မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၃၁

‘ဘုရားသခင်ထံချဉ်းကပ်လော့၊ သို့ပြုလျှင် သင့်ထံချဉ်းကပ်လိမ့်မည်’

‘ဘုရားသခင်ထံချဉ်းကပ်လော့၊ သို့ပြုလျှင် သင့်ထံချဉ်းကပ်လိမ့်မည်’

၁-၃။ (က) မိဘနှင့် ရင်သွေးငယ်တို့စပ်ကြား ကူးလူးဆက်သွယ်မှုကို တွေ့ရှိရခြင်းဖြင့် လူ့သဘောသဘာဝနှင့်ပတ်သက်၍ ကျွန်ုပ်တို့ အဘယ်အရာ သိရှိလာနိုင်သနည်း။ (ခ) တစ်စုံတစ်ယောက်က ကျွန်ုပ်တို့အား မေတ္တာပြသောအခါ သဘာဝအရ အဘယ်ဖြစ်စဉ် ဖြစ်ပေါ်လာသနည်း၊ ကျွန်ုပ်တို့ကိုယ်ကို အဘယ်အရေးပါသောမေးခွန်း မေးနိုင်ကြသနည်း။

မိဘတို့သည် သူတို့၏ဖွားစကလေး ပြုံးပြသည်ကို အလွန်ပီတိဖြစ်ရလေသည်။ နို့စို့လေးနှင့်မျက်နှာချင်းကပ်ပြီး ပွတ်သီးပွတ်သပ် ချော့မြှူယုယလျက် အားရပါးရပြုံးပြလေ့ရှိ၏။ အူဝဲလေး၏တုံ့လှည့်အပြုံးကို ငံ့လင့်နေစဉ်ပင် ကလေး၏ပါးချိုင့်ကလေးခွက်၊ နှုတ်ခမ်းလေးဝိုင်းလျက် အလွန်ချစ်စဖွယ်အပြုံးကလေးကို မြင်ရလေတော့သည်။ ထိုအပြုံးကလေးက မိဘမေတ္တာကို တုံ့ပြန်သည့်အနေနှင့် ကလေးငယ်သည် စ၍ချစ်ခင်တွယ်တာမှုကို ဖော်ပြပုံရသည်။

ကလေးသူငယ်၏အပြုံးက လူ့သဘောသဘာဝနှင့်ပတ်သက်၍ အရေးကြီးသည့်အချက်တစ်ချက်ကို သတိရစေ၏။ ၎င်းကား မေတ္တာပြလျှင် မေတ္တာဖြင့် အလိုအလျောက် တုံ့ပြန်တတ်ကြခြင်းဖြစ်သည်။ ကျွန်ုပ်တို့ကို ထိုသို့ဖန်ဆင်းထား၏။ (ဆာလံ ၂၂:၉) ကျွန်ုပ်တို့ ကြီးပြင်းလာသည်နှင့်အမျှ မေတ္တာကိုတုံ့ပြန်နိုင်စွမ်းတွင် ရင့်ကျက်လာသည်။ သင်ငယ်ရွယ်စဉ်က သင့်မိဘများ၊ ဆွေမျိုးများ၊ မိတ်ဆွေများ သင့်အပေါ် မေတ္တာပြခဲ့ပုံကို ပြန်သတိရနိုင်သည်။ ထိုစဉ်က သင့်စိတ်နှလုံးထဲ နွေးထွေးသောခံစားချက် အမြစ်စတွယ်လာပြီး ကြီးထွားလာရာ လုပ်ဆောင်မှုတစ်ရပ်အဖြစ်သို့ ဖူးပွင့်လာသည်။ သင်သည် မေတ္တာဖြင့် တုံ့ပြန်လိုက်လေ၏။ ယေဟောဝါဘုရားသခင်နှင့် သင်၏ဆက်ဆံရေးသည်လည်း ထပ်တူပင် အဆင့်ဆင့် တိုးပွားကြီးထွားလာနေသလော။

သမ္မာကျမ်းစာအရ “ဘုရားသခင်သည် ငါတို့ကိုရှေ့ဦးစွာချစ်တော်မူသောကြောင့်၊ ငါတို့သည် ဘုရားသခင်ကိုချစ်ကြ၏။” (၁ ယောဟန် ၄:၁၉) ဤစာအုပ်၏ အပိုင်း ၁ မှသည် အပိုင်း ၃ တစ်လျှောက် ယေဟောဝါဘုရားသခင်သည် မိမိ၏တန်ခိုးတော်၊ တရားမျှတမှုနှင့် ဉာဏ်ပညာကို သင်၏အကျိုးအတွက် မေတ္တာပါပါ နည်းလမ်းအမျိုးမျိုးဖြင့် တင်ပြခဲ့ကြောင်း သတိပေးနှိုးဆော်ခံခဲ့ရသည်။ ထို့နောက် အပိုင်း ၄ တွင် ကိုယ်တော်သည် လူသားအပေါင်းကိုမက သင့်ကိုပါ ထူးခြားထင်ရှားသည့်နည်းလမ်းများဖြင့် မေတ္တာကို တိုက်ရိုက်ဖော်ပြခဲ့ကြောင်း သင်တွေ့ရှိခဲ့ပြီ။ ယခု မေးခွန်းတစ်ရပ်ပေါ်ထွက်လာပြီ။ တစ်နည်းအားဖြင့် ဤမေးခွန်းသည် သင့်ကိုယ်သင်မေးနိုင်သော အရေးပါဆုံးမေးခွန်းဖြစ်သည်– ‘ယေဟောဝါရဲ့မေတ္တာကို ငါဘယ်လိုတုံ့ပြန်မလဲ။’

ဘုရားသခင်အား ချစ်ခြင်း၏အဓိပ္ပာယ်

၄။ ဘုရားသခင်အား ချစ်ခြင်း၏အဓိပ္ပာယ်နှင့်ပတ်သက်၍ လူတို့ အဘယ်နည်းဖြင့် ရှုပ်ထွေးနေကြသနည်း။

