မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂၇

“ကိုယ်တော်၏ကောင်းမြတ်ခြင်းသည် အလွန်ကြီးမြတ်လှတကား”

“ကိုယ်တော်၏ကောင်းမြတ်ခြင်းသည် အလွန်ကြီးမြတ်လှတကား”

၁၊ ၂။ ဘုရားသခင့်ကောင်းမြတ်ခြင်းသည် မည်မျှတိုင် တာသွားသနည်း၊ ဤအရည်အသွေးကို သမ္မာကျမ်းစာက မည်သို့အလေးအနက်ဖော်ပြသနည်း။

နေဝင်ဆည်းဆာ တိမ်တောက်ချိန်၌ အိမ်ပြင်တွင် မိတ်ဟောင်းဆွေဟောင်းအချို့သည် ရှုခင်းအလှကို ခံစားကြည်နူးရင်း စကားစမြည်ပြောဆို ရယ်မော စားသောက်ပျော်မြူးလျက်ရှိနေကြ၏။ ရပ်ဝေးတွင် မဲမှောင်သောတိမ်စိုင်တိမ်လိပ်ကြီးများ တလိမ့်လိမ့်တက်လာ၍ မိုးရေငတ်နေသော ကောက်နှံစပါးပေါ်သို့ ဦးဆုံးမိုးတစ်ပြိုက်နှစ်ပြိုက် ရွာချလိုက်ခြင်းကြောင့် လယ်သမားတစ်ဦးမှာ သူ၏လယ်ပြင်ကို ပီတိအပြုံးဖြင့် မျှော်ကြည့်နေ၏။ အခြားတစ်နေရာတွင်မူ ဇနီးမောင်နှံနှစ်ဦးမှာ ယိုင်တီးယိုင်တိုင်လမ်းစမ်းလျှောက်နေသော သူတို့၏ရင်သွေးငယ်ကိုကြည့်၍ ကြည်နူးလျက်ရှိကြ၏။

ထိုသူတို့ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ယေဟောဝါဘုရားသခင်၏ကောင်းမြတ်ခြင်းဖြစ်သည့် ထပ်တူအရာမှ အကျိုးကျေးဇူးခံစားနေကြရသည်။ ဘာသာရေးကိုင်းရှိုင်းသူအချို့က “ဘုရားသခင်သည် ကောင်းမြတ်တော်မူ၏” ဟု ထပ်တလဲလဲပြောဆိုလေ့ရှိသည်။ သမ္မာကျမ်းစာကမူ ထို့ထက်ပင် အလေးအနက်ဆိုထားသည်။ “ကိုယ်တော်၏ကောင်းမြတ်ခြင်းသည် အလွန်ကြီးမြတ်လှတကား!” ဟုဆိုထားသည်။ (ဇာခရိ ၉:၁၇ကဘ) သို့သော် ယနေ့ ဤစကား၏ဆိုလိုရင်းကို အမှန်တကယ်သိနားလည်သူ နည်းပုံရသည်။ ယေဟောဝါဘုရားသခင်၏ကောင်းမြတ်ခြင်းတွင် အမှန်တကယ် အဘယ်အရာပါဝင်သနည်း၊ ဘုရားသခင်၏ ဤအရည်အသွေးက ကျွန်ုပ်တို့တစ်ဦးချင်းစီအား မည်သို့သက်ရောက်မှုရှိသနည်း။

ဘုရားသခင့်မေတ္တာတော်၏ ထင်ရှားသောအသွင်အပြင်တစ်ရပ်

၃၊ ၄။ ကောင်းမြတ်ခြင်းကား အဘယ်နည်း၊ ယေဟောဝါ၏ကောင်းမြတ်ခြင်းကို ဘုရားသခင့်မေတ္တာ၏ဖော်ကျူးချက်တစ်ရပ်အဖြစ် အဘယ်ကြောင့် အကောင်းဆုံးတင်ပြနိုင်သနည်း။

ယနေ့ ခေတ်သုံးဘာသာစကားအများတွင် “ကောင်းမြတ်ခြင်း” ဟူသောစကားလုံးသည် ယေဘုယျစကားလုံးမျှဖြစ်သည်။ သို့သော် သမ္မာကျမ်းစာတွင်ပါသော ကောင်းမြတ်ခြင်းမှာမူ သာမန်စကားလုံးတစ်လုံး လုံးဝမဟုတ်ပေ။ ယင်းသည် အဓိကအားဖြင့် ဖြူစင်မြင့်မြတ်ခြင်း၊ ကိုယ်ကျင့်တရားမွန်မြတ်ခြင်းကို ရည်ညွှန်း၏။ သို့ဖြစ်၍ ယေဟောဝါ၌ ကောင်းမြတ်ခြင်းအပြည့်အဝရှိသည်ဟု တစ်နည်းအားဖြင့်ဆိုနိုင်သည်။ ကိုယ်တော်၏တန်ခိုး၊ တရားမျှတခြင်းနှင့် ဉာဏ်ပညာအပါအဝင် ကိုယ်တော်၏ဂုဏ်ရည်တော်အားလုံးတို့သည် လုံးလုံးလျားလျားကောင်းမြတ်တော်မူ၏။ သို့တိုင် ကောင်းမြတ်ခြင်းကို ယေဟောဝါ၏ မေတ္တာတော်ဖော်ကျူးချက်တစ်ရပ်အဖြစ် အကောင်းဆုံးတင်ပြနိုင်သည်။ အဘယ်ကြောင့်နည်း။

