မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၈

“ဘုရားသခင့်နှုတ်ကပါဌ်တော်” ရှိ ဉာဏ်ပညာ

“ဘုရားသခင့်နှုတ်ကပါဌ်တော်” ရှိ ဉာဏ်ပညာ

၁၊ ၂။ ယေဟောဝါသည် ကျွန်ုပ်တို့ထံ အဘယ် “စာ” ကိုရေးခဲ့သနည်း၊ အဘယ်ကြောင့်နည်း။

ရပ်ဝေးရှိ သင်ချစ်ရသူတစ်ဦးထံမှ စာတစ်စောင်ရရှိခဲ့သည့် နောက်ဆုံးအချိန်ကို သင်မှတ်မိပါသလော။ ကျွန်ုပ်တို့ချစ်မြတ်နိုးရသူတစ်ဦးထံမှ စိတ်ရောကိုယ်ပါနှစ်ပြီးရေးသောစာရခြင်းလောက် စိတ်ကြည်နူးစရာ မရှိသလောက်ပင်။ သာကြောင်းမာကြောင်း၊ သူ၏တွေ့ကြုံမှုများနှင့် သူ၏ရည်ရွယ်ချက်များ၊ အစီအစဉ်များအကြောင်း ကြားသိရသဖြင့် ဝမ်းသာရသည်။ ချစ်ရသူတို့ လူချင်းအလှမ်းဝေးနေကြမည်ဖြစ်သော်လည်း ဤသို့ဆက်သွယ်ခြင်းက အချင်းချင်း ပိုမိုရင်းနှီးကျွမ်းဝင်စေ၏။

သို့ဆိုလျှင် ကျွန်ုပ်တို့ချစ်မြတ်နိုးရသောဘုရားသခင်ထံတော်မှ အကြောင်းကြားစာတစ်စောင်ရရှိထားခြင်းထက် စိတ်ကြည်နူးစရာ အဘယ်အရာရှိနိုင်သနည်း။ တစ်နည်းအားဖြင့်ပြောရလျှင် ယေဟောဝါသည် ကျွန်ုပ်တို့ထံ “စာ” တစ်စောင်ဖြစ်သည့် ကိုယ်တော်၏နှုတ်ကပါဌ်တော်၊ သမ္မာကျမ်းစာကို ရေးပို့ပေးခဲ့ပြီ။ ထိုတွင် ကိုယ်တော်သည် မည်သူမည်ဝါဖြစ်ကြောင်း၊ အဘယ်အရာကို ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ အဘယ်အရာပြုလုပ်ရန် ရည်ရွယ်ထားတော်မူကြောင်းနှင့် ထိုထက်မကသောအကြောင်းအရာများကို ဖော်ပြထား၏။ ယေဟောဝါသည် မိမိထံ ကျွန်ုပ်တို့ကိုချဉ်းကပ်စေလိုသောကြောင့် နှုတ်ကပါဌ်တော်ကိုပေးခဲ့ခြင်းဖြစ်သည်။ ဉာဏ်ပညာအလုံးစုံနှင့်ပြည့်စုံသော ကျွန်ုပ်တို့၏ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်ဆက်သွယ်ရန် အကောင်းဆုံးနည်းလမ်းကို ရွေးချယ်တော်မူခဲ့ပြီ။ သမ္မာကျမ်းစာကို ရေးသားထားပုံနှင့် ၎င်းတွင်ပါဝင်သည့်အရာတို့သည် နှိုင်းယှဉ်၍မရနိုင်သောဉာဏ်ပညာဖြစ်၏။

အဘယ်ကြောင့် ရေးသားထားသောနှုတ်ကပါဌ်တော်ကို သုံးရသနည်း

၃။ ပညတ်တရားကို အဘယ်နည်းဖြင့် မောရှေထံ ယေဟောဝါပေးပို့ခဲ့သနည်း။

အချို့က ‘ဒီထက်ပိုထူးခြားတဲ့ကောင်းကင်က စကားသံတစ်မျိုးမျိုးနဲ့ ယေဟောဝါဘာကြောင့် မဆက်သွယ်ခဲ့တာလဲ’ ဟူ၍သိလိုပေမည်။ အမှန်မှာ၊ ယေဟောဝါသည် ယခင်က ကောင်းကင်တမန်ကိုယ်စားလှယ်များဖြင့် ကောင်းကင်မှ တစ်ခါတစ်ရံစကားပြော ဆက်သွယ်ခဲ့ဖူးသည်။ ဥပမာ၊ ဣသရေလလူမျိုးကို ပညတ်တရားပေးသောအခါ ကိုယ်တော် ထိုသို့ဆက်သွယ်ခဲ့၏။ (ဂလာတိ ၃:၁၉) ကောင်းကင်မှအသံတော်ကား အံ့သြထိတ်လန့်ဖွယ်ကောင်းလွန်းရကား ကြောက်ရွံ့တုန်လှုပ်နေကြသော ဣသရေလလူမျိုးတို့က ဤနည်းဖြင့်မဟုတ်ဘဲ မောရှေမှတစ်ဆင့် မိမိတို့နှင့်ဆက်သွယ်ရန် ယေဟောဝါအား တောင်းဆိုခဲ့ကြသည်။ (ထွက်မြောက်ရာ ၂၀:၁၈-၂၀) သို့ဖြင့် ပညတ်တရားတွင်ပါရှိသော ပြဋ္ဌာန်းချက်ဥပဒေပေါင်း ၆၀၀ ခန့်ကို မောရှေအား နှုတ်တိုက်ခေါ်ပေးခဲ့သည်။

၄။ ဘုရားသခင့်ပညတ်တရားများကို စကားလက်ဆင့်ကမ်းခြင်းက အဘယ်ကြောင့် ယုံကြည်စိတ်ချရသောနည်းလမ်းမဟုတ်ကြောင်း ရှင်းပြပါ။