မေတ္တာသည် အခြားသူတို့တွင်ရှိ အကောင်းဆုံးအရည်အချင်းများ ထင်ရှားပေါ်လွင်လာစေရန် စွမ်းပကားများစွာရှိကြောင်း မေတ္တာ၏မူလအစ ယေဟောဝါကောင်းစွာသိတော်မူ၏။ သို့ဖြစ်၍ သစ္စာမဲ့သူတို့သည် ထပ်ခါတလဲ ပုန်ကန်ကြသော်လည်း ကိုယ်တော်၏မေတ္တာကို တုံ့ပြန်မည့်သူအချို့ရှိမည်ဟု ကိုယ်တော်ဆက်၍ယုံကြည်ခဲ့သည်။ ထိုအတိုင်းပင် သန်းနှင့်ချီသူတို့ တုံ့ပြန်ခဲ့ကြပြီ။ သို့သော် ဝမ်းနည်းစရာမှာ ယိုယွင်းပျက်စီးနေသော ဤလောကရှိ ဘာသာတရားများကြောင့် လူတို့မှာ ဘုရားသခင်အားချစ်ခြင်း၏ အဓိပ္ပာယ်နှင့်စပ်လျဉ်း၍ ရှုပ်ထွေးနေကြသည်။ ဘုရားသခင်အား ချစ်သည်ဟုဆိုသူ များစွာရှိသော်လည်း ထိုမေတ္တာမှာ စကားလုံးများဖြင့်ဖော်ပြရမည့် ခံစားချက်မျှသာဖြစ်၏ဟု ယူမှတ်ကြပုံရှိသည်။ ကလေးငယ်တစ်ဦးသည် မိဘများကိုချစ်ကြောင်း အပြုံးကလေးတစ်ချက်ဖြင့် ဦးဆုံးဖော်ပြတတ်သည့်နည်းတူ ဘုရားသခင်အား မေတ္တာရှိကြောင်း ထိုသို့စတင်ဖော်ပြပေမည်။ သို့သော် ရင့်ကျက်သူတို့တွင်မူ မေတ္တာသည် ထိုထက်မကပါဝင်သည်။

၅။ ဘုရားသခင်အား ချစ်ခြင်းကို သမ္မာကျမ်းစာက မည်သို့ဖွင့်ဆိုသနည်း၊ အဆိုပါအဓိပ္ပာယ်ဖွင့်ပြချက်ကို ကျွန်ုပ်တို့ အဘယ်ကြောင့် ကြိုက်နှစ်သက်သင့်သနည်း။

ကိုယ်တော်အား ချစ်ခြင်း၏အဓိပ္ပာယ်ကို ယေဟောဝါဖွင့်ဆိုထား၏။ ကိုယ်တော်၏နှုတ်ကပါဌ်တော်က “ပညတ်တော်တို့ကိုစောင့်ခြင်းအရာသည် ဘုရားသခင်ကိုချစ်ရာရောက်၏” ဟုဆိုသည်။ သို့ဖြစ်၍ ဘုရားသခင်အား ချစ်ကြောင်းကို အလုပ်ဖြင့်သက်သေပြရန်လိုသည်။ လူအများသည် နာခံမှုပြရခြင်းကို မကြိုက်ကြချေ။ သို့သော် ထိုအခန်းငယ်ကပင် ဤသို့ကြင်နာစွာဆက်ဆိုသည်– “[ဘုရားသခင်၏] ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်။” (၁ ယောဟန် ၅:၃) ယေဟောဝါ၏ပညတ်တော်များနှင့် မူများသည် ကျွန်ုပ်တို့ကို ဖိနှိပ်ချုပ်ချယ်ရန်မဟုတ်ဘဲ အကျိုးခံစားရစေရန် ရည်ရွယ်ပြဋ္ဌာန်းထားသည်။ (ဟေရှာယ ၄၈:၁၇၊ ၁၈) ဘုရားသခင့်နှုတ်ကပါဌ်တော်၌ ကိုယ်တော့်ထံ ကျွန်ုပ်တို့ သာ၍ချဉ်းကပ်စေရန် အကူအညီပေးသည့် မူများစွာပါရှိသည်။ မည်သို့အားဖြင့်နည်း။ ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးနှင့်ပတ်သက်သည့် အသွင်အပြင်သုံးရပ်ကို ဆန်းစစ်ကြည့်ကြပါစို့။ ၎င်းတို့တွင် ဆက်သွယ်ခြင်း၊ ဝတ်ပြုကိုးကွယ်ခြင်းနှင့် အတုယူခြင်းတို့ပါဝင်သည်။

ယေဟောဝါနှင့်ဆက်သွယ်ခြင်း

၆-၈။ (က) ယေဟောဝါ၏စကားကို ကျွန်ုပ်တို့ အဘယ်နည်းဖြင့်ကြားနိုင်မည်နည်း။ (ခ) ကျမ်းစာကိုဖတ်သည့်အခါ ၎င်းကို မည်သို့အသက်ဝင်စေနိုင်သနည်း။

အခန်း ၁ ကို “သင်သည် ဘုရားသခင်နှင့် စကားလက်ဆုံကျနေသည်ဟု စိတ်ကူးကြည့်နိုင်သလော” ဟူသောမေးခွန်းဖြင့် ဖွင့်ထားသည်။ ယင်းသည် စိတ်ကူးသက်သက်မျှမဟုတ်ကြောင်း ကျွန်ုပ်တို့သိမြင်ခဲ့ကြပြီ။ မောရှေသည် တစ်နည်းအားဖြင့် ထိုသို့စကားလက်ဆုံကျခဲ့ဖူးသည်။ ကျွန်ုပ်တို့ကော။ ယခုအချိန်သည် လူသားတို့နှင့် စကားပြောဆိုဖို့ ကောင်းကင်တမန်များကို ယေဟောဝါစေလွှတ်ရန်အချိန်မဟုတ်တော့ချေ။ သို့သော် ယနေ့ ကျွန်ုပ်တို့နှင့်ဆက်သွယ်ရန် ယေဟောဝါ၌ အထူးကောင်းမွန်သောနည်းလမ်းများရှိသည်။ ယေဟောဝါ၏စကားကို ကျွန်ုပ်တို့ မည်သို့ကြားနာနိုင်ကြသနည်း။

“ကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်” သောကြောင့် ကိုယ်တော်၏နှုတ်ကပါဌ်တော်၊ သမ္မာကျမ်းစာကို ဖတ်ရှုခြင်းအားဖြင့် ယေဟောဝါ၏စကားကို ကျွန်ုပ်တို့ကြားနာနိုင်ကြသည်။ (၂ တိမောသေ ၃:၁၆) ဆာလံဆရာက ယေဟောဝါ၏ကျေးကျွန်များကို “နေ့ညမပြတ်” ထိုသို့ဖတ်ရှုရန် တိုက်တွန်းခဲ့သည်။ (ဆာလံ ၁:၁၊ ၂) ထိုသို့ပြုရန် ကျွန်ုပ်တို့ အတော်အတန်ကြိုးစားအားထုတ်ဖို့လိုသည်။ သို့သော် ထိုသို့ကြိုးစားရကျိုးနပ်ပေသည်။ အခန်း ၁၈ တွင် ကျွန်ုပ်တို့ တွေ့ရှိခဲ့ကြရသည့်အတိုင်း သမ္မာကျမ်းစာသည် ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်ထံမှ တန်ဖိုးရှိစာတစ်စောင်နှင့်တူ၏။ ထို့ကြောင့် ၎င်းကိုဖတ်ရှုခြင်းသည် ပင်ပန်းငြီးငွေ့ဖွယ်အလုပ်ကြီးတစ်ခု မဖြစ်သင့်ချေ။ ကျမ်းစာဖတ်သည့်အခါ ၎င်းကို အသက်ဝင်စေရမည်။ မည်သို့ပြုလုပ်နိုင်မည်နည်း။

