မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၉

‘မြင့်မြတ်သောလျှို့ဝှက်ချက်၌ ဘုရားသခင့်ဉာဏ်ပညာတော်’

‘မြင့်မြတ်သောလျှို့ဝှက်ချက်၌ ဘုရားသခင့်ဉာဏ်ပညာတော်’

၁၊ ၂။ အဘယ် “မြင့်မြတ်သောလျှို့ဝှက်ချက်” ကို ကျွန်ုပ်တို့ စိတ်ဝင်စားသင့်သနည်း၊ အဘယ်ကြောင့်နည်း။

လျှို့ဝှက်ချက်များ! ယင်းတို့သည် စိတ်ဝင်စားစရာ၊ စွဲမက်စရာဖြစ်၍ ပဟေဠိဆန်သောကြောင့် ၎င်းတို့ကို လူအများသည် လျှို့ဝှက်ထားရန် ခက်ခဲလေ့ရှိ၏။ သို့သော် သမ္မာကျမ်းစာက “အမှုအရေးကိုဝှက်ထားခြင်းသည် ဘုရားသခင်၏ဘုန်းတော်နှင့်သင့်၏” ဟုဆိုသည်။ (သုတ္တံ ၂၅:၂) မှန်ပါသည်၊ အချုပ်အခြာအာဏာပိုင်၊ ဖန်ဆင်းရှင်အနေဖြင့် ယေဟောဝါသည် အချို့ကိစ္စများကို အချိန်မတန်မချင်း တော်မှန်စွာ လျှို့ဝှက်ထားတော်မူသည်။

သို့သော် ယေဟောဝါသည် အလွန်စိတ်ဝင်စားစရာကောင်းသော လျှို့ဝှက်ချက်တစ်ခုကို သမ္မာကျမ်းစာတွင် ဖော်ပြထားသည်။ ၎င်းကို ဘုရားသခင့် “အလိုတော်၏မြင့်မြတ်သောလျှို့ဝှက်ချက်” ဟုခေါ်ကြသည်။ (ဧဖက် ၁:၉ကဘ) ထိုအကြောင်းအရာကိုလေ့လာခြင်းက သင်၏သိမြင်လိုစိတ်ပြေမည်သာမက ဤလျှို့ဝှက်ချက်ကိုသိထားခြင်းက ကယ်တင်ခြင်းရစေနိုင်ကာ ယေဟောဝါ၏အတိုင်းအဆမဲ့ ဉာဏ်ပညာတော်ကို ရိုးရိုးရိပ်ရိပ် မြင်တွေ့စေမည်။

အဆင့်ဆင့်ဖော်ပြလာ

၃၊ ၄။ ကမ္ဘာဦး ၃:၁၅ တွင် မှတ်တမ်းတင်ထားသောပရောဖက်ပြုချက်က မျှော်လင့်ချက်မည်သို့ပေးသနည်း၊ အဘယ်နက်နဲရာ သို့မဟုတ် “မြင့်မြတ်သောလျှို့ဝှက်ချက်” ဖြစ်သနည်း။

အာဒံနှင့် ဧဝအပြစ်ပြုသောအခါ စုံလင်သူမြေကြီးသားများအား ပရဒိသုတွင်နေထိုင်စေမည့် ယေဟောဝါ၏ရည်ရွယ်တော်မူချက် ပျက်ပြားသွားပုံရှိသည်။ သို့သော် ဘုရားသခင်သည် ထိုပြဿနာပေါ်သည်နှင့် ချက်ချင်းပင် ဤသို့စီရင်ခဲ့သည်။ ကိုယ်တော်က “သင် [မြွေ] နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ငါသည်ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကိုကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်” ဟုမိန့်တော်မူ၏။—ကမ္ဘာဦး ၃:၁၅

ထိုစကားသည် အလွန်ပဟေဠိဆန်သည်။ မိန်းမကား မည်သူနည်း။ မြွေကော။ မြွေ၏ခေါင်းကိုကြိတ်မည့် “အမျိုးအနွယ်” ကားမည်သူဖြစ်မည်နည်း။ အာဒံနှင့် ဧဝတို့သည် ခန့်မှန်းရုံသာပြုတတ်သည်။ ဘုရားသခင်၏မိန့်တော်မူချက်အရ ထိုသစ္စာမဲ့မောင်နှံစုံ၏ သစ္စာရှိ သားစဉ်မြေးဆက်မည်သူမဆိုအတွက် မျှော်လင့်ချက်ပေး၏။ ဖြောင့်မတ်ခြင်းတရား အောင်ပွဲခံရမည်။ ယေဟောဝါ၏ရည်ရွယ်တော်မူချက် အထမြောက်ရလိမ့်မည်။ သို့သော် မည်သို့နည်း။ ၎င်းသည် လျှို့ဝှက်ချက်ဖြစ်၏! သမ္မာကျမ်းစာက ၎င်းကို “မြင့်မြတ်သောလျှို့ဝှက်ချက်၌ ဘုရားသခင့်ဉာဏ်ပညာတော်၊ ဝှက်ထားသောဉာဏ်ပညာ” ဟုခေါ်သည်။—၁ ကောရိန္သု ၂:၇ကဘ။

၅။ ယေဟောဝါသည် မိမိ၏လျှို့ဝှက်ချက်ကို အဘယ်ကြောင့်အဆင့်ဆင့်ဖော်ပြပေးရကြောင်း ဥပမာပေးပါ။

