မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂၅

‘ငါတို့ဘုရားသခင်၏ ယုယသနားကြင်နာခြင်း’

‘ငါတို့ဘုရားသခင်၏ ယုယသနားကြင်နာခြင်း’

၁၊ ၂။ (က) မိခင်တစ်ဦးသည် ကလေးငိုသံကို အလိုလို မည်သို့တုံ့ပြန်သနည်း။ (ခ) မိခင်၏သနားကြင်နာမှုထက် အဘယ်ခံစားချက်သည် သာ၍ပင် ပြင်းထန်သနည်း။

သန်းခေါင်ကျော်အချိန်တွင် နို့စို့သူငယ်လေး ထငိုသည်။ သူ၏မိခင်သည် အိပ်ရာမှ ချက်ချင်းနိုးလာလေ၏။ ထိုမိခင်သည် မီးဖွားပြီးကတည်းက နှစ်နှစ်ခြိုက်ခြိုက်မအိပ်ရပါ။ သူ့မွေးစကလေး၏ ငိုသံတစ်မျိုးစီကို ခွဲခြားသတ်မှတ်တတ်လေပြီ။ ထို့ကြောင့် သူ၏မွေးကင်းစလေးအား နို့ချိုတိုက်ကျွေးရန်၊ ယုယပိုက်ထွေးရန် လိုအပ်သလော သို့မဟုတ် အခြားလိုအပ်ရာတို့ကို ပြုစုပေးရန်လော စသည်တို့ကို သူပြောနိုင်သည်။ မည်သည့်အကြောင်းကြောင့်ပင် ကလေးငိုပါစေ မိခင်က တုံ့ပြန်သည်။ သူမ၏နှလုံးသားက ကလေး၏လိုအပ်ရာကို လျစ်လျူမရှုစေပါ။

ဝမ်းနှင့်လွယ်ခဲ့ရသောသားငယ်လေးအတွက် မိခင်တစ်ဦး၏ သနားကြင်နာစိတ်သည် လူတို့သိရှိခဲ့သမျှတွင် အယုယတတ်ဆုံးခံစားချက်ဖြစ်၏။ သို့ရာတွင် အတိုင်းမသိ ပိုမိုပြင်းထန်သောခံစားချက်တစ်မျိုး ရှိသေးသည်—ကျွန်ုပ်တို့၏ဘုရားသခင်၊ ယေဟောဝါ၏ ယုယသနားကြင်နာစိတ်ဖြစ်သည်။ ဤနှစ်သက်ဖွယ်အရည်အသွေးကို ဆင်ခြင်သုံးသပ်ခြင်းက ယေဟောဝါထံ ပိုမိုနီးကပ်သွားစေရန် ကူညီပေးနိုင်၏။ ထို့ကြောင့် သနားကြင်နာမှုဟူသည် အဘယ်အရာဖြစ်ကြောင်းနှင့် ယင်းကို ကျွန်ုပ်တို့၏ဘုရားသခင် မည်သို့တင်ပြခဲ့ကြောင်း သုံးသပ်ကြည့်ကြပါစို့။

သနားကြင်နာမှုဟူသည် အဘယ်နည်း

၃။ “ကရုဏာပြပါ” သို့မဟုတ် “သနားစိတ်ရှိပါ” ဟု ဘာသာပြန်ဆိုသည့် ဟေဗြဲကြိယာ၏အဓိပ္ပာယ်ကား အဘယ်နည်း။

သမ္မာကျမ်းစာတွင် သနားကြင်နာမှုနှင့် ကရုဏာသည် အလွန်နီးစပ်မှုရှိသည်။ ဟေဗြဲနှင့် ဂရိစကားလုံးအတော်များများက ယုယသနားကြင်နာသည့်သဘောကို ဖော်ဆောင်သည်။ ဥပမာ၊ “ကရုဏာပြပါ” သို့မဟုတ် “သနားစိတ်ရှိပါ” ဟု ဘာသာပြန်ဆိုလေ့ရှိသည့် ရာခမ်းမ်ဟူသော ဟေဗြဲကြိယာကိုသုံးသပ်ကြည့်ပါ။ ရည်ညွှန်းကိုးကားချက်တစ်ရပ်က ရာခမ်းမ်ဟူသောကြိယာသည် “ကျွန်ုပ်တို့ချစ်ခင်သောသူ၊ သို့မဟုတ် ကျွန်ုပ်တို့၏အကူအညီလိုအပ်သောသူ၏ ချည့်နဲ့မှု၊ သို့မဟုတ် ဝေဒနာခံစားနေရခြင်းကို တွေ့မြင်ရသောကြောင့် ဖြစ်ပေါ်လာသည့် အလွန်သနားကြင်နာခြင်းဆိုင်ရာ ယုယတတ်သည့်ခံစားချက်ကို ဖော်ဆောင်၏” ဟူ၍ရှင်းပြသည်။ ယေဟောဝါနှင့်စပ်လျဉ်း၍ ကိုယ်တော်တိုင်အသုံးပြုသော ဤဟေဗြဲစကားလုံးသည် မိခင်၏ “သားအိမ်” ဟူသည့်စကားလုံးနှင့် နီးစပ်မှုရှိပြီး ၎င်းကို “မိခင်၏သနားကြင်နာမှု” အဖြစ် ဖော်ပြနိုင်သည်။ *ထွက်မြောက်ရာ ၃၃:၁၉; ယေရမိ ၃၃:၂၆

“မိန်းမသည် မိမိဖွားသောသားကို . . . မေ့လျော့နိုင်သလော”

၄၊ ၅။ ယေဟောဝါ၏သနားကြင်နာစိတ်ကို ကျွန်ုပ်တို့နားလည်ဖို့ ကလေးသူငယ်အပေါ် မိခင်တစ်ဦးထားသည့်စိတ်ကို သမ္မာကျမ်းစာက မည်သို့အသုံးပြုဖော်ပြသနည်း။