ကျမ်းစာဖတ်သည့်အခါ ဖတ်ရှုနေသည့်အကြောင်းကို မြင်ယောင်ကြည့်ပါ။ ကျမ်းစာဇာတ်ကောင်များကို တကယ့်ပုဂ္ဂိုလ်များအဖြစ် တွေ့မြင်ဖို့ကြိုးစားပါ။ သူတို့၏နောက်ခံ၊ အခြေအနေများနှင့် သဘောထားများကို နားလည်ဖို့ ကြိုးစားအားထုတ်ပါ။ ထို့နောက် သင်ဖတ်ရှုနေသည့်အရာကို လေးလေးနက်နက်စဉ်းစား၍ ဤမေးခွန်းများဖြင့် မိမိကိုယ်ကိုမေးမြန်းပါ– ‘ဒီအကြောင်းက ယေဟောဝါနဲ့ပတ်သက်လို့ ငါ့ကို ဘာပြောသလဲ။ ကိုယ်တော်ရဲ့ အရည်အသွေးတွေထဲက ဘယ်အရည်အသွေးကို ပေါ်လွင်စေသလဲ။ ဘယ်မူကို ယေဟောဝါက ငါ့ကိုသိစေချင်သလဲ၊ ငါရဲ့ဘဝမှာ အဲဒါကို ဘယ်လိုလုပ် လက်တွေ့ကျင့်သုံးနိုင်မလဲ။’ ဖတ်ပါ၊ စဉ်းစားဆင်ခြင်ပါ၊ လက်တွေ့ကျင့်သုံးပါ—ထိုသို့ပြုလုပ်သွားလျှင် ဘုရားသခင့်နှုတ်ကပါဌ်တော်သည် သင့်အတွက် အသက်ဝင်လာပေလိမ့်မည်။—ဆာလံ ၇၇:၁၂; ယာကုပ် ၁:၂၃-၂၅

၉။ ‘သစ္စာနှင့်သတိပညာရှိကျေးကျွန်’ ကား အဘယ်သူနည်း၊ ထို ‘ကျေးကျွန်’ ကို ကျွန်ုပ်တို့ ဂရုတစိုက်နားထောင်ဖို့ အဘယ်ကြောင့်အရေးကြီးသနည်း။

ယေဟောဝါသည် ‘သစ္စာနှင့်သတိပညာရှိကျေးကျွန်’ မှတစ်ဆင့်လည်း ကျွန်ုပ်တို့ကိုစကားပြောနေ၏။ ယေရှု တင်ကူးမိန့်တော်မူသည့်အတိုင်း ဤခဲယဉ်းကျပ်တည်းသော နောက်ဆုံးကာလအတွင်း ဝိညာဉ်ရေး ‘အချိန်တန်အစာကို’ ကျွေးမွေးရန် ဘိသိက်ခံခရစ်ယာန် အုပ်စုငယ်လေးတစ်ခုကို ခန့်အပ်ထား၏။ (မဿဲ ၂၄:၄၅-၄၇) သမ္မာကျမ်းစာမှ တိကျသောအသိပညာရဖို့ အသင့်ပြင်ဆင်ထားသောစာပေများကို ကျွန်ုပ်တို့ဖတ်ရှုကြသောအခါ၊ ခရစ်ယာန်စည်းဝေးများနှင့် စည်းဝေးကြီးများကို တက်ရောက်ကြသောအခါ အဆိုပါသစ္စာရှိကျေးကျွန်၏ ဝိညာဉ်ရေးအရ ကျွေးမွေးပြုစုမှုကို ကျွန်ုပ်တို့ခံစားရသည်။ သူတို့သည် ခရစ်တော်၏ကျေးကျွန်ဖြစ်သောကြောင့် “သင်တို့သည် အဘယ်သို့ကြားနာရသည်ကို သတိပြုကြလော့” ဟုမိန့်မှာခဲ့သော ယေရှု၏စကားများကို ကျွန်ုပ်တို့ပညာရှိစွာ ကျင့်သုံးကြ၏။ (လုကာ ၈:၁၈) ကျွန်ုပ်တို့နှင့် ယေဟောဝါဆက်သွယ်သည့်လမ်းကြောင်းတစ်ခုမှာ သစ္စာရှိကျေးကျွန်အားဖြင့်ဖြစ်သည်ကို ကျွန်ုပ်တို့အသိအမှတ်ပြုသောကြောင့် ဂရုတစိုက်နားထောင်ကြပါသည်။

၁၀-၁၂။ (က) ဆုတောင်းခြင်းသည် ယေဟောဝါထံတော်မှ အံ့ဖွယ်ဆုကျေးဇူးတစ်ခု အဘယ်ကြောင့်ဖြစ်သနည်း။ (ခ) ယေဟောဝါနှစ်သက်သဘောကျမည့်နည်းဖြင့် ကျွန်ုပ်တို့ မည်သို့ဆုတောင်းနိုင်သနည်း၊ ကျွန်ုပ်တို့၏ဆုတောင်းချက်များကို ကိုယ်တော်တန်ဖိုးထားကြောင်း အဘယ်ကြောင့်စိတ်ချနိုင်သနည်း။