“ကွယ်ဝှက်ရာများကို ဖွင့်ပြတော်မူသောဘုရားသခင်” အနေနှင့် ယေဟောဝါသည် နောက်ဆုံးတွင် ဤလျှို့ဝှက်ချက် အကောင်အထည်ပေါ်လာခြင်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို လှစ်ဟဖော်ပြမည်။ (ဒံယေလ ၂:၂၈သမ္မာ) သို့သော် ၎င်းကို ကိုယ်တော်သည် တဖြည်းဖြည်း၊ အဆင့်ဆင့်ပြုတော်မူမည်။ ဥပမာ၊ မေတ္တာရှိဖခင်တစ်ဦးအား သားငယ်က “အဖေ၊ ကျွန်တော်ဘယ်လိုဖြစ်လာတာလဲ” ဟုမေးမြန်းမှုအပေါ် ဖခင်ဖြေဆိုမည့်ပုံစံကို စဉ်းစားကြည့်နိုင်သည်။ ပညာရှိသောဖခင်သည် ထိုသူငယ်လေးနားလည်နိုင်သလောက်သာ ရှင်းပြပေးမည်။ ထိုသူငယ်ကြီးလာသည်နှင့်အမျှ ဖခင်သည် သူ့အား သာ၍ပြောပြလိမ့်မည်။ အလားတူပင် ယေဟောဝါ၏အလိုတော်နှင့် ရည်ရွယ်တော်မူချက်ကိုဖော်ပြရန်အတွက် မိမိ၏လူမျိုးသည် ဘယ်သောအခါတွင် အဆင်သင့်ဖြစ်သည်ကို ကိုယ်တော်ဆုံးဖြတ်တော်မူသည်။—သုတ္တံ ၄:၁၈; ဒံယေလ ၁၂:၄

၆။ (က) ပဋိညာဉ် သို့မဟုတ် စာချုပ်တစ်ခုက အဘယ်ရည်ရွယ်ချက်ကို အထမြောက်စေသနည်း။ (ခ) ယေဟောဝါသည် လူသားတို့နှင့် ပဋိညာဉ်များအစပြုဖွဲ့ခြင်းက အဘယ်ကြောင့်မှတ်သားဖွယ်ဖြစ်သနည်း။

ယေဟောဝါသည် ၎င်းတို့ကို မည်သို့ဖွင့်ပြခဲ့သနည်း။ ကိုယ်တော်သည် ပဋိညာဉ် သို့မဟုတ် စာချုပ်တစ်ခုပြီးတစ်ခု အသုံးပြု၍ ဖွင့်ပြခဲ့သည်။ သင်သည် အိမ်ဝယ်ခြင်း၊ ငွေချေးခြင်း၊ ငှားရမ်းခြင်းအတွက် တစ်ချိန်မဟုတ်တစ်ချိန် စာချုပ်ချုပ်ခဲ့ရကောင်းချုပ်ခဲ့ဖူးမည်။ ထိုသို့စာချုပ်ခြင်းအားဖြင့် နှစ်ဦးနှစ်ဖက်သဘောတူခဲ့သော စည်းကမ်းချက်များကို လိုက်နာရန် တရားဝင်အာမခံချက်ဖြစ်စေသည်။ သို့သော် ယေဟောဝါသည် လူတို့နှင့် တရားဝင်ပဋိညာဉ်များ သို့မဟုတ် စာချုပ်စာတမ်းများရေးဆွဲပြုလုပ်ရန် အဘယ်ကြောင့်လိုသနည်း။ ကိုယ်တော့်ကတိတော်များအတွက် ကိုယ်တော်၏စကားသည် လုံလောက်သောအာမခံချက်ဖြစ်သည်။ မှန်ပါသည်၊ သို့တိုင် ဘုရားသခင်သည် မိမိ၏စကားကို တရားဝင်စာချုပ်များဖြင့် ကြိမ်ဖန်များစွာထောက်မခဲ့သည်။ ခိုင်မြဲလှသော ဤသဘောတူညီချက်များက မစုံလင်သူလူသားများဖြစ်ကြသည့် ကျွန်ုပ်တို့အား ယေဟောဝါ၏ကတိတော်များကို ယုံကြည်စိတ်ချစေရန် ပိုခိုင်မာသည့်အခြေခံရှိစေသည်။—ဟေဗြဲ ၆:၁၆-၁၈

အာဗြဟံနှင့်ဖွဲ့သောပဋိညာဉ်

၇၊ ၈။ (က) ယေဟောဝါသည် အာဗြဟံနှင့် အဘယ်ပဋိညာဉ်ဖွဲ့ခဲ့ရာ မြင့်မြတ်သောလျှို့ဝှက်ချက်အကြောင်း အဘယ်အရာအလင်းဖြာပေးသနည်း။ (ခ) ယေဟောဝါသည် ကတိထားရာမျိုးနွယ်တော်သို့ ဆင်းသက်လာမည့်မျိုးဆက်ကို မည်သို့အဆင့်ဆင့်ဖော်ပြခဲ့သနည်း။

ပရဒိသုမှ လူကိုနှင်ထုတ်ပြီး နှစ်ပေါင်းနှစ်ထောင်ကျော်အကြာတွင် ယေဟောဝါက မိမိ၏သစ္စာရှိကျေးကျွန် အာဗြဟံအား ဤသို့မိန့်တော်မူခဲ့သည်– “ငါသည် . . . သင်၏အမျိုးအနွယ်ကို ကောင်းကင်ကြယ်ကဲ့သို့ . . . အစဉ်အမြဲပွားများစေမည်။ . . . သင်၏အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု ငါ၏စကားကို သင်နားထောင်သောကြောင့်၊ ငါသည် ကိုယ်ကိုကိုယ်တိုင်တည်၍ ကျိန်ဆို၏။” (ကမ္ဘာဦး ၂၂:၁၇၊ ၁၈) ယင်းသည် ကတိပြုချက်ထက်မကပါ; ယေဟောဝါသည် ၎င်းကို တရားဝင်ပဋိညာဉ်ပုံစံတစ်ရပ်အဖြစ် စီစဉ်ခဲ့ပြီး မပျက်ပြယ်နိုင်သောကျိန်ဆိုတော်မူချက်ဖြင့် ထောက်မခဲ့သည်။ (ကမ္ဘာဦး ၁၇:၁၊ ၂; ဟေဗြဲ ၆:၁၃-၁၅) အချုပ်အခြာအာဏာရှင်သည် လူကိုကောင်းချီးပေးရန် ချုပ်ဆိုခဲ့ခြင်းက အမှန်မှတ်သားစရာပါတကား!

