မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂၂

‘အထက်မှဉာဏ်ပညာ’ သည် သင့်ဘဝတွင် အကျိုးသြဇာသက်ရောက်သလော

‘အထက်မှဉာဏ်ပညာ’ သည် သင့်ဘဝတွင် အကျိုးသြဇာသက်ရောက်သလော

၁-၃။ (က) ရှောလမုန်သည် မိခင်ဖြစ်ခြင်းကိစ္စနှင့်ပတ်သက်သော အငြင်းပွားမှုကို ကိုင်တွယ်ဖြေရှင်းရာတွင် ထူးကဲသောဉာဏ်ပညာကို မည်သို့တင်ပြခဲ့သနည်း။ (ခ) ကျွန်ုပ်တို့အား အဘယ်အရာပေးမည်ဟု ယေဟောဝါကတိပြုတော်မူသနည်း၊ အဘယ်မေးခွန်းများ ပေါ်ပေါက်လာသနည်း။

အမှန်တကယ် ဆုံးဖြတ်ရခက်သော မှုခင်းတစ်ရပ်ပင်၊ နို့စို့သူငယ်ကလေးတစ်ဦးကို အမျိုးသမီးနှစ်ဦး ပိုင်ဆိုင်လို၍ လုနေကြသည်။ ထိုအမျိုးသမီးတို့သည် တစ်အိမ်တည်းအတူနေ၍ ရက်သာခြားပြီး သားယောက်ျားလေးတစ်ဦးစီ ဖွားမြင်ခဲ့ကြ၏။ ကလေးနှစ်ဦးအနက် တစ်ဦးမှာသေဆုံးသွားရာ ယခု အမျိုးသမီးတစ်ဦးစီက မိမိသည် အသက်ရှင်သောသား၏မိခင်ဖြစ်သည်ဟု အခိုင်အမာဆိုကြသည်။ * အဖြစ်အပျက်ကို မျက်မြင်ကိုယ်တွေ့ တွေ့ရှိခဲ့သူ တစ်ဦးတစ်ယောက်မျှလည်းမရှိ။ ထိုအမှုကို အောက်တရားရုံး၌ ကြားနာပြီးသော်လည်း မပြီးပြတ်ပုံရှိသည်။ နောက်ဆုံး အဆိုပါငြင်းခုံချက်ကို ဣသရေလရှင်ဘုရင် ရှောလမုန်အား တင်ပြကြ၏။ အမှန်တရားကို သူဖော်ထုတ်နိုင်မည်လော။

ထိုအမျိုးသမီးတို့ ငြင်းခုံပြောဆိုသည့်စကားကို တစ်ခဏနားထောင်ပြီးနောက် ရှောလမုန်သည် ဓားရှည်တစ်ချောင်းယူလာရန် စေခိုင်းလိုက်သည်။ ထို့နောက် တကယ်ပြုလုပ်တော့မည့်ပုံစံမျိုးဖြင့် ထိုသူငယ်ကိုနှစ်ပိုင်းပိုင်း၍ တစ်ပိုင်းစီကို ထိုအမျိုးသမီးတို့အား ခွဲဝေပေးစေဟု အမိန့်ပေးလိုက်၏။ ထိုခဏချင်းပင် မိခင်ရင်းက သူအလွန်မြတ်နိုးသောကလေးငယ်ကို အခြားအမျိုးသမီးအား ပေးလိုက်ရန် လျှောက်တင်လေသည်။ အခြားအမျိုးသမီးကမူ ထိုကလေးကိုပိုင်းလိုက်ရန် အတင်းအကျပ်ပြောဆို၏။ ဤတွင်အမှန်တရားကို ရှောလမုန်သိလေသည်။ ဝမ်းနှင့်လွယ်ရသောမိခင်တစ်ဦး သူ၏ကလေးအပေါ်ထားသည့် အကြင်နာတရားကြီးမားကြောင်းကို ရှောလမုန်သိထားရာ ဤအငြင်းပွားမှုကိုဖြေရှင်းရန် ထိုအသိအမြင်ကို အသုံးပြုခဲ့သည်။ ရှောလမုန်က “သူသည်အမိမှန်သည်” ဟုမိန့်ဆို၍ နို့စို့ကလေးအား ထိုအမျိုးသမီးလက်ထဲ ပေးအပ်လိုက်သောအခါ မိခင်ဖြစ်သူ မည်မျှစိတ်ချမ်းသာလိုက်မည်ကို စဉ်းစားကြည့်ပါ။—၃ ဓမ္မရာဇဝင် ၃:၁၆-၂၇

ထူးကဲသောဉာဏ်ပညာ မဟုတ်ပေလော။ ထိုအမှုကို ရှောလမုန် မည်သို့ဖြေရှင်းခဲ့ကြောင်း လူတို့ကြားသိကြသောအခါ “ဘုရားသခင်ပေးတော်မူသောဉာဏ်နှင့် ရှင်ဘုရင်ပြည့်စုံကြောင်း” သူတို့သိမြင်သဖြင့် အံ့သြမှင်တက်မိခဲ့ကြသည်။ မှန်ပါသည်၊ ရှောလမုန်၏ဉာဏ်ပညာသည် ဘုရားသခင်ထံတော်မှ ဆုကျေးဇူးတစ်ရပ်ဖြစ်၏။ ယေဟောဝါသည် “ဉာဏ်ပညာနှင့်ပြည့်စုံသောစိတ်ဝိညာဉ်ကို” သူ့အား ပေးတော်မူခဲ့သည်။ (၃ ဓမ္မရာဇဝင် ၃:၁၂၊ ၂၈) ကျွန်ုပ်တို့ကော။ ယနေ့ ကျွန်ုပ်တို့လည်း ဘုရားရေးရာဉာဏ်ပညာ ရရှိနိုင်မည်လော။ ရနိုင်ပါသည်၊ အကြောင်းမူကား ဝိညာဉ်တော်မှုတ်သွင်းခံရ၍ ရှောလမုန် ဤသို့ရေးသားခဲ့သည်– “ထာဝရဘုရားသည် ပညာကိုပေးတော်မူတတ်၏။” (သုတ္တံ ၂:၆) ယေဟောဝါသည် ဉာဏ်ပညာဖြစ်သည့် အသိပညာ၊ သိနားလည်မှုနှင့် ပိုင်းခြားသိမြင်မှုကို ကောင်းစွာအသုံးပြုနိုင်စွမ်းရှိရန် စိတ်ရင်းမှန်ဖြင့် ထိုဉာဏ်ပညာရှာဖွေသူတို့အား ပေးသနားတော်မူမည်ဟု ကတိပြုသည်။ အထက်မှဉာဏ်ပညာကို ကျွန်ုပ်တို့ မည်သို့ရနိုင်မည်နည်း။ ယင်းကို ကျွန်ုပ်တို့ဘဝအသက်တာတွင် မည်သို့အကျိုးသက်ရောက်စေနိုင်မည်နည်း။

