မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂၁

“ဘုရားသခင့်အထံတော်မှဖြစ်သောပညာ” ကို ယေရှုဖော်ပြ

“ဘုရားသခင့်အထံတော်မှဖြစ်သောပညာ” ကို ယေရှုဖော်ပြ

၁-၃။ ယေရှု၏အိမ်နီးချင်းဟောင်းများသည် ကိုယ်တော်၏သွန်သင်ချက်ကို မည်သို့တုံ့ပြန်ခဲ့ကြသနည်း၊ ကိုယ်တော်နှင့်ပတ်သက်၍ အဘယ်အရာကို အသိအမှတ်မပြုကြသနည်း။

ပရိသတ်သည် မိန်းမောတွေဝေသွား၏။ လူရွယ်ယေရှုသည် တရားဇရပ်၌ သူတို့ရှေ့တွင်ရပ်၍ သွန်သင်ပေးနေသည်။ ကိုယ်တော်သည် သူစိမ်းမဟုတ်၊ သူတို့မြို့ရွာ၌ပင် ကြီးပြင်းလာခဲ့ပြီး လက်သမားတစ်ဦးအဖြစ် သူတို့အကြားတွင် နှစ်ချီလုပ်ကိုင်စားသောက်ခဲ့၏။ ဖြစ်နိုင်ရာမှာ သူတို့၏အိမ်ကို ယေရှုကူညီဆောက်လုပ်ပေးခဲ့မည်၊ သူတို့လယ်တွင်အသုံးပြုသော ထယ်များနှင့် ထမ်းပိုးတို့ကို ယေရှုပြုလုပ်ခဲ့ပေမည်။ * သို့သော် ယခင်က လက်သမားတစ်ဦးဖြစ်သူ၏သွန်သင်ချက်ကို သူတို့ မည်သို့တုံ့ပြန်ကြမည်နည်း။

နားထောင်နေကြသူအများက အံ့ဩတကြီး ဤသို့မေးမြန်းခဲ့သည်– ‘ဤသူသည် ဤပညာကို အဘယ်မှာရသနည်း။’ “သူသည် လက်သမားသားမဟုတ်ပေလော။ သူ့အမိကား မာရိအမည်ရှိသည်မဟုတ်လော” ဟူ၍လည်းဆိုကြသည်။ (မဿဲ ၁၃:၅၄-၅၈; မာကု ၆:၁-၃) ဝမ်းနည်းစရာကား ယေရှု၏ အိမ်နီးချင်းဟောင်းတို့က ‘ဤလက်သမားသည် ငါတို့ကဲ့သို့ပင် နယ်ခံတစ်ဦးဖြစ်သည်’ ဟုဆင်ခြင်ခဲ့ကြ၏။ ကိုယ်တော်၏ပညာရှိစကားများကို ကြားနာခဲ့ရသော်လည်း ကိုယ်တော့်ကို သူတို့ငြင်းပယ်ကြသည်။ ကိုယ်တော်ပြောဆိုသော ဉာဏ်ပညာစကားသည် ကိုယ်တော့်ကိုယ်ပိုင်စကားမဟုတ်ကြောင်း သူတို့လုံးဝမသိကြချေ။

အမှန်အားဖြင့် ဤဉာဏ်ပညာကို ယေရှု အဘယ်မှရရှိခဲ့သနည်း။ ကိုယ်တော်က “ငါဟောသောဒေသနာသည် ငါ၏ဒေသနာမဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောသူ၏ ဒေသနာဖြစ်၏” ဟုမိန့်တော်မူသည်။ (ယောဟန် ၇:၁၆) ယေရှုသည် “ဘုရားသခင့်အထံတော်မှဖြစ်သောပညာ” ဟု တမန်တော်ပေါလုရှင်းပြခဲ့သည်။ (၁ ကောရိန္သု ၁:၃၀သမ္မာ) ယေဟောဝါကိုယ်တော်တိုင်၏ဉာဏ်ပညာကို သားတော်ယေရှုအားဖြင့် ထုတ်ဖော်ပြခဲ့ပြီ။ ယင်းသည် မည်မျှမှန်ကန်သနည်းဟူမူ ယေရှုက “ငါသည်ငါ့ခမည်းတော်နှင့် တစ်လုံးတစ်ဝတည်းဖြစ်သည်” ဟုမိန့်တော်မူနိုင်ခဲ့သည်။ (ယောဟန် ၁၀:၃၀) “ဘုရားသခင့်အထံတော်မှဖြစ်သောပညာ” ကို ယေရှုဖော်ပြခဲ့သည့် နယ်ပယ်သုံးရပ်ကို ဆန်းစစ်ကြည့်ကြပါစို့။

ကိုယ်တော်သွန်သင်ခဲ့သည့်တရား

၄။ (က) ယေရှု၏သတင်းစကား အဓိကအချက်ကား အဘယ်နည်း၊ ယင်းသည် အဘယ်ကြောင့် အလွန်အရေးကြီးသနည်း။ (ခ) ယေရှု၏ဆုံးမစကားသည် အဘယ်ကြောင့်အမြဲလက်တွေ့ကျပြီး ကြားနာသူတို့အတွက် အကျိုးအရှိဆုံးဖြစ်သနည်း။