“ငါသည် . . . သင်၏အမျိုးအနွယ်ကို ကောင်းကင်ကြယ်ကဲ့သို့ . . . အစဉ်အမြဲပွားများစေမည်”

ကတိထားရာမျိုးနွယ်တော်သည် အာဗြဟံ၏သားစဉ်မြေးဆက်တစ်ဦး ဖြစ်သောကြောင့် လူသားတစ်ဦးအဖြစ် ကြွလာလိမ့်မည်ဟု အာဗြဟံ၏ပဋိညာဉ်က ဖော်ပြသည်။ သို့သော် ထိုသူသည် မည်သူမည်ဝါဖြစ်လိမ့်မည်နည်း။ အချိန်တန်သော် ယေဟောဝါက အာဗြဟံ၏သားတို့တွင် ဣဇာက်သည် မျိုးနွယ်တော်၏ဘိုးဘေးတစ်ဦးဖြစ်လိမ့်မည်ဟု ဖော်ပြခဲ့သည်။ ဣဇာက်၏သားနှစ်ဦးအနက် ယာကုပ်ကိုရွေးချယ်ခဲ့၏။ (ကမ္ဘာဦး ၂၁:၁၂; ၂၈:၁၃၊ ၁၄) နောက်ပိုင်းတွင် ယာကုပ်သည် သူ၏သား ၁၂ ဦးအနက် တစ်ဦးနှင့်ပတ်သက်၍ ဤသို့ပရောဖက်ပြုခဲ့သည်– “ရှိလော [“ပိုင်သသောသူ”] မရောက်မီတိုင်အောင်၊ ရာဇလှံတံသည် ယုဒထံမှလည်းကောင်း၊ မင်းအာဏာသည် သူ၏အမျိုးအနွယ်ထံမှလည်းကောင်း မရွေ့ရ။ ရှိလော၌ လူမျိုးတို့သည် ဆည်းကပ်ကြလိမ့်မည်။” (ကမ္ဘာဦး ၄၉:၁၀) ထိုအခါ မျိုးနွယ်တော်သည် ယုဒမှဆင်းသက်လာမည့်ရှင်ဘုရင်တစ်ပါး ဖြစ်လိမ့်မည်အကြောင်း သိလာခဲ့ကြ၏!

ဣသရေလလူမျိုးနှင့်ဖွဲ့သောပဋိညာဉ်

၉၊ ၁၀။ (က) ယေဟောဝါသည် ဣသရေလလူမျိုးနှင့် အဘယ်ပဋိညာဉ်ကိုဖွဲ့ခဲ့သနည်း၊ ထိုပဋိညာဉ်က အဘယ်ကာကွယ်မှုပေးသနည်း။ (ခ) လူသားသည် ရွေးနုတ်ဖိုးလိုအပ်ကြောင်း ပညတ်တရားက မည်သို့ဖော်ပြသနည်း။

ဘီ.စီ.အီး. ၁၅၁၃ တွင် ယေဟောဝါသည် မြင့်မြတ်သောလျှို့ဝှက်ချက်နှင့်စပ်လျဉ်း၍ ထပ်ဆင့်ဖွင့်လှစ်မှုအတွက် လမ်းခင်းပေးသည့် အစီအစဉ်ပြုခဲ့သည်။ ကိုယ်တော်သည် အာဗြဟံ၏သားစဉ်မြေးဆက် ဣသရေလလူမျိုးနှင့် ပဋိညာဉ်ဖွဲ့ခဲ့သည်။ ဤမောရှေပညတ်ပဋိညာဉ်သည် ယခု အကျိုးသက်ရောက်မှုမရှိတော့သော်လည်း ကတိထားရာမျိုးနွယ်တော်ပေါ်ထွန်းလာဖို့ ယေဟောဝါ၏ရည်ရွယ်တော်မူချက်တွင် အရေးပါခဲ့၏။ မည်သို့အားဖြင့်နည်း။ နည်းလမ်းသုံးရပ်ကို သုံးသပ်ကြည့်ပါ။ ဦးဆုံးအနေနှင့် ပညတ်တရားသည် အကာအကွယ်ပေးသောမြို့ရိုးပမာဖြစ်သည်။ (ဧဖက် ၂:၁၄) ၎င်း၏ဖြောင့်မတ်သည့် ပြဋ္ဌာန်းချက်များသည် ဂျူးနှင့် တစ်ပါးအမျိုးသားတို့စပ်ကြား အတားအဆီးတစ်ခုဖြစ်ခဲ့သည်။ သို့နှင့် ပညတ်တရားသည် ကတိထားရာမျိုးနွယ်တော်ကို မျိုးသန့်ဖို့ ထိန်းသိမ်းကာကွယ်ပေးခဲ့သည်။ ထိုသို့ကာကွယ်ခဲ့ခြင်းကြောင့် ယုဒမျိုးနွယ်မှ မေရှိယမွေးဖွားလာရန် ဘုရားသခင်သတ်မှတ်ထားချိန်တိုင်လေသော် ထိုလူမျိုး ဆက်တည်ရှိနေဆဲဖြစ်သည်။

၁၀ ဒုတိယအနေနှင့် လူသားတို့ကို ရွေးနုတ်ဖို့လိုအပ်နေကြောင်း ပညတ်တရားက လုံးလုံးလျားလျားဖော်ပြသည်။ ထိုပညတ်တရားသည် စုံလင်သောတရားဖြစ်သည့်အတွက် အပြစ်သားများအနေနှင့် ၎င်းကို အပြည့်အဝလိုက်လျှောက်၍မရကြောင်း ဖော်ပြသည်။ သို့နှင့် ၎င်းက “ကတိတော်ခံရသောမျိုးနွယ်မလာမီ လွန်ကျူးခြင်းများ” ကိုထင်ရှားစေ၏။ (ဂလာတိ ၃:၁၉သမ္မာ) တိရစ္ဆာန်ယဇ်သကာများအားဖြင့် ပညတ်တရားသည် အပြစ်များကို ယာယီအပြစ်ဖြေသည်။ သို့သော် ပေါလုရေးသားခဲ့သကဲ့သို့ “နွား၊ ဆိတ်၏အသွေးသည် အပြစ်ကိုမပယ်နိုင်ရာ” ဤယဇ်သကာများသည် ခရစ်တော်၏ရွေးနုတ်ဖိုးပူဇော်သကာကို ပုံဆောင်ရုံမျှဖြစ်သည်။ (ဟေဗြဲ ၁၀:၁-၄) ထိုအချိန်က သစ္စာရှိဂျူးများအတွက် ထိုပဋိညာဉ်သည် ‘ခရစ်တော်ထံသို့ပို့ဆောင်သောအထိန်း’ ဖြစ်လာသည်။—ဂလာတိ ၃:၂၄

