မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂၀

‘ဉာဏ်ပညာနှင့်ပြည့်စုံတော်မူ’—သို့တိုင် နှိမ့်ချမှုရှိ

‘ဉာဏ်ပညာနှင့်ပြည့်စုံတော်မူ’—သို့တိုင် နှိမ့်ချမှုရှိ

၁-၃။ ယေဟောဝါသည် နှိမ့်ချမှုရှိတော်မူကြောင်း မည်သို့တပ်အပ်ပြောနိုင်သနည်း။

ဖခင်တစ်ဦးသည် သူ၏ကလေးငယ်ကို အလွန်အရေးကြီးသောသင်ခန်းစာတစ်ခုပေးလို၏။ ကလေး၏စိတ်နှလုံးကိုလည်း ထိမိစေလိုသည်။ ထိုအခါ သူသည် ကလေးကို မည်သို့ချဉ်းကပ်မည်နည်း။ ကလေးငယ်အပေါ်ရပ်မိုးလျက် ခြိမ်းခြောက်၍ ခက်ထန်မာကျောသောစကားလုံးများ ပြောဆိုမည်လော။ သို့မဟုတ် ကလေးငယ်၏အရပ်နှင့် တစ်ပြေးညီဖြစ်စေရန် ကွေးညွတ်ကာ နူးညံ့သိမ်မွေ့ကြင်နာစွာ စကားပြောဆိုမည်မဟုတ်ပေလော။ နှိမ့်ချသည့် ပညာရှိဖခင်တစ်ဦးသည် အမှန်ပင် နူးညံ့သိမ်မွေ့စွာ ချဉ်းကပ်လိုပေမည်။

ယေဟောဝါသည် မည်သို့သောဖခင်မျိုးနည်း၊ ကိုယ်တော်သည် မာနကြီးသလော၊ နှိမ့်ချသလော။ ခက်ထန်မာကျောသူလော၊ နူးညံ့သိမ်မွေ့သူလော။ ယေဟောဝါသည် အရာခပ်သိမ်းကိုသိတော်မူ၍ ဉာဏ်ပညာအရှိဆုံးပုဂ္ဂိုလ်ဖြစ်သည်။ အသိပညာနှင့် ဉာဏ်ရည်ရှိသူတို့သည် များသောအားဖြင့် နှိမ့်ချမှုမရှိကြောင်း သတိပြုမိသလော။ သမ္မာကျမ်းစာဆိုသည့်အတိုင်းပင် “ဉာဏ်သည် ထောင်လွှားစေတတ်၏။” (၁ ကောရိန္သု ၃:၁၉; ၈:၁) ‘ဉာဏ်ပညာနှင့်ပြည့်စုံတော်မူ’ သောယေဟောဝါမူကား နှိမ့်ချတော်မူ၏။ (ယောဘ ၉:၄သမ္မာ) ဤသို့ဆိုသဖြင့် ယေဟောဝါသည် နိမ့်ကျသည် သို့မဟုတ် ခမ်းနားထည်ဝါမှုမရှိဟု မဆိုလိုဘဲ ကိုယ်တော်သည် မာနထောင်လွှားမှုမရှိခြင်းကိုဆိုလိုသည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။

ယေဟောဝါသည် သန့်ရှင်းတော်မူ၏။ သို့ဖြစ်၍ လူကိုညစ်ညူးစေသည့် မာနထောင်လွှားသောသဘော ကိုယ်တော်၌မရှိချေ။ (မာကု ၇:၂၀-၂၂) ထို့အပြင် ယေဟောဝါအား ပရောဖက်ယေရမိပြောဆိုခဲ့သောစကားကို သတိပြုပါ– “ကိုယ်တော်၏စိုးလ် [ယေဟောဝါကိုယ်တော်တိုင်] သည် ဧကန်မလွဲ သတိရမည်ဖြစ်ကာ အကျွန်ုပ်အထက်၌ နိမ့်စွာကိုင်းညွတ်တော်မူ၏။” * (မြည်တမ်းစကား ၃:၂၀ကဘ) စဉ်းစားကြည့်ပါ! စကြဝဠာပိုင်သအုပ်စိုးရှင် ယေဟောဝါသည် မစုံလင်သူလူသားယေရမိကို မျက်နှာသာပြရန် “နိမ့်စွာကိုင်းညွတ်” ဖို့ သို့မဟုတ် သူ၏နိမ့်ကျသောအဆင့်သို့ ဆင်းသက်ရန် လိုလိုလားလားရှိခဲ့သည်။ (ဆာလံ ၁၁၃:၇) မှန်ပါသည်၊ ယေဟောဝါသည် နှိမ့်ချသောသဘောရှိတော်မူ၏။ သို့သော် ဘုရားရေးရာနှိမ့်ချမှုတွင် အဘယ်အရာအကျုံးဝင်သနည်း။ ယင်းသည် ဉာဏ်ပညာနှင့် မည်သို့ဆက်စပ်သနည်း။ ထို့ပြင် ၎င်းသည် ကျွန်ုပ်တို့အတွက် အဘယ်ကြောင့် အရေးကြီးသနည်း။

နှိမ့်ချမှုရှိကြောင်း ယေဟောဝါ သက်သေထူပုံ

၄၊ ၅။ (က) နှိမ့်ချခြင်းကား အဘယ်နည်း၊ ယင်းသည် မည်သို့ထင်ရှားသနည်း၊ ၎င်းကို အားနည်းခြင်း၊ သို့မဟုတ် ပျော့ညံ့ခြင်းနှင့် အဘယ်ကြောင့်မရှုပ်ထွေးသင့်သနည်း။ (ခ) ယေဟောဝါသည် ဒါဝိဒ်နှင့်ဆက်ဆံရာတွင် နှိမ့်ချခြင်းကို မည်သို့တင်ပြခဲ့သနည်း၊ ယေဟောဝါ၏နှိမ့်ချခြင်းသည် ကျွန်ုပ်တို့အတွက် မည်မျှအရေးပါသနည်း။