ဦးဆုံး၊ ယေရှု သွန်သင်ခဲ့သည့်အကြောင်းကို သုံးသပ်ကြည့်ပါ။ ကိုယ်တော့်သတင်းစကား၏အဓိကအချက်မှာ “ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း” ဖြစ်သည်။ (လုကာ ၄:၄၃ကဘ) ယင်းသည် အလွန်အရေးကြီးသည်၊ အကြောင်းမှာ ယေဟောဝါ၏ပိုင်သအုပ်စိုးမှု သင်္ကာယနကင်းရှင်းရေးနှင့် လူသားတို့အတွက် တည်မြဲမည့်ကောင်းချီးများရရှိစေခြင်းသည် ဘုရားသခင့်နိုင်ငံတော်အားဖြင့်ဖြစ်ပေလိမ့်မည်။ ယေရှု၏သွန်သင်ပေးချက်တွင် နေ့စဉ်အသက်ရှင်နေထိုင်ရေးအတွက် ပညာရှိဆုံးမစကားများလည်း ပါရှိသည်။ ကိုယ်တော်သည် တင်ကူးဟောထားသည့် “အံ့ဖွယ်တိုင်ပင်ဖက်” ဖြစ်ကြောင်းသက်သေထူခဲ့သည်။ (ဟေရှာယ ၉:၆သမ္မာ) ကိုယ်တော်၏ဆုံးမစကားသည် အံ့ဖွယ်မဟုတ်ဘဲ မည်သို့ဖြစ်နိုင်မည်နည်း။ ကိုယ်တော်သည် ဘုရားသခင့်နှုတ်ကပါဌ်တော်နှင့် အလိုတော်ကို နက်နက်နဲနဲသိနားလည်ထား၏၊ လူ့သဘောသဘာဝကို ထက်မြက်စွာသိနားလည်သည့်အပြင် လူအပေါင်းကို အလွန်ချစ်တော်မူ၏။ သို့ဖြစ်၍ ကိုယ်တော်၏ဆုံးမစကားသည် အမြဲပင်လက်တွေ့ကျပြီး ကြားနာသူတို့အတွက် အကျိုးအရှိဆုံးဖြစ်သည်။ ယေရှုမြွက်ဆိုသောစကားများသည် “ထာဝရအသက်နှင့်ယှဉ်သောစကား” ဖြစ်သည်။ မှန်ပါသည်၊ ကိုယ်တော်၏ဆုံးမစကားကို လိုက်နာကျင့်သုံးလျှင် ကယ်တင်ခြင်းရမည်။—ယောဟန် ၆:၆၈

၅။ တောင်ပေါ်ဒေသနာတွင် ယေရှုဟောခဲ့သည့် အကြောင်းအရာအချို့ကား အဘယ်နည်း။

တောင်ပေါ်ဒေသနာသည် ယေရှု၏သွန်သင်ချက်၌တွေ့ရှိရသည့် တုနှိုင်းမရသောဉာဏ်ပညာ၏ ထူးခြားသော ပုံနမူနာဖြစ်သည်။ မဿဲ ၅:၃–၇:၂၇ တွင် မှတ်တမ်းတင်ထားသည့် ဤဒေသနာတော်ကို ဟောကြားရန် မိနစ် ၂၀ မျှသာ အချိန်ကြာပေလိမ့်မည်။ သို့သော် ၎င်း၏ဆုံးမစကားများမှာ အချိန်အကန့်အသတ်မရှိ၊ ယင်းကို ဟောပြောခဲ့ချိန်ကကဲ့သို့ ယနေ့ထိတိုင် သက်ဆိုင်ဆီလျော်ပါသည်။ ယေရှုသည် အကြောင်းအရာအမျိုးမျိုးဖြစ်သည့် အခြားသူတို့နှင့်ဆက်ဆံရေးကို မည်သို့တိုးတက်စေနိုင်မည် (၅:၂၃-၂၆၃၈-၄၂; ၇:၁-၅၊ ၁၂)၊ အကျင့်စာရိတ္တ မည်သို့စင်ကြယ်နိုင်မည် (၅:၂၇-၃၂)၊ အဓိပ္ပာယ်ရှိရှိ မည်သို့အသက်ရှင်နေထိုင်နိုင်မည် (၆:၁၉-၂၄; ၇:၂၄-၂၇) အစရှိသည်တို့ အပါအဝင် အကြောင်းစုံဟောပြောခဲ့သည်။ သို့သော် ယေရှုသည် မိမိ၏စကားကိုနားထောင်သူတို့အား ပညာရှိလမ်းစဉ်အကြောင်း မိန့်ဆိုရုံထက်မက ပြုတော်မူ၏; ၎င်းကို ရှင်းပြခြင်း၊ ဆင်ခြင်ခြင်း၊ သက်သေအထောက်အထားပေးခြင်းအားဖြင့် ကိုယ်တော် ပြသတော်မူခဲ့၏။

၆-၈။ (က) စိုးရိမ်ပူပန်မှုကိုရှောင်ရှားရန် အဘယ်စိတ်ဝင်စားဖွယ်အကြောင်းကောင်းများကို ယေရှုပေးသနည်း။ (ခ) ယေရှု၏ဆုံးမစကားသည် အထက်မှသက်ရောက်သောပညာဖြစ်ကြောင်း အဘယ်အရာကဖော်ပြသနည်း။

ဥပမာ၊ မဿဲ အခန်းကြီး ၆ တွင်ဖော်ပြထားသည့် ပစ္စည်းဥစ္စာအတွက် စိုးရိမ်ပူပန်ခြင်းကို မည်သို့ကိုင်တွယ်ဖြေရှင်းနိုင်ကြောင်း ယေရှု၏ပညာရှိဆုံးမစကားကို သုံးသပ်ကြည့်ပါ။ ကိုယ်တော်က “အဘယ်သို့စားသောက်ရမည်ဟု အသက်အဖို့ မစိုးရိမ်ကြနှင့်။ အဘယ်သို့ဝတ်ရမည်ဟု ကိုယ်အဖို့ မစိုးရိမ်ကြနှင့်” ဟုအကြံပြုသည်။ (အခန်းငယ် ၂၅) အစားအစာနှင့် အဝတ်အစားသည် အခြေခံလိုအပ်ရာများဖြစ်၏၊ ဤအရာတို့ကိုရရှိဖို့ စိုးရိမ်ပူပန်ခြင်းသည် ဓမ္မတာပင်။ သို့သော် ယေရှုက ထိုအရာများအတွက် “မစိုးရိမ်ကြ” ရန် မိန့်မှာခဲ့သည်။ * အဘယ်ကြောင့်နည်း။