ကောင်းမြတ်ခြင်းဟူသည် တက်ကြွလှုပ်ရှားပြီး ဖော်ရွေပျူငှာမှုရှိ အရည်အသွေးတစ်ခုဖြစ်၏။ လူတို့တွင် ယင်းသည် ဖြောင့်မတ်ခြင်းထက် သာ၍ပင် နှစ်လို့ဖွယ်ဖြစ်ကြောင်း တမန်တော်ပေါလုဖော်ပြခဲ့သည်။ (ရောမ ၅:၇) ဖြောင့်မတ်သောသူသည် ပညတ်တရားတောင်းဆိုသည့်အတိုင်း အပ်ကျမပ်ကျလိုက်နာမည်ဟု စိတ်ချနိုင်၏၊ သူတော်ကောင်းမှာမူ ထိုထက်မကပြုလုပ်ပေမည်။ သူသည် သူတစ်ပါးကို အကျိုးပြုရန် ကိုယ်တိုင်အစပြု၍ တက်တက်ကြွကြွဖြင့် နည်းလမ်းများ ရှာကြံပြုမူမည်။ ယေဟောဝါသည် ဤသဘောမျိုးဖြင့် အမှန်တကယ်ပင်ကောင်းမြတ်တော်မူကြောင်း ကျွန်ုပ်တို့သိကြရလိမ့်မည်။ ရှင်းနေသည်မှာ ထိုသို့သောကောင်းမြတ်ခြင်းသည် အတိုင်းမသိများပြားလှသော ယေဟောဝါ၏မေတ္တာတော်မှ မြစ်ဖျားခံသည်။

၅-၇။ ယေရှုသည် “ကောင်းမြတ်သောဆရာ” ဟု အဘယ်ကြောင့်အခေါ်မခံသနည်း၊ ထိုသို့အားဖြင့် အဘယ်လေးနက်သောအမှန်တရားကို ကိုယ်တော်အတည်ပြုခဲ့သနည်း။

ယေဟောဝါသည် ကောင်းမြတ်ခြင်းတွင် ပြိုင်ဘက်လည်းကင်း၏။ ယေရှုမသေဆုံးမီလေးတွင် ကိုယ်တော်ထံ လူတစ်ဦးချဉ်းကပ်ပြီး မေးခွန်းမေးချိန်၌ ကိုယ်တော်အား “ကောင်းမြတ်သောဆရာ” ဟုခေါ်ခဲ့သည်။ ယေရှုက “ငါ့ကိုကောင်းမြတ်သည်ဟု အဘယ်ကြောင့်ခေါ်သနည်း။ ဘုရားသခင်တစ်ပါးတည်းသာ ကောင်းမြတ်တော်မူ၏” ဟုဖြေခဲ့သည်။ (မာကု ၁၀:၁၇၊ ၁၈) ထိုသို့ယေရှုတုံ့ပြန်လိုက်ခြင်းသည် ဦးနှောက်ခြောက်သွားစရာဖြစ်ပေမည်။ ထိုသူကို ယေရှုအဘယ်ကြောင့် အမှားပြင်ပေးလိုက်သနည်း။ ယေရှုသည် စင်စစ်ပင် “ကောင်းမြတ်သောဆရာ” မဟုတ်ပေလော။

ရှင်းနေသည်ကား ထိုသူသည် “ကောင်းမြတ်သောဆရာ” ဟူသည့်စကားလုံးများကို မြှောက်ပင့်သောဘွဲ့တစ်ခုအဖြစ် အသုံးပြုခဲ့ခြင်းဖြစ်မည်။ သို့ဖြစ်၍ ယေရှုသည် အကြီးမြင့်ဆုံးသဘောအရ ကောင်းမြတ်သော ကိုယ်တော့်ကောင်းကင်ခမည်းတော်တစ်ပါးတည်းသာ ထိုဂုဏ်ပုဒ်ကိုရထိုက်ကြောင်း ကျိုးနွံစွာပြညွှန်ခဲ့သည်။ (သုတ္တံ ၁၁:၂) သို့သော် ယေရှုသည် အလွန်လေးနက်သောအမှန်တရားတစ်ခုကိုလည်း အတည်ပြုနေခြင်းဖြစ်သည်။ ယေဟောဝါတစ်ပါးတည်းသာ ကောင်းမြတ်ခြင်းအတွက် စံနှုန်းဖြစ်သည်။ ကိုယ်တော်တစ်ပါးတည်းသာလျှင် အကောင်းနှင့် အဆိုးကိုသတ်မှတ်ရန် အကြီးမြင့်ဆုံးလုပ်ပိုင်ခွင့်ရှိသည်။ အာဒံနှင့် ဧဝသည် ပုန်ကန်၍ ကောင်းမကောင်းသိကျွမ်းရာအပင်မှယူစားလိုက်ခြင်းဖြင့် ထိုလုပ်ပိုင်ခွင့်ကို သူတို့ကိုယ်နှိုက်ရယူရန် ကြိုးစားခဲ့ကြသည်။ သူတို့နှင့်မတူဘဲ ယေရှုမူကား ခမည်းတော်အား နှိမ့်ချစွာ စံနှုန်းများချမှတ်စေတော်မူ၏။

ထိုထက်ကား အမှန်ပင်ကောင်းမြတ်သောအရာရှိရှိသမျှသည် ယေဟောဝါထံတော်မှမြစ်ဖျားခံကြောင်း ယေရှုသိထားတော်မူ၏။ ကိုယ်တော်သည် “ကောင်းမြတ်စုံလင်သောဆုကျေးဇူးရှိသမျှတို့” ကို ပေးတော်မူသောအရှင်ဖြစ်တော်မူ၏။ (ယာကုပ် ၁:၁၇) ယေဟောဝါ၏ရက်ရောမှုတွင် ကိုယ်တော်၏ကောင်းမြတ်ခြင်း မည်သို့ထင်ရှားကြောင်း ဆန်းစစ်ကြည့်ကြစို့။

