဩစရာမဟုတ်ပေ! (ဟေရှာယ ၄၀:၂၆) သို့သော် ယေဟောဝါ၏ဉာဏ်ပညာကို သာ၍ထင်ရှားစွာပင် သရုပ်ဖော်သည့် အခြားအလုံးအရင်းတစ်ခုရှိသေး၏။

၁၆ အခန်း ၄ တွင် ကျွန်ုပ်တို့သတိပြုမိခဲ့ကြသည့်အတိုင်း ဘုရားသခင်သည် သန်းပေါင်းရာနှင့်ချီ နာမ်ဝိညာဉ်သတ္တဝါများ၏ တပ်မှူးချုပ် ရာထူးအဆင့်ကြောင့် ‘ဗိုလ်ခြေအရှင်ယေဟောဝါ’ ဘွဲ့နာမကိုခံယူရသည်။ ၎င်းက ယေဟောဝါ၏တန်ခိုးတော်ကို သက်သေထူသည်။ သို့သော် ကိုယ်တော်၏ဉာဏ်ပညာနှင့် မည်သို့ပတ်သက်သနည်း။ ယေဟောဝါနှင့် ယေရှုသည် ဘယ်သောအခါမျှ အလုပ်မရှိ အားလပ်နေသည်မဟုတ်ကြောင်း သတိပြုပါ။ (ယောဟန် ၅:၁၇) သို့ဖြစ်၍ အမြင့်ဆုံးသောအရှင်၏ အမှုဆောင်ကောင်းကင်တမန်များလည်း အမြဲပင်အလုပ်များနေကြပေမည်။ ထို့ပြင် သူတို့သည် လူသားတို့ထက် အဆင့်မြင့်ပြီး သာလွန်သောပညာ၊ သာလွန်သောတန်ခိုးရှိကြကြောင်း သတိရပါ။ (ဟေဗြဲ ၁:၇; ၂:၇) သို့တိုင် ယေဟောဝါသည် ထိုကောင်းကင်တမန်အပေါင်းကို အလုပ်များနေစေခဲ့ပြီး နှစ်ပေါင်းကုဋေချီ၍ “အမိန့်တော်အတိုင်းဆောင်ရွက်” ကာ “အလိုတော်သို့လိုက်” ခြင်း၌ ပျော်မွေ့နေခဲ့ကြပြီ။ (ဆာလံ ၁၀၃:၂၀၊ ၂၁) ဤစီမံခန့်ခွဲညွှန်ကြားသူ၏ဉာဏ်ပညာသည် အလွန်စိုးရွံ့မိန်းမောဖွယ် ကောင်းလိုက်လေခြင်း!

ယေဟောဝါ “တစ်ဆူတည်းသာလျှင် ပညာနှင့်ပြည့်စုံ”

၁၇၊ ၁၈။ ယေဟောဝါ “တစ်ဆူတည်းသာလျှင် ပညာနှင့်ပြည့်စုံတော်မူ” သည်ဟု သမ္မာကျမ်းစာက အဘယ်ကြောင့်ဆိုသနည်း၊ ကိုယ်တော်၏ဉာဏ်ပညာသည် ကျွန်ုပ်တို့ကို အဘယ်ကြောင့် အထူးစိုးရွံ့မိန်းမောစေသင့်သနည်း။

၁၇ ထိုသို့သောသက်သေသာဓကများအားဖြင့် ယေဟောဝါ၏ဉာဏ်ပညာသည် အမြင့်မြတ်ဆုံးဖြစ်ကြောင်း သမ္မာကျမ်းစာ ဖော်ပြထားခြင်းသည် အံ့အားသင့်စရာလော။ ဥပမာ၊ ယေဟောဝါ “တစ်ဆူတည်းသာလျှင် ပညာနှင့်ပြည့်စုံတော်မူ” သည်ဟုသမ္မာကျမ်းစာဆို၏။ (ရောမ ၁၆:၂၇) ယေဟောဝါတစ်ပါးတည်းသာ အကန့်အသတ်မဲ့သဘောဖြင့် ဉာဏ်ပညာပြည့်စုံတော်မူသည်။ ကိုယ်တော်သည် စစ်မှန်သောဉာဏ်ပညာအားလုံး၏ရင်းမြစ် ဖြစ်တော်မူသည်။ (သုတ္တံ ၂:၆) ထို့ကြောင့် ယေဟောဝါ၏ဖန်ဆင်းရာများတွင် ယေရှုသည် ပညာအရှိဆုံးဖြစ်သော်လည်း မိမိ၏ကိုယ်ပိုင်ဉာဏ်ပညာကို အားမထားဘဲ ခမည်းတော်ညွှန်ကြားသည့်အတိုင်း မိန့်မြွက်တော်မူခဲ့၏။—ယောဟန် ၁၂:၄၈-၅၀