နှိမ့်ချမှုဟူသည် စိတ်နှိမ့်ချခြင်းဖြစ်၍ စိတ်ကြီးမဝင်၊ မာန်မာနမရှိခြင်းဖြစ်သည်။ နှလုံးထဲမှထွက်ပေါ်လာသော အရည်အသွေးတစ်ရပ်ဖြစ်ရာ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်း၊ အကျိုးသင့်အကြောင်းသင့်ရှိခြင်းအစရှိသော စရိုက်လက္ခဏာတို့ကို တင်ပြသည့်အခါ နှိမ့်ချမှုရှိကြောင်းထင်ရှားသည်။ (ဂလာတိ ၅:၂၂၊ ၂၃) သို့သော် ဤဘုရားရေးရာအရည်အသွေးတို့ကို အားနည်းခြင်း သို့မဟုတ် သတ္တိမရှိခြင်းအဖြစ် တလွဲမယူမှတ်သင့်ချေ။ ၎င်းတို့သည် ယေဟောဝါ၏ ဖြောင့်မတ်သောအမျက်ဒေါသ သို့မဟုတ် အဖျက်စွမ်းအားကို ကိုယ်တော်အသုံးပြုခြင်းနှင့် မအပ်စပ်ရာမဟုတ်ချေ။ ယေဟောဝါသည် နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်းအားဖြင့် ကိုယ်တော်၏ဧရာမအစွမ်းခွန်အား၊ မိမိကိုယ်ကို အပြည့်အဝထိန်းချုပ်နိုင်စွမ်းရှိကြောင်းကို ဖော်ပြသည်။ (ဟေရှာယ ၄၂:၁၄) နှိမ့်ချခြင်းနှင့် ဉာဏ်ပညာသည် မည်သို့ဆက်စပ်သနည်း။ ကျမ်းစာကိုးကားချက်တစ်ခုက ဤသို့ဆိုသည်– “နှိမ့်ချခြင်းကို နောက်ဆုံးတွင် . . . တစ်ကိုယ်ကောင်းမဆန်ခြင်း၊ ဉာဏ်ပညာအလုံးစုံ၏ အခြေခံကျသောရင်းမြစ်အဖြစ် အနက်ဖွင့်ရသည်။” ထို့အပြင် စစ်မှန်သောဉာဏ်ပညာသည် နှိမ့်ချခြင်းနှင့် ဒွန်တွဲနေ၏။ ယေဟောဝါ၏နှိမ့်ချခြင်းက ကျွန်ုပ်တို့ကို မည်သို့အကျိုးပြုသနည်း။

ပညာရှိသောဖခင်တစ်ဦးသည် မိမိ၏သားသမီးများနှင့် နှိမ့်ချစွာ၊ နူးညံ့သိမ်မွေ့စွာဆက်ဆံတတ်

ယေဟောဝါထံ ဘုရင်ဒါဝိဒ် ဤသို့ကျူးရင့်ခဲ့သည်– “ကိုယ်တော်သည် ကယ်တင်တော်မူခြင်းဒိုင်းလွှားကိုအပ်၍ လက်ယာလက်တော်အားဖြင့် မစတော်မူ၏။ [ကိုယ်တော်၏] သည်းခံတော်မူခြင်း [“နှိမ့်ချခြင်း၊” ကဘ] အားဖြင့် အကျွန်ုပ်သည် ချီးမြှောက်ခြင်းသို့ရောက်ပါ၏။” (ဆာလံ ၁၈:၃၅) တစ်နည်းအားဖြင့်ဆိုလျှင် ယေဟောဝါသည် လူသားမျှသာဖြစ်သော ဤမစုံလင်သူကို နေ့စဉ်ကာကွယ်ထောက်မပေးရန် မိမိကိုယ်ကို ကိုင်းညွတ်တော်မူခဲ့သည်။ ယေဟောဝါသည် မိမိကိုယ်တော်တိုင်ကို ဤသို့ တလိုတလားနှိမ့်ချသောကြောင့်သာလျှင် သူကယ်တင်ခြင်းရရှိနိုင်ကြောင်းနှင့် မင်းကောင်းတစ်ပါးဖြစ်နိုင်ကြောင်း ဒါဝိဒ်အသိအမှတ်ပြုခဲ့၏။ အမှန်မှာ ယေဟောဝါသည် နှိမ့်ချတော်မမူ၊ နူးညံ့သိမ်မွေ့၍ မေတ္တာရှိသောဖခင်တစ်ပါးအဖြစ် ကျွန်ုပ်တို့နှင့်ဆက်ဆံရန် မိမိကိုယ်ကိုနိမ့်ရာသို့မကိုင်းညွတ်လျှင် မည်သူကယ်တင်ခြင်းရနိုင်မည်နည်း။

၆၊ ၇။ (က) ယေဟောဝါသည် ကျိုးနွံ၏ဟု သမ္မာကျမ်းစာက အဘယ်ကြောင့် လုံးဝမဖော်ပြသနည်း။ (ခ) နူးညံ့သိမ်မွေ့ခြင်းနှင့် ဉာဏ်ပညာသည် မည်သို့ဆက်စပ်သနည်း၊ ယင်းနှင့်ပတ်သက်၍ အကောင်းဆုံးစံနမူနာကို မည်သူဖော်ပြပေးသနည်း။

နှိမ့်ချခြင်းနှင့် ကျိုးနွံခြင်း မတူကြောင်းကို သတိပြုထိုက်ပေသည်။ ကျိုးနွံခြင်းသည် သစ္စာရှိလူသားများမွေးမြူရန် ကောင်းမွန်လှသည့်အရည်အသွေးတစ်ခုဖြစ်သည်။ နှိမ့်ချခြင်းနည်းတူ ကျိုးနွံခြင်းသည်လည်း ဉာဏ်ပညာနှင့် ဆက်စပ်သည်။ ဥပမာ၊ သုတ္တံ ၁၁:၂ [ကဘ] က “ဉာဏ်ပညာသည် ကျိုးနွံသောသူတို့နှင့်အတူရှိသည်” ဟု ဖော်ပြထား၏။ သို့သော် ယေဟောဝါနှင့်ပတ်သက်လျှင် ကိုယ်တော်သည်ကျိုးနွံ၏ဟု သမ္မာကျမ်းစာက ဘယ်တော့မျှမဖော်ပြချေ။ အဘယ်ကြောင့်နည်း။ ကျိုးနွံခြင်းကို သမ္မာကျမ်းစာဖော်ပြထားသည့်အတိုင်းဆိုလျှင် မိမိမစွမ်းဆောင်နိုင်ရာများရှိသည်ကို လျောက်ပတ်စွာအသိအမှတ်ပြုခြင်းသဘော သက်ရောက်သည်။ ကိုယ်တော်၏ဖြောင့်မတ်သောစံနှုန်းများကြောင့် မိမိအပေါ်မိမိတင်ထားရာများမှလွဲ၍ အနှိုင်းမဲ့တန်ခိုးရှင်၌ ကန့်သတ်ထားရာများ လုံးဝမရှိချေ။ (မာကု ၁၀:၂၇; တိတု ၁:၁၊ ၂) ထိုမျှမက အမြင့်ဆုံးအရှင်အနေဖြင့် ကိုယ်တော်သည် မည်သူ၏မျှ လက်အောက်ခံမဟုတ်ချေ။ သို့ဖြစ်၍ ကျိုးနွံခြင်းအရည်အသွေးသည် ယေဟောဝါနှင့် လုံးဝမသက်ဆိုင်ပါ။

