မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂၆

“ခွင့်လွှတ်ရန် အသင့်ရှိ” တော်မူသောဘုရားသခင်

“ခွင့်လွှတ်ရန် အသင့်ရှိ” တော်မူသောဘုရားသခင်

၁-၃။ (က) ဆာလံဆရာဒါဝိဒ်သည် လေးလံသောအဘယ်ဝန်ကို ထမ်းထားရပြီး သူ၏စိတ်သောကအတွက် နှစ်သိမ့်မှုမည်သို့ရရှိခဲ့သနည်း။ (ခ) ကျွန်ုပ်တို့အပြစ်ပြုသောအခါ ရလဒ်အဖြစ် အဘယ်ဝန်ကို ထမ်းထားရနိုင်သနည်း၊ သို့သော် ယေဟောဝါသည် ကျွန်ုပ်တို့အား အဘယ်အရာကို စိတ်ချစေသနည်း။

“အကျွန်ုပ်ပြုမိသောဒုစရိုက်တို့သည် အကျွန်ုပ်ခေါင်းကိုလွှမ်းမိုး၍၊ လေးသောဝန်ကဲ့သို့ အကျွန်ုပ်မထမ်းနိုင်အောင် လေးကြပါ၏။ နုန့်နဲ့ခြင်း၊ ကြေကွဲခြင်းရှိ၍၊ စိတ်နှလုံးလှုပ်ရှားသဖြင့် အော်ဟစ်ရပါ၏” ဟု ဆာလံဆရာဒါဝိဒ်ကရေးသားခဲ့သည်။ (ဆာလံ ၃၈:၄၊ ၈) အပြစ်ရှိသောသြတ္တပ္ပစိတ်သည် မည်မျှခံရခက်ကြောင်း ဒါဝိဒ်သိရှိခဲ့သည်။ သို့သော် သူစိတ်သောကရောက်နေချိန်တွင် နှစ်သိမ့်မှုရခဲ့သည်။ ယေဟောဝါသည် အပြစ်ကိုမုန်းသော်လည်း စစ်မှန်သောနောင်တရပြီး မိမိ၏အပြစ်လမ်းစဉ်ကို စွန့်လွှတ်သည့် ပြစ်မှားသူကို မမုန်းကြောင်း သူသိနားလည်ခဲ့သည်။ ယေဟောဝါသည် နောင်တရသူတို့ကို တလိုတလားသက်ညှာမည်ကို ယုံကြည်စိတ်ချစွာဖြင့် ဒါဝိဒ်က “အို၊ ယေဟောဝါ၊ ကိုယ်တော်သည်၊ . . . ခွင့်လွှတ်ရန်အသင့်ရှိ . . . ပါ၏” ဟုပြောဆိုခဲ့သည်။—ဆာလံ ၈၆:၅ကဘ။

ကျွန်ုပ်တို့အပြစ်ပြုမိသည့်အခါ ကျွန်ုပ်တို့လည်း စိတ်ထောင်းကိုယ်ကြေဖြစ်ကြပေမည်။ ဤသို့ယူကျုံးမရဖြစ်ခြင်းသည် အကျိုးရှိ၏။ ယင်းက အမှားများကိုပြင်ဖို့ လိုအပ်ရာပြုရန် လှုံ့ဆော်ပေးသည်။ သို့သော် အပြစ်၏လွှမ်းမိုးမှုဒဏ် ခံရသောအန္တရာယ်ရှိနိုင်သည်။ ကျွန်ုပ်တို့သည် မည်မျှပင်နောင်တရပါစေ ဘုရားသခင်ခွင့်လွှတ်နိုင်လိမ့်မည်မဟုတ်ဟု ကိုယ်ကိုကိုယ် အပြစ်တင်သောစိတ်နှလုံးက စွဲမြဲစွာဆိုနေပေမည်။ ဤသို့အပြစ်၏ “ဝါးမျိုခြင်းခံ” နေရမည်ဆိုလျှင် ကျွန်ုပ်တို့သည်တန်ဖိုးမရှိသူ၊ ဘုရားသခင်ကို ဝတ်မပြုထိုက်သူဟု ယေဟောဝါရှုမြင်လိမ့်မည်ဟူ၍ ခံစားစေကာ လက်လျှော့လိုက်ရန် စာတန်ကြိုးစားပြုလုပ်ပေလိမ့်မည်။—၂ ကောရိန္သု ၂:၅-၁၁ကဘ။

ထိုသို့ယေဟောဝါ ရှုမြင်ပါသလော။ လုံးဝမဟုတ်ပါ! ခွင့်လွှတ်ခြင်းသည် ယေဟောဝါ၏ကြီးမားသောမေတ္တာ၏ အသွင်အပြင်တစ်ရပ်ဖြစ်သည်။ စစ်မှန်သောနောင်တတင်ပြသူကို ကိုယ်တော်ခွင့်လွှတ်လိုကြောင်း သမ္မာကျမ်းစာကယုံကြည်စိတ်ချစေ၏။ (သုတ္တံ ၂၈:၁၃) ယေဟောဝါ၏ခွင့်လွှတ်မှုကို ကျွန်ုပ်တို့ဘယ်တော့မျှရနိုင်ပုံမပေါက်ပါက ကိုယ်တော်သည် အဘယ်ကြောင့်နှင့် မည်သို့ခွင့်လွှတ်တော်မူကြောင်းကို ဆန်းစစ်ကြည့်ကြပါစို့။

ယေဟောဝါသည် အဘယ်ကြောင့် “ခွင့်လွှတ်ရန်အသင့်ရှိ” တော်မူကြောင်း

၄။ ယေဟောဝါသည် ကျွန်ုပ်တို့၏သဘောသဘာဝနှင့်ပတ်သက်၍ အဘယ်အရာကိုသတိရတော်မူပြီး ယင်းက ကျွန်ုပ်တို့အား ကိုယ်တော်၏ဆက်ဆံပုံအပေါ် မည်သို့သက်ရောက်မှုရှိသနည်း။