‘ဉာဏ်ပညာကို ဆည်းပူးလော့’—မည်သို့နည်း

၄-၇။ ဉာဏ်ပညာကိုဆည်းပူးရန် လိုအပ်ချက်လေးခုကား အဘယ်နည်း။

ဘုရားရေးရာဉာဏ်ပညာရှိရန် ကျွန်ုပ်တို့သည် ဉာဏ်ရည်မြင့်မားရမည်လော၊ အဆင့်မြင့်ပညာရှိဖို့လိုသလော။ မလိုပါ၊ ကျွန်ုပ်တို့၏ဘဝနောက်ခံနှင့် ပညာရေးအခြေအနေ မည်သို့ပင်ရှိပါစေ၊ ယေဟောဝါသည် ကျွန်ုပ်တို့အား ကိုယ်တော်၏ဉာဏ်ပညာကို ပေးလိုတော်မူ၏။ (၁ ကောရိန္သု ၁:၂၆-၂၉) သို့သော် ‘ဉာဏ်ပညာကိုဆည်းပူး’ ရန် သမ္မာကျမ်းစာကတိုက်တွန်းထားသဖြင့် ကျွန်ုပ်တို့ဘက်မှ အစပြုလုပ်ဆောင်ရမည်။ (သုတ္တံ ၄:၇) မည်သို့ပြုနိုင်ကြသနည်း။

ဦးဆုံး ဘုရားသခင်ကိုကြောက်ရွံ့ရန်လိုသည်။ “ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည် ပညာ၏မူလအမြစ်ဖြစ်၏၊ [“ပညာ၏ပထမခြေလှမ်းဖြစ်၏၊” အင်္ဂလိပ်ကျမ်းစာသစ်] ဟု သုတ္တံ ၉:၁၀ ကဆိုသည်။ ဘုရားသခင်အား ကြောက်ရွံ့ခြင်းသည် စစ်မှန်သောဉာဏ်ပညာ၏အခြေခံဖြစ်သည်။ အဘယ်ကြောင့်နည်း။ ဉာဏ်ပညာတွင် အသိပညာကို အောင်မြင်စွာ အသုံးပြုနိုင်စွမ်းနှင့်ပတ်သက်ကြောင်း သတိရပါ။ ဘုရားသခင်အားကြောက်ရွံ့ရန်ဟူသည် ကိုယ်တော့်ရှေ့ ကြောက်ရွံ့တုန်လှုပ်စွာဝပ်တွားရန် မဟုတ်ဘဲ ကြည်ညိုရိုသေ၊ လေးစားကာ ယုံကြည်ကိုးစားစွာဖြင့် ဦးညွတ်ခြင်းဖြစ်သည်။ ထိုသို့သောကြောက်ရွံ့ခြင်းသည် အကျိုးဖြစ်ထွန်း၍ အားကြီးစွာ တွန်းအားပေးသည်။ ယင်းက ဘုရားသခင့်အလိုတော်၊ ကိုယ်တော့်နည်းလမ်းတော်များနှင့်ဆိုင်သော အသိပညာနှင့်အညီ ကျွန်ုပ်တို့၏ဘဝသက်တာကိုဖြစ်စေရန် ကျွန်ုပ်တို့အား လှုံ့ဆော်ပေးသည်။ ကျွန်ုပ်တို့လိုက်လျှောက်ရန် ထိုထက်သာ၍ပညာရှိသောလမ်းစဉ် မရှိနိုင်တော့ချေ၊ အကြောင်းမှာ ယေဟောဝါ၏စံနှုန်းများကို မီအောင်လိုက်သူတို့အတွက် အမြဲပင်အကောင်းဆုံးအကျိုးကို ဖြစ်ထွန်းစေသောကြောင့်ပင်။

ဒုတိယအနေဖြင့် ကျွန်ုပ်တို့သည် နှိမ့်ချ၍ ကျိုးနွံကြရမည်။ နှိမ့်ချမှုနှင့် ကျိုးနွံမှုမရှိလျှင် ဘုရားရေးရာဉာဏ်ပညာမရှိနိုင်ပေ။ (သုတ္တံ ၁၁:၂) အဘယ်ကြောင့်နည်း။ ကျွန်ုပ်တို့သည် နှိမ့်ချ၍ ကျိုးနွံကြမည်ဆိုလျှင် အရာခပ်သိမ်းကိုမိမိမသိကြောင်း၊ ကျွန်ုပ်တို့၏ယူဆချက်များသည် အမြဲ မမှန်ကန်ကြောင်းနှင့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ယေဟောဝါ၏စိတ်တော်ကို ကျွန်ုပ်တို့သိဖို့လိုကြောင်း ဝန်ခံရန်အသင့်ရှိမည်။ ယေဟောဝါသည် ‘ထောင်လွှားစော်ကားသောသူတို့ကို ဆီးတားတော်မူ၏၊’ စိတ်နှိမ့်ချသောသူတို့ကိုကား ဉာဏ်ပညာပေးသနားရန် ကိုယ်တော်လိုလားတော်မူ၏။—ယာကုပ် ၄:၆