ခိုင်လုံစွာ ယေရှုရှင်းပြစဉ် နားထောင်ပါ။ ယေဟောဝါသည် ကျွန်ုပ်တို့ကို အသက်နှင့် ကိုယ်ခန္ဓာတစ်ခုပေးသနားထားသဖြင့် အသက်ဆက်ရှင်ဖို့ လိုအပ်သောအစာနှင့် ထိုကိုယ်ခန္ဓာအတွက် အဝတ်အထည် မပေးနိုင်ဘဲနေပါမည်လော။ (အခန်းငယ် ၂၅) ဘုရားသခင်သည် ငှက်တို့ကိုစားစရာပေး၍ ပန်းပွင့်များကို အလှအပနှင့်တန်ဆာဆင်ပေးလျှင် မိမိအားကိုးကွယ်ဝတ်ပြုသူ လူ့မိသားစုကြီးကို ထိုထက်မက ဂရုစိုက်စောင့်ရှောက်လိမ့်မည်ဖြစ်သည်! (အခန်းငယ် ၂၆၂၈-၃၀) အမှန်မှာ အစိုးရိမ်လွန်ခြင်းသည် အကျိုးမရှိပါ။ စိုးရိမ်ခြင်းဖြင့် ကျွန်ုပ်တို့၏အသက်ကို တစ်တောင်ခန့်မျှပင် တိုး၍မရှည်စေနိုင်ပေ။ * (အခန်းငယ် ၂၇) သို့ဖြစ်သောကြောင့် စိုးရိမ်ပူပန်မှုကို ကျွန်ုပ်တို့ မည်သို့ရှောင်ရှားနိုင်သနည်း။ ကျွန်ုပ်တို့ကို ယေရှုဤသို့ဆုံးမသည်– ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ခြင်းကို ဘဝတွင် ဆက်၍ဦးစားပေးပါ။ ထိုသို့ပြုသူတို့သည် သူတို့၏နေ့စဉ်အသက်တာ၌ လိုအပ်ရာများကို ကောင်းကင်ခမည်းတော် “ထပ်၍ပေးတော်မူ” မည်အကြောင်း ယုံကြည်စိတ်ချနိုင်သည်။ (အခန်းငယ် ၃၃) အဆုံး၌ ယေရှုက တစ်နေ့တာအတွက်ပဲ စဉ်းစားပါဟူသည့် လက်တွေ့အကျဆုံး အကြံဉာဏ်ကိုပေးခဲ့သည်။ နက်ဖြန်နေ့၏စိုးရိမ်ပူပန်မှုတို့ကို ယနေ့ အဘယ်ကြောင့်ထပ်ဆင့်ဖြည့်စွက်ရမည်နည်း။ (အခန်းငယ် ၃၄) ထို့အပြင် ဖြစ်ချင်မှဖြစ်မည့်အရာတို့အတွက် အဘယ်ကြောင့် အလွန်အမင်းပူပန်ရမည်နည်း။ ဤပညာရှိဆိုဆုံးမစကားကို လိုက်လျှောက်ခြင်းက ဖိစီးမှုအပြည့်ရှိ ဤကမ္ဘာပေါ်တွင် ဝမ်းနည်းပူဆွေးမှုကင်းဝေးစေနိုင်သည်။

ရှင်းနေသည်ကား ယေရှု၏ဆိုဆုံးမစကားသည် လွန်ခဲ့သောနှစ်ပေါင်း ၂,၀၀၀ နီးပါးခန့်ကကဲ့သို့ပင် ယနေ့တိုင် လက်တွေ့ကျဆဲပင်ဖြစ်သည်။ ယင်းသည် အထက်မှသက်ရောက်သော ဉာဏ်ပညာမဟုတ်ပေလော။ လူ့အကြံပေးပုဂ္ဂိုလ်တို့ထံမှ အကောင်းဆုံးအကြံဉာဏ်ပင်လျှင် ခေတ်နောက်ကျသွားတတ်ပြီး မကြာမီ ပြန်လည်ပြင်ဆင်ရ၏၊ သို့မဟုတ် အစားထိုးပေးရ၏။ ယေရှု၏သွန်သင်ချက်များမှာမူ ဤအချိန်အထိလက်တွေ့ကျသေး၍ အကျိုးလည်းရှိသည်။ သို့သော် ယင်းသည် အံ့ဩစရာမဟုတ်ပေ၊ အကြောင်းမှာ ဤအံ့သြဖွယ်တိုင်ပင်ဖက်သည် “ဘုရားသခင်၏စကားတော်ကို” ပြောဆိုခဲ့ခြင်းကြောင့်တည်း။—ယောဟန် ၃:၃၄

ကိုယ်တော်သွန်သင်ပုံသွန်သင်နည်း

၉။ ယေရှု၏သွန်သင်နည်းအကြောင်း စစ်သားအချို့က မည်သို့ပြောခဲ့ကြသနည်း၊ ယင်းသည် အဘယ်ကြောင့် ချဲ့ကားပြောဆိုခြင်းမဟုတ်သနည်း။

ဘုရားသခင့်ဉာဏ်ပညာတော်ကို ယေရှုရောင်ပြန်ဟပ်သည့် ဒုတိယနယ်ပယ်မှာ ကိုယ်တော်၏သွန်သင်ပုံသွန်သင်နည်းဖြစ်သည်။ တစ်ချိန်တစ်ခါတွင် ကိုယ်တော်အား ဖမ်းဆီးရန် စေလွှတ်ခံရသောစစ်သားအချို့က လက်ချည်းပြန်လာ၍ “ထိုသူဟောပြောသကဲ့သို့ အဘယ်သူမျှမဟောစဖူးပါ” ဟုပြောကြသည်။ (ယောဟန် ၇:၄၅၊ ၄၆) ယင်းသည် ချဲ့ကားပြောဆိုခြင်းမဟုတ်ပေ။ အသက်ရှင်ခဲ့သမျှလူသားတို့တွင် “အထက်သား” ဖြစ်သောသခင်ယေရှုတွင် မိမိထုတ်ယူပြောဆိုနိုင်သည့် အသိပညာနှင့် အတွေ့အကြုံဆိုင်ရာ အကြီးမားဆုံးသိုမှီးထားရာရှိ၏။ (ယောဟန် ၈:၂၃) အခြားမည်သူတစ်ဦးမျှ မသွန်သင်နိုင်ရာကို ကိုယ်တော် အမှန်ပင် သွန်သင်ပေးခဲ့သည်။ ဤပညာရှိဆရာ၏ နည်းများမှနှစ်ခုကိုသာ သုံးသပ်ကြည့်ပါ။

‘ပရိသတ်အပေါင်းတို့သည် ကိုယ်တော်၏သွန်သင်ပုံကို အလွန်အံ့သြကြ၏’

၁၀၊ ၁၁။ (က) ပုံဥပမာများ ယေရှုအသုံးပြုခြင်းကို ကျွန်ုပ်တို့ အဘယ်ကြောင့်အံ့သြကြရသနည်း။ (ခ) ပုံဆောင်စကားများကား အဘယ်နည်း၊ ယေရှု၏ပုံဆောင်စကားများသည် သွန်သင်ခြင်းအတွက် အလွန်ထိရောက်ကြောင်း အဘယ်ဥပမာကဖော်ပြသနည်း။

