မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂၈

“ကိုယ်တော်တစ်ပါးတည်းသာလျှင် သစ္စာစောင့်သိတော်မူ၏”

“ကိုယ်တော်တစ်ပါးတည်းသာလျှင် သစ္စာစောင့်သိတော်မူ၏”

၁၊ ၂။ ဘုရင်ဒါဝိဒ်သည် သစ္စာဖောက်မှုနှင့် မစိမ်းခဲ့ကြောင်း အဘယ်ကြောင့်ဆိုနိုင်သနည်း။

ဒါဝိဒ်မင်းသည် သစ္စာမဲ့ခြင်းနှင့် မစိမ်းခဲ့ပါ။ သူအုပ်ချုပ်ချိန် တစ်ချိန်တွင် အရှုပ်အထွေးများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး သူ့လူမျိုးကိုယ်နှိုက်မှ လူအချို့သည် သူ့ကိုလုပ်ကြံဖို့ စီစဉ်ကြသည်။ ထိုမျှမက သူ၏အရင်းနှီးဆုံးမိတ်ဆွေများဟု ကျွန်ုပ်တို့ယူဆထားသူအချို့၏ သစ္စာဖောက်ခြင်းကိုခံခဲ့ရသေးသည်။ ဒါဝိဒ်၏ပထမဇနီး မိခါလကို သုံးသပ်ကြည့်ပါ။ အစပိုင်းတွင် သူသည် “ဒါဝိဒ်ကိုချစ်၏၊” ဒါဝိဒ်၏ဘုရင်တာဝန်များကို ကူညီထမ်းဆောင်ခဲ့မည်မှာ သေချာသည်။ သို့သော် နောက်ပိုင်းတွင် သူ၏ “စိတ်နှလုံးထဲ၌ မထီမဲ့မြင်ပြု” ကာ ဒါဝိဒ်အား ‘အရှက်မရှိသူ’ ဟူ၍ပင်ယူမှတ်ခဲ့သည်။—၁ ဓမ္မရာဇဝင် ၁၈:၂၀; ၂ ဓမ္မရာဇဝင် ၆:၁၆၊ ၂၀

ထို့ပြင် ဒါဝိဒ်၏ကိုယ်ရေးအကြံပေးသူ အဟိသောဖေလလည်းရှိခဲ့သည်။ သူ၏အကြံပေးချက်ကို ယေဟောဝါထံမှ တိုက်ရိုက်မိန့်တော်မူချက်အလား တန်ဖိုးထားခဲ့ကြသည်။ (၂ ဓမ္မရာဇဝင် ၁၆:၂၃) သို့သော် နောက်ဆုံးတွင် ဤယုံကြည်စိတ်ချရသော လူယုံတော်သည် သစ္စာဖောက်ပြီး ဒါဝိဒ်ကို ဆန့်ကျင်ပုန်ကန်သည့်အဖွဲ့နှင့် ပူးပေါင်းကြံစည်ခဲ့သည်။ ထိုပူးပေါင်းကြံစည်မှုကို သွေးထိုးပေးသူကား မည်သူနည်း။ ဒါဝိဒ်၏သားအရင်း အဗရှလုံပင်တည်း! အလွန်စဉ်းလဲသော ထိုအခွင့်အရေးသမားသည် ပြိုင်ဘက်မင်းတစ်ပါးအဖြစ် မိမိကိုယ်ကိုတင်မြှောက်ပြီး ‘ဣသရေလအမျိုးသားအပေါင်းတို့၏ စိတ်နှလုံးကိုခိုးလေ၏။’ အဗရှလုံ၏ထကြွပုန်ကန်မှုသည် အရှိန်အဟုန် အလွန်ပြင်းထန်လာသဖြင့် ဘုရင်ဒါဝိဒ်သည် အသက်ချမ်းသာရဖို့ ထွက်ပြေးခဲ့ရလေသည်။—၂ ဓမ္မရာဇဝင် ၁၅:၁-၆၊ ၁၂-၁၇

၃။ အဘယ်အရာကို ဒါဝိဒ် ယုံကြည်စိတ်ချခဲ့သနည်း။

ဒါဝိဒ်အပေါ် သစ္စာစောင့်သိသူ တစ်ဦးတစ်ယောက်မျှ မရှိတော့ပေလော။ ဒါဝိဒ်ဒုက္ခဆင်းရဲခံရစဉ်တစ်လျှောက် သူ့ဘက်တွင်ရပ်တည်သူ အမှန်ပင်ရှိကြောင်း သိထားသည်။ ထိုသူကား မည်သူနည်း။ ယေဟောဝါဘုရားသခင် ကိုယ်တော်တိုင်ပင်ဖြစ်သည်။ ယေဟောဝါနှင့်ပတ်သက်၍ ဒါဝိဒ်က “သစ္စာစောင့်သိသူနှင့် ကိုယ်တော်သည်သစ္စာစောင့်သိစွာစီရင်မည်” ဟု ဆိုခဲ့သည်။ (၂ ဓမ္မရာဇဝင် ၂၂:၂၆ကဘ) သစ္စာစောင့်သိမှုကား အဘယ်နည်း၊ ဤအရည်အသွေး၏ အမြင့်မြတ်ဆုံးပုံနမူနာကို ယေဟောဝါ မည်သို့ပြသတော်မူသနည်း။

သစ္စာစောင့်သိမှုကား အဘယ်နည်း

၄၊ ၅။ (က) “သစ္စာစောင့်သိမှု” ကားအဘယ်နည်း။ (ခ) သစ္စာစောင့်သိမှုနှင့် သစ္စာရှိမှုတို့သည် မည်သို့ကွာခြားသနည်း။