အဆိုပါပညတ်တရားကို လုံးဝမရေးမှတ်ခဲ့လျှင် မည်သို့ဖြစ်သွားမည်နည်း။ မောရှေသည် အသေးစိတ်အချက်အလက်များပါသည့် ထိုပညတ်တရား၏ စကားသွားအတိအကျကိုမှတ်မိကာ အမှားအယွင်းလုံးဝမရှိဘဲ ထိုလူမျိုးကို ကြားသိစေနိုင်မည်လော။ နောင်လာနောက်သားများကကော အသို့နည်း။ သူတို့သည် နှုတ်စကားကိုသာ အားကိုးနေရပါမည်လော။ ယင်းသည် ဘုရားသခင်၏ပညတ်တရားကို လက်ဆင့်ကမ်းရာတွင် ယုံကြည်စိတ်ချရလောက်သောနည်းလမ်း မဟုတ်ချေ။ သင်သည် ပုံပြင်တစ်ပုဒ်ကို တန်းစီလျက်ရှိသောလူတို့အား ပထမလူမှတစ်ဆင့် တစ်ယောက်ပြီးတစ်ယောက် အတန်းဆုံးသည့်အထိ စကားပါးလိုက်မည်ဆိုလျှင် မည်သို့ဖြစ်မည်ကို စဉ်းစားကြည့်ပါ။ အတန်းအဆုံးတွင်ရှိသူ ကြားလိုက်သည့်စကားသည် မူရင်းနှင့် အတော်ပင်ကွာခြားသွားဖွယ် ရှိပေလိမ့်မည်။ ဘုရားသခင်၏ပညတ်စကားများမှာ ထိုသို့သောအန္တရာယ်မရှိခဲ့ချေ။ အဘယ်ကြောင့်နည်း။

၅၊ ၆။ ယေဟောဝါက မိမိ၏မိန့်တော်မူချက်များကို မည်သို့ပြုလုပ်ရန် မောရှေအား မိန့်မှာခဲ့သနည်း၊ စာဖြင့်ရေးမှတ်ထားသည့် ယေဟောဝါ၏နှုတ်ကပါဌ်တော်ကို ကျွန်ုပ်တို့ရရှိထားခြင်းက အဘယ်ကြောင့် ကောင်းချီးတစ်ရပ်ဖြစ်သနည်း။

ယေဟောဝါသည် ကိုယ်တော်၏မိန့်တော်မူချက်များကိုရေးချပေးဖို့ ပညာရှိစွာရွေးချယ်ခဲ့သည်။ ကိုယ်တော်က မောရှေကို ဤသို့ညွှန်ကြားခဲ့သည်– “ဤစကားများကို ရေးထားလော့။ ဤစကားများလာသည်အတိုင်း သင်မှစ၍ ဣသရေလအမျိုးနှင့် ငါပဋိညာဉ်ပြုသည်။” (ထွက်မြောက်ရာ ၃၄:၂၇) သို့နှင့် ဘီ.စီ.အီး. ၁၅၁၃ တွင် သမ္မာကျမ်းစာရေးသားသည့်ကာလ စတင်ခဲ့သည်။ နောင်အနှစ် ၁,၆၁၀ တိုင် ယေဟောဝါသည် လူ ၄၀ ခန့်အား “အထပ်ထပ်အနည်းနည်းဗျာဒိတ်ပေးတော်မူ” ၍ သမ္မာကျမ်းစာကို ရေးသားစေခဲ့သည်။ (ဟေဗြဲ ၁:၁) ထိုကာလအတွင်း ကျမ်းစာစောင်များကို ထိန်းသိမ်းထားရန်အလို့ငှာ သစ္စာနှံကူးရေးသူတို့က အသေးစိတ်အထိ စေ့စေ့စပ်စပ်ဖြစ်ဖို့ ဂရုပြုခဲ့ကြ၏။—ဧဇရ ၇:၆; ဆာလံ ၄၅:၁

ယေဟောဝါသည် ရေးသားချက်ဖြင့် ကျွန်ုပ်တို့နှင့်ဆက်သွယ်ခဲ့ခြင်းကြောင့် ကျွန်ုပ်တို့အမှန်ပင်ကောင်းချီးခံစားခဲ့ရပြီ။ သင်အလွန်နှစ်သက်သောစာတစ်စောင်—ဖြစ်နိုင်ဖွယ်ရာမှာ ထိုစာက သင်လိုအပ်ခဲ့သော နှစ်သိမ့်မှုကိုပေးသဖြင့်—ယင်းကိုသိမ်းထား၍ ထပ်ခါတလဲဖတ်ကြည့်မိသည့်စာကို ရရှိဖူးသလော။ ကျွန်ုပ်တို့ထံ ယေဟောဝါရေးသော “စာ” သည်လည်း ထိုသို့ပင်ဖြစ်၏။ ကိုယ်တော်သည် မိမိ၏မိန့်တော်မူချက်များကို ရေးမှတ်စေခဲ့သဖြင့် ၎င်းတို့ကို ကျွန်ုပ်တို့မှန်မှန်ဖတ်ရှုနိုင်ပြီး ယင်းကို စဉ်းစားဆင်ခြင်နိုင်သည်။ (ဆာလံ ၁:၂) လိုအပ်သည့်အချိန်တိုင်းတွင် ‘ကျမ်းစာ၌ပါသော သက်သာခြင်းအကြောင်းများ’ ကို ကျွန်ုပ်တို့ရရှိနိုင်ကြ၏။—ရောမ ၁၅:၄

လူသားများကို အဘယ်ကြောင့်ရေးစေခဲ့သနည်း

၇။ မိမိနှုတ်ကပါဌ်တော်ကိုရေးသားရန် လူတို့အား ယေဟောဝါအသုံးပြုခြင်းက ဉာဏ်ပညာတော် မည်သို့ထင်ရှားသနည်း။