၁၀ ထိရောက်သောပုံဥပမာများကို အသုံးပြုသည်။ “ယေရှုသည် . . . ဥပမာအားဖြင့် ပရိသတ်တို့အား ဟောပြောတော်မူ” ကြောင်း ကျွန်ုပ်တို့သိရသည်။ “ဥပမာကင်း၍ ဟောပြောတော်မမူ။” (မဿဲ ၁၃:၃၄သမ္မာ) နေ့စဉ်အဖြစ်အပျက်များကိုအသုံးပြု၍ အဓိပ္ပာယ်လေးနက်သောအမှန်တရားကို သွန်သင်ပေးနိုင်သည့် ကိုယ်တော်၏တုနှိုင်းမရစွမ်းရည်ကို မအံ့သြဘဲမနေနိုင်ကြချေ။ လယ်သမားများပျိုးကြဲကြခြင်း၊ အမျိုးသမီးများ မုန့်နယ်ကြခြင်း၊ ဈေး၌ကလေးများကစားနေကြခြင်း၊ တံငါသည်များ ကွန်ဆွဲနေကြခြင်း၊ ပျောက်ဆုံးသွားသောသိုးကို သိုးထိန်းများက ရှာဖွေခြင်းစသည့် မြင်ကွင်းတို့ကို ကိုယ်တော်၏ပရိသတ်မှသူတို့ ကြိမ်ဖန်များစွာတွေ့မြင်ခဲ့ကြရသည်။ အရေးကြီးသောအမှန်တရားများကို ကျွန်ုပ်တို့အကျွမ်းတဝင်ရှိသောအရာတို့နှင့် ဆက်စပ်ဖော်ပြသောအခါ ထိုသို့သောအမှန်တရားများသည် စိတ်နှလုံးထဲတွင် လျင်မြန်စွာနှင့် နက်ရှိုင်းစွာ စွဲမှတ်သွားသည်။—မဿဲ ၁၁:၁၆-၁၉; ၁၃:၃-၈၊ ၃၃၊ ၄၇-၅၀; ၁၈:၁၂-၁၄

၁၁ ယေရှုသည် အခါအားလျော်စွာ ပုံဆောင်စကားများကို သုံးလေ့ရှိ၏၊ ထိုပုံတိုပတ်စတို့မှ ကျင့်ဝတ် သို့မဟုတ် ဝိညာဉ်ရေးဆိုင်ရာအမှန်တရားကို ထုတ်နုတ်သင်ယူနိုင်သည်။ နားလည်နိုင်ခဲသော ယူဆချက်များထက် ပုံပြင်များသည် အလွယ်တကူနားလည်၍ မှတ်မိစေသောကြောင့် ထိုပုံဆောင်စကားများသည် ယေရှု၏သွန်သင်ချက်ကို သတိရနေစေသည်။ ယေရှုသည် မိမိ၏ခမည်းတော်ကို ပုံဆောင်စကားများစွာဖြင့် ကွင်းကွင်းကွက်ကွက် ပုံဖော်ခဲ့ရာ ၎င်းတို့ကို လွယ်လင့်တကူမမေ့နိုင်ချေ။ ဥပမာ၊ သားမိုက်ပုံဆောင်စကား၏ဆိုလိုရင်းဖြစ်သည့် တစ်စုံတစ်ဦး လမ်းလွဲသွား၍ စစ်မှန်သောနောင်တရသောအခါ ယေဟောဝါသည် ထိုသူကိုသနားပြီး ချစ်ခင်ကြင်နာစွာ ပြန်လက်ခံလိမ့်မည်ဖြစ်ကြောင်းကို မည်သူနားမလည်နိုင်ဘဲရှိမည်နည်း။—လုကာ ၁၅:၁၁-၃၂

၁၂။ (က) သွန်သင်ပေးရာတွင် ယေရှုသည် မေးခွန်းများကို အဘယ်နည်းဖြင့် အသုံးပြုခဲ့သနည်း။ (ခ) ယေရှု၏အခွင့်အာဏာကို စစ်ကြောလိုသူတို့အား ကိုယ်တော်မည်သို့ ရေငုံနှုတ်ပိတ်သွားစေခဲ့သနည်း။

၁၂ မေးခွန်းများကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတော်မူသည်။ ယေရှု၏တရားနာသူတို့သည် သူတို့ဘာသာ ကောက်ချက်များချသွားစေရန်၊ သူတို့၏စိတ်သဘောထားကိုဆန်းစစ်၍ ကိုယ်ပိုင်ဆုံးဖြတ်ချက်များချစေရန် မေးခွန်းများကို ကိုယ်တော်အသုံးပြုခဲ့၏။ (မဿဲ ၁၂:၂၄-၃၀; ၁၇:၂၄-၂၇; ၂၂:၄၁-၄၆) ဘာသာရေးခေါင်းဆောင်တို့က ကိုယ်တော်၌ ဘုရားပေးအခွင့်အာဏာရှိ၊ မရှိ မေးမြန်းသောအခါ ယေရှုဤသို့ပြန်ဖြေခဲ့သည်– “ယောဟန်၏ဗတ္တိဇံတရားသည် ဘုရားကဖြစ်သလော၊ လူကဖြစ်သလော။” ထိုသို့အမေးခံရခြင်းကြောင့် မှင်တက်မိသွားကြပြီး အချင်းချင်း ဤသို့ဆင်ခြင်ကြသည်– “‘ဘုရားကဖြစ်သည်’ ဟုငါတို့ဖြေလျှင်၊ ‘သင်တို့သည် ယောဟန်ကိုအဘယ်ကြောင့်မယုံသနည်း’ ဟု သူမေးလေဦးမည်။ ‘လူကဖြစ်သည်’ ဟုငါတို့ဖြေလျှင်၊ လူများကိုကြောက်ရ၏။ ယောဟန်သည် ပရောဖက်အမှန်ဖြစ်သည်ကို လူအပေါင်းတို့သည်အယူရှိကြ၏။” နောက်ဆုံး သူတို့က “အကျွန်ုပ်တို့မသိပါ” ဟုဖြေကြားခဲ့သည်။ (မာကု ၁၁:၂၇-၃၃; မဿဲ ၂၁:၂၃-၂၇) ယေရှုသည် မေးခွန်းရိုးရိုးလေးဖြင့် သူတို့ကို ရေငုံနှုတ်ပိတ်သွားစေပြီး သူတို့၏ နှလုံးစဉ်းလဲမှုကို ထုတ်ဖော်ပြခဲ့သည်။