ဟေဗြဲကျမ်းစာစောင်များတွင် အသုံးပြုဖော်ပြထားသည့် “သစ္စာစောင့်သိမှု” သည် တစ်စုံတစ်ရာအပေါ် မေတ္တာပါစွာတွယ်တာနေခြင်းဖြစ်၍ ထိုတစ်စုံတစ်ရာနှင့်စပ်လျဉ်း၍ ရည်ရွယ်ချက်မပြည့်စုံမချင်း မစွန့်ခွာဘဲနေသည့် ကြင်နာမှုမျိုးဖြစ်သည်။ ဤတွင် သစ္စာရှိမှုထက်မကပါဝင်သည်။ အကြောင်းမှာ သူတစ်ဦးသည် တာဝန်အရသာ သစ္စာရှိပေမည်။ သစ္စာစောင့်သိမှုမှာမူ ချစ်ခြင်းမေတ္တာအပေါ် အရင်းခံသည်။ * ထို့အပြင် “သစ္စာရှိမှု” ဟူသောစကားလုံးကို သက်မဲ့များကိုရည်စူး၍လည်း အသုံးပြုနိုင်သည်။ ဥပမာ၊ ဆာလံဆရာက လမင်းကို “မိုးကောင်းကင်၌သစ္စာရှိသော သက်သေ” ဟုခေါ်ဆိုသည်၊ အကြောင်းမှာ လသည် ညစဉ်ညတိုင်း ပုံမှန်ထွက်တတ်သောကြောင့်ဖြစ်သည်။ (ဆာလံ ၈၉:၃၇ကဘ) သို့သော် လသည် သစ္စာစောင့်သိသည်ဟူ၍ မဆိုနိုင်ပါ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ သစ္စာစောင့်သိမှုသည် မေတ္တာပြပုံ ဖြစ်၏၊ ဤမေတ္တာကို သက်မဲ့အရာများ မတင်ပြတတ်ပါ။

လကို သစ္စာရှိသောသက်သေဟူ၍ ခေါ်ဆိုထားသည်၊ သို့သော် အသိဉာဏ်ရှိသော သက်ရှိသတ္တဝါများသာလျှင် ယေဟောဝါ၏သစ္စာစောင့်သိမှုကို အမှန်တကယ်ရောင်ပြန်ဟပ်နိုင်ကြ

သမ္မာကျမ်းစာသဘောတွင် သစ္စာစောင့်သိမှုသည် နွေးထွေးမှုဖြစ်သည်။ ယင်းထင်ရှားပြသခြင်းကိုယ်နှိုက်က ဤအရည်အသွေးကိုတင်ပြသူနှင့် အပြခံရသူတို့စပ်ကြား ဆက်ဆံရေးကောင်းရှိကြောင်း ညွှန်ပြသည်။ ဤသို့သောသစ္စာစောင့်သိမှုသည် စိတ်အပြောင်းအလဲ မမြန်ချေ။ ၎င်းသည် လေယူရာယိမ်းတတ်သော လှိုင်းတံပိုးများနှင့် မတူပါ။ ထိုသို့ဖြစ်မည့်အစား သစ္စာစောင့်သိမှု သို့မဟုတ် မြဲမြံသောမေတ္တာသည် တုန်လှုပ်စရာအကောင်းဆုံး အတားအဆီးများကိုပင် ကျော်လွှားနိုင်သည့် ကြံ့ခိုင်မှုနှင့် စွမ်းပကားရှိသည်။

၆။ (က) လူသားများကြားတွင် သစ္စာစောင့်သိမှု မည်မျှရှားပါးသနည်း၊ ယင်းကို သမ္မာကျမ်းစာက မည်သို့ဖော်ပြသနည်း။ (ခ) သစ္စာစောင့်သိမှုတွင် အဘယ်အရာပါဝင်ကြောင်း သိရှိရန် အကောင်းဆုံးနည်းကား အဘယ်နည်း၊ အဘယ်ကြောင့်နည်း။

မှန်ပါသည်၊ ဤသို့သောသစ္စာစောင့်သိမှုကို ယနေ့ တွေ့ခဲသည်။ များသောအားဖြင့် ရင်းနှီးသောမိတ်ဆွေများသည် “အကျိုးနည်း” စေတတ်ကြ၏။ မိမိခင်ပွန်းများကို စွန့်သွားကြသော ကြင်ဖော်များအကြောင်း တိုး၍ကြားသိနေကြရသည်။ (သုတ္တံ ၁၈:၂၄; မာလခိ ၂:၁၄-၁၆) သစ္စာဖောက်မှုများသည် သမားရိုးကျဖြစ်လာနေရာ ပရောဖက်မိက္ခာ၏ ဤစကားကို ကျွန်ုပ်တို့ ပဲ့တင်ထပ်ပြောဆိုနေပေမည်– “သစ္စာစောင့်သိသူတို့သည် ကမ္ဘာမြေမှ ကွယ်ပျောက်ကြပြီ။” (မိက္ခာ ၇:၂ကဘ) လူတို့သည် ချစ်ခင်ကြင်နာမှုပြရန် ပျက်ကွက်လေ့ရှိကြသော်လည်း သစ္စာစောင့်သိမှုသည် ယေဟောဝါ၏ထူးခြားထင်ရှားသော ဂုဏ်ရည်တော်ဖြစ်သည်။ အမှန်မှာ သစ္စာစောင့်သိမှုတွင် အဘယ်အရာပါဝင်ကြောင်း အတိအကျသိရှိရန် အကောင်းဆုံးနည်းမှာ ယေဟောဝါသည် မိမိမေတ္တာတော်၏ ဤထည်ဝါသော အသွင်အပြင်တစ်ရပ်ကို မည်သို့ပြသကြောင်း ဆန်းစစ်ကြည့်ခြင်းဖြစ်သည်။