ဘုရားရေးရာဉာဏ်ပညာကိုရရှိဖို့ ယင်းကို တူးဖော်ရန်အားထုတ်ရမည်

တတိယလိုအပ်ချက်မှာ ဘုရားသခင်ရေးသားထားသော နှုတ်ကပါဌ်တော်ကို လေ့လာခြင်းဖြစ်သည်။ ယေဟောဝါ၏ဉာဏ်ပညာတော်သည် ကိုယ်တော်၏နှုတ်ကပါဌ်တော်တွင် ထင်ရှားသည်။ ထိုဉာဏ်ပညာရရှိဖို့ ယင်းကိုတူးဖော်ရန် ကျွန်ုပ်တို့အားထုတ်ရမည်။ (သုတ္တံ ၂:၁-၅) စတုတ္ထလိုအပ်ချက်မှာ ဆုတောင်းခြင်းဖြစ်သည်။ စိတ်ရင်းမှန်ဖြင့် ဘုရားသခင်အား ဉာဏ်ပညာတောင်းလျှောက်မည်ဆိုလျှင် ၎င်းကို ကိုယ်တော်ရက်ရက်ရောရောပေးသနားတော်မူမည်။ (ယာကုပ် ၁:၅) ကိုယ်တော်၏ဝိညာဉ်တော်အကူအညီရရှိရန် ကျွန်ုပ်တို့တောင်းခံချက်များကို နားမညောင်းဘဲနေတော်မူမည်မဟုတ်။ ထို့ပြင် ကိုယ်တော်၏ဝိညာဉ်တော်သည် ပြဿနာများကို ကျွန်ုပ်တို့ဖြေရှင်းနိုင်ရန်၊ အန္တရာယ်များကိုရှောင်ရှားနိုင်ရန်နှင့် ပညာရှိသောဆုံးဖြတ်ချက်များချနိုင်ရန် အကူအညီပေးနိုင်သည့် ဘဏ္ဍာများကို ကိုယ်တော်၏နှုတ်ကပါဌ်တော်တွင် ရှာဖွေတွေ့ရှိစေပါလိမ့်မည်။—လုကာ ၁၁:၁၃

၈။ ကျွန်ုပ်တို့တွင် ဘုရားရေးရာဉာဏ်ပညာ အမှန်တကယ်ရှိမည်ဆိုလျှင် မည်သို့ထင်ရှားမည်နည်း။

အခန်း ၁၇ တွင် ကျွန်ုပ်တို့သိပြီးခဲ့ကြသည့်အတိုင်း ယေဟောဝါ၏ဉာဏ်ပညာသည် လက်တွေ့ကျသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့တွင် ဘုရားရေးရာဉာဏ်ပညာ အမှန်တကယ်ရှိထားမည်ဆိုလျှင် ကျွန်ုပ်တို့ပြုမူပုံက ထင်ရှားပေလိမ့်မည်။ တပည့်တော်ယာကုပ်သည် ဤသို့ရေးသားသောအခါ ဘုရားသခင့်ဉာဏ်ပညာ၏ အသီးအပွင့်များကို ဖော်ပြခဲ့သည်– “ထက်ရပ်ပညာကား၊ ရှေးဦးစွာစင်ကြယ်၏။ ၎င်းနောက် ငြိမ်းချမ်း၏။ အကျိုးသင့်အကြောင်းသင့်ရှိ၏။ နာခံရန်အသင့်ရှိ၏။ ကရုဏာနှင့်လည်းကောင်း၊ ကောင်းကျိုးတို့နှင့်လည်းကောင်း ပြည့်ဝ၍ မျက်နှာလိုက်ခြင်း၊ ဟန်ဆောင်ခြင်းနှင့်ကင်းလွတ်၏။” (ယာကုပ် ၃:၁၇ကဘ) ဘုရားသခင့်ဉာဏ်ပညာ၏ ဤအသွင်အပြင်အသီးသီးကို ကျွန်ုပ်တို့ဆွေးနွေးသွားစဉ် ‘အထက်မှဉာဏ်ပညာသည် ကျွန်ုပ်၏ဘဝတွင် အလုပ်လုပ်နေသလော’ ဟု မိမိကိုယ်ကိုမေးမြန်းသင့်ပေသည်။

‘စင်ကြယ်၏၊ ၎င်းနောက် ငြိမ်းချမ်း၏’

၉။ စင်ကြယ်ခြင်း၏အဓိပ္ပာယ်ကား အဘယ်နည်း၊ ဉာဏ်ပညာ၏အရည်အသွေးများစာရင်းတွင် စင်ကြယ်ခြင်းကို ဦးဆုံးဖော်ပြထားခြင်းက အဘယ်ကြောင့်ဆီလျော်သနည်း။

“ရှေးဦးစွာစင်ကြယ်၏။” စင်ကြယ်ခြင်းဟူသည် အပြင်ပန်းသာမက အတွင်း၌ပင် ဖြူစင်သန့်ရှင်း၍ အညစ်အကြေးကင်းစင်ခြင်းဖြစ်သည်။ သမ္မာကျမ်းစာက ဉာဏ်ပညာကို နှလုံးနှင့် ဆက်စပ်ဖော်ပြထားသည်၊ သို့သော် ကောင်းကင်ဉာဏ်ပညာသည် ဆိုးညစ်သောအကြံအစည်များ၊ လိုအင်ဆန္ဒများနှင့် ရည်ရွယ်ချက်များဖြင့် ညစ်ညူးနေသောနှလုံးအတွင်းသို့ မဝင်နိုင်ချေ။ (သုတ္တံ ၂:၁၀; မဿဲ ၁၅:၁၉၊ ၂၀) သို့တစေ ကျွန်ုပ်တို့၏နှလုံးသည် မစုံလင်သောလူသားတို့အတွက် အဖြစ်နိုင်ဆုံးအတိုင်းအတာအထိ စင်ကြယ်မည်ဆိုလျှင် “ဒုစရိုက်ကိုလွှဲရှောင်၍ သုစရိုက်ကိုပြု” ကြပါလိမ့်မည်။ (ဆာလံ ၃၇:၂၇; သုတ္တံ ၃:၇) စင်ကြယ်ခြင်းကို ဉာဏ်ပညာ၏အရည်အသွေးများစာရင်းတွင် ဦးဆုံးဖော်ပြထားခြင်းက ဆီလျော်သည်မဟုတ်ပေလော။ ကျွန်ုပ်တို့သာ ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေးအရ စင်ကြယ်မှုမရှိပါက အထက်မှဉာဏ်ပညာ၏ အခြားအရည်အသွေးတို့ကို အမှန်အတိုင်း မည်သို့ထင်ဟပ်ပြနိုင်မည်နည်း။

၁၀၊ ၁၁။ (က) ကျွန်ုပ်တို့သည် အသင့်အတင့်နေတတ်ရန် အဘယ်ကြောင့်အရေးကြီးသနည်း။ (ခ) ယုံကြည်သူချင်းတစ်ဦးကို သင်စိတ်ထိခိုက်စေမိပြီဟုသိလျှင် သင်သည် အသင့်အတင့်နေတတ်သူတစ်ဦးဖြစ်ကြောင်း မည်သို့သက်သေထူနိုင်သနည်း။ (အောက်ခြေမှတ်ချက်ရှု။)