ယေဟောဝါသည် ဉာဏ်ပညာတော်ဖြင့် မိမိ၏နှုတ်ကပါဌ်တော်ကို လူသားများအား ရေးသားစေခဲ့သည်။ ဤအချက်ကို သုံးသပ်ကြည့်ပါ– အကယ်၍ ဘုရားသခင်သည် သမ္မာကျမ်းစာကို ကောင်းကင်တမန်များအား မှတ်တမ်းတင်စေခဲ့လျှင် အလားတူဆွဲဆောင်မှုရှိပါမည်လော။ မှန်ပါသည်၊ ကောင်းကင်တမန်များသည် သူတို့၏မြင့်မြတ်သောရှုထောင့်မှ ယေဟောဝါကိုပုံဖော်၍ ကိုယ်တော့်အား သူတို့၏ကြည်ညိုလေးမြတ်မှုနှင့် ဘုရားသခင်၏သစ္စာရှိကျေးကျွန်များအကြောင်းကို မှတ်တမ်းတင်ဖော်ပြနိုင်ကြပေသည်။ သို့သော် ကျွန်ုပ်တို့ထက် အသိပညာ၊ အတွေ့အကြုံနှင့် အစွမ်းခွန်အား အပြတ်အသတ်သာလွန်သော စုံလင်သည့်နာမ်ဝိညာဉ်သတ္တဝါတို့၏ ရှုမြင်သုံးသပ်ပုံကို ကျွန်ုပ်တို့အမှန်တကယ်ပင် သဘောပေါက်နားလည်နိုင်ကြမည်လော။—ဟေဗြဲ ၂:၆၊ ၇

“ကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်”

၈။ ကျမ်းရေးသူတို့သည် သူတို့၏ကိုယ်ပိုင်ဉာဏ်စွမ်းကို အဘယ်နည်းဖြင့် အသုံးပြုခွင့်ရခဲ့သနည်း။ (အောက်ခြေမှတ်ချက်ကိုလည်းရှု။)

ယေဟောဝါသည် စာရေးသူများအဖြစ် လူတို့ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့လိုအပ်သောအရာဖြစ်သည့် “ဘုရားသခင်မှုတ်သွင်းတော်မူ” သော်လည်း လူ့ကဏ္ဍ မပပျောက်သည့်မှတ်တမ်းကို ရရှိစေသည်။ (၂ တိမောသေ ၃:၁၆) ယင်းကို ကိုယ်တော် မည်သို့ပြုလုပ်ခဲ့သနည်း။ အဖြစ်အပျက်အတော်များများတွင် ကိုယ်တော်သည် စာရေးသူတို့အား သူတို့၏ကိုယ်ပိုင်ဉာဏ်စွမ်းကို အသုံးပြု၍ ‘နားထောင်ဖွယ်ကောင်းသောစကား၊ . . . သမ္မာစကား’ ကိုရွေးချယ်စေခဲ့ကြောင်း ထင်ရှားသည်။ (ဒေသနာ ၁၂:၁၀၊ ၁၁) ယင်းကြောင့် သမ္မာကျမ်းစာတွင် ရေးသားပုံ အမျိုးမျိုးအဖုံဖုံရှိခြင်းဖြစ်သည်; ထိုအရေးအသားများသည် ရေးသားသူတစ်ဦးစီ၏နောက်ခံနှင့် ကိုယ်ရည်ကိုယ်သွေးတို့ကို ပေါ်လွင်စေသည်။ * သို့တိုင် ဤသူတို့သည် ဘုရားသခင်၏ “သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကိုခံရ၍ ဟောပြောကြ၏။” (၂ ပေတရု ၁:၂၁) သို့ဖြစ်သောကြောင့် နောက်ဆုံးရလဒ်မှာ “ဘုရားသခင်၏ နှုတ်ကပါဌ်တော်အမှန်ဖြစ်သည်။”—၁ သက်သာလောနိတ် ၂:၁၃

၉၊ ၁၀။ စာရေးသူများအဖြစ် လူတို့ကိုအသုံးပြုခြင်းက သမ္မာကျမ်းစာကို အဘယ်ကြောင့် နွေးထွေးမှုနှင့် ဆွဲဆောင်မှုရှိသော စာအုပ်တစ်အုပ်ဖြစ်စေသနည်း။

စာရေးသူတို့အဖြစ် လူသားများကိုအသုံးပြုခြင်းက သမ္မာကျမ်းစာကို အလွန်စိတ်ဝင်စားစရာကောင်းသည့် ဆွဲဆောင်မှုရှိသော စာအုပ်တစ်အုပ်ဖြစ်စေသည်။ ကျမ်းရေးသူတို့၌ ကျွန်ုပ်တို့တွင်ရှိသောခံစားချက်များရှိ၏။ သူတို့သည် မစုံလင်ကြသဖြင့် ကျွန်ုပ်တို့ကြုံတွေ့ရသော စမ်းသပ်မှုများနှင့် ဖိစီးမှုများကိုခံကြရသည်။ အခြေအနေအချို့တွင် ယေဟောဝါ၏ဝိညာဉ်တော်က သူတို့၏ကိုယ်ပိုင်ခံစားချက်များနှင့် ကြိုးစားအားထုတ်မှုများကို ရေးသားစေသည်။ (၂ ကောရိန္သု ၁၂:၇-၁၀) သို့နှင့် သူတို့သည် အဘယ်ကောင်းကင်တမန်မျှ မဖော်ပြနိုင်သောစကားလုံးများဖြင့် မိမိတို့၏ခံစားချက်များကို ရေးသားဖော်ပြခဲ့ကြသည်။

၁၀ ဥပမာ၊ ဣသရေလရှင်ဘုရင်ဒါဝိဒ်ကို သုံးသပ်ကြည့်ပါ။ ကြီးလေးသောအပြစ်အချို့ ကျူးလွန်ပြီးနောက် ဒါဝိဒ်သည် ဘုရားသခင်အားရင်ဖွင့်၍ မိမိကိုခွင့်လွှတ်ရန် အသနားခံသည့် ဆာလံသီချင်းတစ်ပုဒ်ကို ရေးစပ်ခဲ့သည်။ သူဤသို့ရေးသားခဲ့၏– “ဒုစရိုက်အညစ်အကြေးကို အကုန်အစင်ဆေးကြော၍ အကျွန်ုပ်ကိုသန့်ရှင်းစေတော်မူပါ။ အကျွန်ုပ်လွန်ကျူးပါပြီဟုဝန်ချလျက် ကိုယ်အပြစ်ကို အစဉ်မပြတ်အောက်မေ့လျက်နေပါ၏။ အကျွန်ုပ်သည် မွေးစကပင်အပြစ်ပါလျက်ရှိပါ၏။ အမိဝမ်းထဲမှာပဋိသန္ဓေယူစဉ်ပင် အပြစ်စွဲပါ၏။ အကျွန်ုပ်ကို အထံတော်ထဲက နှင်ထုတ်တော်မမူပါနှင့်။ သန့်ရှင်းသောဝိညာဉ်တော်ကို ရုပ်သိမ်းတော်မမူပါနှင့်။ ဘုရားသခင်နှစ်သက်တော်မူသောယဇ်မူကား ကျိုးပဲ့သောစိတ်ပေတည်း။ အိုဘုရားသခင် ကိုယ်တော်သည် ကျိုးပဲ့ကြေမွသောနှလုံးကို ငြင်းပယ်တော်မမူတတ်ပါ။” (ဆာလံ ၅၁:၂၊ ၃၊ ၅၊ ၁၁၊ ၁၇) စာရေးဆရာ၏စိတ်သောကကို သင်ခံစားမိသလော။ မစုံလင်သူတစ်ဦးသာ ဤသို့အူလှိုက်သည်းလှိုက် ဖော်ထုတ်ပြောဆိုနိုင်မည်။