တုနှိုင်းမရ ယေဟောဝါ၏သစ္စာစောင့်သိမှု

၇၊ ၈။ ယေဟောဝါတစ်ပါးတည်းသာလျှင် သစ္စာစောင့်သိတော်မူ၏ဟု မည်သို့ဆိုနိုင်သနည်း။

ယေဟောဝါနှင့်ပတ်သက်၍ သမ္မာကျမ်းစာက “ကိုယ်တော်တစ်ပါးတည်းသာလျှင် သစ္စာစောင့်သိတော်မူ၏” ဟုဆိုသည်။ (ဗျာဒိတ် ၁၅:၄ကဘ) မည်သို့ဖြစ်နိုင်မည်နည်း။ လူတို့နှင့် ကောင်းကင်တမန်တို့သည် သစ္စာစောင့်သိမှုကို မှတ်သားဖွယ်ကောင်းလောက်အောင် တင်ပြခဲ့သည့်အခါများရှိသည် မဟုတ်လော။ (ယောဘ ၁:၁; ဗျာဒိတ် ၄:၈) ယေရှုခရစ်နှင့်ပတ်သက်၍ကော အသို့နည်း။ ကိုယ်တော်သည် ဘုရားသခင်၏အဓိက “သစ္စာစောင့်သိသူ” မဟုတ်ပေလော။ (ဆာလံ ၁၆:၁၀ကဘ) ထိုသို့ဆိုလျှင် ယေဟောဝါတစ်ပါးတည်းသာ သစ္စာစောင့်သိသူဖြစ်၏ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။

ဦးစွာ၊ သစ္စာစောင့်သိမှုသည် မေတ္တာ၏အသွင်အပြင်တစ်ရပ်ဖြစ်ကြောင်း သတိရပါ။ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ” ၍ ကိုယ်တော်သည် ဤအရည်အသွေး၏ပြယုဂ်ဖြစ်သောကြောင့် သစ္စာစောင့်သိမှုကို ယေဟောဝါထက် မည်သူက သာ၍အပြည့်အစုံ ဖော်ပြနိုင်မည်နည်း။ (၁ ယောဟန် ၄:၈) ကောင်းကင်တမန်များနှင့် လူသားတို့သည် ယေဟောဝါ၏ဂုဏ်ရည်တော်များကို ရောင်ပြန်ဟပ်ကြမည်မှန်သော်လည်း ယေဟောဝါတစ်ပါးတည်းသာလျှင် အမြင့်မြတ်ဆုံးအတိုင်းအတာအထိ သစ္စာစောင့်သိတော်မူ၏။ ကိုယ်တော်သည် “အသက်ကြီးသောသူတစ်ဦး” အဖြစ် မည်သည့်မြေကြီးသတ္တဝါ၊ ကောင်းကင်သတ္တဝါတို့ထက်မဆို ချစ်ခင်ကြင်နာမှုကို သာ၍ကြာမြင့်စွာ ပြသလျက်ရှိတော်မူပြီ။ (ဒံယေလ ၇:၉) သို့ဖြစ်၍ ယေဟောဝါသည် သစ္စာစောင့်သိမှု၏အနှစ်သာရဖြစ်သည်။ ကိုယ်တော်သည် ဤအရည်အချင်းကို မည်သူမျှ တုနှိုင်းမမီနိုင်အောင် ပြသတော်မူ၏။ ဥပမာအချို့ကို သုံးသပ်ကြည့်ပါ။

၉။ ယေဟောဝါသည် “ခပ်သိမ်းသောအမှုတော်တို့၌” မည်သို့ “သစ္စာစောင့်သိတော်မူ” [ကဘ] သနည်း။

ယေဟောဝါသည် “ခပ်သိမ်းသောအမှုတော်တို့၌ သစ္စာစောင့်သိတော်မူ၏။” (ဆာလံ ၁၄၅:၁၇ကဘ) အဘယ်နည်းဖြင့်နည်း။ ဆာလံ အခန်းကြီး ၁၃၆ က ဖြေဆိုပါသည်။ ထိုတွင် ဣသရေလလူမျိုးတို့ ပင်လယ်နီဖြတ်ကူးပြီး လွတ်မြောက်ခဲ့ခြင်းအကြောင်းအပါအဝင် ယေဟောဝါကယ်တင်ခဲ့ပုံ နည်းအမျိုးမျိုးကို ကိုးကားဖော်ပြထားသည်။ ထူးခြားသည်မှာ ထိုဆာလံ၏အခန်းငယ်တိုင်းကို “ဘုရားသခင်၏ကရုဏာတော် [သို့မဟုတ် သစ္စာစောင့်သိမှု] သည် အစဉ်အမြဲတည်သောကြောင့်” ဟူသောစကားပိုဒ်ဖြင့် အလေးအနက်ပြုထားခြင်းဖြစ်သည်။ စာမျက်နှာ ၂၈၉ တွင်ဖော်ပြပါ တွေးတောဆင်ခြင်ရန်မေးခွန်းများတွင် ဤဆာလံကျမ်း ပါဝင်သည်။ ဤအခန်းငယ်များကို သင်ဖတ်ရှုသွားစဉ် လူမျိုးတော်အပေါ် ချစ်ခင်ကြင်နာမှုကို နည်းလမ်းအမျိုးမျိုးဖြင့် ယေဟောဝါဖော်ပြခဲ့ခြင်းကို သင်မအံ့သြဘဲ မနေနိုင်ချေ။ မှန်ပါ၏၊ ယေဟောဝါသည် မိမိ၏သစ္စာရှိကျေးကျွန်များ၏ အကူအညီတောင်းခံသံကို နားညောင်းတော်မူ၍ သတ်မှတ်ထားချိန်၌ အရေးတယူဆောင်ရွက်ပေးခြင်းအားဖြင့် သစ္စာစောင့်သိမှု ပြသတော်မူ၏။ (ဆာလံ ၃၄:၆) ယေဟောဝါ၏ကျေးကျွန်များသည် ကိုယ်တော်အပေါ် သစ္စာစောင့်သိနေသရွေ့ ကိုယ်တော်သည် မိမိ၏မြဲမြံသောမေတ္တာကို မယိမ်းမယိုင်ပြသသွားမည်။