၁၁။ ပညတ်ပဋိညာဉ်က ဣသရေလလူမျိုးကို အဘယ်အားရဖွယ်မျှော်လင့်ချက်ရှိစေသနည်း၊ သို့သော် လူမျိုးတစ်မျိုးအနေဖြင့် သူတို့ အဘယ်ကြောင့်ဆုံးရှုံးခဲ့သနည်း။

၁၁ တတိယအနေနှင့် ထိုပဋိညာဉ်တရားသည် ဣသရေလလူမျိုးကို အလွန်အားရဖွယ်မျှော်လင့်ချက် ရှိစေသည်။ အဆိုပါပဋိညာဉ်ကိုတစ်သဝေမတိမ်း လိုက်လျှောက်ကြမည်ဆိုလျှင် သူတို့သည် “မင်းစည်းစိမ်ရှိသောယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး ဖြစ်ရကြလိမ့်မည်” ဟု သူတို့ကို ယေဟောဝါမိန့်တော်မူခဲ့သည်။ (ထွက်မြောက်ရာ ၁၉:၅၊ ၆) နောက်ဆုံးတွင် ဇာတိဣသရေလလူမျိုးမှ ကောင်းကင်နိုင်ငံတော်အမွေခံမည့် ဦးဆုံးအဖွဲ့ဝင်များထွက်ပေါ်လာသည်။ သို့သော် လူမျိုးတစ်မျိုးလုံးအနေဖြင့် ဣသရေလလူမျိုးသည် ပညတ်ပဋိညာဉ်ကိုဆန့်ကျင်ပြီး မေရှိယမျိုးနွယ်တော်ကို ငြင်းပယ်ခဲ့ကြသောကြောင့် ထိုအခွင့်အရေးကိုဆုံးရှုံးလေသည်။ သို့ဆိုလျှင် ယဇ်ပုရောဟိတ်လူမျိုး၏အရေအတွက်ကို မည်သူများက ပြည့်စေမည်နည်း။ ကောင်းချီးခံစားရသောထိုလူမျိုးသည် ကတိထားရာမျိုးနွယ်တော်နှင့် မည်သို့သက်ဆိုင်မည်နည်း။ မြင့်မြတ်သောလျှို့ဝှက်ချက်၏ ဤအပိုင်းများသည် ဘုရားသခင်သတ်မှတ်ထားချိန်တွင် ပေါ်လွင်ပေလိမ့်မည်။

ဒါဝိဒ်၏နိုင်ငံတော်ပဋိညာဉ်

၁၂။ ယေဟောဝါသည် ဒါဝိဒ်နှင့် အဘယ်ပဋိညာဉ်ကိုဖွဲ့ခဲ့သနည်း၊ ယင်းက ဘုရားသခင်၏ မြင့်မြတ်သောလျှို့ဝှက်ချက်အပေါ် မည်သို့အလင်းဖြာခဲ့သနည်း။

၁၂ ဘီ.စီ.အီး. ၁၁ ရာစုတွင် ယေဟောဝါသည် နောက်ထပ်ပဋိညာဉ်တစ်ခုဖွဲ့သောအခါ မြင့်မြတ်သောလျှို့ဝှက်ချက်ကို ထပ်၍အလင်းဖြာစေခဲ့သည်။ ကိုယ်တော်သည် သစ္စာရှိဘုရင်ဒါဝိဒ်ကို ဤသို့ကတိပြုတော်မူခဲ့သည်– “သင်မှဆင်းသက်သောသားကို ငါချီးမြှောက်၍ သူ၏နိုင်ငံကိုတည်ထောင်မည်။ . . . သူထိုင်သောရာဇပလ္လင်ကို အစဉ်အမြဲငါတည်စေမည်။” (၂ ဓမ္မရာဇဝင် ၇:၁၂၊ ၁၃; ဆာလံ ၈၉:၃) ယခု ကတိထားရာမျိုးနွယ်တော်၏မျိုးရိုးသည် ဒါဝိဒ်၏အမျိုးမှထွက်ပေါ်လိမ့်မည်ဟု ကန့်သတ်ထားသည်။ သို့သော် သာမန်လူသားတစ်ဦးသည် “အစဉ်အမြဲ” အုပ်စိုးနိုင်မည်လော။ (ဆာလံ ၈၉:၂၀၊ ၂၉၊ ၃၄-၃၆) ထိုသို့သောလူသားရှင်ဘုရင်တစ်ပါးသည် အပြစ်နှင့် သေခြင်းမှ လူသားအပေါင်းကို ကယ်တင်နိုင်မည်လော။

၁၃၊ ၁၄။ (က) ဆာလံ ၁၁၀ အရ ယေဟောဝါသည် မိမိ၏ဘိသိက်ခံဘုရင်အား အဘယ်ကတိပေးတော်မူခဲ့သနည်း။ (ခ) ကြွလာတော်မူသောမျိုးနွယ်တော်နှင့်ပတ်သက်၍ ယေဟောဝါ၏ပရောဖက်များမှတစ်ဆင့် အဘယ်အကြောင်းများ ထပ်ဆင့်ဖော်ပြခဲ့သနည်း။