ယေဟောဝါ၏ အလျှံပယ်ကောင်းမြတ်ခြင်း သာဓက

၈။ ယေဟောဝါသည် လူသားအားလုံးအပေါ် ကောင်းမြတ်ခြင်းကို မည်သို့ပြသခဲ့သနည်း။

အသက်ရှင်ခဲ့ဖူးသူတိုင်းသည် ယေဟောဝါ၏ကောင်းမြတ်ခြင်း အကျိုးကျေးဇူးကို ခံစားခဲ့ကြရပြီ။ ဆာလံ ၁၄၅:၉ က “ထာဝရဘုရားသည် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုချင်သောသဘောရှိ” ၏ဟုဆိုသည်။ အလုံးစုံခြုံငုံသည့် ကိုယ်တော့်ကောင်းမြတ်ခြင်း၏ ဥပမာအချို့ကား အဘယ်နည်း။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “သင်တို့အားကျေးဇူးပြုလျက် အစာအာဟာရနှင့်ဝပြော၍ ဝမ်းမြောက်စေခြင်းငှာ၊ မိုးကောင်းကင်မှမိုးရွာစေတော်မူ၍ အသီးအနှံတို့ကို သီးစေတတ်သောဥတုကို ပေးတော်မူသောအားဖြင့် ကိုယ်တော်ရှိတော်မူသည်ကို သက်သေမခံဘဲနေတော်မမူ။” (တမန်တော် ၁၄:၁၇) အရသာရှိသောအစားအစာကို သင်စားရသဖြင့် စိတ်ကျေနပ်မှုခံစားခဲ့ဖူးသလော။ ဤကမ္ဘာမြေပေါ် အသီးအနှံအလျှံပယ်ထွက်ရှိစေဖို့ ရေသံသရာနှင့် “အသီးအနှံတို့ကိုသီးစေတတ်သောဥတု” များ အစဉ်လည်ပတ်နေရန် စီမံခဲ့ခြင်းသည် ယေဟောဝါ၏ကောင်းမြတ်ခြင်းကြောင့်သာဖြစ်သည်၊ ထိုသို့မစီမံခဲ့လျှင် စားစရာရှိမည်မဟုတ်ချေ။ ထိုကောင်းမြတ်ခြင်းကို ယေဟောဝါအား ချစ်မြတ်နိုးသူတို့သာမဟုတ်၊ လူတိုင်းခံစားရဖို့ ကိုယ်တော်ရည်စူးသည်။ ယင်းကြောင့် ယေရှုက ဘုရားသခင်သည် “ကောင်းသောသူ၊ မကောင်းသောသူတို့အပေါ်၌ ကိုယ်တော်၏နေကို ထွက်စေတော်မူ၏။ ဖြောင့်မတ်သောသူ မဖြောင့်မတ်သောသူတို့အပေါ်၌ မိုးကိုရွာစေတော်မူ၏” ဟုမိန့်တော်မူ၏။—မဿဲ ၅:၄၅

ယေဟောဝါသည် “သင်တို့အား . . . မိုးကောင်းကင်မှမိုးရွာစေတော်မူ၍၊ အသီးအနှံတို့ကိုသီးစေတတ်သောဥတုကို ပေးတော်မူ” ၏

၉။ ယေဟောဝါ၏ကောင်းမြတ်ခြင်းကို ပန်းသီးက မည်သို့သရုပ်ဖော်သနည်း။

အစဉ်အဆက် နေပူ၊ မိုးရွာ၍ ရာသီအလိုက် သီးနှံဖြစ်ထွန်းနေခြင်းကြောင့် လူတို့ခံစားနေကြရသည့် အလျှံပယ်ရက်ရောမှုကို လူအများ ပေါ့ပေါ့တန်တန် သဘောထားတတ်ကြသည်။ ဥပမာ၊ ပန်းသီးကို သုံးသပ်ကြည့်ပါ။ ကမ္ဘာ့သမပိုင်းဒေသတစ်လျှောက်တွင် ထိုအသီးမှာ မဆန်းချေ။ သို့တိုင် ၎င်းသည် လှပ၍အရသာရှိပြီး အရည်ရွှမ်းကာ အရေးပါသောအာဟာရ အပြည့်ပါရှိ၏။ ကမ္ဘာတစ်ဝန်းတွင် ပန်းသီးအမျိုးပေါင်း ၇,၅၀၀ ခန့်ရှိပြီး အနီရောင်မှ ရွှေရောင်၊ အဝါရောင်မှသည် အစိမ်းရောင်သို့ အရောင်အသွေးအမျိုးမျိုးရှိ၍ အရွယ်အစားတွင် ချယ်ရီသီးထက် မဆိုစလောက်ကြီးရာမှ ဂရိတ်ဖရုသီးအထိ ရှိတတ်သည်။ သင့်လက်ထဲတွင် အလွန်သေးငယ်သော ပန်းသီးစေ့တစ်စေ့ကိုင်ထားလျှင် ၎င်းမှာ မထင်ရှားပုံရှိ၏။ သို့သော် ၎င်းမှ အလှပဆုံးအပင်တစ်ပင်ပေါက်လာပါသည်။ (ရှောလမုန်သီချင်း ၂:၃ကဘ) နွေဦးရောက်တိုင်း ပန်းသီးပင်သည် ကျက်သရေရှိလှသော အဆုပ်လိုက်အခိုင်လိုက်ပွင့်သည့်ပန်းများဖြင့်ဖုံးလွှမ်း၍ ဆောင်းဦးရာသီ၌ အသီးသီးလေသည်။ အလယ်အလတ်တန်း ပန်းသီးပင်တစ်ပင်သည် တစ်နှစ်လျှင် ၄၂ ပေါင်ဆံ့သော စက္ကူသေတ္တာအလုံး ၂၀ အပြည့် ၇၅ နှစ်အထိ အသီးသီးနိုင်ပေသည်!

အလွန်သေးငယ်သော ဤမျိုးစေ့မှ ပေါက်လာသောသစ်ပင်သည် လူတို့ကို ဆယ်စုနှစ်များချီ ကျွေးမွေးနိုင်