၁၀။ ယေဟောဝါသည် မိမိ၏စံနှုန်းများအပေါ် သစ္စာစောင့်သိကြောင်း မည်သို့ဖော်ပြသနည်း။

၁၀ ထို့အပြင် ယေဟောဝါသည် မိမိ၏စံနှုန်းများကို တစ်သမတ်တည်းထားရှိခြင်းအားဖြင့် ကိုယ်တော်၏ကျေးကျွန်များကို သစ္စာစောင့်သိကြောင်း ပြသသည်။ စိတ်ရူးပေါက်ရာ၊ ထင်ရာစိုင်းတတ်သည့် စိတ်ကစားသော လူသားအချို့နှင့်မတူဘဲ အမှား၊ အမှန်အပေါ် ယေဟောဝါရှင်၏အမြင်သည် ပြတ်သား၏။ နတ်ဝိဇ္ဇာအတတ်လိုက်စားခြင်း၊ ရုပ်တုကိုးကွယ်ခြင်းနှင့် လူအသက်သတ်ခြင်းကဲ့သို့သော အလေ့များအပေါ် ကိုယ်တော်၏အမြင်သည် နှစ်ပေါင်းထောင်ချီသော်လည်း မပြောင်းလဲသွားချေ။ “သင်တို့အသက်ကြီး၍ ဆံပင်ဖြူသည်တိုင်အောင် ငါသည် ထိုသို့သောသူဖြစ်” သည်ဟူ၍ ပရောဖက်ဟေရှာယမှတစ်ဆင့် ကိုယ်တော်မိန့်တော်မူခဲ့၏။ (ဟေရှာယ ၄၆:၄) သို့နှင့် သမ္မာကျမ်းစာပါ ပြတ်သားသည့်ကျင့်ဝတ်လမ်းညွှန်ကို လိုက်လျှောက်ခြင်းအားဖြင့် အကျိုးကျေးဇူးခံစားရလိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်ကြသည်။—ဟေရှာယ ၄၈:၁၇-၁၉

၁၁။ ယေဟောဝါသည် ကတိတည်တော်မူကြောင်းဖော်ပြသည့် ပုံဥပမာများပေးပါ။

၁၁ ယေဟောဝါသည် ကတိတည်ခြင်းအားဖြင့်လည်း သစ္စာစောင့်သိမှုကိုပြသတော်မူ၏။ တစ်စုံတစ်ရာကို ကိုယ်တော်တင်ကူးမိန့်တော်မူသောအခါ ထိုအတိုင်းဖြစ်လာသည်။ သို့နှင့် ယေဟောဝါက ဤသို့မိန့်တော်မူသည်– ‘ထိုအတူ ငါ၏နှုတ်ထွက်စကားသည် . . . အကျိုးမရှိဘဲ ငါ့ထံသို့မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု၌ အောင်လိမ့်မည်။’ (ဟေရှာယ ၅၅:၁၁) ယေဟောဝါသည် မိမိ၏နှုတ်ထွက်စကားကို တည်စေခြင်းအားဖြင့် မိမိ၏လူတို့အပေါ် သစ္စာစောင့်သိကြောင်းပြသည်။ ကိုယ်တော်ဆောင်ကြဉ်းပေးဖို့ ရည်ရွယ်ချက်မရှိသောအရာတစ်ခုကို သူတို့အား စိုးရိမ်ပူပန်စွာ စောင့်ဆိုင်းစေတော်မူမည်မဟုတ်ချေ။ ယင်းနှင့်ပတ်သက်၍ ယေဟောဝါ၏ဂုဏ်သတင်းမှာ အပြစ်တင်ခွင့်လုံးဝကင်းလွတ်ရာ ကိုယ်တော်၏ကျေးကျွန်ယောရှု ဤသို့ပြောနိုင်ခဲ့သည်– “ထာဝရဘုရားသည် ဣသရေလအမျိုးအဖို့ မိန့်တော်မူသောကောင်းကျိုးတစ်စုံတစ်ပါးမျှမလျော့၊ ရှိသမျှတို့သည် ပြည့်စုံကြ၏။” (ယောရှု ၂၁:၄၅) သို့နှင့် ယေဟောဝါဘက်မှ တစ်စုံတစ်ရာပျက်ကွက်၍ ကတိတော်များ မပြည့်စုံဘဲရှိသဖြင့် ကျွန်ုပ်တို့စိတ်ပျက်ရလိမ့်မည်အချိန် ဘယ်တော့မျှရှိမည်မဟုတ်ကြောင်း ယုံကြည်စိတ်ချနိုင်သည်။—ဟေရှာယ ၄၉:၂၃; ရောမ ၅:၅

၁၂၊ ၁၃။ ယေဟောဝါ၏ချစ်ခင်ကြင်နာမှုသည် အဘယ်နည်းများဖြင့် “အစဉ်အမြဲတည်” သနည်း။

၁၂ အစောပိုင်း၌ဖော်ပြခဲ့သကဲ့သို့ ယေဟောဝါ၏ချစ်ခင်ကြင်နာမှုသည် “အစဉ်အမြဲတည်” တော်မူ၏။ (ဆာလံ ၁၃၆:၁) မည်သို့ဖြစ်နိုင်မည်နည်း။ တစ်နည်းမှာ ယေဟောဝါသည် အပြစ်လွှတ်လိုက်ပြီဆိုလျှင် ထာဝရပင်။ အခန်း ၂၆ တွင်ဆွေးနွေးတင်ပြခဲ့သည့်အတိုင်း မိမိခွင့်လွှတ်ထားပြီးသားဖြစ်သော လူတစ်ဦး၏အတိတ်ကအပြစ်များကို ပြန်၍မဖော်တော့ချေ။ “လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ” ဖြစ်သောကြောင့် ယေဟောဝါ၏ချစ်ခင်ကြင်နာမှုသည် အစဉ်အမြဲဖြစ်သည့်အတွက် ကျွန်ုပ်တို့တစ်ဦးချင်းစီအနေနှင့် ကျေးဇူးတင်လေးမြတ်သင့်သည်။—ရောမ ၃:၂၃