၁၃ မှုတ်သွင်းခံရခြင်းအားဖြင့် ဒါဝိဒ်ဤသို့ရေးသားခဲ့သည်– “ထာဝရဘုရားက ‘သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမီတိုင်အောင် ငါ့လက်ယာဘက်၌ထိုင်နေလော့’ ဟု ငါ၏သခင်အားမိန့်တော်မူ၏။ ထာဝရဘုရားက ‘သင်သည်မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်သည်’ ဟုကျိန်ဆို၍ နောက်တစ်ဖန် စိတ်ပြောင်းလဲခြင်းရှိတော်မမူ။” (ဆာလံ ၁၁၀:၁၊ ၄) ဒါဝိဒ်၏စကားသည် ကတိထားရာမျိုးနွယ်တော် သို့မဟုတ် မေရှိယနှင့် တိုက်ရိုက်သက်ဆိုင်သည်။ (တမန်တော် ၂:၃၅၊ ၃၆) ဤရှင်ဘုရင်သည် ယေရုရှလင်မြို့မှမဟုတ်ဘဲ ယေဟောဝါ၏ “လက်ယာဘက်” ကောင်းကင်မှအုပ်ချုပ်တော်မူလိမ့်မည်။ ယင်းက ဣသရေလတစ်နိုင်ငံတည်းကိုသာမက မြေကြီးတစ်ပြင်လုံးအပေါ် ကိုယ်တော်အုပ်စိုးရသောအခွင့်ရရှိစေမည်။ (ဆာလံ ၂:၆-၈) ဤတွင် ထိုထက်မက ဖော်ပြထားသည်။ မေရှိယသည် ‘မေလခိဇေဒက်နည်းတူ ယဇ်ပုရောဟိတ်ဖြစ်’ လိမ့်မည်ဟု ယေဟောဝါ အလေးအနက်ကျိန်ဆိုခဲ့ခြင်းကို သတိပြုပါ။ အာဗြဟံအချိန်က ရှင်ဘုရင်-ယဇ်ပုရောဟိတ်အဖြစ် အမှုထမ်းခဲ့သော မေလခိဇေဒက်နည်းတူ ကြွလာလတ္တံ့သောမျိုးနွယ်တော်သည် ရှင်ဘုရင်နှင့် ယဇ်ပုရောဟိတ်အရာကိုထမ်းဆောင်ရန် ဘုရားသခင်ကိုယ်တော်တိုင် သူ့ကို တိုက်ရိုက်ခန့်အပ်လိမ့်မည်။—ကမ္ဘာဦး ၁၄:၁၇-၂၀

၁၄ နှစ်များတစ်လျှောက် ယေဟောဝါသည် ကိုယ်တော်၏မြင့်မြတ်သောလျှို့ဝှက်ချက်ကို ထပ်ဆင့်ဖွင့်လှစ်ဖော်ပြရန် မိမိ၏ပရောဖက်များကို အသုံးပြုတော်မူခဲ့သည်။ ဥပမာ၊ ဟေရှာယက မျိုးနွယ်တော်သည် ယဇ်သကာအဖြစ် သေဆုံးရမည့်အကြောင်း ဖော်ပြခဲ့သည်။ (ဟေရှာယ ၅၃:၃-၁၂) မိက္ခာက မေရှိယမွေးဖွားမည့်နေရာကို တင်ကူးပြောခဲ့သည်။ (မိက္ခာ ၅:၂) ဒံယေလသည် မျိုးနွယ်တော်ပေါ်ထွန်းချိန်နှင့် သေဆုံးချိန်အတိအကျကိုပင် ပရောဖက်ပြုခဲ့သည်။—ဒံယေလ ၉:၂၄-၂၇

မြင့်မြတ်သောလျှို့ဝှက်ချက် ပေါ်လွင်ထင်ရှားလာ!

၁၅၊ ၁၆။ (က) ယေဟောဝါ၏သားတော်သည် မည်သို့ ‘မိန်းမဝမ်း၌ပဋိသန္ဓေယူ၍ ဖွားမြင်ခဲ့’ သနည်း။ (ခ) ယေရှုသည် လူသားမိဘများထံမှ အဘယ်အရာအမွေခံခဲ့သနည်း၊ ကတိထားရာမျိုးနွယ်တော်အဖြစ် အဘယ်အချိန်တွင် ကိုယ်တော်ကြွလာခဲ့သနည်း။

၁၅ ဤပရောဖက်ပြုချက်များသည် မည်သို့မည်ပုံပြည့်စုံလာမည်ကို မျိုးနွယ်တော်မကြွလာမီအထိ မည်သူမျှတွေးမရအောင်ဖြစ်ခဲ့သည်။ ဂလာတိ ၄:၄၊ ၅ ကဤသို့ဆိုသည်– “အချိန်ကာလစေ့သောအခါ၊ . . . မိန်းမဝမ်း၌ပဋိသန္ဓေယူ၍ . . . ဖွားမြင်ရသောသားတော်ကို ဘုရားသခင်သည် စေလွှတ်တော်မူ၏။” ဘီ.စီ.အီး. ၂ ခုနှစ်တွင် မာရိအမည်ရှိဂျူးအပျိုကညာအား ကောင်းကင်တမန်တစ်ပါးက ဤသို့ပြောခဲ့သည်– “သင်သည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသားကို ယေရှုအမည်ဖြင့်မှည့်ရမည်။ ထိုသားသည်ကား၊ ကြီးမြတ်သောသူဖြစ်လိမ့်မည်။ အမြင့်ဆုံးသောဘုရား၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံရလိမ့်မည်။ သူ့အဘဒါဝိဒ်၏ရာဇပလ္လင်ကို ထာဝရအရှင်ဘုရားသခင်သည် သူ့အားပေးတော်မူမည်။ . . . သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏အပေါ်မှာသက်ရောက်တော်မူ၍၊ အမြင့်ဆုံးသောဘုရား၏တန်ခိုးအာနုဘော်တော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသောသားသည်လည်း ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံရလိမ့်မည်။”—လုကာ ၁:၃၁၊ ၃၂၊ ၃၅