သို့သော် ယေဟောဝါသည် နှိမ့်ချ၍ နူးညံ့သိမ်မွေ့တော်မူ၏။ နူးညံ့သိမ်မွေ့ခြင်းသည် စစ်မှန်သောဉာဏ်ပညာအတွက် မရှိမဖြစ်ကြောင်း ကိုယ်တော်က မိမိ၏ကျေးကျွန်များကို သွန်သင်ပေးတော်မူသည်။ ကိုယ်တော်၏နှုတ်ကပါဌ်တော်က “ပညာ၏နူးညံ့သိမ်မွေ့ခြင်း” အကြောင်းဖော်ပြထား၏။ * (ယာကုပ် ၃:၁၃) ၎င်းနှင့်ပတ်သက်၍ ယေဟောဝါ၏ပုံနမူနာကို သုံးသပ်ကြည့်ပါ။

ယေဟောဝါသည် နှိမ့်ချစွာ တာဝန်လွှဲအပ်၍ နားညောင်းတော်မူ၏

၈-၁၀။ (က) တာဝန်လွှဲအပ်ရန်၊ နားညောင်းရန် ယေဟောဝါအလိုတော်ရှိခြင်းသည် အဘယ်ကြောင့် မှတ်သားဖွယ်ဖြစ်သနည်း။ (ခ) အနန္တတန်ခိုးရှင်သည် ကောင်းကင်တမန်များနှင့် မည်သို့နှိမ့်ချစွာ ဆက်ဆံသနည်း။

တာဝန်လွှဲအပ်ရန်နှင့် နားညောင်းရန် ကိုယ်တော်၏လိုလိုလားလားရှိမှုတွင် ယေဟောဝါ၏ နှိမ့်ချမှုဆိုင်ရာ နှလုံးနွေးထွေးဖွယ် အထောက်အထားရှိသည်။ အမှန်မှာ ယေဟောဝါသည် အကူအညီမလို၊ အကြံဉာဏ်တောင်းစရာမလိုဘဲလျက် ကိုယ်တော်အမှန်တကယ်နားထောင်ခြင်းကား အံ့ဩစရာကောင်းသည်။ (ဟေရှာယ ၄၀:၁၃၊ ၁၄; ရောမ ၁၁:၃၄၊ ၃၅) သို့တစေ ယေဟောဝါသည် ဤနည်းများဖြင့် နိမ့်ရာသို့ဆင်းသက်ကြောင်း သမ္မာကျမ်းစာက ထပ်ခါတလဲဖော်ပြသည်။

ဥပမာ၊ အာဗြဟံ၏ဘဝအသက်တာမှ ထူးခြားသောဖြစ်ရပ်တစ်ခုကို သုံးသပ်ကြည့်ပါ။ အာဗြဟံထံ ဧည့်သည်သုံးဦးရောက်လာ၍ တစ်ဦးကို “ယေဟောဝါ” ဟုသူခေါ်ဆိုခဲ့၏။ အမှန်မှာ ဤဧည့်သည်များသည် ကောင်းကင်တမန်များဖြစ်၏၊ သူတို့ထဲမှတစ်ပါးသည် ယေဟောဝါ၏နာမတော်ဖြင့် ရောက်ရှိလာ၍ ကိုယ်တော့်နာမဖြင့် ပြုမူခဲ့သည်။ ထိုကောင်းကင်တမန် ပြောဆိုပြုမူသည့်အခါ တစ်နည်းအားဖြင့် ယေဟောဝါ မိန့်မြွက်ဆောင်ရွက်သည့်အလားဖြစ်သည်။ ဤနည်းအားဖြင့် ယေဟောဝါက “သောဒုံမြို့၊ ဂေါမောရမြို့၌ကြွေးကြော်သော” ကျယ်လောင်သည့် “အသံ” ကိုကြားကြောင်း အာဗြဟံကိုမိန့်တော်မူခဲ့သည်။ ထို့နောက် ယေဟောဝါက “ယခုငါသွား [“ဆင်းသက်၊” ကဘ] ၍ ငါ့ရှေ့သို့ရောက်ခဲ့ပြီးသောကြွေးကြော်ခြင်းရှိသည်အတိုင်း၊ သူတို့သည် အမှန်ပြုသည်မပြုသည်ကို ငါကြည့်ရှုမည်။ မပြုလျှင်မပြုကြောင်းကို ငါသိမည်” ဟုမိန့်ဆိုသည်။ (ကမ္ဘာဦး ၁၈:၃၊ ၂၀၊ ၂၁) သို့ဖြစ်၍ အနန္တတန်ခိုးရှင်ကိုယ်တော်တိုင် “ဆင်းသက်” မည်ဟု မဆိုလိုပါ။ ထိုသို့ပြုမည့်အစား ကိုယ်တော့်ကိုယ်စား ကောင်းကင်တမန်များကို ထပ်မံစေလွှတ်ခဲ့သည်။ (ကမ္ဘာဦး ၁၉:၁) အဘယ်ကြောင့်နည်း။ အရာခပ်သိမ်းကို မြင်တွေ့နိုင်သောယေဟောဝါသည် အဆိုပါဒေသ၏အခြေအနေမှန်ကို မိမိဘာသာ မ “သိ” နိုင်၍လော။ အမှန်ပင်သိနိုင်ပါသည်။ သို့သော် ယင်းအစား ယေဟောဝါသည် ထိုကောင်းကင်တမန်များအား အဆိုပါအခြေအနေကို သွားရောက်စုံစမ်းရန်နှင့် သောဒုံမြို့နေ လောတနှင့် သူ၏မိသားစုထံသွားလည်ပတ်ရန် နှိမ့်ချစွာဖြင့် တာဝန်ပေးခဲ့သည်။

၁၀ ထို့အပြင် ယေဟောဝါနားညောင်းတော်မူ၏။ တစ်ချိန်တွင် မင်းဆိုးအာဟပ် ကျရှုံးနိုင်မည့်နည်းကို ကောင်းကင်တမန်များအား ကိုယ်တော်အကြံပြုစေခဲ့သည်။ အမှန်မှာ ထိုသို့သောအကူအညီကို ယေဟောဝါမလိုအပ်ပေ။ သို့တိုင် ကောင်းကင်တမန်တစ်ပါး၏အကြံပြုချက်ကို ကိုယ်တော်လက်ခံပြီး ထိုသို့ဆောင်ရွက်ရန် တာဝန်ပေးခဲ့သည်။ (၃ ဓမ္မရာဇဝင် ၂၂:၁၉-၂၂) သို့ပြုခြင်းသည် နှိမ့်ချမှုမဟုတ်ပေလော။