၁၀ သို့သော် ဘုရားသခင်နှင့်ဆက်သွယ်ခြင်းကော အသို့နည်း။ ယေဟောဝါနှင့် ကျွန်ုပ်တို့စကားပြောဆိုနိုင်သလော။ ယင်းသည် စိုးရွံ့ဖွယ်စိတ်ကူးပင်ဖြစ်သည်။ သင်၏ကိုယ်ရေးကိုယ်တာကိစ္စကို သင့်နိုင်ငံမှ အခွင့်အာဏာအရှိဆုံးပုဂ္ဂိုလ်ထံချဉ်းကပ်၍ ပြောဆိုရန် ကြိုးစားမည်ဆိုလျှင် တွေ့ဆုံရဖို့အကြောင်း ရှိပါမည်လော။ အခြေအနေအချို့၌ ထိုသို့ကြိုးစားခြင်းကပင် အန္တရာယ်ရှိစေနိုင်သည်! ဧသတာနှင့် မော်ဒကဲတို့အချိန်က ပါးရှားရှင်ဘုရင်ထံသို့ တော်ဝင်ဖိတ်ခေါ်ချက်မရဘဲ ဝင်တွေ့လျှင် သေဒဏ်ပင်ခံရနိုင်သည်။ (ဧသတာ ၄:၁၀၊ ၁၁) ယခု လူသားတို့တွင် တန်ခိုးအာဏာအရှိဆုံးသူကိုပင် “နှံကောင်ကဲ့သို့မှတ်တော်မူထသော” စကြဝဠာအချုပ်အခြာအာဏာရှင်ရှေ့မှောက် ဝင်ရောက်ခြင်းကို စိတ်ကူးကြည့်ပါ။ (ဟေရှာယ ၄၀:၂၂) ကိုယ်တော့်ထံချဉ်းကပ်ရန် မဝံ့မရဲဖြစ်နေသင့်သလော။ လုံးဝမဖြစ်သင့်ချေ!

၁၁ ယေဟောဝါထံချဉ်းကပ်ရန် အတားအဆီးမရှိ၊ ရိုးရှင်းသောနည်းဖြစ်သည့် ဆုတောင်းခြင်းအစီအစဉ်ကို ကိုယ်တော်ပြင်ဆင်ပေးထားသည်။ အသက်အလွန်ငယ်သောကလေးတစ်ဦးပင် ယေရှု၏နာမကိုအမှီပြု၍ ယုံကြည်ခြင်းဖြင့် ယေဟောဝါထံ ဆုတောင်းနိုင်သည်။ (ယောဟန် ၁၄:၆; ဟေဗြဲ ၁၁:၆) ထိုမျှမက ဆုတောင်းခြင်းဖြင့် ကျွန်ုပ်တို့၏ အရှုပ်ထွေးအခက်ခဲဆုံးအရာ၊ အတွင်းရေးအတွေးအမြင်များနှင့် ခံစားချက်များ၊ ဖော်ထုတ်ပြောပြရခက်သည့် ကျွန်ုပ်တို့၏နာကြည်းစရာများကိုပင် ဘုရားသခင်ထံရောက်စေနိုင်သည်။ (ရောမ ၈:၂၆) ယေဟောဝါရှင် သဘောကျသွားစေရန် အာဝဇ္ဇန်းရွှင်ရွှင်၊ စီကာပတ်ကုံး သို့မဟုတ် ရှည်ရှည်ဝေးဝေး၊ စကားလုံးကြွယ်ကြွယ်ဖြင့် ဆုတောင်းခြင်းသည် အကျိုးမရှိပါ။ (မဿဲ ၆:၇၊ ၈) အခြားတစ်ဖက်တွင်မူ ကျွန်ုပ်တို့သည် မည်မျှကြာရှည်၊ အကြိမ်ပေါင်းမည်မျှ ဆုတောင်းရမည်ဟု ယေဟောဝါကန့်သတ်မထားချေ။ သမ္မာကျမ်းစာက “မခြားမလပ်ဆုတောင်း” ရန်ပင် ဖိတ်ခေါ်ထားသည်။—၁ သက်သာလောနိတ် ၅:၁၇

၁၂ ယေဟောဝါတစ်ပါးတည်းအားသာလျှင် “ပတ္ထနာစကားကို နားထောင်တော်မူသောဘုရား” ဟုခေါ်ဆိုထား၍ ကိုယ်တော်သည် အမှန်တကယ်ပင်စာနာစိတ်ရှိရှိ နားညောင်းတော်မူကြောင်း သတိရပါ။ (ဆာလံ ၆၅:၂) ကိုယ်တော်သည် မိမိ၏သစ္စာရှိကျေးကျွန်များ၏ဆုတောင်းချက်များကို သည်းခံလျက် နားညောင်းပေးရုံမျှလော။ မဟုတ်ပါ၊ ယင်းတို့ကို အမှန်တကယ်ပင် နှစ်ထောင်းအားရတော်မူ၏။ ထိုသို့သောဆုတောင်းချက်များကို နံ့သာပေါင်း၊ သင်းပျံ့သောရနံ့ရှိ အထက်သို့တက်သည့် အခိုးအငွေ့နှင့် သမ္မာကျမ်းစာနှိုင်းယှဉ်ထားသည်။ (ဆာလံ ၁၄၁:၂; ဗျာဒိတ် ၅:၈; ၈:၄) အလားတူပင် စိတ်ရင်းမှန်ဖြင့်တောင်းသော ကျွန်ုပ်တို့၏ဆုတောင်းချက်များသည် စကြဝဠာအရှင်သခင်ထံသို့ တက်သွား၍ ၎င်းတို့ကို ကိုယ်တော်နှစ်သက်ကြောင်း စဉ်းစားမိခြင်းက နှစ်သိမ့်မှုရှိစေသည် မဟုတ်ပေလော။ ထို့ကြောင့် ယေဟောဝါထံ သင်နီးကပ်လိုပါက မကြာခဏ၊ နေ့စဉ်ရက်ဆက် နှိမ့်ချစွာဆုတောင်းပါလေ။ အဘယ်အရာမျှ မချန်မခြွင်းဘဲ ကိုယ်တော်ထံ သင်၏စိတ်နှလုံးကိုဖွင့်ချပါလေ။ (ဆာလံ ၆၂:၈) သင်၏ကောင်းကင်ခမည်းတော်အား သင်၏စိုးရိမ်ပူပန်မှုများ၊ ပျော်ရွှင်မှုများ၊ ကျေးဇူးတင်စရာများနှင့် ချီးမွမ်းစရာတို့ကို ဝေမျှပါလေ။ ရလဒ်အနေဖြင့် သင်နှင့် ကိုယ်တော်၏နှောင်ကြိုးမှာ အစဉ်မပြတ် ခိုင်မြဲသည်ထက်ခိုင်မြဲလာပါလိမ့်မည်။

ယေဟောဝါအား ဝတ်ပြုကိုးကွယ်ခြင်း

၁၃၊ ၁၄။ ယေဟောဝါအား ဝတ်ပြုကိုးကွယ်ခြင်းဟူသည် အဘယ်အရာကိုဆိုလိုသနည်း၊ ထိုသို့ ကျွန်ုပ်တို့အဘယ်ကြောင့်ပြုထိုက်သနည်း။