၁၆ နောက်ပိုင်းတွင် ယေဟောဝါသည် သားတော်၏အသက်ကို မာရိ၏သားအိမ်အတွင်းသို့ ပြောင်းရွှေ့လိုက်ရာ မိန်းမဝမ်း၌ပဋိသန္ဓေယူ၍ ဖွားမြင်ခဲ့သည်။ မာရိသည် မစုံလင်သူတစ်ဦးဖြစ်သည်။ သို့တိုင် ယေရှုသည် “ဘုရားသခင်၏သားတော်” ဖြစ်သောကြောင့် မာရိထံမှ မစုံလင်မှုအမွေကို ကိုယ်တော်မခံခဲ့ချေ။ တစ်ကြိမ်တည်းတွင် ဒါဝိဒ်၏အမျိုးအနွယ်အနေနှင့် ယေရှု၏လူသားမိဘများသည် ကိုယ်တော်အား ဒါဝိဒ်၏အမွေခံတစ်ဦးဖြစ်ခွင့်ကို အလိုအလျောက် တရားဝင်ရရှိစေခဲ့သည်။ (တမန်တော် ၁၃:၂၂၊ ၂၃) စီ.အီး. ၂၉ တွင် ယေရှုနှစ်ခြင်းခံသောအခါ ယေဟောဝါသည် ကိုယ်တော်အပေါ် သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်း၍ ဘိသိက်ပေးပြီးနောက် ဤသို့မိန့်တော်မူခဲ့သည်– “ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း။” (မဿဲ ၃:၁၆၊ ၁၇) နောက်ဆုံးတွင် မျိုးနွယ်တော်ပေါ်ထွန်းခဲ့လေပြီ! (ဂလာတိ ၃:၁၆) မြင့်မြတ်သောလျှို့ဝှက်ချက်ကို ထပ်ဆင့်ပေါ်ထွန်းစေရမည့်အချိန် တိုင်လေပြီ။—၂ တိမောသေ ၁:၁၀

၁၇။ ကမ္ဘာဦး ၃:၁၅ ၏အနက်အဓိပ္ပာယ်ကို မည်သို့အလင်းဖြာပေးခဲ့သနည်း။

၁၇ ယေရှုသည် ဓမ္မအမှုဆောင်နေစဉ် ကမ္ဘာဦး ၃:၁၅ ပါမြွေသည် စာတန်ဖြစ်ကြောင်းနှင့် မြွေ၏မျိုးနွယ်မှာ စာတန်၏နောက်လိုက်များဖြစ်ကြောင်း ဖော်ပြခဲ့သည်။ (မဿဲ ၂၃:၃၃; ယောဟန် ၈:၄၄) နောက်ပိုင်းတွင် ၎င်းတို့အားလုံး မည်သို့ထာဝစဉ်ပပျောက်သွားမည့်အကြောင်း ဖော်ပြခဲ့သည်။ (ဗျာဒိတ် ၂၀:၁-၃၊ ၁၀၊ ၁၅) ထို့ပြင် မိန်းမအား “အထက်ယေရုရှလင်၊” ယေဟောဝါ၏ကောင်းကင်ဆိုင်ရာ ဇနီးနှင့်တူသော နာမ်ဝိညာဉ်သားများအဖွဲ့အစည်းဖြစ်ကြောင်း ဖော်ပြခဲ့၏။ *ဂလာတိ ၄:၂၆ကဘ; ဗျာဒိတ် ၁၂:၁-၆

ပဋိညာဉ်တရားသစ်

၁၈။ “ပဋိညာဉ်တရားသစ်” ၏ရည်ရွယ်ချက်ကား အဘယ်နည်း။

၁၈ အားလုံးတို့ထက် ရင်သပ်ရှုမောဖွယ်အဖြစ်ဆုံး ဖော်ပြချက်မှာ ယေရှုမသေဆုံးမီညတွင် သစ္စာရှိတပည့်များကို “ပဋိညာဉ်တရားသစ်” အကြောင်း ကိုယ်တော်ပြောပြသောအခါတွင်ဖြစ်မည်။ (လုကာ ၂၂:၂၀) ဤပဋိညာဉ်တရားသစ်သည် ၎င်းအလျင်ရှိခဲ့သော မောရှေ၏ပညတ်ပဋိညာဉ်ကဲ့သို့ပင် “မင်းစည်းစိမ်ရှိသောယဇ်ပုရောဟိတ်မျိုး” ကို မွေးထုတ်ပေးရန်ဖြစ်သည်။ (ထွက်မြောက်ရာ ၁၉:၆; ၁ ပေတရု ၂:၉) သို့သော် ဤပဋိညာဉ်သည် ဇာတိလူမျိုးတစ်မျိုးမဟုတ် ဝိညာဉ်ရေးလူမျိုး၊ ခရစ်တော်၏သစ္စာရှိဘိသိက်ခံနောက်လိုက်များဖြင့်သာ ဖွဲ့စည်းထားသည့် “ဘုရားသခင်၏ဣသရေလအမျိုး” ကိုတည်ထောင်မည်ဖြစ်သည်။ (ဂလာတိ ၆:၁၆) ဤပဋိညာဉ်တရားသစ်တွင်ပါဝင်သူတို့သည် ယေရှုနှင့်ပူးပေါင်း၍ လူသားအားလုံးကို ကောင်းချီးမင်္ဂလာခံစားစေကြလိမ့်မည်!