၁၁၊ ၁၂။ ယေဟောဝါ၏နှိမ့်ချမှုကို အာဗြဟံ မည်သို့တွေ့မြင်ခဲ့သနည်း။

၁၁ မိမိတို့၏စိုးရိမ်မှုများကို ဖော်ပြလိုကြသည့် မစုံလင်သူလူသားတို့ကိုပင် နားညောင်းရန် ယေဟောဝါအလိုရှိတော်မူ၏။ ဥပမာ၊ သောဒုံနှင့် ဂေါမောရမြို့များကိုဖျက်ဆီးရန် ကိုယ်တော်အကြံအစည်ရှိကြောင်း အာဗြဟံကို ယေဟောဝါ စစချင်းပြောဆိုသောအခါ ထိုသစ္စာရှိပုဂ္ဂိုလ်သည် စိတ်ရှုပ်ထွေးသွားခဲ့သည်။ အာဗြဟံက “ထိုသို့ပြု . . . ခြင်းအမှုသည် ကိုယ်တော်နှင့်ဝေးပါစေသတည်း” ဟုပြောဆိုပြီး ထပ်မံ၍ “မြေကြီးလုံးကိုစီရင်တော်မူသောသခင်သည်၊ တရားသဖြင့်ပြုတော်မူမည်မဟုတ်လော” ဟု လျှောက်ဆိုခဲ့၏။ အဆိုပါမြို့များတွင် ဖြောင့်မတ်သူ ၅၀ ရှိမည်ဆိုလျှင် ချမ်းသာပေးမည်လောဟု ယေဟောဝါအား သူမေးမြန်းခဲ့ရာ ကိုယ်တော်က ပေးမည်ဟုအာမခံ၏။ သို့သော် အာဗြဟံက ထိုအရေအတွက်ကို ၄၅၊ ထို့နောက် ၄၀၊ အစရှိသ၍ တဖြည်းဖြည်းလျှော့၍ ထပ်မံတောင်းပန်ခဲ့သည်။ ယေဟောဝါ၏အာမခံချက်များကြားမှ အာဗြဟံသည် အရေအတွက်တစ်ဆယ်ရောက်သည့်အထိ စွဲစွဲမြဲမြဲမေးခဲ့သည်။ ယေဟောဝါသည် မည်မျှသနားညှာတာတတ်ကြောင်းကို အာဗြဟံ အပြည့်အဝနားမလည်ခဲ့၍ဖြစ်မည်။ အဘယ်အကြောင်းကြောင့်ပင် တောင်းဆိုပါစေ ယေဟောဝါသည် စိတ်ရှည်စွာနှင့် နှိမ့်ချစွာဖြင့် ကိုယ်တော်၏အဆွေ၊ ကျေးကျွန်အာဗြဟံအား ထိုနည်းအတိုင်း သူ၏စိုးရိမ်ပူပန်မှုကို ဖော်ပြစေခဲ့သည်။—ကမ္ဘာဦး ၁၈:၂၃-၃၃

၁၂ ဉာဏ်ရည်အလွန်နိမ့်သူတစ်ဦး၏စကားကို ပညာအလွန်ထက်မြက်သူများ အဘယ်မျှလောက်သည် စိတ်ရှည်စွာနားထောင်ပေးမှာနည်း။ * ကျွန်ုပ်တို့၏ဘုရားသခင်မှာမူ ဤမျှနှိမ့်ချပေသည်။ ထိုသို့အပြန်အလှန်စကားပြောဆိုခဲ့စဉ် ယေဟောဝါသည် “အမျက်ထွက်နှေး” တော်မူကြောင်း အာဗြဟံတွေ့မြင်ခဲ့သည်။ (ထွက်မြောက်ရာ ၃၄:၆ကဘ) အမြင့်မြတ်ဆုံးအရှင်၏ဆောင်ရွက်ချက်များကို မေးခွန်းထုတ်ပိုင်ခွင့်မရှိကြောင်း အာဗြဟံသိခြင်းကြောင့် နှစ်ကြိမ်တိုင်တိုင် “အိုဘုရားရှင်၊ စိတ်ရှိတော်မမူပါနှင့်” ဟုပန်ကြားခဲ့ခြင်းဖြစ်ပေမည်။ (ကမ္ဘာဦး ၁၈:၃၀၊ ၃၂) အမှန်ပင် ယေဟောဝါသည် စိတ်မရှိခဲ့ချေ။ ကိုယ်တော်၌ “ပညာ၏နူးညံ့သိမ်မွေ့ခြင်း” အမှန်ရှိသည်။

ယေဟောဝါသည် အကျိုးသင့်အကြောင်းသင့်ဖြစ်၏

၁၃။ သမ္မာကျမ်းစာတွင် အသုံးပြုထားသည့်အတိုင်း “အကျိုးသင့်အကြောင်းသင့်ဖြစ်ခြင်း” ဟူသော စကားလုံး၏အဓိပ္ပာယ်ကား အဘယ်နည်း၊ ဤစကားလုံးသည် ယေဟောဝါကို အဘယ်ကြောင့် ဆီလျော်စွာသရုပ်ဖော်သနည်း။