အဘယ်ကြောင့် လူတို့အကြောင်းစာအုပ်ဖြစ်ရသနည်း

၁၁။ ‘ကျွန်ုပ်တို့ကို သွန်သင်’ ပေးဖို့ အဘယ်ဘဝဖြစ်ရပ်မှန်များကို သမ္မာကျမ်းစာထဲ ထည့်ပေးထားသနည်း။

၁၁ သမ္မာကျမ်းစာကိုဆွဲဆောင်မှုရှိစေသည့်အကြောင်း နောက်တစ်ကြောင်းရှိသေးသည်။ ထိုစာအုပ်သည် အများအားဖြင့် လူတို့အကြောင်းဖြစ်သည်၊ ဘုရားသခင်ကို ကိုးကွယ်သူ၊ မကိုးကွယ်သူတို့အကြောင်းဖြစ်သည်။ သူတို့၏အတွေ့အကြုံများ၊ ခက်ခဲကျပ်တည်းမှုများနှင့် ရွှင်လန်းအားရမှုများအကြောင်းကို ကျွန်ုပ်တို့ဖတ်ရှုကြရ၏။ သူတို့ဘဝအတွက် သူတို့ရွေးချယ်ရာများ၏ အကျိုးရလဒ်ကို ကျွန်ုပ်တို့တွေ့မြင်ကြရ၏။ ‘ကျွန်ုပ်တို့ကို ဆုံးမ’ ဖို့ ထိုအကြောင်းအရာများကို ထည့်ရေးထားခြင်းဖြစ်သည်။ (ရောမ ၁၅:၄) ယေဟောဝါသည် ဤဘဝဖြစ်ရပ်မှန်များကိုအသုံးပြု၍ ကျွန်ုပ်တို့စိတ်နှလုံးကို ထိမိစေသောနည်းလမ်းများဖြင့် သွန်သင်ပေးတော်မူသည်။ ပုံနမူနာအချို့ကို သုံးသပ်ကြည့်ပါလေ။

၁၂။ သစ္စာမဲ့သူများအကြောင်း ကျမ်းစာမှတ်တမ်းက အဘယ်နည်းဖြင့် ကျွန်ုပ်တို့ကိုကူညီပေးသနည်း။

၁၂ သမ္မာကျမ်းစာက သစ္စာမရှိ၊ ဆိုးညစ်သူများအကြောင်း၊ သူတို့၌ဖြစ်တတ်သော အကြောင်းကိုပင်ဖော်ပြထား၏။ ထိုအကြောင်းများတွင် သူတို့၏မနှစ်မြို့ဖွယ်အရည်အသွေးများကို ကွင်းကွင်းကွက်ကွက်တွေ့မြင်ရရာ ယင်းတို့ကိုအလွယ်တကူ နားလည်စေသည်။ ဥပမာ၊ သစ္စာမဲ့မှုနှင့်ပတ်သက်လျှင် ယေရှုအား သစ္စာဖောက်ခဲ့သူ ယုဒ၏ပုံနမူနာဆိုးထက် သာ၍ထိမိသောပုံနမူနာ ရှိနိုင်ဦးမည်လော။ (မဿဲ ၂၆:၁၄-၁၆၊ ၄၆-၅၀; ၂၇:၃-၁၀) ဤသို့သောမှတ်တမ်းများက ကျွန်ုပ်တို့၏နှလုံးကို ပို၍ထိရောက်စွာ စွဲမှတ်စရာဖြစ်စေပြီး ရွံရှာဖွယ်အကျင့်စရိုက်များကို ငြင်းပယ်ရှောင်ရှားစေ၏။

၁၃။ နှစ်သက်ဖွယ်အရည်အသွေးများကို နားလည်သဘောပေါက်ရန် သမ္မာကျမ်းစာက မည်သို့ကူညီပေးသနည်း။

၁၃ ဘုရားသခင်၏ သစ္စာရှိကျေးကျွန်များစွာတို့၏အကြောင်းကိုလည်း သမ္မာကျမ်းစာကဖော်ပြထားသည်။ သူတို့၏သစ္စာတည်ကြည်မှုအကြောင်း ကျွန်ုပ်တို့ဖတ်ရှုကြရသည်။ ဘုရားသခင်ထံချဉ်းကပ်ဖို့ ကျွန်ုပ်တို့မွေးမြူရန်လိုသောအရည်အသွေးများ၏ သက်ရှိပုံနမူနာများကို ကျွန်ုပ်တို့တွေ့မြင်ကြရ၏။ ဥပမာအဖြစ် ယုံကြည်ခြင်းကိုကြည့်ပါ။ ယုံကြည်ခြင်းအကြောင်းနှင့် ဘုရားသခင့်အလိုတော်နှင့်တွေ့ရန် ၎င်းရှိဖို့လိုကြောင်း သမ္မာကျမ်းစာက ရှင်းလင်းဖော်ပြထားသည်။ (ဟေဗြဲ ၁၁:၁၊ ၆) ထို့ပြင် ယုံကြည်ခြင်းကို အထင်အရှားဖော်ပြသောပုံနမူနာများလည်း သမ္မာကျမ်းစာတွင်ပါရှိသည်။ ဣဇာက်ကိုပူဇော်ရန် ကြိုးပမ်းခဲ့စဉ်က အာဗြဟံတင်ပြခဲ့သည့်ယုံကြည်ခြင်းကို သုံးသပ်ကြည့်ပါ။ (ကမ္ဘာဦး အခန်းကြီး ၂၂; ဟေဗြဲ ၁၁:၁၇-၁၉) ထိုသို့သောမှတ်တမ်းများက “ယုံကြည်ခြင်း” ၏ထပ်ဆင့်အဓိပ္ပာယ်ကိုသိရှိစေပြီး ယင်းကိုနားလည်ရပိုလွယ်ကူစေ၏။ ယေဟောဝါသည် နှစ်သက်ဖွယ်အရည်အသွေးများကို မွေးမြူဖို့ တိုက်တွန်းထားရုံမက ယင်းနှင့်ပတ်သက်၍ ဘဝဖြစ်ရပ်မှန်များကိုလည်း ဖော်ပြပေးထားခြင်းသည် အမှန်ပင်ပညာရှိစွတကား!