၁၃ ယေဟောဝါဘုရားသခင်ထံ ကျွန်ုပ်တို့ဆုတောင်းဆက်သွယ်ကြသောအခါ ကျွန်ုပ်တို့သည် မိတ်ဆွေတစ်ဦး၊ သို့မဟုတ် ဆွေမျိုးတစ်ဦးနှင့် စကားအပြန်အလှန်ပြောဆိုနေရုံသက်သက် မဟုတ်ပါ။ ယေဟောဝါရှင် ကြွယ်ဝစွာခံစားထိုက်တော်မူသည့် ဂုဏ်တင်မှုကို ကြည်ညိုလေးစားစွာ ပေးဆက်ခြင်းဖြင့် ကိုယ်တော်အား ကျွန်ုပ်တို့သည် အမှန်ပင် ဝတ်ပြုကိုးကွယ်နေခြင်းဖြစ်သည်။ စစ်မှန်သောဝတ်ပြုရေးသည် ကျွန်ုပ်တို့၏ဘဝတစ်ခုလုံး ဖြစ်သည်။ စစ်မှန်သောဝတ်ပြုမှုဖြင့် ယေဟောဝါကို ကျွန်ုပ်တို့စိုးလ်အကြွင်းမဲ့ချစ်၍ ဆည်းကပ်ဝတ်ပြုကြောင်း ဖော်ပြကြသည်၊ ကောင်းကင်ပေါ်၊ မြေကြီးပေါ်ရှိ ယေဟောဝါ၏သစ္စာရှိ ဝေနေယျသတ္တဝါအပေါင်းကို ကျွန်ုပ်တို့၏ဝတ်ပြုမှုက စည်းလုံးစေသည်။ ရူပါရုံတစ်ခုတွင် တမန်တော်ယောဟန်သည် ကောင်းကင်တမန်တစ်ပါး ဤပညတ်တော်ကို ကြွေးကြော်နေသံ ကြားခဲ့သည်– “ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသောအရှင်ကို ကိုးကွယ်ကြလော့။”—ဗျာဒိတ် ၁၄:၇

၁၄ ယေဟောဝါအား ကျွန်ုပ်တို့ အဘယ်ကြောင့် ဝတ်ပြုကိုးကွယ်သင့်သနည်း။ ဤတွင် ကျွန်ုပ်တို့ဆွေးနွေးဖော်ပြခဲ့ကြသည့် ဂုဏ်ရည်တော်များဖြစ်သည့် သန့်ရှင်းခြင်း၊ တန်ခိုးတော်၊ ကိုယ့်ကိုယ်ကိုထိန်းချုပ်ခြင်း၊ တရားမျှတခြင်း၊ ရဲရင့်ခြင်း၊ ကရုဏာ၊ ဉာဏ်ပညာ၊ နှိမ့်ချခြင်း၊ မေတ္တာ၊ သနားကြင်နာခြင်း၊ သစ္စာစောင့်သိခြင်းနှင့် ကောင်းမြတ်ခြင်းတို့ကို စဉ်းစားသုံးသပ်ကြည့်ပါ။ ယေဟောဝါသည် အဖိုးထိုက်သော ဂုဏ်ရည်တော်ရှိရှိသမျှ၏ အထွတ်အထိပ်၊ အမြင့်မြတ်ဆုံးစံနှုန်းကို ကိုယ်စားပြုကြောင်း ကျွန်ုပ်တို့တွေ့ရှိခဲ့ကြရပြီ။ ကိုယ်တော်၏အရည်အသွေးအားလုံးကို ကျွန်ုပ်တို့နားလည်သဘောပေါက်ရန် ကြိုးစားကြသောအခါ ကိုယ်တော်သည် ကြီးမြတ်တော်မူ၍ ချီးမွမ်းအံ့သြဖွယ် ကောင်းသောပုဂ္ဂိုလ်တစ်ဦးထက်မကဖြစ်ကြောင်း သိမြင်နားလည်လာခဲ့ပြီ။ ကိုယ်တော်သည် အလွန်အမင်းပင် ဘုန်းကျက်သရေနှင့်ပြည့်ဝ၍ ကျွန်ုပ်တို့ထက် အတိုင်းမသိများစွာ မြင့်မြတ်တော်မူ၏။ (ဟေရှာယ ၅၅:၉) ယေဟောဝါသည် ကျွန်ုပ်တို့၏ မှန်ကန်သော အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်ဖြစ်ကာ ကျွန်ုပ်တို့၏ဝတ်ပြုကိုးကွယ်မှုကို ကိုယ်တော်ရထိုက်တော်မူ၏။ သို့သော် ယေဟောဝါအား ကျွန်ုပ်တို့ မည်သို့ဝတ်ပြုကိုးကွယ်သင့်သနည်း။

၁၅။ ကျွန်ုပ်တို့သည် ယေဟောဝါအား “နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း” မည်သို့ဝတ်ပြုကိုးကွယ်နိုင်ကြသနည်း၊ ခရစ်ယာန်အစည်းအဝေးများမှ အဘယ်အခွင့်အရေးများ ရရှိစေသနည်း။

၁၅ ယေရှုက ဤသို့မိန့်တော်မူခဲ့သည်– “ဘုရားသခင်သည်နာမ်ဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည် နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ကိုးကွယ်ရမည်။” (ယောဟန် ၄:၂၄) ဆိုလိုသည်ကား ယေဟောဝါအား ယုံကြည်ခြင်းနှင့် မေတ္တာအပြည့်၊ ကိုယ်တော့်ဝိညာဉ်တော်လမ်းညွှန်မှုဖြင့် ဝတ်ပြုကိုးကွယ်ရမည်ဖြစ်သည်။ ထို့ပြင် သမ္မာတရားနှင့်အညီ၊ ဘုရားသခင့်နှုတ်ကပါဌ်တော်တွင် တွေ့ရှိရသော တိကျမှန်ကန်သည့်အသိပညာနှင့်အညီ ဝတ်ပြုကိုးကွယ်ရမည်ဟူ၍လည်း ဆိုလိုသည်။ ယုံကြည်သူချင်းတို့နှင့် ကျွန်ုပ်တို့စုဝေးသည့်အခါတိုင်း ယေဟောဝါအား “နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း” ဝတ်ပြုကိုးကွယ်ခွင့် ရရှိထားကြသည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅ကဘ) ယေဟောဝါထံ ချီးမွမ်းသီချင်းများဆိုကြသည့်အခါ၊ တပေါင်းတစည်းတည်း ကိုယ်တော်ထံ ဆုတောင်းကြသည့်အခါ၊ ကိုယ်တော့်နှုတ်ကပါဌ်တော်ကို အပြန်အလှန်ဆွေးနွေး၊ ပါဝင်နားထောင်ကြသည့်အခါ ကိုယ်တော့်ကိုမေတ္တာရှိကြောင်း စင်ကြယ်သောဝတ်ပြုရေး၌ တင်ပြကြသည်။