ယေဟောဝါ၏သနားကြင်နာစိတ်ကို ကျွန်ုပ်တို့နားလည်ဖို့ သမ္မာကျမ်းစာက ကလေးငယ်အပေါ် မိခင်ထားရှိသည့်ခံစားချက်များကို သုံးထားသည်။ ဟေရှာယ ၄၉:၁၅ တွင် ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “မိန်းမသည် မိမိဖွားသောသားကို မသနား [ရာခမ်းမ်မရှိ] သည်တိုင်အောင် မိမိနို့စို့သူငယ်ကို မေ့လျော့နိုင်သလော။ အကယ်၍ မေ့လျော့သော်လည်း သင့်ကိုငါမမေ့လျော့။” ထိုနှလုံးထိမိသောဖော်ပြချက်သည် ယေဟောဝါ၏လူမျိုးအပေါ် ကိုယ်တော်ထားရှိသည့် သနားကြင်နာမှု၏ အတိမ်အနက်ကို အလေးပေးဖော်ပြသည်။ မည်သို့အားဖြင့်နည်း။

မိခင်တစ်ဦးသည် မိမိ၏နို့စို့ကလေးကို နို့ချိုတိုက်၊ ဂရုစိုက်ပြုစုရန် မေ့လျော့မည်ကို စဉ်းစားရခက်၏။ ထိုနို့စို့လေးသည် အကူအညီမဲ့နေသူ၊ နေ့ရောညပါ မိခင်၏ဂရုစိုက်မှုနှင့် အကြင်နာမေတ္တာ လိုအပ်နေသူဖြစ်သည်။ သို့တိုင် ဝမ်းနည်းစရာကား အထူးသဖြင့် ဤ “ခဲယဉ်းသောကာလ” ၏အမှတ်အသားတစ်ခုဖြစ်သည့် “ပကတိကြင်နာစုံမက်ခြင်း” ကင်းမဲ့ချိန်တွင် မိခင်လျစ်လျူရှုမှုအကြောင်း ကြားရစမြဲဖြစ်သည်။ (၂ တိမောသေ ၃:၁၊ ၃) ယေဟောဝါမှာမူ “သင့်ကိုငါမမေ့လျော့” ဟု မိန့်တော်မူခဲ့၏။ ယေဟောဝါသည် မိမိ၏ကျေးကျွန်များအတွက် ထားရှိသော ယုယသနားကြင်နာမှုသည် တည်မြဲသည်။ ယင်းသည် ကျွန်ုပ်တို့တွေးတော၍ရသမျှတွင် အယုယတတ်ဆုံး သဘာဝခံစားချက်ဖြစ်သည့် မိမိနို့စို့ကလေးအပေါ် မိခင်တစ်ဦးထားသော သနားကြင်နာစိတ်ထက် အတိုင်းမသိ သာလွန်သည်။ ယင်းကြောင့် ဟေရှာယ ၄၉:၁၅ နှင့်ပတ်သက်၍ ဋီကာဆရာတစ်ဦးက ဤသို့ဖော်ပြခြင်းသည် အံ့အားသင့်စရာမဟုတ်ချေ– “ယင်းသည် ဘုရားသခင့်မေတ္တာတော်နှင့်ပတ်သက်၍ ဓမ္မဟောင်းကျမ်းတွင် အပီပြင်ဆုံးဖော်ပြချက် မဟုတ်လျှင်ပင် အပီပြင်ဆုံးဖော်ပြချက်များမှ တစ်ခုဖြစ်သည်။”

၆။ မစုံလင်သူ လူအများသည် ယုယသနားကြင်နာမှုကို မည်သို့ရှုမြင်တတ်ကြသနည်း၊ သို့သော် ယေဟောဝါသည် အဘယ်အရာကို စိတ်ချစေသနည်း။

ယုယသနားကြင်နာစိတ်သည် ပျော့ညံ့ခြင်းလက္ခဏာတစ်ခုလော။ မစုံလင်သူလူသားများစွာက ထိုသို့ရှုမြင်ကြသည်။ ဥပမာ၊ ယေရှုနှင့်တစ်ခေတ်တည်းသား၊ ရောမပညာရှင် အထင်ကရပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ရောမအတွေးအခေါ်ပညာရှင် ဆီနီကာက “သနားခြင်းသည် စိတ်ပျော့ညံ့ချက်ဖြစ်၏” ဟုသွန်သင်ခဲ့သည်။ ဆီနီကာသည် ခံစားချက်မဲ့သောတည်ငြိမ်မှုကို အလေးပေးသည့် အတွေးအခေါ်ပညာရပ်ဖြစ်သော သတောအိတ်ဝါဒကို ထောက်ခံခဲ့သည်။ ပညာရှိသည် အခက်အခဲကြုံသူတို့ကို ကူညီပေးမည်ဖြစ်သော်လည်း သူတို့ကိုမသနားရ၊ အကြောင်းမှာ သနားမည်ဆိုလျှင် စိတ်တည်ငြိမ်မှု ပျောက်ဆုံးသွားနိုင်သည်ဟုဆို၏။ ကိုယ့်အပေါ်သာအာရုံစိုက်သည့် ထိုအမြင်မျိုးသည် နှလုံးသားထဲမှသနားကြင်နာမှုကို မရှိစေပါ။ ယေဟောဝါမူ ထိုသို့လုံးဝမဟုတ်ချေ! ကိုယ်တော်သည် “အလွန်သနားစုံမက်တော်မူကြောင်း” သမ္မာကျမ်းစာက စိတ်ချစေသည်။ (ယာကုပ် ၅:၁၁) ကျွန်ုပ်တို့တွေ့ရှိကြရမည့်အတိုင်း သနားကြင်နာခြင်းဟူသည် ပျော့ညံ့ခြင်းမဟုတ်ဘဲ ကြံ့ခိုင်သည့် အရေးပါသောအရည်အသွေးတစ်ခုဖြစ်သည်။ ယေဟောဝါသည် မေတ္တာရှိမိဘတစ်ဦးအနေဖြင့် ယင်းကိုမည်သို့ဖော်ပြကြောင်း သုံးသပ်ကြည့်ကြပါစို့။