၁၀၊ ၁၁။ ကျွန်ုပ်တို့၏အာရုံများက ဘုရားသခင်၏ကောင်းမြတ်ခြင်းကို မည်သို့ဖော်ပြသနည်း။

၁၀ ယေဟောဝါသည် ကိုယ်တော်၏အဆုံးမဲ့ကောင်းမြတ်ခြင်းကြောင့် ကျွန်ုပ်တို့ကို “ထူးဆန်းသောလက္ခဏာ” ရှိ ကိုယ်ခန္ဓာဖန်ဆင်းပေးထား၏၊ ၎င်းနှင့်အတူ ကိုယ်တော်၏လက်ရာတော်တို့ကို သတိထား၊ မွေ့လျော်စေသည့် အာရုံများကိုပါ ပေးထားသည်။ (ဆာလံ ၁၃၉:၁၄) ဤအခန်း၏ အစပိုင်းတွင် ဖော်ပြထားသော မြင်ကွင်းများကို တစ်ဖန်ပြန်စဉ်းစားကြည့်ပါ။ ထိုသို့သောအချိန်မျိုးတွင် အဘယ်အရာများကိုတွေ့မြင်ရ၍ သာယာကြည်နူးရသနည်း။ ရွှင်ပျနေသည့်ကလေးငယ်၏ သွေးရောင်လွှမ်းသော ပါးပြင်ကလေး။ လယ်ကွင်းများအပေါ် ရွာသွန်းဖြိုးသည့်မိုး။ အနီ ခရမ်း ရွှေရောင်ဆန်းသည့် နေဝင်ဆည်းဆာ။ လူ့မျက်စိသည် ခြားနားသောအရောင်အသွေး ၃၀၀,၀၀၀ ကျော်ကိုမြင်နိုင်ရန် ပုံစံပြုထား၏! ထို့ပြင် ကျွန်ုပ်တို့၏အကြားအာရုံက ချစ်ခင်ရသူ၏ ကွဲပြားခြားနားသောလေသံ၊ သစ်ပင်များကြားတိုက်ခတ်သွားသော လေပြည်လေညင်းသံ၊ လမ်းလျှောက်တတ်စကလေးသူငယ်၏ တခစ်ခစ်ရယ်မောသံတို့ကို ကြားစေသည်။ ထိုသို့သောမြင်ကွင်းများနှင့် အသံများက ကျွန်ုပ်တို့ကို အဘယ်ကြောင့်ပျော်ရွှင်မှုပေးသနည်း။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “ကြားတတ်သောနားကိုလည်းကောင်း၊ မြင်တတ်သောမျက်စိကိုလည်းကောင်း ထာဝရဘုရားဖန်ဆင်းတော်မူပြီ။” (သုတ္တံ ၂၀:၁၂) သို့သော် ၎င်းတို့သည် အာရုံခံနိုင်သည့် သတ္တိနှစ်မျိုးသာရှိသေးသည်။

၁၁ အနံ့ခံအာရုံသည်လည်း ယေဟောဝါကောင်းမြတ်ခြင်း၏ နောက်ထပ်သာဓကတစ်ရပ်ပင်။ လူ့နှာခေါင်းဖြင့် အနံ့အသက်အမျိုးပေါင်း ၁၀,၀၀၀ ခန့် ခွဲခြားသိနိုင်သည်။ အချို့လောက်ကိုသာ စဉ်းစားကြည့်လိုက်ပါ– သင်အနှစ်သက်ဆုံး ဟင်းနံ့၊ ပန်းပွင့်များနှင့် ရွက်ကြွေရနံ့၊ ထင်းမီး၏ မီးသင်းနံ့။ ထို့ပြင် အတွေ့အထိအာရုံက သင့်ပါးပြင်ကို လေပြည်လေးတစ်ဝှေ့ ကျီစယ်သွားမှု၊ ချစ်ရသူတစ်ဦး၏ ပွေ့ဖက်အားပေးမှု၊ လက်ထဲရှိသစ်သီးတစ်လုံး၏ ကြည်နူးစဖွယ် ညက်ညောမှုတို့ကို ခံစားရစေသည်။ ထိုသစ်သီးကို တစ်ကိုက် ကိုက်လိုက်ချိန်ဝယ် ရသာရုံ ပေါ်လာသည်။ သစ်သီး၏အမျိုးမျိုးသော ပေါင်းစပ်ထားရာ ဓာတုပစ္စည်းများကဖန်တီးပေးသည့် မသိမသာအနံ့အရသာများနှင့် ရသာဖူးလေးတို့ ထိတွေ့လိုက်ချိန်တွင် နှစ်သက်ဖွယ်ရသာစုံကို ခံစားမိလေသည်။ မှန်ပါသည်၊ ယေဟောဝါနှင့်ပတ်သက်၍ ဤသို့တအံ့တသြပြောဆိုရန် အကြောင်းများစွာရှိ၏– “ကိုယ်တော်ကိုခန့်ညားသူတို့အဖို့ သိုမှီးထားသောကောင်းမြတ်တော်မူခြင်းသည် ကြွယ်ဝလှသည်တကား။” (ဆာလံ ၃၁:၁၉ကဘ) သို့သော် ဘုရားရေးရာကြောက်ရွံ့ခြင်း ရှိသူတို့အတွက် ယေဟောဝါသည် ကောင်းမြတ်ခြင်းကို မည်သို့ “သိုမှီးထား” တော်မူသနည်း။

ထာဝရအကျိုးဖြစ်ထွန်းသော ကောင်းမြတ်ခြင်း

၁၂။ ယေဟောဝါထံတော်မှ ဆုကျေးဇူးများအနက် အရေးကြီးဆုံးတို့ကား အဘယ်နည်း၊ အဘယ်ကြောင့်နည်း။

၁၂ ယေရှုက “လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာလာသည်” ဟုမိန့်တော်မူ၏။ (မဿဲ ၄:၄) ယေဟောဝါ၏ဝိညာဉ်ရေးရာ ဆုကျေးဇူးများသည် ကာယရေးဆုကျေးဇူးများထက် အမှန်တကယ်ပင် သာ၍ကောင်းကျိုးဖြစ်ထွန်းစေနိုင်၏၊ အကြောင်းမှာ ၎င်းသည် ထာဝရအသက်သို့ ပို့ဆောင်သည်။ ဤနောက်ဆုံးကာလတွင် ယေဟောဝါသည် ကိုယ်တော်၏ပြန်လည်ထူထောင်နိုင်စွမ်းကို အသုံးပြုပြီး ဝိညာဏပရဒိသုကိုတည်ထောင်ခဲ့ကြောင်း ဤစာအုပ်၏အခန်း ၈ တွင် ကျွန်ုပ်တို့သတိပြုမိခဲ့ကြပြီ။ ထိုပရဒိသု၏အဓိကအသွင်တစ်ရပ်မှာ ဝိညာဉ်ရေးရာအစာ အလျှံပယ်ပေါများခြင်းဖြစ်သည်။