၁၃ ယေဟောဝါ၏နှိမ့်ချမှုသည် တင့်တယ်သောအခြားအရည်အသွေးတစ်ခုဖြစ်သည့် အကျိုးသင့်အကြောင်းသင့်ဖြစ်ခြင်း၌လည်း ထင်ရှား၏။ ဤအရည်အသွေးကို မစုံလင်သူလူသားများတွင် မတွေ့ရချေ။ ယေဟောဝါမူကား အသိဉာဏ်ရှိသူများ၏စကားကို နားထောင်ပေးရုံမက ဖြောင့်မတ်သောမူများနှင့် ဖီလာဆန့်ကျင်မှုမရှိလျှင် အလျှော့ပေးလိုက်လျောရန် အသင့်ရှိတော်မူ၏။ သမ္မာကျမ်းစာတွင် အသုံးပြုထားသည့်အတိုင်း “အကျိုးသင့်အကြောင်းသင့်ရှိခြင်း” သည် စာသားအရ “အလျှော့ပေးလိုက်လျောခြင်း” အဓိပ္ပာယ်ရှိသည်။ ဤအရည်အသွေးသည်လည်း ဘုရားရေးရာဉာဏ်ပညာ၏ ဝိသေသလက္ခဏာတစ်ရပ်ဖြစ်သည်။ ယာကုပ် ၃:၁၇ [ကဘ] က ဤသို့ဆိုသည်– “အထက်မှသက်ရောက်သောပညာသည် . . . အကျိုးသင့်အကြောင်းသင့်ရှိ၏။” ဉာဏ်ပညာအရှိဆုံးအရှင် ယေဟောဝါသည် အဘယ်သဘောမျိုးဖြင့် အကျိုးသင့်အကြောင်းသင့်ရှိသနည်း။ တစ်ချက်အနေနှင့် ကိုယ်တော်သည် ပြောင်းသာလွှဲသာရှိတော်မူ၏။ ကိုယ်တော်၏နာမတော်ကိုယ်နှိုက်ကပင် ကျွန်ုပ်တို့ကိုသိစေသည်မှာ မိမိ၏ရည်ရွယ်တော်မူချက်များ ပြည့်စုံစေရန်အလို့ငှာ ဘာပဲလိုအပ်ပါစေ ယေဟောဝါသည် မိမိကိုယ်ကိုဖြစ်လာစေနိုင်ကြောင်း သတိရပါ။ (ထွက်မြောက်ရာ ၃:၁၄) ယင်းက အလိုက်သင့်ပြုပြင်ပေးနိုင်၍ အကျိုးသင့်အကြောင်းသင့်ဖြစ်သောသဘောကို မဖော်ပြပေလော။

၁၄၊ ၁၅။ ရူပါရုံတွင် ယေဇကျေလတွေ့မြင်ခဲ့သော ယေဟောဝါ၏ကောင်းကင်ရထားတော်က ယေဟောဝါ၏ကောင်းကင်အဖွဲ့အစည်းအကြောင်း ကျွန်ုပ်တို့ကို အဘယ်အရာသိစေသနည်း၊ ယင်းသည် လောကအဖွဲ့အစည်းများနှင့် မည်သို့ကွာခြားသနည်း။

၁၄ ယေဟောဝါ၏ လိုက်လျောပြုပြင်ပေးနိုင်ခြင်းသဘောကို စတင်နားလည်စေသည့် ထူးခြားသော ကျမ်းပိုဒ်တစ်ပိုဒ်ရှိသည်။ ပရောဖက်ယေဇကျေလသည် ယေဟောဝါ၏နာမ်ဝိညာဉ်သတ္တဝါ ကောင်းကင်အဖွဲ့အစည်းကို ရူပါရုံတစ်ခုတွင်တွေ့ခဲ့၏။ စိုးရွံ့ဖွယ်ကောင်းသည်အထိ ကြီးမားသောရထားတစ်စီး၊ ယေဟောဝါ၏ထိန်းချုပ်မှုအောက်တွင် အစဉ်ရှိသည့် “ယာဉ်” ကို သူတွေ့မြင်ခဲ့သည်။ စိတ်ဝင်စားစရာအကောင်းဆုံးကား ယင်း၏ရွေ့လျားပုံဖြစ်သည်။ ဧရာမဘီးများသည် လေးမျက်နှာရှိ၍ မျက်စိနှင့်ပြည့်နေသဖြင့် နေရာတိုင်းကိုတွေ့မြင်နိုင်ပြီး ချိုးကွေ့ရန်မလိုဘဲ မည်သည့်အရပ်မျက်နှာသို့မဆို ချက်ချင်းလမ်းကြောင်း ပြောင်းနိုင်သည်။ ဤဧရာမယာဉ်ကြီးသည် ရွေ့လျားရန်ခက်ခဲသော လူ့လက်ဖြစ်ယာဉ်တစ်စီးကဲ့သို့ လေးကန်နှေးကွေးစွာ မရွေ့လျားပေ။ ယင်းသည် လျှပ်စီးလက်နှုန်းအတိုင်းရွေ့လျား၍ ထောင့်မှန်ကွေ့များကိုပင် ကွေ့သွားနိုင်သည်တကား! (ယေဇကျေလ ၁:၁၊ ၁၄-၂၈) မှန်ပါသည်၊ ယေဟောဝါ၏အဖွဲ့အစည်းသည် ဘုန်းတန်ခိုးကြီးမားသော အချုပ်အခြာအာဏာရှင်ကဲ့သို့ ယင်းကိုထိန်းချုပ်ထားကာ အလွန့်အလွန်လိုက်လျောပြုပြင်နိုင်ပြီး ပြောင်းလဲနေသည့်အခြေအနေများနှင့် လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရန်အသင့်ရှိ၏။

၁၅ လူတို့အနေနှင့် ယင်းသို့သော အပြစ်ဆိုဖွယ်မရှိသည့် အလိုက်သင့်ပြုပြင်နိုင်သောသဘောကို ကြိုးစားတုပရုံသာပြုနိုင်၏။ သို့သော် လူတို့နှင့် သူတို့၏အဖွဲ့အစည်းများသည် အလိုက်သင့်ပြုပြင်ဖို့ထက် အများအားဖြင့် တင်းကျပ်လေ့ရှိ၏၊ အလျှော့ပေးလိုက်လျောဖို့ထက် ကျိုးကြောင်းမညီဖြစ်တတ်သည်။ ဥပမာအနေနှင့် ဆီတင်သင်္ဘော သို့မဟုတ် ကုန်ရထားတစ်စီး၏ အရွယ်အစားပမာဏနှင့် စွမ်းဆောင်နိုင်မှုသည် အံ့သြမိန်းမောဖွယ်ဖြစ်ပေမည်။ သို့သော် ယင်းတို့နှစ်စီးစလုံးသည် ရုတ်တရက်အခြေအနေပြောင်းလဲမှုကို တုံ့ပြန်နိုင်မည်လော။ ကုန်ရထားတစ်စီး၏လမ်းကြောင်းပေါ် အတားအဆီးတစ်ခု ရုတ်တရက်ပြုတ်ကျလျှင် ထိုရထားသည် ကွေ့လှည့်သွားနိုင်မည်မဟုတ်။ ရုတ်တရက်ရပ်တန့်လိုက်ဖို့လည်း မလွယ်ကူလှချေ။ လေးလံသောဧရာမကုန်ရထားတစ်စီးသည် ဘရိတ်အုပ်ပြီးနောက်ပင် အရှိန်မသေဘဲ တစ်မိုင်ကျော်ဆက်သွားနိုင်သည်! ထိုနည်းတူ ဆီတင်သင်္ဘောကြီးတစ်စီးသည် စက်သတ်ပြီးနောက်၌ပင် ငါးမိုင်အထိ ဆက်ရွေ့လျားသွားနိုင်ပေသည်။ နောက်ပြန်ဆုတ်ရန် စက်ကိုမောင်းတင်ထားသည့်တိုင် နှစ်မိုင်ခန့် ဆက်ရွေ့လျားပေလိမ့်မည်! တင်းကျပ်လွန်း၍ ကျိုးကြောင်းမညီစွာပြုမူတတ်သော လူ့အဖွဲ့အစည်းများလည်း ထို့အတူဖြစ်တတ်သည်။ လူတို့သည် မာန်မာနစိတ်ကြောင့် ပြောင်းလဲသွားသောလိုအပ်ချက်များ၊ အခြေအနေများနှင့်အညီ အလိုက်သင့်မပြောင်းလဲလိုကြချေ။ ထိုသို့သောတင်းကျပ်မှုများက လူ့အဖွဲ့အစည်းများကို ချွတ်ခြုံကျစေ၍ အစိုးရတို့ကို ပြိုလဲခြင်းပင်ဖြစ်စေခဲ့၏။ (သုတ္တံ ၁၆:၁၈) ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော်၏အဖွဲ့အစည်းသည် ထိုသို့မဟုတ်သောကြောင့် ကျွန်ုပ်တို့ အမှန်တကယ်ဝမ်းသာနိုင်ကြသည်!