၁၄၊ ၁၅။ ဗိမာန်တော်သို့လာသော အမျိုးသမီးတစ်ဦးအကြောင်း သမ္မာကျမ်းစာက မည်သို့ဆိုသနည်း၊ ဤမှတ်တမ်းမှ ယေဟောဝါအကြောင်း ကျွန်ုပ်တို့ အဘယ်အရာသိရှိရသနည်း။

၁၄ သမ္မာကျမ်းစာတွင်ဖတ်ရသော ဘဝဖြစ်ရပ်မှန်မှတ်တမ်းများက ယေဟောဝါသည် အဘယ်သို့သောပုဂ္ဂိုလ်မျိုးဖြစ်ကြောင်း ကျွန်ုပ်တို့ကို သွန်သင်ပေးလေ့ရှိ၏။ ဥပမာ၊ ဗိမာန်တော်၌ ယေရှုသတိပြုမိခဲ့သော အမျိုးသမီးတစ်ဦးအကြောင်း ကျွန်ုပ်တို့ဖတ်ရသည့်အကြောင်းကို သုံးသပ်ကြည့်ပါ။ ဘဏ္ဍာတိုက်အနီးတွင်ထိုင်တော်မူစဉ် လူတို့သည် မိမိတို့၏အလှူငွေများသွင်းချကြခြင်းကို ယေရှုကြည့်ရှုနေသည်။ သူကြွယ်များစွာသည် “မိမိတို့ကြွယ်ဝသော စည်းစိမ်ထဲကနုတ်၍” ထည့်သည်ကို ကိုယ်တော်မြင်သည်။ သို့သော် ယေရှုကြည့်ရှုနေစဉ် ဆင်းရဲနုံချာသောမုဆိုးမတစ်ဦးကို အာရုံစိုက်မိသည်။ သူ၏အလှူငွေမှာ တန်ဖိုးအလွန်နည်းသော “ကြေးနီဒ င်္ဂါးနှစ်ပြား” မျှဖြစ်၏။ * ယင်းသည် သူမ၏ နောက်ဆုံးလက်ကျန်ဖြစ်သည်။ ကိစ္စရပ်များကို ယေဟောဝါ၏စိတ်သဘောတော်အတိုင်း စုံလင်စွာရောင်ပြန်ဟပ်တတ်သောယေရှုသည် ဤသို့မိန့်တော်မူခဲ့၏– “ဘဏ္ဍာတိုက်ထဲသို့သွင်းချသောသူအပေါင်းတို့ထက် ထိုဆင်းရဲသောမုဆိုးမသည် သာ၍သွင်းချခဲ့ပြီ။” ထိုစကားအရ အခြားသူတို့ထည့်ဝင်သည့် အလှူစုစုပေါင်းထက် မုဆိုးမသည် သာ၍ထည့်ဝင်ခဲ့၏။—မာကု ၁၂:၄၁-၄၄; လုကာ ၂၁:၁-၄; ယောဟန် ၈:၂၈

၁၅ ထိုနေ့၌ ဗိမာန်တော်သို့ လာရောက်သူအားလုံးတို့တွင် ဤမုဆိုးမကိုရွေး၍ သမ္မာကျမ်းစာထဲတွင်ဖော်ပြထားခြင်းမှာ မထူးခြားပေလော။ ယေဟောဝါသည် ကျေးဇူးသိတတ်သောဘုရားသခင်ဖြစ်ကြောင်း ဤဥပမာအားဖြင့် ကျွန်ုပ်တို့ကိုသိရှိစေသည်။ အခြားသူတို့ပေးဆက်နိုင်သည့်အရာနှင့် နှိုင်းယှဉ်ကြည့်လျှင် မည်မျှပင်ရှိပါစေ၊ ကျွန်ုပ်တို့ စိတ်ရောကိုယ်ပါပေးဆက်သောအရာကို ကိုယ်တော်နှစ်သက်တော်မူ၏။ ယေဟောဝါသည် ဤစိတ်ကြည်နူးအားရဖွယ်အမှန်တရားကို သွန်သင်ပေးရန် အခြားသာ၍ကောင်းသောနည်းလမ်း မရှိနိုင်တော့ချေ!