၁၃၊ ၁၄။ (က) ပရောဖက်ယေဇကျေလသည် ရူပါရုံတွင် အဘယ်အရာကို မြင်တွေ့ခဲ့သနည်း၊ ယနေ့ ကျွန်ုပ်တို့အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။ (ခ) ယေဟောဝါသည် ကိုယ်တော်၏သစ္စာရှိကျေးကျွန်များကို အဘယ်အသက်ပေးဝိညာဉ်ရေး ဆုကျေးဇူးများပေးသနည်း။

၁၃ သမ္မာကျမ်းစာပါ အကြီးအကျယ်ပြန်လည်ထူထောင်ခြင်းဆိုင်ရာ ပရောဖက်ပြုချက်များအနက် တစ်ခုတွင် ပရောဖက်ယေဇကျေလသည် ပြန်လည်ထူထောင်ပြီး ဘုန်းထင်ရှားသော ဗိမာန်တော်၏ရူပါရုံကို မြင်တွေ့ခွင့်ရခဲ့သည်။ ထိုဗိမာန်တော်မှ စီးဆင်းလာသောရေသည် “အဟုန်နှင့်ဆင်းသည့် ထုထည်နှစ်ဆရှိရေစီးကြောင်း” ဖြစ်လာသည်အထိ ကျယ်ဝန်းသည်ထက်ကျယ်ဝန်း၊ နက်သည်ထက်နက်လာလေသည်။ အဆိုပါမြစ် စီးဆင်း၍ ရောက်သမျှနေရာတိုင်းတွင် အကျိုးဖြစ်ထွန်းသည်။ မြစ်ကမ်းနား၌ အစားအစာနှင့် အနာရောဂါငြိမ်းစေသည့် သီးနှံပင်အမျိုးမျိုး ရှင်သန်လျက်ရှိသည်။ ထိုမြစ်သည် ဆားငန်လှသည့် သက်ရှိသတ္တဝါကင်းမဲ့သော ပင်လယ်သေကိုပင် ပြန်လည်သက်ဝင်လှုပ်ရှားစေသည်! (ယေဇကျေလ ၄၇:၁-၁၂ကဘ) သို့သော် ထိုအရာအားလုံးက အဘယ်အရာကိုဆိုလိုသနည်း။

၁၄ ယေဇကျေလမြင်တွေ့ခဲ့သော ဗိမာန်တော် ပုံဖော်သည့်အတိုင်း ယေဟောဝါသည် စင်ကြယ်သောဝတ်ပြုရေးအစီအစဉ်ကို ပြန်လည်တည်ထောင်မည်ဟု ထိုရူပါရုံကဖော်ပြသည်။ ထိုရူပါရုံမှ မြစ်ရေကဲ့သို့ပင် အသက်ရှင်ရေးအတွက် ဘုရားသခင်၏ဆုကျေးဇူးများသည် ကိုယ်တော့်လူမျိုးထံ အစဉ်များပြားစွာ စီးဆင်းနေပေလိမ့်မည်။ ၁၉၁၉ ခုနှစ်၌ စင်ကြယ်သောဝတ်ပြုရေး ပြန်လည်တည်ထောင်လာကတည်းက ယေဟောဝါသည် ကိုယ်တော်၏လူတို့အပေါ် အသက်ပေးဆုကျေးဇူးများ သွန်းလောင်းပေးခဲ့ပြီ။ မည်သို့အားဖြင့်နည်း။ သမ္မာကျမ်းစာများ၊ ကျမ်းစာစာပေများ၊ စည်းဝေးများနှင့် စည်းဝေးကြီးများမှတစ်ဆင့် သန်းနှင့်ချီသောသူတို့သည် အရေးပါသောအမှန်တရားကို ရရှိခဲ့ကြပြီ။ ထိုသို့အားဖြင့် ယေဟောဝါသည် အသက်ရရေးအတွက် ကိုယ်တော်၏အရေးပါဆုံး ဆုကျေးဇူးအကြောင်း လူသားတို့အားသွန်သင်ပေးခဲ့ပြီ၊ ၎င်းကား ဘုရားသခင်ကို အမှန်တကယ်ချစ်မြတ်နိုးပြီး ကြောက်ရွံ့သူအပေါင်းအား ယေဟောဝါ၏ရှေ့တော်မှောက်၌ စင်ကြယ်သောအနေအထားနှင့် ထာဝရအသက်မျှော်လင့်ချက်ရရှိစေသည့် ခရစ်တော်၏ရွေးနုတ်ဖိုးပူဇော်သကာဖြစ်သည်။ * သို့နှင့် ဤနောက်ဆုံးကာလတစ်လျှောက် ကမ္ဘာကြီးပေါ်တွင် ဝိညာဉ်ရေးအစားအစာငတ်မွတ်မှုဘေး ဆိုက်ရောက်နေသော်လည်း ယေဟောဝါ၏လူတို့သည် ဝိညာဉ်ရေးအစားအစာ ဝပြောစွာစားသောက်နေကြရသည်။—ဟေရှာယ ၆၅:၁၃

၁၅။ ခရစ်တော်၏အနှစ်တစ်ထောင် အုပ်စိုးချိန်ကာလအတွင်း ယေဟောဝါ၏ကောင်းမြတ်ခြင်းကို သစ္စာရှိလူသားတို့ အဘယ်သဘောမျိုးဖြင့် ခံစားကြရမည်နည်း။

၁၅ သို့သော် ယေဇကျေလ၏ရူပါရုံထဲမှ မြစ်ရေသည် ဤအစီအစဉ်စနစ်ဟောင်း နိဂုံးချုပ်သောအခါ ရပ်တန့်မသွားချေ။ ယင်းအစား ခရစ်တော်၏အနှစ်တစ်ထောင်အုပ်စိုးချိန်အတွင်း သာ၍ပင် ဖောဖောသီသီ စီးဆင်းပေလိမ့်မည်။ ထို့နောက် မေရှိယနိုင်ငံတော်အားဖြင့် ယေဟောဝါသည် ယေရှု၏ယဇ်သကာတန်ဖိုးကို အပြည့်အဝအသုံးချပြီး သစ္စာရှိသောလူသားတို့ကို တဖြည်းဖြည်း စုံလင်လာစေမည်။ ထိုအခါ ယေဟောဝါ၏ကောင်းမြတ်တော်မူခြင်းကြောင့် ဝမ်းသာပီတိဖြစ်လိုက်ရမည်ဖြစ်ခြင်း!