၁၀ “၎င်းနောက် ငြိမ်းချမ်း၏။” ကောင်းကင်ဉာဏ်ပညာက ဘုရားသခင့်ဝိညာဉ်တော်အသီးတစ်လုံးဖြစ်သော ငြိမ်သက်ခြင်းကိုလိုက်မီရန် ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးသည်။ (ဂလာတိ ၅:၂၂) ယေဟောဝါ၏လူတို့ကို စည်းလုံးစေသည့် “အသင့်အတင့်ပေါင်းဖော်ခြင်းအဖွဲ့အစည်း” ကို မပျက်ပြားသွားစေရန် ကျွန်ုပ်တို့ကြိုးစားကြ၏။ (ဧဖက် ၄:၃) ယင်းပျက်ပြားသွားသောအခါ ပြန်သင့်တင့်နိုင်ဖို့ ကျွန်ုပ်တို့အတတ်နိုင်ဆုံး ကြိုးစားကြသည်။ ထိုသို့ပြုရန် အဘယ်ကြောင့် အရေးကြီးသနည်း။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “အချင်းချင်းအသင့်အတင့်နေကြလော့။ သို့ဖြစ်၍ မေတ္တာကိုလည်းကောင်း၊ အသင့်အတင့်နေခြင်းချမ်းသာကိုလည်းကောင်း ပေးတော်မူသောဘုရားသခင်သည် သင်တို့နှင့်အတူရှိတော်မူလတ္တံ့။” (၂ ကောရိန္သု ၁၃:၁၁) သို့ဖြစ်၍ ကျွန်ုပ်တို့အသင့်အတင့်နေသရွေ့ကာလပတ်လုံး ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်အတူရှိတော်မူမည်။ ယုံကြည်သူချင်းတို့နှင့် ကျွန်ုပ်တို့၏ဆက်ဆံပုံက ယေဟောဝါနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးအပေါ် တိုက်ရိုက်သက်ရောက်မှုရှိသည်။ ကျွန်ုပ်တို့သည် အသင့်အတင့်နေတတ်သူများဖြစ်ကြောင်း မည်သို့သက်သေထူနိုင်သနည်း။ ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။

၁၁ ယုံကြည်သူချင်းတစ်ဦး၏စိတ်ကို ထိခိုက်မိပြီဟုသိလျှင် သင်အဘယ်အရာ ပြုလုပ်သင့်သနည်း။ ယေရှု ဤသို့မိန့်တော်မူသည်– “ထို့ကြောင့် သင်သည် ပူဇော်သကာကို ယဇ်ပလ္လင်သို့ဆောင်ယူခဲ့လျက် သင်၏ညီအစ်ကိုသည် သင်၌အပြစ်တင်ခွင့်တစ်စုံတစ်ခုရှိသည်ဟု အောက်မေ့သတိရလျှင်၊ ယဇ်ပလ္လင်ရှေ့မှာ ပူဇော်သကာကိုထား၍သွားလော့။ ညီအစ်ကိုနှင့်သင့်တင့်ပြီးမှ ပြန်၍ပူဇော်သကာကိုတင်လော့။” (မဿဲ ၅:၂၃၊ ၂၄) သင်ကအစပြု၍ သင့်ညီအစ်ကိုထံသွားခြင်းဖြင့် ထိုဆုံးမစကားကို လိုက်လျှောက်နိုင်သည်။ အဘယ်ရည်ရွယ်ချက်ဖြင့်နည်း။ သူနှင့် “သင့်တင့်” ရန်ဖြစ်သည်။ * သို့ပြုရန် သူခံစားနေရသော စိတ်နာကြင်မှုကို မငြင်းဆန်ဘဲ အသိအမှတ်ပြုရန်လိုအပ်ပေမည်။ ပြန်သင့်တင့်ဖို့ပန်းတိုင်ဖြင့် သူ့ထံ သင်ချဉ်းကပ်ကာ ထိုသဘောထားကိုထိန်းသိမ်းထားလျှင် မည်သည့်နားလည်မှုကွဲလွဲခြင်းကိုမဆို သင်ဖြေရှင်းနိုင်ဖွယ်ရှိပြီး သင့်လျော်စွာဝန်ချတောင်းပန်ပြီး ခွင့်လွှတ်မှုရယူနိုင်ပေမည်။ အသင့်အတင့်ရှိရန် သင်အစပြုလုပ်ဆောင်သောအခါ ဘုရားရေးရာငြိမ်သက်ခြင်း၏လမ်းညွှန်မှုကို သင်ခံရကြောင်းတင်ပြသည်။

‘အကျိုးသင့်အကြောင်းသင့်ရှိ၏၊ နာခံရန်အသင့်ရှိ၏’

၁၂၊ ၁၃။ (က) ယာကုပ် ၃:၁၇ တွင် ဘာသာပြန်ဆိုထားသော “အကျိုးသင့်အကြောင်းသင့်ရှိခြင်း” ၏ အဓိပ္ပာယ်ကား အဘယ်နည်း။ (ခ) ကျွန်ုပ်တို့သည် အကျိုးသင့်အကြောင်းသင့်ရှိကြောင်း မည်သို့တင်ပြနိုင်ကြသနည်း။

၁၂ ‘အကျိုးသင့်အကြောင်းသင့်ရှိ၏။’ အကျိုးသင့်အကြောင်းသင့်ရှိခြင်း၏အဓိပ္ပာယ်ကား အဘယ်နည်း။ ကျမ်းပညာရှင်တို့၏အဆိုအရ ယာကုပ် ၃:၁၇ တွင်ပါရှိသော “အကျိုးသင့်အကြောင်းသင့်” ဟုဘာသာပြန်ထားသည့် မူရင်းဂရိစကားလုံးမှာ ဘာသာပြန်ဆိုရန်ခက်ခဲသည်။ ဘာသာပြန်များက “ညင်သာသော၊” “သည်းခံသော” နှင့် “ထောက်ထားညှာတာသော” အစရှိသောစကားလုံးတို့ကို အသုံးပြု၏။ ဂရိစကားလုံး၏စာသားအတိုင်းအဓိပ္ပာယ်မှာ “အလျှော့ပေးလိုက်လျောခြင်း” ဖြစ်သည်။ အထက်မှဉာဏ်ပညာ၏ ဤအသွင်အပြင်သည် ကျွန်ုပ်တို့အထဲတွင် အလုပ်လုပ်နေကြောင်း မည်သို့ဖော်ပြနိုင်ကြသနည်း။