၁၈ ယေဟောဝါ၏ဉာဏ်ပညာသည် ပြိုင်ဘက်ကင်းကြောင်း တမန်တော်ပေါလု ဤသို့ဖော်ပြခဲ့သည်ကို သတိပြုပါ– “ဘုရားသခင်၏ပညာနှင့်ဉာဏ်တော်သည် အလွန်ကျယ်ဝန်းနက်နဲစွတကား။ စီရင်တော်မူချက်တို့ကို အဘယ်သူမျှစစ်၍မကုန်နိုင်။ ကြွတော်မူရာလမ်းတို့ကို လိုက်၍ရှာသော်လည်း မတွေ့မမီနိုင်။” (ရောမ ၁၁:၃၃) မူရင်းဘာသာစကားတွင် ထိုအခန်းငယ်ကို “အိုး” ဟူသောအာမေဍိတ်ဖြင့် အစချီထားခြင်းဖြင့် ပေါလုသည် ပြင်းထန်သောစိတ်လှုပ်ရှားမှု၊ ဤကိစ္စတွင် အလွန်အံ့သြထိတ်လန့်သောသဘောကိုဖော်ပြသည်။ “နက်နဲစွ” ဟုဆိုသည့် သူရွေးချယ်ခဲ့သောဂရိစကားလုံးမှာ “တွင်းနက်” ဟူသောစကားလုံးနှင့် အတော်ပင်နီးစပ်၏။ သို့ဖြင့် သူ၏စကားသည် ဦးနှောက်ထဲ ကွင်းကွင်းကွက်ကွက်ပုံပေါ်လာစေသည်။ ယေဟောဝါ၏ဉာဏ်ပညာကို ကျွန်ုပ်တို့စေ့စေ့တွေးတောဆင်ခြင်သည့်အခါ ကျွန်ုပ်တို့သည် အကန့်အသတ်မဲ့ အဆုံးမဲ့တွင်းထဲသို့ စူးစိုက်ကြည့်ရှုရသည့်အလား၊ အလွန်နက်ရှိုင်းကျယ်ဝန်းသည့် နယ်ပယ်တစ်ခုဖြစ်ရာ ယင်းကို အသေးစိတ်ဖော်ပြ ပုံဖော်နိုင်ဖို့နေနေသာသာ ၎င်း၏ကျယ်ပြန့်ကြီးမားမှုကို ဘယ်သောအခါမျှနားမလည်နိုင်ချေ။ (ဆာလံ ၉၂:၅) ယင်းသည် ကျွန်ုပ်တို့ကို ကျိုးနွံနှိမ့်ချစေသော အတွေးမဟုတ်ပေလော!

၁၉၊ ၂၀။ (က) လင်းယုန်ငှက်သည် ဘုရားသခင့်ဉာဏ်ပညာကို အဘယ်ကြောင့် ဆီလျော်စွာကိုယ်စားပြုသနည်း။ (ခ) အနာဂတ်ကို ယေဟောဝါစူးစိုက်ကြည့်ရှုနိုင်ကြောင်း ကိုယ်တော် မည်သို့ဖော်ပြသနည်း။