အကျိုးသင့်အကြောင်းသင့်ရှိကြောင်း ယေဟောဝါဖော်ပြပုံ

၁၆။ သောဒုံနှင့် ဂေါမောရမြို့တို့ကို မဖျက်ဆီးမီ လောတနှင့်ဆက်ဆံရာတွင် အကျိုးသင့်အကြောင်းသင့်ရှိကြောင်း ယေဟောဝါမည်သို့တင်ပြသနည်း။

၁၆ သောဒုံနှင့် ဂေါမောရမြို့ပျက်စီးခြင်းအကြောင်းကို ထပ်မံ၍သုံးသပ်ကြည့်ပါ။ လောတနှင့် သူ၏မိသားစုကို ယေဟောဝါ၏ကောင်းကင်တမန်က “တောင်ပေါ်သို့ပြေးလော့” ဟုပြတ်သားစွာညွှန်ကြားခဲ့သည်။ သို့သော် လောတသည် ထိုသို့မပြုလို၍ “အကျွန်ုပ်သခင်၊ ထိုသို့မဆိုပါနှင့်” ဟုတောင်းပန်သည်။ တောင်တန်းများသို့ သူပြေးရမည်ဆိုလျှင် သေရလိမ့်မည်အထင်နှင့် သူတို့မိသားစုကို ဇောရအမည်ရှိ အနီးအနားမြို့သို့ ပြေးခွင့်ပြုပါရန် လောတတောင်းလျှောက်ခဲ့၏။ အမှန်မှာ ထိုမြို့ကိုဖျက်ဆီးပစ်ဖို့ ယေဟောဝါရည်ရွယ်ထားနှင့်ပြီ။ ထို့အပြင် လောတ၌ ကြောက်စရာအကြောင်း မရှိချေ။ တောင်တန်းများတွင် လောတကို ယေဟောဝါ အမှန်ပင်အသက်ရှင်စေနိုင်တော်မူ၏။ မည်သို့ပင်ဖြစ်စေ ယေဟောဝါသည် လောတ၏လျှောက်လဲချက်ကို လိုက်လျော၍ ဇောရမြို့ကို ချမ်းသာပေးခဲ့သည်။ “ဤအမှုအရာ၌လည်း သင်၏စကားကိုငါနားထောင်” သည်ဟု လောတအား ကောင်းကင်တမန်ကမိန့်ဆိုခဲ့သည်။ (ကမ္ဘာဦး ၁၉:၁၇-၂၂) သို့ပြုခြင်းက ယေဟောဝါသည် အကျိုးသင့်အကြောင်းသင့်ရှိသည်ကို မထင်ရှားစေသလော။

၁၇၊ ၁၈။ နိနေဝေမြို့သားတို့နှင့် ယေဟောဝါဆက်ဆံရာတွင် ကိုယ်တော်သည် အကျိုးသင့်အကြောင်းသင့်ရှိကြောင်း မည်သို့ဖော်ပြခဲ့သနည်း။

၁၇ ယေဟောဝါသည် အမှန်တကယ်နောင်တယူသူတို့ကို အမြဲတစေ သနားကြင်နာမှုပြ၍ တော်မှန်စွာ တုံ့ပြန်သည်။ ဆိုးညစ်၍ အကြမ်းဖက်သောနိနေဝေမြို့သို့ ပရောဖက်ယောန စေလွှတ်ခံရသောအခါ အဘယ်အရာဖြစ်ပျက်ခဲ့ကြောင်း သုံးသပ်ကြည့်ပါ။ နိနေဝေမြို့ လမ်းမများတစ်လျှောက် ယောနလျှောက်သွား၍ ကြွေးကြော်ခဲ့သော သူ၏မှုတ်သွင်းခံသတင်းစကားမှာ ရိုးရိုးလေးပင်ဖြစ်သည်၊ ရက်ပေါင်း ၄၀ အကြာတွင် ထိုမြို့ကြီး ပျက်စီးရလိမ့်မည်။ သို့သော် အခြေအနေ အကြီးအကျယ်ပြောင်းလဲသွားသည်။ နိနေဝေမြို့သားတို့သည် နောင်တယူခဲ့ကြ၏!—ယောန အခန်းကြီး ၃

၁၈ ဤပြောင်းလဲသွားသောအခြေအနေကို ယေဟောဝါတုံ့ပြန်ပုံနှင့် ယောနတုံ့ပြန်ပုံတို့ကို နှိုင်းယှဉ်ကြည့်ခြင်းက မှတ်သားဖွယ်ကောင်းပေသည်။ ဤဖြစ်ရပ်တွင် ယေဟောဝါသည် အလိုက်သင့်ပြောင်းလဲခဲ့ရာ ကိုယ်တော်သည် မိမိကိုယ်ကို “စစ်သူရဲ” ဖြစ်မည့်အစား အပြစ်များကိုခွင့်လွှတ်တော်မူသောအရှင် ဖြစ်လာစေသည်။ * (ထွက်မြောက်ရာ ၁၅:၃) အခြားတစ်ဖက်တွင်မူ ယောနသည် အကြင်နာတရားရှိဖို့ဝေးစွ၊ ပြောင်းသာလွှဲသာပင်မရှိချေ။ ယေဟောဝါ၏ အကျိုးသင့်အကြောင်းသင့်ရှိခြင်းသဘောကို တင်ပြမည့်အစား သူသည် အစောပိုင်းတွင်ဖော်ပြထားသည့် ကုန်တင်ရထား သို့မဟုတ် ဆီတင်သင်္ဘော တုံ့ပြန်သကဲ့သို့ တုံ့ပြန်ခဲ့သည်။ ပျက်စီးခြင်းတရားကို သူကြွေးကြော်ခဲ့ပြီးဖြစ်ရာ ဖျက်ကိုဖျက်ဆီးရမည်! သို့သော် ယေဟောဝါသည် စိတ်ရှည်စွာဖြင့် စိတ်မရှည်သောပရောဖက်ကို အကျိုးသင့်အကြောင်းသင့်ရှိခြင်းနှင့် ကရုဏာနှင့်ဆိုင်သော မှတ်သားလောက်ဖွယ် သင်ခန်းစာကိုပေးခဲ့သည်။—ယောန အခန်းကြီး ၄