၁၃ ဖိလိပ္ပိ ၄:၅ က ‘လူအပေါင်းတို့ရှေ့၌ သင်တို့၏အကျိုးသင့်အကြောင်းသင့်ရှိခြင်းသဘောကို ထင်ရှားစေကြလော့’ ဟု ဆိုသည်။ အခြားဘာသာပြန်ကျမ်းတစ်ခုက “အကျိုးသင့်အကြောင်းသင့်ရှိသူအဖြစ် နာမည်ရထားကြလော့” ဟုဆိုသည်။ (ဂျေ. ဘီ. ဖိလစ်၏ ခေတ်သုံးအင်္ဂလိပ်စာဖြင့်ဓမ္မသစ်ကျမ်း) ကိုယ့်ကိုယ်ကို ကိုယ်ရှုမြင်ပုံမဟုတ်ဘဲ အခြားသူတို့က ကျွန်ုပ်တို့အား မည်သို့ရှုမြင်သည်၊ အဘယ်နာမည်ရထားသည်က ပိုအရေးပါကြောင်းသတိပြုပါ။ အကျိုးသင့်အကြောင်းသင့်ရှိသူတစ်ဦးသည် အမြဲပင် စာအုပ်ကြီးအတိုင်းသွားရန်၊ သို့မဟုတ် သူ့ဆန္ဒအတိုင်းပြုမူရန် မရမကအတင်းအကျပ် လုပ်မည်မဟုတ်ချေ။ ထိုသို့ပြုမည့်အစား အခြားသူတို့ကို သူနားထောင်ပေးရန်အသင့်ရှိပြီး သင့်လျော်မည်ဆိုလျှင် သူတို့၏အလိုဆန္ဒကို လိုက်လျောပေးတတ်သည်။ ထို့ပြင် သူသည် အခြားသူတို့နှင့်ဆက်ဆံရာတွင် ညင်သာ၍ ကြမ်းတမ်းခက်ထန်မှုရှိမည်မဟုတ်ချေ။ ခရစ်ယာန်အားလုံး ဤသို့ပြုဖို့လိုသည်မှန်သော်လည်း အထူးသဖြင့် အကြီးအကဲများအဖြစ် ထမ်းဆောင်သူတို့သည် ဤအရည်အချင်းရှိဖို့အရေးကြီးသည်။ ညင်သာခြင်းက ဆွဲဆောင်မှုရှိ၏၊ ယင်းက အကြီးအကဲများကို ချဉ်းကပ်ရလွယ်ကူစေသည်။ (၁ သက်သာလောနိတ် ၂:၇၊ ၈) ကျွန်ုပ်တို့အားလုံး ကိုယ့်ကိုယ်ကို ဤသို့မေးသင့်သည်– ‘ငါဟာ ထောက်ထားစာနာ၊ အလျော့ပေးတတ်ပြီး ညင်သာသူလို့ နာမည်ရထားသလား။’

၁၄။ ကျွန်ုပ်တို့သည် “နာခံရန်အသင့်ရှိ” ကြောင်း မည်သို့တင်ပြနိုင်ကြသနည်း။

၁၄ “နာခံရန်အသင့်ရှိ၏။” “နာခံရန်အသင့်ရှိ၏” ဟုပြန်ဆိုထားသောဂရိစကားလုံးကို ခရစ်ယာန်ဂရိကျမ်းစောင်ရှိ အခြားနေရာတို့တွင် မတွေ့ရချေ။ ကျမ်းပညာရှင်တစ်ဦးအရ ဤစကားလုံးကို “စစ်တပ်စည်းကမ်းတွင် အသုံးပြုလေ့ရှိသည်။” ယင်းက “နားချသိမ်းသွင်းရန်လွယ်ကူခြင်း” နှင့် “လက်အောက်ခံခြင်း” ဟူသောသဘော သက်ရောက်စေသည်။ အထက်မှဉာဏ်ပညာ လွှမ်းမိုးခံရသူသည် သမ္မာကျမ်းစာ၌ပြောထားရာကို လွယ်လင့်တကူသြဇာခံ၏။ သူသည် စိတ်ဆုံးဖြတ်ချက်တစ်ခုချပြီးဖြစ်လျှင် ယင်းဆုံးဖြတ်ချက်နှင့်ဆန့်ကျင်သော မည်သည့်အကြောင်းအချက်ကိုမျှ လက်မခံတော့ဟူသည့် နာမည်မထွက်ချေ။ ထိုသို့ပြုမည့်အစား သူ၏ရပ်တည်ချက်သည် မှားနေကြောင်း၊ သို့မဟုတ် သူ၏ကောက်ချက်များ မှားနေကြောင်း ရှင်းလင်းသောကျမ်းစာအထောက်အထားများဖြင့် ထောက်ပြသောအခါ ချက်ချင်းပြုပြင်ပြောင်းလဲ၏။ အခြားသူများက သင့်ကို ယင်းသို့ ရှုမြင်ကြသလော။

‘ကရုဏာနှင့် ကောင်းကျိုးတို့ဖြင့် ပြည့်ဝသည်’

၁၅။ ကရုဏာကား အဘယ်နည်း၊ ယာကုပ် ၃:၁၇ တွင် “ကရုဏာ” နှင့် “ကောင်းကျိုးတို့” ကိုယှဉ်တွဲဖော်ပြထားခြင်းသည် အဘယ်ကြောင့်ဆီလျော်သနည်း။