သမ္မာကျမ်းစာ၌မပါသောအရာ

၁၆၊ ၁၇။ သမ္မာကျမ်းစာတွင် ချန်လှပ်ထားရာကပင် ယေဟောဝါ၏ဉာဏ်ပညာတော်ကို မည်သို့ထင်ရှားစေသနည်း။

၁၆ မိမိချစ်မြတ်နိုးရသူတစ်ဦးထံ စာရေးသောအခါ ရေးသားနိုင်ရာအကန့်အသတ်သာရှိမည်။ သို့ဖြစ်၍ အဘယ်အရာရေးသားရမည်ကို သင်အသေအချာစိစစ်ရပါလိမ့်မည်။ ထိုနည်းတူ ယေဟောဝါသည် သမ္မာကျမ်းစာတွင် ထည့်သွင်းဖော်ပြလိုသော ပုဂ္ဂိုလ်အချို့နှင့် အဖြစ်အပျက်အချို့ကို ရွေးချယ်ဖော်ပြပါသည်။ သို့သော် ဤဖော်ပြချက်တို့ကိုပင် ခရေစေ့တွင်းကျ အားလုံးမဖော်ပြပါ။ (ယောဟန် ၂၁:၂၅) ဥပမာ၊ ဘုရားသခင့်တရားစီရင်ခြင်းအကြောင်း ကျမ်းစာကဖော်ပြသောအခါ သတင်းအချက်အလက်တို့က ကျွန်ုပ်တို့၏မေးခွန်းတိုင်းကို ဖြေဆိုမပေးချေ။ သမ္မာကျမ်းတွင်မဖော်ပြဘဲ ချန်လှပ်ထားသည့်အချက်ကပင် ယေဟောဝါ၏ဉာဏ်ပညာတော်ကို ထင်ရှားစေသည်။ မည်သို့အားဖြင့်နည်း။

၁၇ သမ္မာကျမ်းစာကိုရေးသားထားပုံက ကျွန်ုပ်တို့၏စိတ်နှလုံးထဲ အဘယ်အရာရှိကြောင်း ဆန်းစစ်ပါသည်။ ဟေဗြဲ ၄:၁၂ က ဤသို့ဆိုသည်– “ဘုရားသခင်၏နှုတ်ကပါဌ်တော် [သို့မဟုတ်၊ သတင်းစကား] သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့်ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့်စိတ်ဝိညာဉ်ကိုလည်းကောင်း၊ . . . ပိုင်းခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ်၏။” သမ္မာကျမ်းစာ၏သတင်းစကားက ထုတ်ချင်းခွင်းတတ်၍ ကျွန်ုပ်တို့၏စိတ်နေသဘောထားအမှန်၊ တွေးတောဆင်ခြင်မှုတို့ကို ဖော်ပြပေး၏။ ၎င်းကို အပြစ်ရှာလိုသောသဘောဖြင့် ဖတ်ရှုသူတို့သည် သူတို့စိတ်ကျေနပ်လောက်အောင် အချက်အလက်အလုံအလောက်မပါရှိသော မှတ်တမ်းများကြောင့် ထိမိလဲတတ်ကြသည်။ ထိုသူတို့က ယေဟောဝါသည် အမှန်တကယ်ပင် မေတ္တာရှင်၊ ဉာဏ်ပညာရှင်၊ တရားမျှတမှုရှိသူဖြစ်ပါမည်လောဟု သံသယဝင်တတ်ကြသည်။

၁၈၊ ၁၉။ (က) သမ္မာကျမ်းစာမှတ်တမ်းတစ်ခုက မေးစရာမေးခွန်းများ ပေါ်ထွက်လာစေ၍ ချက်ချင်းအဖြေမရလျှင် အဘယ်ကြောင့်စိတ်အနှောင့်အယှက်မဖြစ်သင့်သနည်း။ (ခ) သမ္မာကျမ်းစာကိုနားလည်ရန် အဘယ်အရာလိုအပ်သနည်း၊ ယင်းကား ယေဟောဝါ၏ကြီးမားသောဉာဏ်ပညာတော်ကို မည်သို့ထင်ရှားစေသနည်း။

၁၈ ၎င်းနှင့်မတူ ခြားနားသည်မှာ စိတ်ရင်းမှန်ဖြင့် သမ္မာကျမ်းစာကို ကျွန်ုပ်တို့အသေအချာလေ့လာသောအခါ ယေဟောဝါသည် မည်သူမည်ဝါဖြစ်ကြောင်း ကျမ်းစာတစ်အုပ်လုံးတွင် ဖော်ပြထားသည့်အတိုင်း ကိုယ်တော်အား ကျွန်ုပ်တို့သိရှိလာ၏။ သို့ဖြစ်၍ မှတ်တမ်းတစ်ခုက မေးစရာမေးခွန်းပေါ်စေ၍ ချက်ချင်းအဖြေမရသည့်အခါ ကျွန်ုပ်တို့စိတ်အနှောင့်အယှက်မဖြစ်ကြပါ။ ဥပမာ၊ ဉာဏ်စမ်းရုပ်ဆက်ပုံကြီးတစ်ခုကို အပိုင်းအစတစ်ခုချင်းစီဆက်နေသောအခါ အပိုင်းအစတစ်ခုကိုရှာမတွေ့၊ သို့မဟုတ် အပိုင်းအစတစ်ခုသည် အဘယ်နေရာတွင်အံကိုက်ဖြစ်မည်ကိုမတွေ့မိဘဲ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့တိုင် ရုပ်ပုံတစ်ခုလုံး၏ပုံကို ခန့်ခွဲနိုင်ရန် လိုအပ်သလောက်အပိုင်းအစများကို ဆက်စပ်ထားနှင့်ပြီဖြစ်မည်။ ထိုနည်းတူ သမ္မာကျမ်းစာကို ကျွန်ုပ်တို့လေ့လာရာ၌ ယေဟောဝါသည် မည်သို့သောဘုရားသခင်မျိုးဖြစ်ကြောင်း တဖြည်းဖြည်းသိရှိလာရပြီး တိကျပြတ်သားသောရုပ်လုံးပေါ်လာလေ၏။ မှတ်တမ်းတစ်ခုကို အစပိုင်းတွင် ကျွန်ုပ်တို့ နားမလည်နိုင်၊ သို့မဟုတ် ၎င်းသည် ယေဟောဝါ၏ပင်ကိုစရိုက်နှင့် မည်သို့ဆက်စပ်ကြောင်း မသိမြင်နိုင်သည့်တိုင် သမ္မာကျမ်းစာကို ကျွန်ုပ်တို့လေ့လာခဲ့ရာမှ ယေဟောဝါသည် မေတ္တာအမြဲရှိ၍ တရားမျှတသောဘုရားသခင်ဖြစ်ကြောင်း လိုသည်ထက်ပင်ပို၍ သိရှိခဲ့ကြရပြီးဖြစ်သည်။