လူမျိုးတစ်မျိုးကို ယေဟောဝါသနားကြင်နာခဲ့သောအခါ

၇၊ ၈။ အီဂျစ်ပြည်တွင် ဣသရေလလူတို့သည် အဘယ်နည်းဖြင့် ဆင်းရဲခံခဲ့ရသနည်း၊ သူတို့၏ဆင်းရဲခြင်းကို ယေဟောဝါမည်သို့တုံ့ပြန်ခဲ့သနည်း။

ဣသရေလလူမျိုးနှင့် ယေဟောဝါဆက်ဆံပုံမှ ကိုယ်တော်၏သနားကြင်နာမှုကို ကျွန်ုပ်တို့ အထင်အရှားတွေ့မြင်ရသည်။ ဘီ.စီ.အီး. ၁၆ ရာစုနှစ်အကုန်ပိုင်းတွင် ရှေးအီဂျစ်ပြည်၌ သန်းနှင့်ချီသော ဣသရေလလူမျိုးသည် ကျွန်ခံခဲ့ရပြီး ယင်းတွင် အပြင်းအထန် နှိပ်စက်ညှဉ်းပန်းခံခဲ့ကြရသည်။ အီဂျစ်တို့သည် “သရွတ်နှင့်အုတ်လုပ်သောအမှု . . . ၌ ခဲယဉ်းစွာစေခိုင်း၍ အလွန်ဆင်းရဲပင်ပန်းစေကြ၏။” (ထွက်မြောက်ရာ ၁:၁၁၊ ၁၄) ဣသရေလလူတို့သည် ဆင်းရဲခံရသောအခါ ယေဟောဝါကိုအော်ဟစ်၍ အကူအညီတောင်းလေသည်။ ယုယသနားကြင်နာတတ်သောဘုရားသခင်သည် မည်သို့တုံ့ပြန်ခဲ့သနည်း။

ယေဟောဝါ၏စိတ်တော် ထိခိုက်ခဲ့သည်။ သို့ဖြစ်၍ ကိုယ်တော်က “အဲဂုတ္တုပြည်၌ရှိသော ငါ၏လူတို့ခံရသော ညှဉ်းဆဲခြင်းကို ငါစေ့စေ့မြင်ခဲ့ပြီ။ သူတို့ကို စေခိုင်းသောသခင်တို့ကြောင့် သူတို့မြည်တမ်းသောအသံကိုလည်း ငါကြားခဲ့ပြီ။ သူတို့နာကြည်းခြင်းဝေဒနာကို ငါသိ၏” ဟုမိန့်တော်မူသည်။ (ထွက်မြောက်ရာ ၃:၇) ယေဟောဝါသည် ကိုယ်တော်၏လူမျိုး ခံစားနေရသော ဆင်းရဲခြင်းကိုမြင်၍ သူတို့၏အော်ဟစ်သံများကို ကြားပြီး စိတ်မဆင်းရဲဘဲ မနေနိုင်ခဲ့ပေ။ ဤစာအုပ်၏ အခန်း ၂၄ တွင် ကျွန်ုပ်တို့သိရှိခဲ့ရသည့်အတိုင်း ယေဟောဝါသည် စာနာတတ်သောဘုရားသခင်ဖြစ်တော်မူ၏။ စာနာမှုဟူသည် အခြားသူတို့၏နာကျင်မှုကို ကိုယ်တိုင်ခံစားပေးခြင်းဖြစ်၍ သနားကြင်နာခြင်းနှင့် အလွန်ပင်နီးစပ်သည်။ သို့သော် ယေဟောဝါသည် ကိုယ်တော်၏လူတို့အတွက် ခံစားရုံ ခံစားပေးခဲ့သည်မဟုတ်၊ သူတို့အတွက် လုပ်ဆောင်ပေးရန် လှုံ့ဆော်ခံခဲ့ရသည်။ ဟေရှာယ ၆၃:၉ က ဤသို့ဆိုသည်– “မေတ္တာကရုဏာတော်ရှိသည်အတိုင်း ရွေးနုတ်တော်မူ၏။” ယေဟောဝါသည် “အားကြီးသောလက်ရုံးတော်” ဖြင့် ဣသရေလလူတို့ကို အီဂျစ်ပြည်မှ ကယ်လွှတ်တော်မူခဲ့သည်။ (တရားဟောရာ ၄:၃၄) ထို့နောက် သူတို့ကို အံ့ဖွယ်အစာ ကျွေးမွေးတော်မူ၍ အသီးအနှံအထွက်များသော ပြည်သို့ပို့ဆောင်ပေးပြီး ပိုင်ဆိုင်စေတော်မူ၏။

၉၊ ၁၀။ (က) ကတိထားရာပြည်၌ ဣသရေလလူတို့ အခြေချပြီးနောက် ယေဟောဝါသည် သူတို့ကို အဘယ်ကြောင့် ထပ်တလဲလဲ ကယ်တင်ခဲ့သနည်း။ (ခ) ယေဖသလက်ထက်တွင် ယေဟောဝါသည် ဣသရေလလူတို့ကို အဘယ်ဖိနှိပ်ညှဉ်းပန်းမှုအောက်မှ ကယ်နုတ်ပေးခဲ့သနည်း၊ ထိုသို့ပြုရန် ကိုယ်တော်အား အဘယ်အရာက လှုံ့ဆော်ပေးခဲ့သနည်း။