၁၅ ‘ကရုဏာနှင့် ကောင်းကျိုးတို့ဖြင့် ပြည့်ဝသည်။’ * ကရုဏာသည် အထက်မှဉာဏ်ပညာ၏ အရေးပါသောအခန်းကဏ္ဍ၌ ပါဝင်သည်၊ အကြောင်းမှာ ယင်းသို့သောဉာဏ်ပညာသည် “ကရုဏာနှင့်ပြည့်ဝသည်” ဟူ၍ ဆိုထားသောကြောင့်ဖြစ်သည်။ “ကရုဏာ” နှင့် “ကောင်းကျိုးတို့” ကိုယှဉ်တွဲဖော်ပြထားကြောင်း သတိပြုပါ။ ယင်းသည် ဆီလျော်ပေ၏၊ အကြောင်းမှာ သမ္မာကျမ်းစာ၌ ကရုဏာကို အများအားဖြင့် သူတစ်ပါးအတွက် စိုးရိမ်မကင်းဖြစ်ခြင်း၊ ကြင်နာသောအပြုအမူများစွာကို ပြုလုပ်စေသည့် စာနာထောက်ထားမှုကို ရည်ညွှန်းလေ့ရှိသည်။ ကိုးကားဖော်ပြချက်တစ်ရပ်က ကရုဏာကို “တစ်ဦးတစ်ယောက်၏အခြေအနေဆိုးကြောင့် ဝမ်းနည်းကြေကွဲပြီး ၎င်းကိုဖြေရှင်းပေးရန် တစ်စုံတစ်ရာပြုလုပ်ပေးဖို့ ကြိုးပမ်းခြင်း” ဟုအနက်ဖွင့်ထားသည်။ သို့ဖြစ်၍ ဘုရားရေးရာဉာဏ်ပညာသည် အေးတိအေးစက်နိုင်ပြီး အကြင်နာမဲ့သော၊ အသိဉာဏ်ပိုင်းသက်သက်မျှဖြစ်သောအရာမဟုတ်ပေ။ ယင်းအစား ၎င်းသည် လှိုက်လှိုက်လှဲလှဲနွေးနွေးထွေးထွေးရှိပြီး မေတ္တာပါရုံမက သူတစ်ပါး၏ခံစားချက်ကို အထူးသိမြင်နားလည်တတ်သည်။ ကျွန်ုပ်တို့သည် ကရုဏာဖြင့်ပြည့်နေကြောင်း မည်သို့ဖော်ပြနိုင်ကြသနည်း။

၁၆၊ ၁၇။ (က) ဘုရားသခင်အား ချစ်ခြင်းအပြင် အဘယ်အရာက ကျွန်ုပ်တို့ကို ဟောပြောခြင်းလုပ်ငန်း၌ ပါဝင်စေသနည်း၊ အဘယ်ကြောင့်နည်း။ (ခ) ကျွန်ုပ်တို့သည် ကရုဏာနှင့်ပြည့်ဝနေကြောင်း အဘယ်နည်းများဖြင့် ဖော်ပြနိုင်ကြသနည်း။

၁၆ အရေးကြီးသောနည်းလမ်းတစ်ခုမှာ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို အခြားသူတို့အား ဟောပြောခြင်းဖြစ်သည်။ ဤလုပ်ငန်းကိုဆောင်ရွက်ရန် အဘယ်အရာက ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးသနည်း။ အဓိကအနေဖြင့် ဘုရားသခင်ကိုချစ်ခြင်းဖြစ်သည်။ သို့သော် ကရုဏာ၊ သို့မဟုတ် အခြားသူတို့အတွက် စာနာမှုတို့ကလည်း ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးသည်။ (မဿဲ ၂၂:၃၇-၃၉) ယနေ့ လူများစွာသည် “ထိန်းသူမရှိဘဲ ပစ်ထားသောသိုးကဲ့သို့ ဖြစ်ကြ၏။” (မဿဲ ၉:၃၆) သူတို့ကို မှောက်မှားသောဘာသာရေးသိုးထိန်းများက ဥပေက္ခာပြုထားပြီး ဝိညာဉ်ရေးအရ အလင်းကွယ်စေခဲ့ကြပြီ။ ယင်းကြောင့် ဘုရားသခင့်နှုတ်ကပါဌ်တော်၌ပါသည့် ပညာရှိသောလမ်းညွှန်ချက်နှင့် မကြာမီ ဤကမ္ဘာမြေပေါ်တွင် ဘုရားသခင်နိုင်ငံတော် ဆောင်ကြဉ်းပေးမည့် ကောင်းချီးမင်္ဂလာများကိုလည်း သူတို့မသိကြချေ။ ကျွန်ုပ်တို့ဝန်းကျင်ရှိသူတို့၏ ဝိညာဉ်ရေးလိုအပ်ရာများကို စဉ်းစားကြည့်လျှင် ကျွန်ုပ်တို့၏စိတ်ထဲရှိ သနားညှာတာမှုက ယေဟောဝါ၏ မေတ္တာပါသောရည်ရွယ်ချက်များအကြောင်း သူတို့အား အတတ်နိုင်ဆုံးပြောပြရန် လှုံ့ဆော်ပေးလေသည်။

သူတစ်ပါးအား ကရုဏာ သို့မဟုတ် ထောက်ထားစာနာမှု တင်ပြကြသောအခါ ကျွန်ုပ်တို့သည် ‘အထက်မှဉာဏ်ပညာ’ ကို ထင်ဟပ်ပြခြင်းဖြစ်

၁၇ ကျွန်ုပ်တို့သည် ကရုဏာနှင့်ပြည့်ဝနေကြောင်း အခြားမည်သည့်နည်းများဖြင့် ဖော်ပြနိုင်သေးသနည်း။ ဓားပြတိုက်၊ ရိုက်နှက်ခံရ၍ လမ်းဘေးတွင်လဲနေသော ခရီးသည်တစ်ဦးအား တွေ့ရှိခဲ့သူ ရှမာရိတစ်ဦးအကြောင်း ယေရှုပြောပြခဲ့သောပုံဥပမာကို ပြန်သတိရပါ။ စာနာတတ်သော ထိုရှမာရိလူသည် “ကရုဏာစိတ်ရှိသည်နှင့်” အညီ ဘေးတွေ့သူ၏အနာများကို အဝတ်နှင့်စည်းပေးပြီး ပြုစုစောင့်ရှောက်ခဲ့၏။ (လုကာ ၁၀:၂၉-၃၇) ယင်းက ကရုဏာတွင် လက်တွေ့ကျအကူအညီပေးခြင်းပါဝင်ကြောင်း ဖော်ပြသည်မဟုတ်ပေလော။ သမ္မာကျမ်းစာက “ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့၌ အထူးသဖြင့်ကျေးဇူးပြုလျက်၊ ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြကုန်အံ့” ဟု ဆိုသည်။ (ဂလာတိ ၆:၁၀) ဖြစ်နိုင်ခြေအချို့ကို သုံးသပ်ကြည့်ပါ။ ယုံကြည်သူအသက်ကြီးသူတစ်ဦးသည် ခရစ်ယာန်အစည်းအဝေးများတက်ဖို့ ကြိုပို့ပေးရန် လိုနေပေလိမ့်မည်။ အသင်းတော်ရှိ မုဆိုးမတစ်ဦး၏အိမ်ကို ပြုပြင်ပေးဖို့ လိုကောင်းလိုပေလိမ့်မည်။ (ယာကုပ် ၁:၂၇) စိတ်ဓာတ်ကျသူတစ်ဦးကို စိတ်ရွှင်လန်းစေရန် “ကောင်းသောစကား” ပြောဆိုဖို့လိုနေပေမည်။ (သုတ္တံ ၁၂:၂၅) ဤနည်းလမ်းများဖြင့် ကရုဏာတင်ပြကြမည်ဆိုလျှင် အထက်မှဉာဏ်ပညာသည် ကျွန်ုပ်တို့ထဲတွင် အလုပ်လုပ်နေကြောင်း သက်သေထူသည်။