ခရစ်ယာန်အစည်းအဝေးများသည် ယေဟောဝါအား ဝတ်ပြုကိုးကွယ်ရန် ရွှင်လန်းဝမ်းမြောက်ဖွယ် အခါသမယများဖြစ်

၁၆။ ခရစ်ယာန်စစ်များကိုပေးထားသည့် အကြီးမြတ်ဆုံးအမိန့်တစ်ခုကားအဘယ်နည်း၊ ယင်းကို မဖြစ်မနေနာခံရမည်ဟု ကျွန်ုပ်တို့ အဘယ်ကြောင့်ခံစားရသနည်း။

၁၆ ကိုယ်တော်အား လူသိရှင်ကြားချီးမွမ်း၍ ကိုယ်တော့်အကြောင်း အခြားသူတို့ကို ပြောပြသောအခါတွင်လည်း ယေဟောဝါအား ကျွန်ုပ်တို့ဝတ်ပြုကိုးကွယ်ကြသည်။ (ဟေဗြဲ ၁၃:၁၅) ယေဟောဝါ၏နိုင်ငံတော်သတင်းကောင်းကိုဟောပြောခြင်းသည် ခရစ်ယာန်စစ်များလိုက်လျှောက်ရမည့် အကြီးမြတ်ဆုံးအမိန့်တစ်ခုဖြစ်သည်။ (မဿဲ ၂၄:၁၄) ယေဟောဝါကို ကျွန်ုပ်တို့ချစ်မြတ်နိုးသောကြောင့် ထိုအမိန့်ကို စိတ်အားထက်သန်စွာ လိုက်နာကြ၏။ ယေဟောဝါအား “ဤလောကကိုအစိုးရသောဘုရား” စာတန်မာရ်နတ် အသရေဖျက် ရှုတ်ချထားသောစကားများကိုသာမက “မယုံကြည် . . . သူတို့၏ဉာဏ်မျက်စိကိုကွယ်စေ” ခဲ့ကြောင်းကိုပါ ကျွန်ုပ်တို့စဉ်းစားမိသောအခါ ထိုအသရေဖျက်စကားများကို ချေပပြောဆိုဖို့ ကျွန်ုပ်တို့ဘုရားသခင်၏သက်သေများအဖြစ် အသုံးတော်ခံချင်စိတ် ပြင်းပြသည်မဟုတ်ပေလော။ (၂ ကောရိန္သု ၄:၄; ဟေရှာယ ၄၃:၁၀-၁၂) ထို့အပြင် ယေဟောဝါ၏ အံ့မခန်းဖွယ်ဂုဏ်ရည်တော်တို့ကို ကျွန်ုပ်တို့စေ့စေ့ဆင်ခြင်သောအခါ အခြားသူတို့အား ကိုယ်တော့်အကြောင်း တဖွဖွပြောပြလိုစိတ် ပေါ်လာသည်မဟုတ်ပေလော။ မှန်ပါသည်၊ အခြားသူတို့လည်း ကျွန်ုပ်တို့ကဲ့သို့ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်ကိုသိလာ၍ ချစ်မြတ်နိုးလာတတ်စေရန် ကူညီပေးခြင်းထက် သာ၍ကြီးမြတ်သော အခွင့်အရေးမရှိနိုင်ပါ။

၁၇။ ယေဟောဝါအား ဝတ်ပြုကိုးကွယ်ခြင်း၌ အဘယ်အရာအကျုံးဝင်သနည်း၊ ကျွန်ုပ်တို့ အဘယ်ကြောင့် တည်ကြည်စွာ ဝတ်ပြုကိုးကွယ်ကြရမည်နည်း။

၁၇ ယေဟောဝါအား ကျွန်ုပ်တို့၏ဝတ်ပြုခြင်းသည် ထိုထက်မကပင် ပါဝင်သေး၏။ ကျွန်ုပ်တို့၏ဘဝအသက်တာ ကဏ္ဍရပ်တိုင်းနှင့်သက်ဆိုင်သည်။ (ကောလောသဲ ၃:၂၃) ယေဟောဝါအား ကျွန်ုပ်တို့၏ပိုင်သအုပ်စိုးရှင်အဖြစ် ကျွန်ုပ်တို့ အမှန်တကယ်လက်ခံကြမည်ဆိုလျှင် ကျွန်ုပ်တို့၏မိသားစုဘဝ၊ ကျွန်ုပ်တို့၏လုပ်ငန်းခွင်၊ အခြားသူတို့နှင့် ကျွန်ုပ်တို့ဆက်ဆံချိန်၊ အပန်းဖြေချိန် အစရှိသည်ခပ်သိမ်းတွင် ကိုယ်တော့်အလိုတော်အတိုင်း လုပ်ဆောင်ပြုမူသွားကြရန် ကြိုးစားကြလိမ့်မည်။ ယေဟောဝါအား “စုံလင်သောနှလုံး” ဖြင့် တည်ကြည်စွာ ဝတ်ပြုကိုးကွယ်ရန် ကြိုးစားအားထုတ်ကြမည်။ (၁ ရာဇဝင်ချုပ် ၂၈:၉) ဤသို့သောဝတ်ပြုကိုးကွယ်မှုတွင် စိတ်နှစ်ခွ သို့မဟုတ် နှစ်ဘဝစံဖြစ်၍မရချေ—ကြီးလေးသောအပြစ်များကို တိတ်တဆိတ်ပြုလုပ်နေစဉ် ယေဟောဝါအား ဝတ်ပြုကိုးကွယ်သယောင် သူတော်ကောင်းဟန်ဆောင်နေသည့်လမ်းစဉ်မျိုး ဖြစ်သည်။ တည်ကြည်ခြင်းက ထိုသို့အရေခြုံခြင်းကို မဖြစ်စေပါ; မေတ္တာက ၎င်းကို စက်ဆုပ်ရွံရှာသည်။ ဘုရားရေးရာကြောက်ရွံ့ခြင်းရှိလျှင် များစွာအထောက်အကူဖြစ်ပေလိမ့်မည်။ သမ္မာကျမ်းစာက ထိုသို့သောကြည်ညိုလေးမြတ်မှုကို ယေဟောဝါနှင့် ကျွန်ုပ်တို့၏ ဆက်လက်တည်ရှိနေသော အတွင်းကျကျဆက်ဆံရေးနှင့် ဆက်နွှယ်ထားသည်။—ဆာလံ ၂၅:၁၄