ယေဟောဝါ၏ကောင်းမြတ်ခြင်းဆိုင်ရာ ထပ်ဆင့်အသွင်အပြင်များ

၁၆။ ယေဟောဝါ၏ကောင်းမြတ်ခြင်းတွင် အခြားအရည်အသွေးများလည်း အကျုံးဝင်ကြောင်း သမ္မာကျမ်းစာက မည်သို့ဖော်ပြသနည်း၊ ယင်းတို့ထဲမှအချို့ကား အဘယ်နည်း။

၁၆ ယေဟောဝါ၏ကောင်းမြတ်ခြင်းတွင် ရက်ရောမှုထက်မကပါဝင်သည်။ ဘုရားသခင်က မောရှေအား ဤသို့မိန့်တော်မူသည်– “ငါ၏ကောင်းမွန်ခြင်းရှိသမျှကို သင့်ရှေ့၌ ငါလျှောက်သွားစေမည်။ ထာဝရဘုရား၏နာမတော်ကိုလည်း သင့်ရှေ့၌ ငါကြွေးကြော်မည်။” နောက်ပိုင်း၌ မှတ်တမ်းက ဤသို့ဆိုသည်– ‘ယေဟောဝါသည် မောရှေရှေ့၌ ကြွသွားတော်မူလျက်၊ “ယေဟောဝါ၊ ယေဟောဝါ၊ ဘုရားသခင်သည် သနားတတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ အမျက်ထွက်နှေးသောသဘော၊ ချစ်ခင်ကြင်နာမှုနှင့် အမှန်တရားတွင်ကြွယ်ဝတော်မူသည်” ဟု ကြွေးကြော်တော်မူ၏။’ (ထွက်မြောက်ရာ ၃၃:၁၉; ၃၄:၆ကဘ) သို့ဖြစ်၍ ယေဟောဝါ၏ကောင်းမြတ်ခြင်းတွင် အရည်အသွေးမွန်အတော်များများ အကျုံးဝင်သည်။ ယင်းတို့ထဲမှ နှစ်ခုကိုသာသုံးသပ်ကြည့်ကြစို့။

၁၇။ ကျေးဇူးပြုတတ်ခြင်းကား အဘယ်နည်း၊ ယေဟောဝါသည် မစုံလင်သူလူသားမျှသာဖြစ်သူတို့အား ယင်းကို မည်သို့ပြတော်မူသနည်း။

၁၇ “ကျေးဇူးပြုတတ်သောသဘော။” ဤအရည်အသွေးက ယေဟောဝါဖန်ဆင်းထားသည့် သတ္တဝါများနှင့် ကိုယ်တော်ဆက်ဆံပုံအကြောင်း များစွာသိရှိစေသည်။ ဩဇာအာဏာရှိသူအများသည် ခပ်ပြတ်ပြတ်၊ အေးတိအေးစက်၊ နိုင်ထက်စီးနင်းပြုလေ့ရှိသော်လည်း ယေဟောဝါမူ နူးညံ့သိမ်မွေ့၍ ကြင်နာတရားနှင့်ပြည့်ဝတော်မူ၏။ ဥပမာ၊ ယေဟောဝါက အာဗြံကို “သင်ရှိသောအရပ်က တောင်၊ မြောက်၊ အရှေ့၊ အနောက်သို့ [“ကျေးဇူးပြု၍၊” ကဘ] မျှော်ကြည့်လော့” ဟုမိန့်တော်မူခဲ့သည်။ (ကမ္ဘာဦး ၁၃:၁၄) ဘာသာပြန်ကျမ်းများစွာက “ကျေးဇူးပြု၍” ဟူသောစကားလုံးကို ထုတ်ပယ်ထားသည်။ သို့သော် ကျမ်းပညာရှင်တို့က မူရင်းဟေဗြဲဘာသာစကားတွင် ဤနေရာ၌ အမိန့်ပေးခြင်းကို ယဉ်ကျေးစွာပန်ကြားခြင်း အသွင်ပြောင်းထားသည့် စကားအသုံးအနှုန်းပါဝင်သည်ကို သတိပြုမိကြသည်။ အခြား အလားတူသာဓကများလည်းရှိသည်။ (ကမ္ဘာဦး ၃၁:၁၂ကဘ; ယေဇကျေလ ၈:၅ကဘ) စဉ်းစားကြည့်ပါ၊ စကြဝဠာအုပ်စိုးရှင်သည် လူသားမျှသာဖြစ်သူတို့ကို “ကျေးဇူးပြု၍” ဟုဆိုသည်တကား! ကြမ်းတမ်းတွန်းတိုက် ရိုင်းစိုင်းသော ဤလောကတွင် ကျွန်ုပ်တို့ဘုရားသခင် ယေဟောဝါ၏ကျေးဇူးပြုခြင်းသဘောကို စေ့စေ့ဆင်ခြင်ခြင်းက အားတက်စေသည်မဟုတ်ပေလော။

၁၈။ ယေဟောဝါသည် အဘယ်သဘောမျိုးဖြင့် ‘အမှန်တရားတွင်ကြွယ်ဝတော်မူ’ သနည်း၊ ထိုစကားများသည် အဘယ်ကြောင့် အားတက်စေသနည်း။