ယေဟောဝါ၏သနားကြင်နာမှုမှာ ထိုတွင် ရပ်တန့်မသွားပါ။ ကတိထားရာပြည်တွင် အခြေချပြီးနောက် ဣသရေလလူမျိုးသည် ထပ်ခါတလဲ သစ္စာမဲ့ခဲ့ကြရာ ဆိုးကျိုးများခံစားခဲ့ကြရသည်။ သို့သော် တစ်ဖန် သူတို့သတိပြန်ရလာကြပြီး ယေဟောဝါအား အကူအညီတောင်းခံကြ၏။ သူတို့ကို ကိုယ်တော်ထပ်တလဲလဲ ကယ်ဆယ်ခဲ့၏။ အဘယ်ကြောင့်နည်း။ ‘ဘုရားသခင်သည် မိမိလူမျိုးကို သနားသောကြောင့်’ ဖြစ်သည်။—၂ ရာဇဝင်ချုပ် ၃၆:၁၅; တရားသူကြီး ၂:၁၁-၁၆

၁၀ ယေဖသလက်ထက်တွင် အဘယ်အရာဖြစ်ပျက်ခဲ့ကြောင်း သုံးသပ်ကြည့်ပါ။ ဣသရေလလူတို့သည် မှားယွင်းသောဘုရားများကို ကိုးကွယ်နေကြရာ ၁၈ နှစ်ပတ်လုံး အမ္မုန်အမျိုးသားတို့၏ညှဉ်းဆဲခြင်းကို ယေဟောဝါခံစေတော်မူသည်။ အဆုံး၌ ဣသရေလလူတို့သည် နောင်တယူလေ၏။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “လူမျိုးခြားတို့၏ဘုရားများကိုပယ်၍ ထာဝရဘုရားကိုဝတ်ပြုကြ၏။ ထိုအခါ ထာဝရဘုရားသည် ဣသရေလလူတို့ခံရသောဒုက္ခဆင်းရဲကြောင့် သည်းမခံနိုင်အောင် စိတ်တော်ရှိလေ၏။” * (တရားသူကြီး ၁၀:၆-၁၆သမ္မာ) စစ်မှန်သောနောင်တကို ယေဟောဝါလူမျိုးတင်ပြသည်နှင့်တစ်ပြိုင်နက် သူတို့ဆင်းရဲခံရခြင်းကို ကိုယ်တော်ကြည့်မနေနိုင်တော့ချေ။ သို့နှင့် ယုယသနားကြင်နာသောဘုရားသခင်သည် ဣသရေလလူတို့ကို ရန်သူများလက်မှ ကယ်နုတ်ပေးရန် ယေဖသအား အခွင့်အာဏာပေးခဲ့သည်။—တရားသူကြီး ၁၁:၃၀-၃၃

၁၁။ ဣသရေလလူတို့နှင့် ယေဟောဝါဆက်ဆံပုံက သနားကြင်နာမှုအကြောင်း အဘယ်အရာသိရှိစေသနည်း။

၁၁ ဣသရေလလူမျိုးနှင့် ယေဟောဝါဆက်ဆံခဲ့ပုံက သနားကြင်နာမှုနှင့်ပတ်သက်၍ ကျွန်ုပ်တို့အား အဘယ်အရာသိရှိစေသနည်း။ တစ်ချက်ကား လူသားတို့ကြုံတွေ့ရသောအတိဒုက္ခများကို ကိုယ်ချင်းစာနာပေးရုံထက်မကဖြစ်ကြောင်း သိရှိစေသည်။ ကလေး၏ငိုသံကို မိခင်တုံ့ပြန်ရန် သနားကြင်နာစိတ်က သူ့ကိုလှုံ့ဆော်ပေးကြောင်း ပြန်သတိရပါ။ အလားတူ ယေဟောဝါသည် မိမိလူတို့၏အော်ဟစ်သံကို မကြားဘဲမနေပါ။ ကိုယ်တော့်ယုယသနားကြင်နာစိတ်က သူတို့၏ဆင်းရဲဒုက္ခကို သက်သာသွားစေရန်ပြုပေးဖို့ ကိုယ်တော့်အား လှုံ့ဆော်ပေးသည်။ ထို့အပြင် ဣသရေလလူတို့နှင့် ယေဟောဝါဆက်ဆံပုံက သနားကြင်နာခြင်းသည် ပျော့ညံ့ခြင်း လုံးဝမဟုတ်ကြောင်း ကျွန်ုပ်တို့ကိုသိရှိစေ၏၊ အကြောင်းမှာ ဤယုယသောအရည်အသွေးက မိမိလူမျိုး၏အကျိုးကို အားကြီးစွာ ပြတ်ပြတ်သားသား ဆောင်ရွက်ရန် ကိုယ်တော်အား လှုံ့ဆော်ပေးသည်။ သို့သော် ယေဟောဝါသည် ကိုယ်တော်၏ကျေးကျွန်များကို အုပ်စုလိုက်သာ သနားကြင်နာမှုပြသလော။