“မျက်နှာလိုက်ခြင်း၊ ဟန်ဆောင်ခြင်းနှင့်ကင်းလွတ်၏”

၁၈။ အထက်မှဉာဏ်ပညာ၏ လမ်းညွှန်မှုကို ကျွန်ုပ်တို့ခံယူမည်ဆိုလျှင် ကျွန်ုပ်တို့၏စိတ်နှလုံးထဲမှ အဘယ်အရာကိုထုတ်ပစ်ရန် ကြိုးစားရမည်နည်း၊ အဘယ်ကြောင့်နည်း။

၁၈ ‘မျက်နှာလိုက်ခြင်းနှင့်ကင်းလွတ်၏။’ ဘုရားရေးရာဉာဏ်ပညာသည် လူမျိုးရေးစိတ်စွန်းကွက်ခြင်းနှင့် လူမျိုးဂုဏ်မောက်ခြင်းကို ရှောင်ရှားစေသည်။ ထိုသို့သောဉာဏ်ပညာ၏လွှမ်းမိုးမှုကို ကျွန်ုပ်တို့ခံရမည်ဆိုလျှင် မျက်နှာလိုက်လိုစိတ်ကို ကျွန်ုပ်တို့၏စိတ်နှလုံးထဲမှ ထုတ်ပစ်ရန် ကြိုးစားအားထုတ်သည်။ (ယာကုပ် ၂:၉) ကျွန်ုပ်တို့သည် အခြားသူတို့အား သူတို့၏ပညာရေးနောက်ခံ၊ ဥစ္စာဓနကြွယ်ဝမှု၊ သို့မဟုတ် အသင်းတော်ဆိုင်ရာတာဝန်အပေါ်မူတည်၍ ဦးစားပေးဆက်ဆံမည်မဟုတ်; သို့တည်းမဟုတ် ဝတ်ပြုကိုးကွယ်သူချင်းတစ်ဦးတစ်ယောက်ကိုမျှ သူတို့၏ဆင်းရဲနိမ့်ကျပုံပေါက်ခြင်းကြောင့် အထင်အမြင်သေးမည်မဟုတ်ချေ။ ယေဟောဝါသည် ထိုသို့သောသူတို့အား ကိုယ်တော်၏မေတ္တာကိုရရှိစေသည်ဆိုလျှင် ကျွန်ုပ်တို့၏မေတ္တာကို သူတို့ရထိုက်သည်ဟု အမှန်ပင်ယူဆသင့်ပေ၏။

၁၉၊ ၂၀။ (က) “အရေခြုံ” ဟူသောဂရိစကားလုံး၏နောက်ခံကား အဘယ်နည်း။ (ခ) “ညီအစ်ကိုများကို ချစ်ယောင်မဆောင်၊ အမှန်ချစ်” ကြောင်း မည်သို့တင်ပြကြမည်နည်း၊ ယင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။

၁၉ “ဟန်ဆောင်ခြင်းနှင့်ကင်းလွတ်၏။” “အရေခြုံ” ဟူသောဂရိစကားလုံးသည် “ဇာတ်ဝင်ခန်းတစ်ခု၌ ကပြသော ဇာတ်မင်းသား” ကိုရည်ညွှန်းနိုင်သည်။ ရှေးအချိန်က ဂရိနှင့် ရောမဇာတ်မင်းသားများသည် သရုပ်ဆောင်ကြသောအခါ မျက်နှာဖုံးကြီးများကို စွပ်ထားကြရသည်။ သို့နှင့် “အရေခြုံ” ဟူသောဂရိစကားလုံးသည် ဟန်ဆောင်သူ၊ သို့မဟုတ် ယောင်ဆောင်ကပြသူနှင့် ဆက်စပ်၍ဆင်းသက်လာ၏။ ဘုရားရေးရာဉာဏ်ပညာ၏ ဤရှုထောင့်သည် ဝတ်ပြုကိုးကွယ်သူချင်းတို့နှင့် ကျွန်ုပ်တို့ဆက်ဆံပုံကိုသာမက သူတို့အပေါ်ထားရှိသည့် စိတ်ထားအပေါ်လည်း ဩဇာသက်ရောက်သင့်သည်။

၂၀ တမန်တော်ပေတရုက ကျွန်ုပ်တို့သည် ‘သမ္မာတရားကို နားထောင်လျက် ညီအစ်ကိုများကိုချစ်ယောင်မဆောင် အမှန်ချစ်’ သင့်ကြောင်း သတိပြုစေခဲ့သည်။ (၁ ပေတရု ၁:၂၃) မှန်ပါသည်၊ ကျွန်ုပ်တို့ ညီအစ်ကိုများကိုချစ်ခြင်းသည် ဟန်ပြမဖြစ်ရချေ။ ကျွန်ုပ်တို့သည် သူတစ်ပါးကိုလှည့်ဖြားရန် မျက်နှာဖုံးများမစွပ်ထားပါ၊ သို့မဟုတ် သရုပ်ဆောင်ကြမည်လည်းမဟုတ်ပေ။ ကျွန်ုပ်တို့၏ချစ်ခင်ခြင်းသည် စစ်မှန်၍ နှလုံးထဲမှဖြစ်ရမည်။ သို့မှသာ ယုံကြည်သူချင်းတို့သည် ကျွန်ုပ်တို့ကို ယုံကြည်မှုရှိကြလိမ့်မည်၊ ကျွန်ုပ်တို့သည် ပင်ကိုအရှိအတိုင်းဖြစ်သည်ဟု သူတို့သိရှိကြလိမ့်မည်။ ဤသို့သောစိတ်ရင်းမှန်ရှိခြင်းက ခရစ်ယာန်ချင်းတို့စပ်ကြား ပွင့်လင်းရိုးသားသည့် ပေါင်းသင်းဆက်ဆံမှုရှိစေပြီး အသင်းတော်တွင် ယုံကြည်စိတ်ချရသောအခြေအနေမျိုး ရှိစေပေမည်။

‘လက်တွေ့ကျသောဉာဏ်ပညာကို ထိန်းသိမ်းလော့’