၁၃ သို့သော် ယေဟောဝါ၏ချစ်ခင်ကြင်နာမှုသည် အခြားတစ်နည်းဖြင့်လည်း အမြဲတည်တော်မူ၏။ ဖြောင့်မတ်သောသူသည် “မြစ်နားမှာစိုက်လျက် မိမိအချိန်တန်မှအသီးကိုသီး၍ အရွက်မညှိုးနွမ်းတတ်သော အပင်နှင့်တူ၏။ ပြုလေသမျှတို့၌ အောင်လိမ့်မည်” ဟုသမ္မာကျမ်းစာကဆိုသည်။ (ဆာလံ ၁:၃) အခက်ဝေဝေဆာဆာဖြင့် ဘယ်တော့မျှမညှိုးနွမ်းတတ်သော လှိုင်လှိုင်သီးတတ်သည့် သစ်ပင်တစ်ပင်ကို စိတ်ကူးကြည့်ပါ! ထို့အတူ ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်တော်ထွက် စကားများကို အမှန်တကယ် နှစ်သက်မြတ်နိုးကြမည်ဆိုလျှင် ကျွန်ုပ်တို့အသက်ရှည်မည်သာမက ငြိမ်သက်မှုရှိပြီး အောင်မြင်ထွန်းပေါက်လိမ့်မည်။ သစ္စာရှိကျေးကျွန်များအပေါ် သစ္စာစောင့်သိစွာ ယေဟောဝါသွန်းလောင်းသည့် ကောင်းချီးများသည် ထာဝစဉ်တည်မြဲ၏။ ယေဟောဝါဆောင်ကြဉ်းပေးမည့် ဖြောင့်မတ်သောကမ္ဘာသစ်တွင် နာခံမှုရှိသူအပေါင်းသည် အမှန်ပင် ကိုယ်တော်၏ချစ်ခင်ကြင်နာမှုကို အစဉ်အမြဲခံစားရပါလိမ့်မည်။—ဗျာဒိတ် ၂၁:၃၊ ၄

ယေဟောဝါသည် ‘မိမိအား သစ္စာစောင့်သိသူတို့ကို စွန့်ပယ်တော်မမူ’

၁၄။ ယေဟောဝါသည် မိမိကျေးကျွန်များ၏ သစ္စာစောင့်သိမှုကိုတန်ဖိုးထားကြောင်း မည်သို့ဖော်ပြသနည်း။

၁၄ ယေဟောဝါသည် မိမိ၏သစ္စာစောင့်သိမှုကို မကြာခဏပြသတော်မူခဲ့ပြီ။ ကိုယ်တော်သည် လုံးဝပြောင်းလဲခြင်းမရှိသောကြောင့် သစ္စာရှိကျေးကျွန်တို့ကို ကိုယ်တော်ပြသသော သစ္စာစောင့်သိမှုမှာ ဘယ်တော့မျှယုတ်လျော့မသွားချေ။ ဆာလံဆရာက ဤသို့ရေးသားခဲ့သည်– “ယခုအခါ ငါသည် အသက်ကြီးရင့်၍လာပေပြီ။ ငါသည် ကြာရှည်စွာ အသက်ရှင်ခဲ့ပါပြီ။ သို့ရာတွင် သူတော်ကောင်းအား ထာဝရဘုရားစွန့်ပစ်တော်မူသည်ကိုလည်းကောင်း၊ သူ၏သားသမီးတို့ တောင်းစားရသည်ကိုလည်းကောင်း တစ်ချိန်တစ်ခါမျှ ငါမတွေ့မမြင်ခဲ့ဖူးပါ။ အဘယ်ကြောင့်ဆိုသော် ထာဝရဘုရားသည် အမှန်တရားကို နှစ်သက်တော်မူ၍ မိမိအား သစ္စာစောင့်သည့်လူစုကို စွန့်ပယ်တော်မမူသောကြောင့်ဖြစ်၏။” (ဆာလံ ၃၇:၂၅၊ ၂၈သတင်းကောင်း) မှန်ပါ၏၊ ယေဟောဝါသည် ဖန်ဆင်းရှင်ဖြစ်သောကြောင့် ကိုယ်တော်သည် ကျွန်ုပ်တို့၏ဝတ်ပြုမှုကို ရထိုက်သည်။ (ဗျာဒိတ် ၄:၁၁) မည်သို့ဆိုစေ ယေဟောဝါသည် သစ္စာစောင့်သိသောကြောင့် ကျွန်ုပ်တို့၏သစ္စာရှိမှုကို ကိုယ်တော်တန်ဖိုးထားတော်မူ၏။—မာလခိ ၃:၁၆၊ ၁၇

၁၅။ ဣသရေလလူတို့နှင့် ယေဟောဝါဆက်ဆံပုံက ကိုယ်တော်၏သစ္စာစောင့်သိမှုကို မည်သို့ပေါ်လွင်စေကြောင်း ရှင်းပြပါ။

၁၅ ချစ်ခင်ကြင်နာစွာဖြင့် ယေဟောဝါသည် မိမိ၏လူတို့ ဒုက္ခဆင်းရဲ ရောက်သောအခါ ထပ်ခါတလဲ ကူညီပေးတော်မူ၏။ ဆာလံဆရာက ဤသို့ဆိုသည်– “ကိုယ်တော်၏ သန့်ရှင်း [“သစ္စာရှိ၊” ကဘ] သူတို့၏အသက်ဝိညာဉ်ကို စောင့်မတော်မူ၍ မတရားသောသူတို့၏လက်မှလည်း ကယ်နုတ်တော်မူ၏။” (ဆာလံ ၉၇:၁၀) ဣသရေလလူမျိုးနှင့် ကိုယ်တော်ဆက်ဆံပုံတို့ကို သုံးသပ်ကြည့်ပါ။ ဣသရေလလူတို့သည် ပင်လယ်နီကိုကူးဖြတ်ပြီး အံ့ဖွယ်နည်းဖြင့် ကယ်တင်ခံရပြီးနောက် ယေဟောဝါအား ဤသို့သီဆိုချီးမွမ်းခဲ့သည်– “ရွေးတော်မူသောလူမျိုးကို ကရုဏာတော် [သို့မဟုတ်၊ “သစ္စာစောင့်သိသောမေတ္တာ၊” [ကဘ] အောက်ခြေမှတ်ချက်] အားဖြင့် ပို့ဆောင်တော်မူ၏။” (ထွက်မြောက်ရာ ၁၅:၁၃) ပင်လယ်နီတွင် ကယ်တင်ခံရခြင်းမှာ အမှန်အားဖြင့် ယေဟောဝါ၏သစ္စာစောင့်သိသော မေတ္တာကြောင့်သာဖြစ်သည်။ သို့နှင့် မောရှေက ဣသရေလလူတို့ကို ဤသို့ပြောခဲ့သည်– “သင်သည် အခြားသောလူမျိုးထက် သာ၍များသောကြောင့် ထာဝရဘုရားသည် သင့်ကိုချစ်၍ ရွေးချယ်တော်မူသည်မဟုတ်။ သင်သည် အခြားသောလူမျိုးတကာတို့ထက် သာ၍နည်း၏။ ထာဝရဘုရားသည် သင့်ကိုချစ်သောကြောင့်လည်းကောင်း၊ သင်၏ဘိုးဘေးတို့အားကျိန်ဆိုတော်မူသော အကျိန်ကိုမဖျက်လိုသောကြောင့်လည်းကောင်း ကျွန်ခံနေရာအဲဂုတ္တုပြည်ကို အစိုးရသောဖာရောဘုရင်လက်မှ အားကြီးသောလက်တော်နှင့် သင့်ကို ရွေးနုတ်ဆောင်ယူခဲ့တော်မူပြီ။”—တရားဟောရာ ၇:၇၊ ၈