တစ်ဦးချင်းစီကို ယေဟောဝါသနားကြင်နာခြင်း

၁၂။ ပညတ်တရားက တစ်ဦးချင်းစီကို ယေဟောဝါသနားကြင်နာကြောင်း မည်သို့ဖော်ပြသနည်း။

၁၂ ကိုယ်တော်သည် တစ်ဦးချင်းစီကို သနားကြင်နာကြောင်း ဣသရေလလူတို့အား ဘုရားသခင်ပေးသောပညတ်က ဖော်ပြသည်။ ဥပမာ၊ ဆင်းရဲသားတို့အတွက် ကိုယ်တော်စိုးရိမ်ပူပန်ခဲ့ခြင်းကို သုံးသပ်ကြည့်ပါ။ ဣသရေလလူတစ်ဦးကို ဆင်းရဲသွားစေနိုင်သည့် ကြိုမမြင်နိုင်သောအခြေအနေများ ဖြစ်ပေါ်လာနိုင်သည်ကို ယေဟောဝါသိတော်မူ၏။ ဆင်းရဲသားတို့နှင့် မည်သို့ဆက်ဆံကြဖို့ဖြစ်သနည်း။ ဣသရေလလူတို့ကို ယေဟောဝါ ဤသို့အတိအကျပညတ်ပေးခဲ့သည်– “ဆင်းရဲသောညီအစ်ကိုချင်းရှိလျှင် ထိုဆင်းရဲသောညီအစ်ကို၌ သင်သည် သနားသောစိတ်ကိုမချုပ်တည်းရ။ လက်ကိုလည်းမပိတ်ရ။ အကယ်စင်စစ် သူ့အားပေးရမည်။ ပေးသောအခါ နှမြောသောစိတ်မရှိရ။ အကြောင်းမူကား ထိုဒါနကြောင့် သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်ပြုလေရာရာ၊ လုပ်ဆောင်လေရာရာ၌ ကောင်းချီးပေးတော်မူမည်။” (တရားဟောရာ ၁၅:၇၊ ၁၀) ထို့ပြင် ဣသရေလလူတို့သည် သူတို့၏လယ်ထောင့်များကို အကုန်အစင်မရိတ်ရန်၊ ကျန်ကြွင်းသောအရာကို မကောက်မသိမ်းရန် ယေဟောဝါပညတ်ခဲ့သည်။ ထိုသို့သောကောက်သင်းများသည် မရှိဆင်းရဲသူတို့အတွက်ဖြစ်သည်။ (ဝတ်ပြုရာ ၂၃:၂၂; ရုသ ၂:၂-၇) မိမိတို့တွင်ရှိသော ဆင်းရဲသူတို့အား ထောက်ထား၍ပေးသည့် ဤပညတ်ကို ထိုလူမျိုးလိုက်နာသောအခါ ဣသရေလလူတို့တွင် နွမ်းပါးသူတို့သည် တောင်းစားစရာမလိုချေ။ ယင်းက ယေဟောဝါ၏ ယုယသနားကြင်နာမှုကို ဖော်ပြသည်မဟုတ်ပေလော။

၁၃၊ ၁၄။ (က) ယေဟောဝါသည် ကျွန်ုပ်တို့တစ်ဦးချင်းစီအတွက် အလွန်ပင်စိုးရိမ်ပူပန်ကြောင်း ဒါဝိဒ်၏စကားများက မည်သို့အာမခံသနည်း။ (ခ) ယေဟောဝါသည် “ကျိုးပဲ့သောစိတ်ရှိ” ၍ “နှလုံးကြေကွဲ” သူတို့အနီးတွင် ရှိတော်မူကြောင်း မည်သို့ဖော်ပြနိုင်သနည်း။

၁၃ ယနေ့လည်း ကျွန်ုပ်တို့၏မေတ္တာရှင်ဘုရားသခင်သည် ကျွန်ုပ်တို့တစ်ဦးစီနှင့်ပတ်သက်၍ အလွန်စိုးရိမ်ပူပန်တော်မူ၏။ ကျွန်ုပ်တို့ကြုံတွေ့နေရသမျှ ဆင်းရဲဒုက္ခကို ကိုယ်တော် သိရှိတော်မူကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်၏။ ဆာလံဆရာဒါဝိဒ်က ဤသို့ရေးသားခဲ့သည်– “ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏။ သူတို့အော်ဟစ်သံကိုလည်း နားထောင်တော်မူ၏။ ထာဝရဘုရားသည် ကျိုးပဲ့သောစိတ်ရှိသောသူတို့နှင့် နှလုံးကြေကွဲသောသူတို့ကိုနီးတော်မူ၏။ နောင်တရှိ၍ စိတ်နှိမ့်ချသောသူတို့ကိုလည်း ကယ်တင်တော်မူ၏။” (ဆာလံ ၃၄:၁၅၊ ၁၈) ဤသို့ဖော်ပြခံရသူများနှင့်ပတ်သက်၍ ကျမ်းစာဋီကာဆရာတစ်ဦးက ဤသို့ဆိုသည်– “ထိုသူတို့မှာ နှလုံးကြေကွဲ၍ နောင်တရသောစိတ်၊ အပြစ်ကြောင့် သေးသိမ်သည်ဟုခံစားရပြီး ကိုယ့်ကိုယ်ကို လေးစားစိတ်ပင်မရှိသူများဖြစ်၏၊ သူတို့သည် သိမ်ငယ်နေသူတို့ဖြစ်ပြီး ကိုယ့်ကိုယ်ကိုတန်ဖိုးမရှိဟု ယူမှတ်နေကြ၏။” ထိုသို့သောသူတို့က ယေဟောဝါသည် အလှမ်းကွာဝေးပြီး မိမိတို့သည် ဘာမျှမဟုတ်သူများဖြစ်သောကြောင့် ကိုယ်တော်ဂရုစိုက်စရာအကြောင်း မရှိဟု ခံစားရပေမည်။ သို့သော် ထိုသို့မဟုတ်ပါ။ ယေဟောဝါသည် “သိမ်ငယ်နေသူတို့” ကို စွန့်တော်မမူကြောင်း ဒါဝိဒ်၏စကားများက အာမခံသည်။ ယင်းသို့သော အချိန်အခါမျိုးတွင် အခြားအချိန်အခါများထက် ကိုယ်တော်၏အကူအညီ သာ၍လိုအပ်ကြောင်း ကျွန်ုပ်တို့၏ သနားကြင်နာသောဘုရားသခင်သည် သိတော်မူပြီး အနီးအပါးတွင်ရှိ၏။