ယေဟောဝါသည် ကျွန်ုပ်တို့၏ကန့်သတ်ချက်များကို သိထားတော်မူ၏။ “ငါတို့ကိုယ်ခန္ဓာ [“ငါတို့အားဖွဲ့စည်းထားပုံ၊” ကဘ] ကိုသိတော်မူ၏။ ငါတို့သည်မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏” ဟု ဆာလံ ၁၀၃:၁၄ ကဆိုသည်။ ကျွန်ုပ်တို့သည် မြေမှုန့်ဖြင့်ဖန်ဆင်းခံရကြောင်း၊ မစုံလင်မှုကြောင့် ချည့်နဲ့မှု သို့မဟုတ် အားနည်းချက်များရှိကြောင်း ကိုယ်တော်မေ့လျော့တော်မမူပါ။ “ငါတို့အားဖွဲ့စည်းထားပုံ” ကိုကိုယ်တော်သိတော်မူ၏ ဟူသောအသုံးအနှုန်းက သမ္မာကျမ်းစာတွင် ယေဟောဝါအား အိုးထိန်းနှင့်ပုံခိုင်းထားပြီး ကျွန်ုပ်တို့ကိုမူ ကိုယ်တော်ပြုလုပ်တော်မူသောအိုးများနှင့် နှိုင်းယှဉ်ထားကြောင်း သတိရစေသည်။ * (ယေရမိ ၁၈:၂-၆) မဟာအိုးထိန်းရှင်သည် ကျွန်ုပ်တို့၏ အားနည်းသော အပြစ်ပြုလိုသည့်သဘောသဘာဝနှင့် ကိုယ်တော်၏ညွှန်ကြားချက်ကို ကျွန်ုပ်တို့တုံ့ပြန်ပုံ၊ သို့မဟုတ် တုံ့ပြန်ရန် ပျက်ကွက်ပုံနှင့်အညီ အလိုက်သင့်ဆက်ဆံတော်မူ၏။

၅။ အပြစ်၏ အားကြီးလှစွာဆုပ်ကိုင်ထားမှုကို ရောမကျမ်းက မည်သို့ဖော်ပြသနည်း။

အပြစ်သည် အလွန်သြဇာညောင်းနိုင်ကြောင်း ယေဟောဝါသိတော်မူ၏။ သမ္မာကျမ်းစာက အပြစ်ကို လူတစ်ဦးအား သေစေသည့်အထိဖမ်းဆုပ်ထားသော တန်ခိုးကြီးမားသည့်အစွမ်းအဖြစ် ဖော်ပြထားသည်။ အပြစ်သည် မည်မျှတိုင် မိမိရရဆုပ်ကိုင်ထားနိုင်သနည်း။ ရောမကျမ်းတွင် တမန်တော်ပေါလုက ဤသို့ဖော်ပြသည်– စစ်သားများသည် သူတို့၏တပ်မှူးအောက်တွင် ရှိကြသကဲ့သို့ပင် ကျွန်ုပ်တို့သည် “အပြစ်တရားအောက်၌ရှိနေ” ကြ၏ (ရောမ ၃:၉သမ); အပြစ်သည် လူအပေါင်းကို ဘုရင်တစ်ပါးနည်းတူ “အစိုးရ” လျက်ရှိ၏ (ရောမ ၅:၂၁); ကျွန်ုပ်တို့အထဲ၌ အပြစ်တရား “နေ” ၏ (ရောမ ၇:၁၇၊ ၂၀); အပြစ်၏ “တရား” သည် ကျွန်ုပ်တို့တွင် ရှင်သန်လျက်ရှိနေရာ ကျွန်ုပ်တို့သွားရာလမ်းကို ကြိုးစားထိန်းချုပ်နေသည်။ (ရောမ ၇:၂၃၊ ၂၅) အပြစ်တရားသည် ကျွန်ုပ်တို့၏မစုံလင်သော သွေးသားကို အားကြီးလှစွာ ဆုပ်ကိုင်ထားပါသည်တကား!—ရောမ ၇:၂၁၊ ၂၄

၆၊ ၇။ (က) ကြေကွဲသောနှလုံးဖြင့် ယေဟောဝါ၏ကရုဏာကို ခံစားလိုသူတို့အား ကိုယ်တော် မည်သို့ရှုမြင်တော်မူသနည်း။ (ခ) ဘုရားသခင်၏ကရုဏာကို ကျွန်ုပ်တို့ အဘယ်ကြောင့် အခွင့်အရေးမယူလွန်းသင့်သနည်း။

သို့ဖြစ်၍ ကျွန်ုပ်တို့သည် ကိုယ်တော်ကို နာခံမှုအပြည့်အဝပေးရန် မည်မျှပင်စိတ်ပြင်းပြလင့်ကစား မဖြစ်နိုင်ကြောင်း ယေဟောဝါသိတော်မူ၏။ ကြေကွဲသောနှလုံးဖြင့် ကိုယ်တော်၏ကရုဏာကို ကျွန်ုပ်တို့ရှာယူလိုလျှင် ကိုယ်တော်သည် ခွင့်လွှတ်မည်ဖြစ်ကြောင်း မေတ္တာပါပါစိတ်ချစေတော်မူသည်။ ဆာလံ ၅၁:၁၇ က ဤသို့ဆိုသည်– “ဘုရားသခင်နှစ်သက်တော်မူသောယဇ်မူကား ကျိုးပဲ့သောစိတ်ပေတည်း။ အိုဘုရားသခင်၊ ကိုယ်တော်သည် ကျိုးပဲ့ကြေမွသောနှလုံးကို ငြင်းပယ်တော်မမူတတ်ပါ။” ယေဟောဝါသည် အပြစ်ဝန်ကြောင့် “ကျိုးပဲ့ကြေမွသော” စိတ်နှလုံးကို မည်သည့်အခါမျှ ငြင်းပယ်မည်မဟုတ်၊ မျက်နှာလွှဲတော်မူမည်မဟုတ်ချေ။