၁၆၊ ၁၇။ (က) ကျေးဇူးတင်လေးမြတ်မှုလုံးဝမရှိကြောင်း ဣသရေလလူတို့ မည်သို့ဖော်ပြခဲ့ကြသနည်း၊ သို့တိုင် သူတို့ကို ယေဟောဝါ မည်သို့ထောက်ထားညှာတာခဲ့သနည်း။ (ခ) သူတို့အပေါ် ‘အမျက်တော်ငြိမ်းနိုင်’ မည်မဟုတ်ကြောင်း ဣသရေလလူအများစုက မည်သို့တင်ပြခဲ့ကြသနည်း၊ ယင်းက ကျွန်ုပ်တို့အတွက် အဘယ်သတိပေးချက်ဖြစ်သနည်း။

၁၆ မှန်ပါသည်၊ လူမျိုးတစ်မျိုးအနေဖြင့် ဣသရေလလူတို့သည် ယေဟောဝါ၏ချစ်ခင်ကြင်နာမှုကို ကျေးဇူးတင်လေးမြတ်မှုမရှိခဲ့ပါ၊ အကြောင်းမူကား သူတို့ကယ်တင်ခံရပြီးနောက် ‘အမြင့်ဆုံးသောဘုရားသခင် [ယေဟောဝါ] ကို ပုန်ကန်သောအားဖြင့် တိုး၍ပြစ်မှားကြ၏။’ (ဆာလံ ၇၈:၁၇) ရာစုနှစ်များတစ်လျှောက်လည်း ထပ်ခါတလဲ သူတို့ပုန်ကန်ခဲ့ကြ၏၊ ယေဟောဝါအား စွန့်ခွာလျက် ညစ်ညူးစေသည့် မှားယွင်းသောဘုရားများနှင့် အယူမှားအကျင့်များဘက်ဦးလှည့်သွားကြသည်။ သို့တိုင် ယေဟောဝါသည် မိမိ၏ပဋိညာဉ်ကို မဖျက်ခဲ့ချေ။ ထိုသို့ပြုမည့်အစား ပရောဖက်ယေရမိအားဖြင့် ယေဟောဝါသည် မိမိ၏လူတို့ကို ဤသို့တောင်းပန်ခဲ့သည်– “အိုဖောက်ပြန်သောဣသရေလ ပြန်လာပါ၊ . . . သင်၌ ငါသည် မျက်မုန်းကျိုးခြင်းကိုမပြု၊ ကရုဏာ [“သစ္စာစောင့်သိသော၊” ကဘ] စိတ်သဘောရှိ၏။” (ယေရမိ ၃:၁၂) သို့သော် အခန်း ၂၅ တွင် ဖော်ပြခဲ့သည့်အတိုင်း ဣသရေလအများစုသည် စိတ်လှုံ့ဆော်မခံခဲ့ကြရပါ။ သူတို့သည် “ဘုရားသခင်၏တမန်တို့ကိုပြက်ရယ်ပြု၍ အမိန့်တော်ကိုနားမထောင်၊ ပရောဖက်တော်တို့ကိုညှဉ်းဆဲ” ကြသည်။ ရလဒ်ကားအဘယ်နည်း။ နောက်ဆုံးတွင် “ထာဝရဘုရား၏အမျက်တော်မငြိမ်းနိုင်အောင် မိမိလူမျိုးကို ထွက်” လေသည်။—၂ ရာဇဝင်ချုပ် ၃၆:၁၅၊ ၁၆

၁၇ ၎င်းမှ ကျွန်ုပ်တို့ အဘယ်သင်ခန်းစာရရှိသနည်း။ ယေဟောဝါပြသတော်မူသည့် သစ္စာစောင့်သိမှုမှာ မစဉ်းစားဘဲ မျက်စိစုံမှိတ် သစ္စာစောင့်သိမှုမျိုးမဟုတ်သကဲ့သို့ အယုံလွယ်လွန်းခြင်းမျိုးလည်းမဟုတ်ကြောင်း သိရှိရ၏။ ယေဟောဝါသည် ‘ချစ်ခင်ကြင်နာမှုကြွယ်ဝတော်မူ’ ၍ ကရုဏာပြရန်အကြောင်းရှိလျှင် ပြသဖို့အားရနှစ်သက်တော်မူ၏။ သို့သော် ပြစ်မှားသူကို ပဲ့ပြင်ဆုံးမ၍မရသောအခါ မည်သို့ဖြစ်မည်နည်း။ ဤသို့သောကိစ္စမျိုးတွင် ယေဟောဝါသည် မိမိ၏ဖြောင့်မတ်သောစံနှုန်းများကို အမှီပြု၍ ပြစ်ဒဏ်စီရင်တော်မူသည်။ မောရှေကိုပြောခဲ့သည့်အတိုင်း ယေဟောဝါသည် “အပြစ်ဒဏ်စီရင်ခြင်းကို အဘယ်နည်းနှင့်မျှ လွတ်ကင်းစေတော်မမူသောဘုရား” ဖြစ်သည်။—ထွက်မြောက်ရာ ၃၄:၆၊ ၇ကဘ။