၁၄ တွေ့ကြုံမှုတစ်ခုကို သုံးသပ်ကြည့်ပါ။ အမေရိကန်ပြည်ထောင်စုရှိ မိခင်တစ်ဦးသည် သူ၏နှစ်နှစ်သားလေး၌ ပြင်းထန်သောကြက်ညှာချောင်းဆိုးရောဂါဖြစ်နေရာ ဆေးရုံသို့ အပြေးအလွှားခေါ်သွားခဲ့၏။ ထိုကလေးကို စမ်းသပ်စစ်ဆေးပြီးနောက် ဆရာဝန်များက သူ့ကို ညလုံးပေါက် ဆေးရုံတင်ထားရမည်ဟု မိခင်အားပြောသည်။ ထိုညတွင် မိခင်သည် အဘယ်နေရာတွင် အိပ်ခဲ့သနည်း။ ဆေးရုံလူနာခန်းရှိ သားဖြစ်သူ၏ခုတင်ဘေး ကုလားထိုင်ပေါ်တွင်ဖြစ်သည်! သူ၏သားငယ်မှာ ဖျားနေသဖြင့် မိခင်ဖြစ်သူသည် သူ၏အနားမှမခွာလိုပါ။ ကျွန်ုပ်တို့၏မေတ္တာရှင် ကောင်းကင်ခမည်းတော်သည် ထိုထက်မကပြုမူမည်မှာ သေချာသည်! အမှန်မှာ ကျွန်ုပ်တို့သည် ကိုယ်တော်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခံရသည်။ (ကမ္ဘာဦး ၁:၂၆) ကျွန်ုပ်တို့၌ “ကျိုးပဲ့သောစိတ်ရှိသော” အခါ သို့မဟုတ် “နှလုံးကြေကွဲသော” အခါ ယေဟောဝါသည် မေတ္တာရှိသောမိဘတစ်ဦးကဲ့သို့ ‘အနီးတွင်ရှိတော်မူ’ ပြီး သနားကြင်နာမှုအမြဲပြ၍ ကူညီပေးဖို့အသင့်ရှိကြောင်း ဆာလံ ၃၄:၁၈ ပါ ထိမိသောစကားများကဖော်ပြသည်။

၁၅။ ယေဟောဝါသည် ကျွန်ုပ်တို့တစ်ဦးချင်းစီကို အဘယ်နည်းများဖြင့် ကူညီပေးတော်မူသနည်း။

၁၅ သို့ဖြစ်၍ ယေဟောဝါသည် ကျွန်ုပ်တို့တစ်ဦးချင်းစီကို မည်သို့ကူညီသနည်း။ ကျွန်ုပ်တို့ခံစားနေရသော ဆင်းရဲဒုက္ခ၏အကြောင်းရင်းကို ကိုယ်တော်ဖယ်ရှားပေးစရာမလိုပါ။ သို့သော် အကူအညီရရန် ယေဟောဝါထံတောင်းခံသူတို့အတွက် ကိုယ်တော်သည် အကူအညီအမြောက်အမြား စီစဉ်ပေးထားသည်။ ကိုယ်တော့်နှုတ်ကပါဌ်တော် သမ္မာကျမ်းစာသည် အခြေအနေကိုထူးခြားစေရန် လက်တွေ့ကျအကြံဉာဏ်ပေးသည်။ အသင်းတော်တွင် ဝိညာဉ်ရေးရာအရည်အချင်းပြည့်မီသော ကြီးကြပ်မှူးများကို ယေဟောဝါခန့်အပ်ထားသည်၊ သူတို့က ဝတ်ပြုကိုးကွယ်သူချင်းတို့ကို ကူညီပေးရာတွင် ကိုယ်တော်၏သနားကြင်နာမှုကို ကြိုးစားရောင်ပြန်ကြသည်။ (ယာကုပ် ၅:၁၄၊ ၁၅) ကိုယ်တော်သည် “ပတ္ထနာကိုနားညောင်းတော်မူသောအရှင်” အဖြစ် “တောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်” ပေးတော်မူ၏။ (ဆာလံ ၆၅:၂သမ္မာ; လုကာ ၁၁:၁၃) ထိုဝိညာဉ်တော်သည် ဖိစီးနှိပ်စက်သော ပြဿနာမှန်သမျှကို ဘုရားသခင့်နိုင်ငံတော် မဖယ်ရှားမချင်း ခံနိုင်ရည်ရှိစေရန် ကျွန်ုပ်တို့ကို ‘သာမန်ထက်ထူးကဲသောတန်ခိုးတော်’ ပေးနိုင်သည်။ (၂ ကောရိန္သု ၄:၇ကဘ) ဤပြင်ဆင်ပေးချက်အားလုံးကို ရရှိထားသည့်အတွက် ကျွန်ုပ်တို့ ကျေးဇူးမတင်ကြပေလော။ ၎င်းတို့သည် ယေဟောဝါ၏ သနားကြင်နာမှု ဖော်ပြချက်များဖြစ်ကြောင်း မမေ့ကြစို့နှင့်။

၁၆။ ယေဟောဝါ၏သနားကြင်နာခြင်းကို အကြီးမြတ်ဆုံးနည်းဖြင့်ဖော်ပြသည့်ပုံနမူနာကား အဘယ်နည်း၊ ၎င်းသည် ကျွန်ုပ်တို့ တစ်ဦးချင်းစီကို မည်သို့အကျိုးသက်ရောက်သနည်း။