၁၉ သို့ဖြစ်လျှင် သမ္မာကျမ်းစာကိုနားလည်နိုင်ရန် စိတ်ရင်းမှန်နှင့် သဘောထားကြီးကြီးဖြင့် ဖတ်ရှုလေ့လာဖို့လိုသည်။ ယင်းက ယေဟောဝါ၏ ကြီးမားသောဉာဏ်ပညာတော်မဟုတ်ပေလော။ ပညာတတ်များသည် “ပညာအလိမ္မာနှင့်ပြည့်စုံသောသူတို့” သာ ဖတ်ရှုနားလည်နိုင်သည့်စာအုပ်များကို ရေးသားနိုင်ကြ၏။ သို့သော် မှန်ကန်သောစိတ်နေသဘောထားရှိသူတို့သာ နားလည်နိုင်သည့် စာအုပ်တစ်အုပ်ဖြစ်ပေါ်လာစေရန် ဘုရားသခင့်ဉာဏ်ပညာတော် လိုအပ်သည်တကား!—မဿဲ ၁၁:၂၅

“လက်တွေ့ကျဉာဏ်ပညာ” ပါရှိသောစာအုပ်

၂၀။ ယေဟောဝါတစ်ပါးတည်းသာ ကျွန်ုပ်တို့အသက်ရှင်ရန် အကောင်းဆုံးနည်းလမ်းကို အဘယ်ကြောင့်ဖော်ပြနိုင်သနည်း၊ သမ္မာကျမ်းစာ၌ ကျွန်ုပ်တို့အတွက်အကူအညီဖြစ်သည့် အဘယ်အရာများပါသနည်း။

၂၀ ယေဟောဝါသည် သမ္မာကျမ်းစာတွင် အသက်ရှင်ရန် အကောင်းဆုံးနည်းလမ်းကို ကျွန်ုပ်တို့အား ဖော်ပြထား၏။ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်အနေနှင့် ကိုယ်တော်သည် ကျွန်ုပ်တို့၏လိုအပ်ရာများကို ကျွန်ုပ်တို့ထက်သာ၍ သိရှိတော်မူသည်။ ထို့အပြင် မေတ္တာကိုရှာတွေ့လိုသည့်ဆန္ဒ၊ ပျော်ရွှင်မှုရှိရန်နှင့် အောင်မြင်သောဆက်ဆံရေးများရှိရန် အပါအဝင် အခြေခံလူ့လိုအပ်ရာများသည် အပြောင်းအလဲမရှိ တည်မြဲတည်ရှိနေဆဲပင်။ ကျွန်ုပ်တို့သည် ဘဝကို အဓိပ္ပာယ်ပြည့်ဝစွာအသက်ရှင်ရန် ထောက်ကူနိုင်သော “လက်တွေ့ကျဉာဏ်ပညာ” ရတနာသိုက် သမ္မာကျမ်းစာတွင်ရှိသည်။ (သုတ္တံ ၂:၇ကဘ) ကျမ်းစာလေ့လာရန်အထောက်အကူပြု ဤစာအုပ်၏ အပိုင်းတစ်ပိုင်းစီတွင် သမ္မာကျမ်းစာပါ ပညာရှိဆိုဆုံးမစကားများကို မည်သို့လက်တွေ့ကျင့်သုံးနိုင်ကြောင်းဖော်ပြသည့် အခန်းတစ်ခန်းပါရှိသည်၊ ဤတွင် နမူနာတစ်ခုလောက် သုံးသပ်ကြည့်ကြစို့။

၂၁-၂၃။ အငြိုးမထားဖို့၊ အမျက်မပြေဘဲမနေဖို့ အဘယ်ပညာရှိဆုံးမစကားက ကျွန်ုပ်တို့ကိုကူညီပေးသနည်း။

၂၁ စိတ်ခုနေပြီး ရန်ငြိုးထားတတ်သူတို့သည် နောက်ဆုံး ကိုယ့်ကိုယ်ကိုပင် ထိခိုက်စေလေ့ရှိသည်ကို သင်သတိပြုမိသလော။ စိတ်ခုနေလျှင် ကိုယ်ရောစိတ်ပါပင်ပန်းရ၏။ စိတ်ခုခြင်းကို ကျွန်ုပ်တို့မွေးထားလျှင် ၎င်းသည် ကျွန်ုပ်တို့အာရုံစွဲလမ်းရာဖြစ်လာပြီး စိတ်ငြိမ်သက်မှုနှင့် ပျော်ရွှင်မှုပျောက်ဆုံးစေသည်။ အငြိုးသိုအမျက်မပြေခြင်းက နှလုံးရောဂါဖြစ်စေနိုင်ရုံမက အခြားနာတာရှည်ရောဂါများပါ ရစေသည်ဟု သိပ္ပံဆိုင်ရာလေ့လာချက်တို့က ထောက်ခံ၏။ ထိုသိပ္ပံလေ့လာချက်များမတိုင်မီ ကြာမြင့်စွာကပင် ဤသို့သမ္မာကျမ်းစာကဆိုသည်– “အမျက်မထွက်စေနှင့်။ ဒေါသစိတ်ကိုစွန့်ပယ်လော့။” (ဆာလံ ၃၇:၈) ယင်းကို ကျွန်ုပ်တို့ မည်သို့ပြုနိုင်မည်နည်း။

၂၂ သမ္မာကျမ်းစာက ဤသို့ပညာရှိရှိဆုံးမထားသည်– “သမ္မာသတိရှိသောသူ [“ထိုးထွင်းသိမြင်တတ်သောသူ၊” ကဘ] သည် မိမိအမျက်ဒေါသကိုချုပ်တည်းတတ်၏။ သူတစ်ပါးပြစ်မှားခြင်းကို သည်းခံသောသူသည်လည်း ဘုန်းအသရေရှိ၏။” (သုတ္တံ ၁၉:၁၁) ထိုးထွင်းသိမြင်ခြင်းဟူသည် အတွင်းကျကျကြည့်မြင်တတ်ခြင်း၊ အပေါ်ယံထက်မက တွေ့မြင်ခြင်းဖြစ်သည်။ ထိုးထွင်းသိမြင်ခြင်းက နားလည်မှုတိုးပွားစေသည်၊ အကြောင်းမှာ အခြားသူတစ်ဦးသည် အဘယ်ကြောင့်ထိုသို့ပြောဆိုသည်၊ ပြုမူသည်ကို သိမြင်စေသည်။ ထိုသူ၏စိတ်ရင်း၊ သူ၏ခံစားချက်များနှင့် သူ၏အခြေအနေများကို နားလည်ဖို့ကြိုးစားခြင်းက သူ့အပေါ် ကျွန်ုပ်တို့၏အပျက်သဘော၊ အထင်လွဲမှားမှုများကို ပြေပျောက်စေနိုင်သည်။