၁၈၊ ၁၉။ (က) လူဆိုးတို့ကို ယေဟောဝါအပြစ်စီရင်ခြင်းကိုယ်နှိုက်က သစ္စာစောင့်သိမှု မည်သို့ဖြစ်သနည်း။ (ခ) သေသည့်တိုင် နှိပ်စက်ညှဉ်းပန်းခံခဲ့ကြရသော ယေဟောဝါ၏ကျေးကျွန်တို့ကို သစ္စာစောင့်သိမှု မည်သို့တင်ပြမည်နည်း။

၁၈ လူဆိုးကို ဘုရားသခင်ပြစ်ဒဏ်စီရင်ခြင်းကိုယ်နှိုက်က သစ္စာစောင့်သိမှုဖြစ်သည်။ မည်သို့အားဖြင့်နည်း။ ဗျာဒိတ်ကျမ်းတွင် ကောင်းကင်တမန်ခုနစ်ပါးကို ယေဟောဝါမိန့်တော်မူသော ဤဆင့်ဆိုချက်များမှသိရှိရသည်– “သွားကြလော့။ ဘုရားသခင်၏အမျက်တော်ဖလားခုနစ်လုံးကို မြေကြီးထဲသို့ သွန်းလောင်းကြလော့။” တတိယကောင်းကင်တမန်သည် မိမိဖလားကို “မြစ်များနှင့် စမ်းရေတွင်းများထဲသို့သွန်းလောင်း” သောအခါ ၎င်းသည် သွေးဖြစ်လေ၏။ ထို့နောက် အဆိုပါကောင်းကင်တမန်က ယေဟောဝါအား ဤသို့ဆိုသည်– “ပစ္စုပ္ပန်နှင့်အတိတ်ကာလ၌ အစဉ်ရှိ၍ သစ္စာစောင့်သိတော်မူသောအရှင်၊ ကိုယ်တော်သည် ဤသို့စီရင်ဆုံးဖြတ်ပြီဖြစ်၍ ဖြောင့်မတ်တော်မူပါ၏။ အကြောင်းမှာ သူတို့သည် သန့်ရှင်းသူတို့နှင့် ပရောဖက်တို့၏အသွေးကို သွန်းခဲ့သည်နှင့်အညီ သူတို့သောက်ရန် သွေးကိုပေးတော်မူပြီ။ သူတို့ ဤသို့ခံထိုက်ပါ၏။”—ဗျာဒိတ် ၁၆:၁-၆ကဘ။

သေသည့်တိုင် သစ္စာစောင့်သိမှု တင်ပြခဲ့ကြသူတို့အား ယေဟောဝါသည် သစ္စာစောင့်သိစွာဖြင့် သတိရ၍ ရှင်ပြန်ထမြောက်စေတော်မူမည်

၁၉ ထိုတရားစီရင်ခြင်းသတင်းကို မြွက်ဆိုစဉ် အဆိုပါကောင်းကင်တမန်သည် ယေဟောဝါအား “သစ္စာစောင့်သိသောအရှင်” ဟုခေါ်ဆိုကြောင်း သတိပြုပါ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ယေဟောဝါသည် လူဆိုးတို့ကို ဖျက်ဆီးခြင်းအားဖြင့် သေသည့်တိုင် နှိပ်စက်ညှဉ်းပန်းခံခဲ့ကြရသော ကိုယ်တော်၏ကျေးကျွန်များစွာအား သစ္စာစောင့်သိမှုတင်ပြခြင်းကြောင့်ဖြစ်သည်။ သစ္စာစောင့်သိစွာဖြင့် ကိုယ်တော်သည် ထိုသူတို့အား မိမိ၏မှတ်ဉာဏ်တွင် ကွက်ကွက်ကွင်းကွင်း အသက်ရှင်နေစေသည်။ ကိုယ်တော်သည် သစ္စာရှိရှိကွယ်လွန်သွားသော ဤသူတို့ကို တစ်ဖန်ပြန်တွေ့မြင်လို၏၊ ကိုယ်တော်၏ရည်ရွယ်ချက်ကား သူတို့ကို ရှင်ပြန်ထမြောက်စေခြင်းအားဖြင့် ဆုကျေးဇူးပေးသနားရန်ဖြစ်ကြောင်း သမ္မာကျမ်းစာကစိတ်ချစေသည်။ (ယောဘ ၁၄:၁၄၊ ၁၅) ကိုယ်တော်၏သစ္စာရှိကျေးကျွန်တို့သည် အသက်မရှင်ကြတော့သောကြောင့် သူတို့ကို ယေဟောဝါမေ့လျော့သွားတော်မူသည်မဟုတ်ပါ။ ထိုသို့ဖြစ်မည့်အစား ‘ထိုသူအပေါင်းတို့သည် ဘုရားသခင်၌ အသက်ရှင်နေကြသည်။’ (လုကာ ၂၀:၃၇၊ ၃၈) ကိုယ်တော်၏မှတ်ဉာဏ်တွင် မှတ်ထားသူတို့ကို ပြန်အသက်ရှင်လာစေရန် ယေဟောဝါရည်ရွယ်တော်မူခြင်းက ကိုယ်တော့်သစ္စာစောင့်သိမှုကို အထင်အရှားဖော်ပြသော သာဓကပင်ဖြစ်သည်။

ဘဲနာဒ် လျူ:မ်စ်ကို (အထက်ပုံ) နှင့် ဗို့လ်ဂန် ကပ်စရို (အလယ်ပုံ) တို့ကို နာဇီတို့ အဆုံးစီရင်ခဲ့ကြ

မိုးဇက်ညာမူစူအာသည် နိုင်ငံရေးအုပ်စုတစ်စု၏ လှံစွပ်ဖြင့် ထိုးသတ်ခံခဲ့ရ

ယေဟောဝါ၏သစ္စာစောင့်သိမှုက ကယ်တင်ခြင်းလမ်းကိုပွင့်စေ

၂၀။ “ကရုဏာခံရာအိုးများ” ကား မည်သူများနည်း၊ ယေဟောဝါသည် သူတို့ကို သစ္စာစောင့်သိမှု မည်သို့ပြသနည်း။