၁၆ ယေဟောဝါ၏သနားကြင်နာမှုဆိုင်ရာ အကြီးမြတ်ဆုံးပုံနမူနာကား ကိုယ်တော့်အချစ်ဆုံးသူကို ကျွန်ုပ်တို့အတွက် ရွေးနုတ်ဖိုးအဖြစ် ပေးသနားခဲ့ခြင်းဖြစ်သည်။ ယင်းသည် ယေဟောဝါဘက်မှ မေတ္တာပါပါ အနစ်နာခံခဲ့မှုဖြစ်၏၊ ယင်းက ကျွန်ုပ်တို့ကယ်တင်ခြင်းရရန် လမ်းစဖွင့်ပေးခဲ့၏။ ထိုရွေးနုတ်ဖိုးအစီအစဉ်သည် ကျွန်ုပ်တို့တစ်ဦးစီနှင့် သက်ဆိုင်ကြောင်း သတိရပါ။ ထိုအစီအစဉ်သည် ‘ငါတို့ဘုရားသခင်၏ သနားခြင်းကရုဏာကြွယ်ဝခြင်း’ ကို ထင်ရှားစေကြောင်း နှစ်ခြင်းဆရာယောဟန်၏ဖခင် ဇာခရိက ဆီလျော်စွာ တင်ကူးပြောဆိုခဲ့သည်။—လုကာ ၁:၇၈သတင်းကောင်း။

သနားကြင်နာမှုကို ယေဟောဝါမပြသည့်အခါ

၁၇-၁၉။ (က) ယေဟောဝါသည် အကန့်အသတ်မဲ့သနားကြင်နာမှုမပြကြောင်း သမ္မာကျမ်းစာက မည်သို့ဖော်ပြသနည်း။ (ခ) ယေဟောဝါ၏လူမျိုးကို ကိုယ်တော်သနားကြင်နာမှုမပြနိုင်တော့သည့်အကြောင်းရင်းက အဘယ်နည်း။

၁၇ ယေဟောဝါ၏ ယုယသနားကြင်နာမှုသည် အကန့်အသတ်မရှိဟု ကျွန်ုပ်တို့ယူမှတ်ရန်လော။ ထိုသို့ယူမှတ်မည့်အစား ကိုယ်တော်၏ဖြောင့်မတ်သောလမ်းစဉ်များကို ဆန့်ကျင်သူတို့အား ယေဟောဝါသည် သနားကြင်နာမှုကို မပြဘဲနေကြောင်း သမ္မာကျမ်းစာက အထင်အရှားဖော်ပြသည်။ (ဟေဗြဲ ၁၀:၂၈) ထိုသို့ ကိုယ်တော် အဘယ်ကြောင့်ပြုရကြောင်းကိုသိမြင်ရန် ဣသရေလလူမျိုး၏ပုံနမူနာကို ပြန်သတိရပါ။

၁၈ ယေဟောဝါသည် ဣသရေလလူတို့ကို ရန်သူတို့၏လက်မှ ထပ်တလဲလဲ ကယ်နုတ်ခဲ့သော်လည်း ကိုယ်တော်၏သနားကြင်နာမှုအတိုင်းအတာ နောက်ဆုံးတွင် ကုန်ခန်းသွားခဲ့၏။ ဤခေါင်းမာသောလူမျိုးသည် ရုပ်တုကိုးကွယ်ကြပြီး ယေဟောဝါ၏ဝတ်ပြုရာအိမ်တော်အတွင်းသို့ပင် သူတို့၏ စက်ဆုပ်ရွံရှာဖွယ်ရာရုပ်တုများကို ယူဆောင်လာကြသည်တကား! (ယေဇကျေလ ၅:၁၁; ၈:၁၇၊ ၁၈) ထိုမျှမက သူတို့သည် “ဘုရားသခင်၏တမန်တို့ကိုပြက်ရယ်ပြု၍ အမိန့်တော်ကိုနားမထောင်၊ ပရောဖက်တော်တို့ကိုညှဉ်းဆဲသောကြောင့် ထာဝရဘုရား၏အမျက်တော်မငြိမ်းနိုင်အောင် . . . ထွက်” တော်မူကြောင်း ကျွန်ုပ်တို့သိရှိရသည်။ (၂ ရာဇဝင်ချုပ် ၃၆:၁၆) ဣသရေလလူတို့သည် သနားကြင်နာမှု ပြခံရစရာ လုံးဝမရှိတော့သည့် အခြေအနေသို့ ရောက်ခဲ့ရာ သူတို့သည် ယေဟောဝါအား ဖြောင့်မှန်စွာ အမျက်တော်ထွက်စေခဲ့ကြ၏။ အကျိုးရလဒ်ကား အဘယ်နည်း။

၁၉ ယေဟောဝါသည် ကိုယ်တော်၏လူမျိုးကို သနားကြင်နာမှု မပြနိုင်တော့ချေ။ ကိုယ်တော်က “ငါသည် ကရုဏာမရှိ၊ မနှမြော၊ မကယ်မဘဲ ထိုသူတို့ကိုဖျက်ဆီးမည်” ဟုကြေညာလေတော့သည်။ (ယေရမိ ၁၃:၁၄) သို့ဖြင့် ယေရုရှလင်နှင့် ၎င်း၏ဗိမာန်တော် ဖျက်ဆီးခံရပြီး ဣသရေလလူတို့သည် ဗာဗုလုန်နိုင်ငံသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရလေသည်။ အပြစ်ရှိသောလူတို့သည် ဘုရားသခင်၏သနားကြင်နာမှုအတိုင်းအတာ ကုန်ခန်းသွားစေသည်အထိ ပုန်ကန်သောင်းကျန်းကြခြင်းမှာ အမှန်တကယ်ဝမ်းနည်းစရာပင်!—မြည်တမ်းစကား ၂:၂၁