၂၃ သမ္မာကျမ်းစာတွင် အကြံပြုချက်နောက်တစ်ခုရှိသေးသည်– “အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။” (ကောလောသဲ ၃:၁၃) “အချင်းချင်းသည်းခံ” ဟူသောအသုံးအနှုန်းက သူတစ်ပါးအနွံအတာခံဖို့၊ ကျွန်ုပ်တို့စိတ်တိုစရာဖြစ်သည့် သူတို့၏အကျင့်စရိုက်များကို သည်းခံဖို့အကြံပြုသည်။ ထိုသို့စိတ်ရှည်သည်းခံခြင်းအားဖြင့် မလိုမုန်းတီးသောစိတ်ထားမမွေးဖို့ အကူအညီရ၏။ ‘အပြစ်ကိုလွှတ်ခြင်း’ ဟုဆိုရာတွင် စိတ်ခုမနေတော့ခြင်းသဘော သက်ရောက်စေသည်။ သူတစ်ပါးကို ခွင့်လွှတ်စရာအကြောင်းရှိလျှင် ခွင့်လွှတ်ဖို့လိုကြောင်း ကျွန်ုပ်တို့၏ပညာရှိဘုရားသခင် သိတော်မူ၏။ သို့ပြုခြင်းသည် သူတစ်ပါးကိုအကျိုးပြုရုံမက ကိုယ်ကိုယ်တိုင်လည်း စိတ်နှလုံးငြိမ်သက်မှုရှိစေသည်။ (လုကာ ၁၇:၃၊ ၄) သမ္မာကျမ်းစာသည် အမှန်ပင်ဉာဏ်ပညာပြည့်ဝသည်တကား!

၂၄။ ဘုရားရေးရာဉာဏ်ပညာနှင့်အညီ ကျွန်ုပ်တို့အသက်ရှင်ကြသောအခါ အဘယ်အကျိုးရလဒ်များရရှိသနည်း။

၂၄ မကုန်ခန်းနိုင်သောမေတ္တာတော်၏စေ့ဆော်မှုကြောင့် ယေဟောဝါသည် ကျွန်ုပ်တို့နှင့် ဆက်သွယ်လိုခဲ့၏။ ထိုအတွက် ကိုယ်တော်သည် အကောင်းဆုံးနည်းလမ်းဖြစ်သည့် ရေးသားချက် “စာ” ကို သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် လူတို့ကို ရေးသားစေခဲ့သည်။ အကျိုးရလဒ်မှာ ယေဟောဝါ၏ဉာဏ်ပညာပါရှိသော စာစောင်ကို ရရှိခဲ့ကြ၏။ ဤဉာဏ်ပညာတော်ကို “လွန်စွာစိတ်ချရသည်။” (ဆာလံ ၉၃:၅) ၎င်းနှင့်အညီ ကျွန်ုပ်တို့အသက်ရှင်နေထိုင်လာကြသည့်အပြင် ထိုဉာဏ်ပညာကို အခြားသူတို့အား ဝေမျှပေးကြသည့်အခါ ကျွန်ုပ်တို့သည် ဉာဏ်ပညာအရှိဆုံးဘုရားသခင်ထံ အလိုအလျောက်နီးကပ်လာကြသည်။ နောက်အခန်းတွင် ယေဟောဝါ၏ အဝေးသို့မြင်နိုင်သောဉာဏ်ပညာ၏ ထူးခြားထင်ရှားသော အခြားစံနမူနာတစ်ခုဖြစ်သည့် အနာဂတ်ကို ကိုယ်တော်တင်ကူးမိန့်ကြားနိုင်ခြင်းနှင့် ရည်ရွယ်တော်မူချက်ကို ပြည့်စုံစေနိုင်ခြင်းအကြောင်း ဆွေးနွေးကြမည်။

^ အပိုဒ်၊ 8 ဥပမာ၊ သိုးထိန်းဖြစ်ခဲ့သူဒါဝိဒ်သည် ကျေးလက်ဘဝနှင့်ဆိုင်သည့် ပုံဥပမာများကို ကောက်နုတ်အသုံးပြုထားသည်။ (ဆာလံ ၂၃) အခွန်ခံတစ်ဦးဖြစ်ခဲ့သူ မဿဲသည် ကိန်းဂဏန်းနံပါတ်များနှင့် ငွေ၏တန်ဖိုးများကို ကြိမ်ဖန်များစွာရည်ညွှန်းဖော်ပြခဲ့၏။ (မဿဲ ၁၇:၂၇; ၂၆:၁၅; ၂၇:၃) ဆရာဝန်တစ်ဦးဖြစ်ခဲ့သူ လုကာမူ သူ့မှာ ဆေးပညာနောက်ခံရှိကြောင်း သူအသုံးပြုသောစကားလုံးများက ဖော်ပြသည်။—လုကာ ၄:၃၈; ၁၄:၂; ၁၆:၂၀

^ အပိုဒ်၊ 14 ထိုဒ င်္ဂါးပြားတစ်ခုစီသည် လက်ပ်တန်တစ်ပြားဖြစ်၍ ထိုအချိန်ကသုံးစွဲခဲ့သော တန်ဖိုးအနည်းဆုံး ဂျူးငွေဒ င်္ဂါးဖြစ်သည်။ လက်ပ်တန်နှစ်ပြားသည် တစ်နေ့လုပ်ခ၏ ၁/၆၄ မျှဖြစ်သည်။ ထိုဒ င်္ဂါးနှစ်ပြားဖြင့် ဆင်းရဲသားများ ဝယ်စားလေ့ရှိသော ဈေးအပေါဆုံးစာငှက်တစ်ကောင်ကိုပင် မဝယ်နိုင်ချေ။