၁၉။ (က) ပဋိညာဉ်တရားသစ်သည် “မင်းစည်းစိမ်ရှိသောယဇ်ပုရောဟိတ်မျိုး” ကို အဘယ်ကြောင့် အောင်အောင်မြင်မြင်ပေါ်ထွက်စေသနည်း။ (ခ) ဘိသိက်ခံခရစ်ယာန်များကို “အသစ်ပြုပြင်သောသတ္တဝါ” ဟု အဘယ်ကြောင့်ခေါ်ဆိုသနည်း၊ ခရစ်တော်နှင့်အတူ အရေအတွက်မည်မျှသောသူတို့သည် ကောင်းကင်တွင်အမှုထမ်းကြမည်နည်း။

၁၉ သို့သော် ဤပဋိညာဉ်တရားသစ်သည် “မင်းစည်းစိမ်ရှိသောယဇ်ပုရောဟိတ်မျိုး” ကို ဖြစ်ပေါ်စေရာတွင် အဘယ်ကြောင့်အောင်မြင်မည်နည်း။ အကြောင်းမှာ ခရစ်တော်၏တပည့်များကို အပြစ်သားများအဖြစ် ရှုတ်ချပြစ်တင်မည့်အစား ကိုယ်တော်၏ယဇ်သကာအားဖြင့် သူတို့၏အပြစ်များကို ခွင့်လွှတ်နိုင်စေသောကြောင့်ဖြစ်သည်။ (ယေရမိ ၃၁:၃၁-၃၄) ယေဟောဝါရှေ့မှောက်တော်တွင် ဖြောင့်မတ်သောအနေအထားကို သူတို့ရရှိပြီးသည့်အခါ ကိုယ်တော်သည် သူတို့ကို ကောင်းကင်မိသားစုထဲခေါ်သွင်းပြီး သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်း၍ ဘိသိက်ပေးလေသည်။ (ရောမ ၈:၁၅-၁၇; ၂ ကောရိန္သု ၁:၂၁) သို့နှင့် သူတို့သည် “ကောင်းကင်၌သိုထားသော ရှင်သန်ခြင်းမျှော်လင့်ခြင်းသို့ အသစ်တစ်ဖန်မွေးဖွားခြင်းကို” တွေ့ကြုံခံစားကြသည်။ (၁ ပေတရု ၁:၃-၅ကဘ) ထိုအဆင့်မြင့်အနေအထားသည် လူတို့အတွက် လုံးဝအသစ်အဆန်းဖြစ်သောကြောင့် ဝိညာဉ်တော်ဖွားဘိသိက်ခံခရစ်ယာန်များကို “အသစ်ပြုပြင်သောသတ္တဝါ” ဟုခေါ်ဆိုကြသည်။ (၂ ကောရိန္သု ၅:၁၇) နောက်ဆုံးတွင် ၁၄၄,၀၀၀ သောသူများသည် ရွေးနုတ်ထားသောလူသားတို့ကို ကောင်းကင်မှအုပ်စိုးမည်ဟု သမ္မာကျမ်းစာကဖော်ပြသည်။—ဗျာဒိတ် ၅:၉၊ ၁၀; ၁၄:၁-၄

၂၀။ (က) စီ.အီး. ၃၆ တွင် မြင့်မြတ်သောလျှို့ဝှက်ချက်နှင့်ပတ်သက်၍ အဘယ်ထူးခြားလှသည့်ဖွင့်ပြမှု ပြုခဲ့သနည်း။ (ခ) အာဗြဟံကိုပေးခဲ့သောကတိတော်မှ မည်သူတို့ ကောင်းချီးများခံစားကြရမည်နည်း။

၂၀ ယေရှုနှင့်အတူ ဤဘိသိက်ခံများသည် “အာဗြဟံ၏အမျိုးအနွယ်” ဖြစ်လာကြသည်။ * (ဂလာတိ ၃:၂၉) ဦးဆုံးရွေးချယ်ခံရသူများမှာ ဇာတိဂျူးများဖြစ်ကြသည်။ သို့သော် စီ.အီး. ၃၆ ခုနှစ်တွင် မြင့်မြတ်သောလျှို့ဝှက်ချက်၏ နောက်အပိုင်းတစ်ခုကို ဖွင့်ပြခဲ့သည်၊ ယင်းကား တစ်ပါးအမျိုးသားများဖြစ်သည့် ဂျူးမဟုတ်သူများလည်း ကောင်းကင်မျှော်လင့်ချက် ရရှိကြမည်ဖြစ်သည်။ (ရောမ ၉:၆-၈; ၁၁:၂၅၊ ၂၆; ဧဖက် ၃:၅၊ ၆) ဘိသိက်ခံခရစ်ယာန်များသာလျှင် အာဗြဟံကိုပေးခဲ့သောကတိတော်မှ ကောင်းချီးမင်္ဂလာများခံစားကြရမည်လော။ မဟုတ်ပါ၊ အကြောင်းမှာ ယေရှု၏ယဇ်သကာအကျိုးကို လောကီသားအပေါင်း ခံစားကြရမည်ဖြစ်သည်။ (၁ ယောဟန် ၂:၂) အချိန်တန်လျှင် မရေမတွက်နိုင်သော “လူအုပ်ကြီး” သည် စာတန့်အစီအစဉ်စနစ်၏ဆုံးခန်းကို ကပ်ကျော်လိမ့်မည်ဟု ယေဟောဝါဖော်ပြခဲ့သည်။ (ဗျာဒိတ် ၇:၉၊ ၁၄ကဘ) ပရဒိသုတွင် ထာဝစဉ်အသက်ရှင်ရန်အလားအလာဖြင့် နောက်ထပ်မြောက်မြားစွာသည် ရှင်ပြန်ထမြောက်လာကြလိမ့်မည်!—လုကာ ၂၃:၄၃; ယောဟန် ၅:၂၈၊ ၂၉; ဗျာဒိတ် ၂၀:၁၁-၁၅; ၂၁:၃၊ ၄

ဘုရားသခင့်ဉာဏ်ပညာတော်နှင့် မြင့်မြတ်သောလျှို့ဝှက်ချက်

၂၁၊ ၂၂။ ယေဟောဝါ၏မြင့်မြတ်သောလျှို့ဝှက်ချက်က ကိုယ်တော်၏ဉာဏ်ပညာတော်ကို အဘယ်နည်းများဖြင့် ပေါ်လွင်စေသနည်း။