၁၃-၁၅။ ကိုယ်နှင့်စပ်ဆိုင်သောရှမာရိအကြောင်းသည် ယေရှု၏ဉာဏ်ပညာတော်ကို မည်သို့ထင်ပေါ်စေသနည်း။

၁၃ ယေရှုသည် ရံဖန်ရံခါ စဉ်းစားစရာဖြစ်စေသောမေးခွန်းများကို ကိုယ်တော်၏ပုံဥပမာများ၌ ထည့်သွင်းဟောပြောလေ့ရှိသည်။ ဂျူးကျမ်းတတ်တစ်ဦးက ယေရှုအား ထာဝရအသက်ရရန် အဘယ်အရာလိုအပ်ကြောင်း မေးမြန်းသောအခါ ဘုရားသခင်နှင့် အိမ်နီးချင်းကိုချစ်ရမည်ဟူသော မောရှေ၏ပညတ်ကို ကိုယ်တော်ထောက်ပြခဲ့သည်။ ထိုသူက မိမိကိုယ်ကိုဖြောင့်မတ်သူအဖြစ် ဖော်ပြလို၍ “အဘယ်သူသည် အကျွန်ုပ်နှင့်စပ်ဆိုင်သောသူဖြစ်ပါသနည်း” ဟုမေးမြန်းသည်။ ယေရှုက ပုံပြင်တစ်ပုဒ်ကိုမိန့်တော်မူ၍ ဖြေကြားခဲ့၏။ ဂျူးတစ်ဦးသည် တစ်ယောက်တည်းခရီးသွားစဉ် ဓားပြတိုက်ခံရပြီး သေလုမျောပါး ပစ်ထားခံခဲ့ရသည်။ ထိုအခါ ဂျူးလူမျိုးနှစ်ဦး ပထမတစ်ဦးမှာ ယဇ်ပုရောဟိတ်ဖြစ်၍ နောက်တစ်ဦးမှာ လေဝိသားတို့ ဖြတ်သန်းလာကြသည်။ နှစ်ဦးစလုံးက သူ့ကို ဥပေက္ခာပြုသွားကြ၏။ သို့သော် ရှမာရိလူတစ်ဦးသည် ထိုအရပ်သို့ရောက်လာသည်။ သနားစိတ်ကြောင့် ဓားပြတိုက်ခံရသူ၏ဒဏ်ရာများကို အသာအယာဆေးထည့်၍ စည်းပေးပြီးလျှင် ထိုသူ နာလန်ထူလာနိုင်မည့် လုံခြုံသောဇရပ်တစ်ခုသို့ ကြင်နာစွာခေါ်ဆောင်သွားခဲ့၏။ ထိုပုံပြင်၏နိဂုံးတွင် ယေရှုက ကိုယ်တော်အားမေးမြန်းသူကို “ထိုသူသုံးယောက်တို့တွင် အဘယ်သူသည် ဓားပြလက်သို့ရောက်သောသူနှင့် စပ်ဆိုင်သောသူဖြစ်သနည်း” ဟုမေးလေသည်။ ထိုသူက “လူနာကိုသနားသောသူသည် စပ်ဆိုင်သောသူဖြစ်ပါ၏” ဟုမဖြစ်မနေဖြေဆိုရသည်။ —လုကာ ၁၀:၂၅-၃၇

၁၄ ထိုပုံဆောင်စကားက ယေရှု၏ဉာဏ်ပညာကို မည်သို့ထင်ပေါ်စေသနည်း။ ယေရှုအချိန်က ဂျူးတို့သည် “စပ်ဆိုင်သောသူ” ဟူသောအသုံးအနှုန်းကို မိမိတို့၏ထုံးစံဓလေ့များ လိုက်နာကြသူတို့နှင့်ပတ်သက်၍သာ အသုံးပြု၏၊ ရှမာရိလူမျိုးကို စပ်ဆိုင်သောသူဟု လုံးဝမယူမှတ်ကြချေ။ (ယောဟန် ၄:၉) ကိုယ်တော်သည် မိမိ၏ပုံပြင်တွင် ဓားပြတိုက်ခံရသူကို ရှမာရိလူဟုဆို၍ အကူအညီပေးသူကား ဂျူးတစ်ဦးဖြစ်သည်ဟုဆိုလျှင် စိတ်စွန်းကွက်မှု ပျောက်ကင်းသွားပါမည်လော။ ယေရှုသည် ရှမာရိတစ်ဦးက ဂျူးတစ်ဦးကို သနားကြင်နာစွာ ဂရုတစိုက်ပြုစုခဲ့သည်ဟု ပညာရှိစွာ ဇာတ်လမ်းထွင်မိန့်ဆိုခဲ့သည်။ ထိုပုံပြင်အဆုံး၌ ယေရှုမေးခဲ့သောမေးခွန်းကိုလည်း သတိပြုပါ။ “စပ်ဆိုင်သောသူ” အသုံးအနှုန်းကို မည်သူနှင့်စပ်လျဉ်း၍ အသုံးပြုသင့်ကြောင်း ကိုယ်တော်အာရုံပြောင်းမိန့်ဆိုခဲ့သည်။ ကျမ်းတတ်က ‘ကျွန်တော့်ရဲ့ အိမ်နီးချင်းမေတ္တာကို ဘယ်သူ့ကိုပြရမလဲ’ ဟုမေးသည့်သဘောသက်ရောက်သည်။ သို့သော် ယေရှုက “ထိုသူသုံးယောက်တို့တွင် အဘယ်သူသည် ဓားပြလက်သို့ရောက်သောသူနှင့် စပ်ဆိုင်သောသူဖြစ်သနည်း” ဟုမေးမြန်းခဲ့သည်။ ယေရှုသည် သနားကြင်နာမှု ပြခံခဲ့ရသူ၊ ဒဏ်ရာရသူအပေါ် အာရုံမစိုက်စေဘဲ သနားကြင်နာမှုပြသခဲ့သူ၊ ရှမာရိအပေါ် အာရုံစိုက်စေခဲ့၏။ အိမ်နီးချင်းကောင်းသည် အခြားသူ၏လူမျိုးရေးနောက်ခံကိုမကြည့်ဘဲ မေတ္တာစတင်ပြတတ်သည်။ ယေရှုသည် ကိုယ်တော်၏ဆိုလိုရင်းကို အမှန်တကယ်ထိရောက်စွာ ဖော်ပြလိုက်ပေသည်။