ယေဟောဝါအား တုပခြင်း

၁၈၊ ၁၉။ မစုံလင်သူ လူသားမျှဖြစ်သူတို့သည် ယေဟောဝါဘုရားသခင်ကို တုပနိုင်ကြောင်း သုံးသပ်ကြည့်ခြင်းက အဘယ်ကြောင့်ယုတ္တိတန်သနည်း။

၁၈ ဤစာအုပ်၏အပိုင်းတိုင်းကို ကျွန်ုပ်တို့သည် “ဘုရားသခင်၏ချစ်သားဖြစ်ကြသည်နှင့်အညီ၊ ဘုရားသခင်ကျင့်တော်မူသည်နည်းတူ ကျင့်” နိုင်ပုံနှင့်ဆိုင်သော အခန်းတစ်ခန်းဖြင့် နိဂုံးချုပ်ထားသည်။ (ဧဖက် ၅:၁) ကျွန်ုပ်တို့သည် မစုံလင်ကြသော်လည်း ယေဟောဝါကိုယ်တော်တိုင် စုံလင်စွာဖြင့် တန်ခိုးတော်ကိုအသုံးပြုပုံ၊ တရားမျှတမှုကျင့်သုံးပုံ၊ ဉာဏ်ပညာနှင့်ပြုမူဆောင်ရွက်ပုံ၊ မေတ္တာပြပုံတို့ကို အမှန်ပင်တုပနိုင်ကြကြောင်း သတိရခြင်းသည် အလွန်အရေးကြီး၏။ အနန္တတန်ခိုးရှင်ကို ကျွန်ုပ်တို့ အမှန်တကယ်ပင်တုပနိုင်ကြောင်း မည်သို့သိရှိရသနည်း။ ယေဟောဝါ၏နာမတော်အဓိပ္ပာယ်က မိမိရည်ရွယ်တော်မူချက်များ ပြည့်စုံရန်အလို့ငှာ ကိုယ်တော်ရွေးချယ်ရာဟူသမျှအတိုင်း မိမိကိုယ်ကိုဖြစ်လာစေကြောင်း သိရှိစေသည်ကို သတိရပါ။ အဆိုပါအရည်အသွေးကြောင့် ကျွန်ုပ်တို့ စိုးရွံ့ထိတ်လန့်သင့်သည်မှန်၏၊ သို့သော်လည်း ကျွန်ုပ်တို့သည် ကိုယ်တော်ကို မတုပနိုင်လောက်အောင် ဖြစ်နေပါသလော။ မဟုတ်ပါ။

၁၉ ကျွန်ုပ်တို့ကို ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထား၏။ (ကမ္ဘာဦး ၁:၂၆) သို့ဖြစ်၍ လူသည် မြေကြီးပေါ်ရှိ အခြားအဘယ်သတ္တဝါနှင့်မျှ မတူပါ။ ကျွန်ုပ်တို့သည် ပင်ကိုအသိဉာဏ်၊ မျိုးရိုးဗီဇ သို့မဟုတ် ကျွန်ုပ်တို့ဝန်းကျင်ရှိ အကြောင်းအချက်များကြောင့်သာ အတင်းအကျပ်လှုံ့ဆော်ခံရသည်မဟုတ်။ ယေဟောဝါသည် ကျွန်ုပ်တို့ကို ဆုကျေးဇူးအဖြစ် အလွန်တန်ဖိုးရှိသော လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် ပေးသနားထားတော်မူ၏။ ကျွန်ုပ်တို့တွင်ကန့်သတ်ချက်များနှင့် မစုံလင်မှုများရှိသော်လည်း ကျွန်ုပ်တို့ဖြစ်လိုရာကို လွတ်လပ်စွာရွေးချယ်ခွင့်ရှိသည်။ သင်သည် မိမိ၏တန်ခိုးအစွမ်းကို တော်မှန်စွာအသုံးပြုသည့် မေတ္တာရှိသော ဉာဏ်ပညာရှိ၊ တရားမျှတသူတစ်ဦး ဖြစ်လိုသလော။ ယေဟောဝါ၏ဝိညာဉ်တော်အကူအညီဖြင့် ဖော်ပြပါအတိုင်း သင်ဖြစ်နိုင်ခြင်းသည် ကျေးဇူးတင်စရာပင်! ထိုသို့အားဖြင့် သင်အထမြောက်အောင်မြင်နိုင်မည့် ကောင်းမှုကို သုံးသပ်ကြည့်ပါ။

၂၀။ ယေဟောဝါအား ကျွန်ုပ်တို့တုပကြသောအခါ အဘယ်ကောင်းမှုကို ဖြစ်မြောက်စေသနည်း။

၂၀ သင်သည် သင်၏ကောင်းကင်ခမည်းတော်ကို စိတ်ကျေနပ်မှုရှိစေကာ ဝမ်းမြောက်ရွှင်လန်းစေပါလိမ့်မည်။ (သုတ္တံ ၂၇:၁၁) ယေဟောဝါသည် သင်၏ကန့်သတ်ချက်များကို သိနားလည်သောကြောင့် ‘ကိုယ်တော့်နှစ်သက်မှု အပြည့်အဝ’ ကိုပင် သင်ရရှိနိုင်ပါသည်။ (ကောလောသဲ ၁:၉-၁၁) သင်ချစ်မြတ်နိုးသောခမည်းတော်နည်းတူ အရည်အချင်းကောင်းများကို ဆက်ပြုစုပျိုးထောင်သည်နှင့်အမျှ ကောင်းချီးအဖြစ် ထူးမြတ်သောအခွင့်အရေး သင်ရရှိပါလိမ့်မည်။ ဘုရားသခင်ထံတော်မှ ကင်းကွာ၍ မှောင်အတိကျနေသော ဤလောကတွင် သင်သည် အလင်းဆောင်သူတစ်ဦး ဖြစ်ပါလိမ့်မည်။ (မဿဲ ၅:၁၊ ၂၊ ၁၄) ထိုအခါ သင်သည် ဘုန်းထွန်းတောက်သော ယေဟောဝါ၏ကိုယ်ရည်ကိုယ်သွေးအချို့ကို ကမ္ဘာပေါ်တွင် ရောင်ပြန်ဟပ်စေပါလိမ့်မည်။ အခွင့် ထူးလိုက်လေခြင်း!