၂၁၊ ၂၂။ (က) ရှောလမုန်သည် ဉာဏ်ပညာကိုစောင့်ရှောက်ရန် မည်သို့ပျက်ကွက်ခဲ့သနည်း။ (ခ) ဉာဏ်ပညာကို ကျွန်ုပ်တို့ မည်သို့စောင့်ရှောက်နိုင်သနည်း၊ ထိုသို့ပြုခြင်းမှ ကျွန်ုပ်တို့ အဘယ်အကျိုးကျေးဇူးရရှိမည်နည်း။

၂၁ ဘုရားရေးရာဉာဏ်ပညာသည် ကျွန်ုပ်တို့ထိန်းသိမ်းထားသင့်သည့် ယေဟောဝါထံတော်မှ ဆုကျေးဇူးတစ်ခုဖြစ်သည်။ ရှောလမုန်က ဤသို့ဆိုသည်– “ငါ့သား ပညာရတနာ [“လက်တွေ့ကျဉာဏ်ပညာ၊” ကဘ] နှင့် သမ္မာသတိ [“စဉ်းစားဆင်ခြင်နိုင်စွမ်း၊” ကဘ] ကို . . . အစဉ်စောင့်ရှောက်လော့။” (သုတ္တံ ၃:၂၁) ဝမ်းနည်းစရာကား ရှောလမုန်ကိုယ်တိုင် ထိုသို့ပြုရန် ပျက်ကွက်ခဲ့သည်။ သူသည် နာခံသောနှလုံး ရှိသရွေ့ကာလပတ်လုံး ပညာရှိ၏။ သို့သော် အဆုံး၌ သူ၏တိုင်းတစ်ပါးသားဇနီးများစွာက ယေဟောဝါ၏စင်ကြယ်သောဝတ်ပြုရေးမှ သူ၏နှလုံးကို သွေဖည်သွားစေခဲ့သည်။ (၃ ဓမ္မရာဇဝင် ၁၁:၁-၈) အသိပညာကို ကျွန်ုပ်တို့ကောင်းစွာအသုံးမပြုလျှင် ထိုအသိပညာသည် တန်ဖိုးမရှိသလောက်ဖြစ်ကြောင်း ရှောလမုန်၏အဖြစ်အပျက်က ဖော်ပြသည်။

၂၂ လက်တွေ့ကျသောဉာဏ်ပညာကို ကျွန်ုပ်တို့ မည်သို့စောင့်ရှောက်နိုင်သနည်း။ သမ္မာကျမ်းစာနှင့် “သစ္စာနှင့်သတိပညာရှိသောကျွန်” ကပြင်ဆင်ပေးသော ကျမ်းစာအခြေပြုစာပေများကို မှန်မှန်ဖတ်ရှုရုံမက ကျွန်ုပ်တို့သိရှိရာကို လက်တွေ့ကျင့်သုံးဖို့ ကြိုးစားအားထုတ်ကြရမည်။ (မဿဲ ၂၄:၄၅သမ) ဘုရားသခင့်ဉာဏ်ပညာကို ကျွန်ုပ်တို့လက်တွေ့ကျင့်သုံး လိုက်လျှောက်ကြရန် အကြောင်းများစွာရှိသည်။ ဤသို့ပြုခြင်းသည် ယခုပင် သာ၍ကောင်းသောအသက်တာရရှိစေ၏။ ထို့ပြင် ဘုရားသခင်၏ကမ္ဘာသစ်တွင်ရမည့်အသက်ဖြစ်သော “မှန်သောအသက်ကိုဝင်စား” စေရန် ထောက်ကူသည်။ (၁ တိမောသေ ၆:၁၉) အရေးအကြီးဆုံးကား အထက်မှဉာဏ်ပညာကို မွေးမြူခြင်းအားဖြင့် ဉာဏ်ပညာအလုံးစုံ၏ရင်းမြစ်ဖြစ်သော ယေဟောဝါဘုရားသခင်နှင့် ကျွန်ုပ်တို့ကို သာ၍ရင်းနှီးစေသည်။

^ အပိုဒ်၊ 1 ၃ ဓမ္မရာဇဝင် ၃:၁၆ အရ ထိုအမျိုးသမီးနှစ်ဦးသည် ပြည့်တန်ဆာများဖြစ်ကြ၏။ ကျမ်းစာစောင်များအပေါ် ထိုးထွင်းသိမြင်ခြင်း [လိပ်] စာအုပ်က ဤသို့ဆိုသည်– “ဤအမျိုးသမီးတို့သည် ဂျူး၊ သို့မဟုတ် သာ၍ဖြစ်နိုင်ဖွယ်ရာမှာ တိုင်းတစ်ပါးမျိုးရိုးမှ ဆင်းသက်လာသူ အမျိုးသမီးများဖြစ်၍ ပြည့်တန်ဆာများဟုဆိုရာ၌ စီးပွားရေးသဘောအရမဟုတ်ဘဲ မတရားမေထုန်ကျူးလွန်မိခဲ့ကြ၍ ဖြစ်ပေမည်။”—ယေဟောဝါသက်သေများ ထုတ်ဝေသည်။

^ အပိုဒ်၊ 11 “သင့်တင့်စေ” ဟုပြန်ဆိုထားသောဂရိစကားလုံးသည် “‘ပြုပြင်မှုတစ်ရပ်ဖြစ်ရန်၊ လဲလှယ်ရန်နှင့်’ သို့ဖြင့် ‘ပြန်၍သင့်မြတ်ရန်’” ဟု အဓိပ္ပာယ်ရှိသောကြိယာမှ ဆင်းသက်လာသည်။ ထို့ကြောင့် သင်၏ပန်းတိုင်မှာ ပြောင်းလဲမှုတစ်ရပ်ဖြစ်ရန်၊ ဖြစ်နိုင်မည်ဆိုလျှင် စိတ်ထိခိုက်သွားသူ၏နှလုံးမှ စိတ်ခုနေခြင်းကို ဖယ်ရှားပစ်ရန်ဖြစ်သည်။—ရောမ ၁၂:၁၈

^ အပိုဒ်၊ 15 အခြားဘာသာပြန်ကျမ်းတစ်ခုက ဤစကားများကို ‘ကရုဏာနှင့် ပြည့်စုံကြွယ်ဝ၍ ကောင်းမြတ်သည့်အကျင့်များကို ဖြစ်ပွားစေတတ်၏’ ဟု ဘာသာပြန်ဆိုထားသည်။—သတင်းကောင်း။