၁၈ ‘အမှန်တရားတွင် ကြွယ်ဝတော်မူသည်။’ ယနေ့ မရိုးသားမှုသည် လောကလမ်းစဉ်ဖြစ်နေပြီ။ သို့သော် “ဘုရားသခင်သည် မုသာစကားကိုပြောအံ့သောငှာ လူဖြစ်တော်မူသည်မဟုတ်” ဟုသမ္မာကျမ်းစာက သတိရစေသည်။ (တောလည်ရာ ၂၃:၁၉) အမှန်သော် တိတု ၁:၁ က “ဘုရားသခင်သည် မုသာနှင့်ကင်းစင်တော်မူ” ၏ဟုဆိုသည်။ ကိုယ်တော်သည် အလွန်ကောင်းမြတ်တော်မူသဖြင့် မုသာမသုံးနိုင်ချေ။ သို့ဖြစ်၍ ယေဟောဝါ၏ကတိတော်များကို လုံးလုံးယုံကြည်အားထားနိုင်၏; ကိုယ်တော့်မိန့်တော်မူချက်များ အမှန်ပင်ပြည့်စုံရမည်။ ယေဟောဝါအား “အမှန်တရား၏ဘုရားသခင်” ဟူ၍ပင်ခေါ်ဆိုထားသည်။ (ဆာလံ ၃၁:၅ကဘ) ကိုယ်တော်သည် မုသာမသုံးရုံမက အမှန်တရားကို အလျှံပယ်ဝေမျှပေး၏။ ကိုယ်တော်သည် သိုသိပ်နှုတ်ပိတ် လျှို့ဝှက်တတ်သည်မဟုတ်ဘဲ သစ္စာရှိကျေးကျွန်တို့ကို အတိုင်းမသိများပြားလှသော ဉာဏ်ပညာတိုက်ကိုဖွင့်၍ ဉာဏ်အလင်း ရက်ရောစွာပေးသည်။ * “သမ္မာတရား၌ကျင်လည်” စေရန် ကိုယ်တော်ဝေမျှပေးသော သမ္မာတရားအတိုင်း အသက်ရှင်နေထိုင်နိုင်သည့်နည်းကို သွန်သင်ပေးတော်မူ၏။ (၃ ယောဟန် ၃) ယေဟောဝါ၏ကောင်းမြတ်ခြင်းသည် ကျွန်ုပ်တို့တစ်ဦးချင်းစီအပေါ် မည်သို့အကျိုးသက်ရောက်သင့်သနည်း။

‘ယေဟောဝါ၏ကောင်းမြတ်ခြင်းကြောင့် ရွှင်ပျလော့’

၁၉၊ ၂၀။ (က) ယေဟောဝါ၏ကောင်းမြတ်ခြင်းကို ဧဝ ယုံကြည်စိတ်ချမှုမရှိစေရန် စာတန်မည်သို့ရှာကြံပြုမူသနည်း၊ ထိုသို့ပြုခြင်း၏ရလဒ်ကား အဘယ်နည်း။ (ခ) ယေဟောဝါ၏ကောင်းမြတ်ခြင်းသည် ကျွန်ုပ်တို့တွင် အမှန်ပင် အဘယ်အကျိုး သက်ရောက်မှုရှိသင့်သနည်း၊ အဘယ်ကြောင့်နည်း။

၁၉ ဧဒင်ဥယျာဉ်တွင် ဧဝကို သွေးဆောင်ခဲ့စဉ်က စာတန်သည် ယေဟောဝါ၏ကောင်းမြတ်ခြင်းကို ဧဝ အပြည့်အဝမယုံကြည်စေရန် စဉ်းလဲစွာ စကားစတင်ပြောဆိုခဲ့သည်။ အာဒံကို ယေဟောဝါက “ဥယျာဉ်၌ရှိသမျှသောအပင်တို့၏အသီးကို သင်သည်စားရသောအခွင့်ရှိ၏” ဟုမှာကြားခဲ့သည်။ ဥယျာဉ်ကိုလှပစေခဲ့မည်ဖြစ်သော ထောင်နှင့်သောင်းနှင့်ချီ နှစ်သက်ဖွယ်အပင်များမှ တစ်ပင်တည်း၏အသီးကိုသာ မစားရဟု ယေဟောဝါတားမြစ်ခဲ့သည်။ သို့တိုင် ဧဝကို စာတန် မည်သို့ဦးဆုံးမေးမြန်းခဲ့ကြောင်း သတိပြုပါ– “ဥယျာဉ်၌ရှိသမျှသော အပင်တို့၏အသီးကိုမစားရဟု ဧကန်စင်စစ် ဘုရားသခင်မိန့်တော်မူသလော။” (ကမ္ဘာဦး ၂:၉၊ ၁၆; ၃:၁) ယေဟောဝါသည် ကောင်းသောအရာတစ်စုံတစ်ခုကို ထိန်ချန်ထားသည်ဟု ဧဝ တွေးထင်သွားစေရန် ယေဟောဝါ၏စကားကို မလိမ့်တပတ်လိမ်လည်ပြောဆိုခဲ့သည်။ ဝမ်းနည်းစရာမှာ သူဆင်သည့်အကွက်ထဲ ဝင်သွားသည်။ ဧဝမှဆင်းသက်လာသူ အမျိုးသား၊ အမျိုးသမီးများစွာတို့နည်းတူ မိမိ၌ရှိသမျှတို့ကို ပေးသနားတော်မူသည့်အရှင် ဘုရားသခင်၏ကောင်းမြတ်ခြင်းကို သူစတင်၍ သံသယဝင်လေသည်။

၂၀ ထိုသို့သောသံသယများကြောင့် ဖြစ်ပေါ်လာသည့် ဝမ်းနည်းပူဆွေးမှု၊ စိတ်ဆင်းရဲမှုတို့၏ အတိမ်အနက်ကို ကျွန်ုပ်တို့သိကြသည်။ သို့ဖြစ်၍ ယေရမိ ၃၁:၁၂၊ [ကဘ] ပါစကားများကို ကျွန်ုပ်တို့နှလုံးသွင်းကြပါစို့– ‘သူတို့သည် ယေဟောဝါ၏ကောင်းမြတ်ခြင်းကြောင့် ရွှင်မြူးကြလိမ့်မည်။’ ယေဟောဝါ၏ကောင်းမြတ်ခြင်းသည် ကျွန်ုပ်တို့ကို အမှန်တကယ်ပင် ရွှင်မြူးအားရနေစေသင့်သည်။ ကောင်းမြတ်ခြင်းဖြင့်ပြည့်နေသော ကျွန်ုပ်တို့ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဘယ်တော့မျှသံသယမဝင်သင့်ချေ။ ကိုယ်တော်ကို ကျွန်ုပ်တို့ အပြည့်အဝယုံကြည်ကိုးစားနိုင်သည်၊ အကြောင်းမှာ ကိုယ်တော်သည် ကိုယ်တော်အားချစ်မြတ်နိုးသူတို့ကို ကောင်းကျိုးမှတစ်ပါး အခြားအဘယ်အရာကိုမျှ ခံစားစေလိုတော်မူသည်မဟုတ်ချေ။