၁၅ ယင်းကြောင့် ယေရှု၏ ‘ဆုံးမတော်မူခြင်း’ ကို လူတို့အလွန်အံ့အားသင့်ခဲ့ကြပြီး ကိုယ်တော်ထံ ချဉ်းကပ်လာကြခြင်းမှာ အံ့ဩစရာဖြစ်ပါမည်လော။ (မဿဲ ၇:၂၈၊ ၂၉) တစ်ချိန်တစ်ခါက ‘စုဝေးလာသောအလွန်များ’ သူတို့သည် အစာမစားဘဲ သုံးရက်ပတ်လုံး ကိုယ်တော့်အနီးတွင် နေခဲ့ကြသည်တကား!—မာကု ၈:၁၊ ၂

ကိုယ်တော်၏ဘဝလမ်းစဉ်

၁၆။ ယေရှုသည် ဘုရားသခင့်ဉာဏ်ပညာတော်၏ ချုပ်ထိန်းမှုကိုခံကြောင်း အဘယ်နည်းဖြင့် “လက်တွေ့သက်သေ” ပြခဲ့သနည်း။

၁၆ ယေဟောဝါ၏ဉာဏ်ပညာတော်ကို ယေရှုပေါ်လွင်စေခဲ့သည့် တတိယနယ်ပယ်မှာ ကိုယ်တော်၏ဘဝလမ်းစဉ်ပင်ဖြစ်သည်။ ဉာဏ်ပညာက လက်တွေ့ကျပြီး အကျိုးသက်ရောက်၏။ တပည့်တော်ယာကုပ်က ‘သင်တို့တွင် မည်သူဉာဏ်ပညာရှိသနည်း’ ဟုမေးမြန်းခဲ့သည်။ ထို့နောက် သူကိုယ်တိုင် ဤသို့ဖြေဆိုသည်– “ထိုသူ၏ဖြောင့်မတ်သောအကျင့်က လက်တွေ့သက်သေဖြစ်ပါစေ။” (ယာကုပ် ၃:၁၃အင်္ဂလိပ်ကျမ်းစာသစ်) ယေရှုပြုမူကျင့်ကြံပုံက ကိုယ်တော်သည် ဘုရားသခင့်ဉာဏ်ပညာတော်၏ ချုပ်ထိန်းမှုကိုခံကြောင်း “လက်တွေ့သက်သေ” ဖြစ်သည်။ ကိုယ်တော်၏ဘဝပုံစံ၌ဖြစ်စေ၊ အခြားသူတို့နှင့် ကိုယ်တော်ဆက်ဆံသည့်အခါဖြစ်စေ ချင့်ချိန်ဆုံးဖြတ်ပြုမူခြင်းကို မည်သို့ဖော်ပြကြောင်း သုံးသပ်ကြည့်ကြစို့။

၁၇။ ယေရှု၏ဘဝသည် အဘက်ဘက်တွင်ဟန်ချက်ညီ မျှတကြောင်း အဘယ်အရာများက ဖော်ပြသနည်း။

၁၇ ချင့်ချင့်ချိန်ချိန် မဆုံးဖြတ်တတ်သူတို့သည် တစ်ဖက်စွန်းရောက်တတ်ကြောင်း သင်သတိပြုမိသလော။ မှန်ပါသည်၊ ဟန်ချက်ညီ၍ မျှတမှုရှိရန် ဉာဏ်ပညာရှိဖို့လို၏။ ယေရှုသည် ဘုရားရေးရာဉာဏ်ပညာကို ထင်ဟပ်ပြခဲ့သဖြင့် အဘက်ဘက်တွင်ဟန်ချက်ညီ မျှတ၏။ ကိုယ်တော်သည် အရာအားလုံးတို့ထက် မိမိဘဝအသက်တာတွင် ဝိညာဉ်ရေးရာကို ဦးထိပ်ထားသည်။ သတင်းကောင်းကြွေးကြော်ခြင်းလုပ်ငန်းတွင် ကိုယ်တော်အလွန်အလုပ်များခဲ့၏။ “ထိုသို့အလိုငှာ ငါကြွလာပြီ” ဟူ၍ပင် ကိုယ်တော်မိန့်ဆိုခဲ့သည်။ (မာကု ၁:၃၈) ကိုယ်တော့်အတွက် ပစ္စည်းဥစ္စာသည် အဓိကမဟုတ်ပေ; ပစ္စည်းဥစ္စာအနည်းငယ်သာရှိပုံရ၏။ (မဿဲ ၈:၂၀) သို့သော် ကိုယ်တော်သည် အလွန့်အလွန်ခြိုးခြံ၍ကျင့်သူတစ်ဦးမဟုတ်ခဲ့ပေ။ ကိုယ်တော်၏ဖခင်သည် “ပျော်ရွှင်သောဘုရားသခင်” ဖြစ်သည့်နည်းတူ ယေရှုလည်း ပျော်ပျော်ရွှင်ရွှင်နေတတ်သူတစ်ဦးဖြစ်ပြီး အခြားသူတို့ကို ဝမ်းမြောက်ရွှင်လန်းစေတော်မူခဲ့သည်။ (၁ တိမောသေ ၁:၁၁ကဘ; ၆:၁၅၊ ကဘ) တီးမှုတ်သီချင်းဆိုခြင်းနှင့် ပျော်ရွှင်မှုအမှန်ရှိမည့် မင်္ဂလာဧည့်ခံပွဲတစ်ခုကို ကိုယ်တော်တက်ရောက်ခဲ့သောအခါ အဆိုပါအခါသမယကို ငြီးငွေ့စရာဖြစ်စေရန် ကိုယ်တော်သွားခဲ့မည်မဟုတ်သည်မှာ သေချာသည်။ ထိုတွင် စပျစ်ရည်ကုန်သွားသည့်အခါ “လူတို့ကိုရွှင်လန်းစေ” သောဖျော်ရည်ဖြစ်သည့် ကောင်းမွန်သောစပျစ်ရည်ကို ရေမှဖြစ်စေတော်မူခဲ့သည်။ (ဆာလံ ၁၀၄:၁၅; ယောဟန် ၂:၁-၁၁) ယေရှုအားဖိတ်ကြားခဲ့သည့် စားသောက်ပွဲများစွာသို့ ကိုယ်တော်သွားပြီး ထိုအခါသမယတို့၌ သွန်သင်ပေးရန် အခွင့်အရေးယူလေ့ရှိသည်။—လုကာ ၁၀:၃၈-၄၂; ၁၄:၁-၆