သို့ဖြစ်လျှင် ယင်းက အပြစ်ပြုရန်ဆင်ခြေတစ်ခုအဖြစ် ကျွန်ုပ်တို့၏အပြစ်ပြုတတ်သောသဘောကို ခုတုံးလုပ်၍ ဘုရားသခင်၏ကရုဏာတော်ကို ထင်သလိုအခွင့်အရေးယူနိုင်သည်ဟု ဆိုလိုသလော။ လုံးဝမဟုတ်ပါ! ယေဟောဝါသည် ခံစားချက်ဖြင့်မျှသာ ပြုမူသည်မဟုတ်ပါ။ ကိုယ်တော်၏ကရုဏာသည် အကန့်အသတ်ရှိလေသည်။ စိတ်နှလုံးခိုင်မာစွာဖြင့် နောင်တမယူဘဲ ကိုယ့်အလိုလိုက်၍ ပြစ်မှားသောသူတို့ကို ကိုယ်တော်လုံးဝခွင့်လွှတ်မည်မဟုတ်။ (ဟေဗြဲ ၁၀:၂၆) အခြားတစ်ဖက်တွင်မူ ကျိုးပဲ့ကြေမွသောနှလုံးကို ကိုယ်တော်မြင်တော်မူသောအခါ ခွင့်လွှတ်ရန်အသင့်ရှိတော်မူ၏။ ယခုတွင် ယေဟောဝါမေတ္တာတော်၏ ဤအံ့ချီးဖွယ်အသွင်အပြင်ကိုဖော်ပြရန် သမ္မာကျမ်းစာ၌ အသုံးပြုထားသော ပီပြင်ထင်ရှားသည့် စကားအချို့ကို သုံးသပ်ကြည့်ကြပါစို့။

မည်မျှလုံးလုံးလျားလျား ယေဟောဝါ ခွင့်လွှတ်တော်မူသနည်း

၈။ ယေဟောဝါသည် ကျွန်ုပ်တို့၏အပြစ်များကို လွှတ်တော်မူသောအခါ အခြေခံအားဖြင့် ကိုယ်တော် အဘယ်အရာပြုတော်မူသနည်း၊ ယင်းက အဘယ်ယုံကြည်စိတ်ချမှုရှိစေသနည်း။

နောင်တရခဲ့သော ဘုရင်ဒါဝိဒ်က “တစ်ဖန် အကျွန်ုပ်သည် ကိုယ်အပြစ်ကို ရှေ့တော်၌ဝန်ချပါ၏။ ပြုမိသောဒုစရိုက်ကို ဝှက်၍မထားပါ။ . . . ကိုယ်တော်သည် အကျွန်ုပ်ပြစ်မှားခြင်းအပြစ်ကိုလွှတ်တော်မူ၏” ဟုဆိုခဲ့သည်။ (ဆာလံ ၃၂:၅) “လွှတ်တော်မူ၏” ဟူသောအသုံးအနှုန်းသည် အဓိကအားဖြင့် “ချီပင့်၏၊” “ယူဆောင်၏” ဟုအဓိပ္ပာယ်ရှိသော ဟေဗြဲစကားလုံးမှ ပြန်ဆိုထားခြင်းဖြစ်သည်။ ဤတွင်အသုံးပြုထားခြင်းက “အပြစ်၊ ကျူးလွန်ခြင်း” ကိုဖယ်ရှားသည်ဟု အဓိပ္ပာယ်သက်ရောက်သည်။ တစ်နည်းအားဖြင့် ယေဟောဝါသည် ဒါဝိဒ်၏အပြစ်များကို ချီပင့်၍ အဝေးသို့ယူဆောင်သွားသည်ဖြစ်၏။ ယင်းက အပြစ်ရှိသည်ဟူသော ဒါဝိဒ်၏ခံစားချက်များကို အမှန်သက်သာစေပါလိမ့်မည်။ (ဆာလံ ၃၂:၃) ကျွန်ုပ်တို့လည်း ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာ၌ ယုံကြည်ခြင်းအပေါ်အခြေပြု၍ ကိုယ်တော့်ခွင့်လွှတ်မှုခံလိုသူတို့၏အပြစ်များကို အဝေးသို့ ယူဆောင်သွားတော်မူသည့် ဘုရားသခင်အား အပြည့်အဝ ယုံကြည်စိတ်ချနိုင်ကြပါသည်။—မဿဲ ၂၀:၂၈

၉။ ယေဟောဝါသည် ကျွန်ုပ်တို့၏အပြစ်များကို ကျွန်ုပ်တို့ထံမှ မည်မျှဝေးစွာ ထားတော်မူသနည်း။

ယေဟောဝါ၏ခွင့်လွှတ်မှုကိုဖော်ပြရန် ဒါဝိဒ်သည် နောက်ထပ် ပီပြင်ထင်ရှားသည့်အသုံးအနှုန်းကို ဤသို့အသုံးပြုခဲ့သည်– “အရှေ့မျက်နှာစွန်းသည် အနောက်မျက်နှာစွန်းနှင့်ဝေးသည်အတိုင်း ငါတို့အပြစ်များကို ငါတို့နှင့်ဝေးစေတော်မူ၏။” (ကျွန်ုပ်တို့ စာလုံးစောင်းထား; ဆာလံ ၁၀၃:၁၂) အရှေ့နှင့်အနောက် မည်မျှတိုင်ကွာဝေးသနည်း။ သဘောအားဖြင့် အရှေ့သည် အမြဲပင် အနောက်မှ စိတ်ကူးနိုင်သမျှအဝေးဆုံး၌တည်ရှိပြီး ဘယ်တော့မျှ မဆုံနိုင်ချေ။ ကျမ်းပညာရှိတစ်ဦးက ဤအသုံးအနှုန်းသည် “ဝေးနိုင်သမျှအဝေးဆုံး၊ ကျွန်ုပ်တို့စိတ်ကူး၍ရနိုင်သမျှသော အဝေးဆုံး” ဟုအဓိပ္ပာယ်ရှိ၏ဟုဆိုသည်။ ဒါဝိဒ်၏မှုတ်သွင်းခံစကားများအရ ယေဟောဝါခွင့်လွှတ်တော်မူသောအခါ ကျွန်ုပ်တို့၏အပြစ်များကို ကျွန်ုပ်တို့စိတ်ကူး၍ရနိုင်သမျှသော အဝေးဆုံးတွင် ကိုယ်တော်ထားကြောင်း ကျွန်ုပ်တို့သိရှိရသည်။

ယေဟောဝါသည် “ခွင့်လွှတ်ရန်အသင့်ရှိ” ကြောင်း ကျွန်ုပ်တို့ကို သိစေလို၏

၁၀။ ကျွန်ုပ်တို့၏အပြစ်များကို ယေဟောဝါခွင့်လွှတ်တော်မူသောအခါ ကျွန်ုပ်တို့၏ဘဝတစ်လျှောက်လုံး ယင်းသို့သောအပြစ်များ၏ အစွန်းအထင်းရှိသွားမည်ဟု အဘယ်ကြောင့် မယူမှတ်သင့်သနည်း။