‘ဘုရားသခင်ထံချဉ်းကပ်လော့၊ သို့ပြုလျှင် သင့်ထံချဉ်းကပ်လိမ့်မည်’

သင်သည် အစဉ် ယေဟောဝါထံ သာ၍နီးကပ်လာနိုင်ပါစေ

၂၁၊ ၂၂။ ယေဟောဝါအား ချစ်မြတ်နိုးသူအားလုံး ရှေ့မှောက်ဝယ် အဘယ်အဆုံးမဲ့ခရီးစဉ်ရှိနေသနည်း။

၂၁ ယာကုပ် ၄:၈ တွင် မှတ်တမ်းတင်ထားသော ရိုးရှင်းသည့်နှိုးဆော်ချက်သည် ပန်းတိုင်တစ်ခုဖြစ်ရုံထက်မကပါ။ ယင်းသည် ခရီးစဉ်တစ်ခုဖြစ်သည်။ ကျွန်ုပ်တို့ သစ္စာရှိသရွေ့ကာလပတ်လုံး အဆိုပါခရီးစဉ်မှာ ဘယ်တော့မျှ အဆုံးတိုင်မည်မဟုတ်ချေ။ ကျွန်ုပ်တို့သည် ယေဟောဝါအနား နီးကပ်သည်ထက်နီးကပ်လာခြင်းသည် ဘယ်တော့မျှ ရပ်တန့်သွားမည်မဟုတ်ပါ။ ကိုယ်တော့်အကြောင်း ကျွန်ုပ်တို့ နောက်ထပ်သိရှိသင်ယူစရာများ အမြဲပင်ရှိနေပါလိမ့်မည်။ ဤစာအုပ်က ယေဟောဝါအကြောင်း သိရှိနိုင်သမျှ အရာအားလုံးကို ကျွန်ုပ်တို့အားသိရှိစေပြီဟု မယူမှတ်သင့်ချေ။ အမှန်မှာ ကျွန်ုပ်တို့၏ဘုရားသခင်အကြောင်း သမ္မာကျမ်းစာပြောပြသမျှကို စဆွေးနွေးရုံသာရှိသေးသည်! သမ္မာကျမ်းစာကိုယ်နှိုက်ကပင် ယေဟောဝါနှင့်စပ်လျဉ်း၍ သိဖို့ရာ အကြောင်းအားလုံးကို မဖော်ပြထားချေ။ တမန်တော်ယောဟန်က မြေကြီးပေါ်တွင် ယေရှုဓမ္မအမှုဆောင်စဉ်ကာလအတွင်း ကိုယ်တော်ပြုတော်မူသမျှကို ရေးသားထားခဲ့မည်ဆိုလျှင် “မြေကြီးမဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည်” ဟုယူမှတ်ခဲ့သည်။ (ယောဟန် ၂၁:၂၅) သားတော်နှင့်ပတ်သက်၍ ထိုသို့ဆိုနိုင်လျှင် ခမည်းတော်နှင့်ပတ်သက်၍ ထိုထက်မကပင် ပြောဆိုနိုင်မည်ဖြစ်သည်!

၂၂ ထာဝရအသက်ကပင် ယေဟောဝါအကြောင်း အကုန်အစင် သိရှိသင်ယူစေနိုင်မည်မဟုတ်ချေ။ (ဒေသနာ ၃:၁၁) သို့ဖြစ်၍ ကျွန်ုပ်တို့ရှေ့တွင်ရှိသော အလားအလာကို စဉ်းစားကြည့်ပါလေ။ နှစ်ပေါင်း ရာချီ၊ ထောင်ချီ၊ သန်းနှင့်ချီမက ရာကုဋေချီ၍ အသက်ရှင်ပြီးနောက် ယေဟောဝါဘုရားသခင်အကြောင်း ယခု ကျွန်ုပ်တို့သိရှိထားသည်ထက် သာ၍များစွာသိရှိလာကြဦးမည်။ သို့တိုင် မရေမတွက်နိုင်အောင်ပင် သင်ယူစရာ အံ့ဖွယ်ရာများစွာ ကျန်ရှိသေးသည်ဟု ကျွန်ုပ်တို့ ခံစားနေရဆဲပင်ဖြစ်ပေလိမ့်မည်။ ထိုအခါ ကျွန်ုပ်တို့သည် ဆာလံဆရာကဲ့သို့ပင် “အကျွန်ုပ်မူကား ဘုရားသခင့်ထံတော်သို့ချဉ်းကပ်၍ အကျိုးရှိပါ၏” ဟုအမြဲခံစားနေမည်ဖြစ်ပြီး ပို၍ပို၍ပင် သိရှိလေ့လာလိုစိတ် ထက်သန်နေပါလိမ့်မည်။ (ဆာလံ ၇၃:၂၈) ထာဝရအသက်သည် စဉ်းစား၍မကုန်နိုင်အောင် အဓိပ္ပာယ်ပြည့်ဝ၍ အတွေ့အကြုံအမျိုးမျိုးအဖုံဖုံ ရှိပေလိမ့်မည်၊ ယေဟောဝါထံချဉ်းကပ်ခြင်းသည်လည်း အမြဲတစေပင် ဆုကျေးဇူးအပြည့်ဝဆုံးဖြစ်ပေလိမ့်မည်။

၂၃။ အဘယ်အရာပြုလုပ်ဖို့ သင်အားပေးခံရသနည်း။

၂၃ ယခု ယေဟောဝါအား သင်၏နှလုံးအကြွင်းမဲ့၊ စိုးလ်အပြည့်၊ စိတ်နှင့် အစွမ်းသတ္တိရှိရှိသမျှတို့နှင့် ချစ်မြတ်နိုးခြင်းအားဖြင့် ကိုယ်တော်၏မေတ္တာတော်ကို တုံ့ပြန်နိုင်ပါစေ။ (မာကု ၁၂:၂၉၊ ၃၀) သင်၏မေတ္တာသည် သစ္စာစောင့်သိ၍ ခိုင်မြဲပါစေ။ နေ့စဉ်နေ့တိုင်း သင်ချသောဆုံးဖြတ်ချက် အသေးငယ်ဆုံးမှသည် အကြီးဆုံးတိုင် အားလုံးတို့မှာ သင်နှင့် သင်၏ကောင်းကင်ခမည်းတော်စပ်ကြား ဆက်ဆံရေး ပိုကောင်းလာစေမည့်လမ်းစဉ်ကို အမြဲပင်ရွေးချယ်မည်ဖြစ်သည့် တစ်မျိုးတည်းသော လမ်းညွှန်ပေးသည့်မူ ဖြစ်ပါစေ။ ထိုထက်ကား ထာဝရကာလပတ်လုံး သင်သည် ယေဟောဝါထံ သာ၍နီးကပ်လာနိုင်ပါစေ၊ ကိုယ်တော်သည်လည်း သင့်ထံ သာ၍နီးကပ်လာပါစေ။