၁၉ အခြားသဘောဖြင့်လည်း ယေဟောဝါ “တစ်ဆူတည်းသာလျှင် ပညာနှင့်ပြည့်စုံတော်မူ” ၏– ကိုယ်တော်တစ်ပါးတည်းသာလျှင် အနာဂတ်ကို စေ့စပ်စွာကြည့်နိုင်၏။ ဘုရားသခင့်ဉာဏ်ပညာကို ကိုယ်စားပြုရန် အဝေးမြင်နိုင်သောလင်းယုန်ငှက်ကို ယေဟောဝါအသုံးပြုကြောင်း သတိရပါ။ ရွှေလင်းယုန်ငှက်တစ်ကောင်သည် ဆယ်ပေါင်မျှသာ အလေးချိန်ရှိသော်လည်း ယင်း၏မျက်လုံးများသည် လူကြီးတစ်ဦး၏မျက်လုံးထက်ကြီးသည်။ လင်းယုန်ငှက်၏အမြင်အာရုံမှာ အံ့ဖွယ်ကောင်းလောက်အောင် စူးရှထက်မြက်လွန်းရာ အမြင့်ပေပေါင်းထောင်နှင့်ချီ အထက်အရပ် မိုင်နှင့်ချီအဝေးမှ သေးငယ်သောသားကောင်ကို ရှာတွေ့နိုင်သည်! ယေဟောဝါကိုယ်တော်တိုင် လင်းယုန်ငှက်အကြောင်း ဤသို့တစ်ချိန်ကမိန့်တော်မူ၏– “မျက်စိသည် အဝေးကပင် မြင်တတ်၏။” (ယောဘ ၃၉:၂၉သမ္မာ) အလားတူသဘောမျိုးဖြင့် ယေဟောဝါသည် အနာဂတ်ကာလကို “အဝေးကပင်” တွေ့မြင်နိုင်တော်မူ၏!

၂၀ ယင်းသည်မှန်ကန်ကြောင်း သက်သေသာဓကအပြည့်အစုံရှိသည်။ သမ္မာကျမ်းစာတွင် ပရောဖက်ပြုချက် သို့မဟုတ် သမိုင်းကြောင်းကိုကြိုတင်ဖော်ပြချက်များ ရာနှင့်ချီ ပါရှိသည်။ သမ္မာကျမ်းစာတွင် စစ်ပွဲများမည်သို့အပြီးသတ်ပုံ၊ ကမ္ဘာ့အာဏာစက်များ၏အတက်အကျနှင့် စစ်သေနာပတိများ၏ နည်းဗျူဟာများကိုပင် အတိအကျတင်ကူးဖော်ပြထားခဲ့သည်၊ ကိစ္စရပ်အချို့တွင် နှစ်ပေါင်းရာနှင့်ချီ ကြို၍ပင်တင်ကူးဟောထားသည်။—ဟေရှာယ ၄၄:၂၅–၄၅:၄; ဒံယေလ ၈:၂-၈၊ ၂၀-၂၂

၂၁၊ ၂၂။ (က) ဘုရားသခင်သည် သင့်ဘဝတွင် သင်ရွေးချယ်ပြုမူမည့်အရာအားလုံးကို ကြိုတင်၍သိနှင့်ပြီးသားဟု ကောက်ချက်ချရန် အဘယ်ကြောင့် အခြေအမြစ်မရှိသနည်း၊ ဥပမာပေးပါ။ (ခ) ယေဟောဝါ၏ဉာဏ်ပညာသည် ခံစားချက်မဲ့ပြီး မစာနာတတ်ခြင်းမဟုတ်ကြောင်း မည်သို့သိရသနည်း။