၂၁၊ ၂၂။ (က) ယေဟောဝါ၏ကောင်းမြတ်ခြင်းကို သင်တုံ့ပြန်လိုသော နည်းလမ်းအချို့ကား အဘယ်နည်း။ (ခ) နောက်အခန်းတွင် အဘယ်အရည်အသွေးကို ကျွန်ုပ်တို့ သုံးသပ်ကြမည်နည်း၊ ယင်းသည် ကောင်းမြတ်ခြင်းနှင့် မည်သို့ကွာခြားသနည်း။

၂၁ ထိုမျှမက ဘုရားသခင့်ကောင်းမြတ်ခြင်းအကြောင်း အခြားသူတို့ကို ပြောပြရန် အခွင့်အရေးရသောအခါ ကျွန်ုပ်တို့ ဝမ်းမြောက်ကြသည်။ ယေဟောဝါ၏လူတို့နှင့်ပတ်သက်၍ ဆာလံ ၁၄၅:၇ က ဤသို့ဆိုသည်– “သူတို့သည် အလွန်ကောင်းမြတ်တော်မူခြင်းကို အောက်မေ့ဖို့ရာမြွက်ဆို . . . ကြပါလိမ့်မည်။” ကျွန်ုပ်တို့အသက်ရှင်နေသရွေ့ ယေဟောဝါ၏ကောင်းမြတ်ခြင်း အကျိုးကျေးဇူးကို တစ်နည်းနည်းဖြင့် နေ့စဉ်နေ့တိုင်း ခံစားရ၏။ ဖြစ်နိုင်မည်ဆိုလျှင် ယေဟောဝါ၏ကောင်းမြတ်ခြင်းကို ခံစားရသည့်အတွက် ကိုယ်တော်အား အတတ်နိုင်ဆုံး သတ်သတ်မှတ်မှတ် ကျေးဇူးတင်စကားပြောကြားခြင်းကို နေ့စဉ်ပြုပါ။ ထိုအရည်အသွေးအကြောင်းစဉ်းစား၍ ယင်းအတွက် ယေဟောဝါကို နေ့စဉ်ကျေးဇူးတင်စကားပြောခြင်း၊ အခြားသူတို့အားလည်း ပြောပြခြင်းတို့သည် ကျွန်ုပ်တို့အား ကောင်းမြတ်သောဘုရားသခင်ကို တုပရန် ထောက်ကူပေးမည်။ ယေဟောဝါနည်းတူ ကျွန်ုပ်တို့သည် ရှာကြံ၍ ကောင်းမြတ်မှုပြုခြင်းအားဖြင့် ကိုယ်တော်နှင့် သာ၍နီးကပ်သည်ထက် နီးကပ်လာပေလိမ့်မည်။ သက်ကြီးရွယ်အို တမန်တော်ယောဟန်က “အချင်းချစ်သူ၊ မကောင်းသောနည်းကိုမလိုက်နှင့်၊ ကောင်းသောနည်းကိုသာလိုက်လော့။ ကောင်းသောအကျင့်ကိုကျင့်သောသူသည် ဘုရားသခင်နှင့်စပ်ဆိုင်၏” ဟုရေးသားခဲ့သည်။—၃ ယောဟန် ၁၁

၂၂ ယေဟောဝါ၏ကောင်းမြတ်ခြင်းသည် အခြားအရည်အသွေးများနှင့်လည်း ဆက်စပ်လျက်ရှိသည်။ ဥပမာ၊ ဘုရားသခင်သည် ‘ချစ်သနားခြင်းမေတ္တာကရုဏာနှင့် ကြွယ်ဝတော်မူ၏၊’ သို့မဟုတ် သစ္စာစောင့်သိသောမေတ္တာ ရှိတော်မူ၏။ (ထွက်မြောက်ရာ ၃၄:၆) ဤအရည်အသွေးကို ကောင်းမြတ်ခြင်းထက် သာ၍သတ်သတ်မှတ်မှတ် ကန့်သတ်ထားသူများအပေါ်ပြသသည်၊ အကြောင်းမူကား ယေဟောဝါသည် ယင်းကို ကိုယ်တော်၏ကျေးကျွန်များအပေါ်သာ အထူးသဖြင့်ဖော်ပြလေ့ရှိသည်။ နောက်အခန်းတွင် ကိုယ်တော်သည် ထိုသို့မည်သို့ပြတော်မူကြောင်း ကျွန်ုပ်တို့ သိရှိလာကြလိမ့်မည်။

^ အပိုဒ်၊ 14 ယေဟောဝါ၏ကောင်းမြတ်ခြင်းနှင့်ပတ်သက်၍ ရွေးနုတ်ဖိုးအစီအစဉ်ထက် သာ၍ကြီးမြတ်သောနမူနာ မရှိနိုင်တော့ချေ။ ယေဟောဝါသည် သန်းနှင့်ချီသော နာမ်ဝိညာဉ်သတ္တဝါအားလုံးထဲမှ မိမိ၏အချစ်မြတ်နိုးဆုံး၊ တစ်ပါးတည်းသောသားတော်ကို ကျွန်ုပ်တို့အတွက် အသေခံရန် ရွေးချယ်ခဲ့သည်။

^ အပိုဒ်၊ 18 သမ္မာကျမ်းစာက အမှန်တရားကို အလင်းနှင့်ဆက်နွှယ်ပြထားခြင်းမှာ ဆီလျော်လှပေသည်။ ‘အလင်းတော်နှင့် သမ္မာတရားတော်ကို စေလွှတ်တော်မူပါ’ ဟူ၍ ဆာလံဆရာသီဆိုခဲ့သည်။ (ဆာလံ ၄၃:၃၊ သမ) ယေဟောဝါသည် ကိုယ်တော်ထံ၌ နည်းခံလိုသူ၊ ဉာဏ်အလင်းရလိုသူတို့အပေါ် ဝိညာဉ်ရေးရာအလင်း ထွန်းလင်းပေးတော်မူ၏။—၂ ကောရိန္သု ၄:၆; ၁ ယောဟန် ၁:၅