၁၀ အရောင်ဖျော့ဖျော့အဝတ်တစ်ထည်မှ အစွန်းအထင်းတစ်ခုကိုချွတ်ဖို့ သင်ကြိုးစားဖူးသလော။ အတတ်နိုင်ဆုံး ကြိုးစားသည့်ကြားမှ ထိုအစွန်းမှာ မြင်သာလျက်ပင်ရှိပေမည်။ ခွင့်လွှတ်နိုင်စွမ်းကို ယေဟောဝါ မည်သို့ဖော်ပြတော်မူကြောင်း သတိပြုပါ– “သင်တို့အပြစ်သည် အဝတ်နီနှင့်တူသော်လည်း မိုးပွင့်ကဲ့သို့ဖြူနိုင်စရာရှိ၏။ ကြက်သွေးရောင်နှင့်အမျှ နီသော်လည်း သိုးမွေးကဲ့သို့ ဖြစ်နိုင်စရာရှိ၏။” (ဟေရှာယ ၁:၁၈သမ္မာ) “အဝတ်နီ” ဟူသောစကားလုံးသည် အနီရောင်တောက်တောက်ကို ဆိုလိုသည်။ * “ကြက်သွေးရောင်” သည် ဆိုးဆေးတို့တွင် အရောင်ရင့်များထဲမှတစ်ခုဖြစ်သည်။ (နာဟုံ ၂:၃) အပြစ်၏စွန်းထင်းမှုကို မိမိဘာသာ ဘယ်တော့မျှကြိုးစားချွတ်ပယ်၍မရချေ။ ယေဟောဝါမှာမူ အနီရဲရဲနှင့် ကြက်သွေးရောင်ကဲ့သို့သောအပြစ်များကို မိုးပွင့်ကဲ့သို့၊ အရောင်မဆိုးရသေးသောသိုးမွေးကဲ့သို့ ဖြူသွားစေနိုင်သည်။ ကျွန်ုပ်တို့၏အပြစ်များကို ယေဟောဝါခွင့်လွှတ်သောအခါ ကျွန်ုပ်တို့၏ဘဝတစ်လျှောက်လုံး ယင်းသို့သောအပြစ်များ၏ အစွန်းအထင်းရှိသွားမည်ဟူ၍ ယူမှတ်စရာမလိုချေ။

၁၁။ ယေဟောဝါသည် ကျွန်ုပ်တို့၏အပြစ်များကို ကိုယ်တော်၏နောက်တော်သို့ အဘယ်သဘောမျိုးဖြင့် လွှင့်ပစ်တော်မူသနည်း။

၁၁ သေနာစွဲခြင်းမှ အသက်ဘေးလွတ်မြောက်ပြီးနောက် ဟေဇကိစပ်ဆိုသည့် အသည်းခိုက်စေသောတေးသီချင်းတစ်ပုဒ်တွင် ယေဟောဝါအား သူဤသို့ပြောဆိုခဲ့သည်– “အကျွန်ုပ်အပြစ်ရှိသမျှတို့ကို နောက်တော်သို့ပစ်လိုက်တော်မူပြီ။” (ဟေရှာယ ၃၈:၁၇) ဤတွင် ယေဟောဝါသည် နောင်တရသော ပြစ်မှားခဲ့သူတစ်ဦး၏အပြစ်များကို ကိုယ်တော်ယူဆောင်သွားပြီး နောက်တော်သို့ပစ်ပယ်လိုက်ရာ ၎င်းတို့ကို ကိုယ်တော်မတွေ့မမြင်၊ သတိမပြုမိတော့ဟု ပုံဖော်ထားသည်။ ရှင်းချက်တစ်ခုအရ ဆိုလိုသည့်သဘောကို ဤသို့ဖော်ပြနိုင်ပေသည်– “[ကျွန်ုပ်၏အပြစ်များ] တစ်ခါမျှမပြုမိသည့်အလား ကိုယ်တော် ဖြစ်စေတော်မူပြီ။” အမှန်ပင် အားရှိစရာမကောင်းပေလော။

၁၂။ ယေဟောဝါ ခွင့်လွှတ်တော်မူသောအခါ ကျွန်ုပ်တို့၏အပြစ်များကို ထာဝစဉ်ဖယ်ရှားကြောင်း ပရောဖက်မိက္ခာက မည်သို့ဖော်ပြသနည်း။

၁၂ ပြန်လည်တည်ထောင်ခြင်း ကတိတော်တစ်ခုတွင် ပရောဖက်မိက္ခာက ယေဟောဝါသည် နောင်တယူသူများကို ခွင့်လွှတ်လိမ့်မည်ဟု ယုံကြည်စိတ်ချကြောင်း ဤသို့ဖော်ပြခဲ့သည်– “ကျန်ကြွင်းသောအမွေတော်လူတို့၏ လွန်ကျူးခြင်းများကိုသည်းခံတော်မူထသော၊ . . . ကိုယ်တော်ကဲ့သို့ အဘယ်ဘုရားရှိပါသနည်း။ . . . အကျွန်ုပ်တို့၏အပြစ်အလုံးစုံတို့ကို နက်နဲသောပင်လယ်ထဲသို့ ချပစ်တော်မူလိမ့်မည်။” (မိက္ခာ ၇:၁၈၊ ၁၉) ကျမ်းစာခေတ်က အသက်ရှင်ခဲ့သူတို့အတွက် ဤစကားများသည် အဘယ်အဓိပ္ပာယ်ရှိကြောင်း စဉ်းစားကြည့်ပါ။ “နက်နဲသောပင်လယ်ထဲသို့” ပစ်ချလိုက်သောအရာတစ်ခုကို ပြန်၍ဆယ်ယူနိုင်ဦးမည်လော။ သို့နှင့် ယေဟောဝါခွင့်လွှတ်တော်မူသောအခါ ကျွန်ုပ်တို့၏အပြစ်များကို ကိုယ်တော်ထာဝစဉ်ဖယ်ရှားကြောင်း မိက္ခာ၏စကားများက ဖော်ပြသည်။

၁၃။ “အကျွန်ုပ်တို့၏အပြစ်များကို လွှတ်တော်မူပါ” ဟူသော ယေရှုစကားများ၏အဓိပ္ပာယ်ကား အဘယ်နည်း။