၂၁ မြင့်မြတ်သောလျှို့ဝှက်ချက်သည် “ဘုရားသခင်၏ အထူးထူးအပြားပြားသောပညာတော်” ကိုထူးဆန်းစွာဖော်ပြခြင်း ဖြစ်ပေသည်။ (ဧဖက် ၃:၈-၁၁သမ္မာ) ဤလျှို့ဝှက်ချက်ကို တဖြည်းဖြည်းချင်းထုတ်ဖော်ပြရာတွင် ယေဟောဝါ၏ဉာဏ်ပညာတော်ကြီးမားလိုက်လေခြင်း! ကိုယ်တော်သည် လူသားတို့၌ အကန့်အသတ်ရှိကြောင်း ပညာရှိစွာထောက်ထားစာနာကာ သူတို့၏စိတ်နှလုံးအခြေအနေမှန်ကို ဖော်ပြစေခဲ့သည်။—ဆာလံ ၁၀၃:၁၄

၂၂ ရှင်ဘုရင်အဖြစ် ယေရှုကိုရွေးချယ်ရာ၌လည်း ယေဟောဝါသည် ပြိုင်ဘက်ကင်းသောဉာဏ်ပညာတော်ကို ဖော်ပြခဲ့သည်။ ယေဟောဝါ၏သားတော်သည် စကြဝဠာတစ်ခွင်တွင် မည်သည့်သတ္တဝါမဆိုထက် သာ၍ယုံကြည်စိတ်ချထိုက်သောပုဂ္ဂိုလ်ဖြစ်၏။ ယေရှုသည် လူ့အသွေးအသားအဖြစ် သက်တော်ထင်ရှားစဉ် ခက်ခဲဆင်းရဲမှုအမျိုးမျိုးကို ကြုံတွေ့ခဲ့ရသည်။ လူ့ပြဿနာအခက်အခဲများကို ကိုယ်တော် အပြည့်အဝနားလည်တော်မူသည်။ (ဟေဗြဲ ၅:၇-၉) ယေရှုနှင့် တွဲဖက်အုပ်ချုပ်မည့်သူများကော။ ရာစုနှစ်များတစ်လျှောက် လူမျိုးအသီးသီး၊ ဘာသာစကားနှင့် နောက်ခံအမျိုးမျိုးမှ ရွေးကောက်ထားသော အမျိုးသား၊ အမျိုးသမီးများကို ဘိသိက်ပေးခဲ့ပြီ။ ဤသူတစ်ဦးစီတို့ မကြုံတွေ့၊ မကျော်လွှားခဲ့သောပြဿနာ တစ်ခုမျှမရှိချေ။ (ဧဖက် ၄:၂၂-၂၄) ဤစာနာထောက်ထားတတ်သော ရှင်ဘုရင်-ယဇ်ပုရောဟိတ်များ၏ အုပ်ချုပ်မှုအောက်တွင် အသက်ရှင်ရခြင်းသည် အမှန်တကယ်ပင် ပျော်မွေ့စရာဖြစ်ပေလိမ့်မည်!

၂၃။ ယေဟောဝါ၏ မြင့်မြတ်သောလျှို့ဝှက်ချက်နှင့်ပတ်သက်၍ ခရစ်ယာန်များမှာ အဘယ်အခွင့်အရေးရှိသနည်း။

၂၃ တမန်တော်ပေါလုသည် “ရှေးကပ်ကာလပတ်လုံး ဝှက်ထားလျက်ရှိသော်လည်း၊ ယခုတွင် သန့်ရှင်းသူတို့အားဖော်ပြသော နက်နဲရာ” အကြောင်းရေးသားခဲ့၏။ (ကောလောသဲ ၁:၂၅၊ ၂၆) မှန်ပါသည်၊ ယေဟောဝါ၏ဘိသိက်ခံသန့်ရှင်းသူတို့သည် မြင့်မြတ်သောလျှို့ဝှက်ချက်အကြောင်း များစွာသိနားလည်ခဲ့ကြပြီး သူတို့သည် ထိုအသိပညာကို သန်းနှင့်ချီသူတို့အား အသိပေးခဲ့ကြပြီ။ ကျွန်ုပ်တို့အားလုံး အခွင့်ထူးလိုက်လေခြင်း! ယေဟောဝါသည် “အလိုတော်၏နက်နဲသောအရာကို ငါတို့အားပြတော်မူ၏။” (ဧဖက် ၁:၉) ဤထူးမြတ်လှသောလျှို့ဝှက်ချက်ကို အခြားသူတို့အားဝေမျှခြင်းဖြင့် ယေဟောဝါဘုရားသခင်၏ စစ်၍မကုန်နိုင်သောဉာဏ်ပညာတော်ကို သူတို့ပါစေ့စေ့စူးစမ်းကြည့်ရှုနိုင်ရန် ကူညီပေးကြပါစို့!

^ အပိုဒ်၊ 17 “ဘုရားဝတ်၌မွေ့လျော်ခြင်း၏ နက်နဲရာ” သည်လည်း ယေရှု၌ ထင်ရှားခဲ့သည်။ (၁ တိမောသေ ၃:၁၆သမ္မာ) ယေဟောဝါအပေါ် စုံလင်စွာသစ္စာစောင့်သိနိုင်မည့်သူရှိမရှိ အတန်ကြာမသိခဲ့ကြရချေ။ ယေရှုက ယင်းကို ဖော်ပြခဲ့သည်။ ကိုယ်တော်သည် စာတန်စမ်းသပ်ခဲ့သမျှအောက် သမာဓိစောင့်သိခဲ့သည်။—မဿဲ ၄:၁-၁၁; ၂၇:၂၆-၅၀

^ အပိုဒ်၊ 20 ယေရှုသည် ထိုသူတို့နှင့် “နိုင်ငံတော်ပဋိညာဉ်၊” [ကဘ] ကိုလည်းဖွဲ့ခဲ့သည်။ (လုကာ ၂၂:၂၉၊ ၃၀) အမှန်တွင် ယေရှုသည် ဤ “သိုးစုငယ်” ကို အာဗြဟံအမျိုးအနွယ်၏ ဒုတိယတန်းစားအဝင်အဖြစ် ကောင်းကင်၌ မိမိနှင့်အတူအုပ်ချုပ်စေရန် သူတို့နှင့်ချုပ်ဆိုခဲ့သည်။—လုကာ ၁၂:၃၂