၂၁ ယင်းကြောင့် ဘုရားသခင်သည် ဘဝတွင် သင်ရွေးချယ်မည့်အရာများကို ကြိုတင်သိထားနှင့်ပြီဟု ဆိုလိုပါသလော။ ဇာတာပါခြင်းအယူကို ဟောသူအချို့က ထိုသို့ဖြစ်သည်ဟု အခိုင်အမာဆိုကြသည်။ သို့သော် အဆိုပါယူဆချက်သည် အမှန်အားဖြင့် ယေဟောဝါ၏ဉာဏ်ပညာကို အခြေမှထိခိုက်စေသည်၊ အကြောင်းမှာ ကိုယ်တော်သည် အနာဂတ်ကြိုသိနိုင်စွမ်းကို ထိန်းချုပ်၍မရနိုင်ဟု ထိုအယူအဆက အဓိပ္ပာယ်သက်ရောက်၏။ သရုပ်ဖော်ရန်ကား သင်၌ ယှဉ်၍မရနိုင်သော အလွန်သာယာနာပျော်ဖွယ်အသံရှိလျှင် အခြားအဘယ်အရာမျှမလုပ်၊ တစ်ချိန်လုံးသီချင်းဆိုနေမည်လော။ ထိုသို့ယူမှတ်ခြင်းသည် သဘာဝမကျလိုက်လေခြင်း! အလားတူ ယေဟောဝါသည် အနာဂတ်ကိုကြိုသိနိုင်စွမ်းရှိသော်လည်း ယင်းကို တစ်ချိန်လုံး အသုံးပြုမနေပါ။ ထိုသို့ပြုခြင်းက ကျွန်ုပ်တို့၏ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ထိပါးပေလိမ့်မည်၊ ယင်းသည် တန်ဖိုးရှိဆုကျေးဇူးတစ်ရပ်ဖြစ်၍ ၎င်းကို ယေဟောဝါဘယ်သောအခါမျှ ပြန်ရုပ်သိမ်းယူမည်မဟုတ်ပေ။—တရားဟောရာ ၃၀:၁၉၊ ၂၀

၂၂ ထိုထက်ဆိုးသည်ကား ဇာတာပါခြင်းဟူသောအယူအဆက ယေဟောဝါ၏ဉာဏ်ပညာသည် ခံစားချက်မဲ့၊ မေတ္တာမပါ၊ မစာနာတတ် သို့မဟုတ် သနားညှာတာမှုမရှိဟု ဆိုရာရောက်သည်။ သို့သော် ယင်းလုံးဝမမှန်ပါ! သမ္မာကျမ်းစာက ယေဟောဝါသည် “နှလုံးထဲ၌ ပညာရှိ၏” ဟုဖော်ပြသည်။ (ယောဘ ၉:၄ကဘ) ကိုယ်တော်၌ ပကတိနှလုံးရှိ၏ဟုမဆိုလိုသော်လည်း သမ္မာကျမ်းစာက အဆိုပါအသုံးအနှုန်းကို မေတ္တာကဲ့သို့သော စိတ်လှုံ့ဆော်မှုများ၊ ခံစားချက်များအပါအဝင် အတွင်းအကျဆုံးအပိုင်းနှင့်ဆက်စပ်၍ အသုံးပြုလေ့ရှိ၏။ သို့ဖြင့် ယေဟောဝါ၏ဉာဏ်ပညာသည် အခြားအရည်အသွေးများကဲ့သို့ပင် မေတ္တာအားဖြင့်ထိန်းချုပ်ခံရသည်။—၁ ယောဟန် ၄:၈

၂၃။ ယေဟောဝါဉာဏ်ပညာ၏ သာလွန်မြင့်မားမှုက အဘယ်အရာကိုပြုလုပ်ရန် ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးသင့်သနည်း။

၂၃ အမှန်မှာ ယေဟောဝါ၏ဉာဏ်ပညာကို အကြွင်းမဲ့ယုံကြည်ကိုးစားထိုက်ပေသည်။ ၎င်းသည် ကျွန်ုပ်တို့ဉာဏ်ပညာထက် အလွန့်အလွန်မြင့်မားလွန်းရကား ဘုရားသခင့်နှုတ်ကပါဌ်တော်က ကျွန်ုပ်တို့ကို မေတ္တာပါစွာ ဤသို့တိုက်တွန်းထား၏– “ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကိုအမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကိုမျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။” (သုတ္တံ ၃:၅၊ ၆) ကျွန်ုပ်တို့သည် ဉာဏ်ပညာအရှိဆုံးဘုရားသခင်ထံသို့ ပိုမိုချဉ်းကပ်နိုင်ရန်အလို့ငှာ ယခုတွင် ယေဟောဝါ၏ဉာဏ်ပညာကို စေ့စေ့စပ်စပ် ရှာဖွေစူးစမ်းကြပါစို့။