၁၃ ယေဟောဝါ၏ခွင့်လွှတ်မှုကို သရုပ်ဖော်ရန် ယေရှုသည် မြီရှင်များနှင့် မြီစားတို့ ဆက်နွှယ်ပုံကို ဥပမာသုံးဖော်ပြခဲ့သည်။ ယေရှုက “အကျွန်ုပ်တို့၏ အပြစ်များ [“ကြွေးမြီများ၊” ကဘ] ကို လွှတ်တော်မူပါ” ဟုဆုတောင်းရန်တိုက်တွန်းခဲ့သည်။ (မဿဲ ၆:၁၂) သို့ဖြစ်၍ ယေရှုသည် အပြစ်များကို အကြွေးများနှင့်ပုံခိုင်းထားသည်။ (လုကာ ၁၁:၄) ကျွန်ုပ်တို့အပြစ်ပြုသောအခါ ယေဟောဝါအပေါ် “ကြွေးတင်” လေသည်။ “ခွင့်လွှတ်သည်” ဟုပြန်ဆိုထားသော ဂရိကြိယာအဓိပ္ပာယ်နှင့်ပတ်သက်၍ ရည်ညွှန်းကိုးကားချက်တစ်ရပ်က ဤသို့ဆိုသည်– “အကြွေးမတောင်းခြင်းဖြင့် ယင်းကိုလျှော်ပစ်သည်၊ အရှုံးခံလိုက်သည်။” သဘောအားဖြင့် ယေဟောဝါခွင့်လွှတ်သောအခါ ကျွန်ုပ်တို့၏ကြွေးစာရင်းတွင် ထည့်သွင်းတောင်းခံမည့်အစား ကိုယ်တော်သည် အကြွေးကိုချေဖျက်လိုက်သည်။ ထို့ကြောင့် နောင်တယူသော အပြစ်ပြုသူတို့သည် စိတ်သက်သာရာရနိုင်ပေသည်။ ယေဟောဝါသည် မိမိချေဖျက်တော်မူသောအကြွေးကို ဘယ်တော့မျှ ပြန်တောင်းဆိုမည်မဟုတ်ချေ!—ဆာလံ ၃၂:၁၊ ၂။ 

၁၄။ “သင်တို့အပြစ်ဒုစရိုက်များပပျောက်” မည်ဟူသောစကားစုက စိတ်တွင်အဘယ်ရုပ်ပုံ ပေါ်စေသနည်း။

၁၄ တမန်တော် ၃:၁၉ (သမ) တွင် ယေဟောဝါ၏ခွင့်လွှတ်မှုကို ဤသို့ထပ်၍ဖော်ပြသည်– “သင်တို့အပြစ်ဒုစရိုက်များပပျောက်စေရန် နောင်တရ၍ပြောင်းလဲကြလော့။” ဂရိကြိယာမှပြန်ဆိုထားသော ထိုစကားစုမှာ “သုတ်ပစ်ရန် . . . ပယ်ဖျက် သို့မဟုတ် ဖျက်ဆီး” ဟုအဓိပ္ပာယ်သက်ရောက်နိုင်သည်။ ကျမ်းပညာရှင်အချို့က ထိုဥပစာစကားသည် လက်ရေးစာကိုဖျက်လိုက်ခြင်းအား စိတ်ကူးတွင်မြင်ယောင်စေသည်ဟုဆို၏။ မည်သို့ဖြစ်နိုင်မည်နည်း။ ရှေးအချိန်က အများအားဖြင့်အသုံးပြုကြသောမင်ကို ကာဗွန်၊ သစ်စေးနှင့် ရေတို့ဖြင့် ဖော်စပ်ထားလေ့ရှိသည်။ ထိုမင်ဖြင့်ရေးသားပြီး မကြာမီပင် စိုနေသောရေမြှုပ်ဖြင့် စာကိုဖျက်ပစ်နိုင်သည်။ ယင်းသည် ယေဟောဝါ၏ကရုဏာဆိုင်ရာ လှပသောပုံဖော်ချက်ပင်။ ကိုယ်တော်ခွင့်လွှတ်တော်မူသောအခါ ရေမြှုပ်ကိုယူ၍ ကျွန်ုပ်တို့၏အပြစ်များကို ဖျက်ပစ်လိုက်ဘိသကဲ့သို့ဖြစ်သည်။

“သင်တို့အပြစ်သည် . . . မိုးပွင့်ကဲ့သို့ ဖြူနိုင်စရာရှိ၏”

၁၅။ ယေဟောဝါသည် ကိုယ်တော်နှင့်ပတ်သက်၍ အဘယ်အရာကို ကျွန်ုပ်တို့အား သိရှိစေလိုသနည်း။

၁၅ ဤရုပ်လုံးဖော်ချက်အမျိုးမျိုးတို့ကို စဉ်းစားဆင်ခြင်သောအခါ စိတ်ရင်းမှန်နှင့် ကျွန်ုပ်တို့နောင်တရကြောင်း ယေဟောဝါတွေ့မြင်သရွေ့ ကျွန်ုပ်တို့၏အပြစ်များကို အမှန်ပင်ခွင့်လွှတ်ရန်အသင့်ရှိကြောင်း ကျွန်ုပ်တို့အား ကိုယ်တော်သိစေလိုသည်မှာ ရှင်းမနေပေလော။ အနာဂတ်တွင် ထိုအပြစ်များကို ကိုယ်တော်မှတ်ထားမည်ဟု စိုးရိမ်စရာမလိုချေ။ ယင်းကို ယေဟောဝါ၏ကြီးမားသော သနားညှာတာမှုနှင့်ပတ်သက်၍ သမ္မာကျမ်းစာဖော်ပြသော နောက်တစ်ချက်ကပြသည်– ကိုယ်တော်ခွင့်လွှတ်သောအခါ ကိုယ်တော်မေ့ပစ်လိုက်သည်။

“သူတို့ပြုသောဒုစရိုက်များကို မအောက်မေ့ဘဲနေမည်”

၁၆၊ ၁၇။ ယေဟောဝါသည် ကျွန်ုပ်တို့၏အပြစ်များကို မေ့ပျောက်တော်မူ၏ဟု သမ္မာကျမ်းစာဆိုသောအခါ အဘယ်အဓိပ္ပာယ်ရှိသနည်း၊ ထိုသို့ အဘယ်ကြောင့်ဖြေဆိုသနည်း။