ယေဟောဝါသည် အကျိုးသင့်အကြောင်းသင့်ရှိ၍ ကျွန်ုပ်တို့၏ကန့်သတ်ချက်များကို သိနားလည်

၁၉။ (က) ကျွန်ုပ်တို့ထံမှ ယေဟောဝါမျှော်လင့်ရာသည် အကျိုးသင့်အကြောင်းသင့်ရှိလိမ့်မည်ဟု အဘယ်ကြောင့်ယုံကြည်စိတ်ချနိုင်သနည်း။ (ခ) ယေဟောဝါသည် “စိတ်ကောင်း၍ ဖြည်းညင်းသောသဘောရှိ” သောအရှင်သခင်ဖြစ်ကြောင်းနှင့် အလွန့်အလွန်နှိမ့်ချတော်မူကြောင်း သုတ္တံ ၁၉:၁၇ က မည်သို့ဖော်ပြသနည်း။

၁၉ နောက်ဆုံးပြောရလျှင် ယေဟောဝါသည် ကျွန်ုပ်တို့ထံမှ အကျိုးသင့်အကြောင်းသင့်ရှိခြင်းကို မျှော်လင့်၏။ ဘုရင်ဒါဝိဒ်က ဤသို့ဆိုသည်– “ငါတို့ကိုယ်ခန္ဓာကို ကိုယ်တော်တိုင်သိကျွမ်း၍ မြေမှုန့်မျှသာဖြစ်ကြောင်း သတိရတော်မူ၏။” (ဆာလံ ၁၀၃:၁၄ကဘ) ယေဟောဝါသည် ကျွန်ုပ်တို့၏ကန့်သတ်ချက်များနှင့် မစုံလင်မှုများကို ကျွန်ုပ်တို့ထက် သိနားလည်တော်မူ၏။ ကျွန်ုပ်တို့တတ်နိုင်သည်ထက် ကိုယ်တော် ဘယ်တော့မျှမျှော်လင့်တော်မမူချေ။ သမ္မာကျမ်းစာက “စိတ်ကောင်း၍ ဖြည်းညင်းသောသဘောရှိ” အလုပ်ရှင်များနှင့် “ကြမ်းတမ်းသောသဘောရှိ” အလုပ်ရှင်များသည် ခြားနားကြောင်း နှိုင်းယှဉ်ဖော်ပြထားသည်။ (၁ ပေတရု ၂:၁၈) ယေဟောဝါသည် မည်သို့သောအရှင်သခင်မျိုးနည်း။ သုတ္တံ ၁၉:၁၇ ၏ဖော်ပြချက်ကို သတိပြုပါ– “ဆင်းရဲသားကိုသနားသောသူသည် ထာဝရဘုရားအားချေးငှားသောသူဖြစ်” သည်။ ရှင်းနေသည်ကား အကျိုးသင့်အကြောင်းသင့်ရှိသောသခင်ကောင်းသာ နိမ့်ကျသူတို့အပေါ်ပြုလုပ်ပေးသမျှ သနားကြင်နာမှုတို့ကို သတိပြုမှတ်သားမည်ဖြစ်သည်။ ထိုထက်ကား စကြဝဠာဖန်ဆင်းရှင်သည် ထိုသနားကြင်နာသောအပြုအမူတို့ကို လုပ်ဆောင်ကြသည့် လူသားမျှဖြစ်သူတို့ကို ကိုယ်တော်သည် အကြွေးဆပ်ရန်ရှိသည့်အလား ရှုမှတ်တော်မူကြောင်း ဤကျမ်းချက်ကဖော်ပြသည်! ဤကား အလွန့်အလွန်နှိမ့်ချမှုပါတကား။

၂၀။ ကျွန်ုပ်တို့၏ဆုတောင်းချက်များကို ယေဟောဝါနားညောင်း၍ ယင်းတို့ကို ဖြေကြားပေးကြောင်း အဘယ်အာမခံချက်ရှိသနည်း။

၂၀ ယေဟောဝါသည် ယနေ့လည်း ကိုယ်တော့်ကျေးကျွန်တို့နှင့် ထပ်တူပင် နူးညံ့သိမ်မွေ့၊ အကျိုးသင့်အကြောင်းသင့်ရှိစွာ ဆက်ဆံနေတော်မူ၏။ ယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့ဆုတောင်းသောအခါ ကိုယ်တော်နားညောင်းတော်မူ၏။ ကျွန်ုပ်တို့ကိုသတင်းပေးရန် ကောင်းကင်သံတမန်များကို မစေလွှတ်သည့်တိုင် ကျွန်ုပ်တို့၏ဆုတောင်းချက်များကို ကိုယ်တော်ဖြေကြားတော်မူမည်မဟုတ်ဟု ကောက်ချက်မချသင့်ချေ။ ထောင်မှလွတ်ရန် မိမိအတွက် ဆက် “ဆုတောင်း” ပေးကြဖို့ ယုံကြည်သူချင်းတို့အား တမန်တော်ပေါလုတောင်းဆိုသောအခါ သူက “သင်တို့ရှိရာသို့ အလျင်အမြန်ပြန်ရသောအခွင့်ရှိစေခြင်းငှာ” ဟု ပြောဆိုခဲ့ကြောင်းသတိရပါ။ (ဟေဗြဲ ၁၃:၁၈၊ ၁၉) ထို့ကြောင့် ကျွန်ုပ်တို့၏ဆုတောင်းချက်များက ယေဟောဝါ လုပ်ဆောင်ပေးကောင်းပေးခဲ့မည် မဟုတ်သည့်အရာကိုပင် ဆောင်ရွက်ပေးရန် ကိုယ်တော်အား အမှန်တကယ်လှုံ့ဆော်ပေးပေလိမ့်မည်။—ယာကုပ် ၅:၁၆