၁၈။ တပည့်တော်တို့နှင့် ယေရှုဆက်ဆံရာတွင် အပြစ်တင်ဖွယ်မရှိ စီရင်ဆုံးဖြတ်ပြုမူခဲ့ကြောင်း မည်သို့ထင်ရှားသနည်း။

၁၈ အခြားသူတို့နှင့် ယေရှုဆက်ဆံရာတွင် အပြစ်တင်ဖွယ်မရှိ စီရင်ဆုံးဖြတ်ပြုမူခဲ့ကြောင်း ထင်ရှားခဲ့သည်။ လူ့သဘောမနောကို ကိုယ်တော်ထိုးထွင်းသိမြင်သည့်အတွက် တပည့်တော်တို့ကို အမြင်ရှင်းရှင်းဖြင့် ချင့်ချိန်ခန့်မှန်းနိုင်ခဲ့သည်။ သူတို့သည် မစုံလင်ကြကြောင်း ကိုယ်တော်ကောင်းစွာသိတော်မူ၏။ သို့တိုင် သူတို့၏အရည်အချင်းကောင်းများကို ကိုယ်တော်သတိပြုမိသည်။ ယေဟောဝါသွေးဆောင်တော်မူခဲ့သော ဤသူတို့တွင်ရှိသည့်စွမ်းရည်ကို ကိုယ်တော်တွေ့မြင်သည်။ (ယောဟန် ၆:၄၄) သူတို့၌ ချွတ်ယွင်းချက်များရှိကြသော်လည်း သူတို့ကို ကိုယ်တော်တလိုတလား ယုံကြည်စိတ်ချသည်။ ကိုယ်တော်သည် မိမိ၏တပည့်တော်များအား ကြီးလေးသောတာဝန် လွှဲအပ်ပေးခြင်းဖြင့် သူတို့ကိုယုံကြည်စိတ်ချကြောင်း ဖော်ပြခဲ့သည်။ သတင်းကောင်းဟောပြောခြင်းလုပ်ငန်းကို တာဝန်အပ်နှင်းတော်မူပြီး သူတို့တာဝန်ကျေပွန်စွာထမ်းဆောင်နိုင်မည်ကို ကိုယ်တော်ယုံကြည်စိတ်ချခဲ့၏။ (မဿဲ ၂၈:၁၉၊ ၂၀) ကိုယ်တော်မိန့်မှာခဲ့သောလုပ်ငန်းကို သူတို့သစ္စာရှိရှိလုပ်ဆောင်ခဲ့ကြောင်း တမန်တော်ဝတ္ထုက သက်သေထူသည်။ (တမန်တော် ၂:၄၁၊ ၄၂; ၄:၃၃; ၅:၂၇-၃၂) ယေရှုသည် သူတို့ကို ဉာဏ်အမြော်အမြင်ရှိရှိ ယုံကြည်စိတ်ချ၍ ဆင်ခြင်ပြုမူခဲ့ကြောင်းထင်ရှားသည်။

၁၉။ “နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ” ကြောင်း ယေရှု မည်သို့ဖော်ပြခဲ့သနည်း။

၁၉ အခန်း ၂၀ တွင် ကျွန်ုပ်တို့သတိပြုမိခဲ့သည့်အတိုင်း သမ္မာကျမ်းစာက နှိမ့်ချခြင်းနှင့် နူးညံ့သိမ်မွေ့ခြင်းကို ဉာဏ်ပညာနှင့် ပူးတွဲဆက်စပ်ဖော်ပြခဲ့၏။ ယင်းနှင့်ပတ်သက်၍ ယေဟောဝါသည် အမှန်တကယ်ပင် အကောင်းဆုံးစံနမူနာ ချမှတ်တော်မူခဲ့သည်။ ယေရှုကော အသို့နည်း။ တပည့်တော်တို့နှင့်ဆက်ဆံရာတွင် ယေရှုပြသခဲ့သောနှိမ့်ချမှုကို တွေ့မြင်ရခြင်းက အလွန်အားရှိစရာပင်။ စုံလင်သောလူသားတစ်ဦးအနေနှင့် ကိုယ်တော်သည် သူတို့ထက် သာသည်။ သို့တိုင် ကိုယ်တော်သည် တပည့်တော်တို့ကို အထင်မသေးခဲ့ချေ။ သူတို့ကို နိမ့်ကျသူ၊ သို့မဟုတ် အရည်အချင်းမပြည့်မီသူအဖြစ် ကိုယ်တော် တစ်ခါမျှမဆက်ဆံခဲ့ချေ။ ထိုသို့ပြုမူဆက်ဆံမည့်အစား သူတို့၏အတိုင်းအတာကိုသိ၍ စာနာမှုပြပြီး သူတို့၏ချွတ်ယွင်းချက်များကို အသိအမှတ်ပြုကာ စိတ်ရှည်ရှည်ဆက်ဆံခဲ့သည်။ (မာကု ၁၄:၃၄-၃၈; ယောဟန် ၁၆:၁၂) ကလေးသူငယ်တို့ပင် ယေရှုနှင့် အနေရမကျပ်ခဲ့ခြင်းသည် မထူးခြားပေလော။ ကိုယ်တော်သည် “နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ” သောကြောင့် ကိုယ်တော်ထံ သူတို့ချဉ်းကပ်လိုစိတ်ရှိခဲ့ကြ၏။—မဿဲ ၁၁:၂၉; မာကု ၁၀:၁၃-၁၆

၂၀။ နတ်ဆိုးစွဲနေသောသမီးရှိသူ တစ်ပါးအမျိုးသမီးနှင့် ယေရှုဆက်ဆံရာတွင် အကျိုးသင့်အကြောင်းသင့်ရှိကြောင်း မည်သို့ဖော်ပြခဲ့သနည်း။