၁၆ ပဋိညာဉ်သစ်တွင်ပါဝင်သူတို့အကြောင်း ယေဟောဝါက “ငါသည် သူတို့အပြစ်များကိုသည်းခံမည်။ သူတို့ပြုသောဒုစရိုက်များကိုမအောက်မေ့ဘဲနေမည်” ဟု ကတိပြုတော်မူသည်။ (ယေရမိ ၃၁:၃၄) ယင်းကြောင့် ယေဟောဝါခွင့်လွှတ်တော်မူသောအခါ ကိုယ်တော်သည်အပြစ်များကို ပြန်မမှတ်မိနိုင်တော့ဟု ဆိုလိုသလော။ လုံးဝမဟုတ်ပေ။ ဒါဝိဒ်အပါအဝင် ယေဟောဝါခွင့်လွှတ်ခဲ့သူများစွာ၏အပြစ်များကို သမ္မာကျမ်းစာကဖော်ပြထားသည်။ (၂ ဓမ္မရာဇဝင် ၁၁:၁-၁၇; ၁၂:၁၃) ကိုယ်တော်သည် သူတို့ကျူးလွန်ခဲ့သောအမှားများကို သိရှိဆဲပင်ဖြစ်ကြောင်းထင်ရှားသည်။ သူတို့၏အပြစ်များအပြင် သူတို့နောင်တယူခဲ့ခြင်းနှင့် ဘုရားသခင့်ခွင့်လွှတ်မှုခံရခြင်းအကြောင်းကို ကျွန်ုပ်တို့အကျိုးအတွက် မှတ်တမ်းတင်ထားသည်။ (ရောမ ၁၅:၄) သို့ဆိုလျှင် ယေဟောဝါခွင့်လွှတ်တော်မူသော သူတို့၏အပြစ်များကို “အောက်မေ့” တော်မမူဟု သမ္မာကျမ်းစာဆိုရာတွင် အဘယ်အရာကို ဆိုလိုသနည်း။

၁၇ “အောက်မေ့မည်” ဟုပြန်ဆိုထားသောဟေဗြဲကြိယာမှာ အတိတ်ကိုအမှတ်ရခြင်းထက်မက ဆိုလိုသည်။ ဓမ္မဟောင်းကျမ်း၏ဓမ္မပညာဆိုင်ရာဝေါဟာရစာအုပ်အရ ယင်း၌ “လျော်ကန်သောအရေးယူ ဆောင်ရွက်ခြင်းဟူသော ထပ်ဆင့်သဘောသက်ရောက်မှု” ပါဝင်၏။ ထို့ကြောင့် ဤသဘောမျိုးဖြင့် အပြစ်ကို “အောက်မေ့” ခြင်း၌ အပြစ်ပြုသူကို အရေးယူခြင်းပါဝင်သည်။ (ဟောရှေ ၉:၉) သို့သော် ဘုရားသခင်က “သူတို့ပြုသောဒုစရိုက်များကို မအောက်မေ့ဘဲနေမည်” ဟုမိန့်တော်မူရာ၌ နောင်တယူသူများကို ကိုယ်တော်ခွင့်လွှတ်လိုက်ပြီဆိုလျှင် နောင်တစ်ချိန်ချိန်၌ ထိုအပြစ်များကို ကိုယ်တော်အရေးယူ ဆောင်ရွက်တော်မူမည်မဟုတ်ကြောင်း ကျွန်ုပ်တို့အား ယုံကြည်စိတ်ချစေ၏။ (ယေဇကျေလ ၁၈:၂၁၊ ၂၂) သို့ဖြင့် ကိုယ်တော်သည် ကျွန်ုပ်တို့ကို ထပ်ခါထပ်ခါစွပ်စွဲရန် သို့မဟုတ် အပြစ်ပေးရန် ကျွန်ုပ်တို့၏အပြစ်များကို ထပ်တလဲလဲ မဖော်ထုတ်သည့်သဘောမျိုးဖြင့် မေ့လျော့တော်မူ၏။ ကျွန်ုပ်တို့၏ဘုရားသခင်သည် ခွင့်လွှတ်ပြီးလျှင် မေ့ပစ်လိုက်ကြောင်းသိရှိရခြင်းက စိတ်ချမ်းသာစေသည်မဟုတ်ပေလော။

အကျိုးဆက်များကား အဘယ်နည်း

၁၈။ ခွင့်လွှတ်ခြင်းက နောင်တရသူတစ်ဦး မိမိမှားယွင်းသောလမ်းစဉ်၏အကျိုးဆက်အားလုံးကို မခံရတော့ဟု အဘယ်ကြောင့်မဆိုလိုသနည်း။

၁၈ ယေဟောဝါသည် ခွင့်လွှတ်ရန် အသင့်ရှိ၏ဟုဆိုခြင်းက နောင်တရသူတစ်ဦး မိမိမှားယွင်းသောလမ်းစဉ်၏ အကျိုးဆက်အားလုံးကို မခံရလေတော့ဟုဆိုလိုသလော။ လုံးဝမဟုတ်ပါ။ ကျွန်ုပ်တို့သည် ပြစ်ဒဏ်မခံရဘဲ ပြစ်မှားနိုင်မည်မဟုတ်ပါ။ ပေါလုက “လူသည် မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်” ဟု ရေးသားခဲ့သည်။ (ဂလာတိ ၆:၇) ကျွန်ုပ်တို့အပြုအမူများ၏ တစ်စုံတစ်ရာသောအကျိုးဆက်များကို ခံရမည်ဖြစ်သည်။ ယင်းက ယေဟောဝါသည် ခွင့်လွှတ်ပြီးနောက် ကျွန်ုပ်တို့ကို အတိဒုက္ခရောက်စေသည်ဟု မဆိုလိုပါ။ ပြဿနာများဖြစ်ပေါ်လာသောအခါ ခရစ်ယာန်တစ်ဦးအနေဖြင့် ‘အတိတ်ကအပြစ်ကြောင့် ယေဟောဝါ ငါ့ကို အပြစ်ပေးတာဖြစ်မယ်’ ဟုမယူမှတ်သင့်ချေ။ (ယာကုပ် ၁:၁၃) တစ်ချိန်တည်းတွင် ယေဟောဝါသည် ကျွန်ုပ်တို့အမှားများ၏ အကျိုးဆက်အားလုံးမှ ကျွန်ုပ်တို့ကို မကာကွယ်ပေးချေ။ ကွာရှင်းခြင်း၊ မလိုလားဖွယ်ကိုယ်ဝန်၊ လိင်ဆိုင်ရာကူးစက်ရောဂါ၊ ယုံကြည်စိတ်ချခံရမှု သို့မဟုတ် လေးစားခံရမှုဆုံးရှုံးခြင်းစသည့် အရာအားလုံးသည် အပြစ်၏ဝမ်းနည်းဖွယ်၊ ရှောင်လွှဲ၍မရသော အကျိုးဆက်များဖြစ်ပေမည်။ ဗေသရှေဘနှင့် ဥရိယတို့၏ကိစ္စတွင် ဒါဝိဒ်ပြုခဲ့သောအပြစ်များကို ယေဟောဝါခွင့်လွှတ်သည့်နောက်တွင်ပင် လိုက်ပါလာသည့်ဘေးဆိုးများမှ ဒါဝိဒ်ကို ကိုယ်တော် မကာကွယ်ခဲ့ကြောင်း သတိရပါ။—၂ ဓမ္မရာဇဝင် ၁၂:၉-၁၂