၂၀၊ ၂၁။ (က) ကျွန်ုပ်တို့အချိန်တွင် ဘုရားသခင်၏သနားကြင်နာမှုအတိုင်းအတာ ဆုံးခန်းတိုင်သွားသောအခါ အဘယ်အရာဖြစ်ပျက်မည်နည်း။ (ခ) နောက်အခန်းတွင် ယေဟောဝါ၏သနားကြင်နာမှုပါပါ စီစဉ်ထားသည့် အဘယ်အစီအစဉ်ကို ကျွန်ုပ်တို့ဆွေးနွေးကြမည်နည်း။

၂၀ ယနေ့ကော အသို့နည်း။ ယေဟောဝါသည် မပြောင်းလဲပါ။ ကိုယ်တော်သည် သနားကြင်နာသဖြင့် မိမိ၏သက်သေများအား ‘နိုင်ငံတော်နှင့်ယှဉ်သောသတင်းကောင်းကို’ လောကီနိုင်ငံအရပ်ရပ်တို့၌ ဟောပြောရန် တာဝန်အပ်နှင်းခဲ့သည်။ (မဿဲ ၂၄:၁၄) ထိုသတင်းတရားကို စိတ်နှလုံးရိုးဖြောင့်သူတို့ လက်ခံနားထောင်ကြသောအခါ ယေဟောဝါသည် သူတို့အား ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို နားလည်စေ၏။ (တမန်တော် ၁၆:၁၄) သို့သော် ဤလုပ်ငန်းကို အစဉ်အမြဲလုပ်ဆောင်သွားမည်မဟုတ်ပါ။ ဤဆိုးညစ်သောလောကနှင့်အတူ ယင်း၏အတိဒုက္ခနှင့် ဝေဒနာများကို အကန့်အသတ်မရှိ ဆက်တည်ရှိသွားစေမည်ဆိုလျှင် ယေဟောဝါသည် သနားကြင်နာရာကျမည်မဟုတ်ချေ။ ဘုရားသခင်၏သနားကြင်နာမှုအတိုင်းအတာ ကုန်ခန်းသွားသောအခါ ယေဟောဝါသည် ဤအစီအစဉ်စနစ်ကို တရားစီရင်တော်မူလိမ့်မည်။ ထိုအချိန်တွင်ပင် ကိုယ်တော်သည် မိမိ၏ “သန့်ရှင်းသောနာမ၊ [သမ္မာ]” နှင့် သစ္စာရှိကျေးကျွန်များကို သနားကြင်နာမှုရှိရှိ ဆောင်ရွက်တော်မူမည်။ (ယေဇကျေလ ၃၆:၂၀-၂၃) ထိုအခါ ယေဟောဝါသည် ဆိုးညစ်မှုကို ဖယ်ရှားပစ်ကာ ဖြောင့်မတ်သောကမ္ဘာသစ်ကို ဆောင်ကြဉ်းမည်။ ဆိုးညစ်မှုနှင့်ပတ်သက်၍ ယေဟောဝါက “ငါသည် နှမြောစုံမက်ခြင်းမရှိဘဲ သူတို့အကျင့်တို့၏အကျိုးအပြစ်ကို သူတို့ခေါင်းပေါ်သို့သက်ရောက်စေမည်” ဟုအခိုင်အမာမိန့်ဆိုသည်။—ယေဇကျေလ ၉:၁၀

၂၁ ထိုအချိန်အထိ ယေဟောဝါသည် လူတို့ကို သနားကြင်နာမှုရှိ၏၊ ဖျက်ဆီးခံရမည့်သူတို့ကိုပင် သနားကြင်နာတော်မူ၏။ အမှန်တကယ်နောင်တရသူ အပြစ်သားများသည် ယေဟောဝါ၏အကြီးမြတ်ဆုံး အကြင်နာမေတ္တာ၏အစီအစဉ်ဖြစ်သည့် ခွင့်လွှတ်ခြင်းအကျိုးကို ခံစားနိုင်သည်။ နောက်အခန်းတွင် ယေဟောဝါလုံးလုံးခွင့်လွှတ်ကြောင်းကို ရုပ်လုံးဖော်သည့် သမ္မာကျမ်းစာပါ တင့်တယ်လှပသောစကားလုံးအချို့ကို ကျွန်ုပ်တို့ သုံးသပ်ဆွေးနွေးသွားကြမည်။

^ အပိုဒ်၊ 3 သို့သော် စိတ်ဝင်စားစရာကား ဆာလံ ၁၀၃:၁၃ တွင် ဟေဗြဲကြိယာရာခမ်းမ်သည် ဖခင်တစ်ဦးက သားသမီးအပေါ်ထားသည့် ကရုဏာ သို့မဟုတ် သနားကြင်နာမှုကိုဖော်ကျူးသည်။

^ အပိုဒ်၊ 10 “သည်းမခံနိုင်အောင် စိတ်တော်ရှိလေ၏” ဟူသောအသုံးအနှုန်း၏ဆိုလိုရင်းမှာ “ကိုယ်တော်စိတ်တော်တိုလေပြီ; ကိုယ်တော်၏သည်းခံမှုအတိုင်းအတာ ကုန်ခန်းလေပြီ” ဟူ၍ဖြစ်သည်။ အင်္ဂလိပ်ကျမ်းစာသစ်တွင် ဤသို့ဖတ်ရသည်– “ကိုယ်တော်သည် ဣသရေလလူမျိုး၏အဖြစ်ကို ဆက်မကြည့်နိုင်တော့ချေ။” သမာကျမ်းတွင် ဤသို့ဘာသာပြန်ဆိုထားသည်– “ဣသရေလလူမျိုးတို့ ပင်ပန်းခြင်းကြောင့် စိတ်တော်မသာမယာရှိတော်မူ၏။”