၂၀ ယေဟောဝါသည် ကိုယ်တော်အပေါ် သစ္စာရှိသူတို့ကို သမိုင်းတစ်လျှောက် ထူးခြားစွာသစ္စာစောင့်သိခဲ့လေပြီ။ အမှန်မှာ နှစ်ပေါင်းထောင်ချီ၍ ယေဟောဝါသည် “ပျက်စီးခြင်းအဖို့ပြင်ဆင်သော အမျက်ခံရာအိုးများတို့ကို အလွန်သည်းခံခြင်းခန္တီနှင့် သည်းခံတော်မူ” ခဲ့ပြီ။ အဘယ်ကြောင့်နည်း။ သို့ပြုခဲ့ခြင်းမှာ ‘ချီးမြှောက်ခြင်းအဖို့ပြင်ဆင်တော်မူနှင့်သော ကရုဏာခံရာအိုးများ၌ ဘုန်းအာနုဘော်တော်ကြွယ်ဝခြင်းကို ထင်ရှားစေ’ ဖို့ဖြစ်သည်။ (ရောမ ၉:၂၂-၂၄) ဤ “ကရုဏာခံရာအိုးများ” သည် ခရစ်တော်နှင့်အတူ ကိုယ်တော်၏နိုင်ငံတော်တွင် တွဲဖက်အမွေခံများဖြစ်ရန် သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းခံရသည့် စိတ်ထားမှန်သူများဖြစ်ကြသည်။ (မဿဲ ၁၉:၂၈) ဤကရုဏာခံရာအိုးများအတွက် ကယ်တင်ခြင်းလမ်းကို ပွင့်လာစေခြင်းဖြင့် ယေဟောဝါသည် အောက်ပါပဋိညာဉ်ဖွဲ့ ကတိပြုခံရသူ အာဗြဟံအား ဆက်သစ္စာစောင့်သိခဲ့သည်– “သင်၏အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု ငါ၏စကားကို သင်နားထောင်သောကြောင့်၊ ငါသည် ကိုယ်ကိုကိုယ် တိုင်တည်၍ကျိန်ဆို၏။”—ကမ္ဘာဦး ၂၂:၁၈

ယေဟောဝါ၏သစ္စာစောင့်သိမှုကြောင့် ကိုယ်တော်၏သစ္စာရှိကျေးကျွန်အားလုံး အနာဂတ်အတွက် ယုံကြည်စိတ်ချရသော မျှော်လင့်ချက်ရှိထားကြ

၂၁။ (က) “ကြီးစွာသောဒုက္ခ” မှထွက်လာဖို့ မျှော်လင့်သော “လူအုပ်ကြီး” ကို ယေဟောဝါ မည်သို့သစ္စာစောင့်သိသနည်း။ (ခ) ယေဟောဝါ၏သစ္စာစောင့်သိမှုက သင့်ကို အဘယ်အရာပြုလုပ်စေသနည်း။

၂၁ “ကြီးစွာသောဒုက္ခ” မှထွက်လာ၍ မြေကြီးပရဒိသုတွင် ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်သူ “လူအုပ်ကြီး” ကိုလည်း ထပ်တူသစ္စာစောင့်သိမှုမျိုးကို ယေဟောဝါပြသသည်။ (ဗျာဒိတ် ၇:၉၊ ၁၀၊ ၁၄ကဘ) ကိုယ်တော်၏ကျေးကျွန်များသည် မစုံလင်ကြသော်လည်း ယေဟောဝါသည် သစ္စာစောင့်သိစွာဖြင့် သူတို့အား မြေကြီးပရဒိသုတွင် ထာဝစဉ်အသက်ရှင်ခွင့် ပေးသနားသည်။ ကိုယ်တော် မည်သို့ပြုတော်မူသနည်း။ ယေဟောဝါ၏သစ္စာစောင့်သိမှုကို အကြီးမြတ်ဆုံးထင်ရှားမှုဖြစ်သည့် ရွေးနုတ်ဖိုးအားဖြင့်ဖြစ်သည်။ (ယောဟန် ၃:၁၆; ရောမ ၅:၈) ယေဟောဝါ၏သစ္စာစောင့်သိမှုသည် ဖြောင့်မတ်ခြင်းတရားကို နှလုံးသားထဲမှဆာငတ်သူတို့အား ဆွဲဆောင်သည်။ (ယေရမိ ၃၁:၃) ယေဟောဝါဖော်ပြခဲ့ပြီးဖြစ်ကာ ဖော်ပြဦးမည်ဖြစ်သည့် အလွန်ပင်သစ္စာစောင့်သိမှုရှိခြင်းက သင့်ကို ကိုယ်တော်နှင့် ပိုရင်းနှီးချစ်ခင်စေသည်မဟုတ်လော။ ဘုရားသခင်ထံ ကျွန်ုပ်တို့ချဉ်းကပ်လိုသောဆန္ဒရှိကြရာ ကိုယ်တော့်အား သစ္စာရှိရှိဝတ်ပြုသွားကြရန် ကျွန်ုပ်တို့၏သန္နိဋ္ဌာန်ကိုခိုင်ခံ့မြဲမြံစေခြင်းအားဖြင့် ကိုယ်တော်၏မေတ္တာကို တုံ့ပြန်နိုင်ကြပါစေ။

^ အပိုဒ်၊ 4 စိတ်ဝင်စားစရာမှာ ၂ ဓမ္မရာဇဝင် ၂၂:၂၆၊ [ကဘ] တွင် “သစ္စာစောင့်သိမှု” ဟုပြန်ဆိုထားသော ဝေါဟာရကို အခြားနေရာများတွင် “ချစ်ခင်ကြင်နာမှု” သို့မဟုတ် “မြဲမြံသောမေတ္တာ” ဟူ၍ပြန်ဆိုထားခြင်းဖြစ်သည်။