၁၉-၂၁။ (က) ဝတ်ပြုရာ ၆:၁-၇ တွင် မှတ်တမ်းတင်ထားသောပညတ်က နစ်နာသူနှင့် အပြစ်ပြုသူနှစ်ဦးစလုံးကို မည်သို့အကျိုးပြုသနည်း။ (ခ) ကျွန်ုပ်တို့၏အပြစ်များကြောင့် အခြားသူတို့ကိုထိခိုက်ခဲ့လျှင် အဘယ်အရာကိုပြုလုပ်ပါက ယေဟောဝါ အားရကျေနပ်မည်နည်း။

၁၉ အထူးသဖြင့် ကျွန်ုပ်တို့အပြစ်ပြုသောကြောင့် အခြားသူများ ထိခိုက်နစ်နာခဲ့လျှင် နောက်ထပ်ဆိုးကျိုးများ ခံရပေမည်။ ဥပမာ၊ ဝတ်ပြုရာ အခန်းကြီး ၆ ကိုသုံးသပ်ကြည့်ပါ။ ဤတွင် မောရှေပညတ်က ဣသရေလအမျိုးသားချင်း၏ပစ္စည်းများကိုလုယူခြင်း၊ ခြိမ်းခြောက်၍ယူခြင်း၊ လိမ်ယူခြင်းစသည့် ကြီးလေးသောပြစ်မှုကျူးလွန်သူအကြောင်း ဖော်ပြထားသည်။ ယင်းနောက် အပြစ်ပြုသူသည် မိမိ၌အပြစ်မရှိဟုငြင်းဆိုရုံမက ရဲဝံ့စွာပင် မဟုတ်မမှန်ကျိန်ဆိုပေမည်။ ဤကိစ္စမျိုးတွင် တစ်ဦး၏ထွက်ဆိုချက်နှင့် အခြားတစ်ဦး၏ထွက်ဆိုချက်ခြင်း မတူ ဆန့်ကျင်နေသည်။ သို့သော် နောက်ပိုင်းတွင် အပြစ်ကျူးလွန်သူသည် သိစိတ်၏ဖိစီးမှုဒဏ်ခံရ၍ အပြစ်ကိုဝန်ခံလိုက်သည်။ သူ့ကို ဘုရားသခင်ခွင့်လွှတ်ရန် သူနောက်ထပ်ပြုလုပ်စရာ သုံးခုရှိသေးသည်၊ ၎င်းတို့မှာ သူယူထားရာကို ပြန်ပေးရမည်၊ ဥစ္စာရှင်အား ဒဏ်ငွေအနေဖြင့် ခိုးခဲ့သည့်ပစ္စည်းများတန်ကြေး၏ ၂၀ ရာခိုင်နှုန်းပေးရပြီး ဒုစရိုက်ဖြေရာယဇ်အဖြစ် သိုးထီးတစ်ကောင်ကို ပေးရသည်။ ထို့နောက် ပညတ်က “ယဇ်ပုရောဟိတ်သည် ထိုသူအဖို့ ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေခြင်းကိုပြုလျှင်၊ သူပြစ်မှားသမျှသောအပြစ် လွတ်လိမ့်မည်” ဟုဆို၏။—ဝတ်ပြုရာ ၆:၁-၇

၂၀ ဤပညတ်သည် ဘုရားသခင်ထံမှ ကရုဏာပါသော ပြင်ဆင်ချက်တစ်ရပ်ဖြစ်သည်။ အပြစ်ပြုသူသည် ပစ္စည်းပြန်ပေးပြီး နောက်ဆုံး၌ သူ့အပြစ်သူဝန်ခံလိုက်ရာ ဥစ္စာရှင်အား အကျိုးရှိစေခဲ့ကာ သူအတော်ပင် စိတ်သက်သာခဲ့မည်မှာအမှန်။ တစ်ချိန်တည်းတွင် ပညတ်တရားက သိစိတ်၏လှုံ့ဆော်မှုကိုခံရ၍ မိမိအပြစ်ကို နောက်ဆုံးဝန်ခံပြီး ကိုယ့်အမှားကိုယ် ပြင်သောသူအား အကျိုးပြုသည်။ အကယ်၍ အပြစ်ပြုသူသည် ထိုသို့သာမပြုလျှင် ဘုရားသခင်၏ခွင့်လွှတ်မှုကိုရမည်မဟုတ်ချေ။