၂၁။ ယေဟောဝါ၏နှိမ့်ချမှုကိုထောက်၍ အဘယ်ကောက်ချက်ကို ဘယ်သောအခါမျှ မချသင့်သနည်း၊ ယင်းအစား ကိုယ်တော်နှင့်ပတ်သက်၍ အဘယ်အရာကို ကျွန်ုပ်တို့သဘောပေါက်သင့်သနည်း။

၂၁ ယေဟောဝါ၏နှိမ့်ချမှုကို ထင်ရှားစေသည့် ကိုယ်တော်၏နူးညံ့သိမ်မွေ့မှု၊ နားညောင်းပေးတော်မူခြင်း၊ စိတ်ရှည်ခြင်းနှင့် အကျိုးသင့်အကြောင်းသင့်ရှိခြင်းတို့က ကိုယ်တော်သည် မိမိ၏ဖြောင့်မတ်သောမူများကို လျှော့ပေါ့ပြုမူသည်ဟု မဆိုလိုပေ။ ခရစ်ယာန်ဘောင်ဓမ္မဆရာများသည် ယေဟောဝါ၏ကျင့်ဝတ်စံနှုန်းများကို ရေရောပေါ့လျော့စေခြင်းဖြင့် သူတို့သိုးတော်စုများ၏နားကို ယားစေကြသောအခါ မိမိတို့အနေဖြင့် အကျိုးသင့်အကြောင်းသင့်ရှိကြသည်ဟု ယူမှတ်ကြပေမည်။ (၂ တိမောသေ ၄:၃) သို့သော် အကြောင်းအားလျော်စွာ အလျှော့ပေးလိုက်လျောလိုသည့် လူ့စိတ်သဘောထားသည် ဘုရားသခင်၏အကျိုးသင့်အကြောင်းသင့်ရှိခြင်းနှင့် လုံးဝမဆိုင်ချေ။ ယေဟောဝါသည် သန့်ရှင်းတော်မူ၏; ကိုယ်တော်၏ဖြောင့်မတ်သောစံနှုန်းများကို ကိုယ်တော် ဘယ်တော့မျှ ညစ်ညူးစေမည်မဟုတ်။ (ဝတ်ပြုရာ ၁၁:၄၄) သို့ဖြစ်၍ ကိုယ်တော့်နှိမ့်ချမှု၏ သက်သေသာဓကတစ်ခုဖြစ်သော ယေဟောဝါ၏အကျိုးသင့်အကြောင်းသင့်ရှိခြင်းကို နှစ်သက်မြတ်နိုးကြပါစို့။ စကြဝဠာတွင် ဉာဏ်ပညာအရှိဆုံးအရှင် ယေဟောဝါဘုရားသခင်သည် သာလွန်ထူးခြားစွာ နှိမ့်ချခြင်းလည်းရှိကြောင်း သိရသည့်အတွက် သင်အလွန်အားရမကျေနပ်ပေလော။ ဤမျှစိုးရွံ့ဖွယ်ကောင်းသည့်တိုင် နူးညံ့သိမ်မွေ့၍ စိတ်ရှည်ကာ အကျိုးသင့်အကြောင်းသင့်ရှိသောဘုရားသခင်ထံ ကျွန်ုပ်တို့ချဉ်းကပ်ခွင့်ရခြင်းသည် အလွန်နှစ်ခြိုက်ဖွယ်ကောင်းသည်တကား!

^ အပိုဒ်၊ 3 ရှေးခေတ်ကျမ်းရေးသူ၊ သို့မဟုတ် ဆော့ဖရင်တို့က ဤအခန်းငယ်၌ နိမ့်စွာကိုင်းညွတ်သူမှာ ယေဟောဝါမဟုတ်ဘဲ ယေရမိဖြစ်သည်ဟုဆိုကြ၏။ ထိုသို့ နှိမ့်ချသောအပြုအမူကို ဘုရားသခင်ပြုရန်မသင့်တော်ဟု သူတို့ယူဆကြ၍ဖြစ်မည်။ ယင်းကြောင့် ဘာသာပြန်ကျမ်းများစွာက ဤနှစ်လို့ဖွယ်ကောင်းလှသောအခန်းငယ်ကို သဘောမပေါက်ကြချေ။ သို့သော် ဘုရားသခင်အား ယေရမိက “သတိရတော်မူပါ၊ အိုသတိရတော်မူပါ! အကျွန်ုပ်ထံ ကိုင်းညွတ်တော်မူပါ” ဟုပြောဆိုကြောင်း အင်္ဂလိပ်ကျမ်းစာသစ်က တိကျမှန်ကန်စွာပြန်ဆိုထားသည်။

^ အပိုဒ်၊ 7 အခြားဘာသာပြန်ကျမ်းများက “ဉာဏ်ပညာမှဆင်းသက်လာသော နှိမ့်ချခြင်း” ဟူ၍လည်းကောင်း၊ “ဉာဏ်ပညာ၏ထင်ရှားသောအမှတ်လက္ခဏာဖြစ်သည့် နူးညံ့သိမ်မွေ့ခြင်း” ဟူ၍လည်းကောင်းပြန်ဆို၏။

^ အပိုဒ်၊ 12 စိတ်ဝင်စားစရာကား စိတ်ရှည်ခြင်းနှင့် မာနထောင်လွှားခြင်းသည် လုံးဝဆန့်ကျင်ကြောင်း သမ္မာကျမ်းစာဖော်ပြထားခြင်းဖြစ်သည်။ (ဒေသနာ ၇:၈) ယေဟောဝါ၏စိတ်ရှည်ခြင်းက ကိုယ်တော့်စိတ်နှိမ့်ချမှုကို ထပ်၍သက်သေထူသည်။—၂ ပေတရု ၃:၉

^ အပိုဒ်၊ 18 ဆာလံ ၈၆:၅ [သမ္မာ] တွင် ယေဟောဝါသည် “ကောင်းသောသဘော၊ အပြစ်လွှတ်လိုသောသဘော” ရှိ၏ဟု ဖော်ပြထားသည်။ ထိုဆာလံကျမ်းကို ဂရိစကားသို့ ဘာသာပြန်ဆိုသောအခါ “အပြစ်လွှတ်လိုသောသဘော” ဟူသည့်အသုံးအနှုန်းကို အီ.ပီ.အေ.ကိစ် သို့မဟုတ် “အကျိုးသင့်အကြောင်းသင့်ရှိခြင်း” ဟု ပြန်ဆိုထားသည်။