၂၀ ယေရှုသည် နောက်ထပ်အရေးပါသောနည်းဖြင့် ဘုရားရေးရာနှိမ့်ချမှုရှိကြောင်း ဖော်ပြခဲ့သည်။ ကိုယ်တော်သည် သက်ညှာမှုပြရန် သင့်လျော်သောအခါ အကျိုးသင့်အကြောင်းသင့်ရှိခဲ့သည်၊ အလျှော့ပေးလိုက်လျောခဲ့သည်။ ဥပမာ၊ တစ်ပါးအမျိုးသမီးတစ်ဦးက ဆိုးရွားစွာနတ်ဆိုးစွဲနေသော သူ့သမီး၏ရောဂါ ကုသပေးရန် တောင်းပန်ချိန်ကို ပြန်အမှတ်ရပါ။ အစကနဦး၌ သူ့ကို ယေရှု မကူညီနိုင်ကြောင်း နည်းလမ်းသုံးခုဖြင့် ဖော်ပြခဲ့သည်—ဦးစွာ၊ သူ့ကို ပြန်အဖြေမပေးဘဲနေခြင်းအားဖြင့်; ဒုတိယအနေနှင့် ကိုယ်တော်သည် တစ်ပါးအမျိုးသားအတွက်မဟုတ်ဘဲ ဂျူးတို့အတွက် စေလွှတ်ခံရကြောင်း တိုက်ရိုက်မိန့်တော်မူခြင်းအားဖြင့်; ထို့နောက် တတိယနည်းအနေဖြင့် ထိုအချက်ကို ပေါ်လွင်စေသည့်ပုံဥပမာကို ကြင်နာစွာပေးခြင်းအားဖြင့် ဖြစ်သည်။ သို့သော် ထိုအမျိုးသမီးသည် လက်မလျှော့ဘဲ အံ့သြလောက်အောင် ယုံကြည်ခြင်းရှိကြောင်း သက်သေထူခဲ့သည်။ ဤထူးခြားသောအခြေအနေကို ထောက်ရှု၍ ယေရှု မည်သို့တုံ့ပြန်ခဲ့သနည်း။ ကိုယ်တော်ပြုလုပ်ပေးမည်မဟုတ်ဟု မိန့်ဆိုသည့်အရာကိုပင် လုပ်ဆောင်ပေးတော်မူခဲ့၏။ ထိုအမျိုးသမီး၏သမီးကို ကုသပေးလေသည်။ (မဿဲ ၁၅:၂၁-၂၈) မှတ်သားလောက်ဖွယ်ကောင်းသော နှိမ့်ချမှုပါတကား! နှိမ့်ချမှုသည် စစ်မှန်သောဉာဏ်ပညာ၏ရင်းမြစ်ဖြစ်ကြောင်း သတိရပါ။

၂၁။ ယေရှု၏ကိုယ်ရည်ကိုယ်သွေး၊ ပြောဆိုလုပ်ကိုင်ပုံတို့ကို အဘယ်ကြောင့်တုပသင့်သနည်း။

၂၁ ခရစ်ဝင်ကျမ်းများက အသက်ရှင်ခဲ့သမျှတွင် ဉာဏ်ပညာအရှိဆုံးလူသား၏ မိန့်တော်မူချက်များနှင့် ဆောင်ရွက်မှုတို့ကို ဖော်ပြထားသည့်အတွက် ကျွန်ုပ်တို့ အမှန်တကယ်ပင် ကျေးဇူးတင်ရမည်ဖြစ်သည်! ယေရှုသည် ခမည်းတော်ကို စုံလင်ပြည့်ဝစွာရောင်ပြန်ဟပ်ကြောင်း အမြဲသတိရထားကြစို့။ ယေရှု၏ကိုယ်ရည်ကိုယ်သွေး၊ ပြောဆိုလုပ်ကိုင်ပုံတို့ကို ကျွန်ုပ်တို့အတုယူခြင်းအားဖြင့် အထက်မှဉာဏ်ပညာကို ပြုစုပျိုးထောင်ကြပေမည်။ နောက်အခန်းတွင် ကျွန်ုပ်တို့၏ဘဝအသက်တာ၌ ဘုရားရေးရာဉာဏ်ပညာကို မည်သို့ကျင့်သုံးနိုင်မည်အကြောင်း ကျွန်ုပ်တို့တွေ့မြင်ကြရလိမ့်မည်။

^ အပိုဒ်၊ 1 ကျမ်းစာခေတ်က လက်သမားဆရာများသည် အိမ်ဆောက်ကြ၏၊ ပရိဘောဂများနှင့် လယ်ယာသုံးကိရိယာများကိုပြုလုပ်ကြ၏။ စီ.အီး. ဒုတိယရာစုတွင် အသက်ရှင်ခဲ့သော ဂျပ်စ်တင်မာတာက ယေရှုအကြောင်း ဤသို့ရေးသားခဲ့သည်– “သူသည် လူတို့အကြားတွင်နေထိုင်စဉ် ထယ်များ၊ ထမ်းပိုးများပြုလုပ်သည့် လက်သမားတစ်ဦးဖြစ်ခဲ့၏။”

^ အပိုဒ်၊ 6 “စိုးရိမ်ပူပန်သည်” ဟု ပြန်ဆိုထားသောဂရိကြိယာမှာ “စိတ်အနှောင့်အယှက်ဖြစ်စေသည်” ဟု အဓိပ္ပာယ်ရ၏။ မဿဲ ၆:၂၅ တွင်အသုံးပြုထားသည့်အတိုင်းဆိုလျှင် ယင်းက စိတ်ရှုပ်ထွေးစေသည့်၊ စိတ်စနိုးစနောင့်ဖြစ်စေသည့် စိုးရိမ်ကြောင့်ကြမှုကိုရည်ညွှန်း၍ ဘဝမှရွှင်လန်းမှုကိုပင် ပျောက်ဆုံးသွားစေနိုင်သည်။

^ အပိုဒ်၊ 7 အမှန်မှာ အလွန်အမင်းစိတ်ပူပန်၍ စိတ်ဖိစီးခံခြင်းက နှလုံးသွေးကြောဆိုင်ရာရောဂါနှင့် အသက်တိုစေနိုင်သည့် အခြားဖျားနာမှုများစွာဖြစ်ဖို့ အလားအလာရှိစေနိုင်ကြောင်း သိပ္ပံဆိုင်ရာသုတေသနပြုချက်တို့က ဖော်ပြခဲ့ပြီ။