၂၁ ကျွန်ုပ်တို့သည် မောရှေ၏ပညတ်အောက် မရှိကြသော်လည်း ပညတ်တရားသည် ခွင့်လွှတ်ခြင်းအပေါ် ယေဟောဝါ၏အမြင်အပါအဝင် ကိုယ်တော်၏စိတ်သဘောတော်ကို ကျွန်ုပ်တို့အား ထိုးထွင်းသိမြင်စေ၏။ (ကောလောသဲ ၂:၁၃၊ ၁၄) ကျွန်ုပ်တို့၏အပြစ်များကြောင့် အခြားသူတို့ကို ထိခိုက်ခဲ့မည်ဆိုလျှင် အမှားကို ကျွန်ုပ်တို့ အတတ်နိုင်ဆုံး ကြိုးစားပြုပြင်ပေးခြင်းကို ဘုရားသခင်အားရကျေနပ်တော်မူ၏။ (မဿဲ ၅:၂၃၊ ၂၄) ဤတွင် ကိုယ့်အပြစ်ကိုအသိအမှတ်ပြုပြီး မိမိတို့၏အပြစ်ရှိမှုကိုဝန်ခံကာ ထိခိုက်သွားသူအား တောင်းပန်ခြင်းပင် ပါဝင်ပေမည်။ ထို့နောက် ယေရှု၏ပူဇော်သကာကိုအခြေပြု၍ ယေဟောဝါထံ အသနားခံနိုင်ကာ ဘုရားသခင်၏ခွင့်လွှတ်မှုကို ခံခဲ့ရပြီဟူသော ယုံကြည်စိတ်ချမှုကို ခံစားနိုင်သည်။—ဟေဗြဲ ၁၀:၂၁၊ ၂၂

၂၂။ ယေဟောဝါ၏ခွင့်လွှတ်ခြင်းတွင် အဘယ်အရာပူးတွဲပါလာနိုင်သနည်း။

၂၂ မေတ္တာပြည့်ဝသော အဘယ်မိဘမဆိုကဲ့သို့ ယေဟောဝါသည် ခွင့်လွှတ်သော်လည်း အထိုက်အလျောက်ဆုံးမတော်မူလိမ့်မည်။ (သုတ္တံ ၃:၁၁၊ ၁၂) နောင်တရသူခရစ်ယာန်တစ်ဦးသည် သူ၏အကြီးအကဲ၊ ဓမ္မအမှုထမ်း သို့မဟုတ် အချိန်ပြည့်ဧဝံဂေလိဟောသူတစ်ဦးအဖြစ် အမှုထမ်းခွင့်ကို စွန့်လွှတ်ရပေမည်။ သူတန်ဖိုးထားသော အခွင့်အရေးများကို အခိုက်အတန့် ဆုံးရှုံးသွားရခြင်းက သူ့အတွက် ဝမ်းနည်းစရာဖြစ်ပေမည်။ သို့သော် ထိုသို့ဆုံးမပဲ့ပြင်သည့်အတွက် သူ့ကို ယေဟောဝါခွင့်မလွှတ်ဟု မဆိုလိုပါ။ ကျွန်ုပ်တို့သတိရသင့်သည်ကား ယေဟောဝါ၏ဆုံးမပဲ့ပြင်မှုခံရခြင်းသည် ကျွန်ုပ်တို့ကို ကိုယ်တော်ချစ်တော်မူခြင်း၏သက်သေဖြစ်သည်။ ယင်းကို လက်ခံနာယူ၍ ကျင့်သုံးခြင်းက ကျွန်ုပ်တို့၏ အကောင်းဆုံးအကျိုးအတွက်ဖြစ်သည်။—ဟေဗြဲ ၁၂:၅-၁၁

၂၃။ ကျွန်ုပ်တို့သည် ယေဟောဝါ၏ကရုဏာနှင့် အလှမ်းဝေးနေသည်ဟု အဘယ်ကြောင့် ဘယ်တော့မျှမယူမှတ်သင့်သနည်း၊ ကိုယ်တော်၏ခွင့်လွှတ်မှုကို ကျွန်ုပ်တို့ အဘယ်ကြောင့်တုပသင့်သနည်း။

၂၃ ကျွန်ုပ်တို့၏ဘုရားသခင်သည် “ခွင့်လွှတ်ရန်အသင့်ရှိ” ကြောင်းသိရခြင်းက အလွန်လန်းဆန်းဖွယ်ပါတကား! ကျွန်ုပ်တို့ အမှားများပြုခဲ့မိမည်ဖြစ်သော်လည်း ယေဟောဝါ၏သနားခြင်းကရုဏာမှ အလှမ်းဝေးနေသည်ဟု ဘယ်တော့မျှ မယူမှတ်သင့်ပါ။ ကျွန်ုပ်တို့အမှန်တကယ်နောင်တရပြီး အမှားကိုပြုပြင်ဖို့ ကြိုးစားလျက် ယေရှုသွန်းတော်မူခဲ့သောအသွေးပေါ် အခြေခံ၍ ခွင့်လွှတ်မှုရရန် စိတ်ထက်သန်စွာ ဆုတောင်းမည်ဆိုလျှင် ယေဟောဝါသည် ကျွန်ုပ်တို့ကို ခွင့်လွှတ်လိမ့်မည်ဟု အပြည့်အဝယုံကြည်စိတ်ချနိုင်သည်။ (၁ ယောဟန် ၁:၉) ကျွန်ုပ်တို့လည်း အချင်းချင်းပေါင်းသင်းဆက်ဆံရာတွင် ကိုယ်တော်နည်းတူခွင့်လွှတ်ကြပါစို့။ လုံးဝအပြစ်မပြုသောယေဟောဝါသည် မေတ္တာပါစွာ ခွင့်လွှတ်နိုင်လျှင် အပြစ်ရှိသောကျွန်ုပ်တို့လူသားများအနေဖြင့် အချင်းချင်းကို အတတ်နိုင်ဆုံး ခွင့်လွှတ်သင့်သည်မဟုတ်ပေလော။

^ အပိုဒ်၊ 4 “ငါတို့အားဖွဲ့စည်းထားပုံ” ဟုပြန်ဆိုထားသော ဟေဗြဲစကားလုံးကို အိုးထိန်းသမားပြုလုပ်သည့် မြေအိုးများအတွက်လည်း အသုံးပြုသည်။—ဟေရှာယ ၂၉:၁၆

^ အပိုဒ်၊ 10 ကျမ်းပညာရှင်တစ်ဦးက အနီရဲရဲသည် “ဆေးခိုင်ပြီး အရောင်စွဲသည်။ ဆီးနှင်း၊ မိုးရေနှင့် လျှော်ဖွပ်ခြင်း၊ ကြာရှည်အသုံးပြုခြင်းတို့ကြောင့် အရောင်ကျွတ်သွားမည်မဟုတ်” ဟုဆိုသည်။